Chapter 178
အစီအရင်၏ အလယ်ဗဟို
လူသားများ၏နှလုံးသားတွင် အချစ်၊ အမုန်း၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုဟူသည့် ခံစားချက်ပေါင်းစုံ ပါရှိသည်။ အမျက်ဒေါသ၊ အငြှိုးအတေး၊ နောင်တ၊ မနာလိုမှု၊ သတ်ဖြတ်လိုမှု၊ လောဘ ဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ နှလုံးသားထဲ ကျူးကျော်ဝင်ရောက်လာပါက လူတစ်ယောက်က အရာအားလုံးကို အပြစ်မြင်လာပြီး လောကကြီးကို ဖျက်ဆီးပစ်ချင်သည်အထိ ဖြစ်လာနိုင်သည်။
လူအများစုအတွက်မူ အလွန်အမင်းစိတ်ဓာတ်ကျနေသည့်အချိန်၌ ခေါင်းထဲတွင် မေးခွန်းတစ်ခု ရောက်လာတတ်သည်။
သူတို့ဘာလို့ အသက်ရှင်နေရတာလဲ... လောကကြီးက ကယ်ကို စက်ဆုပ်စရာကြီးပဲ...
အချိန်အများစုတွင်မူ ဤခံစားချက်များက ပေါ်လာလေ့မရှိပေ။ သို့ရာတွင် လူတစ်ယောက် မပျော်မရွှင်ဖြစ်သည်နှင့် ထိုခံစားချက်များက စိတ်ထဲတွင် ပြန်ပေါ်လာတတ်ပေသည်။
ထိုခံစားချက်များက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သော်လည်း ၎င်းမှဖြစ်တည်လာသော အုံ့မှိုင်းသည့်ချီဓာတ်က ကောင်းကင်နှင့် ကမ္ဘာမြေတွင် ဆက်လက်တည်ရှိနေသည်။ လူသားများထံမှ ခံစားချက်များဖြစ်သည့် ဒေါသ၊ လောဘ၊ စိတ်ဓာတ်ကျမှုတို့ကြောင့် ဤမိစ္ဆာတစ်သောင်း ရှိခိုးမှုအစီအရင်က ပြီးမြောက်အောင်မြင်သွားခဲ့သည်။
လွန်ခဲ့သောနှစ် ၅၀၀၀ကျော်ခန့်က ယောင်လောကတွင် စွမ်းအားများ တဖြည်းဖြည်းယုတ်လျော့လာခဲ့သည်။ ထိုအချိန်က မိစ္ဆာမျိုးနွယ်စုကို ခေတ်သစ်သို့ရောက်အောင် ဦးဆောင်ပေးနိုင်မည့် သူတို့၏ အသန်မာဆုံးဧကရာဇ်ကို ကြိုဆိုရတော့မည်ဟု ကောလဟာလများထွက်ခဲ့သည်။
ထိုကောလဟာလက မဟာမိစ္ဆာများနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် ယောင်ကျင့်ကြံသူများလည်း မေ့လျော့သွားခဲ့သည်။ ရှေးခေတ်က ရှင်သန်နေခဲ့သည့် ယောင်ကျင့်ကြံသူများထဲမှ အများစုကပင် ဤကောလဟာလကို မယုံကြည်ခဲ့ပေ။
မိစ္ဆာမျိုးနွယ်စု၏အင်အားက အားလုံး၏အထက်တွင် တည်ရှိနေခဲ့သောကြောင့် မိစ္ဆာဧကရာဇ်တစ်ယောက် မလိုအပ်ခဲ့ပေ။
ဖူလီ့နားထဲတွင် ပျော်ရွှင်သည့်အသံ၊ ဝမ်းနည်းသည့်အသံ၊ စိတ်ဓာတ်ကျနေသည့်အသံနှင့် မျှော်လင့်ချက်မဲ့နေသည့်အသံ အစရှိသဖြင့် အသံပေါင်းစုံကို ကြားနေရသည်။ စိတ်ဓာတ်ကျမှု၊ နာကျင်မှုတို့ဖြင့် ပြည့်နေသည့် အသံတစ်သံက သူ့ကိုအော်ခေါ်နေပြီး ကယ်ဆယ်ခံရရန် စောင့်ဆိုင်းနေသည်။
ကျွန်တော့်ရဲ့ဧကရာဇ်... ကျွန်တော်မျိုးတို့က အရှင်နိုးထလာမှာကို စောင့်နေကြတာပါ...
