Ch 18
Viewers 49

🍏 Chapter 18





ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှီချန်း



တိုင်းပြည်၏အလယ်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများ ဝန်းရံလျက်ရှိပေသည်။ တိမ်တိုက်များ ဖုံးလွှမ်းနေသော တောင်တန်းကြီးများအား တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရသည်မှာ ငြိမ်သက်နေသော စိမ်းလန်းသည့် လှိုင်းလုံးကြီးများအလား ထင်ရပေသည်။



လေယာဉ်ပေါ်မှ ငုံ့ကြည့်စဉ်ကပင် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ထိုတောင်တန်းများကြားသို့ ရောက်ရှိလာသည့်အခါတွင်မူ ဝမ်သိုက် တောင်တန်းကြီးများအား လှမ်းကြည့်ရင်း စိတ်ထဲ၌ ထင့်ခနဲဖြစ်သွားပေသည်။



ထိုတောင်တန်းများအတွင်း၌ မရေမတွက်နိုင်သော တောင်တက်လမ်းများရှိနေကြောင်း သူမ သိပေသည်။ အတွင်း၌ရှိနေသော သူများ လှောင်အိမ်ထဲ၌ ပိတ်မိနေသကဲ့သို့ဖြစ်နေပြီး အပြင်လူများ ဝင်သွားလျှင်လည်း သံခြေချင်းခတ်ခံရနိုင်ခြေ များပေသည်။



နောက်ကျမှရောက်လာသော သတိတရားကြောင့် ဝမ်သိုက် သူမ၏အစောင့်အရှောက်များအား မဝံ့မရဲဖြင့် မေးလိုက်မိသည်။



"ကျွန်မ အဲဒီကိုသွားရင် ပြန်မလာနိုင်တော့မှာ မဟုတ်ဘူးမလား"



သူမ ဖူလိုင်ထီခါမြို့နယ်ရှိ ကားဂိတ်တွင်ရပ်ကာ ဟိုကြည့်ဒီကြည့် လုပ်နေပေသည်။ သူမမျက်စိရှေ့ မြင်တွေ့နေရသည်မှာ နိမ့်ပါးသော အုတ်အိမ်များနှင့် အိမ်ဟောင်းများဖြစ် သည်။



ကွန်ကရစ်လမ်းမှာလည်း အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ထားသဖြင့် လမ်းမျက်နှာပြင် မညီမညာဖြစ်နေသည်။ ခေတ် ဟောင်းတစ်ခုသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေသည်။



"မင်းကိုယ်တိုင် သူများကို ကံကြမ္မာဆုံစည်းမှုတွေပါလို့ ပြောခဲ့ပြီးတော့ အခုမှ ကြောက်နေတာလား၊ ဘာမှမဖြစ်ပါဘူး"



သူမကိုယ်တွင်းမှ အသံထွက်ပေါ်လာသဖြင့် ဘာမှမဖြစ်နိုင်ကြောင်း အဖြေရသော်လည်း ဤကိစ္စ ဖြေရှင်းရလွယ်ကူမည်မဟုတ်ကြောင်း သူမ ထူးဆန်းစွာ ခံစားမိနေပေသည်။



ဘာမှမဖြစ်ဘူးဆိုသည်မှာ နောက်ဆုံးတွင် သူမ အသက်ဘေးမှလွတ်မြောက်သွားမည်ကို ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။



 á€žá€­á€Żá€ˇá€žá€ąá€Źá€ş သူမတွင် နောက်ဆုတ်ပိုင်ခွင့်မရှိတော့ပေ။ ရောက် လာမှတော့ ဆက်သွားရုံသာ ရှိတော့ပေသည်။



မော်တော်ဆိုင်ကယ် ဟွန်းတီးသံများ တစ်ခုပြီးတစ်ခုထွက်ပေါ်နေပြီး အင်ဂျင်သံများလည်း ဆူညံနေပေသည်။ တစ်ခါ တစ်ရံ ဘီးလေးဘီးပါသော ကားအချို့လည်း ဖြတ်သန်းသွားတတ်ပေသည်။



