Chapter 182
Extra 1 - တံခါးဖွင့်ခြင်း
ဖူလီက သတ္တိရှိသော ယောင်ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ပေ။ အသက် ၅၀၀ခန့်တွင် ဖေးယီကြောင့် ကြောက်လန့်ခဲ့ရပြီး သူ့စိတ်ထဲတွင် အမွေးအမျှင်မရှိသည့် ပြောင်ချောချောသတ္တဝါများကို ကြောက်စိတ်ဖြစ်ပေါ်လာခဲ့သည်။
သူက သေခြင်းတရားနှင့် ခွဲခွာခြင်းဟူသည့်အရာများကို အလွန်ကြောက်သည်။
ရောင်ပြန်မြူတောင်ပေါ်မှ အကြီးအကဲများ၏ အသွင်အစစ်ကို သိမြင်ပြီးသွားချိန်တွင်လည်း သူ့ကိုယ်သူ အထင်ကြီးလောက်စရာကောင်းသည့် မင်္ဂလာသားရဲဟု ထင်ခဲ့မိသည်။
သို့ရာတွင် သူ့မျက်နှာသို့လာစင်သော နှလုံးသားသွေးနှင့် အကြီးအကဲပိုင်ဇယ်ထံမှ မင်္ဂလာအလင်းတန်းက သူ့ကို လောင်ကျွမ်းလုနီးပါး ဖြစ်စေခဲ့သည့်အခါမှ အမြင်မှန်ရသွားခဲ့သည်။ သူက မင်္ဂလာသားရဲမဟုတ်ဘဲ မကောင်းဆိုးဝါးသားရဲဖြစ်နေရုံသာမက လောကကြီးကိုပါ ပျက်စီးမှုများ ယူဆောင်လာပေးသည့် ဒဏ္ဍာရီလာ မိစ္ဆာဧကရာဇ်ဖြစ်နေသည်။
သူ မသေချင်သေးဘူး... အသက်ရှည်ရှည်နေချင်သေးတယ်... ကျွမ်းချင်နဲ့လည်း တာအိုပေါင်းစည်းအခမ်းအနားလုပ်ချင်သေးတယ်... ကျင့်ကြံရေးလောကတစ်ခုလုံးက မနာလိုဖြစ်ရလောက်အောင်လှတဲ့ အခမ်းနားဆုံး အလှပဆုံးပွဲတက်ဝတ်စုံကိုလည်း ဝတ်ချင်သေးတယ်...
ဒါပေမဲ့ သူ မသေဘူးဆိုရင် လူပေါင်းများစွာက သေကြရတော့မှာ... အကြီးအကဲပိုင်ဇယ်၊ အစ်မကျူးယွဲ့နဲ့ နဂါးလေးကျွမ်းတို့ရော...
ကျွမ်းချင်၏ရင်ဘတ်ကို ရိုက်ထုတ်လိုက်ချိန်တွင် သူက ရုပ်ရှင်ဇာတ်လမ်းများထဲတွင် လောကကြီး၏ကောင်းကျိုးအတွက် အသေခံပေးကြသော သူရဲကောင်းများနည်းတူ ခံ့ညားနေသည်ဟု တွေးလိုက်မိသေးသည်။
ဟို့က လောကကြီး၏ ခံစားချက်ခုနစ်ပါးနှင့် တောင့်တမှုခြောက်မျိုးတို့ကြောင့် မွေးဖွားလာခဲ့ရခြင်းဖြစ်ပြီး ထိုအရာများကြောင့်လည်း သေဆုံးသွားနိုင်ပေသည်။
သူ၏ မူရင်းသွင်ပြင်က ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားသည်ဟု ကျွမ်းချင်ကို ဤတစ်ကြိမ်တွင် ပြောပြချင်ခဲ့သည်။ ကံကောင်းသည်မှာ ဤတစ်ကြိမ်တွင်မူ သူ၏မူရင်းသွင်ပြင်သို့ ပြောင်းနိုင်ခဲ့ပြီး သူ့အမွေးများက နီရဲမနေဘဲ နှင်းပွင့်သဖွယ် ဖြူဖွေးနေခဲ့သည်။