မင်းတို့က ဘယ်သူလဲ...
ကျွန်တော်တို့က အရှင့်ရဲ့လူတွေပါ...
နှိပ်စက်ခံနေရသည့် ဝိညာဉ်များစွာက မချိတင်ကဲဝေဒနာခံစားရကာ ငိုကြွေးနေပြီး ဖူလီမျက်စိတစ်ဆုံးမြင်နိုင်သည်အထိ ရှိနေသည်။ သူတို့၏ မျက်နှာသွင်ပြင်က တွန့်ရှုံ့နေပြီး ဝိညာဉ်များက မပြီးပြည့်စုံဖြစ်နေသည်။ ပြန်လည်မမွေးဖွားနိုင်ခြင်းကြောင့် သူတို့၏တစ်ခုတည်းသော ကံကြမ္မာက အချိန်စီးဆင်းမှုထဲတွင် ဝိညာဉ်ပျောက်ကွယ်သွားသည်ကို စောင့်ဆိုင်းနေရုံသာဖြစ်သည်။
သူတို့၏ အမုန်းတရားနှင့် ရန်ညှိုးတို့က သူ့အပိုင်ဖြစ်သကဲ့သို့ ဖူလီခံစားလာရသည်။ မမျှတသည့် ကောင်းကင်ဘုံစည်းမျဉ်းနှင့် အားနည်းသော်လည်း လောကကြီးကို အပိုင်စီးလိုသည့် လူသားများကို သူ မုန်းတီးလာခဲ့သည်။
မိစ္ဆာမျိုးနွယ်စုက နေနဲ့လရဲ့ အဆီအနှစ်တွေကို စုပ်ယူကျင့်ကြံပြီး ခက်ခက်ခဲခဲနဲ့မှ အသက်ရှည်ရှည်နေနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ရလာခဲ့တာ... အခု သူတို့တွေ သေရတာ ကောင်းကင်ဘုံစည်းမျဉ်းက လူသားတွေကို စည်ပင်ဝပြောအောင် လုပ်ချင်လို့တဲ့လား...
မမျှတလိုက်တာ...
ဒါ လုံးဝ မမျှတတာပဲ...
မုန်းစရာကောင်းလိုက်တာ ဘယ်လိုတောင် မုန်းစရာကောင်းတာလဲ...
ထိုလူသားများက မိစ္ဆာမျိုးနွယ်စုကို ဒူးထောက်ခစားပြီး မျိုးရိုးစဉ်ဆက်အလိုက် မိစ္ဆာမျိုးနွယ်စု၏ ကျေးကျွန်ဖြစ်လာစေရန် ဆန္ဒရှိလာမိသည်။
.....
သူ့ရင်ခွင်ထဲမှ ဖူလီက မျက်လုံးများပွင့်လာပြီး သူ၏ အနီရောင်တောက်တောက်အမွေးများက အနည်းငယ် နိမိတ်မကောင်းဟု ခံစားလာရသည်။
" နဂါးလား..."
ရွှေရောင်မျက်ဆံများက ကျွမ်းချင်ကို စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းထဲတွင် ခံစားချက်များ မရှိသည့်အပြင် ကျွမ်းချင်ကို သူ့ခြေဖဝါးနားတွင် ခစားရမည့် လက်အောက်ငယ်သားတစ်ယောက်သဖွယ် ကြည့်နေသည်။
သူ့ရင်ခွင်ထဲမှ ဖူလီ့ကိုကြည့်နေလျက် ရင်ထဲမှ မသက်မသာဖြစ်မှုက ပိုမိုပြင်းထန်လာသည်။ ဖူလီ၏ အမူအရာက သူ့အတွက် ထူးဆန်းလွန်းနေသည်။ ထိန်းမချုပ်မရအောင် တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားကို မသိကျိုးကျွန်ပြုလျက် ဖူလီ့ကိုမေးလိုက်သည်။
" ဖူလီ မင်းဘာဖြစ်နေတာလဲ..."
" မာနကြီးနေတဲ့မိစ္ဆာလေး... ငါက မိစ္ဆာမျိုးနွယ်စုရဲ့ ဧကရာဇ်ပဲ... ငါ့နာမည်ခေါ်ဖို့ မင်းကို ဘယ်သူခွင့်ပြုလိုက်လို့လဲ..."
