အပိုင်း ၁၈၃ (Extra -2)
Viewers 38k

Chapter 183
Extra 2 - ဖိတ်စာ


လွင်ပြင်ဂိုဏ်းအကြီးအကဲဂိုဏ်းချုပ်၏ ခြံဝင်းထဲ လျှောက်လာချိန်တွင် ဂိုဏ်းချုပ်က ဖိတ်စာတစ်စောင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေသည်အား မြင်လိုက်ရသည်။

သူ ဝင်လာသည်ကို မြင်သောအခါ ဂိုဏ်းချုပ်က ဖိတ်စာကို စားပွဲပေါ် တင်ထားလိုက်သည်။
" မင်းဆီကိုရော ရောက်လာလား..."

အကြီးအကဲ၏ မျက်နှာအမူအရာက လေးနက်သွားသည်။ သူ ဖိတ်စာကိုထုတ်လိုက်ပြီး ဂိုဏ်းချုပ်၏ရှေ့တွင်ထားလိုက်သည်။

" ဂိုဏ်းချုပ် ကျွန်တော်တို့ သွားကြမှာလား..."

လွန်ခဲ့သော ၂နှစ် နွေဦးရာသီတွင် ဟွင်းရှီတောင်၌ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဓိကဂိုဏ်းကြီးများ ရောက်လာချိန်တွင် ကျင့်ကြံသူဖူလီက သူ၏ ကျင့်ကြံဆင့်ကို လွင့်ပြယ်သွားစေပြီး အစီအရင်ကို သူ့ခန္ဓာကိုယ်ဖြင့် ဖိနှိပ်ကာ နောက်ဆုံး၌ အစီအရင်၏ အလယ်ဗဟိုတွင် ပျောက်ကွယ်သွားသည်ကို မြင်ခဲ့ရသည်။ 

အစီအရင်ထဲမှ မရေမတွက်နိုင်သည့် အလင်းတန်းများ ပျံထွက်လာသည်မှာ နွေရာသီညတွင် ပိုးစုန်းကြူးများ ထွက်ပေါ်လာသည်နှင့်ပင် တူသည်။ ၎င်းက အလွန်လှပသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ မှောင်မိုက်နေသည့်ညတွင် ထိုအလင်းမှုန်များက မျှော်လင့်ခြင်းမီးတောက်ကို မီးမြှိုက်ပေးသည့် မီးစာများ ဖြစ်ခဲ့သည်။

သူတို့အားလုံးက ထိုအလင်းမှုန်များကို တွေဝေမိန်းမောလျက် ကြည့်နေခဲ့ကြပြီး ခဏတာ ပြောစရာစကားမဲ့ကုန်ကြသည်။ တက်တက်ကြွကြွရှိသည့် တပည့်တစ်ယောက်က အချိန်အတန်ကြာသည်အထိ ကြောင်အစွာကြည့်နေခဲ့ပြီးမှ ရေရွတ်လိုက်သည်။

" အဲဒါဘာတွေလဲ..."

" သူတို့က ဝိညာဉ်တွေ... ဘာနဲ့တူလဲဆိုတော့..."
လွင်ပြင်ဂိုဏ်း၏ အကြီးအကဲက မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

" ဘာနဲ့တူလဲဆိုတော့ ဒီအစီအရင်ကို အသက်သွင်းခဲ့တဲ့ ယောင်ကျင့်ကြံသူတွေရဲ့ဝိညာဉ်တွေထင်တယ်... သူတို့တွေ လွတ်မြောက်သွားခဲ့ပြီ..."

အစီအရင်ထဲတွင် ပိတ်မိနေသော ဝိညာဉ်များက မှော်အစီအရင်၏ ဝါးမျိုခံခဲ့ရပြီး ခြေရာလက်ရာပင် ရှာမရအောင် ပျောက်ကွယ်သွားခဲ့ကာ အစီအရင်ရပ်တန့်လိုက်ချိန်တွင်လည်း ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ မဝင်ရောက်နိုင်တော့ကြောင်း ထိုဂျူနီယာကို မပြောပြခဲ့မိပေ။ 

ဖူလီက ထိုဝိညာဉ်များကို မည်သို့ အောင်အောင်မြင်မြင် လွတ်မြောက်အောင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မတွေးနိုင်တော့သကဲ့သို့ မတွေးချင်မိတော့ပေ။ သူ့အသက်အရွယ်အထိ နေထိုင်လာခဲ့သူတစ်ယောက်က စပ်စုလိုစိတ် များများစားစားလည်း မရှိတော့ပေ။ 

" ဂိုဏ်းချုပ် ကျင့်ကြံသူဖူလီက..."

