အပိုင်း ၁၈၄ (Extra -3)
Viewers 38k

Chapter 184
Extra 3 - တာအိုပေါင်းစည်းအခမ်းအနား ( ၁ )


မိမိ၏နှလုံးသားကို လူတစ်ယောက်တည်းအပေါ် သစ္စာရှိခြင်း နိယာမကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး တစ်သက်တာလုံးတွင် ထိုလူနှင့်သာ နေရမည်ဟု ကတိပြုခြင်း...

ကျင့်ကြံရေးလောကအတွက်မူ တစ်ဦးနှင့်တစ်ဦး တာအိုလက်တွဲဖော်အဖြစ် ပေါင်းစည်းခြင်းက နောက်ထပ်ပြောင်းလဲ၍ မရသော လေးနက်သည့်ကိစ္စတစ်မျိုးဖြစ်သည်။ သာမန်လူများကဲ့သို့ တစ်ဦးနှင့်တစ်ဦး အဆင်ပြေစွာမနေထိုင်နိုင်ခြင်းကြောင့် ကွာရှင်း၍လည်း မရပေ။ ကျင့်ကြံရေးလောက၏ တာအိုပေါင်းစည်းအခမ်းအနားကို ကောင်းကင်ဘုံစည်းမျဉ်း၏ မျက်စိအောက်တွင် ပြုလုပ်ရခြင်းဖြစ်သည်။ ကျင့်ကြံဆင့် နှစ်တစ်ရာရှိသူဖြစ်စေ နှစ်တစ်ထောင်ရှိသူဖြစ်စေ တစ်သက်တွင် အခွင့်‌အရေးတစ်ကြိမ်သာ ရပေသည်။

သို့ဖြစ်၍ လူသားများ၏ ဓလေ့ထုံးတမ်းများနှင့် ပို၍ အကျွမ်းတဝင်ဖြစ်လာသော ကျင့်ကြံသူများမှာ သူတို့၏လူသားလောက မှတ်ပုံတင်ကတ်များကို အသုံးပြု၍ လက်ထပ်မှတ်ပုံတင်ကြလေ့ရှိသည်။ သို့ရာတွင် တာအိုပေါင်းစည်းအခမ်းအနားကိုမူ လက်လွတ်စပယ်ဖြင့် အလျင်စလိုမကျင်းပရဲကြပေ။ 

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ယောက်၏ ဘဝသက်တမ်းက ရှည်လျားလွန်းသည့်အပြင် သေမျိုးလောကတွင် ဆွဲဆောင်မှုများက အလွန်ပေါများ၍ဖြစ်သည်။

ထိုအကြောင်းများကြောင့် ကျွမ်းချင်က သေဆုံးသွားသည့်ယောင်ကျင့်ကြံသူတစ်ယောက်နှင့် တာအိုပေါင်းစည်းအခမ်းအနားပြုလုပ်ချင်နေ၍ ကျင့်ကြံရေးလောကတစ်ခုလုံး တုန်လှုပ်သွားကြခြင်းဖြစ်သည်။ 

သို့ရာတွင် စင်္ကြန်လမ်းတွင်ရပ်နေသည့် ဖူလီ့ကိုမြင်လိုက်ရသည့်အခါ အစောပိုင်းမှ ထိတ်လန့်မှုများက ဘာမှမဟုတ်တော့ပေ။ ကျင့်ကြံရေးလောကတွင် လူသားအစစ်များနှင့် အလွန်တူသည့် လူသားရုပ်သေးများကို ဖန်တီးနိုင်သော်လည်း ၎င်းတို့က အတွေးမရှိ ခံစားချက်မရှိကြပေ။ သူတို့ရှေ့ရှိ စင်္ကြန်လမ်းမှ လျှောက်လာသည့် ဤ'ရုပ်သေး' ကမူ အသက်ရှင်နေသည့် လူတစ်ယောက်သဖွယ်ပြုံးပြနေသည်။

ဒါပေမဲ့ ဖူလီရဲ့ ခန္ဓာကိုယ်က သေသွားပြီးတော့ တာအိုက‌ပျောက်သွားတာကို ကိုယ်တိုင်မြင်ခဲ့ကြတာလေ... သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ...

ထိုကျင့်ကြံသူများမှာ စိတ်ထဲတွင် အလွန်အံ့ဩနေကြသော်လည်း အပေါ်ယံတွင်မူ အပြုံးကိုထိန်းသိမ်းထားဆဲဖြစ်ကာ ထူးဆန်းသော အမူအရာမျိုးကို မပြသကြပေ။ ထိုကျင့်ကြံသူများက သရုပ်ဆောင်မဖြစ်၍ တော်သေးသည်။ ထိုသို့မဟုတ်ပါက သရုပ်ဆောင်နယ်ပယ်တစ်ခုလုံး အဆုံးသတ်သွားနိုင်သည်ဟု ဖူလီတွေးလိုက်မိသည်။

" ဒီအထိ လာခဲ့ရတာ တော်တော်ပင်ပန်းသွားကြမှာပဲ... ကျေးဇူးပြုပြီး အတွင်းဆောင်ထဲ လာထိုင်ကြပါ..."

