Ch 16
Viewers 53

🍏 Chapter 16





သူမ မှိုင်တွေနေသော မိစ္ဆာကို ပြန်ကြည့်လိုက်ပြီး ဆံပင်အားကိုင်ထားသော လက်ကိုလွှတ်လိုက်သည်။ မိစ္ဆာမှာ မမျှော် လင့်ထားသဖြင့် အောက်သို့ ပြုတ်ကျသွားရာ သူမ သူ့ပခုံးကို ပုတ်ပေးလိုက်ရင်းပြောလိုက်သည်။


"ကဲပါ တန်ဖေး... ကြည့်ရတာ နင် အခုဆို အသက် ၄၇ နှစ်ရှိနေပြီပဲ၊ လွန်ခဲ့တဲ့ ၂၉ နှစ်က မြစ်ထဲခုန်ချသေတုန်းက နင် ၁၈ နှစ်ပဲရှိသေးတာလေ၊ အခုထိ ဘာလို့ မရင့်ကျက်သေးတာလဲ၊ ကျေးဇူးရှိရင် ကျေးဇူးဆပ်၊ ရန်ရှိရင် ရန်တုံ့ပြန်ရမှာ မှန်ပေမဲ့ အခုလိုမျိုး ကိုယ်တိုင်က ခံရသူဖြစ်ခဲ့ပြီးမှ သူတစ်ပါးကိုပြန်နှိပ်စက်တဲ့သူဖြစ်လာတာတော့ နင့်ရဲ့အမှားပဲ၊ စိတ်ချ၊ နင့် စိတ်ထားက မဆိုးလှဘူးဆိုတာ ငါသိတယ်၊ ငါ နင့်ကို အစွမ်း ကုန်အမျှဝေပေးပြီး ငရဲပြည်မှာ အပြစ်ပေးခံရအောင် ကူညီပေးပါ့မယ်"



ချန်စစ်ကျယ် နှုတ်ခမ်းကို အနည်းငယ်တွန့်လိုက်ပြီး သူမကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။



ဝမ်သိုက် မိစ္ဆာ၏ဘဝဇာတ်ကြောင်းအား အကုန်အစင်သိသွားသော်လည်း ရှက်ရွံ့နေခြင်းမရှိဘဲ မိစ္ဆာ့ပခုံးကို လက်ဖြင့်တို့လိုက်သည်။



"နင် ခံစားခဲ့ရတဲ့ နာကျင်မှုတွေ ဘာမှမဟုတ်ပါဘူးလို့တော့ ငါမပြောပါဘူး၊ ကျောင်းမှာ ဆရာဦးဆောင်ပြီး နင့်ကို အပြစ်မရှိဘဲ စွပ်စွဲခဲ့တယ်၊ နင့်မိဘတွေလည်း တစ်ဖက်သတ်စကားကိုယုံပြီး နင့်ကို စွန့်ပစ်ဖို့လုပ်ခဲ့တယ်၊ သူငယ်ချင်းတွေလည်း နင့်ကို နှိပ်စက်တဲ့ထဲပါခဲ့ကြတယ်၊ နင် အမှားလုပ်ခဲ့တာမဟုတ်ဘူး၊ နင် ခံရတဲ့သူပါ၊ နင့်ရဲ့နာကျင်မှုနဲ့ မတရားမှုကို တစ်စုံတစ်ယောက် မြင်တွေ့လိမ့်မယ်ဆိုတာ ငါသိပါတယ်"



"မြင်တော့ကော ဘာထူးမှာလဲ၊ သူတို့က ငါ့ကို စိတ်ပျော့ပြီးမခံနိုင်လို့ သတ်သေတာလို့ ပြောကြတယ်၊ တချို့ဆိုရင် လုပ်ရဲပြီး မခံရဲတဲ့ကောင်လို့တောင် ပြောကြသေးတာ၊ ငါ့အိမ်က ဆင်းရဲတာမှန်ပေမဲ့ ဆရာ့ဆီက ပိုက်ဆံခိုးဖို့အထိတော့ မတွေးဖူးဘူး၊ အဲဒီတုန်းက ငွေရာဂဏန်းဆိုတာ လူတစ်ယောက်ရဲ့ တစ်လစာလောက်ရှိတာလေ”



