အပိုင်း ၁၈၅ (Extra -4)
Viewers 38k

Chapter 185
Extra 4 - တာအိုပေါင်းစည်းအခမ်းအနား ( ၂ )


" မင်္ဂလာအချိန် ကျရောက်လာပါပြီ..."

ထို‌အသိပေးသံက တိမ်တိုက်များအကြားမှ ထွက်ပေါ်လာပုံပေါ်သည်။ ပြောင်မြောင်လှသည့် တေးသွားများကိုလည်း ပြတင်းပေါက်အပြင်ဘက်တွင် တီးခတ်နေသည်။ အနီရောင်ကော်ဇောတစ်ခုကို လွင့်မျောနန်းတော်၏ဂိတ်ဝမှ အတွင်းဆောင်အထိ ခင်းလိုက်သည်။ နန်းတော်အပြင်ဘက်တွင် အရောင်ကွဲပြားကြသည့် နဂါးမျိုးနွယ်ခြောက်ခုက မင်္ဂလာတိမ်တိုက်များကို ဖြတ်သန်း၍ ကောင်းကင်ပေါ် တက်သွားကြသည်။ 

ဖုန်းဟွမ်ငှက်၏ တွန်ကျူးသံက ကောင်းကင်ယံထက်တွင် စူးရှစွာ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် ငှက်များစွာက အရပ်မျက်နှာအနှံ့မှ ပျံသန်းလာပြီး တေးသံသာများဖြင့် လေထဲတွင် ကခုန်နေကြသည်။ ထိုမြင်ကွင်းက အလွန်လှပသောကြောင့် သုခဘုံတစ်ခုသို့ ရောက်နေသည်နှင့်ပင် တူပေသည်။

" ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကိုရှိခိုးခြင်းအက  ပါလား..."

ရောင်စုံငှက်ဖုန်းဟွမ်က လေထဲတွင် ပျံသန်းနေသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေပေသည်။ ဧည့်သည်အားလုံးက သူတို့မည်သူဖြစ်ကြောင်း‌ကိုပင် မေ့လျော့သွားကြသည်။ သူတို့လုပ်နိုင်သည်မှာ ကောင်းကင်ယံကို ‌မှင်သက်ငေးငိုင်စွာကြည့်နေပြီး ငှက်မျိုးပေါင်းများစွာ ဝန်းရံနေသည့် ဖုန်းဟွမ်ကို ရှု့စားနေခြင်းပင်။ 

ကျွမ်းချင် ကော်ဇောနီထက်မှ လျှောက်လာစဉ်တွင် ကောင်းကင်ယံမှ ခမ်းနားထည်ဝါသည့်မြင်ကွင်းကိုကြည့်ပြီး ဖူလီ့လက်ကိုကိုင်ထားလိုက်သည်။ 
" ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကိုရှိခိုးခြင်း အကအစစ်က တော်တော်လှတာပဲ..."

ချင်းရှောင်ဂိုဏ်းချုပ်၏ မွေးနေ့ပွဲတွင် ဤအကကို ကပြခဲ့သည့် ဒေါင်းမိစ္ဆာက ကျင့်ကြံသူများကို ရင်သပ်ရှု့မောစေခဲ့သည်။ သို့ရာတွင် ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကိုရှိခိုးခြင်း အကအစစ် ပေါ်လာသည့်အခါတွင်မူ ထိုမြင်ကွင်း၏လှပမှုကို ဖော်ညွှန်းရန် မည်သည့်စကားလုံးများ သုံးရမည်ကိုပင် မသိတော့ချေ။

" ကျင့်ကြံသူတို့ ကျေးဇူးပြုပြီး ပထမတံခါးကို ဝင်ကြပါ..."

အနီရောင်ဝတ်စုံဝတ်ထားသည့် ပန်းမိစ္ဆာငယ်လေးများက ခြင်းများထဲမှ ပန်းပွင့်ဖတ်များကို လေထဲသို့ကျဲနေ၍ လွင့်မျောနန်းတော်တစ်ခုလုံး ပန်းမိုးများရွာသွန်းနေသည်နှင့် တူပေသည်။ ပိုင်ဇယ်က တံခါးဝတွင် ရပ်နေသည်။  ဖူလီနှင့်ကျွမ်းချင် လျှောက်လာသည်ကို မြင်သောအခါ သူ့မျက်နှာထက်တွင် နူးညံညင်သာသည့် အပြုံးတစ်ပွင့်ပေါ်လာပြီး သူတို့၏နှဖူများကို တစ်ကြိမ်စီထိလိုက်သည်။