ဖူလီက မင်္ဂလာအဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်ပြီး ကျွမ်းချင်၏ဘေးနားကို ရောက်လာသည်။ ကျွမ်းချင်နှင့် လက်ချင်းချိတ်လိုက်ပြီး အားလုံးကို အထဲဝင်ရန် လက်အမူအရာဖြင့် ပြလိုက်သည်။

သနားစရာကောင်းသည့် ကျင့်ကြံသူများမှာ ပါးစပ်ဟထားကြသော်လည်း ဘာပြောရမည်ကိုမသိ ဖြစ်နေသည်။ သူတို့မယုံကြည်နိုင်သော်လည်း သူတို့ရှေ့တွင်ရပ်နေသူက သက်ရှိထင်ရှားရှိနေသည့် ဖူလီဖြစ်ကြောင်း လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူက ရုပ်သေးမဟုတ်သကဲ့သို့ လူသားများ၏ နည်းပညာဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်မဟုတ်ပေ။ 

ထိုအခိုက်အတန့်တွင် သူတို့မြင်နေရသည်ကို အတုအစစ် မခွဲခြားနိုင်တော့ပေ။
သူတို့ အိမ်မက်မက်နေတာများလား... ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ စိတ်ကူးယဉ်နယ်မြေတစ်ခုထဲ ရောက်နေတာများလား...

လွင်ပြင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ကျွမ်းချင်နှင့် ဖူလီတို့ လက်ချင်းယှက်ထားသည်ကို ငုံ့ကြည့်လိုက်မိသည်။ သူတို့ရင်ထဲတွင် အသင်္ချေသော အတွေးပေါင်းစုံနှင့် ခံစားချက်ပေါင်းစုံတို့ ရှိနေသော်လည်း ပါးစပ်ဟလိုက်ချိန်တွင်မူ "ဂုဏ်ပြုပါတယ်" ဟူသည့်စကားများသာ ထွက်လာကြတော့သည်။

ကျင့်ကြံသူဖူလီ အဘယ့်ကြောင့် ပြန်လည်ရှင်သန်လာသည်ကို မည်သူမှ မသိကြသော်လည်း ထိုမေးခွန်းကိုမေးရန် သတ္တိမရှိကြပေ။ သေဆုံးပြီးနောက်တွင် ပြန်လည်ရှင်သန်လာခြင်းက ကောင်းကင်ဘုံအောက်တွင် တည်ရှိနေသော နိယာမတစ်ခုမဟုတ်ပေ။ အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင်လည်း တန်ရာတန်ကြေးကို ပေးဆပ်ရနိုင်သည်။ ထိုအကြောင်းကို မမေးခြင်းက အားလုံးအဆင်ပြေမည့်နည်းလမ်းသာဖြစ်သည်။

" မင်းတို့က ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ လက်တွဲဖော်တွေပါပဲ နှစ်ယောက်လုံးရဲ့ နှလုံးသားချင်းဆက်နွယ်မှုက အမြဲတမ်းခိုင်မြဲနေပြီး မင်းတို့အချစ်ကလည်း ထာဝရတည်တံ့ပါစေ..."

လွင်ပြင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဖူလီ့ကို ဦးညွှတ်လိုက်သည်။ ထိုဦးညွှတ်မှုက ဖူလီ သူတို့အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ကျေးဇူးတင်ခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။

ဖူလီကလည်း ပြုံးပြလိုက်ပြီး ပြန်လည်ဦးညွတ်လိုက်သည်။
" ကျေးဇူးပြုပြီး အတွင်းဆောင်ကို ကြွပေးပါ..."

" ကျေးဇူးတင်ပါတယ်..."

ဂိုဏ်းချုပ်က‌ နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ပြီးမှ  အတွင်းဆောင်ထဲသို့ ဝင်သွားသည်။ ရွှေရောင်လွင့်မျောနန်းဆောင်၏  အတွင်းပိုင်းထဲတွင်လည်း ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသည်။ မှော်ကိရိယာများမှတစ်ဆင့် ဖန်တီးထားသော အစေခံများကလည်း အလွန်သက်ဝင်လှပေသည်။ သူတို့က စကားမပြောခြင်း အသက်ဓာတ်မရှိခြင်းတို့ကြောင့် မဟုတ်ပါက လွင်ပြင်ဂိုဏ်းမှလူများက သူတို့ကို လူအစစ်များဟုပင် ထင်သွားနိုင်သည်။

