Chapter 181[End]
ညသန်းခေါင်အချိန်သို့ ရောက်လာသည့်အခါ လူသားလောကတွင် လေပြင်းမုန်တိုင်းများ၊ လှိုင်းလုံးကြီးများ၊ မြေငလျင်ကြီးများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။
အရေးကြီးဗျူရိုများတွင် ဝန်ထမ်းများက သူတို့၏ အစည်းအဝေးခန်းများထဲ၌ တစ်ညလုံးမအိပ်ဘဲ စောင့်ဆိုင်းနေကြသည်။ ဖုန်းအော်ပရေတာများကလည်း အဆက်မပြတ် ဖုန်းခေါ်နေကြသည်မှာ ရေတစ်ခွက်သောက်ရန်ပင် အချိန်မရှိပေ။
" စီမံခန့်ခွဲရေးဗျူရိုကနေ ဘာသတင်းကြားသေးလဲ..."
" စီမံခန့်ခွဲရေးဗျူရိုက အခုအခြေအနေကို အန္တရာယ်အရှိဆုံးအဖြစ် သတိပးပေးချက်ထုတ်ထားပါတယ်... ကမ်းခြေဒေသတွေမှာ ထူးဆန်းတဲ့ သားရဲတွေ ပေါ်လာတာကို CCTVကင်မရာတွေကနေတစ်ဆင့်တွေ့ရပြီး ပင်လယ်ရေတွေကလည်း အဆက်မပြတ်မြင့်တက်လာပါတယ်..."
ယခုအချိန်တွင် လွင်ပြင်ဂိုဏ်းမှာ အကြီးအကဲများက ကောင်းကင်ယံ၌ ပျံသန်းလာစဉ် ချင်းရှောင်ဂိုဏ်းအကြီးအကဲများနှင့် ဆုံတွေ့ကြသည်။ ထိုဂိုဏ်းနှစ်ခုက အချင်းချင်းအကဲခတ်လိုက်ကြပြီး တစ်ဖက်က မည်သည့်နေရသို့ သွားမည်ကို စုံစမ်းမေးမြန်းခြင်းမရှိကြဘဲ သူတို့၏ ဦးတည်ရာသို့သာ ဆက်လက်ထွက်ခွာသွားကြသည်။ မကြာမီအချိန် သူတို့လမ်းတစ်ဝက်တွင် အရပ်မျက်မှာအနှံ့မှ ထွက်လာကြသည့် လူသားနှင့် ယောင်ကျင့်ကြံသူများနှင့် တွေ့ကြရပြန်သည်။
နိုင်ငံတစ်ခု တိုးတက်အောင်မြင်ခြင်းနှင့် ပျက်စီးခြင်းက သာမန်လူများ၏တာဝန်ဖြစ်သည်။ ထို့အပြင် ဤကိစ္စက လူသားလောကအတွက် သေရေးရှင်ရေး အခြေအနေဖြစ်နေသည်။ အကယ်၍ သူတို့ဝင်ရောက်မဖြေရှင်းပါက ဖြစ်လာတော့မည်ကပ်ဘေးကြီးမှ ကာကွယ်မည့်သူ မရှိပေ။
.....
" တကယ်လို့ မိစ္ဆာဧကရာဇ်က အစီအရင်ကို ဖိနှိပ်ချင်စိတ် ရှိမယ်ဆိုရင် ဒီကပ်ဘေးကြီးကို ရှောင်ရှားနိုင်မှာပဲ..."
ပိုင်ဇယ်၏အသံက တုန်ယင်နေသည်။
" တကယ်လို့ မိစ္ဆာဧကရာဇ်က သူ့လူတွေဘက်ကိုပဲ ကြည့်မယ်ဆိုရင်တော့ ရလဒ်က ဆိုးရွားသွားလိမ့်မယ်... နောက်ဆုံး သူ့ခန္ဓာကိုယ်က သေဆုံးသွားပြီး တာအိုပါ ပျောက်ကွယ်သွားမှာ..."