သူကိုယ်တိုင်က "ဟို့" ဖြစ်နေခဲ့ကြောင်း သိပြီးချိန်တွင် အဘယ့်ကြောင့် မျိုးနွယ်စု၏ အမွေအနှစ်ကို မပိုင်ဆိုင်ရခြင်းကို သိချင်နေခဲ့မိသည်။ သူက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြောင့် မေးဖွားလာခဲ့သော်လည်း အဘယ့်ကြောင့် ခွန်းဖမ်ကဲ့သို့ မွေးရာပါစွမ်းရည် မရှိနေခဲ့ရခြင်းကို မသိနိုင်ခဲ့ပေ။
ယခုအချိန်မှ သူ သဘောပေါက်သွားခဲ့သည်။ သူက ထိုစွမ်းရည်များ မရှိခဲ့ခြင်းမဟုတ်ဘဲ သူ အေးအေးချမ်းချမ်း နေနိုင်ရန်အတွက် ရောင်ပြန်မြူတောင်ပေါ်မှ အကြီးအကဲများက ထိုစွမ်းရည်များကို ချိပ်ပိတ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏အကြီးအကဲများက မည်မျှပင် ကြိုတင်စီမံထားသည်ဖြစ်စေ ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာကို မပြောင်းလဲနိုင်ကြောင်း ကောင်းကင်ဘုံက အာဏာပြခဲ့သည်။ သို့ဖြစ်၍ မိမိထံတွင်ရှိသည့် စွမ်းရည်များကို သိရှိခြင်းကလည်း အမြဲတမ်းကောင်းနေသည် မဟုတ်ပေ။ မိစ္ဆာတစ်ကောင်က အနည်းငယ်ပို၍ ရှုပ်ထွေးစွာနေခြင်းက ပိုကောင်းပေသည်။
ဟို့၏ဝိညာဉ်က ကြောက်ခမန်းလိလိ စိတ်ဆန္ဒခွန်အားမျိုးဖြစ်သည်။ သူ အစီအရင်၏ အလယ်ဗဟိုထဲ ခုန်ချသွားပြီးနောက် သူ၏ စိတ်ဝိညာဉ်ပင်လယ်ကို လွှတ်ထုတ်ပေးလိုက်ကာ မိစ္ဆာမျိုးနွယ်စု၏ အနာကျင်ရဆုံးဒုက္ခများကို ခံစားခဲ့သည်။
အကြီးအကျယ်သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း၊ အမုန်းတရား...
သူတို့က လူသားများ၊ အခြားကျင့်ကြံသူများနှင့် သူတို့ကို စွန့်ပယ်ခဲ့သော မိစ္ဆာဧကရာဇ်ဖြစ်သည့်သူ့ကို မုန်းတီးနေခဲ့ပေသည်။
သူတို့အားလုံးက ဤကောင်းကင်နှင့် ကမ္ဘာမြေမှ ပျောက်ကွယ်သွားရတော့မည်ဖြစ်၍ သူတို့၏သစ္စာဖောက်ဧကရာဇ်ကိုပါ အတူတကွ ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။ ထိုအခါမှသာ သူတို့၏အမုန်းတရားများ ပြေလျော့သွားနိုင်ပေမည်။
သူ သေရမည့်နည်းလမ်းက အလွန်မခမ်းနားနေဟု ဖူလီတွေးလိုက်မိသည်။
ဖူလီ့အတွက်မူ ဗီလိန်များနှင့် အကြိမ်ငါးရာခန့် တိုက်ခိုက်ခြင်းနှင့် ပင်လယ်ပြင်ကို သွေးများဖြင့်ပြည့်နေအောင် ပြုလုပ်ခြင်းက သူရဲကောင်းတစ်ယောက်၏ အပြုအမူနှင့် ပိုတူပေသည်။ သူ မိစ္ဆာဧကရာဇ်ဖြစ်ရသည်မှာ တစ်ညပင် မရှိသေးသော်လည်း သူ့လူများ၏ ပစ်ပယ်ခံလိုက်ရပြီဖြစ်သည်။
ဘယ်လိုတောင် သနားစရာကောင်းတာလဲ...