လွင်ပြင်ဂိုဏ်းမှလူများ ရောက်လာပြီးသည့်နောက် နဂါးမျိုးနွယ် ရောက်ရှိလာသည်။ ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်မွေးနေ့တွင်မူ မာနကြီးသော နဂါးမျိုးနွယ်က မျိုးနွယ်စုတစ်ခုအတွက် ကိုယ်စားပြုတစ်ယောက်သာ စေလွှတ်ခဲ့သည်။  သို့သော် ဤတစ်ကြိမ် ကျွမ်းချင်၏ မင်္ဂလာပွဲတွင်မူ အကြီးအကဲများမှစ၍ ငယ်ရွယ်သော ဂျူနီယာများပါ အားလုံးတက်ရောက်ကြသည်။ သူတို့မျက်နှာများမှာမူ အတင်းအကြပ်အားတင်းပြီး ပြုံးထားရသည့်ဟန် ဖြစ်နေသည်။

ဖူလီ့ကို သူတို့မြင်သည့်အခါ သူတို့၏တုံ့ပြန်မှုက လွင်ပြင်ဂိုဏ်းထက် ပိုပြင်းထန်သည်။ ကျွမ်းချင်၏ဘေးနားတွင်ရပ်နေသောဖူလီက ကျင့်ကြံသူဖူလီ၏ အသွင်ပြင်ယူထားပြီး ကျွမ်းချင်ကို တမင်စိတ်ရှုပ်ထွေးအောင်လုပ်နေသည့် မိစ္ဆာတစ်ကောင်ဟု ထင်လိုက်ကြသည်။ 

ကံကောင်းသည်မှာ ဤလွင့်မျောနန်းတော်ထဲတွင် ဟင်္သာပြဒါးငှက် ၊ ပိုင်ဇယ်နှင့် ဖုန်းဟွမ်တို့ကဲ့သို့ မဟာမိစ္ဆာများရှိနေသည်ကို သူတို့ အမှတ်ရသွားသောကြောင့်ဖြစ်သည်။

တကယ်လို့ အရှင်မင်းကြီးက အချစ်နာကျပြီး ဒီလိုမိစ္ဆာများမျိုးဆီမှာ အရူးလုပ်ခံရတယ်ဆိုရင်တောင် အဲဒီမဟာမိစ္ဆာတွေကတော့ သူတို့ငယ်ငယ်တည်းက ပျိုးထောင်လာတဲ့ကလေးကို မခွဲခြားနိုင်ဘဲ နေမှာမဟုတ်ဘူး...

ချင်ယန်းမှာ သူ၏ မသန်စွမ်းဖြစ်နေသော ခြေထောက်ကြောင့်သာ မဟုတ်ပါက ဝှီးချဲလ်ပေါ်မှ လှစ်ခနဲထပြီး ဖူလီက အစစ်ဟုတ်မဟုတ် သွားကြည့်မည်ဖြစ်သည်။

" တစ်ခုခုဖြစ်လို့လား..."

ကျွမ်းချင်က နဂါးများကို ကြည့်လိုက်သည်။ သူက တစ်ဖက်သို့လှည့်ပြီး အတွန့်အခေါက်မရှိနေသည့် ဖူလီ့မင်္ဂလာဝတ်စုံကို ဆန့်ပေးလိုက်သည်။

" ဖူလီနဲ့ ကျွန်တော်က ကြီးကျယ်မြင့်မြတ်တဲ့သူတွေလည်း မဟုတ်ပါဘူး... ဒီလောက်မယဉ်ကျေးနေလည်း ရပါတယ်... နေရာမှာထိုင်ပြီးရင် စိတ်တိုင်းကျ စားသောက်လို့ရပါတယ်..."

ချင်ယန်း မနည်းဖျစ်ညှစ်ပြီး ပြုံးပြလိုက်ရသည်။ သူ ဖူလီ့ကို အကြိမ်ပေါင်းများစွာ စေ့စေ့စပ်စပ်ကြည့်နေပြီးသည့်နောက်တွင် ဖူလီ့ကို လက်နှစ်ဖက်အုပ်၍ နှုတ်ဆက်လိုက်သည်။ အနောက်မှ အခြားသောမျိုးနွယ်ဝင်များကလည်း နှုတ်ဆက်လိုက်ကြသည်။

မိုးပြာနဂါးမျိုးနွယ်၏ အနာဂတ်ခေါင်းဆောင် ဘာမှမပြောသည်ကို မြင်သောအခါ အခြားနဂါးမျိုးနွယ်ကလည်း ဘာမှမပြောကြတော့ပေ။ သူတို့အားလုံး အတွင်းဆောင်ထဲသို့ ရောက်ပြီးသည့်အခါ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က ခံစားလိုက်ရသည့် ထိတ်လန့်မှုများကို အချင်းချင်းသတိပြုမိလိုက်ကြသည်။ သို့ရာတွင် ဤမေးခွန်းကို စမေးမည့်လူက အရှုံးသမားသဖွယ် မည်သူမှ ဘာမှစမပြောကြပေ။ 