ပိုင်ဇယ်၏ ကောင်းချီးပေးခြင်းဖြစ်သည်။

" အကြီးအကဲပိုင်ဇယ်..."
ဖူလီက သူ့နှဖူးအလယ်ကိုထိပြီး ပိုင်ဇယ့်ကို တောက်ကစွာ ပြုံးပြလိုက်သည်။

" အထဲကို ဝင်ကြလေ..."
ပိုင်ဇယ်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး ကြင်စဦးမောင်နှံကို တံခါးကို ဖြတ်ကျော်ဝင်ခိုင်းလိုက်သည်။

ကျွမ်းချင်နှင့် ဖူလီက ပိုင်ဇယ်ကို ရိုသေစွာဖြင့် ဦးညွတ်လိုက်ကြပြီး လက်တွဲကာ အတွင်းသို့ဝင်သွားသည်။

ဖူလီက ပိုင်ဇယ်၏ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူ စိတ်မထိန်းနိုင်တော့ဘဲ လှည့်ကြည့်မည့်အချိန်တွင် ပိုင်ဇယ်၏အသံကို သူ့နားထဲ ကြားလိုက်ရသည်။ 

" အထဲဝင် ပြန်လှည့်မကြည့်နဲ့..."

ဖူလီ နှုတ်ခမ်းများတင်းတင်းစေ့ပြီး ကြိတ်ရယ်လိုက်မိသည်။ ကျွမ်းချင်က သူ့နားကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" မင်းက အရူးတစ်ယောက်လိုမျိုး ရယ်နေတာပဲ..."

" မင်းက ငါ့ထက်ပိုပြီး အရူးနဲ့ပိုတူတယ်..."

ဖူလီက ခိုးကြောင်ခိုးဝှက်ဖြင့် မှန်တစ်ချပ်ကိုထုတ်ပြီး ကျွမ်းချင်၏ရှေ့တွင် ထားလိုက်သည်။
" ကြည့်လိုက် အရူးနဲ့ မတူဘူးလား..."

ကျွမ်းချင်က မကြာခဏပြုံးလေ့မရှိသော်လည်း ယနေ့တွင်မူ သူ့မျက်နှာထက်မှ အပြုံးက တစ်ကြိမ်ပင် ပျောက်ကွယ်မသွားခဲ့သည့်အပြင် ပါးပြင်ထက်တွင်ပါ အနည်းငယ်နီရဲနေပေသည်။ သူက လူချမ်းသာမိသားစုမှ ငတုံးသားတစ်ယောက်နှင့်တူနေသည်။

ကျွမ်းချင်က သူ့ပုံသူ မှန်ထဲတွင်ကြည့်လိုက်ပြီး အတွေးတစ်ခု ရုတ်ချည်း ပေါ်လာသည်။
အဲ့တော့ ဒီတစ်နေ့လုံး သူ့အမူအရာက ဒီလိုဖြစ်နေတာပေါ့လေ...

မှန်ဖြင့် အနောက်သို့လှမ်းကြည့်လိုက်သည့်အခါ တံခါးဝမှ ပိုင်ဇယ်က သူတို့ကို အလွန်အမင်းကြင်နာသော အကြည့်မျိုးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

လွန်ခဲ့သော နှစ်နှစ်က ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် ကျွမ်းချင်က ဖူလီ့အကြီးအကဲများကို အမြင်မကြည်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဖူလီ ထိုသို့သောကံဆိုးမှုဖြင့် ကြုံရချိန်၌ သူတို့က အလွန်တည်ငြိမ်နေခဲ့သောကြောင့်ပင်။ အလွန်တည်ငြိမ်လွန်းလှ၍ ကျွမ်းချင်ပင် လက်သင့်မခံနိုင်အောင် ဖြစ်ခဲ့ရသည်။

ထိုမင်္ဂလာသားရဲများအတွက်မူ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ သတ္တဝါများက အရေးပါသော်လည်း သူတို့ ဖူလီ့ကို ချစ်နေကြဆဲဖြစ်သည်။ သူ့ရင်ထဲမှ တင်းမာမှုကို လွတ်မြောက်သွားစေရန် အလွန်ခက်ခဲခဲ့သည်။ သို့သော် ယနေ့၌ ပိုင်ဇယ်၏မျက်နှာထက်၌ မဖုံးကွယ်ထားနိုင်သည့် ချစ်မြတ်နိုးမှုများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည့်အခါ ကျွမ်းချင်၏နှလုံးသားထဲမှ အစိုင်အခဲများက ခြေရာလက်ရာပင် မတွေ့တော့ဘဲ ပျောက်ကွယ်သွားသည်။

" ကျင့်ကြံသူတို့ ကျေးဇူးပြုပြီး ဒုတိယတံခါးကို ဝင်ကြပါ..."