သူ၏ ဝိညာဉ် ကွယ်ပျောက်သွားတော့မည့် နောက်ဆုံးအချိန်၌ စိတ်ထဲကို အတွေးတစ်ခု ရောက်လာသည်။သူ မျက်လုံးဖွင့်ပြီး ကျွမ်းချင်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ သို့ရာတွင် ယောင်ကျင့်ကြံသူများ၏ ဒေါသထွက်နေသည့် ဝိညာဉ်များနှင့်အတူ ဖြည်းညင်းစွာဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်နေသော ဒြပ်စင်ငါးခု၏အလယ်တွင် ပျောက်ကွယ်နေသည့် ဝိညာဉ်များကိုသာ မြင်လိုက်ရသည်။
လေနှင့်အတူ ပါလာသော စူးခနဲအော်ဟစ်သံများနှင့် ငိုယိုနေသံများစွာက သူ့နားထဲ ဝင်ရောက်လာသည်။ အစီအရင်အတွင်းမှ နှိပ်စက်ခံနေရသည့် ဝိညာဉ်များကိုကြည့်ပြီး လက်အမူအရာအချို့ကို ဆက်တိုက်ပြုလုပ်လိုက်သည်။
" မိစ္ဆာဧကရာဇ်ရဲ့ ဘဝနဲ့တိုင်တည်ပြီးတော့ အပြစ်ကင်းတဲ့ မိစ္ဆာလေးတွေကို ငါအမိန့်ပေးမယ်... ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့နောက်ကိုပြန်လိုက်ပြီး ပြန်လည်မွေးဖွားမှုစက်ဝန်းထဲကို ပြန်သွားကြပါ..."
မိစ္ဆာများမှာ အပြစ်ကင်းမဲ့ကြသည့်အပြင် သူတို့၏ မွေးဖွားလာခြင်းကလည်း လျှို့ဝှက်ဆန်းကြယ်ကြသည်။ သူတို့က ကိစ္စအနည်းငယ်ခန့်ကိုသာ သိမြင်ပြီး သေဆုံးသွားကြရလေသည်။ သူတို့၏ ထွက်ခွာလုဆဲဆဲဝိညာဉ်များကိုပင် ကျို့ယင်းကဲ့သို့သော မဟာမိစ္ဆာက အလွတ်မပေးခဲ့ပေ။
အကယ်၍ သူတို့ ပြန်လည်မွေးဖွားမှုစက်ဝန်းထဲ ဝင်ရောက်နိုင်ပြီး မပျောက်ကွယ်သွားပါက ပိုကောင်းပေမည်။
အရာအားလုံးပြီးမြောက်သွားသည့်အခါ ဖူလီက ဝေဝါးပြီး ချိနဲ့နေသော အရိပ်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။ သူ မြေပြင်ပေါ်လှဲနေလျက် အချင်းတစ်မီတာ အကွာအဝေးပင် မရှိတော့သည့် အစီအရင်၏ အလယ်ဗဟိုကို ကြည့်နေလိုက်သည်။ ကြယ်များက တိမ်တိုက်များကြားထဲမှ တိုးဝှေ့ထွက်လာကြသည်။
......
ယနေ့ညတွင် ကြယ်များက အလွန်လှပနေသည်။
အိမ်တစ်လုံးထဲတွင် အိပ်မပျော်သေးသည့် ကလေးမလေးတစ်ယောက်က အိပ်ရာမှ ထလာပြီး ဇာတ်လမ်းတွဲကြည့်နေကြဆဲဖြစ်သည့် သူမ မိဘများကို ပြောလိုက်သည်။
" မေမေ အပြင်ဘက်က ကောင်းကင်ကြီးက အရမ်းမှောင်နေတယ် သမီး အိပ်မပျော်ဘူး..."
