🐰Chapter 186🐉[Final Chapter of story]
Extra 5 - ထိုက်တန်ပါတယ်...
ကျားဖြူကြီးက နှင်းခဲများဖြင့်ပြည့်နေသည့် လောကကြီးမှ ထွက်ခွာလာစဉ်တွင် သူ၏ဝိညာဉ်ချီဓာတ်အားလုံးက ကုန်ခမ်းသွားသည်။ ဂမ္ဘီရ အစီအရင်ပြုလုပ်ခြင်းနှင့် ပျံသန်းခြင်းတို့ကို မပြုလုပ်နိုင်တော့ပေ။ အကယ်၍ အတင်းအကြပ်တွန်းအားပေးပြီး ပျံသန်းမည်ဆိုပါကလည်း လူသားများက သူ့ကိုရှာတွေ့သွားနိုင်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားနိုင်ပေသည်။ ထို့အပြင် သူ့လူသားပုံစံကို ထိန်းထားနိုင်ရန်ပင် ဝိညာဉ်ချီဓာတ် အလုံအလောက်ကျန်ရန် ချန်ထားရသေးသည်။
ရေခဲတောင်ကြီးကို ဆယ်ရက်ကျော်ခန့် ဖြတ်သန်းပြီးသည့်နောက်တွင် တောင်တက်အသင်းတစ်ခုနှင့် ဆုံတွေ့ခဲ့သည်။ တောင်တက်အသင်းက သူ၏ ပါးလှပ်သော အဝတ်အစားများကြောင့် သေမင်းခံတွင်းဝမှ မနည်းကျော်ဖြတ်ခဲ့ရသည်ဟု ထင်လိုက်မိသည်။ သို့ဖြစ်၍ သူ့ကို အမြန်ခေါ်ထားကြပြီး အရေးပေါ် ကုသနည်းများဖြင့် ကုပေးထားကြသည်။
ကျားဖြူကြီး : ...
" အစ်ကိုကြီး အဆင်ပြေရဲ့လား..."
" အဖွဲ့က ဆရာဝန်ရေ မြန်မြန်လာကြည့်ပေးပါဦး..."
" သူ့ရဲ့ မျက်လုံးသူငယ်အိမ်တွေကတော့ ပုံမှန်အခြေအနေပဲ... နှလုံးခုန်နှုန်းကလည်း အဆင်ပြေပါတယ်... အသက်အန္တရာယ် မရှိတော့ဘူး..."
ရေအနည်းငယ်သောက်ပြီး အာဟာရရှိသော အစားအသောက်အချို့ စားပြီးသည့်အခါ ကျားဖြူကြီးက သူတို့အဖွဲ့နှင့်အတူတူလိုက်ပါခဲ့ပြီး တောင်ပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်နေသည့် လူသားနှစ်ယောက်ကို ကယ်တင်ခဲ့သည်။ ထို့နောက်တွင် လူသားများက တောင်ထိပ်တွင် အနီရောင်အလံတစ်ချောင်း ထိုးစိုက်လိုက်ပြီး အနက်ရောင်ဘူးအသေးလေးကို ထူးဆန်းသည့် အပြုအမူများလုပ်ပြကာ သူတို့အချင်းချင်းစကားပြောနေကြသည်ကို ကျားဖြူကြီး ကြည့်နေသည်။ ထိုလူသားများက အနည်းငယ်ထူးဆန်းသည်ဟု သူထင်နေမိသည်။
ဤမျှနှင့် အဆုံးမသတ်သေးပေ။ ထိုလူသားများက ထိုအနက်ရောင်ဘူးလေးရှေ့တွင်ရပ်နေရန် သူ့ကိုပါ အားပါးတရလှမ်းခေါ်ပြီး သူ့အကူအညီများအတွက် မည်မျှကျေးဇူးတင်ကြောင်း သူတို့အဖွဲ့အတွက် မည်မျှဂုဏ်တက်စေကြောင်း အစရှိသဖြင့် ပြောနေကြသည်။
တောင်လေးတစ်လုံးပေါ်တက်နိုင်တာကို အဲ့လောက်ကြီး ဂုဏ်ယူနေကြတယ်ဆိုတော့ ဒီလူသားတွေက တော်တော်ထူးဆန်းတဲ့ သတ္တဝါတွေပဲ...
တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် အေးခဲသေဆုံးနေသည့် လူသားအလောင်းအချို့ကို ကျားဖြူကြီးမြင်တွေ့လိုက်ရသည်။ တောင်ပေါ်မှ ဆင်းလာသည့်လူသားများက ထိုအလောင်းများကို ဦးညွတ်ပြီးမှ အောက်သို့ဆက်ဆင်းသွားကြသည်။
" ဒီနှစ်တွေထဲမှာ လူအများစုက ဒီတောင်ကြီးကို တက်နိုင်ဖို့ ကြိုးစားနေခဲ့ကြတာ... အဲ့အချိန်အတွင်း သေသွားခဲ့တဲ့သူတွေလည်း မနည်းဘူး... သူတို့အားလုံးက သူရဲကောင်းတွေပါပဲ..."