" ပိုင်ဇယ်..."
ဖုန်းလွေ့ကျုံးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" မင်း ရူးနေတာလား..."
ပိုင်ဇယ်က ခါးသက်သက်ဖြင့် ရယ်လိုက်သည်။ သူ မူရင်းအသွင်သို့ ပြောင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် နွေးထွေသော အဖြူရောင်အလင်းတန်းက ဘေးပတ်ဝန်းကျင်မှ အမုန်းတရားများကို လွင့်ပြယ်သွားစေသည်။
သူက မင်္ဂလာသားရဲဖြစ်၍ မကောင်းဆိုးဝါးများကို နှိမ်နင်းပြီး ကောင်းကင်နှင့် ကမ္ဘာမြေပေါ်မှလူများကို ကာကွယ်ရန် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ့ကိုလူသားများက မေ့လျော့သွားလျှင်လည်း သူ့တာဝန်ကို သူ မေ့၍မရပေ။
မင်္ဂလာအလင်းတန်းများက သစ်ပင်၊ ပန်းပင်များနှင့် ဖူလီ့အပေါ် ဖြာကျလာပြီးမှ နောက်ဆုံးတွင် ဖူလီ့ပေါ်သို့ ရောက်လာသည်။
" ကျွန်တော့်ကို ဘာနာမည်ပေးထားတာလဲ..."
" ဖူလီ လေ..."
" ဖူလီဆိုက ဘာအဓိပ္ပါယ်လဲ..."
" ဖူက မင်္ဂလာရှိခြင်းဆိုတဲ့ အဓိပ္ပါယ်..."
နာကျင်မှုများ၏အလယ်တွင် ဖူလီ့မျက်လုံးများ ရုတ်ချည်းပွင့်လာသည်။ ရင်ဘတ်တွင် သွေးများထွက်နေသည့် ကျွမ်းချင်ကိုကြည့်ပြီး သူ့မျက်နှာက ပြုံးယောင်သန်းသွားသည်။ သူ့ချမ့်ခွန်းအိတ်ထဲမှ ချီဓာတ်ဖြည့်ဆေးတစ်လုံးကိုထုတ်ပြီး ကျွမ်းချင်၏ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။
" သတိလက်လွတ်နဲ့ ကိုယ့်ကိုကိုယ်သွေးထွက်အောင်လုပ်ရလား..."
" ဖူလီ မင်းနိုးလာပြီလား..."
ကျွမ်းချင်က သူ့ပါးစပ်ထဲမှ ချီဓာတ်ဖြည့်ဆေးကိုပင် သတိမပြုနိုင်တော့ပေ။ ဆေးကို မဝါးဘဲမျိုချလိုက်ပြီး ဖူလီ့ကို လက်မှဆွဲ၍ အစီအရင်ထဲမှ ထွက်လာသည်။
" အမြန်ထွက်လာခဲ့..."
ဖူလီက မလှုပ်ရှားပေ။ သူ ကျွမ်းချင်ကို ပြန်ဆွဲထားလိုက်ပြီး မျက်နှာကို အနမ်းခြွေလိုက်သည်။ ကျွမ်းချင်က သူ၏ ရုတ်ချည်းလှုပ်ရှားမှုကြောင့် ကျွမ်းချင်အံ့ဩသွားပြီး သူ၏ ချောမောခံ့ညားသောမျက်နှာပေါ်တွင် ကြောင်အသွားသည့် အမူအရာမျိုးပေါ်လာသည်။
" ဟို့က ငါစိတ်ကူးထားတာက် ပိုမြင့်မြတ်ပြီး ခမ်းနားထည်ဝါတာပဲ... ငါအရမ်း စိတ်ကျေနပ်သွားပြီ..."
ဖူလီက ကျွမ်းချင်၏ရင်ဘတ်ကိုပုတ်၍ ပြုံးလိုက်သည်။
" ငါ့ရဲ့ ရှေ့နာမည်က ဘာလို့ "ဖူ" ဖြစ်နေတာလဲသိလား..."
