Chapter 179
သူ ပြန်လာပြီ
ဖူလီ့မျက်လုံးထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေသည့် လောကကြီးက အနက်နှင့် အနီရောင်များရောယှက်နေပြီး ရှု့ထောင့်ပေါင်းစုံမှ မနှစ်မြို့ဖွယ်ရာများဖြင့် ပြည့်နေသည်။ သူ့လူများဖြစ်သည်။ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များက ထိုမနှစ်မြို့ဖွယ်ရာကောင်းမှုများထဲတွင် ရုန်းကန်နေရသည်။ ရေလွှမ်းမိုးခံရချိန်တွင် မျောပါသွားသည့် ပုရွက်ဆိတ်များကဲ့သို့ပင် ကံကြမ္မာရေစီးဖြင့် မျောပါသွားပြီး နောက်ဆုံးတွင် သူတို့၏ အလောင်းများက ပင်လယ်ကြမ်းပြင်တွင် အနားယူသွားကြရသည်။
" ဖူလီ..."
" ဖူလီ..."
ဖူလီက အစီအရင်ထဲ ခြေချလိုက်ရာမှ နောက်တစ်လှမ်းပြန်ဆုတ်လိုက်ပြီး သူ့ထံသို့ပြေးလာနေသည့်လူကို ကြည့်လိုက်သည်။ ဤအနီရောင်နှင့် အနက်ရောင်လောကကြီးထဲတွင် ဤလူတစ်ယောက်တည်းသာ ရွှေရောင်တောက်ပနေပေသည်။ ရွှေရောင်က အနီနှင့်အနက်ရောင်ကို လွှမ်းမိုးမနေသော်လည်း ဖူလီ၏အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။ သူ လက်တစ်ဖက်မြှောက်ပြီး ဖြူဖွေးနေသည့် လက်ဖဝါးပြင်ကိုကြည့်ကာ လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်သည်။
သို့ရာတွင် အကြောင်းအရင်းအချို့ကြောင့် သူ့ခန္ဓာကိုယ်က ပုံမှန်သတိပြုမှုတို့ ပျောက်ဆုံးသွားပုံရသည်။ သူ၏ သွေးကြောများက ကမောက်ကမဖြစ်နေပြီး သူ့စိတ်က အမိန့်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။
သူ မျက်ခုံးတွန့်လျက် လက်တစ်ဖက်နောက်ပစ်ထားပြီး နဂါးမှ လူသားအသွင်ပြောင်းလာသည့်လူကို ဖမ်းဆုပ်ခွင့်ပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က တိုက်စားနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုလူ သူနှင့်ထိတွေ့သွားသည်နှင့် အရေပြားကလောင်ကျွမ်းလာသည့် အနံ့တစ်နံ့ကို ရလိုက်သည်။ သို့ရာတွင် ထိုလူက သူ့ကိုလက်မလွှတ်သေးပေ။
သူ့မျက်ခုံးများ ပိုမိုတွန့်ချိုးလိုက်ပြီး မွေးရာပါစွမ်းရည်ကို ပြန်ထိန်းချုပ်လိုက်ကာ တိုက်စားခြင်းကို ရပ်တန့်လိုက်သည်။
" မင်း ဘာလိုချင်လို့လဲ..."
" ဖူလီ မင်းပြောတော့ တက္ကသိုလ်တက်ပြီး အစိုးရဝန်ထမ်းလုပ်ချင်တယ်ဆို... ပြီးတော့ ကိုယ့်အစား လောကကြီးကို ကြည့်ပေးမယ်လို့ အတိတ်တုန်းက ကတိပေးထားခဲ့တယ်လေ... ဒါတွေအားလုံးကို မေ့သွားတာလား..."
ဖူလီက သူ၏တိုက်စားခြင်းစွမ်းရည်ကို ရပ်တန့်လိုက်၍ ကျွမ်းချင်၏စိတ်ထဲ ပျော်ရွှင်မှုတို့ ပဲ့တင်ထပ်လာသည်။ ဆင့်ခေါ်မှုအစီအရင်၏ လွှမ်းမိုးမှုအောက်တွင်ပင် ဖူလီက သူ့ကိုနာကျင်အောင် မလုပ်ပေ။
" အစိုးရဝန်ထမ်းလား..."