ဖူလီက ကျွမ်းချင်၏ကိုယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လူသားအသွင်ပြောင်းလိုက်သည်။ သူ့နှဖူးအလယ်မှ အနီရောင်အက်ကွဲကြောင်းထဲမှ ကြောက်ခမန်းလိလိ မိစ္ဆာစွမ်းအားများ ထုတ်လွှတ်နေသည်။
" ဖူလီ..."
ဖူလီ အစီအရင်၏ အလယ်ဗဟိုသို့ မလျှောက်သွားနိုင်ရန် ကျွမ်းချက် လက်ဆန့်ထုတ်၍ ဟန့်လိုက်သော်လည်း ဖူလီက သူ့လက်ကို ပုတ်ချပြီး ကျွမ်းချင်၏ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
" ရိုင်းလိုက်တဲ့ ဂျူနီယာလေးပါလား..."
သူ၏ လက်ဝါးတစ်ချက်၏စွမ်းအားက ပေါ့ပေါ့တန်တန် မဟုတ်လှပေ။ ကျွမ်းချင် နှစ်လှမ်းသုံးလှမ်းခန့် နောက်ဆုတ်သွားရပြီး လည်ချောင်းဝသို့ ဆန်တက်လာသည့်သွေးများကို ပြန်မျိုချလိုက်ရသည်။
သွေးတွေကို မမျိုချလိုက်ဘဲ ရေခဲတွေမျိုချလိုက်မိသလို ဘာလို့ အေးစက်စက်ကြီးဖြစ်နေတာလဲ...
လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းကပဲ သူတို့တွေက အခမ်းအနားဝတ်စုံက ဘယ်လိုပုံစံဖြစ်နေမယ်၊ တာပိုပေါင်းစည်းအခမ်းအနားမှာ ဧည့်သည်ဘယ်နှစ်ယောက်ကိုဖိတ်မယ်၊ စားပွဲဘယ်နှလုံး စီစဉ်ထားမယ်ဆိုတာတွေကိုပြောရင်း အရမ်းမျှော်လင့်တကြီးဖြစ်နေခဲ့ကြတာလေ... ဘာလို့ အခုလိုမျိုး ဖြစ်သွားရတာလဲ...
အစီအရင်၏အလယ်ဗဟိုက ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဒြပ်စင်ငါးမျိုးထံမှ ဝိညာဉ်ချီဓာတ်များကို စုပ်ယူနေဆဲဖြစ်သည်။ နိမိတ်ဆိုးချီဓာတ်များက သူတို့ဘေးပတ်ပတ်လည်တွင် တဖြည်းဖြည်းပိုများလာသည်။ ကောင်းကင်ကြီး၏ ငါးပုံလေးပုံခန့်က မှောင်မိုက်လာပြီဖြစ်သည်။
ကောင်းကင်ယံတွင် အလင်းတန်းများစွာ လင်းလက်လာသည်။ စီမံခန့်ခွဲရေးဗျူရိုရှိ ကျင့်ကြံဆင့်မြင့်သူများက တစ်ဟုန်ထိုးရောက်ရှိလာကြခြင်းဖြစ်သည်။ ဦးဆောင်လာသူမှာ နျဉ်ရွှမ်နှင့် ချောင်းယွင်တို့မဟုတ်ဘဲ စီမံခန့်ခွဲရေးဗျူရိုတွင် အလကားစားသောက်ကာ အလုပ်တစ်ကြိမ်မှ မလုပ်ဖူးသည့် ကုန်းဖုနှင့် ခွန်းဖမ်တို့ဖြစ်သည်။
ပြိုလဲကျမတတ်ဖြစ်နေသည့် ကောင်းကင်ကြီးကိုကြည့်ကာ ကုန်းဖုနှင့် ခွန်းဖမ်တို့၏ အမူအရာက အကျည်းတန်လာသည်။ သူတို့နောက်မှလိုက်လာသည့် စုန့်ယွီ၊ ချူးယွီနှင့် အခြားသောကျင့်ကြံသူများ၏ မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ဖြစ်တည်လာသည်။
ဖူလီက ကျွမ်းချင်၏အနားတွင် မရှိနေသည်ကို မြင်လိုက်သောအခါ ချူးယွီစိုးရိမ်သွားသည်။
" ဘော့စ် ဖူကော ဘယ်မှာလဲ..."
ကျွမ်းချင်က လက်ရှိတွင် သူ့ကိုအရေးမစိုက်နိုင်ဖြစ်နေသည်။ သူ့ဇာတာခွင်ဓားကိုထုတ်ပြီး ဖူလီ့နောက်သို့လိုက်ရန် ပြင်နေသည်။
" မလိုက်သွားနဲ့..."