" ဘာလို့လဲဆိုတော့ ဖူက မင်္ဂလာရှိခြင်းဆိုတဲ့ အဓိပ္ပါယ်လေ..."
ဖူလီက ခေါင်းစောင်းငဲ့လိုက်ပြီး ပိုင်ဇယ်၊ ကျူးယွဲ့၊ ဖုန်းလွေ့ကျုံးနှင့် ကျွမ်းချင်၏နောက်မှလူများကို ကြည့်လိုက်သည်။
" ငါတို့ရဲ့ ရောင်ပြန်မြူတောင်ပေါ်မှာ မကောင်းဆိုးဝါးသားရဲဆိုတာ မရှိဘူး... မင်္ဂလာသားရဲတွေပဲရှိတယ်..."
သူ ကျွမ်းချင်၏ရင်ဘတ်ကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။ သူ့လက်ဖဝါးချက်က လေးလံလွန်းလှ၍ ကျွမ်းချင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပိုင်ဇယ်နှင့် တိုက်မိသွားသည်။ ပိုင်ဇယ့်ထံမှ ထုတ်လွတ်နေသည့် မင်္ဂလာအလင်းတန်းကလည်း ရုတ်ချည်းရပ်တန့်သွားပေသည်။ ကျွမ်းချင် ကတိုက်ကရိုက်မတ်တပ်ရပ်လိုက်သည့်အခါ ဖူလီက သူ၏မူရင်းသွင်ပြင်ဖြင့် အစီအရင်၏ အလယ်ဗဟိုကို အော်ဟစ်ဟိန်းဟောက်နေသည်အား မြင်လိုက်ရသည်။
နှင်းကဲ့သို့ ဖြူစွတ်နေသည့်အမွေး၊ ရွှေရောင်မျက်လုံးများနှင့် လေနှင့်အတူ ယိမ်းနွဲ့နေသည့်အမြီး...
ထိုညတွင် လူပေါင်းများစွာက အော်ဟစ်ဟိန်းဟောက်သံကြီးတစ်သံကို ကြားခဲ့ရသည်။ အချို့က ၎င်းကို နဂါး၏အော်သံ၊ အချို့က ကျားဟိန်းသံ၊ အခြားသူများက ခြင်္သေ့ဟိန်းသံဟု ပြောကြသည်။
သို့ရာတွင် ထိုဆွေးနွေးချက်များကို အင်တာနက်အသုံးပြုသူများက လျင်မြန်စွာမေ့သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သတင်းအသစ်များ၊ အနုပညာရှင်အသစ်များအကြောင်းကို ပြောလျက် အလွန်အလုပ်များနေကြသောကြောင့် ထိုကိစ္စကိုတွေးရန် အချိန်မရှိကြတော့ပေ။
သို့ရာတွင် မနက်မိုးလင်း၍ ပြတင်းပေါက်လိုက်ကာများ ဖွင့်လိုက်ချိန်၌ ရွှေရောင်ဝင်းလက်တောက်ပနေသည့် နေမင်းကြီးက သူတို့ကို ဆီးကြိုနှုတ်ဆက်နေသည်။ နေမင်းကြီးက စူးရှလွန်းသည်ဟု ခံစားလိုက်ရသောကြောင့် အချို့က လိုက်ကာများကို ပြန်ဆွဲပိတ်လိုက်ကြသည်။
အချို့လူများတီဗီဖွင့်ကြည့်လိုက်ချိန်တွင် မနက်ခင်းသတင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုက မည်မျှအရေးပါကြောင်း၊ စွမ်းအင်ရင်းမြစ်များကို မည်သို့ ထိန်းသိမ်းသင့်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ညီလာခံကို မည်သည့်နေ့ မည်သည့်အချိန်တွင် ကျင်းပမည်ဖြစ်ကြောင်းများ ပြသနေသည်ကို မြင်လိုက်ရသည်။ သို့ရာတွင် အားလုံးက ထိုသတင်းများနားထောင်ရသည်ကို နောကြေနေပြီဖြစ်ရာ မည်သူကမှ အလေးအနက်မထားကြပေ။