ဖူလီ့စိတ်ထဲတွင် အစိုးရဝန်ထမ်းက မည်သည်ဖြစ်ကြောင်း သဘောပေါက်၍ သူ သရော်လိုက်သည်။
" အဲဒါက အဆင့်နိမ့်တဲ့လူသားတွေရဲ့ အလုပ်တစ်ခုထက် မပိုပါဘူး... ဘာလို့ငါက အစိုးရဝန်ထမ်း လုပ်ရမှာလဲ..."
သူ ကျွမ်းချင်ကို ဘေးနားရောက်အောင် တွန်းထုတ်လိုက်ပြီး သူ့အပေါ်မှ အုပ်မိုးလိုက်သည်။
" နဂါးလေး ဘေးဖယ်နေစမ်း မဟုတ်ရင် မင်းကိုငါသတ်မှာနော်..."
" မင်းကို အစီအရင်ထဲ ဝင်ခွင့်ပြုရမည့်အစား ငါပဲ အသတ်ခံလိုက်တော့မယ်..."
ကျွမ်းချင် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည့်အခါ ထောင့်တစ်နေရာသို့ရောက်သွားသည့်ဓားက သူ့လက်ပေါ် ပြန်ရောက်လာသည်။
" ဖူလီ မင်းပြောတော့ လူသားတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆို... သူတို့က ဖန်တီးနိုင်စွမ်းအားမြင့်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကျင့်စရိုက်တွေလည်းရှိကြတယ်ဆို... အဲဒါတွေအားလုံးကို မေ့သွားပြီလား..."
" ဒါပေမဲ့ လူသားတွေမှာလည်း လောဘ၊ တစ်ကိုယ်ကောင်းဆန်မှုထ မနာလိုဝန်တိုမှုဆိုတဲ့ မုန်းစရာကောင်းတဲ့ အကျင့်စရိုက်တွေ အများကြီးရှိတယ်..."
ဖူလီက ခါးသက်စွာဖြင့် ရယ်လိုက်သည်။
" ရေတွေညစ်ညမ်းရတာလည်း သူတို့ကြောင့်ပဲ... သစ်ပင်တွေကိုလည်း သူတို့ပဲ ခုတ်ပစ်တာ... မင်းတို့ ရေနေသတ္တဝါတွေရဲ့အိမ်ဖြစ်တဲ့ ပင်လယ်ပြင်ကိုလည်း သူတို့ပဲ အမှိုက်တွေများလာအောင် လုပ်ပစ်တာ... ဒီလိုစက်ဆုပ်စရာကောင်းတဲ့ သတ္တဝါတွေ လောကကြီးကနေ ပျောက်ကွယ်သွားတာ ပိုမကောင်းဘူးလား..."
ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ တလှိမ့်လှိမ့်တက်လာပြီး လျှပ်စီးများတလက်လက်ဖြစ်လာသည်။ သို့သော် လျှပ်စီးများပျောက်ကွယ်သွားချိန်တွင် ကောင်းကင်က လုံးဝမည်းမှောင်သွားသည်မှာ နေရောင် လရောင်နှင့် ကြယ်ရောင်တို့ကို မည်သို့သောအခါမှ မမြင်ရတော့မည့် တွင်းနက်ကြီးသဖွယ်ဖြစ်သွားသည်။
ကျွမ်းချင် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ ထိုနေရာက မည်းမှောင်လွန်းနေ၍ သူ့စိတ်ထဲ မသက်မသာဖြစ်လာသည်။
အဲ့နေရာမှာ ဘာတွေဖြစ်နေပါလိမ့်... တုနှိုင်းမဲ့ခွန်အားရှိတဲ့သူ တစ်ယောက်ယောက်ရဲ့ အတိဒုက္ခများလား... ဒါမှမဟုတ် ကောင်းကင်ဘုံစည်းမျဉ်းက မျိုးနွယ်စုတစ်ခုခုကို မကျေမနပ်ဖြစ်နေတာများလား...
