Ch 17
Viewers 52

🍏 Chapter 17




“ကျွန်မ လူတွေ သိပ္ပံပညာကိုလည်း ယုံကြည်ရမယ်ဆိုတော့ ဒါ ဆေးရုံပြရမယ့် ရောဂါလား ဒါမှမဟုတ် ဝိညာဉ်ရေးရာလားဆိုတာ အရင်ကြည့်ပေးခဲ့တာ၊ ဒါပေမဲ့ ချင်ထုံလေးက ဝိညာဉ်ရေးရာ ပြဿနာဖြစ်နေတဲ့အပြင် တစ်သက်လုံး ဂရုစိုက်ပေးနေရမယ့် ကံကြမ္မာမျိုး ဖြစ်နေတာ"



သူမ နံရံကို လွှတ်လိုက်ပြီး လှေကားထိပ်သို့ ရောက်သည့်အခါ ချန်စစ်ကျယ်ကို လှည့်၍ စောင့်နေလိုက်သည်။ လရောင်အောက်တွင် သူမမျက်ဝန်းများမှာ မျက်ရည်ဝိုင်းနေသကဲ့သို့ တောက်ပနေပေသည်။



"ဒီလောကမှာ ဒုက္ခရောက်နေတဲ့လူတွေ အများကြီးပဲ၊ ကျွန်မတော့ စိတ်ထဲရှိတဲ့အတိုင်းပဲ လုပ်ပေးတာပါ၊ အထူးသဖြင့် ဒီအလုပ် စလုပ်တဲ့ နှစ်နှစ်မှာဆိုရင် ကိစ္စသိပ်မကြီးရင် အခမဲ့လုပ်ပေးသလို ဒုက္ခရောက်နေတဲ့ လူတွေဆိုရင်လည်း ပိုက်ဆံမတောင်းရက်ဘူး၊ ဒါပေမဲ့ စိတ်ဓာတ်မယိုင်လဲအောင် ထိန်းသိမ်းဖို့ကတော့ တကယ် ခက်ခဲတယ်"



လူသားတို့သည် အလင်းရောင်ထဲတွင် မရှိသည့်အချိန်၌ မိမိတို့၏ ရင်တွင်းစကားများကို ပိုပြောပြတတ်ကြပေသည်။

ချန်စစ်ကျယ် သူမနှင့်အတူ လျှောက်လှမ်းနေရင်း ဆိုလိုက်သည်။



"လူတိုင်းတော့ ကိုယ့်လမ်းကြောင်းပေါ်မှာ အမြဲတမ်းတည့်တည့်လျှောက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ခြေလှမ်းတိုင်းမှာ ကွာခြားမှုတွေ ရှိနေတတ်တာပဲ"



သူ့အက်ရှရှအသံမှာ တိတ်ဆိတ်နေသော လမ်းကြားထဲတွင် ပဲ့တင်ထပ်နေပေသည်။



ဝမ်သိုက် ချန်စစ်ကျယ် ကားပေါ်သို့ စိတ်အေးလက်အေး လိုက်ပါလာခဲ့သည်။ သူ ကားအတွင်းမီးကို ဖွင့်လိုက်ပြီး စာချုပ်နှစ်စောင်ကို သူမရှေ့သို့ ကမ်းပေးလိုက်သည်။

သူမ စာချုပ်ကို သေသေချာချာ ဖတ်ရှုပြီးနောက် ချန်စစ်ကျယ်ထံမှ ဖောင်တိန်ကို ယူကာ လက်မှတ်ထိုးလိုက်လေသည်။



"ကျွန်မနဲ့ လက်တွဲတာ ရှင့်အတွက် မရှုံးစေရပါဘူး၊ ကျွန်မမှာ ဖောက်သည်တွေ အများကြီးရှိတယ်၊ ကျွန်မရဲ့ အကောင့်တွေသာ ခဏခဏ အပိတ်မခံရရင် ရှင့်ကို ပိုက်ဆံတွေ အများကြီး ရှာပေးနိုင်ပါတယ်"



ဝမ်သိုက် သူမ အစွမ်းအစကို သက်သေပြရန်အတွက် ဖုန်းကို ထုတ်ကာ ဖောက်သည်စာရင်းကို ပြရန် ပြင်လိုက်သည်။

ထိုအချိန် WeChat မှ မက်ဆေ့ခ်ျများစွာ ဝင်ရောက်လာပြီး အနီရောင် အသိပေးချက်လေးမှာ သိသာနေပေသည်။



ဝမ်သိုက် အံ့ဩစွာဖြင့် ဝင်ကြည့်လိုက်ရာ



[ရှီချန်း ဖူလိုင်ထီခါရွာမှာ အရေးပေါ် ကူညီပေးဖို့ လိုနေပါတယ်၊ အမြန်ဆုံး လာပေးပါရှင်၊ လမ်းစရိတ်ကို ကျွန်မတို့ တာဝန်ယူပါ့မယ်]



