Chapter 180
" လက်အောက်ငယ်သားတဲ့လား..."
ဖူလီက မေးငေါ့လိုက်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" ထွက်သွားစမ်း မင်းလိုမျိုး အမွေးမရှိဘဲ ရုပ်ဆိုးတဲ့ ယောင်ကျင့်ကြံသူမျိုးကို ငါ့ရဲ့ လက်အောက်ငယ်သားအဖြစ် မလိုချင်ပါဘူး..."
သူ့မှတ်ဉာဏ်များကို အရပ်မျက်နှာအနှံ့မှ ပြည့်လျှံကျလာသည့် အမုန်းတရားများဖြင့် ဖိနှိပ်ခံထားရသော်လည်း မြွေကဲ့သို့သတ္တဝါများကို မုန်းတီးခြင်းအား သူ့ခန္ဓာကိုယ်က မှတ်မိနေဆဲဖြစ်သည်။
သူဆင့်ခေါ်ထားသည့် မိစ္ဆာဧကရာဇ်က အများနှင့်မတူ တစ်မူထူးခြားသည့် အကျင့်စရိုက်မျိုး ရှိလိမ့်မည်ဟု ကျို့ယင်း မထင်ထားခဲ့ပေ။ သို့ရာတွင် မကြာမီအချိန်၌ မိစ္ဆာဧကရာဇ်က လောကကြီးကို ဖျက်ဆီးတော့မည့်အကြောင်း တွေးမိသည့်အခါ ခါးကိုင်းညွှတ်၍ အရိုအသေပေးလိုက်ပြီး ဘေးတစ်ဖက်ကိုဆုတ်သွားလိုက်သည်။
ဖူလီက သူ့ကိုတစ်ချက်မှ လှည့်မကြည့်ဘဲ အစီအရင်၏ အလယ်ဗဟိုကို ထွက်သွားသည်။ ကျို့ယင်းက ပြုံးရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
နောက်ဆုံးတော့ နောက်ဆုံးတော့ သူ အဲဒီနှစ်တွေက ခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေအတွက် လက်စားပြန်ချေနိုင်တော့မယ်...
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က လူသားမျိုးနွယ်စုတစ်ခုကြောင့် ဒဏ်ရာရခဲ့ပြီး မှော်ကိရိယာများ၏ ဖိနှိပ်မှုအောက်တွင် ဒြပ်စင်ငါးခုကြောင့် ဖိနှိပ်ခံခဲ့ရသည်။ အကယ်၍ ဤနေရာမှ လွတ်မြောက်နိုင်မည်ဆိုပါက လူသားအားလုံးကို သတ်ဖြတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။
" ဖူလီ မင်းသွားလို့ မဖြစ်ဘူး..."
ကျွမ်းချင်က တွေးတောမနေတော့ဘဲ ဖူလီ့လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ အစီအရင်ထဲမှ အမုန်းတရားက တဖြည်းဖြည်းတိုးလာသည်။ အတွင်းမှ မရေမတွက်နိုင်သည့် မချိတင်ကဲငိုယိုသံများထွက်လာပြီး တောင်တစ်ခွင်ကို ပဲ့တင်ထပ်နေသည်။
" ဉာဏ်မဲ့လိုက်တဲ့ဂျူနီယာ.. အရှင်မင်းကြီးရဲ့လက်ကို လွှတ်လိုက်စမ်း..."
ကျို့ယင်းက ကြားဝင်နှောင့်ယှက်သည့်ကျွမ်းချင်ကို မုန်းတီးသွားမိသည်။ သူ့မူရင်းအသွင်သို့ပြောင်းကာ ပါးစပ်ဟ၍ ကျွမ်းချင်ရှိရာသို့ ခုန်ဝင်လိုက်သည်။
" ထွက်သွားစမ်း..."
ဖူလီက သူ့ကြာပွတ်ဖြင့် တစ်ချက်ရိုက်ပြီး ကျို့ယင်းကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူ ကျို့ယင်းကို တစ်ချက်ပင်လှည့်မကြည့်ပေ။
" အမွေးမရှိတဲ့ အရုပ်ဆိုးဆိုးသတ္တဝါတွေ ငါ့နားလာတာ မကြိုက်ဘူးလို့ ငါပြောထားတယ်လေ..."
အရံအတားနောက်တွင် ရပ်နေကြသည့် ချူးယွီနှင့် စုန့်ယွီတို့က မသိမသာ နောက်ဆုတ်လိုက်မိကြသည်။
" လွှတ်စမ်း..."