မူဝါဒအသစ်များ တစ်ခုပြီးတစ်ခုထုတ်ပြန်ကာ လေ၏အရည်အသွေးက ယခင်ထက် ပိုမိုကောင်းမွန်လာသည့်အချိန်မှ ထို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး သတင်းများက အပြောသက်သက်မဟုတ်ကြောင်း အားလုံးသဘောပေါက်လိုက်ကြသည်။
လူသားများ သတိမပြုမိသည့် ကိစ္စများစွာလည်း ရှိနေသေးသည်။ သူတို့က ဟိုဟိုသည်သည်ပြေးလွှားလျက် အလုပ်များနေကြသောကြောင့် အသေးအမွှားကိစ္စလေးများကိုလည်း အာရုံမစိုက်နိုင်ကြတော့ပေ။
လွန်ခဲ့သော နှစ်၂၀၀၀ခန့်က ပျောက်ကွယ်သွားခဲ့သည့် တောင်တစ်လုံးက လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်ကောင်ကြောင့် ပြန်ပေါ်လာခဲ့သည်ကို သူတို့မသိကြပေ။
လတစ်လ၏ ၁၈ရက်နေ့တွင် အလွန်အရေးကြီးသော အခမ်းအနားတစ်ခုကို ဖျက်သိမ်းခဲ့သည်ကိုလည်း သူတို့မသိခဲ့ကြပေ။
ဝတ္ထုဇာတ်လမ်းများထဲတွင်သာ တည်ရှိသော ဒိုင်မေးရှင်းများက အမှန်တကယ်ရှိနေခြင်းကိုလည်း သူတို့မသိခဲ့ကြချေ။
.....
ကျွမ်းချင်၏ဗီလာထဲမှ ပန်းပွင့်လေးများက ပွင့်လန်းလာသည်။ နေရောင်အောက်ရှိ ရောင်စုံပန်းပွင့်လေးများက အလွန်လှပပေသည်။ သူ လှေကားထစ်များပေါ်ထိုင်လျက် နှင်းများပေါ်ပွင့်နေသည့် ပန်းပွင့်လေးများကိုကြည့်ပြီး ဆီးနှင်းခဲနှင့် နှင်းများကို သူ့ခေါင်းပေါ် ကျခွင့်ပြုထားသည်။
ညအချိန်ရောက်သည့်အခါ နှင်းလူသားတစ်ယောက်က သူ့ဘေးနားရောက်လာသည်။ နှင်းလူသားက ဝဝဖိုင့်ဖိုင့်ဖြစ်ပြီး မြေပေါ်ဝပ်တွားနေ၍ ယုန်နှင့် ခွေးပုံစံနှင့် တူနေသည်။
ကျွမ်းချင်က ထိုနေရာတွင် တစ်ညလုံးထိုင်နေခဲ့ပြီး ယုန်နှင့်ခွေးနှင့်တူသော နှင်းအပုံလိုက်ကြီးကို စောင့်ကြည့်နေခဲ့သည်။ ဤနှစ်သစ်တွင် နျန်က ပေါ်မလာခဲ့ပေ။ ဗီလာဂိတ်ဝကိုကြည့်နေသော သူ့အကြည့်များက တည်ကြည်နေသည်။
" ဘော့စ်..."
ချူးယွီနှင့် အခြားသောဝန်ထမ်းများက ဂိတ်ပေါက်တွင်ရပ်ပြီး သူ့ကိုလက်ယမ်းပြနေသည်။ သူတို့က အထုပ်ကြီးငယ်ကိုလည်း သယ်လာကြသည်။
" မင်္ဂလာနှစ်သစ်ကူးပါ..."