ခေါင်းဆောင်ဖြစ်သူက ကျားဖြူကို ပြောလိုက်သည်။
ခေါင်းဆောင်၏ တည်ကြည်လေးနက်ပြီး သူတော်စင်သဖွယ် အမူအရာကို မြင်လိုက်ရသည့်အခါ လူသားလောကတွင်နေထိုင်ရသည်မှာ ဤသို့သော အလုပ်များကို အေးအေးဆေးဆေးလုပ်နိုင်သည်အထိ ကောင်းလွန်းနေသည်ဟု ကျားဖြူကြီး တွေးလိုက်မိသည်။ ဤတောင်တက်သမားများဝတ်သော အဝတ်အစားများက ရှေးယခင်နှစ်က သူတွေ့ခဲ့ဖူများနှင့် မတူတော့ပေ။ ထိုဘူးအသေးလေးများက ဝိညာဉ်ချီဓာတ်မရှိသော်လည်း လူသားများ၏ ပုံရိပ်များကို ထိန်းသိမ်းထားနိုင်ပေသည်။
" ငါ ဒီကနေပြန်ပြီးရင် နောက်တစ်ကြိမ် တောင်မတက်ဖြစ်တော့လောက်ဘူး... မင်းနဲ့တွေ့ခဲ့ရတာ ကံကောင်းတာပဲ မဟုတ်ရင် ငါတို့တောင်ထိပ်အထိ တက်နိုင်ခဲ့မှာ မဟုတ်ဘူး..."
ခေါင်းဆောင်က စကားပြောနေလျက် လေအေးများကို မှုတ်ထုတ်လိုက်သည်။ အေးစက်မှုကြောင့် သူ့မျက်နှာက နီရဲနေသည်။
" ဒါပေမဲ့ ငါ နောင်တမရပါဘူး..."
သူ့နောက်ဘက်မှ ခမ်းနားထည်ဝါသည့် ဧရာမရေခဲတောင်ကြီးကို လှမ်းကြည့်ကာ စိတ်ကျေနပ်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
ကျားဖြူကြီးက တိတ်ဆိတ်နေခဲ့သည်။ သူတို့ တောင်ခြေနားရောက်သည့်အခါ တောက်တက်သမားများက အလွန်အမင်းပျော်ရွှင်နေကြပေသည်။ တောင်ပေါ်သို့တက်စဉ်က ခွန်အားကုန်မည်စိုး၍ နှုတ်ဆိတ်နေခဲ့ရသည်နှင့် ဆန့်ကျင်စွာ လူတိုင်းက တဖြည်းဖြည်းစကားများလာသည်။ သူတို့၏ဆွေမျိုးများ၊ ချစ်သူများ၊ အိမ်မက်များနှင့် အနာဂတ်အကြောင်းကို အကန့်အသတ်မရှိ ပြောနေကြသည်။
" လောင်ပိုင် မင်းကရော... တောင်ပေါ်ကဆင်းပြီး အိမ်ပြန်သွားရင် မင်းမိသားစုဝင်တွေက မင်း ဒီလိုအန္တရာယ်များတဲ့နေရာကိုလာလို့ အပြစ်တင်ကြမှာလား..."
ခေါင်းဆောင်က မေးလိုက်သည်။
ကျားဖြူကြီးက ကြောင်အစွာစိုက်ကြည့်နေလိုက်ပြီးနောက် တဖြည်းဖြည်းခေါင်းခါလိုက်သည်။
သူ၏ ကြောင်အမ်းအမ်းဖြစ်သွားသောအမူအရာကြောင့် ခေါင်းဆောင်ဖြစ်သူက မသင့်တော်သည့် စကားပြောလိုက်မိသည်ဟု ထင်သွားသည်။ သူ အနည်းငယ် နေရခက်သွားပြီး ထိူအကြောင်း ဆက်မမေးတော့ပေ။
သူတို့လမ်းမခွဲကြမီတွင် တောင်တက်အသင်းက ကျားဖြူကြီး သူတို့အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ငွေကြေးအချို့ ပေးအပ်ခဲ့သည်။ အကယ်၍ သူတို့ထံတွင် ငွေကြေးအနည်းငယ်သာ ပါဝင်လာခဲ့ပြီး ကျားဖြူကြီးထံတွင်လည်း ဖုန်းမရှိနေခြင်းတို့ မဖြစ်နေပါက သူတို့၏ ကျေးဇူးဆပ်သော ငွေကြေးပမာဏက အလွန်များပြားမည်ဖြစ်သည်။
ခေါင်းဆောင်က ကျားဖြူကြီးကို သူ့နာမည်ကတ်ပေးခဲ့ပြီး အနာဂတ်တွင် အခက်အခဲရှိပါက သူ့ကိုလာရှာရန် ပြောခဲ့သည်။ ထိုလူသားများနှင့် လမ်းခွဲပြီးသည့်အခါ ကျားဖြူကြီးက နာမည်ကတ်ကို အင်္ကျီအိတ်ထဲ ထည့်ထားလိုက်သည်။
သူ အစာမစား ရေမသောက်ဘဲ အချိန်အတန်ကြာသည်အထိ လမ်းလျှောက်နေခဲ့သည်။ မြို့တော်သို့ရောက်ခါနီးတွင် မှတ်ပုံတင်မရှိသည့်သူ့ကို မိစ္ဆာတစ်ကောင်က တိုင်ကြားခဲ့သောကြောင့် ထိုနေရာတစ်ဝိုက်ကို စောင့်ရှောက်သော ကျင့်ကြံသူများက စုံစမ်းစစ်ဆေးရန်အတွက် သူတို့ရုံးကို ခေါ်သွားရသည်။
" ကျင့်ကြံသူက လူသားလောကမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ မသိဘူး..."
ထိုလူသားကျင့်ကြံသူများက သူနှင့် ပွဲကြီးပွဲကောင်းလာနွှဲသည်ဟု ကျားဖြူကြီးက ယူဆလိုက်မိသည်။ သို့ရာတွင် သူ မှန်းဆထားသည်နှင့် ဆန့်ကျင်စွာဖြင့် သူတို့က လက်နက်များ ထုတ်မလာဘဲ လက်ဖက်ရည်ကြမ်းတစ်ခွက် ပြင်ပေးပြီး စားစရာမုန့်များ ထုတ်လာသည်။
" နှစ် ၂၀၀၀ပါ..."