သူ တိတ်တဆိတ်ဖြင့် ခေါင်းခါလိုက်သည်။ အရာအားလုံးတွင် အကြောင်းအကျိုးရှိပေသည်။
ဒီကိစ္စအတွက် တန်ရာတန်ကြေးကတော့ ပေးဆပ်ရမှာပဲ... ကျင့်ကြံသူဖူလီက...

သူ့ခန္ဓာကိုယ်ကိုသုံးပြီး မိစ္ဆာတွေကို လွတ်အောင်လုပ်ပေးခဲ့တာဆိုတော့ သူ့ခန္ဓာကိုယ်က သေဆုံးသွားပြီး‌တော့ တာအိုလည်း ပျောက်ကွယ်သွားမှာပေါ့...

ဟွင်းရှီတောင်မှ မူမမှန်သည့်ဖြစ်စဉ်ကို ဖြေရှင်းနိုင်ခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ပျော်ရွှင်မနေခဲ့ကြပေ။

ခေါင်းဆောင်ကျွမ်းက သွေးများရွှဲနစ်နေပြီး သူ့အမူအရာက အသက်မဲ့နေသည်။

ကျင့်ကြံသူဖူလီ၏ အကြီးအကဲများလည်း ထိုနေရာတွင် တွေဝေငေးငိုင်ပြီး ရပ်နေခဲ့ကြသည်။ သူတို့၏အကြည့်များကို ကျင့်ကြံသူများက အလွန်အမင်းရင်းနှီးနေခဲ့သည်။ ၎င်းက သူတို့၏ကလေးကို ရုတ်ချည်းဆုံးရှုံးလိုက်ရသော မိဘများက ငိုရန်ပင် မေ့လျော့နေခဲ့သည့် အမူအရာမျိုးဖြစ်သည်။ 

ထိုည‌တွင် လွင်ပြင်ဂိုဏ်း၏ဂိုဏ်းချုပ်က ဟွင်းရှီတောင်ပေါ်တွင် တစ်ညလုံး ရပ်နေခဲ့သည်။ မနက်ခင်း နေရောင် ပေါ်ထွက်လာပြီး တစ်လောကလုံးကို တောက်ပသည့်အလင်းရောင် လွှမ်းခြုံလာချိန်တွင်မှ သူ၏ တောင့်တင်းနေသည့်ခြေထောက်များကို လှုပ်ရှားလိုက်ပြီး မြေပြင်တွင် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ဒူးထောက်နေသည့် ခေါင်းဆောင်ကျွမ်းကို လှည့်ကြည့်လိုက်သည်။

ကျွမ်းချင်၏ ကျောပြင်ကို ကြည့်နေချိန်၌ ကျွမ်းချင်က အသက်ရှင်နေသေးသော်လည်း သေဆုံးသွားသည့်သဖွယ် သူ့ကိုယ်ထဲတွင် ဝိညာဉ်၏ အရိပ်အယောင်မျိုး မရှိတော့ဟု ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ကျွမ်းချင်က ကျင့်ကြံသူဖူလီနှင့်အတူ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့ရာတွင် ထိုအတွေးကို တွေးနေချိန်မှာပင် ကျွမ်းချင်၏ ဖုန်းမှ မနက်ခင်းအလန်းသံမြည်လာသည်။

" နဂါးလေးကျွမ်းက လောကကြီးမှာ အချောဆုံးပဲ...နဂါးလေးကျွမ်းက အလိမ္မာဆုံးပဲ...အိပ်ရာစောစောထတော့ ဖူကောမင်းကို နမ်းမယ်လေ..."

ရွှင်မြူးနေသည့် အသံထဲတွင် စနောက်ကျီစယ်မှုနှင့် ချစ်ခင်ကြင်နာမှုတို့ ပါဝင်နေသည်။ သို့ရာတွင် ဤအချိန်တွင်မူ ပျော်ရွှင်မှုက အချိန်ကောင်းတွင် ဖြစ်မနေခဲ့ပေ။

ထို့နောက် အခြားလူများ၏ရှေ့တွင် စိတ်ခံစားချက် တစ်စိုးတစ်စိမှ မပြသတတ်သော နဂါး‌ဧကရာဇ်ကျွမ်းချင်မှာ မြေပြင်တွင်ဒူးထောက်လျက် သူ့ဖုန်းကိုဖက်ကာ အသံဝင်သည်အထိ ငိုကြွေးနေခဲ့သည်။