" မင်း ဓားထုတ်လိုက်တာ ငါ့ကို သတ်ချင်လို့လား..."
ဖူလီ၏ရယ်သံက ကျွမ်းချင်ကို လှောင်ပြောင်သရော်ခြင်းတို့ဖြင့် ပြည့်နေသည်။ သူက ကျွမ်းချင်၏ အရိုင်းဆန်လှသောစိတ်ကူးယဉ်မှုနှင့် အခြားယောင်မျိုးနွယ်စုများ၏ သတ္တိကြောင်မှုတို့ကို သရော်နေခြင်းဖြစ်သည်။
သူ မေးငေါ့လိုက်သည်။ ဤနေရာတွင်ရှိနေသည့် ယောင်ကျင့်ကြံသူများအပေါ် သူ၏ ရွံရှာစက်ဆုပ်မှုက အပြုအမူတိုင်းတွင် သိသာထင်ရှားနေသည်။
" ပိုင်ဇယ်၊ ခွန်းဖမ်၊ ယာဇီ၊ ကုန်းဖု..."
စီမံခန့်ခွဲရေးဗျူရိုမှ အခြားသော ယောင်ကျင့်ကြံသူများကိုလည်း သူ့မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ သူတို့နာမည်များကို ခေါ်ရန်မူ သူအလွန်ပျင်းရိနေသည်။
" မင်းတို့ ငါ့ကို ကြောက်ကြတာလား... ဒါပေမဲ့ ရင်ထဲမှာတော့ ယောင်လောက က သူ့ရဲ့ ခမ်းနားထည်ဝါမှုကို ပြန်ရဖို့ ဒီလူသားလောကကြီးကို ဖျက်ဆီးစေချင်နေကြတယ်မလား..."
ပိုင်ဇယ်က ရှေ့သို့ခြေလှမ်းအနည်းငယ်ခန့်တိုးလာပြီး သူ့အကြည့်များက သူနှင့် မရင်းနှီးသောဖူလီကို ကြည့်နေသည်။ ရှင်းရှင်းနှင့် တန့်ကန်းတို့ ဖူလီ့ကိုခေါ်လာသည့်နှစ်တွင် သူက အမျိုးအမည်မသိရသော မကောင်းဆိုးဝါးသားရဲလေးကို စောင့်ရှောက်ရန် သဘောမတူခဲ့ပေ။ သို့ရာတွင် သူ မငြင်းဆန်နိုင်မီမှာပင် ဖူလီ၏ နက်မှောင်ပြီး အရည်လဲ့နေသည့် မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားရသည်။
ထိုစဉ်အချိန်က ဖူလီ့ခန္ဓာကိုယ်က သေးသေးကွေးကွေးလေးဖြစ်သည်။ ကြွက်တစ်ကောင်အရွယ်အစားခန့်ပင် မရှိသော ခန္ဓာကိုယ်လေးတွင် အမွေးဖြူလေးများဖြင့် ဖုံးလွှမ်းထားသည်။ မည်းနက်ပြီး အရောင်လဲ့နေသည့် မျက်လုံးများက သူ့ကိုစိုက်ကြည့်လိုက်ချိန်တိုင်းတွင် သူ၏အသက်ရှုသံက မြန်ဆန်လာလွန်းသည်ဟုပင် အထင်မှားမိလာသည်။
မကောင်းဆိုးဝါးသားရဲများက အကောင်ပေါက်ဘဝတွင် အလွန်သေးကွေးပြီး အားနည်းကြသည်။ အချို့ကမူ အကျည်းတန်သော ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အပ်များစွာပြည့်နေသည့် ပုံပန်းသွင်ပြင်များ ရှိကြသော်လည်း အချို့ကမူ အလွန်အမင်းချစ်စရာကောင်းကြပေသည်။