ဟင်္သာပြဒါးငှက်ကျူးယွဲ့နှင့် တန့်ကန်း(ခန်းကူ)တို့က ဒုတိယတံခါးတွင် စောင့်နေကြသည်။ ကျူးယွဲ့က ဖူလီ့ ခေါင်းထက်မှ ခေါင်းစည်းကို ကူပြင်ပေးလိုက်ပြီးနောက် ပြုံးလိုက်သည်။
" အထဲကို ဝင်သွားတော့ ငါ့ရဲ့ကလေးလေး..."

ဘေးနားတွင်ကြည့်နေသည့် ခန်းကူက ပြုံးရယ်လျက် မျက်လုံးများ နီရဲနေသော်လည်း သူ့နှုတ်မှ  ရေရွတ်နေသည်။
" ကောင်းတယ်... ဒီဝတ်စုံတွေက မင်းတို့နဲ့ လိုက်သားပဲ..."

ဤအဝတ်အစားတစ်စုံကို မည်သို့သောအခါမှ ဝတ်ရတော့မည်မဟုတ်ဟု သူ ထင်ခဲ့မိသည်။

ဒုတိယတံခါးမှ ဖြတ်သွားပြီးသည့်အခါ အလွန့်အလွန်ရှည်လျားလှသည့် ကော်ဇောက စင်္ကြန်လမ်းတစ်ခုကို ကျော်လွန်ပြီး ကျောက်စိမ်းလမ်းတစ်ခုကို ဖြတ်ကာ အတွင်းဆောင်ထဲသို့ ဦးတည်ထားသည်။ နူးညံ့သည့် ကော်ဇောထက်တွင် လျှောက်လှမ်းရခြင်းက တိမ်များပေါ် လမ်းလျှောက်နေရသည်နှင့် တူပေသည်။ ကျွမ်းချင်က သူ့ခြေထောက်များ ငှက်မွေးများအပေါ် နင်းနေသကဲ့သို့ပင် ခံစားလိုက်ရသည်။

ကောင်းကင်ယံတွင် ကခုန်နေသည့်ဖုန်းဟွမ်က မြေပြင်ပေါ်ဆင်းသက်ကာ ဖုန်းလွေ့ကျုံးအဖြစ် အသွင်ပြောင်းလိုက်သည်။ သူနှင့် ရှင်းရှင်းတို့က အတွင်းတံခါးတွင် စောင့်ဆိုင်းနေကြသည်။ ကျွမ်းချင်နှင့် ဖူလီတို့ကို မိစ္ဆာငယ်လေးများ ဦးဆောင်ခေါ်လာသည်အား မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် စကားလုံးထောင်ပေါင်းများစွာကို ပြောချင်နေသော်လည်း သူတို့ဦးညွတ်အရိုအသေပြုချိန်တွင် " မြန်မြန်ဝင်ကြ မင်္ဂလာအချိန် ကျော်သွားဦးမယ် " ဟူသည့်စကားကိုသာ ပြောလိုက်မိပေသည်။

ချစ်ရသည်က လွယ်ကူသော်လည်း အတူတူနေထိုင်နိုင်ရန်က ထိုမျှမလွယ်ပေ။ ကျွမ်းချင်က အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝတွင် ဖူလီနှင့် ရေစက်ပါခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သေခြင်းတရားကလည်း သူတို့ကို မခွဲခွာနိုင်ခဲ့ပေ။ 
သူတို့ကို ခွဲနိုင်တဲ့အရာ ရှိပါဦးမလား...