ဝမ်သိုက် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မြေကြီးပေါ်၌ရွေ့လျားနေသော ပုရွက်ဆိတ်များကို ပျင်းရိစွာရေ တွက်နေစဉ် ကားတစ်စီး သူမရှေ့၌ ဘရိတ်အုပ်ကာ ရပ်လိုက်သဖြင့် သူမရှေ့ရှိ နေရောင်ခြည် ကွယ်ပျောက်သွားပေသည်။



သူမရှေ့၌ ရပ်လိုက်သော ဝန်တင်ကားတံခါးပွင့်သွားပြီး ဒိုင်ဗာခုံပေါ်မှ အသက် ၁၈ နှစ် ၁၉ နှစ်ခန့်ရှိမည့် လူငယ်တစ်ဦး ဆင်းလာခဲ့သည်။ သူ ပျားရည်ရောင် အသားအရေရှိပြီး သပ်ရပ်သော ဆံပင်တိုလေးအောက်တွင် ချောမောသောမျက်နှာရှိသည်။ သူ ဝမ်သိုက်ရှေ့သို့ အနည်းငယ်စိုးရွံ့စွာ လျှောက်လာပြီး သူမ မတ်တတ်ရပ်လိုက်သည့်အခါ ဝဲသံပါသောစကားဖြင့် ဆိုလိုက်သည်။



"နေကောင်းလား.... ဝမ်သိုက်၊ ဆောရီးပါနော်၊ စောင့်ခိုင်းမိသွားပြီ၊ တောင်ထဲကနေ ထွက်လာရတာ အကြာကြီးမောင်းရလို့ အချိန်ကို မတွက်တတ်လို့ပါ"



ဤအမည်မှာ သူတို့ WeChat တွင် သဘောတူထားသော အမည်ဖြစ်ပေသည်။ အကူအညီတောင်းခံသူမှာ သိုလန်အမည်ရှိ အမျိုးသမီးဖြစ်ပြီး သူမ၏ ၁၅ နှစ်အရွယ် သမီးငယ်လေး နာထုန်မှာ ကိစ္စတစ်ခုဖြစ်ပွားနေခြင်းဖြစ်သည်။

သူမပြောပြချက်အရ ၎င်းတို့၏ ခါးမူရွာမှမြို့နယ်သို့ လာရသည်မှာ ၆ နာရီကျော်ကြာမြင့်ပြီး လမ်းပြသူမရှိဘဲ ရှာတွေ့ရန် မလွယ်ကူကြောင်း သိရပေသည်။ ထို့ကြောင့် ရွာသူကြီး ၏လုပ်ပိုင်ခွင့်မှာ အလွန်ကြီးမားပြီး ရွာ၌ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေပေသည်။



ရွာသူကြီးနှင့် သူ့လက်ပါးစေများ၏ ခြိမ်းခြောက်မှုကြောင့် သူမနှင့် သူမမိသားစု ရဲတိုင်ရန် မဝံ့ရဲကြပေ။ ဝမ်သိုက်ကဲ့သို့ ပြင်ပလူတစ်ဦးအား ရွာထဲသို့ ခေါ်ဆောင်သွားနိုင်ရန်အတွက် ဝမ်သိုက်အနေနှင့် သူမသား ယုံကျာ၏ ချစ်သူအဖြစ် ဟန်ဆောင်ပေးရန်သာ ရှိပေသည်။



ဝမ်သိုက်အကြည့် ကားဘီးပေါ်ရှိ ရွှံ့နွံများကို မသိမသာ ဝေ့ကြည့်လိုက်ပြီး နောက်ဘက်ထိုင်ခုံဆီသို့ လှမ်းကြည့်လိုက်ရာ ရက်စက်သောပုံစံရှိသည့် လူတစ်ယောက်၏ မျက်လုံးများအား တွေ့လိုက်ရပေသည်။