မှတ်ပုံတင်အချက်အလက်များအကြောင်း မေးမြန်းရန် တာဝန်ကျသည့် လူသားကျင့်ကြံသူများက ထိုစကားကိုကြားသည့်အခါ အလွန်အမင်း အံ့အားသင့်သွားကြသည်။ အံဆွဲထဲမှ အထူးယောင်ကျင့်ကြံသူများအတွက် မှတ်ပုံတင်formကိုထုတ်လိုက်သည်။
" လူကြီးမင်းပိုင်... လက်ရှိ လူသားလောကမှာ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျင့်ကြံရေးလောက စီမံခန့်ခွဲရေးစနစ် ရှိပါတယ်... လူသားလောကမှာနေချင်တဲ့ ဘယ် ယောင်ကျင့်ကြံသူမဆို ယောင်အစည်းအရုံးမှာ မှတ်ပုံတင်ရပြီး မှတ်ပုံတင်ကတ် ရှိရပါတယ်... အဲဒီမှတ်ပုံတင်ကတ်ရှိမှ လူသားလောကမှာ ခရီးသွားလာနိုင်ပါတယ်... မဟုတ်ရင် အချိန်တန်လို့ တစ်ခုခုဖြစ်ပြီး ဖမ်းဆီးခံရရင် လူကြီးမင်းလည်း အဆင်မပြေဘူး... စီမံခန့်ခွဲရေးဗျူရိုကလည်း လုပ်ရကိုင်ရ ခက်ခဲကုန်ပါလိမ့်မယ်..."
ထို လူသားကျင့်ကြံသူနှစ်ယောက်၏ စကားလုံးများကို ကျားဖြူကြီးက အနည်းငယ် သံသယဝင်သွားမိသည်။
ယောင်ကျင့်ကြံသူတွေက လူသားလောကမှာ သူတို့စိတ်ကြိုက်သွားလို့ မရဘူးလား...
" လူကြီးမင်းပိုင် အခု ဘယ်များသွားမလို့လဲ... ကျွန်တော်တို့ လူကြီးမင်းကို ယာယီမှတ်ပုံတင်ကတ် ခဏပေးထားပြီး အလုပ်တစ်ခုခုလုပ်ဖို အကြံပြုချင်ပါတယ်... ပြီးရင် မြို့တော်က ယောင်အစည်းအရုံးမှာ မှတ်ပုံတင်ပြီးတာနဲ့ တရားဝင် အလုပ်လုပ်လို့ ရပါပြီ..."
ကျားဖြူကြီး : ...
သူက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နတ်ဘုရားသားရဲလေ အလုပ်လုပ်ဖို့ လိုသေးတာလား...
" တကယ်လို့ ရွှေ၊ ငွေ၊ ကျောက်စိမ်း ဒါမှမဟုတ် တခြားအဖိုးတန်ပစ္စည်းတွေ ပိုင်တယ်ဆိုရင်လည်း သတိလက်လွတ်နဲ့ ထုတ်မသုံးမိပါစေနဲ့... အခုလက်ရှိ လူသားလောကမှာ အဲ့ပစ္စည်းတွေနဲ့ ပုံမှန်လည်ပတ်နေတာ မဟုတ်တော့ပါဘူး..."
" ငါက နည်းနည်းခွန်အားကြီးတဲ့ဘက်မှာရှိတယ်... သန့်စင်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ ကျွမ်းပါတယ်... ပြီးတော့ ဆေးလုံးဖော်တာနဲ့ အဆောင်အင်းကွက်တွေလည်း ဆွဲတတ်တယ်..."
သူက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ကာကွယ်ရာတွင် အတော်ဆုံးဟု ကျားဖြူကြီးက ပြောလိုသော်လည်း လက်ရှိအချိန်တွင် လူသားလောကမှ အကြောင်းများကို သူ မသိသည့်အပြင် သူ၏ဝိညာဉ်ချီဓာတ်ကလည်း လွင့်ပြယ်ကုန်၍ သူ မည်သူမည်ဝါဖြစ်ကြောင်းကို အလွယ်တကူ မထုတ်ဖော်ရဲပေ။
" အားရှိပြီး လူသားသွင်ပြင်ကလည်း ကြည့်ကောင်းတယ် - အခုတလော လစန္ဒာပေါင်းကူးဟိုတယ်က ကျင့်ကြံသူ လုံခြုံရေးအစောင့်နှစ်ယောက်လောက် ခန့်ချင်နေတာ... လွင်ပြင်ဂိုဏ်းရဲ့ ကုမ္ပဏီတစ်ခုကလည်း ကျင့်ကြံရေးလောကထဲက လူတစ်ယောက်ကို လိုချင်နေတာ... သူတို့ကို သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပို့ပေးလိုက်ပါ..."
လက်ထောက်က သူတို့၏ဆွေးနွေးမှုကို အမြန်အဆုံးသတ်ပေးပြီး ယာယီမှတ်ပုံတင်တစ်ကတ် ထုတ်ပေးလိုက်သည်။ ထို့နောက် ထောက်ခံစာတစမစောင်နှင့် မြို့တော်မှ ယောင်အစည်းအရုံး၏လိပ်စာ မြေပုံကို ကျားဖြူကြီးလက်ထဲ ထိုးထည့်ပေးလိုက်သည်။ တံဆိပ်တုံးရိုက်ပြီးသည်နှင့် သူတို့ပြောလိုက်သည်။
" လူကြီးမင်းပိုင်ရဲ့ စာရွက်စာတမ်းတွေရပါပြီ... ကဲ နောက်တစ်ယောက်..."