ပိုင်ဇယ်က ကျွမ်းချင်ကို ပြန်ဆွဲထားလိုက်သည်။ ဖူလီ့ကို အလွန်အမင်းချစ်သည့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာ အမူအရာက လေးလံနေသော်လည်း ဤကိစ္စကို ကျွမ်းချင်ထက် သူကပို၍ လက်ခံနိုင်နေသည်။
" သူက နိုးထလာပြီးပြီ မင်းသူ့ကိုသွားထိလို့ မရတော့ဘူး..."
ကျွမ်းချင်က ပိုင်ဇယ့်လက်ကို ဖယ်ချလိုက်ပြီး အုံ့မှိုင်းနေသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
" ဦးလေးက အကြီးအကဲတစ်ယောက်ဖြစ်ပြီး တော်တော်တည်ငြိမ်လွန်းနေတာပဲ...
ယခုမှ ရောက်ရှိလာကြသည့် စီမံခန့်ခွဲရေးဗျူရိုမှလူများ စိတ်ရှုပ်ထွေးကုန်ကြသည်။ ကျွမ်းချင်နှင့် ဖူလီ၏ အကြီအကဲကြားမှ အခြေအနေကို မြင်လိုက်ရသည်အခါ ပိုခေါင်းရှုပ်သွားပြီး စကားမပြောရဲကြတော့ပေ။ ရဲတင်းသူအချို့က ကုန်းဖုရှိရာသို့သွားပြီး အဖြေရှာကြသည်။ ကုန်းဖုက အစီအရင်ရှိရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားနေသည့် ဖူလီ့ကိုလှမ်းကြည့်ကာ စကားတစ်ခွန်းမှမပြောဘဲ ခေါင်းခါလိုက်သည်။ သူ့အမူအရာထဲတွင် ဝမ်းနည်းမှုနှင့် စာနာမှုများ ရောယှက်နေသည်။
မိစ္ဆာတစ်ယောက်၏ ကံကြမ္မာနှင့် အဆုံးသတ်ကို သူတို့မွေးဖွားလာချိန်တည်းက သတ်မှတ်ပြီးသားဖြစ်သည်။ "ဟို့" ဤလောကသို့ မရောက်ရှိလာခင် အချိန်တည်းက သူ၏မွေးဖွားမှုက လောကကြီးကို ဂယက်ရိုက်စေလိမ့်မည်ဟု သူ့ဖခင်က ကြိုမြင်ခဲ့သည်။
ဟို့က တောင်များကို ရွေ့လျားနိုင်ပြီး ပင်လယ်ပြင်ကို ခမ်းခြောက်စေနိုင်သည်။ ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်း၏မွေးရာပါစွမ်းရည်က တိုက်စားနိုင်ခြင်းဖြစ်သည်။ သူ အလိုရှိသရွေ့ သူနှင့် ထိတွေ့လိုက်သည့် သက်ရှိတိုင်းက မျက်စိတစ်မှိတ်အတွင်း ပြာကျသွားနိုင်သည်။
မွေးဖွားလာချိန်တည်းက ဖျက်ဆီးမှုကို ဆောင်ကြဉ်းလာသည့် သားရဲက မင်္ဂလာသားရဲမဟုတ်ဘဲ မိစ္ဆာသားရဲဖြစ်သည်မှာ ကျိန်းသေပေသည်။
" ဖူကောက ဘာလုပ်မလို့လဲ..."
အလျင်အမြန်ရောက်ရှိလာသည့် နျဉ်ရွှမ်က ဖူလီကိုကျောပြင်ကို လှမ်းမြင်လိုက်သည်။ ဖူလီ၏ လမ်းလျှောက်နေပုံနှင့် သူ၏ချီဓာတ်က ပုံမှန်နှင့် ကွဲပြားနေသောကြောင့်သာ သူ့ကို ခဏတာ မမှတ်မိဖြစ်သွားခြင်းပင်။
ကံဆိုးသည်မှာ မည်သူကမှ သူ့မေးခွန်းကို မဖြေကြပေ။
" မင်းအခု သူ့ကိုသွားထိမယ်ဆိုရင် ဖေးယီရဲ့ဘိုးဘေးတွေလိုမျိုး နေရောင်အောက်မှာ ပြာကျသွားလိမ့်မယ်..."