ကျွမ်းချင် မတ်တပ်ထရပ်လိုက်သည့်အခါမှသာ သူ့ပခုံးပေါ်တွင် နှင်းထုကြီးရှိနေကြောင်း သတိပြုမိလိုက်သည်။ သူ ဆီးနှင်းများကို ခါချလိုက်ပြီး အားလုံးဝင်နိုင်ရန် ခြံဝင်းတံခါးဖွင့်ပေးလိုက်သည်။
" ဘော့စ်ကို ကျွန်တော်တို့ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ လက်ဆောင်လာပေးကြတာ... အဲဒါဆို ဒီတစ်နှစ်လုံးကံကောင်းပြီး မင်္ဂလာရှိတဲ့ကိစ္စတွေနဲ့ပဲ ကြုံရလိမ့်မယ်..."
သူက ပစ္စည်းပေါင်းစုံကိုသယ်ပြီး ဗီလာရှိရာသို့ ဦးတည်လိုက်သည်။ တံခါးဝရှိ ခြေရာများနှင့် ထိုခြေရာများ၏ရှေ့မှ အသက်ဝင်လွန်းနေသည့် နှင်းရုပ်တုကိုကြည့်ပြီး သူ ရုတ်ချည်းရပ်တန့်သွားသည်။
သူ့နောက်မှလိုက်လာကြသော ဝန်ထမ်းများကလည်း နှင်းလူသားကို မြင်ကြသည်။ သူတို့က လည်လိမ်ခံရသည့် ဘဲများသဖွယ် စကားတစ်ခွန်းမှ မပြောကြတော့ပေ။
" ဘာလို့ရပ်နေကြတာလဲ အထဲဝင်ခဲ့ကြလေ..."
ကျွမ်းချင်က မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
" မင်းတို့တွေက အလုပ်လုပ်ရင်တော့ ပင်ပန်းနွမ်းနယ်နေပြီး အားလပ်ရက်ကျတော့ ဖျတ်လတ်တက်ကြွနေလိုက်ကြတာ... တကယ်လို့ ဒီလိုတက်တက်ကြွကြွနဲ့သာ အလုပ်လုပ်မယ်ဆို ငါတို့ဗျူရိုက နှစ်တိုင်းဝန်ထမ်းသစ် ခေါ်နေစရာကို မလိုတော့ဘူး..."
သူတို့ အသိစိတ်ဝင်လာကြချိန်တွင် ချူးယွီက မနည်းအားတင်းပြီး ပြုံးပြလိုက်သည်။ အားလုံးကလည်း ဂိတ်ပေါက်မှတစ်ဆင့် ဗီလာထဲ ဝင်လာကြသည်။ သို့ရာတွင် အားလုံးက သတိကြီးကြီးဖြင့် နှင်းလူသားရုပ်ကို ရှောင်ဝင်လာကြပြီး တစ်ချက်မှ မကြည့်ရဲကြတော့ပေ။
နေ့လည်ခင်းရောက်သည်အထိ နှင်းကျနေခြင်းက မရပ်သွားခဲ့ပေ။ ရှုယွမ်နှင့် ချူးယွီတို့ အားလုံးချက်ပြုတ်ပြင်ဆင်ပြီး ကျွမ်းချင်ကို နေ့လယ်စာစားရန် ခေါ်တော့မည့်အချိန်တွင် ကျွမ်းချင်က ပြတင်းပေါက်နားရပ်ပြီး ဂိတ်ကိုတိတ်ဆိတ်စွာကြည့်နေသည်အား မြင်လိုက်ရသည်။
ရှုယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမ ပါးစပ်ပင် မဟနိုင်တော့ဘဲ ပြတင်းပေါက်အပြင်ဘက်ကို ခိုးကြည့်လိုက်သည်။ နှင်းရုပ်တုလေး၏ ခန္ဓာကိုယ်တစ်ဝက်က နှင်းများအကြား နစ်ဝင်နေပြီး ခေါင်းကိုသာ မြင်နေရတော့သည်။
ဒါပေမဲ့ အဲဒါက ...