သူမ စိတ်ထဲမှ တွက်ချက်လိုက်ပြီး ယုံကျာအားကြည့်ကာ ပြုံး၍ဆိုလိုက်သည်။



"ရပါတယ် အားယုံရဲ့၊ ကျွန်မလည်း အကြာကြီး မစောင့်ရပါဘူး၊ ကျွန်မ ဖူလိုင်ထီခါကို တစ်ခါမှ မရောက်ဖူးဘူးလေ၊ လမ်းမှာ စားစရာလေးတွေ ဝင်ဝယ်ရအောင်၊ ဒေသထွက်စားစရာတွေနဲ့ သစ်သီးတွေ ဝယ်ချင်လို့၊ ကြည့်ဦးလေ၊ ကျွန်မ ပေါ့ပေါ့ပါးပါး လာချင်လို့ ဦးဦးတို့ ဒေါ်ဒေါ်တို့အတွက် လက်ဆောင်တောင် ဘာမှမဝယ်ခဲ့ရဘူး"



ကားထဲမှ ခေါင်းပြူထွက်လာသော အမျိုးသားမှာ သစ် ခေါက်ကဲ့သို့ ကြမ်းတမ်းသော မျက်နှာရှိပြီး သူ့မျက်လုံးများ ဝမ်သိုက်ကို စိုက်ကြည့်နေပေသည်။ သူ တွန့်လိမ်နေသော နှုတ်ခမ်းများဖြင့် ပြုံးလိုက်ရာ မျက်နှာရှိ အရေးအကြောင်းများ ပိုထင်ရှားလာသည်။



"ဒီကောင်မလေး တော်တော်လေး စိတ်ထားကောင်းတာပဲ၊ မြို့နယ်ကို ဖြတ်သွားမှာပဲ၊ အဲဒီကျရင် အားယုံနဲ့အတူ သွားဝယ်လိုက်ပေါ့၊ တောင်ထဲမှာ စားစရာ သိပ်မရှိဘူး၊ ဝယ်သင့်တာပေါ့"



ယုံကျာ ထိုအမျိုးသားအား တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိုးတိုးလေးဆိုလိုက်သည်။



"သူ ကျွန်တော်တို့ ခါးမူရွာရဲ့ ရွာသူကြီးပဲ"



"ဟုတ်ကဲ့ပါ ဦးလေး"




ဝမ်သိုက် တည်ငြိမ်စွာပင် ပြုံးပြလိုက်ရာ သူမ၏ ပါးချိုင့်လေးနှင့် သွားစွယ်လေးမှာ သူမအား ရိုးသားပြီး လိမ်ရလွယ်သော မိန်းကလေးတစ်ဦးကဲ့သို့ ထင်မှတ်သွားစေပေသည်။



သိုလန် ရှေ့ခန်းမှ ဝမ်သိုက်ကိုနေရာပေးလိုက်ပြီး သူမကိုယ် တိုင်မှာမူ နောက်ခန်းတွင် သူမခင်ပွန်းဖြစ်သူ ဇာကန်၊ ရွာသူကြီးတို့နှင့်အတူ ထိုင်လိုက်လေသည်။



ရွာသူကြီးမှာ ဝမ်သိုက်၏နောက်ဘက်တွင် ထိုင်နေခြင်းဖြစ်ပြီး သူ့အကြည့်မှာ ဝမ်သိုက်ထံမှ တစ်ဖက်သို့ လွှဲမသွားဘဲ ရုတ်တရက် မေးမြန်းလိုက်သည်။



"မင်းနာမည် ဝမ်သိုက် မဟုတ်လား၊ မင်းနဲ့ ယုံကျာ အွန်လိုင်းမှာ သိတာ ၃ လပဲ ရှိသေးတာကို သူ့ဆီ လိုက်လာရဲတယ်ပေါ့၊ မင်း မိဘတွေရော သဘောတူရဲ့လား"