ပိုင်ဇယ်က ဖူလီ့ခြေထောက်အောက်တွင် ပြာမှုန်ဘဝရောက်သွားသည့် သစ်ရွက်ခြောက်များကိုကြည့်ပြီး ပြောလိုက်သည်။
" ဟို့ရဲ့ ဖျက်ဆီးမှုစွမ်းရည်ကနေ ဘယ်အရာမှ မလွတ်မြောက်နိုင်ဘူး..."
" ဟို့တဲ့လား... ဟို့က ဘာလဲ..."
ချူးယွီ ကြောင်အစွာ စိုက်ကြည့်နေမိသည်
ဖူကောက ယုန်မိစ္ဆာမဟုတ်ဘူးလား... ဘာလို့ အားလုံးက ထူးဆန်းကုန်ရတာလဲ... ပြီးတော့ ဟွင်းရှီတောင်က ဖေးယီကလည်း သူ့ဘိုးဘေးတွေ ရုတ်တရက်ကြီးပြာမှုန်ဘဝရောက်သွားရတဲ့အကြောင်းကို ပြောဖူးတယ်ဆိုပေမယ့် ဗျူရိုအပြင်က ယောင်ကျင့်ကြံသူတစ်ယောက်မှ ဒီကိစ္စကို မသိဘူးလေ... ဗျူရိုရဲ့စည်းမျဉ်းတွေအရဆိုလည်း ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ဖူကောက သူ့မိသားစုအကြီးအကဲတွေကို ဒီအကြောင်း ပြောပြမှာ မဟုတ်ဘူး... အဲတော့ သူ ဘယ်လိုသိတာပါလိမ့်...
အရေးကြီးဆုံးက... ဖူကောရဲ့ အကြီးအကဲက ဘာလို့ ဖေးယီရဲ့ ဘိုးဘေးတွေ ပြာမှုန်ဘဝရောက်သွားရတာက ဖူကောနဲ့ဆိုင်တယ်လို့ ပြောနေရတာလဲ... ဖေးယီပြောပုံအတိုင်းဆို ပြာမှုန်ဘဝရောက်သွားတဲ့လူတွေက လွန်ခဲ့တဲ့ နှစ်သုံးထောင်ကျော်ကအထိ အသက်ရှင်နေခဲ့တာလေ... ဖူကောက အဲ့အချိန်တုန်းက အသက်ရာကျော်လောက်ပဲရှိဦးမှာကို ဘာလို့ ဒီလိုကိစ္စကြီး လုပ်မှာတဲ့လဲ...
တစ်စုံတစ်ရာက မြေပြင်မှ ဖောက်ထွက်လာတော့မည့်အတိုင်း မြေပြင်က ရုတ်ချည်းတုန်ခါလာသည်။
ကျွမ်းချင်က မြေပြင်တွင်ပေါ်လာသည့် အက်ကွဲကြောင်းငယ်များကို စိုက်ကြည့်နေလိုက်သည်။ သူ့ဓားအဖျားတွင်လည်း ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။ ယခုမှ ခေါင်းပြူထွက်လာသည့် မိစ္ဆာသားရဲက ခေါင်းပြန်ငုံ့ထားလိုက်ရသည်။
" ဘယ်သူလဲ..."
မိစ္ဆာသားရဲက ဒေါသထွက်သွားသည်။ တောင်ပေါ်မှ ကျောက်တုံးများကို ဘေးနားတွင် ပုံထားလိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤမိစ္ဆာသားရဲက ကျားသစ်တစ်ကောင်၏ ခန္ဓာကိုယ်ရှိပြီး ဦးခေါင်းထက်တွင်လည်း ချိုနှစ်ချောင်းပါရှိကာ နဂါးချီဓာတ်နီးနီး သိပ်သည်းပေသည်။
မိစ္ဆာသားရဲက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသည့် ကျွမ်းချင်ကိုမြင်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သို့ရာတွင် ကျွမ်းချင်နှင့် မနီးမဝေးတွင်ရပ်နေသော ကုန်းဖုကို မြင်လိုက်ရသည့်အခါ သူ့ဒေါသတစ်ဝက်ခန့်က ချက်ချင်းပျောက်ကွယ်သွားသည်။
" ကုန်းဖုလား..."