ပိုင်ဇယ်က ၎င်းကို ရှင်းလင်းစွာ သဘောပေါက်နားလည်ထားသည်။ အားနည်းချိနဲ့ကာ ကူကယ်ရာမဲ့နေသည့် ဖူလီ့ကို ကြည့်လိုက်ချိန်တွင် ထိုအချိန်က သူ့အတွေးမှာ ပထမဆုံး သူ့ကို အနီးကပ်လေ့လာပြီး တစ်ခုခု အမှားအယွင်းဖြစ်သည်ဟု ခံစားရသည်နှင့် နှင်ထုတ်ပစ်ရန် ဖြစ်သည်။ ဤသို့ဖြင့် နှစ်လေးထောင်ခန့် ကြာမြင့်သွားခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် သူက မိစ္ဆာသားပေါက်လေးအတွက် ဆေးများဖော်ပေးခြင်း၊ ပုံပြင်များပြောပြခြင်း၊ သူ့ကို အဝတ်အစားများဆင်ပေးခြင်း၊ အစာကျွေးခြင်းနှင့် အဆောင်လက်ဖွဲ့များ မည်သို့ရေးရမည်ကို သင်ပေးခြင်းတို့ပြုလုပ်ပေးခဲ့သည်။ ထိုကလေးလေးက ပြဿနာရှာပြီး မနာခံသည့်အချိန်များတွင်ပင် သူက နားရွက်ဆွဲပြီး ခြောက်လှန့်ရုံသာ ပြုလုပ်ခဲ့သည်။ ထိုကလေးအပေါ်တွင် တစ်ကြိမ်မှ လက်မပါခဲ့ဖူးပေ။
သူကိုယ်တိုင် မွေးမြူစောင့်ရှောက်ခဲ့သောကလေးထံမှ ထိုသို့အကြည့်ခံလိုက်ရသည့်အတွက် ပိုင်ဇယ်၏နှလုံးသားထဲကို လေအေးများဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် အေးစက်လွန်း၍ နာကျင်လာသည်။
" လောကကြီးရဲ့ သက်ရှိတွေအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းနဲ့ ရှင်သန်မှု၊ သေဆုံးမှုတွေရှိတယ်... တကယ်လို့ မင်း လူသားတွေကို သတ်လိုက်တယ်ဆိုရင်တောင် သူတို့နေရာမှာ တခြားသတ္တဝါတွေ အစားထိုးရောက်လာဦးမှာပဲ..."
ပိုင်ဇယ်က ခြေတစ်လှမ်းချင်း တည်ငြိမ်စွာဖြင့် လျှောက်လာသည်။
" လူသားတွေက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ သဘာဝရင်းမြစ်တွေကို အလဟဿဖြစ်အောင်လုပ်မိလို့ သူတို့ကို ဒဏ်ခတ်ရမယ့်နေ့တစ်နေ့တော့ ရောက်လာမှာပဲ... သူတို့ရဲ့ ကံကြမ္မာက ပြောင်းလဲသွားမှာပါ ဒါပေမဲ့ သူတို့ကို ပြစ်ဒဏ်ခတ်ဖို့က မင်းအပေါ် မူတည်မနေဘူး... ဆုံးဖြတ်ချက်ချရမှာ ကောင်းကင်နဲ့ ကမ္ဘာမြေပဲ..."
တစ်ချိန်က ကြွယ်ဝချမ်းသာခဲ့သည့် မျိုးနွယ်များဖြင့်ယှဉ်ပါက လူသားများက အမြန်ဆုံးတိုးတက်လာနိုင်ခဲ့သည့် မျိုးနွယ်စုတစ်စု ဖြစ်နိုင်သည်။ သို့ရာတွင် သူတို့နေထိုင်သည့်နည်းလမ်းမျိုးဖြင့်ဆိုပါက အမြန်ဆုံးမျိုးသုဉ်းပျောက်ကွယ်သွားမည့်မျိုးစိတ်လည်း ဖြစ်လာနိုင်သည်။
" မိစ္ဆာမျိုးနွယ်စုက အားနည်းနေပြီ... လောကကြီးက မှော်ပညာမရှိဘဲ နေနိုင်တဲ့ခေတ်ကိုရောက်လာတာ လူသားတွေကြောင့် မဟုတ်ပဲ မိစ္ဆာမျိုးနွယ်စုက တောင်တွေနဲ့ ပင်လယ်တွေကို ဖျက်ဆီးပစ်ပြီး တခြားသက်ရှိတွေကို သတ်ဖြတ်တဲ့ အကျင့်တွေကို မထိန်းချုပ်နိုင်ကြတော့လို့ပဲ..."