ထို ငိုသံက မည်မျှ ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည်ကို သူ မဖော်ညွှန်းတတ်ခဲ့ပေ။ တောင်တန်းများနှင့် မြစ်ချောင်းများ တိမ်ကောသွားပြီး သူ့နှလုံးသားထဲတွင်ပါ အလွန်အကျွံအေးစက်လာသကဲ့သို့ ခံစားလိုက်ရပေသည်။

မနက်ခင်းနေရောင်က တစ်လောကလုံးကို ထွန်းလင်းပေးနေသော်လည်း ဒူးထောက်ထိုင်နေသည့် ကျွမ်းချင်၏စိတ်ကို ထွန်းလင်းမပေးနိုင်ခဲ့ပေ။

တောင်ပေါ်တွင် နေထွက်လာခြင်းကြောင့် အရိပ်ကျလာခြင်းနှင့်အတူ ကျွမ်းချင် ဝမ်းနည်းပက်လက်ဖြင့် အသံတိတ်ငိုကြွေးနေခဲ့သည့်ပုံကို သူ့မှတ်ဉာဏ်ထဲမှ ထုတ်မရခဲ့ပေ။

အလွန်ရှည်လျားသော အရိပ်က  အရိပ်ရှည်ကြီးကို ပို၍မည်းနက်သွားအောင် ပြုလုပ်နေသည်။

ကျွမ်းချင်နှင့် ဖူလီတို့အကြားမှ အချစ်ဇာတ်လမ်းက လူသားနှင့် မိစ္ဆာတို့၏ ကျင့်ကြံရေးလောကတွင် မွှေနှောက်မှုအကြီးစား ဖြစ်ခဲ့သော်လည်း ဤသို့ဖြင့် အဆုံးသတ်သွားခဲ့ရပေသည်။ ကျွမ်းချင်က အချိန်အတန်ကြာသည်အထိ အများရှေ့တွင် ပေါ်မလာခဲ့ပေ။ အချိန်အတော်အတန်ကြာပြီးသည့်နောက်တွင်မှ သူပြန်ပေါ်လာခဲ့ပြီး ကောင်းကင်ဘုံ၏တစ်ဝက်ခန့်ကို ချုပ်ကိုင်နိုင်ခဲ့သည့် ခေါင်းဆောင်ကျွမ်း ပြန်ဖြစ်သွားပုံရသည်။ 

သို့ရာတွင် မည်သူတစ်ဦးတစ်ယောင်ကမှ ယောင်ကျင့်ကြံသူဖူလီဟူသည့်နာမည်ကို မဟရဲတော့သည့်အပြင် ကျွမ်းချင်က နာကျင်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ပျော်ရွှင်ခြင်းအမူအရာတို့ ပြသသည်အား မတွေ့ရတော့ပေ။ 

သူက အသက်ရှင်နေသော်ငြားလည်း လမ်းလျှောက်နေသည့်လူသေတစ်ယောက်သဖွယ် ဖြစ်သွားသည်။ အပေါ်ယံတွင်မူ သူက ချောမောခံ့ညားနေဆဲဖြစ်၍ အပြစ်အနာအဆာ ကင်းမဲ့နေသော်လည်း လက်တွေ့တွင်မူ သူ့ခန္ဓာကိုယ်အခွံကြီးသာ ကျန်ရစ်တော့သည်။ အတွင်းတွင်ရှိသောအရာ ပျောက်ဆုံးသွားခဲ့သည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သည်။ 

ဤသို့ဖြင့် နှစ်နှစ်ကျော်ကာလကုန်ဆုံးသွားခဲ့ပြီး ကျွမ်းချင်က မည်သူတစ်ဦးတစ်ယောက်‌နှင့်မျှ မချစ်မိတော့ဟု ထင်နေသည့်အချိန်တွင် ရွှေရောင်ဖောင်းကြွစာလုံးများဖြင့် ရဲရဲတောက်နေသည့် ဖိတ်စာတစ်စောင်ကို ပို့လိုက်လေသည်။

ဖိတ်စာကိုဖွင့်လိုက်ချိန်၌ အတွင်းတွင်ရေးသားထားသည့်စာလုံးများက ပို၍ စိုးရိမ်ဖွယ်ရာဖြစ်သည်။

သတို့သား ကျွမ်းချင်နဲ့ ဖူလီတဲ့လား...

ကျင့်ကြံသူဖူလီက သေသွားပြီ မဟုတ်ဘူးလား...