“ငါသာ ဝန်ခံလိုက်ရင် ထောင်ကျမှာပေါ့၊ ဒါပေမဲ့ ငါ တကယ်မခိုးခဲ့ဘူး၊ အဲဒီဆရာလည်း ရဲမတိုင်ဘဲနဲ့ ဆရာတပည့်အချင်းချင်းမို့ ငါ့အနာဂတ်ကို မဖျက်ဆီးချင်ဘူးလို့ ပြောခဲ့သေးတာ၊ အခုတော့ ငါသေသွားမှပဲ သူ့ကို သဘောထားကြီးတဲ့လူလို့ အားလုံးချီးကျူးနေကြတာပေါ့"



တန်ဖေး လေထဲတွင်မျောလွင့်နေရင်း ဝမ်းဗိုက်ကိုပွတ်ကာ ထိုင်လျက်အနေအထားဖြင့် လှောင်ပြောင်သလိုပြောလိုက်သည်။



ဝမ်သိုက် ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီးနောက် ပြန်မော့ ကြည့်ကာ အတည်အပေါက်ပြောလိုက်သည်။



"မကောင်းမှုလုပ်ရင် ဝဋ်လည်တတ်တာပဲ၊ နင်တင်မဟုတ်ဘူး၊ သူတို့လည်း ခံရမှာပဲ၊ နင် သူများကို ဒုက္ခပေးခဲ့လို့ ငရဲမှာ အပြစ်ခံရသလို သူတို့လည်း နင့်ကို နှိပ်စက်ခဲ့တဲ့အတွက် ဝဋ်လည်ရမှာပဲ၊ ငါ... ငါ့ဘေးက ဒီလူ နင့်အတွက် မတရားခံရကြောင်း အသနားခံစာကိုရေးပြီး နတ်မင်းကြီးဆီ ပို့ပေးနိုင်တယ်၊ အဲဒီတော့ အကြွေးတွေကို အနှေးနဲ့အမြန်ပြန်ဆပ်ရမှာပဲ၊ သူတို့ကို လွယ်လွယ်နဲ့တော့ လွှတ်ပေးမှာမဟုတ်ဘူး"



ဝမ်သိုက်၏အစောင့်အရှောက်များ ဒဏ်ရာအပြင်းအထန်ရထားသော တန်ဖေးကို ခေါ်ဆောင်သွားကြသည်။ ဝမ်သိုက် ဒူးထောက်ကာ မတ်တတ်ရပ်လိုက်ပြီး ချန်စစ်ကျယ်အား ကြည့်လိုက်သည်။



"ရှင် ဆရာတစ်ယောက်လား ရှေ့နေတစ်ယောက်လားတော့ ကျွန်မ မသိဘူး၊ ဒါပေမဲ့ ရှင့်မှာ အသနားခံစာရေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာတော့ သိတယ်၊ ကျွန်မ ခုနက မိစ္ဆာကို လိမ်ပြောလိုက်ရတာ တကယ် စိတ်ထဲမကောင်းဘူးရှင်"




သူမ ခေါင်းအားစောင်းကာ ပခုံးတွန့်လိုက်ရင်း ဝမ်းနည်းရိပ်သန်းနေသော အပြုံးဖြင့်ဆိုလိုက်လေသည်။



ချန်စစ်ကျယ်လည်း စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။




"မျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာ မျှော်လင့်ချက်ပေးနိုင်မယ့် မုသားစကားမျိုး ကောင်းတဲ့အရာပဲပေါ့"



သူ ဝေးလံသောအရပ်ရှိ လမင်းကြီးကို လှမ်းကြည့်လိုက်သည်။ လမင်းမှာ ကြည်လင်နေသော်လည်း အေးစက်နေပေသည်။



