Ch 19
Viewers 57

🍏 Chapter 19




တောင်ထဲမှ သစ်သီးများ လာရောင်းသော အမျိုးသမီးနှင့် သူမ၏သမီးငယ်လေးမှာ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ဝမ်သိုက် ငွေစက္ကူ လေးရွက်အား ကမ်းပေးလိုက်သည့်အခါတွင်ဖြစ်သည်။ အမျိုးသမီးမှာ ဝမ်သိုက်ပေးသောပိုက်ဆံကို ပြန်တွန်းထုတ်ရင်း ဝဲသံဖြင့် ဆိုလိုက်သည်။



"အများကြီး မလိုပါဘူး ၊ အကြွေမရှိရင် QR Code နဲ့ ပေးလို့ရပါတယ်"



သူမ ရင်ဘတ်တွင် ချိတ်ဆွဲထားသော QR Code ကို မြှောက်ပြလိုက်သည်။ သို့သော် ဝမ်သိုက်မှာမူ ထို QR Code ကို လျစ်လျူရှုကာ ငွေစက္ကူများကို ထိုအမျိုးသမီးဘေး၌ ရပ်နေသော ကောင်မလေးလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ ထိုအမျိုးသမီးအနားသို့ တိုးသွားကာ တိုးတိုးလေး ဆိုလိုက်သည်။




"အစ်မ... ကျွန်မကို အားမနာပါနဲ့၊ ပိုတဲ့ ပိုက်ဆံက အစ်မကို ကျွန်မ အကူအညီတောင်းချင်လို့ ပေးတဲ့ အခကြေးငွေလို့ပဲ သဘောထားလိုက်ပါ"



သမီးဖြစ်သူလက်ထဲမှ ပိုက်ဆံကို ပြန်ယူရန်ပြင်နေသော အမျိုးသမီးမှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး ဝမ်သိုက်ကို နားမလည်နိုင်သကဲ့သို့ ကြည့်လိုက်သည်။



ဝမ်သိုက် တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။



"အစ်မ၊ ခါးမူရွာကို သိလား၊ ဒါမှမဟုတ် ခါးမူရွာအကြောင်း သိတဲ့သူရော ရှိလား"



နားမလည်နိုင်ဖြစ်နေသော အမျိုးသမီး ခေါင်းညိတ်ပြလိုက်သည်။ သူမ မျက်ခုံးများမှာလည်း ဝမ်သိုက်ကဲ့သို့ပင် တွန့်ချိုးသွားပေသည်။



"ကျွန်မ သိတာပေါ့၊ အဲဒီရွာက တောလမ်းတွေထဲမှာလေ၊ ကျွန်မ မရီးတောင် ခါးမူရွာကနေ ကျွန်မတို့ရွာကို အိမ် ထောင်ကျလာတာ၊ ဘာဖြစ်လို့လဲ"



"ဒီလိုပါ၊ ကျွန်မ တခြားလူတစ်ယောက်ကို လမ်းပြပေးဖို့ အစ်မကို အကူအညီတောင်းချင်လို့ပါ... သူ့ကို ခါးမူရွာကို ခေါ်သွားပေးပါ၊ သူ အမျိုးသားတစ်ယောက်၊ အသားဖြူပြီး တော်တော်လေးချောတယ်၊ အစ်မ မြင်လိုက်တာနဲ့ သူမှန်းသိမှာပါ... သူ ဘယ်အချိန် ရောက်လာမလဲဆိုတာတော့ ကျွန်မ မသိဘူး"



ကံကောင်းထောက်မစွာဖြင့် သိသူနှင့် တွေ့လိုက်ရသဖြင့် ဝမ်သိုက် စိတ်အေးသွားပြီး ထိုအမျိုးသမီးမျက်လုံးများကို စိုက်ကြည့်ကာ ထပ်လောင်းပြောလိုက်သည်။



"အစ်မ နေ့တိုင်း ဒီကိုလာပေးပါ၊ အများဆုံး ၅ ရက်ပေါ့၊ ဒီကိစ္စ ကျွန်မအတွက် တကယ်အရေးကြီးလို့ပါ၊ ပိုက်ဆံမလောက်ရင် ကျွန်မ ထပ်ပေးပါ့မယ်"