ကလေးမလေး၏ အမေဖြစ်သူက သူမရှိရာသို့ လျှောက်လာပြီး သူမခေါင်းကိုပွတ်ပေးလိုက်သည်။
" ဒါဆို ခေါင်းကိုင်ဖေဖေကို ကန်တော့ကြမယ်လေ... ခေါင်းကိုင်ဖေဖေက အရမ်းစွမ်းအားကြီးတာ... သူ့ကိုကန်တော့လိုက်မယ်ဆိုရင် ကျိန်းသေပေါက် အိပ်ပျော်သွားလိမ့်မယ်..."
" ဟုတ်..."
ကလေးမလေးက ခေါင်းညိတ်လိုက်သည်။ သူမ ဧည့်ခန်း၏အလယ်ကိုသွားပြီး ဒူးထောက်ကာ တရိုတသေဖြင့် အသက်ရှည်ကျောက်တိုင်ကို ကန်တော့လိုက်သည်။ သူမ ကြောက်လန့်မှုကြောင့် ဝိညာဉ်လွင့်သွားခဲ့သော်လည်း ဖူလီပြန်ခေါ်လာသောကြောင့် ပြန်ရောက်လာချိန်မှစ၍ သူမ မိသားစုက ဖူလီ့အတွက် ကျောက်တိုင်တစ်ခု ပြုလုပ်ပေးထားခဲ့သည်။ ထို့နောက် ကလေးမလေး အကျင့်ဖြစ်သွားစေရန် "ခေါင်းကိုင်ဖေဖေ"ဟု ခေါ်စေခဲ့သည်။
ဖူလီက သူမကိုချီထားပြီး မြစ်များနှင့် လမ်းများကိုကျော်ဖြတ်ကာ နောက်ဆုံးတွင် သူမ မိဘများထံ ပို့ပေးခဲ့သည်ကို သူမ မှတ်မိနေသေးသည်။ သို့ဖြစ်၍ သူမကို ဖူလီပေးခဲ့သည့် အကာအကွယ်အဆောင်အင်းစာရွက်ကိုပွတ်ပြီး အသက်ရှည်ကျောက်တိုင်ကို ရိုသေစွာရှိခိုးလိုက်သည်။
" ခေါင်းကိုင်ဖေဖေ သမီးကို ဒီညအိမ်မက်ကောင်းကောင်းလေးတွေမက်အောင် ကောင်းချီးပေးပါဦး... အမ်း ခေါင်းကိုင်ဖေဖေလည်း အိမ်မက်ကောင်းကောင်းမက်ပါစေ... ကောင်းကောင်းအိပ်နိုင်ပြီး လူဆိုးတွေနဲ့လည်း မတွေ့ပါစေနဲ့..."
ခေါင်းကိုင်ဖေဖေက အရမ်းစွမ်းအားကြီးတာပဲ ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး...
" ဘာပဲဖြစ်ဖြစ်ပါလေ..."
ကလေးမလေးက သူမမျက်လုံးများကို ပွတ်လိုက်သည်။ ခေါင်းကိုင်ဖေဖေက အမှန်ပင် စွမ်းအားကြီးလှပေသည်။ သူ့ကို ကန်တော့ပြီးသည်နှင့် သူမ စတင်ငိုက်မျည်းလာသည်။
" မနက်ဖြန်ကျမှတွေ့မယ်နော် ခေါင်းကိုင်ဖေဖေ..."