သွပ်မိုးထားသော အိမ်စုတ်လေးအတွင်း ကုတင်ပေါ်၌ ကြောင်စီစီဖြင့်လဲလျောင်းနေသော ချင်ထုံ၏မျက်လုံးများ ရုတ်တရက် အသက်ဝင်လာသည်။ သူ ခေါင်းကို အနည်းငယ်လှုပ်လိုက်ပြီးနောက် ကုတင်ပေါ်တင်ထားသော သူ့လက် မောင်းဖြင့် ခေါင်းအားအုပ်လိုက်ကာ မျက်ခုံးများကို တွန့်ချိုးထားလေသည်။



ချင်ယန် သူ့ကို အမြန်ထူမပေးလိုက်ပြီး ကုတင်ဘေးရှိ ရေခွက်အား ကမ်းပေးလိုက်သည်။



"လာ ချင်ထုံလေး၊ ရေလေး နည်းနည်းသောက်လိုက်ဦး၊ ဒီနေ့ ဦးဦးတစ်ယောက်လည်း လာကူညီပေးတယ်၊ စားပွဲပေါ်မှာ သူယူလာတဲ့ ဟင်းတွေလည်းရှိတယ်၊ အမေ ခေါက်ဆွဲလေးပြုတ်ပေးမယ်၊ အဲဒါနဲ့တွဲစားလိုက်နော်"




သားဖြစ်သူနိုးလာသည်ကို မြင်ရသဖြင့် ချင်ယန် ဝမ်းသာအားရဖြစ်သွားကာ မီးဖိုဆီသို့ အမြန်သွားလိုက်လေသည်။

ချင်ထုံ ကုတင်ပေါ်တွင်ထိုင်ကာ နာကျင်နေသော သူ့ပခုံးများကိုနှိပ်နေရင်း မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။



"အမေ၊ အမေပြောတဲ့ ဦးဦး ဘယ်သူလဲဟင်၊ ဘာလို့ 'လည်း' လို့သုံးတာလဲ၊ အစ်မဝမ်သိုက်နဲ့ အတူလာတာလား"



ထိုအချိန် သံတံခါးပွင့်သွားပြီး ဝမ်သိုက် လွယ်အိတ်ကိုလွယ်ကာ ဝင်လာခဲ့သည်။ သူမနှင့်အတူ အမှောင်ထုထဲမှ ပါလာသူမှာ ချန်စစ်ကျယ်ဖြစ်ပေသည်။



"ဟုတ်တယ် ချင်ထုံလေး၊ ဒီဦးဦး အစ်မရဲ့တွဲဖက်ပဲ၊ အခုဆိုရင် အစ်မတစ်ယောက်တည်း ပင်ပန်းနေစရာမလိုတော့ဘူး"



သူမ ချင်ထုံအနားသို့သွားကာ သူ့ပခုံးလေးအားဆုပ်ကိုင်လျက် မျက်နှာကို သေချာကြည့်လိုက်သည်။ ကောင်လေး၏ ကြည်လင်သော မျက်ဝန်းများကိုကြည့်ကာ သူမ ပြုံး၍ဆိုလိုက်သည်။



"တကယ်ကို အရင်နဲ့မတူတော့ဘူးပဲ၊ အမြန်ကြီးပြန်ကောင်းလာတာပဲ၊ ဝိညာဉ်ပြန်ဝင်လာတာနဲ့ ပုံမှန်အတိုင်းဖြစ်သွားပြီ၊ အခု ဘယ်လိုခံစားရလဲ"



ချင်ထုံလည်း သူမကိုကြည့်ကာ ပြန်ပြုံးပြပြီး သူ့ပခုံးမှ ခါးအထိကိုင်ပြလိုက်သည်။



"ကိုယ်လက်တွေတော့ အရမ်းနာပြီးညောင်းနေတယ်၊ ဒါပေမဲ့ အခုတော့ နေလို့ကောင်းသွားပါပြီ၊ အရင်ကမှောင်မည်းနေတဲ့နေရာတစ်ခုမှာ ရောက်နေပြီး တစ်ခါတလေ အေးလိုက် ပူလိုက်နဲ့ အရမ်းခံရခက်တာ"