ဆူညံသံများဖြင့် ပွတ်လောရိုက်ပြီး စည်ကားနေရမည့် ခန်းမဆောင်ကြီးက ဤအခိုက်အတန့်တွင် ထူးဆန်းစွာဖြင့် ငြိမ်သက်နေပေသည်။ အဓိကဂိုဏ်းကြီးများမှ ခေါင်းဆောင်နှင့် အကြီးအကဲများက တိတ်ဆိတ်စွာဖြင့် တွေစတောနေကြစဉ်တွင် နဂါးမျိုးနွယ်ကမူ သူတို့သာ အမှန်တရားကို သိထားပြီး အခြားလူများ မသိစေချင်သည့်သဖွယ် တည်ကြည်သည့်အမူအရာများ ဖြစ်နေကြသည်။

နဂါးမျိုးနွယ်စုနှင့် ဂိုဏ်းကြီးများမှလူများ စကားတစ်ခွန်းမှ မပြောသည့်အခါ အခြားသော ကျင့်ကြံသူများကလည်း ခေါင်းငုံ့ကာ ဖုန်းထုတ်လိုက်ကြီး ဖိုရမ်ကို ကြည့်နေလိုက်ကြသည်။

သူတို့၏ တည်ကြည်လေးနက်သော သွင်ပြင်များ၏‌အောက်တွင် အတင်းပြောရန် ဂနာမငြိမ်ဖြစ်နေသည့်စိတ်များ ဖြစ်နေကြသည်။

အမည်မသိ ပို့စ်ပိုင်ရှင် : နဂါးဧကရာဇ်ရဲ့ တာအိုပေါင်းစည်းအခမ်းအနား စတော့မယ်...ငါ သူ့ရဲ့ တာအိုလက်တွဲဖော်ကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းလန့်သွားတာပဲ... ဒါပေမဲ့ အရမ်းလည်း ပျော်သွားမိတယ်... ဒီနှစ်နှစ်အတွင်း ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နဂါးဧကရာဇ်နဲ့ သူ့ရဲ့ တာအိုလက်တွဲဖော်က ထာဝရ ချစ်ချစ်ခင်ခင် နေသွားနိုင်ပါစေလို့ပဲ ဆုတောင်းမိတယ် ...

ထိုပို့စ်က ဖိုရမ်ပေါ်တွင် အလွန်ဂယက်ရိုက်သွားစေခဲ့သည်။ များပြားလှသည့် ကျင့်ကြံသူများက သိချင်စိတ်များ ဖြစ်လာခဲ့သော်လည်း အမည်မသိ ပို့စ်ပိုင်ရှင်ကဤပို့စ်ကို တင်ပြီးသည့်နောက်တွင် ပြန်ပေါ်မလာတော့၍ ကျင့်ကြံသူများက ဒေါသထွက်ပြီး ဆဲရေးကုန်သည်။

" ခွီး..."
ခန်းမဆောင်ထဲတွင် ထိုင်နေသည့် ကျင့်ကြံသူတစ်ယောက်က ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားသည်။ ၎င်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့် မန္တန်တစ်ခုသဖွယ်ဖြစ်သွားပြီး သူ့အသံကြောင့် အားလုံးက လှည့်ကြည့်လိုက်ကြ၍ ‌အားလုံးနေရခက်သည်မှ အနည်းငယ်သက်သာရာရသွားသည်။

သနားစရာကောင်းသည့် ကျင့်ကြံသူမှာ အားလုံး၏ စိုက်ကြည့်ခံလိုက်ရ၍ လက်များ တုန်ယင်လာသည်။ မတော်တဆဖြင့် သူ ယခုမှဝယ်လာသည့်ဖုန်းမျက်နှာပြင်ကိုအက်သွားအောင် လုပ်လိုက်မိသည်။ အက်သွားသည့် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး သူ့နှလုံးသားကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ ခံစားသွားရသည်။

" ဘာလို့ ဂရုမစိုက်တာလဲ..."

လွင်ပြင်ဂိုဏ်းခေါင်းဆောင်က အခြေအနေနှင့် သဟဇာတဖြစ်သွားအောင်ပြုံးလိုက်သည်။
" ဖုန်းကို မြန်မြန်သိမ်းထားလိုက် ... ဒီနေ့က ကျွမ်းချင်နဲ့ ကျင့်ကြံသူဖူလီတို့ရဲ့ နေ့ကောင်းနေ့မြတ်လေ..."

( အခြားလူများ : တွေ့လား... ကျင့်ကြံသူဖူလီအကြောင်းကိုပြောဖို့ စကားလမ်းကြောင်းအမြန်ပြောင်းလိုက်လို့ရတယ်...)