လေဆိပ်တစ်ခုလုံးတွင် လော်စပီကာမှ ကြေညာသံများနှင့် ခရီးဆောင်အိတ် ဘီးလုံးများ မြေပြင်ပေါ်၌ လိမ့်ပါသွားသည့် အသံများမှာ တူရိယာသံစဉ်သဖွယ် ပဲ့တင်ထပ်နေပေသည်။

ဝမ်သိုက် ကျောပိုးအိတ်ကို လွယ်ထားပြီး လက်ထဲ၌ ကိုင်ထားသော ဖုန်းမျက်နှာပြင်တွင် ဖုန်းခေါ်ဆိုနေသည့် ပုံရိပ်ပေါ်နေပေသည်။



ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသော အသံမှာ လျှပ်စစ်လှိုင်းများကြောင့် အနည်းငယ် ပြောင်းလဲနေသော်လည်း ဆွဲဆောင်မှုရှိသော အသံနေအသံထားမှာမူ ပျောက်ကွယ်မသွားပေ။



"မင်း တစ်ယောက်တည်း တကယ်သွားမှာလား၊ ငါ စုံစမ်းကြည့်ပြီးပြီ၊ ရှီချန်းက လူနည်းစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ၊ ဖူလိုင်ထီခါက ရှီချန်းမှာ အဆင်းရဲဆုံးမြို့နယ်ဖြစ်ပြီး နာခါးမူရွာဆိုတာ အွန်လိုင်းမှာတောင် ရှာလို့မရဘူး”



“သူတို့ မင်းကို အကူအညီတောင်းတာတင်မကဘဲ သူတို့သားရဲ့အွန်လိုင်းချစ်သူအဖြစ် ဟန်ဆောင်ခိုင်းနေတာလေ၊ မင်း အဲဒီကနေ ပြန်ထွက်မလာနိုင်မှာကို တကယ်မကြောက်ဘူးလား"



ဖုန်းပြောနေရုံမျှဖြင့်ပင် ဝမ်သိုက်အနေနှင့် ချန်စစ်ကျယ်၏ တည်ကြည်ပြီး စိုးရိမ်တကြီးဖြစ်နေသော လေသံကို နားထောင်ကာ သူမရှေ့၌ ရှိနေမည့် သူ့ပုံစံကို မှန်းဆကြည့်၍ ရပေသည်။



သူ မျက်မှောင်ကြုတ်နေမည် ဖြစ်ပြီး သူမကို ကြည့်သည့် သူ့အကြည့်များမှာလည်း လူအတစ်ယောက်ကို ကြည့်နေသကဲ့ သို့ ဖြစ်နေပေလိမ့်မည်။



"ဘာကြောက်စရာ ရှိလို့လဲ၊ ဒီလောကမှာ အရာအားလုံးက ကံကြမ္မာနဲ့ ဆုံစည်းမှုတွေအပေါ်မှာပဲ မူတည်နေတာလေ၊ ရှင် ကံကြမ္မာဆုံစည်းမှုကို နားလည်ရဲ့လား၊ ကျွန်မ သူတို့ကို ကူညီမယ်လို့ ဆုံးဖြတ်ချက်ချပြီး လက်တွေ့လုပ်ဆောင်နေပြီဆိုကတည်းက ကျွန်မရဲ့ ကံကြမ္မာမှာ ဒီလိုလမ်းကြောင်းတစ်ခု ပါနေလို့ပဲပေါ့”



“ရလဒ် ဘာဖြစ်မလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မအတွက်တော့ အကျိုးရှိမှာပဲ၊ တကယ်လို့ ကျွန်မအတွက် မကောင်းဘူးဆိုရင်လည်း ကျွန်မဘေးက အစောင့်အရှောက်တွေ ကျွန်မကို သတိပေးမှာပေါ့၊ ရှင်တော့ စိတ်မပူပါနဲ့တော့၊ ရှင့်အမှုတွေကိုပဲ အာရုံစိုက်ပြီး ဖြေရှင်းလိုက်ပါဦး ရှေ့နေကြီးရယ်"



ဝမ်သိုက် လေဆိပ်၏ စောင့်ဆိုင်းခန်းအတွင်း ဟိုဟိုဒီဒီ လျှောက်သွားနေသော်လည်း ထိုင်ခုံလွတ် တစ်ခုမျှ မတွေ့သဖြင့် လေယာဉ်အချိန်စာရင်း ပြသသည့် မျက်နှာပြင်ရှေ့တွင် ရပ်လိုက်လေသည်။



သူမ မှန်နံရံအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံသို့ ပျံတက်သွားသော လေယာဉ် အင်ဂျင်သံမှာ ဝေဝါးစွာ ပဲ့တင်ထပ်နေပြီး ကောင်းကင်ယံမှာလည်း တိမ်တိုက်ကင်းစင်ကာ ကြည်လင်နေပေသည်။