ပိုင်ဇယ်က ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
" အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာရှိတယ်... ကောင်းကင်ဘုံက မျိုးနွယ်စုအားလုံး ဘာလုပ်တယ်ဆိုတာ မြင်ရတယ်... တကယ်လို့ အပြစ်ကျူးလွန်တာတွေ များလာပြီဆိုရင်တော့ သူတို့ရဲ့ နောက်ဆုံးကံကြမ္မာက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသပဲ..."
" မိစ္ဆာမျိုးနွယ်စုက အမှားလုပ်ထားပြီးပြီ... မင်းကရော ဒီလိုအမှားမျိုးကိုပဲ ထပ်လုပ်ဦးမှာလား..."
ပိုင်ဇယ်က လှေကားထစ်များအောက် ရောက်သည့်အခါ ရပ်တန့်လိုက်ပြီး လှေကားထစ်ပေါ်တွင်ရပ်နေသည့်ဖူလီကို မော့ကြည့်လိုက်သည်။
" တကယ်လို့ မင်း လက်မလျှော့ချင်လည်းရတယ် ဒေါသဖြစ်မယ်ဆိုရင်လည်းရတယ်၊ ဒါပေမဲ့ မင်း မိစ္ဆာမျိုးနွယ်ကိုတော့ လက်လွှတ်လိုက်သင့်တယ်... အချိန်က နောက်ပြန်လှည့်လို့မရသလို သတ်ဖြတ်မှုတွေကြောင့်နဲ့ မိစ္ဆာမျိုးနွယ်က အရင်လို ဂုဏ်သတင်းပြန်ကြီးလာမှာ မဟုတ်ဘူး... မင်း အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်နေသရွေ့ မျှော်လင့်ချက်ရှိတယ်... တကယ်လို့ မင်း ကောင်းကင်ဘုံစည်းမျဉ်းကို အာခံမယ်ဆိုရင်တော့ ငါတို့မိစ္ဆာတွေကို စောင့်နေတာာပျက်သုဉ်းခြင်းတစ်မျိုးပဲ ရှိလာမှာ..."
ဖူလီက မည်းမှောင်နေသည့်ကောင်းကင်ကြီးကိုကြည့်ကာ အေးတိအေးစက်ဖြင့် ရယ်လိုက်သည်။
" သန်မာတဲ့သူတွေသေရင် အားနည်းတဲ့သူတွေလည်း သေကုန်မှာပဲ... တကယ်လို့ အသုံးမဝင်တဲ့ မိစ္ဆာတွေ သေမယ်ဆိုရင်လည်း သေပါစေ... သူတို့အသက်ရှင်နေတော့ရော ဘာအသုံးဝင်လို့လဲ..."
ထိုစကားများကြားသည့်အခါ ကျွမ်းချင်က ဖူလီ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ၏အနက်ရောင်မျက်ဆံထဲတွင် အနီရောင်များ တလက်လက်တောက်နေသည်။ ၎င်းက အလွန်ခမ်းနားထည်ဝါသည့် မြင်ကွင်းဖြစ်ပြီး ဤကမ္ဘာပေါ်တွင်ရှိသည့်ရတနာများကလည်း ဤထက်ပို၍ မလှပနိုင်ပေ။ သို့ရာတွင် ထိုမျက်ဝန်းများက ခံစားချက်ကင်းမဲ့နေသည်။
" ကျွန်တော်မျိုးတို့ရဲ့ ဧကရာဇ်ပြောတာ မှန်ပါတယ်... တကယ်လို့ အသုံးမကျတဲ့ ယောင်ကျင့်ကြံသူတွေ သေမယ်ဆိုရင်လည်း သေပါစေ... ဒီလောကကြီးမှာ အသုံးမကျတဲ့အပြင် သူရဲဘောကြောင်တဲ့ သတ္တဝါတွေ မလိုဘူး..."