ကျားဖြူကြီးက စာရွက်အပိုင်းအစလေးများကို မြဲမြံစွာကိုင်ထားလျက် ကောင်းကင်နှင့် ကမ္ဘာမြေ၏ နတ်ဘုရားလေးပါးထဲ အပါအဝင်ဖြစ်သည့်သူက ဤအခြေအနေသို့ ရောက်သွားရသည့်အကြောင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ယခုလက်ရှိ လူသားလောကတွင်မူ အခြားရွေးချယ်စရာမရှိဘဲ အလုပ်လုပ်ပြီး ငွေရှာရတော့မည့်ပုံပေါ်သည်။ မြေပုံကိုကိုင်လျက် နေရာဒေသမျိုးစုံကို ကျော်ဖြတ်ကာ မြို့တော်သို့ သွားနေစဉ်တွင် လူသားလောကမှ ယာဉ်တစ်စီးနှင့် တိုက်မိလုနီးပါး ဖြစ်သွားရသည်။ သူ ဘာမှမပြောသော်လည်း ယာဉ်မောင်းက အလွန်ကြောက်လန့်သွားသည်။ သူ့ကို ဆေးရုံလိုက်ပို့ပေးမည်ကို အသည်းအသန်ပြောနေသည့်ယာဉ်မောင်းထံမှ ခက်ခက်ခဲခဲဖြင့် ထွက်လာပြီးသည့်နောက်တွင် ယောင်အစည်းအရုံးကို နာရီပေါင်းများစွာရှာဖွေပြီးနောက် မတူညီသည့်နာမည်တစ်ခုဖြင့် တည်ရှိနေသည်ကို တွေ့သွားသည်။
သူ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ နေရာက တိတ်ဆိတ်နေပြီး လူတစ်ယောက်ကိုမှ မတွေ့ရပေ။ ဂျင်ကိုရွက်ထူထူများက မြေပြင်တွင်ပြန့်ကျဲနေ၍ ရွှေကြမ်းခင်းကြီးတစ်ခု ခင်းထားသည်ဟုပင် ထင်ရသည်။
" တစ်ယောက်ယောက်ရှိလား..."
ကျားဖြူကြီးက အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။
" နယ်စပ်မြို့တစ်မြို့က ကျင့်ကြံရေးလောကရုံးတစ်ရုံးက ငါ့ကိုလွှတ်လိုက်တာပါ..."
ယခုချိန်တွင် ယောင်ကျင့်ကြံသူများက အလွန်ကောင်းမွန်သည့်ဘဝဖြင့် နေထိုင်နေရပြီဖြစ်ကြောင်း ထိုလူသားကျင့်ကြံသူက သူ့ကိုလိမ်ညာလိုက်ပေသည်။ အဆောက်အဦးထဲရှိ သနားစရာကောင်းသည့် အနေအထားကိုကြည့်ရုံဖြင့် သူတို့ကောင်းကောင်းမနေရကြောင်း သိနိုင်ပေသည်။
" မင်္ဂလာပါ... တောင်းပန်ပါတယ်..."
ဆံပင်တိုနှင့် ဆိတ်မိစ္ဆာတစ်ကောင်ထွက်လာပြီး ကျားဖြူကြီးကို အထပ်ထပ်အခါခါ တောင်းပန်နေသည်။
" ဒီနေ့ ယောင်အစည်းအရုံးရဲ့ အားလပ်ရက်မို့ မှတ်ပုံတင်ကိစ္စလးလေးတွေ မလုပ်ပေးဖြစ်သေးပါဘူး... လူကြီးမင်း ကျွန်တော်တို့ရဲ့ ဧည့်ဆောင်မှာ ဒီညနားလို့ ရပါတယ်..."
" အားလပ်ရက်လား..."
ကျားဖြူကြီးက ခြံဝင်းထဲချထားသည့် စားပွဲခုံများကို ကြည့်လိုက်သည်။ သူတို့ကို မကြာခဏ အသုံးပြုပုံ ရပေသည်။
" ဟုတ်ပါတယ်..."
ဆိတ်မိစ္ဆာက တံခါးနောက်မှ အသိပေးစာရွက်ကို လက်ညှိုးထိုးပြလိုက်သည်။
" ရေနေသတ္တဝါမျိုးနွယ်စုရဲ့ နဂါးဧကရာဇ်က ဒီနေ့ဧည့်သည်တွေဖိတ်ခေါ်ပြီး စားပွဲသောက်ပွဲကြီး ကျင်းပနေလို့ပါ... ကျင့်ကြံရေးလောကမှာ ရာထူးကြီးသူတချို့လည်း အဲ့ပွဲကို သွားကြပါတယ်... ကျွန်တော်က အခုမှ အလုပ်စလုပ်တဲ့ အလုပ်သင်မို့ အမှတ်ရအောင် ကျန်နေခဲ့တာပါ..."
" နဂါးဧကရာဇ်တဲ့လား..."
ကျားဖြူကြီးက သတိလက်လွတ်ဖြစ်သွားမိသည်။ ဆုတ်ယုတ်နေသည့် နဂါးမျိုးနွယ်က နဂါးဧကရာဇ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ကျင့်ကြံရေးလောကမှ လူများစွာ၏ အလေးစားခံရသူမှာ နဂါးမျိုးနွယ်ဝင်များထဲတွင် ထူးချွန်ပြောင်မြောက်သူတစ်ယောက်ဖြစ်သည့် ကျင့်ကြံသူဟု သတ်မှတ်ရပေမည်။
ဒါပေမဲ့ အဲ့နှစ်တွေက ကျင့်ကြံရေးလောကရဲ့ ကံတရားအတိုင်းဆိုရင် နဂါးမျိုးနွယ်စုက ပျောက်ကွယ်ပြီး မျိုးသုဉ်းသွားသင့်ပြီမလား...