ဖူလီက သူ့လက်ကောက်ဝတ်ကိုကိုင်ထားသည့် လက်ကိုစိုက်ကြည့်နေပြီး မျက်ခုံးများတွန့်ချိုးလိုက်သည်။
" မင်း သေချင်လို့လား..."
" မင်း အဲ့နေရာကို ဝင်လို့မရအောင် တားနိုင်မယ်ဆိုရင် ကိုယ် အသေပဲခံလိုက်တော့မယ်..."
အမုန်းတရားလေပြင်းများကြောင့် ကျွမ်းချင်၏ အဝတ်အစားများ ဆုတ်ပြဲမတတ်ဖြစ်လာသည်။ သူ ခြေတစ်လှမ်း ထပ်တိုးလိုက်သည်။
" ဖူလီ ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ..."
ဖူလီ့ခေါင်းထဲတွင် အနည်းငယ်နာကျင်လာသည်။ သူ ဤနဂါးလေးကို သတ်ချင်နေသော်လည်း သူ့လက်တစ်ဖက်ကို မြှောက်လိုက်ချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။ သူ့ရင်ထဲတစ်မျိုးတစ်မည်ဖြစ်လာ၍ ကျွမ်းချင်ကို ဘေးနားတွန်းထုတ်လိုက်ပြီး သူတို့အကြားတွင် အရံအတားတစ်ခု ချလိုက်ပြီးမှ ပိုင်ဇယ်ကို အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။
" မင်း ငါ့ကိုယ်ပေါ်မှ ဘယ်လိုချိပ်စည်းနဲ့ ချိပ်ပိတ်ထားလို့ ငါက ပိုးကောင်လိုဘဝမျိုးမှာ နေခဲ့ရတာလဲ... မင်းတို့အားလုံးနဲ့ သေချာပေါက်ကို စာရင်းရှင်းဦးမယ်..."
ပိုင်ဇယ်က ငြိမ်သက်စွာဖြင့်သာ ထိုနေရာတွင်ရပ်နေသည်။
ဖူလီ ပြန်လည်နိုးထလာချိန်မှစ၍ သူ့စကားလုံးများက အကြင်နာကင်းမဲ့နေသော်လည်း တစ်ကြိမ်မှ သူတို့ကို စတင်သတ်ဖြတ်ရန် မကြိုးစားခဲ့ပေ။
သူ လူသားလောကကို ဖျက်ဆီးချင်တာ မဟုတ်ဘူးလား... ဘာလို့ လူသားတွေနဲ့ ရင်းရင်းနှီးနှီးနေတဲ့ ယောင်ကျင့်ကြံသူတွေကိုကျ မမြင်ချင်ယောင်ဆောင်ထားတာလဲ... ကောင်းကင်ကမ္ဘာမြေနဲ့ ပင်လယ်လေးခုက အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက ဖူလီ့စိတ်ကိုလွှမ်းမိုးထားပေမယ့် သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့အရာတွေကိုတော့ မဖျက်ဆီးနိုင်ပါလား...
ဖူလီ၏ ခန္ဓာကိုယ်တစ်ဝက်က အစီအရင်၏ အလယ်ဗဟိုသို့ ဝင်ရောက်သွားသည်။ စက္ကန့်ဝက်အတွင်းမှာပင် ရာသီဥတုက သိသိသာသာပြောင်းလဲသွားပြီး တောင်တစ်ခုလုံး လှုပ်ခါလာသည်။
" ပင်လယ်ရေစီးကြောင်းတွေကို ခန့်မှန်းလို့မရတော့ဘူး..."
" ဂြိုလ်တုတွေရဲ့ မော်နီတာဒေတာတွေ နှောင့်ယှက်ခံနေရတယ်... လက်ရှိ ဒေတာအချက်အလက်တွေ မရနိုင်တော့ဘူး..."
" ကမ်းခြေဒေသတော်တော်များများမှာ ပင်လယ်ရေတွေ မြင့်တက်လာပြီ... အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ရတော့မယ်..."
" မြို့တော်တော်များများမှာ ငလျင်အသေးစားတွေလှုပ်နေတယ်... မြေကြီးထဲကနေ ရေနဲ့ဆီတွေ လျှံထွက်လာတယ်...မြေငလျင်တိုင်းတာရေးဗျူရိုကတော့ ငလျင်အကြီးစားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသတိပေးထားတယ်..."