" ဟုတ်သားပဲ... ကျင့်ကြံသူကျွမ်းချင်နဲ့ ဖူလီတို့က အချိန်အကြာကြီး ခွဲနေခဲ့ရတာ သူတို့အတူတူရှိနေခဲ့ဖို့ လွယ်တာမဟုတ်ဘူး... ဒီ တာအိုပေါင်းစည်းအခမ်းအနားက စည်ကားပြီးပျော်စရာကောင်းနေအောင် ငါတို့လုပ်ပေးသင့်တယ်..."
ချင်းရှောင်ဂိုဏ်းချုပ်က အလိုက်သင့် လိုက်ပြောသည်။ ထို့နောက် နဂါးမျိုးနွယ်များဘက်ကို လှည့်လိုက်သည်။
" မျိုးနွယ်ခေါင်းဆောင်တို့ရော ဘယ်လိုထင်ကြလဲ..."

( မင်းတို့က ရေနေသတ္တဝါမျိုးနွယ်တွေလေ...ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုတော့သိရမယ် ဟုတ်တယ်မလား... )

" ဂိုဏ်းချုပ်ကျောက် ပြောတာမှန်တယ်..."

ချင်ယန်းက နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။ 
" အရှင်မင်းကြီးနဲ့ ကျင့်ကြံသူဖူလီတို့ရဲ့ အချစ်က တကယ်ကို ရင်ထဲက လှိုဏ်နေအောင် ခံစားရတယ်... ကျွန်တော်တို့ ရေနေသတ္တဝါမျိုးနွယ်စုတွေအားလုံးက ‌သူတို့တွေ ထာဝရပေါင်းဖက်သွားရတာကို အရမ်းဝမ်းသာမိတယ်..."

( ချင်းရှောင်ဂိုဏ်းက စီမံခန့်ခွဲရေးဗျူရိုထဲမှာ ရာထူးကြီးတပည့်နှစ်ယောက်တောင်ရှိတာ သူတို့ ကျိန်းသေပေါက် အတွင်းသတင်းတွေ ရထားမှာပဲ...)

( အခြားမျိုးနွယ်များ : နဂါးမျိုးနွယ်စုက နှုတ်လုံလိုက်တာ...)

( နဂါးမျိုးနွယ်စု : လူသားကျင့်ကြံသူတွေများ ဟန်ဆောင်လိမ်ညာတဲ့နေရာမှာ အရမ်းကိုတော်တာပဲ...)

( အခြားကျင့်ကြံသူများ : ချင်းရှောင်ဂိုဏ်းချုပ်နဲ့ နဂါးမျိုးနွယ်စုက တစ်ခုခု သိထားတဲ့ပုံပဲ...)

နေရာတစ်ခုလုံး နေရခက်စွာဖြင့် တိတ်ဆိတ်နေပေသည်။ ' မင်း တစ်ခုခုသိတယ်ဆိုတာ ငါသိတယ် ' ၊ ' ငါမသိပေမယ့် မင်းကတော့သိနေမယ်ဆိုတာကို ကျိန်းသေပေါက် သိနေတယ် ' ဟူသော စကားများက သူတို့၏ စိတ်ထဲတွင် ပြည့်နေ၍ ကျင့်ကြံသူအားလုံး ခပ်တောင့်တောင့်ကြီးဖြင့် ပြုံးနေကြသည်။

ကောင်းကင်ယံတွင် မနက်ခင်းနေရောင်ခြည်က တဖြည်းဖြည်းတက်လာပြီး နောက်ဆုံးတွင် ကောင်းကင်အလယ်သို့ပင် ရောက်လာသည်။

လာရောက်သည့် ဧည့်သည်များ တဖြည်းဖြည်း နည်းလာချိန်တွင် ဖူလီနှင့် ကျွမ်းချင်တို့က သူတို့၏ တရားဝင် မင်္ဂလာဝတ်စုံလဲရန် ပြန်ဝင်သွားကြသည်။အတွင်းဘက်လိုင်းများမှ ဝတ်ရုံအထိ အသေးစိတ်အရာအားလုံးကို အကြီးအကဲများကိုယ်တိုင်ချုပ်ပေးထားခြင်းဖြစ်သည်။ ကျွမ်းချင်၏ခါးတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းကြိုးလေးတစ်ခုတည်းကိုသာ ဖူလီကိုယ်တိုင်ထွင်းထုပေးထားပြီး အဆောင်အင်းကွက်လည်း ထည့်သွင်းပေးထားသည်။

ငယ်စဉ်တည်းက မိစ္ဆာများ၏ တယုတယမွေးမြူခံခဲ့ရသောဖူလီမှာ ကိရိယာများကို သန့်စင်ခြင်း၊ ဆေးဖော်ခြင်းနှင့် အဆောင်အင်းကွက်ရေးဆွဲခြင်းတို့ကို တတ်ကျွမ်းနားလည်ထားသည်။ သို့ရာတွင် သူက ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားခြင်းမျိုး မဟုတ်ပေ။ သူ၏စွမ်းရည်က လက်ရှိ ကျင့်ကြံရေးလောကတွင် ထိပ်တန်းဟု သတ်မှတ်ထားနိုင်သော်လည်း ရှေးဟောင်းမဟာမိစ္ဆာများ၏ အမြင်တွင်မူ ယခုမှ ခဲတံကိုင်တတ်သော သူငယ်တန်းအရွယ်ကလေးတစ်ယောက်၏အဆင့်မျိုး ဖြစ်သည်။