[ ကျွန်တော်တို့က အချိန်တွေ၊ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကိုကျော်ဖြတ်ပြီး နောက်ဆုံးတော့ အတူရှိနိုင်ခဲ့ပါပြီ... ဘယ်တော့မှ မခွဲခွာတော့ဘဲ ထာဝရ အမြဲအတူ ရှိကြတော့မှာပါ ]

လွင်ပြင်ဂိုဏ်းမှ ဂိုဏ်းချုပ်က ဖိတ်စာပေါ်မှ ထိုစာလုံးများကို အထပ်ထပ်အခါခါ ဖတ်နေမိသည်။ နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ ကျွမ်းချင်က ရူးသွပ်သွားသည်ဟုသာ တွေးလိုက်ရတော့သည်။ ဖူလီ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က သေဆုံးသွားပြီး တာအိုကပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ 

သူ့ဝိညာဉ်လက်တစ်ဆုပ်စာတောင် ရှာ‌မတွေ့တော့တာကို သူတို့ဘယ်တော့မှ မခွဲခွာတော့ဘဲ ထာဝရ အမြဲအတူ ရှိကြဖို့ ဘယ်လိုဖြစ်နိုင်တော့မှာလဲ...

မင်္ဂလာရက်ကလည်း ဤလ ၁၈ရက်နေ့ ဖြစ်နေသည်။ သို့ဖြစ်၍ နောက်ထပ် ၈ရက်အကြာတွင် ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သော ၂နှစ်က ကျွမ်းချင်နှင့်ဖူလီ၏ မင်္ဂလာနေ့ရက်ကလည်း ထိုနေ့ပင်ဖြစ်သည်။

သတို့သားတစ်ယောက် မရှိတဲ့ မင်္ဂလာဆောင်က ဘယ်လိုလုပ် ပြီးပြည့်စုံမှာလဲ... ကျွမ်းချင်က ဒီလိုနည်းလမ်းနဲ့ ကျင့်ကြံသူဖူလီနဲ့ အတူနေဖို့ တွေးလိုက်တာလား...

" ဂိုဏ်းချုပ်... ခေါင်းဆောင်ကျွမ်းက..."

လွင်ပြင်ဂိုဏ်း၏ အကြီးအကဲက ကျွမ်းချင်ရူးသွားလားဟု မေးလိုသော်လည်း သူ ဆက်မပြောရဲပေ။ သူတစ်ယောက်တည်းသာမက ဖိတ်စာကို လက်ခံရရှိသည့် အခြားသော လူသားကျင့်ကြံသူများနှင့် ယောင်ကျင့်ကြံသူများလည်း ထိုသို့သာတွေးနေကြသည်။

လွန်ခဲ့သော ၂နှစ်ခန့်က ဖြစ်ပေါ်ခဲ့သည့် ကပ်ဘေးကြီးတွင် ကျင့်ကြံသူဖူလီက သူ့ဘဝနှင့် ကျင့်ကြံဆင့်တို့ကို စတေးပြီး လောကကြီးကိုကယ်တင်ခဲ့ပေသည်။ ယခုလက်ရှိအချိန်၌ ကျင့်ကြံရေးလောကနှင့် လူသားလောက၏ ငြိမ်းချမ်းမှုတို့က ဖူလီ၏ အရိုးစုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်၍ သူတို့ ထိုစကားများကို အလွယ်တကူမပြောရဲကြပေ။

" သွား...  တန်ဖိုးကြီးလက်ဖွဲ့တွေ ပြင်ထားလိုက်..."

လွင်ပြင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဖိတ်စာကို ပိတ်လိုက်သည်။
" ငါတို့ မင်္ဂလာပွဲကိုသွားကြမယ်ဆို အားလုံးက ပြောသင့်မပြောသင့်တဲ့စကားတွေကို ခေါင်းထဲမှတ်ထားကြပါ..."

တစ္ဆေမင်္ဂလာဆောင်ဆိုလည်း တစ္ဆေမင်္ဂလာဆောင်ပေါ့လေ... ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံရေးလောကမှာ လွတ်လွတ်လပ်လပ်ချစ်ခွင့်ရှိတာပဲ... 

ကျွမ်းချင်ထံမှ ဖိတ်စာလက်ခံရရှိထားသော နဂါးမျိုးနွယ်စုဝင်များက အခြားလူများထက်ပို၍ စိတ်ရှုပ်ထွေးနေကြသည်။ ကျွမ်းချင်၏ နဂါးမျိုးနွယ်စုနှင့် အခြေအနေက ခပ်တန်းတန်းဖြစ်သော်လည်း သူ၏ တာအိုပေါင်းစည်းအခမ်းအနားတွင် ပါဝင်ရန် ဖိတ်ကြားခံရသဖြင့် သူတို့ အလွန်အမင်းဝမ်းသာပျော်ရွှင်နေကြသည်။ သို့ရာတွင် တစ်ဖက်မှ သတို့သားနာမည်က ဖူလီဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ဝမ်းမြှောက်မှုများက ကူကယ်ရာမဲ့မှုအဖြစ် ပြောင်းလဲသွားသည်။ 

နဂါးဧကရာဇ်က သာမန်လူသားတစ်ယောက်ကို သူ့ရဲ့တာအိုလက်တွဲဖော်အဖြစ် ရွေးမယ်ဆိုရင်တောင် ဘာမှမပြောရဲကြပါဘူး... ဒါပေမဲ့ ကျင့်ကြံသူဖူလီက သေသွားပြီမလား... 