အစီအရင်၏ အလယ်ဗဟိုရှိ ဝိညာဉ်ချီဓာတ်နှင့် အမုန်းတရားက ဖူလီ့အတွက် ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်နေသည်။ အစီအရင်၏ အလယ်ဗဟိုကို ထိလိုက်သည်နှင့် အဆုံးမဲ့စွမ်းအားများက သူ့ကိုယ်ပေါ် မြင့်တက်လာပြီး သူ၏ သွေးကြောများနှင့် ကြွက်သားတိုင်းကို အာဟာရဖြည့်တင်းပေးနေသည်။
သူ လိုအပ်သည့်အရာက ထိုနေရာထဲသို့ ခုန်ဝင်သွားရန် ဖြစ်သည်။ အစီအရင်၏ အလယ်ဗဟိုသို့ ခုန်ချသွားသည်နှင့် မရေမတွက်နိုင်သော ယောင်ကျင့်ကြံသူများထံမှ စုဆောင်းထားသည့်စွမ်းအားများဖြင့် လောကကြီးကို အုပ်စိုးနိုင်မည်ဖြစ်သည်။
" ဖူလီ..."
သူ့လက်မောင်းကို လှမ်းဆွဲခံလိုက်ရပြန်သည်။ သူ့လက်မောင်းတစ်ဖက်မှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးက အစီအရင်၏ အလယ်ဗဟိုထဲ ရောက်ရှိသွားပြီဖြစ်သည်။ ဖရိုဖရဲဖြစ်နေသည့် ဒြပ်စင်ငါးခုနှင့် သိပ်သည်းနေသည့် အမုန်းတရားများက သူတော်ကောင်းတရားရှိသည့် ဤနဂါးလေးအတွက် အလွန်နာကျင်ရပေသည်။ တစ်ဖက်လူ၏ လက်ကောက်ဝတ်ရှိ သွေးစက် တစ်စက်ချင်းစီက အစီအရင်ထဲ ကျရောက်သွားသည်ကို ဖူလီမြင်နေနိုင်သည်။
ဒီနဂါးက သူချထားတဲ့ အရံအတားကိုတောင် ဖျက်ဆီးပစ်နိုင်တာလား...
" အသုံးမဝင်ဘူး... အသုံးမဝင်တော့ဘူး..."
ကျို့ယင်းက ဖူလီ အစီအရင်၏ အလယ်ဗဟိုသို့ ဝင်သွားသည်ကိုကြည့်ပြီး ရူးနှမ်းစွာရယ်နေသည်။
" သူက မိစ္ဆာတစ်သောင်းရဲ့ မျှော်လင့်ချက်တွေကနေ မွေးလာတဲ့ မိစ္ဆာဧကရာဇ်ပဲ... အစီအရင် ပြီးပြည့်စုံသွားတာနဲ့ ရပ်လို့မရတော့ဘူး..."
" ကောင်းကင်ဘုံစည်းမျဉ်း..."
ကျို့ယင်းက ကောင်းကင်ပေါ်ကို လက်ညှိုးဖြင့်ထိုးလိုက်သည်။
" မင်းက တရားမျှတမှု မရှိမှတော့ ဒီလူသားတွေရဲ့ နောက်ဆုံးရလဒ်ကို မင်းကို ပြရသေးတာပေါ့..."
" အရှင်ပိုင်ဇယ်... သူ ဘာကိုဆိုလိုတာလဲ..."
ကုန်းဖုက အလွန်အမင်း မျက်နှာပျက်နေပြီဖြစ်သည်။
" မိစ္ဆာတစ်သောင်း ရှိခိုးမှုအစီအရင်နဲ့ မိစ္ဆာဧကရာဇ်ရဲ့ မွေးဖွားမှုကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး..."
ပိုင်ဇယ်၏ အမူအရာကလည်း ကုန်းဖုနှင့် ထူးမခြားနားဖြစ်သည်။
" ဖူလီက အစီအရင်ရဲ့ အလယ်ဗဟိုကို ဝင်မသွားရင်တောင် အစီအရင်က ဆက်လုပ်နေဦးမှာပဲ..."
သို့ဖြစ်၍ အချည်းနှီးဖြစ်မည်စိုးသောကြောင့် ဖူလီ အစီအရင်၏ အလယ်ဗဟိုသို့ သူဝင်သွားခြင်းကို သူ မဟန့်တားလိုက်ခြင်းဖြစ်သည်။ ကျို့ယင်းက သူ၏ရူးသွပ်မှုထဲ နစ်မြုပ်နေသည်။ သူက ယောင်ကျင့်ကြံသူများစွာထံမှ အမုန်းတရားများကို စုဆောင်းထားပြီး နယ်မြေတစ်ခုလုံးကို အစီအရင်အဖြစ်အသုံးပြုကာ ကောင်းကင်နှင့်ကမ္ဘာမြေ၏ စည်းမျဉ်းကို ချိုးဖောက်ခဲ့ပေသည်။
ကုန်းဖုက သူတို့ဘေးပတ်ပတ်လည်မှ ခြောက်သွေ့နေပြီဖြစ်သည့် အပင်များကို ကြည့်လိုက်သည်။
" တကယ်လို့ အစီအရင်ကို ပြန်ရုတ်သိမ်းလို့မရတော့ရင် လူသားတွေရော တခြားသတ္တဝါတွေပါ မလွတ်မြောက်နိုင်တော့ဘူး... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား..."