နောက်ဆုံးအတွင်းတံခါးသို့ ဝင်ပြီးသည့်အခါ နန်းတော်ထဲတွင် ထိုင်နေရမည့် ဧည့်သည်များက အပြင်ဘက်ထွက်လာပြီး တောက်ပသောအပြုံးများက သူတို့မျက်နှာထက်တွင် ဆင်မြန်းထားသည်ကို ကျွမ်းချင်နှင့် ဖူလီတို့ မြင်လိုက်ရသည်။ 

ကျွမ်းချင်နှင့်ဖူလီတို့ကို လှမ်းမြင်ချိန်တွင် လက်ခုပ်သံကျယ်များက ဝင်ပေါက်မှစ၍ နန်းတော်ထဲအထိ ပဲ့တင်ထပ်သွားသည်။ ထိုလူများထဲတွင် စီမံခန့်ခွဲရေးဗျူရိုမှ လုပ်ဖော်ကိုင်ဖက်များ၊ မိုးပြာနဂါးမျိုးနွယ်မှ ချင်ယန်း၊ သူ့ကို မြို့ထဲရောက်အောင် ခေါ်ခဲ့သည့် ခွေးမိစ္ဆာနှင့် နှုတ်ကြမ်းသော ခရုစုပ်ငှက်တို့လည်း ပါဝင်သည်။

" ဂုဏ်ပြုပါတယ်..."
" မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်..."

" ဘယ်တော့မှ မကွဲမကွာပဲ ထာဝရအတူတူရှိကြပါစေ..."

ယနေ့ ရာသီဥတုက အနည်းငယ်အေးမြနေသော်လည်း သူ့လက်ဖဝါးများ အဘယ့်ကြောင့် ချွေးစိုနေသည်ကို ဖူလီ သဘောမပေါက်နိုင် ဖြစ်နေသည်။

" မင်္ဂလာအချိန်ကျရောက်လာပါပြီ ကောင်းကင်ဘုံကို ဂါရဝပြုပါ..."

မင်္ဂလာစားပွဲစင်မြင့်ကို အတွင်းနန်းဆောင်၏ ခြံဝင်းထဲ ပြင်ဆင်ထားသည်။ အဆောင်အင်းကွက်များစွာဖြင့် ရေးထွင်းထားသော အမွှေးတိုင်ထွန်းသည့်ခွက်ကို စားပွဲအလယ်တွင် ထားထားသည်။

ကျင့်ကြံရေးလောက၏ စည်းမျဉ်းများအရဆိုလျှင် တာအိုပေါင်းစည်းအခမ်းအနားတွင် ကြင်စဦးမောင်နှံက ကောင်းကင်ဘုံစည်းမျဉ်း၏ရှေ့တွင် တာအိုပေါင်းစည်းမှု ကတိသစ္စာပြုချက် ပြုလုပ်ပြီးမှ ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ပေသည်။

" အထက်မှ ခမ်းနားထည်ဝါလှတဲ့ ကောင်းကင်ကြီး... အောက်ဘက်မှ သိမ်မွေ့နက်နဲလှတဲ့ ကမ္ဘာမြေကြီး...   ကျွန်တော်ကျွမ်းချင်နဲ့ ဖူလီတို့က ကိုယ်ပိုင်သဘောဆန္ဒနဲ့ တာအိုလက်တွဲဖော်များအဖြစ် ကံကြမ္မာကို ရစ်ပတ်ချည်နှောင်လိုက်ပါပြီ... ယနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ရဲ့ သေခြင်ရှင်ခြင်းနဲ့ စင်ကြယ်မှု၊ ညှိုးနွမ်းမှုတွေကို တစ်ယောက်က ဝေမျှပါမယ်... ကောင်းကင်ဘုံစည်းမျဉ်းက ကျေးဇူးပြုပြီး မျက်မြင်သက်သေဖြစ်ပေးပါ..."

ကျွမ်းချင်က အမွှေးတိုင်ထွန်းလိုက်ပြီး ဘေးနားမှ ဖူလီကို ကြည့်လိုက်သည်။ 

" ကျွမ်းချင်က ဖူလီနဲ့အတူ သူတော်ကောင်းတရား၊ နဂါးချီဓာတ်နဲ့ ခရမ်းရောင်ချီဓာတ် အရာအားလုံးကို ဝေမျှဖို့ ဆန္ဒရှိပါတယ်..."