အဲဒါက ဖူကောရဲ့ မူရင်းပုံစံနဲ့ မတူတော့ဘူးလေ...
.....
အရှေ့ပင်လယ်တွင် ခွန်းဖမ်က အေးအေးလူလူ ငါးဖမ်းနေသည်။ သူ့က စိတ်ကြည်လင်နေပုံရသည်။ လွန်ခဲ့သောနှစ်များအတွင်း လူသားများက ရေညစ်ညမ်းမှုများကို အလွန်ပြုပြင််ထိန်းသိမ်းလာခဲ့ပေသည်။ ထိုအကြောင်းကြောင့် ပင်လယ်ထဲမှ ငါးများကလည်း အရသာပိုရှိလာခဲ့သည်။
သူ မိုးပြာနဂါးနန်းတော်နားမှ ဖြတ်သွားချိန်၌ နဂါးပေါက်စလေးများက ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်ကိုမြင်ပြီး သူ့စိတ်အခြေအနေက ကြည်လင်နေခြင်း ဖြစ်သည်။ သို့ရာတွင် မကြာလိုက်မီအချိန်မှာပင် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။
သူ ရေမျက်နှာပြင်ပေါ် တက်လာချိန်တွင် သိပ်သည်းသော ဝိညာဉ်ချီဓာတ်ကို ခံစားလိုက်ရသည်။ ပိုင်ဇယ်နှင့် တန့်ကန်းတို့ကလည်း ငါးမျှားနေကြခြင်းဖြစ်သည်။
" ဆောင်းတွင်းမှာ ငါးမျှားနေကြတယ်တဲ့ ရူးနေတာလား..."
ခွန်းဖမ်က အမြီးကိုခါလိုက်ပြီး သူ့ငါးခေါင်းကို ရေထဲပြန်ငုပ်လိုက်သည်။
....
စည်ကားနေသည့် လမ်းမတစ်ခုထက်တွင် အပန်းဖြေစရာများကို ရှာဖွေနေသည့်လူများဖြင့် ပြည့်နေသည်။
လူငယ်လေးတစ်ယောက်နှင့် ပခုံးထက်မှ ဆံနွယ်များဖြာကျနေသည့် အမျိုးသမီးတစ်ယောက်က လမ်းပေါ်တွင် ဆုံတွေ့ကြသည်။
" ချူးယီ မတွေ့ရတာတောင်ကြာပြီ..."
" ဟုတ်ပါ့ မတွေ့ရတာကြာပြီ... ဒီနှစ် လူသားလောကမှာ ဝိညာဉ်ချီဓာတ်တွေ သိပ်သည်းလာတယ်လေ... အဲဒါကြောင့် ကျွန်မနိုးလာတာ..."
" ကောင်းတာပေါ့..."
" ဟုတ်ပါ့... "
ချူးယီ၏အပြုံးက ပျော်ရွှင်ပြီး နွေးထွေးမှုများဖြင့် ပြည့်နေသည်။
" ရှင် ဘာလို့ တစ်ယောက်တည်းဖြစ်နေတာလဲ..."
" ငါ ခရီးရှည်ကြီးထွက်ပြီး အခုမှ ပြန်ရောက်လာတာလေ... မင်း ကိုတွေ့တာနဲ့ လာနှုတ်ဆက်တာ..."
" ဪ အဲ့လိုကိုး... ပျော်ရွှင်စရာနှစ်သစ်ပါ..."
" ပျော်ရွှင်စရာနှစ်သစ်ပါ မင်း ပေးတဲ့ နွေဦးကျောက်စိမ်းအတွက် ကျေးဇူးတင်ပါတယ် အဲဒါက တော်တော်လေး အကူအညီဖြစ်တယ်..."
" တကယ်လား..."