ကုန်းဖု၏ အားနည်းနေသည့် နဂါးချီဓာတ်၊ သနားစရာကောင်းလောက်သည်အထိ အားပျော့နေသည့် မင်္ဂလာချီဓာတ်နှင့် သနားစဖွယ်အဖြစ်ကို မြင်သည့်အခါ သူ့ပုံစံက ဝမ်းသာသွားသည့်ပုံစံ ဖြစ်နေသည်။
" မင်း သေသွားတာကြာပြီလို့ ငါထင်နေတာ... မင်းက သိက္ခာမဲ့ပြီး ဆက်ရှင်သန်နေမယ်လို့ မထင်ထားမိဘူး..."
သူနှင့် ကုန်းဖုက နဂါးမင်း၏သားတော်များဖြစ်သော်လည်း ဖခင်က ကုန်းဖုကို သဘောမကျခဲ့ပေ။ သူ၏ပင်ကိုဗီဇက သတ်ဖြတ်မှုကို သဘောကျသောကြောင့် ကံကြမ္မာကောင်းနှင့် ကိုယ်ကျင့်သိက္ခာမရှိသည့် သားရဲတစ်ကောင်ဟု ပြောခဲ့သည်။ သို့ဖြစ်၍ နောက်မှ မွေးဖွားလာသောကုန်းဖုထက် သူကပိုပြီး မျက်နှာသာပေးခံခဲ့ရသည်။ သူ့ဖခင် စောစီးစွာသေသွားသည်မှာ နှမျောစရာကောင်းလွန်းလှသည်။ ထိုသို့မဟုတ်ပါက ကုန်းဖု၏လက်ရှိအခြေအနေကို သူ့ဖခင်ကို ကျိန်းသေပေါက် ခေါ်ပြလိုက်မည်ဖြစ်သည်။
ဒီလောက်အားနည်းနေတဲ့ နဂါးချီဓာတ်နဲ့ဆိုရင် သူ့ကို နဂါးမင်းရဲ့သားတော်လို့ သတ်မှတ်လို့ရဦးမှာလား...
" ယာဇီလား..."
သူ့ သွေးနှောအစ်ကိုကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ မည်းနက်နေသည့် မျက်နှာအမူအရာဖြင့် စီမံခန့်ခွဲရေးဗျူရိုမှ မိစ္ဆာများကို သတိပေးလိုက်သည်။
" ယာဇီက အဖေ့ရဲ့ကလေးတွေအားလုံးထဲမှာ တိုက်ခိုက်ရေးစွမ်းရည်အကောင်းဆုံးပဲ... လူသားတွေ အတိတ်တုန်းက သဘာဝလွန်တည်ရှိမှုတွေကို ယုံကြည်ကြတုန်းက ယာဇီမှာလည်း "စစ်နတ်ဘုရား"ဆိုတဲ့ ဘွဲ့တစ်ခုရှိခဲ့ဖူးတယ်... အတိတ်တုန်းကဆို တိုင်းပြည်တော်တော်များများရဲ့ စစ်သူကြီးတွေက ယာဇီရဲ့ မူရင်းသွင်ပြင်ကိုပုံသံကို သူတို့ဓားတွေမှာထွင်းပြီး စစ်နတ်ဘုရားရဲ့ နတ်ဘုရားခွန်အားကို ချေးငှားကြတယ်... အဲလိုဆိုရင် သူတို့တွေ တိုက်ပွဲတိုင်းမှာ အနိုင်ရနိုင်တယ်..."
" ဘာလဲ... ငါ အသက်ရှင်နေတာကိုတွေ့လို့ စိတ်ပျက်သွားတာလား..."
ယာဇီက အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ သူ့ကိုယ်ပေါ်မှ မြေကြီးများကို ခါလိုက်ပြီးမှ အော်ဟစ်ဟိန်း းဟောက်လျက် ရွှေရောင်သံချပ်ကာနှင့် လူတစ်ယောက်အသွင် ပြောင်းသွားသည်။ သူ့လက်ထဲတွင် ပုဆိန်တစ်လက်ကိုင်ထားပြီး စစ်သည်တော်နှင့်တူသော မျက်နှာထက်တွင် ခက်ထန်မှုတို့ဖြင့် ပြည့်နေသည်။
" ငါဒီမှာ တစ်ရေးအိပ်နေတာကို မင်းတို့တွေက တောင်ကိုခါယမ်းနေအောင် လုပ်နေတာလေ... ငါ ဘယ်လိုအိပ်ရတော့မှာလဲ..."
" အစီအရင်ကိုလုပ်တာ မင်းမဟုတ်ဘူးလား..."