သူမ ထိုအမျိုးသမီး၏ နားနားသို့ကပ်၍ စကားအချို့အား တိုးတိုးလေး ပြောလိုက်လေသည်။



အမျိုးသမီးမှာ မျက်လုံးများ ပြူးသွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ ဝမ်သိုက်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ ထို့နောက် သူမနောက်တွင် ရှိနေသော ယုံကျာကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။



"ညီမလေး.. နင် ဘာကိစ္စတွေနဲ့ ကြုံနေရလဲဆိုတာ ငါမသိပေမဲ့ စိတ်ချပါ၊ နင် ငါ့ကို ပိုက်ဆံမပေးရင်တောင် ငါ နေ့တိုင်း ဒီကိုလာခဲ့ပါ့မယ်၊ ဒီအကူအညီကို ငါ အသေအချာ လုပ်ပေးပါ့မယ်"



ဝမ်သိုက် သူမကို ပြုံးပြလိုက်ပြီးနောက် အခြားဆိုင်များသို့သွားကာ ဒေသထွက် စားစရာများကို ဝယ်ယူလိုက်သည်။



သူမ ငွေပေးချေစဉ်တွင် ချန်စစ်ကျယ်ထံသို့ ဈေး၏ပတ် ဝန်းကျင်အား ဗီဒီယိုရိုက်၍ ပို့ပေးလိုက်ပြီး သစ်သီးရောင်းသော အမျိုးသမီးဓာတ်ပုံကိုလည်း သီးသန့် ရိုက်ယူထားလိုက်လေသည်။



[အကယ်၍ ကျွန်မနဲ့ အဆက်အသွယ်ပြတ်သွားရင် ရဲတွေကိုခေါ်ပြီး ဒီအစ်မကို ရှာလိုက်ပါ၊ သူ ရှင့်ကို လမ်းပြပေးလိမ့်မယ်၊ ကျွန်မနဲ့ အဆက်အသွယ်ရနေရင်တောင် ဒီအစ်မကိုပဲ လမ်းပြခိုင်းပါ၊ ကျွန်မ လမ်းမှာ အမှတ်အသားတွေ ထားခဲ့လို့မရဘူး၊ ခါးမူရွာက ရွာသူကြီး ကားထဲကနေ ကျွန်မကို စောင့်ကြည့်နေလို့ပဲ၊ ရဲတွေ ခေါ်လာဖို့ လို၊ မလိုကတော့ ကျွန်မတို့ရဲ့ အဆက်အသွယ်ပေါ်မှာ မူတည်တယ်၊ ကျွန်မ နေ့ဝက်လောက် စာမပြန်ရင်တော့ ရှင့်ရဲ့ သနားစရာကောင်းတဲ့ တွဲဖက်ကို လာကယ်ဖို့ ပြင်ထားလိုက်တော့]



တည်နေရာမျှဝေခြင်းက ပထမအဆင့် အကာအကွယ်ဖြစ်သော်လည်း ဖုန်းပျက်စီးသွားလျှင် မည်သို့လုပ်မည်နည်း။ ထို့အပြင် တည်နေရာသိရုံမျှဖြင့် လမ်းပြမြေပုံမရှိသော နေရာမျိုးကို မည်သို့ ရှာဖွေနိုင်မည်နည်း။



သူမ ကားနံပါတ်ကိုပါ ချန်စစ်ကျယ်ထံ ပို့ပေးလိုက်သော် လည်း တစ်ဖက်မှ စာပြန်မလာသေးပေ။ သူ အလုပ်ရှုပ်နေသည်ဟု သူမ ယူဆလိုက်သည်။



ဖုန်းကို ဘောင်းဘီအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ဝမ်သိုက် ဝယ်ထားသော စားစရာများကိုကိုင်ကာ ယုံကျာနှင့်အတူ ကားရှိရာသို့ပြန်လာခဲ့သည်။



စားစရာများကို ဝမ်သိုက်ကိုင်ထားပြီး သစ်သီးများကိုမူ ယုံကျာ နောက်ခန်းတွင် တင်ထားလိုက်သည်။