ဧည့်သည်များက သောင်းသောင်းဖျဖျ အားပေးနေကြသည်။ ကောင်းကင်ဘုံ၏အောက်မှ တစ်ဦးတည်းသော နိုင်ငံကံကြမ္မာနဂါးဖြစ်သော ကျွမ်းချင်က သူ၏ နက်နဲသိမ်မွေ့သော သူတော်ကောင်းတရားနှင့် နဂါးချီဓာတ်ကို ဝေမျှမည်ဟု ဆိုလိုက်ပေသည်။ ၎င်းက သူတို့နှစ်ယောက်ကြား သီးသန့်ပြောသည့် အချိုပေါ် သကာလောင်းထားသော စကားမျိုးမဟုတ်ဘဲ ကောင်းကင်ဘုံစည်းမျဉ်းကို တိုင်တည်ပြီး စောင့်ထိန်းမည့် ကတိသစ္စာဖြစ်သည်။

" ကျွမ်းချင်ကို တွေ့ခဲ့ရတာ ကျွန်တော်ဖူလီ့အတွက် ကံကောင်းခြင်းပါ..."
ဖူလီက အမွှေးတိုင်ကို ကိုင်ထားလျက် ကျွမ်းချင်ကို သုံးကြိမ်တိတိ ဦးညွတ်အရိုအသေပေးလိုက်သည်။
" ကျွန်တော် ဒီဘဝမှာ ကျွမ်းချင်နဲ့ ဘယ်သောအခါမှ မခွဲခွာ‌တော့ပါဘူး... စင်ကြယ်မှု၊ ညှိုးနွမ်းမှု အရာအားလုံးကို သူနဲ့အတူ ဝေမျှပါ့မယ်..."

ကတိသစ္စာပြုချက်များက အလွန်ရိုးရှင်းလှပြီး ထူးခြားဆန်းကြယ်မှုလည်း မရှိလှပေ။ ဧည့်သည်များ၏ အမြင်တွင်မူ ကျွမ်းချင်က ပြောစရာစကားများ ပျောက်ရှနေပုံရသည်။ သို့ရာတွင် နောက်အခိုက်အတန့်၌ ကျွမ်းချင်ပြုံးလိုက်သည်ကို သူတို့မြင်လိုက်ကြသည်။ သူ့အပြုံးက အလွန်နှစ်လိုဖွယ်ကောင်းပြီး စိတ်ကျေနပ်နေသည့်အပြုံးမျိုးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျွမ်းချင်က ဖူလီ့ထံမှ မည်သည့်အရာကိုမှ မလိုအပ်ဘဲ ကတိတစ်ခုကိုသာ တောင့်တခြင်းဖြစ်သည်။

မည်သည့်အခါမှ မခွဲခွာသွားဘဲ အေးအတူ ပူအမျှရှိနေရန်ဖြစ်သည်။

ဖူလီ့အတွက်မူ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ မှော်ကိရိယာများနှင့် ဆေးလုံးများက အပေါ်ယံပစ္စည်းများသာဖြစ်သည်။ စိတ်ခံစားချက်များစွာပါဝင်သည့် ကတိသစ္စာတစ်ခုကို အလွယ်တကူ တိုင်တည်၍မရပေ။ ဖူလီက ကတိသစ္စာကို အလွန်အရေးပါသည်ဟု မှတ်ယူတတ်သူဖြစ်သည်။ သူ တော်ရုံဖြင့် ကတိသစ္စာမပြုတတ်သော်လည်း ကတိသစ္စာပြုပြီးသည်နှင့် မည်သို့သောအခါမှ သစ္စာမဖောက်တော့ပေ။ 

နှစ်ဦးသား အမွှေးတိုင်များကို အမွှေးတိုင်ထွန်းသည့်ခွက်ထဲ ထည့်ပြီးချိန်၌ နေလုံးကြီးက ရုတ်တရက် ခုနစ်ရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာသည်။

ကောင်းကင်ယံတွင် ကံကောင်းခြင်းအတိနိမိတ်များ ပြသလာသည်။ ၎င်းမှာ သူတို့နှစ်ယောက်ကို ကောင်းကင်ဘုံစည်းမျဉ်းက မှတ်တမ်းတင်ထားလိုက်ပြီး နှစ်ဦးသားက တာအိုလက်တွဲဖော်အစစ်များ ဖြစ်သွားသည်ဟု ဆိုလိုပေသည်။

မိစ္ဆာတစ်ယောက်၏ဘဝတွင် စွဲလန်းမှုက အစစ်အမှန်ဖြစ်လာသည့် အခိုက်အတန့်ထက်ပို၍ လှပသည့်အချိန် မရှိတော့ပေ။ 