ရုံးခန်းအတွင်းရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းပေါက်ရှေ့၌ ရပ်နေသည့် ချန်စစ်ကျယ်မှာ ဝမ်သိုက် ထင်ထားသည့်အတိုင်းပင်။



သူ့မျက်ခုံးများမှာ တစ်ခုနှင့်တစ်ခု ထိလုနီးပါး ကြုတ်ထားပြီး မျက်ဝန်းအစုံ၌လည်း စိုးရိမ်ရိပ်များ ပြည့်နှက်နေပေသည်။ သူ ကောင်းကင်ယံမှ တောက်ပနေသော နေမင်းကြီးကို လှမ်းကြည့်ရင်း သက်ပြင်းချကာ ဆိုလိုက်လေသည်။



"ထားလိုက်ပါတော့၊ မင်းကို ပြောလို့ရမှာ မဟုတ်ဘူး၊ မင်းရဲ့ တည်နေရာကို ငါ့ဆီ ရှဲထားလိုက်၊ အချိန်အကန့်အသတ်မရှိ ရှဲထားရမယ်၊ ငါ့လက်ထဲက အမှုတွေ ပြီးတာနဲ့ မင်းဆီကို လိုက်လာခဲ့မယ်၊ အမျိုးသမီးတွေ ကိုယ့်ရဲ့ လုံခြုံရေးကို ပိုပြီး ဂရုစိုက်သင့်တယ်လေ၊ မင်းရဲ့ တွဲဖက် တစ်ယောက်အနေနဲ့ မင်းကို တစ်ယောက်တည်း အန္တရာယ်ထဲ မလွှတ်ထားနိုင်ဘူး"



သူ့တတွတ်တွတ် ပြောနေသော စကားများကို နားထောင်ရင်း ဝမ်သိုက်စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာပေသည်။ မိဘများ ရှိနေစဉ်ကကဲ့သို့ ခံစားချက်မျိုး ဖြစ်ပြီး မိမိကိုယ် မိမိ တစ်ယောက်တည်း မဟုတ်တော့ဟု ခံစားရပေသည်။



သူမ အမှန်တကယ်ပင် တစ်ယောက်တည်း မဟုတ်တော့ပေ။ ယခင် ချန်စစ်ကျယ်နှင့် လက်တွဲခဲ့စဉ်က ယခုကဲ့သို့ မခံစားခဲ့ရသော်လည်း တစ်စုံတစ်ယောက်၏ ဂရုတစိုက် သတိပေးမှုကို ခံရသည့်အခါမှသာ ကြိုးတစ်ချောင်းတည်းတွင် ချည်နှောင်ထားသော ပုစဉ်းရင်ကွဲများကဲ့သို့ အဖော်ရသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။



"အင်းပါ အင်းပါ.... ဒါဆို ဖုန်းချလိုက်တော့မယ်နော်၊ တည်နေရာ ရှဲတာ အခုချက်ချင်း လုပ်လိုက်ပါ့မယ်၊ ချန်စစ်ကျယ်.... ရှင့်ကို ကြည့်ရတာ ဒီလောက်အထိ ပူပန်တတ်လိမ့်မယ်လို့ မထင်ထားဘူး"



သူမ စနောက်ချင်သော လေသံဖြင့် ပြောဆိုပြီးနောက် ဖုန်းကို ချက်ချင်း ချလိုက်လေသည်။ သူမ ချန်စစ်ကျယ်ထံသို့ တည်နေရာကို မျှဝေလိုက်ပြီး ဖုန်းကို ပိတ်ရန် ပြင်လိုက်စဉ် လက်ချောင်းလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပေသည်။



ငယ်စဉ်က သူမ မိဘများသည်လည်း သူမ၏ စမတ်နာရီပေါ်တွင် တည်နေရာ မျှဝေခြင်းကို ဖွင့်ထားတတ်ကြပေသည်။ ထိုစဉ်က သူမ ငယ်ရွယ်သေးသဖြင့် စောင့်ကြည့်ခံနေရသည်ဟု ထင်မြင်ကာ တစ်ခါတစ်ရံ တိတ်တဆိတ် ပိတ်ထားတတ်ပေသည်။



ယခုမူ စောင့်ကြည့်ခံရခြင်းကို ပိုလိုလားနေမိပြီး ၎င်းတို့အနေဖြင့် မိမိကို အမြဲတမ်း စောင့်ကြည့်နေပေးရန်သာ မျှော်လင့်မိတော့ပေသည်။ ၎င်းတို့ မျက်လုံးများကို မှိတ်ကာ သေတ္တာထဲ၌ ပိတ်လှောင်ခံထားရခြင်းမျိုး မဟုတ်ဘဲ မိမိဘေးတွင် ရှိနေပေးရန်သာ ဆုတောင်းနေမိလေသည်။