"အမလေး၊ ဒီကောင်မလေး သစ်သီးတွေ အများကြီးဝယ်တာပဲ၊ ဘယ်လောက်တောင် ကုန်သွားလဲ"



သစ်သီးများကြောင့် ခြေတင်စရာနေရာမရှိတော့သဖြင့် ရွာသူကြီး သူ့ဖိနပ်အစုတ်လေးကို ကြုံ့ထားရင်း ဝမ်သိုက်ကို ကြည့်ကာ မေးလိုက်သည်။



ဝမ်သိုက် စားစရာထုပ်ကို ပွေ့ထားပြီး အထုပ်တစ်ထုပ်ကို နောက်ခန်းသို့ လှမ်းပေးလိုက်သည်။



"သိပ်မများပါဘူး ဦးလေးရဲ့၊ ရာဂဏန်းလောက်ပါပဲ၊ ဦးလေးတို့လည်း အတူတူ စားကြပါဦး ၊ ရွာအထိ ပြန်ရမှာဆိုတော့ အားရှိအောင်လို့ပါ"



ရွာသူကြီး လက်ထဲမှမုန့်ကို တစ်ကိုက်ကိုက်လိုက်ရင်း ဝမ်သိုက်ကို ပြုံး၍ကြည့်လိုက်သည်။




"အားတော့ ရှိဖို့လိုတာပေါ့၊ ဒီကား ရွာအထိ ဝင်လို့မရဘူးလေ၊ အောက်က ရွာတစ်ရွာမှာ ရပ်ထားခဲ့ရမှာ၊ အဲဒီကနေ ဆိုင်ကယ်နဲ့ တက်ရမှာ၊ တချို့နေရာတွေဆိုရင် ဆင်းပြီး လမ်းလျှောက်ရဦးမယ်၊ ဆိုင်ကယ်နဲ့ လူတင်ပြီး တက်ဖို့က မလွယ်ဘူးလေ၊ ဒါကြောင့် တောင်ထဲကို ရောက်လာတဲ့သူတွေ အထူးသဖြင့် မြို့ကလူတွေဆိုရင် ပြန်ထွက်ဖို့ ခက်တယ်လို့ ပြောတာပေါ့"



ဂျင်းဘောင်းဘီမှာ စိုစွတ်သော ရွှံ့နွံများကြောင့် လေးလံနေချေပြီ။ ဝမ်သိုက် မိမိဖိနပ်အဖြူကလေး ဝါကျင့်ကျင့်ရွှံ့များ ပေကျံနေသည်ကိုကြည့်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။



ဘောင်းဘီစကိုမကာ ကိုင်ထားသည့် လက်များမှာလည်း ရွှံ့များဖြင့် ဗရပွဖြစ်နေကာ လက်သည်းများကြားထဲအထိ ရွှံ့များဝင်နေသည့်အပြင် လက်မောင်းများလည်း မလွတ်ပေ။



အကယ်၍ လူကုန်ကူးခံရသော အမျိုးသမီးများသာ ယခု ခါးမူကျေးရွာထဲ ရောက်လာပါက လွတ်မြောက်ရန် လုံးဝလမ်းစရှိမည်မဟုတ်ပေ။ ဒေသခံအာဏာပိုင်များနှင့် ရွာသားများ ပူးပေါင်းကြံစည်မှု ရှိ၊ မရှိထက် ဤနေရာမှ အပြင်သို့ထွက်သွားရန် မလွယ်ကူခြင်းကြောင့်ဖြစ်သည်။



စောစောကပင် ဝမ်သိုက် ယုံကျာ၊ ဇာကန်နှင့် ရွာသူကြီးတို့ အမျိုးသားသုံးဦး ကိုးဆယ်ဒီဂရီနီးပါး မတ်စောက်သော မြေကုန်းစောင်းအတိုင်း ဆိုင်ကယ်ဖြင့် ဝုန်းခနဲ တက်သွားသည်ကို အတိုင်းသား မြင်လိုက်ရသည်။ သိုလန်မှာမူ သူမကိုခေါ်ကာ ဘေးဘက်ရှိ တောင်ပတ်လမ်းအတိုင်း လိုက်လာခဲ့သည်။