သို့သော်လည်း ဖူလီက အသည်းပုံကျောက်စိမ်းကြိုးတစ်စုံကို ကိုယ်တွင် ထုဆစ်ပေးထားပေသည်။

သူ ပြန်ရောက်လာခဲ့သည့်နေ့က နှစ်သစ်၏ ပထမဆုံးရက် ဖြစ်သည်။ သူ ပန်းပွင့်ခတ်များဖြင့် ထွင်းထုထားသည့် သံတံခါးရှေ့တွင်ရပ်နေပြီး ကျွမ်းချင် သူ့ကိုတံခါးလာဖွင့်ပေးမည့်အချိန်ကို စောင့်နေသည်။

ကျွမ်းချင်က သူ့ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ တုန်ယင်နေသည့်လက်များဖြင့် တံခါးလာဖွင့်ပေးသည်။ သူက electronic lockမီးခလုတ်ကိုနှိပ်ရန်နှင့် တံခါးကို သော့ဖြင့်ဖွင့်ရန်ပါ မေ့သွားခဲ့သည်။ ခဏအကြာတွင်မှ ဘန်းခနဲအသံကြီးဖြင့် သံတံခါးကို ဖွင့်လိုက်သည်။

ကျွမ်းချင် သူ့မျက်စိရှေ့မှလူကို လက်ဆန့်ထုတ်ပြီး မထိရဲခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤနှစ်နှစ်တာ ကာလအတွင်းတွင် ဖူလီပြန်ရောက်လာပြီး ဂိတ်တံခါးရှေ့တွင်ရပ်ကာ သူ့ကိုပြုံးပြနေသည့်မြင်ကွင်းကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသောကြောင့်ပင်။ သို့ရာတွင် တစ်ကြိမ်တစ်ခါမှ ဖူလီအစစ် ပြန်ရောက်လာခြင်း မဟုတ်ခဲ့ပေ။

သူ့ လက်ဆန့်ထုတ်ပြီး ထိလိုက်သည့်အချိန်တိုင်း ဖူလီက လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

သူ့ပတ်ဝန်းကျင်မှလူများက သူ့ကို စိတ်ကစဉ့်ကလျားဖြစ်နေသည်ဟု ထင်ကြပြီး နောက်ဆုံးတွင် ကျင့်ကြံရေးလောကမှ လူတစ်ယောက်မှ ဖူလီ၏နာမည်ကို မပြောရဲကြတော့ပေ။ တစ်ရက်တွင် ရေနေသတ္တဝါ ‌မိစ္ဆာလေးတစ်ကောင်က သူ့အင်္ကျီလက်ကိုဆွဲထားကာ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးပြီး ဖူလီနှင့်အတူ မသေသွားရန် တောင်းဆိုမှ သူ ဖူလီ့နာမည်ကို ထပ်ကြားခဲ့ရသည်။

မိစ္ဆာငယ်လေး ဝမ်းနည်းပက်လက်ငိုကြွေးနေသည်ကိုကြည့်ကာ ကျွမ်းချင်၏နှလုံးသားထဲတွင် ဗလာကျင်းပြီး အေးစက်သွားသော်လည်း မနာကျင်တော့ပေ။ သူ ထို ခံစားချက်နှင့် အသားကျသွားသည်နှင့် ဆောင်းရာသီတွင် ဒဏ်ရာရနေသည့်လက်တစ်ဖက်ကို ရေခဲရေထဲ ထည့်ထားသကဲ့သို့ များများစားစား မခံစားရတော့ပေ။ 

ထိုနေ့မှစ၍ သူ အတိတ်ကအတိုင်း ပြန်လည်နေထိုင်ခဲ့သည်။ ညအိပ်ရာဝင်ခိုင်းနီးတိုင်း အိပ်ခန်းတံခါးကိုဖွင့်ထားပြီး ဧည့်ခန်းမီးများဖွင့်ထားသည့် အကျင့်ကိုသာ မပျက်မကွက်လုပ်ဆောင်ခဲ့သည်။

အကယ်၍ ဖူလီ မသေဆုံးခဲ့ပါက သူ့ကို ကျိန်းသေပေါက်လာရှာလိမ့်မည်ဟု သူ အမြဲတွေးခဲ့သည်။

တစ်နှစ်ကြာပြီးနောက် ဖူလီသေဆုံးပြီး တစ်နှစ်တိတိပြည့်သည့်နေ့တွင် မြေအောက်လောကသို့သွားရာလမ်းကိုဖွင့်ပြီး ယခုအခါ မြေအောက်လောက၏ လှေအဖြစ်သတ်မှတ်ထားသည့် ကူးတို့ကို စီးခဲ့သည်။ ဝမ့်ချွမ်းမြစ်နားမှ ဖြတ်သွားသည့်အခါ နိုင်ဟယ့်တံတားအဆုံးကို ရောက်သွားသည်။ 