ကလေးငယ်လေး၏ ဖြူစင်သန့်ရှင်းသော ယုံကြည်မှုက လေအေးများနှင့်အတူ မျောပါသွားသည်။ ကြယ်များ၏ အကူအညီဖြင့် ၎င်းက တောင်တန်းနှင့် မြစ်ချောင်းများကို ကျော်ဖြတ်သွားပြီးနောက် ဟွင်းရှီတောင်ကို ပတ်နေသည်။ ထိုယုံကြည်မှုစွမ်းအားက အသုံးပြုစရာထွက်ပေါက် မရှိပေ။
မကောင်းဆိုးဝါးသားရဲများအတွက်မူ သူတို့အပေါ်ယုံကြည်မှုက အသုံးမဝင်ပေ။
သန့်စင်ကြည်လင်သော ယုံကြည်မှုစွမ်းအားက လှည့်ပတ်နေခဲ့သည်။ ၎င်းက ပျောက်ကွယ်လုဆဲဆဲအချိန်အရောက်တွင်မှ တောင်ခြေရှိ ရွှေရောင်သူတော်ကောင်းတရားက ဆွဲဆောင်လိုက်မှုကြောင့် နဂါးသွေးစွန်းနေသည့် ကျောက်စိမ်းပေါ် ကျရောက်သွားသည်။
မနက်ဖြန်ကျမှတွေ့မယ်နော် ခေါင်းကိုင်ဖေဖေ...
ထိုယုံကြည်မှုထဲတွင် မျှော်လင့်တောင့်တမှုတို့လည်း ပါဝင်နေသည်။ ယုံကြည်မှုလက်တစ်ဆုပ်စာက နဂါးသွေးစွန်းနေသည့် ကျောက်စိမ်းလေးကို ထွန်းလင်းသွားစေသည်။
နှစ်တစ်နှစ်က နွေဦးရာသီဖြင့် စတင်ခြင်းဖြစ်သည်။ လူသားများ၏ ကျက်သရေရှိမှုနှင့် မျှော်လင့်ချက်တို့ မြှုပ်နှံထားသော နွေဦးကျောက်စိမ်းက လူသားမျိုးနွယ်စု၏ အလှပဆုံးသော ကောင်းချီးတစ်ခုဖြစ်သည်။
တောင်ပေါ်မှ ကျလာသည့် ဖုန်မှုန့်များကြောင့် ကျောက်စိမ်းတုံးလေးက မြုပ်နေပေသည်။ တစ်နှစ်တာ အချိန်အတွင်းမှာပင် မြောက်များစွာသော လူသားနှင့် မိစ္ဆာကျင့်ကြံသူများက ဤနေရာကို လာရောက်လည်ပတ်ကြသည်။ နေ့စဉ်နေ့တိုင်း မကြာသေးမီက အဖြစ်အပျက်အကြောင်းပြန်လည်ပြောဆိုကြသည့် ကျင့်ကြံသူများ အမြဲတစေ ရောက်လာတတ်သည်။
လူသားများက ရေညစ်ညမ်းမှုများကို ထိန်းချုပ်လာကြသည်။ သူတို့ကိစ္စတစ်ခုကို ဖြေရှင်းလိုက်ချိန်တိုင်းတွင် မကြာမီပြသနိုင်စရာ ရလဒ်တစ်ခု ရှိလာသည်။ တစ်နှစ်တာ အချိန်အတွင်းမှာပင် အရှေ့ပင်လယ်က ပိုမိုသန့်ရှင်းလာခဲ့သည်။ ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် ရေနေသတ္တဝါမျိုးနွယ်စုများက တစ်ခါတစ်ရံတွင် ပင်လယ်ထဲ ပြုတ်ကျလာတတ်သူများကို ကယ်တင်ပြီး ပြန်လည်ကူညီပေးတတ်ကြသည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ အရှေ့ဘက်ပင်လယ်ကမ်းခြေတွင် ကောလဟာလတစ်ခု ဖြစ်ပေါ်လာသည်။ အရှေ့ဘက်ပင်လယ်တွင် နေထိုင်သည့် နတ်ဘုရားက လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲကျလာသည့်လူများထဲတွင် မကောင်းမှုပြုလုပ်ထားသူ မဟုတ်ပါက ကယ်တင်ပေးတတ်သည်ဟူသော ကောလဟာလဖြစ်သည်။ ရုပ်ဝတ္ထုများကိုသာ ယုံကြည်တတ်ကြသော ဤခေတ်အခါတွင် မရေမတွက်နိုင်သည့် ငါးဖမ်းသမားများနှင့် ရေတပ်သားများက မမျှော်လင့်စွာဖြင့် ဤကောလဟာလကို ယုံကြည်ခဲ့ကြပြီး