သေသွားတဲ့မိစ္ဆာနဲ့ လက်ထပ်တဲ့အပြင် မင်္ဂလာရက်ကလည်း လွန်ခဲ့တဲ့ ၂နှစ်က မအောင်မြင်ခဲ့တဲ့ မင်္ဂလာပွဲရက်နဲ့ အတူတူပဲဆိုတော့ ဘာကိုဆိုလိုချင်တာလဲ...

တစ္ဆေမင်္ဂဆောင်လား...

ပြီးတော့ ‌တစ္ဆေမင်္ဂလာဆောင်ဆိုတာ လူသားလောကမှာပဲ လုပ်လေ့လုပ်ထရှိတာမျိုးမလား... ကျင့်ကြံသူဖူလီရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က သေသွားပြီး တာအိုက ပျောက်ကွယ်သွားပြီလေ... အရှင်မင်းကြီး သူ့ကိုသတိရလွန်းလို့ ရူးသွားတာများလား...

သို့သော် နဂါးမျိုးနွယ်ကစုဝေးပြီး အချိန်အတန်ကြာသည်အထိ ဆွေးနွေးနေခဲ့ကြသော်လည်း နဂါးတစ်ကောင်မှ ထိုစကားကို မပြောရဲခဲ့ပေ။ 

ကိုယ် တကယ်ချစ်ရတဲ့သူကို ဆုံးရှုံးသွားပြီးတော့ နေထိုင်နေရတဲ့ နေ့ရက်တွေက အရမ်းနာကျင်ရမှာပဲလေ...

တကယ်လို့ ဒါကသာ အရှင်မင်းကြီးကို နည်းနည်းပိုပျော်စေမယ်ဆိုရင် သူတို့နဂါးမျိုးနွယ်က ဘာမှ ဝင်မပြောကြမယ့်အပြင် ပြောလည်းမပြောရဲကြပါဘူး...

လူသားများအားလုံးနှင့် ကျင့်ကြံရေးလောကတစ်ခုလုံးက ဖူလီ့အပေါ် ကံကြမ္မာဝဋ်ကြွေး ကျေးဇူးကြွေးတင်နေသည်။ သူ သေဆုံးသွားပြီးချိန်တည်းက ထိုကံကြမ္မာဝဋ်ကြွေးက သူ၏ လက်တွဲဖော်ကျွမ်းချင်အတွက် အမွေအနှစ်တစ်ခုဟု သတ်မှတ်ခံခဲ့ရသည်။

မည်သူကမှ ဤကိစ္စနှင့် ပတ်သက်ပြီး မသင့်တော်သည့်စကားများ မပြောရဲကြပေ။ဘ

ရေနေသတ္တဝါမျိုးနွယ် ‌ယောင်ကျင့်ကြံသူများက ဤတာအိုပေါင်းစည်းအခမ်းအနားကို တက်ရောက်ကြမည်သာမက နဂါးဧကရာဇ်၏ လက်ထပ်ပွဲဖြစ်သည့်အတွက် အဆင့်အမြင့်ဆုံးသော လက်ဖွဲ့များကို ပြင်ဆင်သွားမည်ဖြစ်သည်။ အချိန်က တိုတောင်းသောကြောင့် ရတနာများများစားစားကို မရှာဖွေနိုင်သောကြောင့် သူတို့၏သက်ဆိုင်ရာ နဂါးနန်းတော်များရှိ ရတနာခန်းများမှ အဖိုးတန်ပစ္စည်းများကို လက်ဖွဲ့အဖြစ် ပေးအပ်ကြမည်ဖြစ်သည်။

" အကြီးအကဲချင်ယန်း... ဒါ ကျွန်တော်တို့ပြင်ဆင်ထားတဲ့ လက်ဖွဲ့စာရင်းပါ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး..."
ကွေရှန့်က လက်ဖွဲ့စာရင်းကို ချင်ယန်း၏လက်ထဲထည့်လိုက်သည့်အခါ ချင်ယန်းက ခေါင်းခါလိုက်သည်။ 
" နည်းသေးတယ် ထပ်ဖြည့်လိုက်ဦး..."
 