နိုင်ဟယ့်တံတားတွင် ပြန်လည်မွေးဖွားရန် စောင့်ဆိုင်းနေကြသည့် ဝိညာဉ်များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် မုန့်ပေါ်၏ဘေးတွင် ပြန်လည်မွေးဖွားမှုရေကန်ထဲသို့မဝင်မီ ဝိညာဉ်တိုင်းက ခွက်တစ်လုံးယူရန်လိုအပ်သည့် စက်တန်းရှည်ကြီးလည်း ရှိနေသည်။

ဤနေရာတွင် အနက်ရောင် ဒယ်အိုးကြီးများနှင့် ဧရာမယောက်ချိုကြီးများမရှိဘဲ ထိပ်ဖျားတွင် ချိပ်ပိတ်ထားသည့် စွပ်ပြုတ် တစ်အိုးသာရှိသည်။ ၎င်းက မုန့်ပေါ်၏စွပ်ပြုတ်ဖြစ်သည်။ 

စွပ်ပြုတ်မသောက်လိုသည့် ဝိညာဉ်များကို ယင်းချိုင်များက အတင်းအကြပ်ချုပ်နှောက်ကာ စွပ်ပြုတ်တိုက်ပြီး ပြန်လည်မွေးဖွားမှုရေကန်ထဲ ပစ်ချလိုက်သည်။ လူတစ်ယောက်က ပြန်လည်မွေးဖွားပြီး ဘဝသစ်တစ်ခုသို့ ထွက်ခွာသွားရမည့်အချိန်တွင် အတိတ်ကကိစ္စများက သူတို့နှင့် လုံးဝမသက်ဆိုင်တော့ပေ။

မုန့်ပေါ်က ကျွမ်းချင်ရောက်လာသည်ကိုမြင်၍ သက်ပြင်းခပ်ဖွဖွချလိုက်သည်။ 
" အရှင်နဂါးဧကရာဇ်တွေ့ချင်တဲ့ဝိညာဉ်က ဒီကိုရောက်မလာပါဘူး..."

ကျွမ်းချင်မေးလိုသည့်ကိစ္စကို သူမ သိသော်လည်း သူမက မြေအောက်လောက၏ မုန့်ပေါ်တစ်ယောက်သာ ဖြစ်သည်။ မြေအောက်လောကတွင် မဟာမိစ္ဆာများ၏ ဝိညာဉ်များကို မထိန်းသိမ်းထားပေ။ 
ကျင့်ကြံသူဖူလီရဲ့ ဝိညာဉ်က အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတာလေ ဘယ်လိုလုပ် ဝိညာဉ်ရှိတော့မှာလဲ...

ကျွမ်းချင်ကိုယ်တိုင်က ထိုအကြောင်းကိုသိသော်လည်း လက်မခံနိုင်သည့်အတွက် သူ့စိတ်သူ လှည့်စားထားခြင်းဖြစ်သည်။

သူမ ထံမှ ထိုစကားများကို ကြားရချိန်တွင် နဂါးဧကရာဇ်၏ မျက်နှာအမူအရာက ပိုမိုဖြူဖျော့သွားသည်။ သူ မုန့်ပေါ်၏စွပ်ပြုတ်ကို ငေးစိုက်ကြည့်နေသည့်ပုံမှာ ရောင်ပြန်မြူတောင်မှ မိစ္ဆာများကို မိုးပြာနဂါးမျိုးနွယ်က သတ်ဖြတ်လိုက်သည့်သတင်းကို ပေါ်လျန်ကြားခဲ့ရစဉ်ကနှင့် တူပေသည် 

ကျွမ်းချင် ငိုချလိုက်မည်ဟု သူမ ထင်ခဲ့သော်လည်း သူ မငိုခဲ့ပေ။ 

" သရဲဈေးမှာ အဲဒီနေ့က မင်းပြောခဲ့တယ်လေ... ဒီစွပ်ပြုတ်ကိုသောက်လိုက်မယ်ဆိုရင် အတိတ်ကကိစ္စတွေကို ပြန်မှတ်မိလာမယ်ဆိုတာ ... အဲဒါအမှန်ပဲလား..."

" အမှန်ပါပဲ အရှင်မင်းကြီး သောက်ချင်လို့များလား..."
မုန့်ပေါ်က စွပ်ပြုတ်တစ်ပန်းကန်သွားယူသည်။
" ဒီစွပ်ပြုတ်သောက်မယ်ဆိုရင် ဝယ်သောက်ရမယ်လို့ ကျွန်မ အဲ့နေ့က ပြောခဲ့ပါတယ်... ဒါပေမဲ့ အရှင်ကတော့ မတူပါဘူး ... အရှင်က ငွေချေပြီးသား ဖြစ်နေပါပြီ..."