ငါးဖမ်းချိန်တွင် ရှားပါးငါးများနှင့် ငါးပေါက်လေးများကို ဖမ်းမိပါက လွှတ်ပေးခဲ့ကြသည်။
တိုက်ဆိုင်သည်မှာ ထိုအချိန်မှစ၍ တစ်နှစ်တာ ကာလအတွင်းတွင် ငါးဖမ်းသမားများနှင့် ရေတပ်သားများက ပင်လယ်ပြင်တွင် မုန်တိုင်းကြီးကြီးမားမားကို မကြုံတွေ့ခဲ့ရပေ။ ကမ်းခြေဒေသကို ဖြတ်သန်းစီးဆင်းသော ပင်လယ်ရေစီးကြောင်းသည်ပင် ထောင့်တစ်နေရာသို့ပြောင်းသွားပြီး မြေပြင်ကိုကျော်သွားသည်။
ရလဒ်အနေဖြင့် အရှေ့ပင်လယ်ကမ်းခြေတွင် အမွှေးတိုင်များကို ဝေဝေဆာဆာထွန်းညှိလာကြသည်။ တစ်စုံတစ်ယောက်က အခြားသူများ နေ့စဉ်နေ့တိုင်း ပူဇော်နိုင်ရန်အတွက် နတ်ရုပ်ထုတစ်ရုပ်ကို ထွင်းထုပေးထားသည်။
ရေခဲလုနီးနီး အေးစက်နေသည့် ဆောင်းရာသီနေ့ရက်တစ်ရက်တွင် သူမ မိဘများနှင့်အတူ ကမ်းခြေသို့လိုက်လာသည့် ကလေးမလေးက ဖြတ်သွားဖြတ်လာများက ထူးဆန်းသည့် ရုပ်တုတစ်ခုတွင် ဆုတောင်းနေကြသည်ကို မြင်လိုက်ရသည်။ သူမ ကျောက်ရုပ်တုကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ မိဘများဘက်ကိုလှည့်ကာ မေးလိုက်သည်။
" ဖေဖေနဲ့ မေမေ ... သူတို့ကလည်းဘာလို့ ခေါင်းကိုင်ဖေဖေဆီမှာ ဆုတောင်းနေကြတာလဲ..."
" အမ်..."
ကလေးမလေး၏မိခင်က ပြန်မတုံ့ပြန်နိုင်လုနီးနီး ဖြစ်သွားသည်။
" အဲဒီရုပ်တုလေးက ခေါင်းကိုင်ဖေဖေနဲ့ အရမ်းတူတယ်..."
ကလေးလေးက ရုပ်တုကိုလက်ညှိုးထိုးပြပြီး မျက်လုံးများမှေးကျဉ်းကာ ပြောလိုက်သည်။
" ကြည့်ကြည့်ဘသူ ပြုံးနေတာက ခေါင်းကိုင်ဖေဖေနဲ့ တစ်ပုံစံတည်းပဲ..."
ကလေးလေး၏ မိဘများက ကျောက်ရုပ်တုကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် သူတို့စိတ်ထဲတွင် ငြင်းဆိုလိုက်သည်။
မဟုတ်သေးပါဘူး သမီးလေးရဲ့ ခေါင်းကိုင်ဖေဖေက ဒီရုပ်တုထက် ပိုချောတယ်...
သို့ရာတွင် ကလေးမလေး၏ အလေးအနက်ဖြစ်နေသည့် အမူအရာကို မြင်သည့်အခါ ဇနီးမောင်နှံနှစ်ယောက်က သူမပြောသည်ကို လက်ခံဟန်ပြလိုက်သည်။
သူမ မိဘများ ခေါင်းညိတ်ပြလိုက်သည့်အခါ ကလေးမလေးက ကျောက်ရုပ်တုရှိရာသို့ ပြေးသွားပြီး ဒူးထောက်ထိုင်၍ အရိုအသေပေးလိုက်သည်။
" ခေါင်းကိုင်ဖေဖေက အခု ပင်လယ်ထဲမှာ နေနေတာလား... သမီး ဒီနှစ် မူလတန်းစတက်တော့မှာ... စာမေးပွဲမှာ အမှတ်တစ်ရာအပြည့်ရရင် ခေါင်းကိုင်ဖေဖေကြည့်လို့ရအောင် စာရွက်ယူလာခဲ့မယ်..."