ကုန်းဖု၏အမူအရာက ပို၍အကျည်းတန်သွားသည်။ ဤအစီအရင်ကို အသက်သွင်းရန် နဂါးချီဓာတ်လိုအပ်ပေသည်။ ဖခင်ဖြစ်သူ နဂါးပြာ၏နတ်ဘုရားစွမ်းအားအများစုကို အမွေဆက်ခံထားသူအနေဖြင့် ယာဇီ၏ နဂါးချီဓာတ်ထက်ပိုပြီး သန်မာသူ ရှိနိုင်မည်မဟုတ်ပေ။ ထို့အပြင် ယာဇီ၏ နဂါးချီဓာတ်က အသန့်စင်ဆုံးဖြစ်သည်။
" ငါက ဘာကိစ္စ အစီအရင်ချထားရမှာလဲ..."
ယာဇီက တောင်ပေါ်မှ အစီအရင်ကိုကြည့်ပြီး မကျိန်ဆဲပဲ မနေနိုင်တော့ပေ။
" ဘယ်သူလုပ်တာပါလိမ့် ရူးနေကြတာများလား..."
မှော်အစီအရင်ကြောင့် နိုးထလာသည့် မိစ္ဆာဧကရာဇ်က မိစ္ဆာများထဲတွင် အသန်မာဆုံးဟု ဆိုရမည်ထက် ဖျက်ဆီးခြင်းတစ်မျိုးတည်းကိုသာသိသည့် မိစ္ဆာဟု ဆိုရပေမည်။
ထိုသို့တွေးလိုက်မိသည့်အခါ ယာဇီက သူပြန်ထွက်လာသည့် အက်ကြောင်းထဲ ပြန်ခုန်ဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသည်။ သူ တစ်ဖက်သို့လှည့်ကာ ထွက်ပြေးတော့မည့်အချိန်တွင် ပိုင်ဇယ်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရ၍ နောက်သို့ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
" ဘာလို့များ အရမ်းရင်းနှီးနေပါလိမ့်လို့ ထင်နေတာ ပိုင်ဇယ်ဖြစ်နေတာကို..."
ယာဇီက ကိုးရို့ကားယားဖြင့်ပြုံးလျက် နောက်သို့ခြေနှစ်လှမ်းဆုတ်သွားရသည်။
" ကျွန်တော်တို့ မတွေ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ အရင်ထက်ပိုပြီး တက်ကြွလာတာပဲ..."
ယာဇီက ပိုင်ဇယ်ကဲ့သို့ မင်္ဂလာသားရဲများနှင့် ရင်ဆိုင်ရချိန်တွင် သည်းခံမှု အနည်းဆုံးဖြစ်သည်။ သို့ရာတွင် ပိုင်ဇယ်က သူ့ဖခင်နှင့် မျိုးဆက်တူညီသည့် မင်္ဂလာသားရဲဖြစ်၍ သူမည်မျှ ရိုင်းစိုင်းဖြစ်စေ ပိုင်ဇယ့်ရှေ့တွင် အနည်းငယ်ထိန်းချုပ်ထားရမည်ဖြစ်သည်။
" ယာဇီ မင်း ဒီနေရာမှာ အနားယူနေတာကို ဘယ်သူသိသေးလဲ..."
ပိုင်ဇယ်က ယာဇီ့လမ်းကို ပိတ်ဆို့ထားပြီး ထွက်မပြေးအောင်လုပ်လိုက်သည်။
" ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေအားလုံးတော့ သိကြတယ်..."
ယာဇီက အလင်းရောင်မှိန်ပျပျသာ ကျန်တော့သည့် ကောင်းကင်ကြီးကိုမော့ကြည့်ကာ အနည်းငယ်စိုးရိမ်ပူပန်လာသည်။ ကောင်းကင်ကြီး လုံးဝမှောင်မိုက်သွားပါက သူ ထွက်ပြေးနိုင်မည်မဟုတ်တော့ပေ။
" အဲဒီလက်အောက်ငယ်သားတွေက ဘယ်သူလဲ..."
ပိုင်ဇယ်က သူ့ကိုမေးခွန်းထုတ်နေဆဲဖြစ်သည်။
အရာအားလုံးကိုသိနေသည့် ပိုင်ဇယ်က အဘယ့်ကြောင့် သူ့ကို ဤမေးခွန်းများ မေးနေရခြင်းကို ယာဇီ မတွေးနိုင်ဖြစ်နေသည်။ သူ စိတ်မရှည်စွာဖြင့် ခေါင်းခါလိုက်သည်။
" သူတို့ဘဝကို ကျွန်တော့်ဆီပေးထားတဲ့ မိစ္ဆာလေးတွေပါ... ဒီဘုရင်က သူတို့နာမည်ကို ဘာလို့မှတ်ထားရမှာလဲ..."