အတိတ်ဘဝတွင် ပေါ်လျန်က သူမထံမှ ကတိတစ်ခုကို သူတော်ကောင်းတရားလက်တစ်ဆုပ်စာနှင့် လဲလှယ်ခဲ့သည်။

အကယ်၍ နောက်ဘဝတွင် ဖူလီ၏ ပြန်လည်မွေးဖွားလာသူနှင့် ဆုံတွေ့ခဲ့ပါက စွပ်ပြုတ်ကိုသောက်ပြီး အတိတ်က ဖြစ်ရပ်များကို ပြန်အမှတ်ရစေချင်ခဲ့သည်။ သို့ရာတွင် ပေါ်လျန်က အတိတ်နှင့် ပစ္စုပ္ပန်ဘဝက ကွဲပြားကြောင်း မေ့သွားခဲ့သည်။ ယခုလက်ရှိ ပစ္စုပ္ပန်ဘဝမှ ပေါ်လျန်(ကျွမ်းချင်) က ထိုစွပ်ပြုတ်ကို သောက်လိုစိတ် မရှိပေ။

စွပ်ပြုတ်ပန်းကန်က ကျွမ်းချင်၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။ ကျောက်စိမ်းပန်းကန်ထဲရှိ အရောင်အဆင်းနှင့် အနံ့အရသာကင်းမဲ့သော စွပ်ပြုတ်က လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုများဖြင့် ပြည့်နေသည်။

ကျွမ်းချင် ခေါင်းခါလိုက်သည်။
" မလိုတော့ပါဘူး..."

မုန့်ပေါ် ကျွမ်းချငိကို မော့ကြည့်လိုက်သည်။

ကျွမ်းချင်က တံတားပေါ်တွင်ရပ်နေပြီး လေပြည်လေညင်းများကလည်း သူ့အင်္ကျီအနားစများကို လေထဲတွင် လွင့်နေစေသည်။
" နှုတ်ဆက်ခဲ့ပါတယ်..."

မုန့်ပေါ်က ထွက်ခွာသွားသည့် ကျွမ်းချင်၏ကျောပြင်ကိုကြည့်နေလျက် အရောင်အဆင်းနှင့် အနံ့အရသာကင်းမဲ့သော စွပ်ပြုတ်ကို ပြန်သိမ်းထားလိုက်သည်။

ဤစွပ်ပြုတ်ပန်းကန်က မည်သည့်အခါမှ မရောင်းချရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူမ တွေးနေမိသည်။

ကျွမ်းချင်က ထိုကိစ္စများကို ဖူလီ့အား မပြောပြခဲ့ပေ။ ဖူလီ ပြန်ရောက်လာပြီးနောက် မနက်ခင်းတိုင်းတွင် အိပ်ရာနိုးလာတိုင်း ကျွမ်းချင်က သူ့ဘေးတွင် ဖူလီ အိပ်ပျော်နေခြင်း ဟုတ်မဟုတ် စိုးရိမ်တကြီးဖြင့် ထကြည့်လေ့ရှိသည်။ အိပ်မက်မက်နေခြင်းမဟုတ်ကြောင်းသိမှသာ သူ စိတ်အေးလက်အေး နေနိုင်သည်။ 

" နဂါးလေးကျွမ်း..."

ဖူလီက မင်္ဂလာဝတ်စုံလဲပြီးသည့်အခါ ကျွမ်းချင်နားသို့ ရောက်လာသည်။ သူ့ဝတ်ရုံမှ အနီရောင်တောက်တောက်ကြောင့် သူ့မျက်နှာကို အနည်းငယ်ရဲတွတ်နေစေသည်။
" ငါ ကြည့်ကောင်းရဲ့လား..."

ကျွမ်းချင်က သူ့နားကိုလျှောက်လာပြီး ဖူလီ၏ ဝတ်ရုံအဖျားများကို ဆွဲဆန့်ပေးလိုက်သည်။
" အင်း အရမ်းကြည့်ကောင်းတယ်..."

ဖူလီ ပျော်ရွှင်စွာဖြင့် သူ့နှဖူးကို နမ်းလိုက်သည်။ ဖုန်းလွေ့ကျုံးဖြတ်သွားသည်ကို မြင်သောအခါ သူ အော်ပြောလိုက်သည်။

" ဦးလေးဖုန်း မင်္ဂလာအချိန် မရောက်သေးဘူးလား..."

" လောမနေနဲ့ လောမနေနဲ့... တစ်နာရီတောင် လိုသေးတာ..."

ဖူလီ သက်ပြင်းချလိုက်မိသည်။
ဘာလို့ အချိန်တွေအများကြီး ကျန်နေသေးတာလဲ...

ကျွမ်းချင် သူ့အိမ်ထောင်စုစာရင်းထဲရောက်လာဖို့ သူ မစောင့်နိုင်တော့ဘူး...