" အိုး... ဒီကလေးပိစိလေးကရော ပင်လယ်နတ်ဘုရားကို အရိုအသေပေးနေတာလား..."
အဖွားအိုတစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။ အဖွားအို၏ ကြင်နာတတ်သည့်ပုံစံကြောင့် ကလေးမလေးက သူမကို ရင်းနှီးသည်ဟုပင် ခံစားလိုက်ရသည်။
" အမ်..."
သူမ ခေါင်းကိုင်ဖေဖေက အဘယ့်ကြောင့် ပင်လယ်နတ်ဘုရားဖြစ်လာသည်ကို ကလေးမလေး နားမလည်သော်လည်း ပင်လယ်နတ်ဘုရားက မည်သည့်အရာဖြစ်သည်ကို သေသေချာချာမသိပေ။ သို့ရာတွင်းသူမက အနောက်အရပ်သို့ ခရီးသွားခြင်းအကြောင်းစာအုပ်ကို ဖတ်ထား၍ နတ်ဘုရားများက အလွန်စွမ်းအားကြီးသူများဖြစ်ကြောင်းသိသည်။ သူမ ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ် သမီးရဲ့ ခေါင်းကိုင်ဖေဖေက အရမ်းစွမ်းအားကြီးတာပဲ သူအခု ပင်လယ်နတ်ဘုရား ဖြစ်သွားပြီပေါ့..."
ကလေးလေး၏ စကားကြောင့် အားလုံးက အားပါးတရ ရယ်လိုက်မိသည်။ ကလေးမလေးက ပျော်ရွှင်စွာဖြင့် ရင်ကော့ခေါင်းမော့ထားသည်။
ငါ့ရဲ့ ခေါင်းကိုင်ဖေဖေက အရမ်းမိုက်တာပဲ...
ပင်လယ်လေပြေများ တိုက်ခတ်လာ၍ နတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ အနီရောင်အဝတ်စကို လေနှင့််အတူ လွင့်နေစေသည်။ အနီရောင်အဝတ်စ လေထဲတွင် လွင့်နေသည်မှာ လက်ယပ်ခေါ်နေသည်နှင့်ပင် တူနေသည်။
.....
ဟွင်းရှီတောင်ပေါ်တွင် မြေကြီးထဲ၌ အချိန်အတန်ကြာအောင်မြုပ်နေသော ကျောက်စိမ်းပြားမှ အရှေ့ဘက်သို့ အလင်းရောင်များ ဖြာထွက်လာသည်။ ထို့နောက်တွင် အလင်းတန်းက ကျောက်ရုပ်တုထဲ ဝင်ရောက်သွားသည်။
ညသန်းခေါင်ယံတွင် ကျောက်ရုပ်တု၏ အရိပ်က ဆွဲဆောင်မှုရှိကာ ပြုံးနေသည့် လူငယ်လေးတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
သူ ကောင်းကင်ထက်တွင် တောက်ပနေသည့် လမင်းကြီးကိုကြည့်ကာ ခပ်ဟဟ ရယ်လိုက်သည်။
တစ်ခါက ကြောက်လန့်ပြီးတော့ ဝိညာဉ်ပျောက်သွားတဲ့ ကလေးမလေးကို သူ့မိဘတွေဆီ ပြန်ရောက်အောင် ကယ်ပေးခဲ့ဖူးတာက သူ ပြန်အသက်ရှင်နိုင်မယ့် အခွင့်အရေးဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး...