ဘေးတွင် ထိုင်နေသော သိုလန်မှာ မသိမသာပင် သူမ၏ ဘောင်းဘီစအား တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ သူမအကြည့် ဆုတောင်းနေသကဲ့သို့ ဝမ်သိုက်ထိုင်နေသော ထိုင်ခုံနောက်ကျောကို စိုက်ကြည့်နေပေသည်။



ကားမောင်းနေသော ယုံကျာ အပြင်ပန်းတွင် ရှက်တတ်ပုံရသော်လည်း ယခုမူ ထူးဆန်းစွာ တည်ငြိမ်နေပြီး လက်မောင်းများ တုန်လှုပ်ခြင်းမရှိပေ။ သူ မှန်မှတစ်ဆင့် ဝမ်သိုက်အား တစ်ချက်ကြည့်လိုက်လေသည်။



ဤရွာသူကြီး တော်တော်လေး ကောက်ကျစ်တာပဲဟု ဝမ်သိုက် စိတ်ထဲမှ ကြိတ်တွေးလိုက်သော်လည်း မျက်နှာပေါ်ရှိ အပြုံး ပျက်မသွားပေ။ သူမ ကြည်လင်သော လေသံဖြင့် ဆိုလိုက်သည်။



“ကျွန်မနဲ့ အားယုံ အွန်လိုင်းမှာ စကားပြောတာ ၁ နှစ် ရှိပါပြီ၊ ချစ်သူဖြစ်တာတောင် ၆ လ ရှိနေပြီလေ၊ ကျွန်မမိဘတွေတော့ သဘောတူပါတယ်၊ ဒါပေမဲ့ ကျွန်မ အစ်ကိုတော့ သဘောမတူဘူး၊ သူ နောက်ရက်ကျ လိုက်လာမှာကိုပဲ ကြောက်နေရတာ၊ အစ်ကို လိုက်လာရင် ရွာထဲမှာ အတူနေခွင့်ပေးလို့ ရမလားဟင်၊ သူ တောရွာဓလေ့တွေကို ခံစားကြည့်ချင်လို့တဲ့၊ သူစိတ်ကလေ တော်တော်လေးထူးဆန်းတာ၊ အပြင်လူတွေကိုလည်း သိပ်မယုံဘူး၊ သူ့ကိုယ် သူပဲ ယုံတာ"



"အော်... ၆ လလား... ၆ လလား၊ ငါ အသက်ကြီးပြီဆိုတော့ မှတ်ဉာဏ် သိပ်မကောင်းတော့ဘူး၊ အားယုံ မနေ့ကတင် ငါ့ကို ပြောသွားသေးတာပဲ၊ ကြည့်စမ်း ငါ့မှတ်ဉာဏ်ကို"



ရွာသူကြီး ထိုင်ခုံကိုမှီလိုက်ပြီး ရယ်မောနေသော်လည်း သူ့မျက်လုံးများမှာမူ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေပေသည်။

ကား မြို့နယ်ရှိ ဈေးသို့ ရောက်ရှိလာသည့်အခါ ယုံကျာနှင့် ဝမ်သိုက်တို့ ကားပေါ်မှ ဆင်းလိုက်ကြသည်။ ဇာကန် လိုက်ဆင်းရန် ပြင်လိုက်သော်လည်း သိုလန်က တားမြစ်လိုက်သည်။



"ရှင် ဘာလိုက်လုပ်မှာလဲ၊ မသွားနဲ့လေ၊ သူတို့ လူငယ်လေးတွေ နှစ်ယောက်တည်း သွားခိုင်းလိုက်ပါ"



ကားတံခါးလက်ကိုင်အား ကိုင်ထားသောလက်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရွာသူကြီးမှ သူ့လက်ကို ပေါင်ပေါ်သို့ ပြန်တင်လိုက်သည်။ သူနှင့် အတူတူထိုင်နေသော ဤလင်မ ယားအားကြည့်ကာ ပြုံးစိစိဖြင့် ဆိုလိုက်လေသည်။