" ဒါပေမဲ့ ဒါတွေက ကျွန်တော်တို့ မိုးပြာနဂါးမျိုးနွယ်ရဲ့ အခမ်းအနားလက်ဆောင်တွေထဲမှာ အဆင့်အမြင့်ဆုံးပစ္စည်းတွေပါတဲ့ စာရင်းပါပဲ..."

ကွေရှန့် အနည်းငယ် စိုးရိမ်သွားမိသည်။ မျိုးနွယ်တွင်းမှ ချမ်းသာသူများပင်လျှင် ယခုအခါ ရတနာများပိုလျှံနေခြင်း မရှိတော့သည့်အတွက် ဤသို့လက်ဖွဲ့အများအပြားပေးပို့မည်ဆိုပါက မိုးပြာနဂါးမျိုးနွယ်၏ ရတနာတိုက်လည်း ပြောင်သွားနိုင်သည်။

" ကျင့်ကြံသူဖူလီကြောင့်သာမဟုတ်ရင် ငါတို့တွေ ဒီနေရာမှာထိုင်ပြီး ငါတို့လက်ဖွဲ့တွေရဲ့ အဆင့်အတန်းအကြောင်းကို ဆွေးနွေးနေနိုင်မှာတောင် မဟုတ်ဘူး..."

ချင်ယန်း၏ အမူအရာက တည်ကြည်လေးနက်နေသည်။ ကောင်းကင်ဘုံမိုးကြိုးက သူ့ကို မသန်စွမ်းဖြစ်အောင်လုပ်လိုက်ခြင်း၊ ကျွမ်းချင် နဂါးဧကရာဇ်ဖြစ်လာခြင်းနှင့် ဖူလီက ကျင့်ကြံရေးလောကနှင့် လူသားလောကအတွက် အသက်ကို စတေးလိုက်ခြင်းစသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ပြီးသည့်နောက်တွင် သူတို့၏နဂါးမျိုးနွယ်မှ တစ်ယောက်ချင်းစီတိုင်း၏ စိတ်အခြေအနေက နူးညံ့ပျော့ပျောင်းလာခဲ့သည်။

အတိတ်တွင်မူ သူက နိုင်ငံ့ကံကြမ္မာနဂါးမဖြစ်ခဲ့သောကြောင့် မကျေမနပ်ဖြစ်ခဲ့မိပေသည်။ သို့ရာတွင် ဖူလီနှင့် ကျွမ်းချင်တို့၏လုပ်ရပ်ကို မြင်ပြီးသည့်အခါ သူက လူသားလောကအတွက် ဤမျှအထိ မစွန့်လွှတ်နိုင်သည့်အပြင် မည်သို့သောအခါမှ နိုင်ငံ့ကံကြမ္မာနဂါးတစ်ကောင် ဖြစ်မလာနိုင်ကြောင်း သဘောပေါက်ခဲ့သည်။

ထိုနဂါး၏ ကံကြမ္မာအတက်အကျက နိုင်ငံ့ကံကြမ္မာနှင့် ချည်နှောင်ထားခြင်းဖြစ်၍ သူက ထိုသို့ကြီးလေးသောတာဝန်ကြီးတစ်ရပ်ကို မယူရဲသည့်အပြင် ထိုဂုဏ်ပုဒ်ကို ရရှိရန်လည်း ကံကြမ္မာမဖန်ခဲ့ပေ။ 

" ကျွန်တော် သဘောပေါက်ပါပြီ..."
ချင်ယန်းက ဆုံးဖြတ်ချက်ချထားကြောင်း သိလိုက်သည့်အခါ ကွေရှန့်က ဤကိစ္စအကြောင်း ထပ်မပြောတော့ပေ။ သူ လက်ဖွဲ့စာရင်းကို ပြန်ယူလိုက်သည်။

" ကျွန်တော် အခုချက်ချင်းပဲ သွားပြင်လိုက်ပါ့မယ်..."

သူ ရတနာတိုက်ထဲသွားပြီး ဘာတွေထပ်ပေးလို့ရမလဲ ရှာကြည့်ရမယ်...

.....