သူတို့တွေ ဂမ္ဘီရစွမ်းအင်သုံးတဲ့အချိန်တုန်းက ပိုင်ဇယ်လည်း ရှိနေခဲ့တာပဲ သူတစ်ခုခုမှားသွားတာများလား...
" အရမ်းစည်ကားနေတာဆိုတော့ နဂါးဧကရာဇ်ရဲ့ မင်္ဂလာပွဲများလား..."
" မင်္ဂလာပွဲတော့ မဟုတ်ဘူး... နဂါးဧကရာဇ်နဲ့ သူ့ရဲ့လက်တွဲဖော်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြလို့ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကပဲ တာအိုပေါင်းစည်းအခမ်းအနား လုပ်ပြီးပြီ... အဲ့နေ့ကဆို ကောင်းကင်မှာ ခုနစ်ရောင်ခြယ် အလင်းတန်းတွေနဲ့ပြည့်ပြီး အဆုံးမဲ့ မင်္ဂလာချီဓာတ်တွေနဲ့ ပြည့်နေခဲ့တာ... ကောင်းကင်ဘုံစည်းမျဉ်းကတောင် သူတို့ကို ဂုဏ်ပြုပေးခဲ့တယ်..."
နဂါးဧကရာဇ်နှင့် သူ၏လက်တွဲဖော်အကြောင်း ပြောပြချိန်တွင် ဆိတ်မိစ္ဆာ၏ မျက်လုံးများက အရောင်တလက်လက်တောက်နေသည်။
" နဂါးဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်ကလည်း မိစ္ဆာကောင်းတစ်ယောက်ပဲ... လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ မကောင်းဆိုးဝါးမိစ္ဆာတွေက ခဏခဏလာဒုက္ခပေးကြတယ် သူတို့ကို နဂါးဧကရာဇ်နဲ့ သူ့ရဲ့တာအိုလက်တွဲဖော် မဟာမိစ္ဆာက နှိမ်နင်းပစ်လိုက်တာပဲ..."
မဟာမိစ္ဆာဖြစ်သော ကျားဖြူကြီး : ...
" ဒါပေမဲ့ ကျွန်တော်တို့တွေက လူ့အဖွဲ့အစည်းကို ဒုက္ခပေးတဲ့ ယောင်ကျင့်ကြံသူတွေကိုပဲ ပစ်မှတ်ထားကြတာပါ... ကျွန်တော်တို့နဲ့ သဟဇာတဖြစ်အောင်နေပြီး အေးအေးဆေးဆေးနဲ့ ပူးပေါင်းပေးတဲ့ လူကြီးမင်းတို့ကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်..."
ကျားဖြူကြီး၏ပုံစံက မူမမှန်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ဆိတ်မိစ္ဆာက ကျင့်ကြံရေးလောက၏ အခြေခံစည်းမျဉ်းများကို တိုက်ကရိုက်ရှင်းပြလိုက်သည်။ သူတို့က မဟာမိစ္ဆာများကိုမြင်သည်နှင့် တိုက်ခိုက်တတ်သော ကြမ်းတမ်းသူများ မဟုတ်ကြောင်းကိုပါ ရှင်းပြရသေးသည်။
" ရှေးဟောင်းမဟာမိစ္ဆာစွမ့်ယွီက စီမံခန့်ခွဲရေးဗျူရိုမှာ ရာထူးကြီးဝန်ထမ်းတစ်ယောက်ပဲပါ... လူကြီးမင်းကုန်းဖုနှင့် ခွန်းဖမ်တို့ကလည်း စီမံခန့်ခွဲရေးဗျူရိုရဲ့ တရားမဝင် ဝန်ထမ်းတွေပါပဲ..."
ဆိတ်မိစ္ဆာက တရစပ် ပြောနေသည်။ သူ ဆက်ပြောချင်နေသေးသည်ကို မြင်သောအခါ ကျားဖြူကြီးက နေရခက်စွာဖြင့် ရယ်လိုက်သည်။
" နဂါးဧကရာဇ်က ကျင့်ကြံရေးလောကမှာ တော်တော်နာမည်ကြီးတဲ့ပုံပဲ... အဲဒါကြောင့်မို့ အားလုံးက သူစီစဉ်တဲ့ပွဲကို သွားတက်ကြတာလား..."
" အိုင်းယား..."
ကျားဖြူကြီး၏စကားကြောင့်ဤကိစ္စကို အလွန်အမင်းပြောချင်နေသည့် ဆိတ်မိစ္ဆာက မီးစာကို ဆီလောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ အခန်းထဲမှ ခုံပုနှစ်လုံးယူလာပြီး ကျားဖြူကြီးကိုထိုင်ခိုင်းကာ သူပြောသည်များကို နားထောင်ခိုင်းတော့သည်။
" လက်ရှိကျင့်ကြံရေးလောကမှာ အရမ်းဆိုးတဲ့ကိစ္စမျိုး မရှိပါဘူး... ကျွန်တော်တို့က လူသားတွေရဲ့ စာကောင်းကောင်း မသင်နိုင်ကြတာက လွဲလို့ပေါ့လေ... နဂါးဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်က နှစ်ပေါင်းများစွာ စာလေ့လာနေပေမယ့် သူ စာမေးပွဲမအောင်ခဲ့ဘူးလေ ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး... ကျင့်ကြံရေးလောကတစ်ခုလုံး ဒီအကြောင်း သိကြတယ်..."
ဤလောက က ကိုးရို့ကားယားနိုင်မှုများဖြင့် ပြည့်နေသည်ဟု ကျားဖြူကြီးထင်လိုက်သည်။
မိစ္ဆာတစ်ကောင်က စာမေးပွဲဖြေရတာကို သဘောကျတဲ့အပြင် အကြိမ်ပေါင်းများစွာဖြေနေတာတောင်မှ ကျနေသေးတယ်တဲ့... သူက ဘယ်လိုမိစ္ဆာလဲ...