လူသားလောကမှ မြောက်များစွာသောလူများကလည်း ခုနစ်ရောင်ခြယ်နေရောင်များကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေကြသည်။ သဘာဝပတ်ဝန်းကျင်ကို လေ့လာသော ပညာရှင်များက ဤဖြစ်ရပ်ကို သိပ္ပံနည်းကျစွာဖြင့် ဖြေရှင်းချက်ထုတ်ကြသော်လည်း ထိုဓာတ်ပုံများကိုကြည့်ပြီး ဆုတောင်းကြသော အင်တာနက်အသုံးပြုသူများစွာလည်းရှိသည်။ ၎င်းက အကျိုးသက်ရောက်မှုရှိသည် မရှိသည်က အရေးမကြီးပေ။ အရေးကြီးသည်မှာ ထိုဓာတ်ပုံများ၏ အလှကို ပဉ္စလက်ပညာဖြင့်ဖန်တီးထားသည်ဟု လူအများက သံသယဝင်နေကြခြင်းဖြစ်သည်။

ဘာ မင်္ဂလာတိမ်ခိုးလဲ ... ဘာ haloလဲ... လှပတဲ့ မြင်ကွင်းတွေဆိုတာ သဘာဝတရားကနေ ဖြစ်တည်လာတဲ့ ဆန်းကြယ်မှုတွေပဲလေ...

အတိတ်မှ နေ့ရက်များ :  ဘာလို့လဲတော့မသိဘူး ဒါပေမဲ့ ဒီဓာတ်ပုံတွေကိုမြင်ပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရုပ်ရှင်တစ်ကားကို သွားသတိရမိတယ်... အမျိုးသမီးဇာတ်လိုက်က ရေဝဲတစ်ခုထဲကျသွားသော သူအရမ်းချစ်တဲ့လူက သူ့ကို လာကယ်ပြီးတော့ တိမ်တွေပေါ် ခေါ်တင်သွားတာလေ... ကြည့်ရတာ ကောင်းကင်ပေါ်က နတ်မင်းနှစ်ပါး လက်ထပ်ကြလို့ ဒီလိုပဉ္စလက်ဆန်တဲ့ မြင်ကွင်းကို တွေ့ရတာထင်တယ်...

ဝက်ဝံလှလှလေး : အပေါ်ထပ်ကလူက တော်တော်လေး စိတ်ကူးယဉ်ဆန်တာပဲ... လွန်ခဲ့တဲ့ ၂နှစ်က အရမ်းနာမည်ကြီးခဲ့တဲ့ ဂေးအတွဲကို မှတ်မိသေးလား... ဥက္ကဌကျွမ်းနဲ့ သူ့လက်ထောက်လေးလေ...

၂၅ဆင့်ပန်းသီး : ဘာကိစ္စမေ့ရမှာလဲ... ငါအဲ့နှစ်တုန်းက သူတို့နဲ့ပတ်သက်တဲ့ပိုစ့်တွေကို အာရုံစိုက်ခဲ့တာ... အဲ့နှစ်က တော်တော်ဂယက်ရိုက်ခဲ့တယ်ဆိုပေမယ့် နောက်ကျတော့ ဘာသတင်းမှလည်း မကြားရတော့ဘူး...ငါ ဝန်မခံချင်ပေမယ့် သူတို့နှစ်ယောက် ပြတ်သွားကြပြီထင်တယ်...

သို့သို့ : ချန်လုံမှာ အလုပ်လုပ်တဲ့ မိသားစုဝင်တစ်‌ယောက်စီက ကြားတာတော့ ဥက္ကဌကျွမ်းက လွန်ခဲ့တဲ့ ၂နှစ်လုံးလုံး ရုံးခွဲတွေကိုလည်း လာမစစ်ဘူး... လူ‌အများရှေ့ထွက်ရတဲ့ပွဲတွေလည်း မတက်ဘူးတဲ့... ဒါပေမဲ့ သူတို့နှစ်ယောက် ပြတ်သွားတာမဟုတ်ပဲ လက်ထောက်လေးက ကျန်းမာရေးမကောင်းဖြစ်လို့ ဥက္ကဌကျွမ်းက တစ်ချိန်လုံးဘေးမှာနေပြီး စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ ကောလဟာလတွေကတော့ ကုမ္ပဏီမှာ ပြန့်နေတယ်...

၂၅ဆင့်ပန်းသီး : ဒီသတင်းကြားတော့မှ ငါစိတ်ရှုပ်သွားပြီ... လက်ထောက်လေး ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်...