" အရင်ကတော့ နည်းလမ်းတစ်ခုရှိတယ်..."
ပိုင်ဇယ်က ချောင်းအနည်းငယ်ဆိုးလိုက်သည်။ သူ၏အသားအရည်က ဖြူဖျော့လွန်း၍ သေလုမျောပါးဖြစ်နေသည်ဟုပင် ထင်ရသည်။
" ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ အရပ်မျက်နှာလေးခုကို စောင့်ရှောက်တဲ့ နတ်ဘုရားသားရဲလေးကောင်... သူတို့ရှိနေတယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး..."
ကုန်းဖုနှင့် ယာဇီတို့ ငြိမ်ကျသွားသည်။ သူတို့ဖခင်က နတ်ဘုရားသားရဲလေးကောင်ထဲတစ်ကောင်ဖြစ်ပြီး သူ ပျောက်ကွယ်သွားခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း၅၀၀၀ခန့်ကဖြစ်သည်။ သို့ဖြစ်၍ နတ်ဘုရားသားရဲလေးကောင် စုဝေးရန် မဖြစ်နိုင်တော့ပေ။
" နဂါးပြာက ပျောက်ကွယ်သွားပြီ... ကျားဖြူနဲ့ လိပ်နက်ကြီးနဲ့ တည်နေရာကိုလည်း မသိရဘူး... ဟင်္သာပြဒါးငှက်ကတော့..."
ကောင်းကင်ယံထက်တွင် ငှက်နှစ်ကောင်၏တွန်ကျူးသံက ရုတ်ချည်းထွက်ပေါ်လာသည်။ မီးလျှံနီရောင် ဟင်္သာပြဒါးငှက်နှင့် ရောင်စုံဖုန်းဟွမ်က ကောင်းကင်ယံမှ ဆင်းသက်လာပြီး စီမံခန့်ခွဲရေးဗျူရိုမှ ယောင်ကျင့်ကြံသူအားလုံးကို အံ့အားသင့်သွားစေသည်။
ဟ ဟင်္သာပြဒါးငှက်နဲ့ ဖုန်းဟွမ်က ချက်ချင်းရောက်လာပါလား...
ဟင်္သာပြဒါးငှက်နှင့် ဖုန်းဟွမ်က လူသားအသွင်သို့ ပြောင်းလိုက်ချိန်တွင် သူတို့ပို၍ အံ့အားသင့်သွားရသည်။
သူတို့က ဖူကောရဲ့ အကြီးအကဲတွေ မဟုတ်ဘူးလား... သူတို့က ဟင်္သာပြဒါးငှက်နဲ့ ဖုန်းဟွမ် ဖြစ်နေတာလား...
ကျူးယွဲ့လူသားအသွင်ပြောင်းပြီးချိန်၌ ပထမဆုံးပြောသည့်စကားမှာ -
" ဖူလီဘယ်လိုနေလဲ..."
ပိုင်ဇယ်က ခေါင်းခါပြလိုက်သည်။
" ရှင်းရှင်းနဲ့ လောင်ကန်းရော ဘယ်မှာလဲ..."
ပိုင်ဇယ် သူတို့နောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံး ဖူလီ့အပေါ် တန်ဖိုးထားပုံဖြင့်ဆိုပါက လောင်ကန်းနှင့် ရှင်းရှင်းတို့က သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ဤနေရာသို့ တစ်ဟုန်ထိုးရောက်လာကြမည်ဖြစ်သည်။
" ကမ်းခြေမြို့တွေမှာ ပင်လယ်ရေတွေ တက်လာပြီ... ရှင်းရှင်းနဲ့ တန့်ကန်းက ယောင်ကျင့်ကြံသူတွေကိုခေါ်ပြီး အဲဒီကိုထွက်သွားတယ်..."
မိစ္ဆာတစ်သောင်းရှိခိုးမှု အစီအရင်ကိုကြည့်ပြီး ကျူးယွဲ့က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" ဒါကို ဘယ်သူလုပ်တာလဲ..."