သူ ချန်စစ်ကျယ်ကို စပ်စုသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် သစ်သားဗီဒိုဆီသို့ အပြေးသွားကာ စာအုပ်အိတ်ထဲမှ ချောကလက်နှစ်တုံးကို ထုတ်ယူလိုက်သည်။ သူ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ အလယ်သို့လျှောက်လာပြီး ချောကလက်တစ်တုံးအား ချန်စစ်ကျယ်ထံ ကမ်းပေးလိုက်သည်။



"ဦးဦး မင်္ဂလာပါ၊ ဒီနေ့ ကူညီပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဒီချောကလက် ကျောင်းမှာ အမှတ်ကောင်းလို့ ဆရာမ ဆုပေးထားတာပါ၊ ချောကလက်စားရင် အားရှိတယ်တဲ့၊ ဦးဦးတို့လည်း ပင်ပန်းနေလောက်ပြီ"



ကောင်လေး၏လက်မှာ ပိန်လှီနေသော်လည်း ချောကလက်ကမ်းပေးနေသော သူ့မျက်လုံးများမှာမူ အလွန်ခိုင်မာပြတ် သားနေပေသည်။ အခြားကလေးများကဲ့သို့ ဆုရသည်နှင့်မစားဘဲ အိတ်ထဲတွင် အမြတ်တနိုးသိမ်းဆည်းထားပုံရပေသည်။



ချန်စစ်ကျယ်မှာ အစ ငြင်းပယ်ရန်ပြင်လိုက်သော်လည်း ဝမ်သိုက်၏အချက်ပြမှုအား မြင်လိုက်ရသဖြင့် လက်ခံလိုက်သည်။



"ကျေးဇူးပါ"



သူ့လေသံမှာ အနည်းငယ်အေးစက်နေပေသည်။



ချင်ထုံ ချန်စစ်ကျယ် ချောကလက်ကိုယူလိုက်သည်ကို မြင်မှသာ စိတ်အေးသွားဟန်ရှိပြီး ကျန်သည့်ချောကလက်တစ်တုံးအား ဝမ်သိုက်လက်ထဲသို့ ထည့်ပေးလိုက်သည်။



"အစ်မဝမ်သိုက်လည်း စားပါ၊ ကျွန်တော် ဒါကို သေသေချာ ချာသိမ်းထားတာ၊ အိတ်ထဲကတောင် မထုတ်ဘူး၊ အရည်ပျော်သွားမှာစိုးလို့"



ဝမ်သိုက် လက်ထဲမှချောကလက်ကို ကိုင်ကြည့်လိုက်ရာ ကောင်လေး မည်မျှပင်သတိထား၍ သိမ်းဆည်းထားပါစေ ပျော့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမ ချောကလက်ကို သုံးပိုင်းပိုင်းလိုက်ပြီးနောက် တစ်ပိုင်းကို ပါးစပ်ထဲသို့ထည့်လိုက်လေသည်။ ကျန်သည့်နှစ်ပိုင်းကိုမူ ချင်ထုံ့အား ပြန်ပေးလိုက်ရင်းဆိုလိုက်လေသည်။



"ချင်ထုံလေး ကိုယ့်ဘာသာကြိုးစားလို့ရထားတဲ့ ချောက လက်ပဲ၊ ဘာလို့ မစားဘဲနေမှာလဲ၊ အစ်မ ဝိတ်ချနေတာမို့ မြည်းရုံပဲစားပါ့မယ်၊ ကျန်တာကိုတော့ အမေနဲ့ခွဲစားလိုက်နော်၊ အမေ ချင်ထုံလေးအတွက် အရမ်းပင်ပန်းနေတာလေ၊ ချင်ထုံလေးလည်း ပင်ပန်းခဲ့တာမို့ ကိုယ့်ကိုကိုယ် ပြန်ဆုချရမှာပေါ့"