"သို့သို့" ဟူသော အင်တာနက်အသုံးပြုသူ၏ commentက အာရုံစိုက်မှုများစွာ ရရှိသွားခဲ့သည်။ ကြောက်စရာကောင်းသည့် အင်တာနက်အသုံးပြုသူများက "သို့သို့" ၏ စကားများကို အတည်ပြုရန် သက်သေအထောက်အထားများ ရှာဖွေခဲ့ကြသည်။အဆုံးတွင် သူတို့ ရွေးချယ်စရာမရှိတော့ဘဲ လက်ထောက်လေး ကျန်းမာရေးမကောင်းဖြစ်နေသည်ဟုသာ လက်ခံလိုက်ရပေသည်။

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော ၂နှစ်ခန့်က အချိန်ကာလတစ်ခုအထိ ဥက္ကဌကျွမ်းနှင့် လက်ထောက်လေး အတူတူစားသောက်ဆိုင်သွားခြင်းနှင့် လမ်းလျှောက်နေသည်ကို လူအချို့က မြင်တွေ့ခဲ့ပေသည်။ သို့သော် လက်ထောက်လေးက တစ်နေတွင် ရုတ်တရက် ပျောက်သွားပုံပေါ်သည်။ ဤ၂နှစ်အတောအတွင်း ဥက္ကဌကျွမ်း၏ ဓာတ်ပုံ၂ပုံကိုသာ သူတို့တွေ့ခဲ့ရပြီး ထိုပုံများတွင်လည်း သူ့အမူအရာက အသက်မဲ့ကာ အကြည့်များက အေးစက်နေသည်ကို တွေ့နိုင်ပေသည်။

ထို့နောက်တွင် ဥက္ကဌကျွမ်း၏သတင်းနှင့် ဓာတ်ပုံများကို မတွေ့ရတော့ပေ။ ချန်လုံကုမ္ပဏီ၏ လူအများရှေ့ထွက်ရသော အလုပ်များတွင်လည်း အခြားလူများက ပြောင်းလဲကိုင်တွယ်ခဲ့သည်။ ကျွမ်းချင်က နောက်ထပ် ပေါ်မလာခဲ့တော့ပေ။ 

နှစ်ရက် သုံးရက်အတွင်းမှာပင် ဤပို့စ်တွင် replyပြန်သူ ထောင်ချီသွားပြီး ကြင်နာတတ်သော အင်တာနက်အသုံးပြုသူများက လက်ထောက်လေး ကျန်းမာလာစေရန် ဤပို့စ်အောက်တွင် ဆုတောင်းပေးနေကြသည်။

၂၅ဆင့်ပန်းသီး : လက်ထောက်လေး တစ်ရက်မှာပေါ်လာပြီး ဒီပို့စ်ရဲ့အောက်မှာ ' အားလုံးကို တောင်းပန်ပါတယ် ကျွန်တော် နေကောင်းသွားပြီး ဥက္ကဌကျွမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေပါပြီ' လို့ လာပြောရင်ကောင်းမှာပဲ...

ထို comment က များပြားလှသော အင်တာနက်အသုံးပြုသူများ၏ ဝမ်းနည်းမှုကို မြင့်တက်လာစေခဲ့သည်။

သူတို့က ဥက္ကဌကျွမ်းနှင့် ဖူလီ့အတွက် ဝမ်းနည်းကြရုံသာမက သူတို့ကိုယ်သူတို့နှင့် အချိန်နှင့်အမျှ ပျောင်ကွယ်သွားသည့် စိတ်ခံစားချက်များကိုပါတွေးမိပြီး စိတ်မကောင်း ဖြစ်ကုန်သည်။

သို့သို့ : သူတို့နှစ်ယောက် အတူတူရှိနေတာကိုကြည့်ပြီး ငါ့စိတ်ထဲမှ ဒွိဟဖြစ်တဲ့ ခံစားချက်တွေ ပေါ်လာတယ်... ဒါပေမဲ့ သူတို့နှစ်ယောက်ကို လမ်းမခွဲစေချင်သလို သေကွဲရှင်ကွဲလည်း မကွဲသွားစေချင်ဘူး...

အတိတ်မှ နေ့ရက်များ : အားလုံးက အချစ်နဲ့ရင်ဆိုင်ရရင် ဝမ်းနည်းသွားကြတာပဲ... လူတစ်ယောက်က ငွေနဲ့ ကံကြမ္မာကို ချုပ်ကိုင်နိုင်ပေမယ့် ကံတရားရဲ့ ကျီစယ်ခံရတာကနေ မလွတ်မြောက်နိုင်ဘူး... လက်ထောက်လေး မင်း တကယ်လို့ ဥက္ကဌကျွမ်းနဲ့ အတူတူရှိနေတယ်ဆိုရင် ဒီပို့စ်ကို မြင်ပြီးတာနဲ့ ငါတို့ကို အသိပေးပါဦး...

တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ တစ်ပတ် လဝက်...

အချိန်များက တစ်ရက်ပြီးတစ်ရက် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ဤပို့စ်ကို နောက်ဆုံးတွင် လူအများကမေ့လျော့သွားသော်လည်း အင်တာနက်အသုံးပြုသူများက လက်ထောက်လေး၏ replyကို မရရှိခဲ့ကြသေးပေ။

နှစ်သစ်ကူးသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ ဖူလီက ပြန်လည်တည်ဆောက်နေဆဲဖြစ်သည့် ရောင်ပြန်မြူတောင်သို့ ကျွမ်းချင်ကို ဆွဲခေါ်သွားသည်။ ယခင်အတိုင်းပင် ရောင်ပြန်မြူတောင်ကို တိမ်တိုက်များ မြူခိုးများ ဖုံးလွှမ်းနေပြီး ရောင်စုံပန်းများဖူးပွင့်၍ သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်နေကာ စိတ်ကူးယဉ်နယ်မြေတစ်ခုနှင့် တူနေသည်။ လွန်ခဲ့သည့် နှစ် ၂၀၀၀နှင့် ကွဲပြားနေသည့် အရာတစ်ခုမှာ  ယခုအခါ ဤနေရာ၌ လူသားလောကမှ ပစ္စည်းများစွာ ရှိနေခြင်းသာ ဖြစ်သည်။

ဥပမာအားဖြင့် ဖုန်း၊ တီဗီ၊ ဂိမ်းစက် စသည်တို့ဖြစ်သည်။

ခန်းကူက လျှပ်စစ်ပစ္စည်းပေါင်းစုံ ပြုလုပ်နည်းကို သင်ယူထားပြီး လူသားများ၏ လျှပ်စစ်ဓာတ်အား မရှိဘဲ ဆက်သွယ်အသုံးပြုနိုင်သည့် ကွန်ပျူတာကို တီထွင်ထားသည်။ ဤတီတွင်မှုကြောင့် ကျင့်ကြံရေးလောက၏ ' ဆန်းသစ်တီထွင်နိုင်ဆုံး ' ဆုကို ရရှိထားပေသည်။ ၎င်းကို တိုးတက်အောင်ပြုလုပ်ပြီး စီမံခန့်ခွဲရေးဗျူရိုတွင် စတင်အသုံးပြုကာ နက်ရှိုင်းသော တောတောင်များထဲအထိ ချိတ်ဆက်ပေးထားသည်။

အကြီးအကဲများ နွေဦးပွဲတော်ကြည့်မည်ကို လိုက်လံအဖော်ပြုပေးနေစဉ်တွင် ယခုမှထွက်လာသည့် နျန်ကို ရိုက်နှက်နေသော ချူးယီနှင့် ဖူလီတို့ ဆုံတွေ့မိကြသည်။ ဖူလီက နွေဦးပွဲတော်ကို စိတ်မဝင်စားသောကြောင့် ဖုန်းကိုထုတ်ပြီး သူ သုံးနှစ်တိုင်တိုင် မဝင်ခဲ့မိသော  ဖိုရမ်ထဲ ပြန်ဝင်လိုက်မိသည်။

ဖိုရမ်၏ webpageက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်က ဖူလီအသုံးပြုခဲ့သော emojiများ မည်သည့်နေရာသို့ ရောက်သွားသည်ကိုပင် မသိတော့ချေ။ သို့ဖြစ်၍ search barကိုသုံးပြီး ရှာမည်အပြုတွင် သူ အသည်းအသန်နေမကောင်းဖြစ်ပြီး ကျွမ်းချင်နှင့် သေကွဲရှင်ကွဲကွဲရမည်ကို စိုးရိမ်နေသည့် ပို့စ်တစ်ခုကို မြင်လိုက်မိသည်။

ထိုညတွင် ပို့စ်၏အောက်ဆုံး၌ replyအသစ်တစ်ခုပေါ်လာခဲ့သည်။

စွမ်းအားကြီးယုန် :  အားလုံး စိုးရိမ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် နွေဦးပွဲတော်ကို လူကြီးမင်းကျွမ်းနဲ့အတူတူ ကြည့်နေတာပါ... အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ... ❤️