သူမ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ရောက်သွားသည်။ အစီအရင်၏အပြင်ဘက်တွင် ဒူးထောက်နေသည့် ကျို့ယင်းကိုကြည့်ပြီး ရွံရှာစက်ဆုပ်ဟန်ဖြင့် မေးလိုက်သည်။
" ကျို့ယင်းလား..."
သူမ ကျို့ယင်းကိုသတ်ရန် ဓားကိုမြှောက်လိုက်သော်လည်း ပိုင်ဇယ်က သူမကိုတားလိုက်သည်။
" သူက အစီအရင်ကို အသက်သွင်းတဲ့ မိစ္ဆာပဲ... ငါတို့ သူ့ကိုထိလို့မဖြစ်ဘူး..."
မိစ္ဆာဧကရာဇ်အတွက်မူ သူ့ကိုဆင့်ခေါ်လိုက်သည့် မိစ္ဆာက သူ၏ သစ္စာရှိအစေခံဖြစ်သည်။ မိစ္ဆာဧကရာဇ်ကိုယ်တိုင် မလှုပ်ရှားသေးသရွေ့ ဤမိစ္ဆာ တခြားတစ်ယောက်ယောက်၏လက်ဖြင့် သေသွားပါက မိစ္ဆာဧကရာဇ်ကို ရန်စသည်ဟု သတ်မှတ်နိုင်ပေသည်။ ထိုသို့မဟုတ်ပါက သူကိုယ်တိုင်လည်း ယခုအချိန်အထိ ကျို့ယင်းကို အသက်ရှင်လျက်ထားမည်မဟုတ်ပေ။
ဒါပေမဲ့ ဖူလီက အခုချိန်မှာ သူ့ရဲ့ ပင်ကို အသိစိတ်ကို ပျောက်သွားပြီဆိုတော့ သူကိုယ်တိုင်လည်း ကျို့ယင်းကို ဘယ်လိုသတ်ရမှာလဲ...
" အရှင် ဒီစက်ဆုပ်စရာနဂါးက အရှင့်ကို ဖျက်လိုဖျက်ဆီးလုပ်နေပါတယ်... ကျေးဇူးပြုပြီး သူ့ကိုရှင်းထုတ်ပစ်ဖို့ ကျွန်တော်မျိုးကို ခွင့်ပြုပေးပါ..."
ကျို့ယင်း စကားမဆုံးမီမှာပင် ဖူလီဟ ကြာပွတ်ရိုက်ချက်က ကျို့ယင်း၏ ခေါင်းရှစ်လုံးကို ဖြတ်ပစ်လိုက်သည်။ သူ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" ငါ မင်းကိုပြောတာ နှစ်ကြိမ်ရှိပြီနော်... ရုပ်ဆိုးတဲ့ယောင်ကျင့်ကြံသူတွေက ငါနဲ့ဝေးဝေးနေရမယ်လို့... တကယ့်လို့ မင်း ခေါင်းထဲမှာ အဲ့စကားကို မမှတ်ထားဘူးဆိုရင် နောက်ဆုံးခေါင်းတစ်လုံးကိုလည်း ချန်ထားပေးဖို့ မလိုတော့ဘူး..."
ယခုအချိန်၌ ခေါင်းတစ်လုံးသာ ကျန်တော့သည့်ကျို့ယင်းမှာ နောက်သို့ခြေလှမ်းပေါင်းများစွာ ဆုပ်လိုက်ရသည်။ သူ လူသားအသွင်ပြောင်းပြီး မမြင်ရသည့် ထောင့်တစ်နေရာတွင် ပုန်းနေကာ ဖူလီ့မျက်စိရှေ့သို့ ထပ်မလာရဲတော့ပေ။
အစီအရင်၏ အလယ်ဗဟိုမှ ဖူလီက ကျွမ်းချင်၏လက်ကို ငုံ့ကြည့်လိုက်သည်။ အဖြူရောင်အရိုးများကိုပင် မြင်နေရသည်အထိ ဆွေးမြေ့လောင်ကျွမ်းသွားသော်လည်း ကိုင်ထားသည့်လက်ကို မဖြုတ်သေးပေ။ ကြာပွတ်ဖြင့် တစ်ချက်ရိုက်လိုက်ရုံဖြင့် ဤနဂါးက လက်တစ်ဖက် ပြတ်ထွက်သွားနိုင်ပေသည်။
သို့ရာတွင် အစီအရင်အတွင်းမှ စွမ်းအားများ၏ ဆွဲဆောင်မှုက ရှိနေသော်လည်း ထိုနဂါး၏လက်ကို သူ မဖယ်ပစ်နိုင်ပေ။
ဒီလို အာရုံမဲ့တဲ့ စိတ်ခံစားချက်မျိုး ရှိနေရလောက်အောင် သူ့ခန္ဓာကိုယ်က ဘာတွေခံစားခဲ့ရလို့များလဲ...