တောင်ပတ်လမ်းမှာလည်း မြေကုန်းစောင်းထက် သိပ်မသာလှဘဲ အနည်းဆုံး ဒီဂရီခြောက်ဆယ်ခန့် မတ်စောက်သည့်အပြင် အကွေ့အကောက်လည်များလှသည်။ လမ်းဘေးရှိ ချုံပုတ်များမှ ထွက်နေသော သစ်ခက်သစ်နွယ်များမှာလည်း ဆူးများဖြင့် ပြည့်နှက်နေရာ သူမလက်မောင်းမှာ အစင်းရာများပင် ထင်ကျန်ခဲ့ရသည်။



ထို့နောက် ဆိုင်ကယ်စီး၍ ဖြတ်သန်းခဲ့ရသော တောင်လမ်းမှာလည်း အလွန်ကြမ်းတမ်းလှသဖြင့် သူမကိုယ် သူမ အောက်သို့ လွင့်စင်ကျတော့မည်ဟုပင် အကြိမ်ကြိမ်ထင်မှတ်မိ သည်။



လမ်းခုလတ်တွင်လည်း ရေစီးသန်သော မြစ်တစ်စင်းကို ဖြတ်ကျော်ခဲ့ရသေးသည်။ ထိုမြစ်ပေါ်ရှိ သစ်သားကြိုး တံတားမှာ ဆိုင်ကယ်နှစ်စီး ယှဉ်မောင်းရန်မဖြစ်နိုင်လောက်အောင် ကျဉ်းမြောင်းလှသည်။



ခါးမူကျေးရွာသို့ ရောက်ရှိချိန်တွင် မိုးလုံးဝချုပ်နေချေပြီ။ ညလေကြောင့် လှုပ်ခတ်နေသော သစ်ကိုင်းများ၏ တရှဲရှဲအသံနှင့် ပိုးကောင်များအော်မြည်သံမှာ လူကို ကြက်သီးထဖွယ် ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။



အရှေ့ဆုံးမှ လမ်းပြလာသော ရွာသူကြီးကမူ လက်နှိပ် ဓာတ်မီးကို ကိုင်ထားသည်။ သူ့တွန့်လိပ်နေသော ပါးပြင်ပေါ်သို့ ဓာတ်မီးရောင် မှိန်ပျပျ ကျရောက်နေပြီး သူ လှည့်၍ ပြုံးလိုက်သောအခါ ဝမ်သိုက် မိမိကိုယ်ကိုယ် တောတွင်းမှ သရဲကားတစ်ကား ရိုက်ကူးနေရသည်ဟု ထင်မှတ်မိသည်။



"ဒီလိုလမ်းမျိုး တစ်ခါမှ မလျှောက်ဖူးဘူး မဟုတ်လား မိန်းမချောလေးရဲ့"



သလိပ်ကပ်နေသော အသံဩဩကြီးဖြင့် ပြောလိုက်သော ရွာသူကြီး၏လေသံထဲတွင် အကြောင်းရင်းမရှိဘဲ ပျော်ရွှင်မှုများ ကိန်းအောင်းနေသဖြင့် ကျောချမ်းဖွယ်ကောင်းလှသည်။



ယုံကျာ ဝမ်သိုက်၏လက်မောင်းကို တွဲကူထားကာ အခြားလက်တစ်ဖက်ကမူ ဈေးမှ ဝယ်လာသော သစ်သီးအိတ်ကို ကိုင်ထားသည်။ ပလတ်စတစ်အိတ် ပွတ်တိုက်သံ တဂျွတ်ဂျွတ် မပြတ်ထွက်ပေါ်နေပြီး သူ့အသံကိုမြှင့်၍ပြောလိုက်သည်။



"ဝမ်သိုက်၊ ရောက်ရင် ငါ ရေနွေးအိုး တည်ပေးပါ့မယ်၊ ရေချိုးပြီး အနားယူလိုက်နော်၊ ဒီနေ့ အရမ်းနောက်ကျသွားပြီ၊ မနက်ဖြန်ကျရင် ငါတို့အရက်ချက်ပြီး ရွာသားတွေကို ထမင်း ဖိတ်ကျွေးမယ်၊ ရွာကလူတွေနဲ့လည်း မိတ်ဆက်ပေးရမှာပေါ့"