" ဒါပေမဲ့ နဂါးဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်က ဒီနှစ်မှာ အထူးတလည်ကြိုးစားခဲ့လို့ နောက်ဆုံးတော့ စာမေးပွဲအောင်သွားလေရဲ့... သူ တက္ကသိုလ်တက်ဖို့အတွက် ဝင်ခွင့်ထောက်ခံစာတောင် ရလာပြီ..."
ဆိတ်မိစ္ဆာက ခေါင်းခါလိုက်သည်။
" ကျင့်ကြံသူဖူလီက အရမ်းဝမ်းသာသွားတာ... ကျင့်ကြံသူဖူလီပျော်တော့ နဂါးဧကရာဇ်လည်း ပျော်တာပေါ့လေ... အဲဒါကြောင့်မို့ ရွှေနဂါးနန်းတော်မှာ စားပွဲသောက်ပွဲကြီး ကျင်းပပေးတာ... သူတို့နဲ့ ခင်မင်သိကျွမ်းသမျှလူတွေအားလုံး အဲ့ပွဲကိုတက်ပြီး ဂုဏ်ပြုပေးကြတယ်..."
" မင်းပြောလိုက်တာ ကျင့်ကြံသူ ဘယ်သူ..."
ကျင့်ကြံသူတစ်ယောက်က ဆယ်နှစ်နီးပါးကြိုးစားပြီးသည့်နောက် စာမေးပွဲအောင်သွားသည်ကို လူသားနှင့် ယောင်ကျင့်ကြံသူများက ဂုဏ်ပြုပေးကြသည်ဟူသော ရယ်စရာအချက်ကို ကျားဖြူကြီးက သတိမပြုနိုင်တော့ပေ။ "ဖူလီ" ဟူသော နာမည်တစ်ခုတည်းကြောင့် သူ၏ မှတ်ချက်ပြုမှုများ ရပ်တန့်သွားသည်။
" ကျင့် ကျင့်ကြံသူဖူလီပါ..."
ဆိတ်မိစ္ဆာက ကျားဖြူကြီး၏ ပျော်ရွှင်သော်လည်း သင်္ကာမကင်းဖြစ်နေဟန်ရသည့် အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုရောက်လာသည်။
ဒီ ဒီမိစ္ဆာက ကျင့်ကြံသူဖူလီရဲ့ အကြီးအကဲများလား...
ကျင့်ကြံသူဖူလီရဲ့ မိသားစုဝင်ထဲက အကြီးအကဲတွေ...
ဆိတ်မိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ သူတို့အားလုံးက ရှေးယခင်အချိန်က နာမည်ကြီးခဲ့သော မင်္ဂလာသားရဲများဖြစ်ကာ ကျင့်ကြံသူဖူလီကိုယ်တိုင်ကလည်း မင်္ဂလာသားရဲ ဟို့ ဖြစ်သည်။ ကျားဖြူကြီးကို နောက်တစ်ကြိမ်ကြည့်လိုက်ချိန်တွင် သူ့မျက်ဝန်းထဲ၌ ရိုသေလေးစားမှုများဖြင့် ပြည့်လာစည်။
သို့ရာတွင် ကျားဖြူကြီးက သူ့ကို အာရုံမစိုက်နိုင်တော့ပေ။ သူ ကောင်းကင်ပေါ်ကိုတက်၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ကျားဖြူအသွင်ပြောင်းကာ တိမ်လွှာများထဲ ဝင်ရောက်သွားသည်။
" စီနီယာ ခဏလေးနေပါဦး... လူသားလောကမှာ ဒီလိုမျိုး ပျံတာကို ခွင့်မပြုထားဘူး အနည်းဆုံး အမြင်ဖုံးလွှမ်းတဲ့ အရံအတားလေးတော့ ချလိုက်ပါဦး..."
ကျားဖြူကြီး ကတိုက်ကရိုက်ထွက်သွားသည်ကို မြင်သည့်အခါ ဆိတ်မိစ္ဆာက သူ၏ မှော်လက်နက်ကိုထုတ်ကာ ကျားဖြူကြီးနောက် လိုက်တော့သည်။
.....
အရှေ့ပင်လယ်ထက်မှ လွင့်မျောနန်းတော်တွင် ဧည့်သည်များစွာ ရောက်ရှိနေသည်။ ခမ်းနားလှသည့် နန်းတော်တံခါးထက်တွင် အလွန်သိသာထင်ရှားသည့် စာတမ်းကြီးကို ချိတ်ဆွဲထားသည်။ အနီရောင် အောက်ခံထက်တွင် ' ပြည်တွင်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သွားတဲ့ ကျင့်ကြံသူဖူလီကို ဂုဏ်ပြုပါတယ်' ဟူသည့် စာလုံးကို ရွှေရောင်ဖောင်းကြွစာလုံးများဖြင့် ရေးထားပေသည်။ စာတမ်းကြီးက ရွှေရောင်နန်းတော်ထက်တွင် လေနှင့်အတူ လွင့်နေသည်။
" ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်... ကျွန်တော်တို့ရဲ့ ကျင့်ကြံရေးလောကမှာ နောက်ဆုံးတော့ အရည်အချင်းရှိတဲ့သူတစ်ယောက် ထပ်တိုးလာခဲ့ပြီ..."
" ကျင့်ကြံသူဖူလီ ပီသပါပေတယ်... လူသားလောကကိုရောက်လာပြီး ဆယ်နှစ်အတွင်းမှာပဲ တက္ကသိုလ်တက်နိုင်သွားတယ်..."