၃လပိုင်း ၁၈ရက်နေ့က မင်္ဂလာဆောင်ရန်၊ ‌အိမ်ပြောင်းရန်နှင့် စီးပွားရေးအသစ် စတင်ရန် သင့်တော်သည့် နေ့ရက်ဖြစ်သည်။ အရာအာလုံးက ဤနေ့ရက်တွင် အဆင်ပြေပြီးအောင်အောင်မြင်မြင် ဖြစ်မြောက်နိုင်ပေသည်။

ယခင်က ဧည့်သည်တစ်ဦးတစ်ယောက်ကိုမှ မကြိုဆိုခဲ့သော လွင့်မျောနန်းတော်က ၎င်း၏ ပင်မတံခါးများကို ဖွင့်ထားသည်။ မှော်ကိရိယာများဖြင့် ဖန်တီးထားသည့် မရေမတွက်နိုင်သော အစေခံများစွာက ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသည်။ လွင့်မျောနန်းတော်အတွင်းတွင် ပန်းပွင့်ပေါင်းစုံ ဖူးပွင့်နေပြီး ကောင်းကင်ဘုံတေးဂီတသံလည်း လေထဲတွင် ပျံ့လွင့်နေသည်။ အကယ်၍ သာမန်လူသားတစ်ယောက် ဤနေရာသို့ မတော်တဆဝင်လာမိပါက ဒဏ္ဍာရီလာကောင်းကင်ဘုံနန်းတော်ဟု ထင်သွားနိုင်ပေသည်။ 

မနက်‌ခင်းနေရောင်ခြည်က လွင့်မျောနန်းတော်ပေါ် ဖြာကျနေ၍ နန်းတော်တစ်ခုလုံး မျက်စိကျိန်းလုမတတ် ရွှေရောင်တလက်လက် တောက်ပနေသည်။

မင်္ဂလာပွဲသို့ လာရောက်ကြသည့် ဧည့်သည်များက တိမ်တိုက်များ‌စီးလျက် လာနေစဉ်တွင် နန်းတော်၏လှပမှုကို စိတ်ထဲ၌ မချီးကျူးပဲ မနေနိုင်ကြတော့ပေ။ ပြန်လည်ပြင်ဆင်ထားသည့်နန်းတော်နှင့် အတွင်းဘက်မှ ထူထပ်သိပ်သည်းလှသော အစီအရင်များက ရှေးမဟာမိစ္ဆာများ၏ မှော်ကိရိယာများဖြင့်ဖန်တီးထားကြောင်း ထင်ရှားပေသည်။

ဖူလီ၏ အကြီးအကဲများက နာမည်ကျော်မင်္ဂလာသားရဲများဖြစ်သည့် ဖုန်းဟွမ်၊ ပိုင်ဇယ်၊ တန့်ကန်းနှင့် ဟင်္သာပြဒါးငှက်တို့ဖြစ်ကြောင်း သိပြီးသည့်အခါ ကျင့်ကြံရေးလောကတစ်ခုလုံးက ဖူလီ့ကိုလည်း မင်္ဂလာသားရဲဟု ခိုင်မာစွာသတ်မှတ်ထားလိုက်တော့သည်။ ထိုသို့မဟုတ်ပါက ကြီးကျယ်မြင့်မြတ်သော လုပ်ဆောင်ချက်ကြီးတစ်ခုကိုလည်းလုပ်နိုင်ခဲ့မည်မဟုတ်ပေ။

ပင်မဂိတ်တံခါးဝတွင် သတို့သားကို မတွေ့ရသော်လည်း ဧည့်သည်များက မည်သို့မှ မထင်ကြပေ။ သူတို့အားလုံးက တန်ဖိုးကြီးမားသည့် ဂုဏ်ပြုလက်ဖွဲ့များယူလာကြပြီး တစ်‌ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်နေကြသည်။
သူတို့ရဲ့ အမူအရာတွေက ပျော်နေသင့်တာလား... ခပ်တည်တည်ပဲ နေနေသင့်တာလား...

အရမ်းပျော်‌ပြနေရင်လည်း မသင့်တော်ဘူး... ဒါပေမဲ့ အရမ်းတည်လွန်းနေရင်လည်း မကောင်းဘူးလေ...

ကံကောင်းသည်မှာ သူတို့ကိုအပြုံးများဖြင့် ကြိုဆိုဧည့်ခံနေသူတစ်ယောက်ရှိပေသည်။ ထိုလူက အားလုံးသိကြသော စီမံခန့်ခွဲရေးဗျူရိုမှ ဌာနခေါင်းဆောင်ချူးယွီဖြစ်သည်။ သူက ခေါင်းပြောင်ကြီးဖြင့် အလွန်တောက်ပစွာပြုံးနေသည်မှာ ယနေ့က နှစ်တစ်သောင်းတွင် တစ်ကြိမ်သာ ကြုံတွေ့ရတတ်သည့်နေ့ရက်ကောင်းတစ်ရက်ဟုပင် ထင်ရပေသည်။ အားလုံးက ထိုအခါမှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့သည်။