ချင်ထုံ ဝမ်သိုက် သုံးပုံတစ်ပုံတောင်မရှိသော အပိုင်းလေးကိုသာစားပြီး ကျန်တာကို သူ့အတွက်ထားခဲ့ပေးမှန်း သိလိုက်သည်။



"ဆရာမ ကျွန်တော့်ကို ချောကလက်သုံးတုံး ပေးတာပါ၊ လွန်ခဲ့တဲ့နှစ်ရက်က အမေ့ကို တစ်တုံးကျွေးပြီးပါပြီ၊ အမေ့ကို အကုန်ကုန်အောင်စားဖို့ ကျွန်တော် သေချာကြည့်နေခဲ့တာ"



ကောင်လေးမှာ ချီးကျူးခံချင်သည့်ပုံစံဖြင့် ပြောလိုက်ရာ ဝမ်သိုက် ပြုံး၍ဆိုလိုက်သည်။



"ချင်ထုံလေး တကယ်လိမ္မာတဲ့ကောင်လေးပဲ၊ အမေ့ကို သိတတ်လိုက်တာ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမယ်နော်"



အိမ်ထဲတွင် နွေးထွေးသောအသံများဖြင့် ပြည့်နှက်နေပေသည်။ မီးဖိုပေါ်ရှိ ရေနွေးဆူသံနှင့် အမွှေးအကြိုင်နံ့များမှာ လူသားတို့၏နွေးထွေးမှုကို ဖော်ဆောင်နေပေသည်။ ချန်စစ်ကျယ် ထိုကဲ့သို့သော ခံစားချက်မျိုးအား ကြုံတွေ့ရခဲသဖြင့် အိမ်အတွင်းကို လှည့်လည်ကြည့်ရှုနေမိသည်။



ဟောင်းနွမ်းနေသော စားပွဲနှင့်ကုလားထိုင်များတွင် ဖုန်မှုန့်များ ကင်းစင်နေသကဲ့သို့ မီးဖိုချောင်တွင်လည်း အရာအား လုံး စနစ်တကျရှိနေပေသည်။



အချိန်များ ပို၍ကြာသွားလျှင် နေထွက်လာသည်နှင့် ကြုံတွေ့ရနိုင်သဖြင့် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာ ချင်ထုံတို့သားအမိကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြသည်။ မှောင်မည်းနေသော လမ်းကြားထဲ လှေကားကိုတက်နေစဉ် ဝမ်သိုက်မှာ နံရံအားမှီ၍ ဖြည်းဖြည်းချင်းလျှောက်နေပြီး ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေလေသည်။



"မင်း သူတို့နဲ့သိတာ ကြာပြီလား"



သူမနောက်မှ လိုက်လာသော ချန်စစ်ကျယ် ရုတ်တရက်မေးလိုက်သည်။



ဝမ်သိုက် လဲမကျအောင် နံရံအားအားပြုကာ ဂရုတစိုက်လျှောက်နေရင်း ကောင်းကင်ယံရှိ လမင်းကို မော့ကြည့်လိုက်ရာ လွန်ခဲ့သော နှစ်အနည်းငယ်ဆီသို့ အမှတ်ရသွားမိသည်။




"အင်း... လေးနှစ်လောက်ရှိတော့မယ်၊ ကျွန်မ ၁၇ နှစ်တုန်းက အွန်လိုင်းမှာ ဒီလိုမျိုးကိစ္စတွေ ကြည့်ပေးရင်းနဲ့ အစ်မချင်ယန် ကျွန်မဆီမှာ အကူအညီလာတောင်းတာ၊ အဲဒီတုန်းက ချင်ထုံလေးက အခန်းထဲမှာပဲပုန်းနေပြီး ကျောင်းလည်းမသွားဘူး၊ ဘယ်သူနဲ့မှလည်း စကားမပြောဘူးလေ”