သူ ညအမှောင်ထဲတွင် ရှေ့မှ ရွာသူကြီး၏ကျောပြင်ကို ခိုးကြည့်လိုက်ပြီး တစ်ဖက်လူ လှည့်ကြည့်မည်အလုပ်တွင် မျက်နှာလွှဲလိုက်သည်။



ရွာသူကြီး လှည့်လာကာ နားရွက်နားအထိ တက်နေသော အပြုံးမှာ ထူးဆန်းလှသည်။



"မင်းတို့ လူငယ်တွေတော့ ရှက်စရာလို့ မထင်ကြဘူးပဲ၊ အားယုံရဲ့ရည်းစား တကယ်ကို ကောင်းတယ်၊ သဘောထားကြီးတယ်၊ လှလည်းလှတယ်၊ ငါတို့လို ဝေးလံတဲ့အရပ်ကိုလည်း နှာခေါင်းမရှုံ့ဘူး၊ ဒီလို နုနုနယ်နယ် မိန်းကလေးက လမ်းကို ဆုံးအောင် လျှောက်နိုင်တယ်ဆိုတာ ရှားမှရှားပဲ”



“ငါ့ရဲ့ အသုံးမကျတဲ့သားလည်း မင်းလိုမျိုး စိတ်ချရတဲ့ ရည်းစားတစ်ယောက်လောက် ရှာလာနိုင်ရင် ကောင်းမှာပဲ၊ အားယုံ၊ မင်း အားတဲ့အခါ မင်းနဲ့ မင်းရည်းစားသုံးနေတဲ့ အဲ့ဒီဆော့ဖ်ဝဲအကြောင်း ငါ့ကို ပြောပြဦး၊ ငါ့သား အားကျန့်ကိုလည်း သုံးခိုင်းရမယ်"



'အားကျန့်' ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် တစ်ချိန်လုံး တိတ်ဆိတ်နေသော ဇာကန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အသက်ရှူသံများလည်း ပြင်းထန်လာသည်။ သူ လမ်းဘေးရှိ မြက်ပင်များကို ဒေါသတကြီး နင်းခြေကာ လျှောက်လှမ်းနေသည်။



ဇာကန်ဘေးတွင် လိုက်ပါလာသော သိုလန်မှာ သူ့လက်သီးကို ဆုပ်ကိုင်ကာ အောက်သို့ ဆွဲချလိုက်ပြီး စိတ်အေးအေးထားရန် ခေါင်းခါပြရှာသည်။



ဝမ်သိုက် ယုံကျာ၏သက်ပြင်းချသံကို အတိုင်းသား ကြားနေရသည်။ သူမ လှည့်ကြည့်လိုက်သောအခါ ဒေါသရိပ်များ လွှမ်းနေသော အမျိုးသားတစ်ဦး၏မျက်လုံးများကို မြင်လိုက်ရပြီး သူ အသံနိမ့်နိမ့်ဖြင့် ပြန်ပြောသည်။



"ကောင်းပါပြီ၊ ဒါပေမဲ့ ဒီလိုကိစ္စမျိုး ကံတရားအပေါ်မှာပဲ မူတည်ပါတယ်၊ အစ်ကိုအားကျန့်လည်း သူနဲ့ ထိုက်တန်တဲ့လူနဲ့ ဆုံမှာပါ"



သူ ထိုစကားလုံးများကို အံကြိတ်၍ ပြောလိုက်ခြင်းဖြစ် သည်။



သိုလန်၏အိမ်မှာ ရွာအတွင်းပိုင်းတွင် ရှိကာ နောက်ဘက်၌ စမ်းချောင်းလေးတစ်စင်းရှိသည်။ အခြားရွာသားများ၏ အိမ်နှင့် ယှဉ်လျှင် သူတို့အိမ် အခြေအနေမှာ အတန်ငယ် သာလွန်သည်ဟုဆိုရပေမည်။