ဆင့်ခေါ်မှု အစီအရင်နောက်ရှိ အက်ကြောင်းမှ သတ္တဝါကိုးကောင် ထွက်လာသည်။ ထိုသတ္တဝါများက မြွေနှင့် "ကျောက်" များနှင့် ဆင်တူပေသည်။ သူတို့ထံတွင် ချွန်ထက်သည့်အစွယ်များ ပိုင်ဆိုင်ထားပြီး သူတို့၏ရယ်သံကလည်း မွေးကင်းစကလေးတစ်ယောက်၏ ငိုသံနှင့် တူပေသည်။ ကျင့်ကြံဆင့် နှစ်တစ်ထောင်ကျော်နေသည့် ချူးယွီနှင့် နျဉ်ရွှမ်သည်ပင် ထိုရယ်သံကို တောင့်မခံနိုင်ကြပေ။ သူတို့နားများကိုပိတ်ကာ သွေးများအန်ထွက်လာသည်။
ကုန်းဖုက သူတို့ဘေးပတ်ပတ်လည်တွင် အရံအတားတစ်ခု တည်ဆောက်ပေးထားလိုက်မှသာ သူတို့စိတ်ထဲ အဆင်ပြေသွားသည်။ ရုတ်ချည်းပေါ်ထွက်လာသည့် မကောင်းဆိုးဝါးကိုးကောင်ကိုကြည့်ပြီး သူတို့စိတ်ထဲတွင် မသက်မသာဖြစ်မှုတို့ ကြီးစိုးသွားသည်။ သူတို့က လက်ရှိကျင့်ကြံရေးလောကတွင် နာမည်ကျော်များဖြစ်သော်လည်း ဤသို့သော မဟာမိစ္ဆာများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်ရန်ပင်မဆိုနှင့် ရယ်သံကိုပင် မတောင့်ခံနိုင်ကြပေ။
ခွန်အားကွာဟချက်က အလွန်များလွန်းသည်။ မှင်သဖွယ် မည်းနက်နေသည့် ကောင်းကင်ကြီးကိုကြည့်ပြီး သူ့တို့ရင်ထဲမှ စိုးရိမ်မှုများက ပိုမိုနက်ရှိုင်းလာသည်။
" စုန့်ယွီ အဲဒီခေါင်းကိုးလုံး မကောင်းဆိုးဝါးကြီးက ဘာလဲ..."
ချူးယွီက သူ့ဘေးနားတွင်ရှိသော စုန့်ယွီကို မေးလိုက်သည်။ ရှေးအချိန်ကာလတည်းက အသက်ရှင်နေထိုင်ခဲ့သော ယောင်ကျင့်ကြံသူဖြစ်သည့်စုန့်ယွီက ဤမိစ္ဆာအကြောင်းကို ကျိန်းသေပေါက် သိပေသည်။
" သူက ခေါင်းကိုးလုံးရှိတာမဟုတ်ဘဲ ခေါင်းတစ်လုံးပဲရှိတာ..."
ကြောက်ရွံ့မှူကြောင့် စုန့်ယွီ၏နှုတ်ခမ်းက တုန်ယင်နေသည်။ သူ စကားပြောသည့်အခါတွင်လည်း အသံက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
" ဒီမိစ္ဆာသားရဲကို ကျို့ယင်းလို့ခေါ်တယ်..."