" မင်း ငါနဲ့အတူတူ ခုန်ချချင်လို့များလား..."
ဖူလီက ကျွမ်းချင်၏အနားကို ရုတ်တရက် ကပ်သွားလိုက်သည်။ သူ့အသံက အက်ရှရှဖြစ်နေသည်။
" ကံဆိုးချင်တော့ ရွှေရောင်သူတော်ကောင်းတရားက မင်းခန္ဓာကိုယ်ကို လွှမ်းနေတယ်... အောက်ဘက်က ယောင်ကျင့်ကြံသူတွေက မင်းကို ကြိုဆိုမယ်မထင်ဘူး..."
" ငါ မင်းကိုယ်ပေါ်က ငါ့ရဲ့အနံ့ကို ရတယ်..."
သူ ကျွမ်းချင်၏ လက်ဖမိုးပေါ်ကို ထိလိုက်သည့်အခါ မူလ အရိုးသာကျန်သည့်လက်ဖဝါးက အသားများပြန်ပြည့်သွားသည်။ ဖူလီ ကျွမ်းချင်ကို တွန်းထုတ်လိုက်သည်။
" ထွက်သွားစမ်း... ငါ မင်းကို မသတ်ဘူး..."
" မင်း အတိတ်ကို လုံးဝပြန်မမှတ်မိတော့ဘူလား..."
" ကျွမ်းချင်က ဓားအိမ်ထဲမှဓားကိုထုတ်လိုက်သည်။
" တကယ်လို့ မင်း ကိုယ့်ကိုမေ့သွားပြီး တစ်လောကလုံးကို ဖျက်ဆီးပစ်မယ်ဆိုရင်တော့ ငါအခု မင်းကိုသတ်ရလိမ့်မယ်..."
ဓားကိုင်ထားသည့်လက်က တုန်ယင်နေသည်ကိုကြည့်ပြီး ဖူလီ ရယ်လိုက်မိသည်။
" မင်းက ငါ့ကိုသတ်ချင်တာတဲ့လား..."
ကျွမ်းချင် ဖူလီ့မျက်ဝန်းများကို စိုက်ကြည့်နေမိသည်။ ထိုမျက်ဝန်းများက ဖူလီ့မျက်ဝန်းများမဟုတ်ပေ။ သူ့ဓားလက်ကိုင်ကို တင်းကြပ်စွာကိုင်ထားလိုက်သည်။ သူ့နှုတ်ခမ်းထက်မှ ခပ်ဟဟရယ်သံထွက်လာပေသည်။
" ကိုယ်က မိစ္ဆာမျိုးနွယ်နဲ့ လူသားလောကကို ကာကွယ်ရမယ့်သူဆိုတော့ မင်းကို ပြဿနာရှာခွင့်ပေးလို့ ဘယ်ဖြစ်မလဲ... ဒါပေမဲ့ မင်းက ကိုယ့်ချစ်သူဆိုတော့ ကိုယ်မင်းကိုလည်း သစ္စာမဖောက်ပါဘူး... ကိုယ် ကိုယ့်ကိုကိုယ် သတ်သေလိုက်ပြီးရင် ဒီလောက ကနေ မင်းနဲ့အတူ ပျောက်ကွယ်သွားမယ် ဟုတ်ပြီလား..."
အစီအရင်ထဲမှ မချိတင်ကဲအော်ဟစ်သံများက ပိုမိုကျယ်လောင်စူးရှလာသည်မှာ အစီအရင်၏ အလယ်ဗဟိုကို တစ်ခဏတွင်းချင်းဖြတ်ကျော်ပြီး လူသားလောကသို့ ရောက်လာတော့မည်ဟုပင် ထင်ရသည်။
ဤနဂါးလေးက အပြင်ပန်းတွင်သာ ပြုံးနေသော်လည်း ဖူလီ့နှလုံးသားထဲတွင်မူ သူ ပြုံးနေခြင်းမဟုတ်ကြောင်း သိနေသည်။
" လွင့်မျောနန်းတော်က ပွဲအခမ်းအနားဆောင်လည်း အဆင်သင့်ဖြစ်နေပြီ... ကျင့်ကြံရေးလောကတစ်ခုလုံးကလည်း ကိုယ်တို့မကြာခင် တာအိုပေါင်းစည်းအခမ်းအနားကျင်းပမယ်ဆိုတာ သိနေပြီးသား... ကိုယ်တို့ရဲ့ အခမ်းအနားဝတ်စုံတွေကလည်း ကျင့်ကြံရေး လောကတစ်ခုလုံးမှာ အလှဆုံးနဲ့ အခမ်းနားဆုံးပဲ..."