လူသားလောကတွင် နှစ်တစ်ရာနီးပါး နေခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို နှစ် ၂၀ဆက်တိုက်ဖြေသော်လည်း မအောင်မြင်ခဲ့သည့် ယောင်ကျင့်ကြံသူတစ်ယောက်က ပြောလာသည်။
ဖူလီ၏ တက္ကသိုလ်ဝင်ခွင့်ထောက်ခံစာကို ပင်မခန်းအဆောင်ထဲတွင် ဖန်ပုလင်းတစ်လုံးဖြင့် ထည့်ထားသည်။ ထိုစာရွက်ကို သူခိုးများ မခိုးသွားစေရန် အကြီးအကဲများက စာရွက်ပတ်ပတ်လည်တွင် အရံအတားများစွာ ချထားသည်။ ကောင်းကင်ဘုံမိုးကြိုး လာရောက်ရိုက်ခတ်လျှင်ပင် ထိုစာရွက်က အပိုင်းပိုင်းအစစ ဖြစ်နိုင်မည် မဟုတ်ပေ။
ယောင်ကျင့်ကြံသူများစွာက တက္ကသိုလ်ဝင်ခွင့်ထောက်ခံစာကို ဝိုင်းပတ်ပြီးကြည့်ရှု့နေကြသည်။ သူတို့၏ မနာလိုမှုများကို မြင်ရသည့်အခါ ကျွမ်းချင် အလွန်ကျေနပ်အားရသွားမိသည်။ လက်တစ်ချက်ယမ်းလိုက်သည့်အခါ နန်းတော်အပြင်ဘက်တွင် ဗြောက်အိုးသံများ ပေါ်ထွက်လာပေသည်။ ကြောက်လန့်သွားသော ယောင်ကျင့်ကြံသူများက သူတို့နားရွက်များကိုအုပ်ထားပြီး အပြင်ကို ချောင်းကြည့်လိုက်ကြသည်။ ဆူညံသံများစွာနှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုနေသံများကြောင့် နှစ်သစ်ကူးဟုပင် ထင်ရပေသည်။
ကျွမ်းချင်က လာရောက်ဂုဏ်ပြုကြသည့် ယောင်ကျင့်ကြံသူများကို ဧည့်ခံပြီးနောက် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် သူ့ကျောပေါ်၌ လေးလံသည့်အရာကို ခံစားလိုက်ရသည်။ သူ့ ပခုံးပေါ်သို့ တစ်စုံတစ်ရာက တက်လာပေသည်။
ထိုမြင်ကွင်းကြောင့် အခြားယောင်ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျင့်ကြံသူဖူလီကတော့ နဂါးဧကရာဇ်ကို အနိုင်ကျင့်နေပြန်ပြီ...
ကျွမ်းလျင်က ဖူလီ့မူရင်းပုံစံလေးကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
" မင်း အပျင်းထူပြန်ပြီလား..."
ဖူလီက သူ့ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
" ဧည့်သည်တွေ အများကြီးပဲလာတာ... အကုန်လိုက်နှုတ်ဆက်ရမှာ ပျင်းစရာကြီး..."
ကျွမ်းချင် ခပ်တိုးတိုးရယ်လိုက်ပြီး သူ့အမွေးလေးများကို ပွတ်သပ်ပေးနေကာ ဧည့်သည်များကို နှုတ်ဆက်နေလိုက်သည်။
ဤတစ်နေ့လယ်ခင်းလုံး နဂါးဧကရာဇ်ကျွမ်းချင်က ဖူလီ၏ မူရင်းအသွင်ကို ချီထားသည်ကို ယောင်ကျင့်ကြံသူတို့ တွေ့လိုက်ရပြီး တစ်ခါတစ်ရံတွင် အစာကျွေးခြင်း ရေတိုက်ခြင်းတို့ ပြုလုပ်နေသည်မှာ သားတစ်ယောက်ကို ပြုစုပျိုးထောင်နေသည့်သဖွယ် ထင်ရပေသည်။
ယခင်က တသီးတခြားတည်းသာ နေတတ်သော အရှင်ကျွမ်းချင်၏ မျက်နှာထက်တွင် အေးစက်မှုတို့ကင်းမဲ့ပြီး ချစ်မေတ္တာများဖြင့် ပြည့်လျှံနေပေသည်။
သို့ရာတွင် ၎င်းက ကောင်းမွန်သည့် ခမ်းနားမှုကင်းမဲ့ခြင်းမျိုးဖြစ်သည်။ လူသားဖြစ်စေ မိစ္ဆာဖြစ်စေ အနည်းငယ် ခမ်းနားမှုကင်းမဲ့စွာနေထိုင်ပြီး သာမန်လူများဖြင့် အရောတဝင်နေထိုင်ခြင်းက သူတို့ဘဝကို အရောင်ခြယ်မှုန်းပေးသကဲ့သို့ ဖြစ်ပေသည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကသာ ဆိုရင်တော့... နန်းတွင်းစာမေးပွဲမှာ ထိပ်ဆုံးဖြစ်ခဲ့ပြီး ဘုရင့်ရုံးတော်မှာ မှူးမတ်ကြီးဖြစ်ခဲ့တဲ့ ကျွမ်းချင်က သူ့ရဲ့ တာအိုလက်တွဲဖော်လေး တက္ကသိုလ်ဝင်ခွင့်ရတာကို ဗုံတွေတီး ဗြောက်အိုးတွေဖောက် စားပွဲသောက်ပွဲကြီး ကျင်းပပေးနေမယ်ဆိုတာ ဘယ်သူမှ ယုံနိုင်မှာမဟုတ်ဘူး...
" ဒါက အရမ်းကြီး အလွန်အကြူးဖြစ်လွန်းမနေဘူးလား..."