ကျို့ယင်းက ခေါင်းကိုးလုံးရှိပြီး ရေနှင့်မီး တာအိုလမ်းစဉ်ကို ကျင့်ကြံထားသည်။ ၎င်း၏ ကျင့်ကြံဆင့်က နက်နဲပြီး ဉာဏ်များတတ်သည်။ သူက ရှေးခေတ်အခါက အလွန်နာမည်ကျော်ခဲ့သည့် မကောင်းဆိုးဝါးသားရဲဖြစ်သည်။
ခေါင်းကိုးလုံးမကောင်းဆိုးဝါးကြီး ထွက်လာချိန်တွင်မှ စုန့်ယွီ တုံ့ပြန်မနိုင်တော့သည်။ ၎င်း၏ ဧရာမခေါင်းကြီးကိုးလုံးက ထိုနေရာတွင်ရှိသည့် ကျင့်ကြံသူတိုင်းကို စေ့စေ့စပ်စပ်ကြည့်နေပြီးသည့်နောက် လူသားအသွင်ပြောင်းလဲ၍ ဖူလီရှိရာသို့ လျှောက်လာပြီး ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။
" ကျွန်တော်မျိုးရဲ့နာမည်က ကျို့ယင်းပါ... အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်..."
" မင်းကဘာလဲ..."
ဖူလီက သူ့ရှေ့တွင် ဒူးထောက်နေသည့်လူကိုကြည့်ပြီး မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။
" ကျွန်တော်မျိုးက အရှင့်ကိုဆင့်ခေါ်လိုက်တဲ့ မိစ္ဆာပါ... အရှင့်ရဲ့ သစ္စာရှိလက်အောက်ငယ်သားဆိုလည်း မမှားပါဘူး..."
ကျို့ယင်းက ဖူလီ့ကို ဦးညွတ်လိုက်သည်။
ကုန်းဖုဘေးတွင်ရပ်နေသည့် ယာဇီ၏မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့လာသည်။
" သူ ငါ့ကို အကူအညီတောင်းဖို့ ရောက်လာတုန်းကလည်း အဲ့လိုပဲ ပြောခဲ့တာ..."
ခေါင်းကိုးလုံးရှိတဲ့ မိစ္ဆာတွေက အရမ်းအရှက်မဲ့တာပဲ... မျက်နှာတွေ အများကြီးရှိတာဆိုတော့ မျက်မှာပြောင်တိုက်လည်း ကိစ္စမရှိဘူးပေါ့လေ...
" မင်းရဲ့လက်အောက်ငယ်သားက မင်းရဲ့နဂါးချီဓာတ်ကိုခိုးပြီး မှော်အစီအရင်တစ်ခု ချလိုက်တာ..."
ကုန်းဖု၏ အမူအရာက လေးနက်နေသည်။ ယာဇီကိုကြည့်သည့် အကြည့်ထဲတွင် သနားကြင်နာမှုနှင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နေသည်။
" ဖူလီ လူသားလောကကို တကယ်မဖျက်ဆီးဖို့ပဲ ဆုတောင်းနေတော့... မဟုတ်ရင်..."
မဟုတ်ရင် ကောင်းကင်ဘုံစည်းမျဉ်းက ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်ကျ ယာဇီအတွက်လည်း လွတ်လမ်းရှိတော့မှာ မဟုတ်ဘူး...
ယာဇီ၏ မျက်နှာက မည်းမှောင်သွားသည်။ သူ ကျို့ယင်းကို လက်သီးဖြင့် ဆင့်ကာထိုးချင်သော်လည်း ကျို့ယင်း၏ဘေးတွင် ဖူလီရပ်နေသည်ကို မြင်သောအခါ ချက်ချင်းငြိမ်ကျသွားရသည်။
ဒီလိုစကားမျိုးကို ဖြည်းဖြည်းပြောလို့မရလို့လဲ... ဒီလိုမျိုး အင်အားသုံးစရာတွေ လိုလို့လား...
ယခင်က "စစ်နတ်ဘုရား" ဟူသည့် ဘွဲ့ကို ရရှိထားသည့်ယာဇီသည်ပင် " အပေး အယူ " ဟူသည့်စကားက ကိစ္စတစ်ခုကို မပြုလုပ်မီတွင် ကြိုတင်စဉ်းစားဆင်ခြင်ရသည်ဟု ဆိုလိုကြောင်း သဘောပေါက်ပေသည်။