ချူးယီက ဝမ်းသာသွားပုံပေါ်သည်။
" တကယ်ပေါ့..."
လူငယ်လေးက မျက်လုံးများကို လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်၍ ပြုံးပြလိုက်သည်။
" တကယ် ကျေးဇူးတင်ပါတယ်..."
" ရပါတယ်... အိမ်ကိုမြန်မြန်ပြန်တော့လေ ရှင့်ကိုချစ်တဲ့သူတွေ စောင့်နေကြလောက်ပြီ..."
" သွားပြီနော်..."
" နှုတ်ဆက်ပါတယ်..."
ပန်းပွင့်ပုံစံများဖြင့် အလှဆင်ထားသည့် ဗီလာ၏တံခါးအပြင်ဘက် ရောက်သည့်အခါ လူငယ်လေးက ရပ်သွားသည်။ ရင်းနှီးနေသည့် ပန်းပွင့်လေးများကိုကြည့်ကာ သူ ပြုံးလိုက်မိသည်။
" လူကြီးမင်းဖူ ပြန်လာတာလား..."
လုံခြုံရေးဝန်ထမ်းတစ်ယောက်က သူ့ကိုမြင်သည့်အခါ တအံ့တဩဖြစ်သွားပုံပေါ်သည်။ သို့သော် သူ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ လူကြီးမင်းဖူ အိမ်ပြန်မလာသည့် နှစ်နှစ်အတွင်း လူကြီးမင်းကျွမ်းက အိမ်ပြင်သို့ မကြာခဏ မထွက်တော့ပေ။
" ဟုတ်တယ် ကျွန်တော်ပြန်လာပြီ..."
လူငယ်လေးက လုံခြုံရေးဝန်ထမ်းကို ပြုံးပြလိုက်ပြီးမှ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။
ဂိတ်ဝမှ နှင်းရုပ်တုလေးကို ဆီးနှင်းများဖြင့် ဖုံးလွှမ်းသွားပြီဖြစ်သည်။ ဘဲလ်သံကြားသည့်အခါ ကျွမ်းချင်က ထမင်းစားပွဲတွင် စားသောက်နေကြသည့် သူ့လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် တံခါးဖွင့်ကာ အိမ်ပြင်ထွက်လာခဲ့သည်။
သူ လှေကားထစ်များမှ ဆင်းလာစဉ်တွင် ခြေထောက်အောက်ကိုငုံ့ပြီး နှင်းများဖုံးနေသည့် နှင်းရုပ်လေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် နှင်းများဖုံးနေသည့် နှင်းလူသားလေးက "သူ" နှင့် မတူတော့ပေ။
ကျွမ်းချင်က နှင်းရုပ်ကလေးကို လက်ဖဝါးပေါ်တင်ပြီး သူ့ခေါင်းပေါ်မှ နှင်းများဖယ်ကာ ခြံဝင်းရှေ့သို့ ဦးတည်လိုက်သည်။
ပန်းပွင့်ခက်များဖြင့် အလှဆင်ထားသော ခြံတံခါး၏အပြင်ဘက်တွင် နေမင်းကြီးသဖွယ် နွေးထွေးလှသော အပြုံးနှင့် လူငယ်လေးက သူနှင့် အကြည့်ချင်းဆုံသွားလေသည်။
To be continued..... 🐉🐰
ဖူလီနဲ့ ကျွမ်းချင်တို့ရဲ့ Main Storyလေးက ဒီနေရာမှာ ပြီးသွားပြီဆိုပေမယ့် Extraလေးတွေ ကျန်ပါသေးတယ်ရှင့် သူတို့နှစ်ယောက်ပြန်တွေ့ကြပြီး နောက်ပိုင်းအခန်းတွေကျန်သေးလို့ ဒီနေရာမှာပဲ ဟတ်ကော့ကြီးပြီးသွားတယ်ဆိုပြီး မစိုးရိမ်ကြပါနဲ့နော်🥳