ကျွမ်းချင်၏ မျက်နှာထက်မှ အပြုံးက မှေးမှိန်သွားသည်။
" တကယ်လို့ မင်း အဲဒါတွေအကုန်လုံးကို မလိုချင်ဘူးဆိုရင်တော့ ကိုယ်လည်း မလိုချင်တော့ပါဘူး..."
" ဖူလီ ကိုယ် သေဖို့ မကြောက်ပါဘူး..."
တာအိုပေါင်းစည်းအခမ်းအနား၊ အခမ်းအနားဝတ်စုံတွေ...
အစီအရင်၏ အလယ်ဗဟိုမှ တွားသွားတက်လာသော ထွက်ခွာချင်နေသည့်ဝိညာဉ်များကို ဖူလီငုံ့ကြည့်လိုက်မိသည်။ ဝိညာဉ်တစ်ခုပေါ်သို့ ခြေထောက်တစ်ဖက်က နင်းချလိုက်သည့်အခါ စူးခနဲအော်ဟစ်သံကြီးဖြင့် ဝိညာဉ်က ပြာမှုန်ဘဝရောက်သွားသည်။
သူက ယောင်ကျင့်ကြံသူများ၏ ထွက်ခွာချင်နေသည့်ဝိညာဉ်များကို လွတ်မြောက်အောင်ပြုလုပ်ပေးချင်နေသော်လည်း သူ၏ ပထမဆုံးတုံ့ပြန်ချက်က သူတို့ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
ဖူလီက နာခံမှုမရှိသည့် ခြေထောက်တစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ပူနွေးနေသည့်အရည်စက်အချို့က သူ့နှဖူးပေါ်မှ အမှတ်ပေါ် ရောက်လာသည်။
အဲဒါ ဒီနဂါးရဲ့ နှလုံးသွေးတွေပဲ...
နာကျင်မှု... အဆုံးမဲ့နာကျင်မှု...
အသက်တစ်ရှိုက်ရှုလိုက်တိုင်း မခံမရပ်နိုင်သည့် နာကျင်မှုကို ခံစားနေရသည်။ သူ၏ သွေးနီရောင်မျက်လုံးများ ပြူးကျယ်လာသည်။
ဒီနဂါးက သူ့ကိုတစ်ခုခုလုပ်ကြံထားတာပဲ မဟုတ်ရင် သူ ဒီလိုဖြစ်မှာ မဟုတ်ဘူး...
ဒါပေမဲ့ ဒီနဂါးက သူ့ကိုခြိမ်းခြောက်နေတာမဟုတ်ဘူးလို့ ဘာကြောင့်ထင်နေမိပါလိမ့်...
ဟင်္သာပြဒါးငှက်က ကောင်းကင်နှင့် ကမ္ဘာမြေ၏ တောင်ပိုင်းအရပ်မျက်နှာကို ကာကွယ်စောင့်ရှောက်သည်။ သူမပေါ်ထွက်လာခြင်းက အစီအရင်၏စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဖိနှိပ်ထားသည်။ ထိုအချိန်တွင် ကျွမ်းချင်က ဖူလီ့ကိုပြန်လည်နိုးထလာနိုင်အောင် လှုံ့ဆော်နေသည်။
သူကိုယ်တိုင်က ရေနေသဏတ္တဝါမျိုးနွယ်၏ ဧကရာဇ်နှင့် နိုင်ငံကံကြမ္မာနဂါးဖြစ်နေရုံသာမက နဂါးပြာ၏ အမွေအနှစ်ကို ဆက်ခံထားသူလည်း ဖြစ်နေသည်။ သို့ဖြစ်၍ သူက အရှေ့ဘက်အရပ်မျက်နှာကိုစောင့်ရှောက်သော နတ်ဘုရားသားရဲမျိုးဆက်သစ် ဖြစ်နေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေက နတ်ဘုရားသားရဲများကို မလိုအပ်တော့သည့်အချိန်ရောက်လာသောကြောင့် ယောင်ကျင့်ကြံသူတစ်ယောက်မှ ဤအချက်ကို သတိမပြုမိကြခြင်းဖြစ်သည်။
နှလုံးသွေးက ယောင်ကျင့်ကြံသူတစ်ယောက်၏ အဖိုးတန်ဆုံးသော သွေးအဆီအနှစ်တစ်ခုဖြစ်သည်။ အကယ်၍ ဖူလီ မနိုးထလာနိုင်သေးပါက သူ ဖူလီနှင့်အတူ နှလုံးသား၏ အလယ်ဗဟိုသို့ ခုန်ချသွားမည်ဖြစ်သည်။
" ဒါ အဖေ့ရဲ့စွမ်းအားပဲ..."