"ဒီကောင်မလေး ချမ်းသာတဲ့အိမ်ကနဲ့ တူတယ်၊ အသားလည်းဖြူပြီး လှလည်းလှတယ်၊ မင်းတို့ အားယုံတော့ ကံကောင်းတာပဲ၊ ငါ အရင်က ပြောခဲ့တဲ့စကားကို မှတ်မိသေးတယ် မဟုတ်လား၊ ဆုံးရှုံးသွားတာတွေကို သိပ်ပြီး အရေးမစိုက်ပါနဲ့”



“အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာပဲလေ၊ နောက်ဆိုရင် ပုံမှန်အတိုင်း နေထိုင်သွားကြပေါ့၊ ပိုက်ဆံရရင်လည်း အာနာအတွက် စားစရာတွေ အများကြီးဝယ်ကျွေးလိုက်ဦး၊ အတိတ်ကိုပဲ ဖက်တွယ်နေမယ်ဆိုရင်တော့ အရာအားလုံး ဆုံးရှုံးသွားမှာကို စိုးရိမ်ရမယ်"



တိတ်ဆိတ်နေသော ကားအတွင်း၌ အပြာရောင်ကားမှန်ကြောင့် အလင်းရောင် မှိန်ဖျော့နေပြီး ရွာသူကြီး၏အဓိပ္ပာယ်ပါ စကားသံများ ပျံ့လွင့်နေပေသည်။



အပြင်ဘက် လင်းထိန်နေသော ပတ်ဝန်းကျင်တွင်မူ ဝမ်သိုက်နှင့် ယုံကျာတို့ ဈေးငယ်လေးအတွင်း လမ်းလျှောက်နေကြပေသည်။



ဤဈေးငယ်လေးမှာ လမ်းဘေးတွင် ခင်းကျင်းထားသော ဆိုင်ခန်းလေးများသာဖြစ်ပြီး မြို့ကြီးများရှိ စူပါမားကတ်တစ်ခုစာပင်မရှိပေ။ အမြင့်ဆုံး အဆောက်အအုံမှာ လေးငါးထပ်ခန့်သာ ရှိပေသည်။



"ရွာသူကြီး တော်တော်လေး သံသယများတယ်၊ သတိထားပါနော်၊ ညကျရင် ကျွန်တော်နဲ့ အခန်းတစ်ခန်းတည်းမှာ အတူနေရလိမ့်မယ်၊ ကျွန်တော် ကြမ်းပြင်မှာ အိပ်ပါ့မယ်၊ တခြားအခန်းမှာ သွားအိပ်ရင် မင်းအတွက် အန္တရာယ်ရှိနိုင်လို့ပါ၊ ကျွန်တော်တို့ရွာက မိန်းကလေးတွေအတွက် အန္တရာယ်များတယ်"



ဘေးတွင် လျှောက်နေသော ယုံကျာ အသံကိုနှိမ့်၍ပြောလိုက်သည်။ ခါးမူရွာအတွင်းပိုင်း မည်သို့ရှိနေမည်ကို ဝမ်သိုက်အနေနှင့် မခန့်မှန်းတတ်သော်လည်း သူ့သတိထားနေမှုကြောင့် စိုးရိမ်စရာဖြစ်နေကြောင်း သိနိုင်ပေသည်။



ဝမ်သိုက် ခေါင်းညိတ်ပြလိုက်ပြီး သစ်သီးဆိုင်တစ်ဆိုင်ရှေ့၌ ရပ်လိုက်သည်။ သူမ သစ်သီးသုံးခြင်းစာကို ဝယ်ယူလိုက်သော်လည်း ထိုသစ်သီးများထဲတွင် ပန်းသီးတစ်မျိုးကိုသာ သိပေသည်။