ဖူလီက ဝင်ထွက်သွားလာနေသည့် ဧည့်သည်များကိုကြည့်ကာ ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း အနည်းငယ် ရှက်နေမိသည်။
" မဖြစ်ပါဘူး..."
ကျွမ်းချင်၏ ဖူလီ့မေးစေ့နားမှ အမွေးနုနုလေးများကို ပွတ်လိုက်သည်။
" မင်း ဘွဲ့ရသွားပြီဆိုရင် ကိုယ်တို့ကျင့်ကြံရေးလောကရဲ့ ထူးချွန်ကျောင်းသား အနည်းစုထဲ ပါသွားမှာ... ပြီးတော့ မင်းက လူသားလောကထဲမှာလည်း ဝင်ဆံ့နေပြီဆိုတော့ ဘွဲ့ရပြီးရင် အစိုးရဝန်ထမ်းစာမေးပွဲအောင်ဖို့က အနှေးနဲ့အမြန်ပဲ..."
ဖူလီက လူသားအသွင် ပြန်ပြောင်းလိုက်ပြီး သူ အစိုးရဝန်ထမ်းစာမေးပွဲအောင်မြင်သွားမည့် နေ့ရက်များကို စိတ်ကူးယဉ်မိသောအခါ ဖူလီက မျက်ဝန်းများ လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်သည်အထိ ပြုံးလိုက်မိသည်။
" မင်း အစိုးရဝန်ထမ်းဖြစ်လာပြီဆိုရင် နောက်ထပ် ပွဲတစ်ပွဲ ထပ်လုပ်ကြမယ်လေ..."
ကျွမ်းချင်က ဧည့်သည်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။
" ရေစီးဆင်းပွဲတော်ကို သုံးရက်တိတိလုပ်ကြတာပေါ့..."
အချို့လူများက သူတို့၏ ချမ်းသာကြွယ်ဝမှု၊ သူတို့ကလေးများနှင့် သူတို့၏အိမ်ထောင်ဖက်များကို ကြွားလုံးထုတ်ရသည်အား အဘယ့်ကြောင့်နှစ်သက်ကြသည်ကို သူ နားမလည်ခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့ကိစ္စမျိုးများအပေါ် နားလည်စပြုလာခဲ့သည်။
လောကကြီးထဲမှာ ဒီအရာတွေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အရာ ရှိဦးမှာတဲ့လား...
" အင်း ဟုတ်ပြီလေ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ကျွမ်းချင်၏မျက်နှာကို နမ်းလိုက်လေသည်။ ကျွမ်းချင်က ခေါင်းငုံ့လိုက်ပြီး ဖူလီ၏အပြုံးလေးကို ကြည့်လိုက်သည်။ သူတို့ဘေးနားတွင် ဗြောက်အိုးဖောက်သံများ မြည်ဟည်းနေပြီး ဧည့်သည်များကလည်း ဝမ်းသာအားရာရယ်မောနေကြသည်။ သူတို့စိတ်ထဲတွင် မည်သည့်စိုးရိမ်ပူပန်မှုမှ မရှိဘဲ ပျော်ရွှင်မှုတစ်မျိုးတည်းသာ ရှိပေသည်။
ရွှေနဂါးနန်းတော်၏ အပြင်ဘက်တွင် ကျားဖြူကြီးနှင့် မြွေနှင့်တူသော လိပ်တစ်ကောင်က ခေါင်းချင်းတိုက်မိကြသည်။
" မင်းကိုးးး..."
သူတို့ တစ်ယောက်နှင့်တစ်ယောက် ကြောင်အစွာကြည့်နေလိုက်သည်။ ထို့နောက်တွင် အရံအတားထဲ အတူတူခြေချလိုက်ကြသည့်အခါ အတွင်းတွင် လှပပြီး စည်ကားသိုက်မြိုက်နေသည့် မြင်ကွင်းကို တွေ့လိုက်ရပေသည်။
များပြားလှသော လူသားနှင့် ယောင်ကျင့်ကြံသူတို့၏ မျက်နှာထက်တွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နေကာ သူတို့အကြားမှ လူငယ်လေးနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်မေတ္တာများဝေနေသည့် မျက်ဝန်းများဖြင့် ချစ်ခင်မြတ်နိုးစွာ ကြည့်နေကြသည်။
နှစ် ၂၀၀၀ အထိ ကြာခဲ့တဲ့ အလှည့်အပြောင်းအားလုံး ပြီးဆုံးသွားတဲ့နောက် ရင်သပ်ရှု့မောစရာကောင်းတဲ့ ခေတ်တစ်ခေတ်ကို ရောက်လာခဲ့တာပဲ...
အတက်အကျတွေများခဲ့ပေမယ့်လည်း နောက်ဆုံးမှာ သူတို့နှစ်ယောက် ပြန်လည်ဆုံဆည်းခဲ့တာဖြစ်လို့ အရာရာဟာ ထိုက်တန်ပါတယ်...
.......
🐰🐉❤️🐰🐉❤️ပြီးပါပြီ❤️🐰🐉❤️🐰🐉
💙နဂါးလေးနဲ့ ယုန်လေးတို့ရဲ့ဇာတ်လမ်းက ခုမှ တကယ်ပြီးသွားတာပါ စာဖတ်သူလေးတို့ရေ... အရှေ့မှာ ဘယ်လိုတွေပဲ ငိုခဲ့ရ ငိုခဲ့ရ နောက်ဆုံး သူတို့တွေ ထာဝရ အတူရှိသွားခဲ့တာတော့ တကယ်ဝမ်းသာစရာကြီးပါ အပိုင်းရေတွေအများကြီးကို မပျင်းမရိဘဲ အဆုံးထိ လိုက်ဖတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် 🐉🐰