ယာဇီက ကျွမ်းချင်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
" သူကဘာလို့ အဖေ့ရဲ့စွမ်းအားတွေကို ပိုင်နေရတာလဲ..."
ကျွမ်းချင်က သူ့ဖခင်၏စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ကုန်းဖုလည်း မမျှော်လင့်ထားခဲ့ပေ။ သူ ဖုန်းလွေ့ကျုံးဘက်ကို လှည့်လိုက်သည်။
" မင်း ငါ့အဖေရဲ့ အမွေကို ကျွမ်းချင်ဆီ ပေးလိုက်တာလား..."
ဖုန်းလွေ့ကျုံး : ...
ဒီကိစ္စက မတော်တဆဖြစ်သွားတာပါလို့ သူပြောရင်ရော ဘယ်သူက ယုံမယ်တဲ့လဲ...
" အခု ဘာဖြစ်နေလဲဆိုတာလည်း ကြည့်ကြဦး... ဘာကိစ္စ အဲ့အမွေကိစ္စကို စိုးရိမ်နေကြတာလဲ..."
အချိန်အတန်ကြာအောင် သည်းခံနေရသည့် ဟွင်းသွမ်းက သည်းခံနိုင်မှု အကန့်အသတ်ကိုရောက်နေပြီဖြစ်သည်။
" မင်းတို့ မင်္ဂလာသားရဲတွေက အတိတ်အကြောင်းကို အရမ်းတွေးကြတာပဲ... ကိစ္စတစ်ခုခုကိုလုပ်ရင် အတိတ်က အကြောင်းပြချက်နဲ့ အနာဂတ်မှာဖြစ်လာနိုင်တာတွေကို အမြဲတွေးကြတယ်... နတ်ဘုရားသားရဲလေးကောင်က အစီအရင်နားမှာ စုလာမှ ဖိနှိပ်နိုင်မယ်လို့ ဘယ်သူပြောလဲ... မိစ္ဆာဧကရာဇ်သာ..."
" ပါးစပ်ပေါက်ပိတ်ထားစမ်း..."
ဖုန်းလွေ့ကျုံးက ဟွင်းသွမ်းကို ဓားကဲ့သို့ ချွန်ထက်စူးရှသည့်အကြည့်ဖြင့် အေးစက်စက်လှမ်းကြည့်လိုက်သည်။
ဖုန်းဟွမ်ကို မွေးရာပါကြောက်ရွံ့စိတ်ရှိသော ဟွင်းသွမ်းမှာ ဖုန်းလွေ့ကျုံးထံမှ တစ်ချက်အကြည့်ခံလိုက်ရရုံဖြင့် ကျန်ရှိနေသည့်စကားများကို ပြောမထွက်တော့ပေ။
စုန့်ယွီက ဖုန်းလွေ့ကျုံးကို တစ်ချက်ကြည့်လိုက်ပြီးမှ ဟွင်းသွမ်းကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် မှန်းဆချက်တစ်ခု ဝိုးတဝါးပေါ်လာပြီး ဖူလီရှိရာဘက်သို့ တစ်ချက်ခိုးကြည့်လိုက်သည်။ သူ ခေါင်းငုံ့ပြီး ငြိမ်ကျသွားပေသည်။
ကျူးယွဲ့က သူမ၏ ဝိညာဉ်စွမ်းအင်ကို ကောင်းကင်နှင့် ကမ္ဘာမြေကြီးထံ အဆက်မပြတ် ထုတ်လွှတ်ပေးနေသော်လည်း သူမ၏နတ်ဘုရားစွမ်းအားက မူလတည်းက တောင်အရပ်ကိုသာ ကာကွယ်ရန်အတွက် အသုံးပြုထားခြင်းဖြစ်သည်။ ထိုသို့ဖြစ်၍ တောင်အရပ်မှ ဒြပ်စင်ငါးမျိုးက နောက်ဆုံးတွင် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသော်လည်း အခြားအရပ်မျက်နှာသုံးမျိုး၏ အခြေအနေမှာ တိုးတက်မလာပေ။
.....