ကျွမ်းချင်၏ နှလုံးသွေးက သူ့ဝိညာဉ်လက်တစ်ဆုပ်စာကို ထိန်းသိမ်းထားခဲ့ပေးပြီး ကလေးမလေး၏ ယုံကြည်မှုကြောင့် အသက်စွမ်းအင်ဖြင့်ပြည့်နေသော နွေဦးကျောက်စိမ်းထဲကို သူ၏ဝိညာဉ် ဝင်ရောက်ခွင့်ရခဲ့သည်။ ကလေးမလေး၏နှုတ်မှ မတော်တဆရေရွတ်လိုက်သည့် စကားများကြောင့် သူ၏အသွင်ပြောင်းလဲမှုက အောင်မြင်ခဲ့ပေသည်။ သို့ဖြစ်၍ ယနေ့တွင် ကြုံတောင့်ကြုံခဲဖြစ်သော နှစ်ဟောင်း၏အဆုံးသတ်နှင့်နှစ်သစ်အစဖြစ်သည့်ညတွင် အပြာရောင်လ အခွင့်အရေးကို ရရှိပြီး ပြန်လည်ရှင်သန်နိုင်ခဲ့ပေသည်။
" ဒါပေမဲ့ ဒီလိုရုပ်ဆိုးတဲ့ ကျောက်ရုပ်တုက ငါနဲ့တကယ်တူလို့လား..."
ဖူလီ လက်တစ်ဖက်ဝှေ့လိုက်သည်နှင့် ကျောက်ရုပ်တုက ပို၍ချောမောခံ့ညားသွားသည်။ ထိုအခါမှသာ သူ စိတ်အေးလက်အေးနေနိုင်တော့သည်။
ကောင်းကင်ကြီးက လရောင်ဖြင့် တောက်ပလာချိန်တွင် ပင်လယ်လေပြေများနှင့်အတူ ခွန်းဖမ်၏ အနံ့ကိုပါ ရလိုက်သည်။ သူ တမင်တကာပင် ကလေးတစ်ယောက်၏ ငိုသံတုမျိုးပြုလုပ်လိုက်ပြီး ပင်လယ်ဘက်ကိုလှည့်၍ အော်ငိုလိုက်ကာ အဝေးတစ်နေရာသို့ အမြန်ပြေးဝင်သွားပြီး ထိုမှတစ်ဆင့် မြို့တော်သို့ ပြန်သွားသည်။
မြို့တော်က ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်နေဆဲဖြစ်သည်။ သို့ရာတွင် လေထုက ယခင်ကဲ့သို့ ညစ်နွမ်းမနေတော့ဘဲ လမ်းဘေးတစ်ဖက်တစ်ချက်မှ အပင်များကလည်း ပိုမိုစိမ်းလန်းထူထပ်လာသည်။ ချူးယီသည်ပင် ဤနေရာ၌ ပေါ်လာခဲ့ပေသည်။
သူ ချူးယီကို သေသေချာချာကျေးဇူးတင်သင့်သော်လည်း သူ့နှလုံးသားထဲတွင် နဂါးလေးတစ်ကောင်ကို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။ သူ ဤနေရာမှနေ၍ ဗီလာသို့ ချက်ချင်းပျံသွားချင်စိတ်ကို မနည်းထိန်းထားရသည်။
သို့ရာတွင် သူ ဗီလာ၏ဂိတ်ဝအပြင်ဘက်တွင်ရပ်ပြီး အတွင်းသို့ကြည့်လိုက်သည့်အခါ ကျွမ်းချင်က ယုန်တူခွေးတူဖြစ်နေသည့် နှင်းခဲကြီးကို ပွေ့ထားသည်အားမြင်လိုက်ရ၍ သူမျက်လုံးများနီရဲလာသည်အထိ ပြုံးလိုက်မိသည်။
" နဂါးလေးကျွမ်း... မင်း ရူးသွားတာများလား..."
ဖူလီ မျက်လုံး အပြူးသားဖြစ်သွားမိသည်။
" မင်းချစ်ရတဲ့ ဖူကောအတွက် တံခါးမဖွင့်ပေးသေးဘူးလား..."