ဤချူးယွီက ကျွမ်းချင်၏အနားတွင် နှစ်ပေါင်းများစွာနေခဲ့သူဖြစ်သည်။ ထိုလူကိုယ်တိုင်က ဧည့်သည်အားလုံးကို အားပါးတရပြုံးပြနေခြင်းဖြစ်၍ သူတို့လည်း အနည်းငယ်ပျော်ရွှင်သည့်အမူအရာမျိုး ပြသသင့်ပေသည်။

အတွင်းတံခါးများသို့ ဖြတ်ကျော်ပြီးဝင်လာသည့်အခါ ကျွမ်းချင်က ခမ်းနားထည်ဝါသော မင်္ဂလာဝတ်စုံကိုဝတ်ပြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပုံမှန်အချိန်တွင် မည်သည့်ခံစားချက်မျိုးမှမရှိသည့် သူ၏မျက်နှာထက်တွင် နွေးထွေးသောအပြုံးတစ်ပွင့် ရှိနေသည်။

" ကျွန်တော်ကျွမ်းချင်ရဲ့ တာအိုပေါင်းစည်းအခမ်းအနားကနေ ကြိုဆိုပါတယ် ကျေးဇူးပြုပြီး ဝင်လာကြပါ..."

ကျွမ်းချင် ဤသို့ပြုံးနေခြင်းမှာ သူ၏ စိတ်ခံစားချက်တို့ပျောက်ဆုံးသွားပြီး ကျင့်ကြံသူဖူလီ ဤလောကထဲတွင် မရှိတော့သည့်အချက်ကို မေ့သွားသည်ဟု အားလုံးက တွေးနေကြသည်။

မည်သူကမှ ထူးထူးဆန်းဆန်းမပြုမူရဲကြဘဲ အားပါးတရပြုံးလိုက်ကာ ကျွမ်းချင်၏ တာအိုပေါင်းစည်းအခမ်းအနားကို ဂုဏ်ပြုနေကြသည်။ ' ဘယ်တော့မှ မခွဲခွာရဘဲ ထာဝရ အတူရှိနေနိုင်ကြပါစေ' ဟူသည့်စကားကိုမူ ကျယ်လောင်စွာမပြောရဲကြပေ။ ၎င်းက ကောင်းချီးပေးခြင်းမျိုးမဟုတ်ဘဲ ကျွမ်းချင်၏နှလုံးသားကို ဓားဖြင့်စိုက်နေသကဲ့သို့သာ ဖြစ်သွားနိုင်သည်။

လေထုအခြေအနေက အနည်းငယ်နေရခက်နေစဉ်တွင် တစ်စုံတစ်ယောက်က စင်္ကြန်နောက်မှ လှမ်းအော်ပြောလိုက်သည် 

" နဂါးလေးကျွမ်း ဧည့်သည်တွေက အစောကြီးရောက်နေပြီလား..."

အမ် အမ် အမ်...

လူသားလောက၏ အသံတုနည်းပညာက အတော်အတန် တိုးတက်လာသည်ဟု ထင်လိုက်မိသည်။ သူတို့နားထဲတွင် ထိုအသံက ကျင့်ကြံသူဖူလီကိုယ်တိုင် ‌စကားပြောလိုက်သည့်အသံနှင့် တူလွန်းလှသည်။

ထိုအသံကိုကြားချိန်တွင် ကျွမ်းချင်၏ မျက်နှာထက်မှ နွေးထွေးသော အပြုံးက ပိုမိုတောက်ပလာသည်။

ကြည့်ရတာ သူတကယ်ရူးသွားပြီထင်တယ်...

သူတို့ရင်ထဲတွင် ဝမ်းနည်းပက်လက်ဖြင့် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချလိုက်မိကြသည်။ ထိုအခိုက်အတန့်တွင် သူတို့ မည်သည့်အမူအရာမျိုးထားရမည်ကို မသိတော့ဘဲ သူတို့၏ကိုးရို့ကားယားဖြစ်နေသည့် အမူအရာများကို ကျွမ်းချင်မမြင်စေရန် စင်္ကြန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

သို့ရာတွင်...

စင်္ကြန်လမ်းဘက်မှာရပ်နေတဲ့ ကျင့်ကြံသူဖူလီရဲ့ပုံကရော အဆင့်မြင့်နည်းပညာနဲ့ ပုံရိပ်ယောင်လိုမျိုး လုပ်ထားတာပဲလား...

ဘာလို့ သူက တကယ့်လူအစစ်နဲ့ တူနေရတာလဲ...

နဂါးဧကရာဇ်ကျွမ်းချင် မပြောနဲ့ သူတို့တောင်မှ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျင့်ကြံသူဖူလီလို့ ထင်သွားမိတယ်...