ယာဇီ လိမ်ပြောနေခြင်းမဟုတ်ကြောင်း ပိုင်ဇယ်နှင့်ကုန်းဖုတို့ သိကြသည်။ ယာဇီက ထိုသို့ပင် ဦးနှောက်မရှိသူတစ်ယောက်ဖြစ်သည်။ ကုန်းဖုက ယာဇီ၏ကိုယ်ပေါ်မှ ရွှေရောင်သံချပ်ကာကိုကိုင်ပြီး သက်ပြင်းချလိုက်သည်။
" အစ်ကိုကြီးရဲ့ နဂါးချီဓာတ်က လျှံထွက်လာလို့ မိစ္ဆာဧကရာဇ် နိုးလာအောင်လုပ်တဲ့ အထောက်အပံပစ္စည်းလိုမျိုးဖြစ်သွားတာ... ဒီဝဋ်ကြွေးက တော်တော်ကြီးတယ်နော်... အခုနေ ထွက်သွားမယ်ဆိုရင် အနာဂတ်ကျ ဘယ်လိုလုပ်မလဲ..."
" ငါလား..."
ယာဇီက ဓာတ်လိုက်သကဲ့သို့ ဆတ်ခနဲတုန်ယင်သွားသည်။ သူ ဒေါသတကြီးဖြင့် မူရင်းအသွင်ပြန်ပြောင်းလိုက်ပြီး မြေပြင်ပေါ် ခပ်ပြင်းပြင်းခြေဆောင့်လိုက်သည်။
" အဲ့ ခွေးမသားက ငါ့ကိုဒီလိုဖြစ်အောင် ကြံစည်ရဲတယ်ပေါ့လေ..."
သူက မိစ္ဆာတစ်သောင်းရှိခိုးမှု အစီအရင်ရဲ့ နဂါးချီဓာတ်ရင်းမြစ်ဖြစ်သွားတယ်ပေါ့လေ... ဒါ သူ့အတွက် သေတွင်းတူးထားတာပဲမလား...
သူက အဖေ့ရဲ့အမွေအနှစ်တွေ ရထားတာနဲ့ပဲ ဘာလို့ ဒီလိုအရှုပ်တွေကြားထဲ ရောက်သွားရတာလဲ...
ယာဇီ၏ ဒေါသတကြီအော်ဟစ်ဟိန်းဟောက်သံကြီးက မိစ္ဆာတစ်သောင်းရှိခိုးမှု အစီအရင်ကို တောင့်ခံထားသည့် နောက်ဆုံးအရံအတားကို ဖြိုဖျက်လိုက်သကဲ့သို့ဖြစ်သွားသည်။
အစီအရင်၏အလယ်ဗဟိုက အလွန်နက်ရှိုင်းသော အဆုံးမဲ့အမှောင်ထုကြီးဖြစ်သည်။ မကုန်ခမ်းနိုင်သော ဝိညာဉ်ချီဓာတ်များနှင့် မကောင်းဆိုးဝါးချီဓာတ်များက အစီအရင်၏ အလယ်ဗဟိုမှ လျှံကျလာသည်။ ဖူလီ၏ခြေတစ်ဖက်က အစီအရင်၏အလယ်ဗဟိုထဲ ဝင်ရောက်သွားပြီဖြစ်သည်။
" ဖူလီရေ..."
ဖူလီက သူ့ထံပြေးလာနေသည့် နဂါးလေးကို လှည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားရသည်။
ဝိညာဉ်ချီဓာတ်များက သူ့လက်ဖဝါးထက်တွင် စုဝေးနေပြီး အနီရင့်ရောင်များ ထွက်ပေါ်နေသည်။
အနီရောင်တောက်တောက်က စိတ်အားထက်သန်မှုနှင့် တက်ကြွမှုတို့ကို သင်္ကေတပြုသော်လည်း ရံဖန်ရံခါတွင်မူ အနီရင့်ရောင်က သေခြင်းတရားကို ကိုယ်စားပြုပေသည်။
" ကျွမ်းချင် အဲဒီကို မသွားနဲ့..."
ဤအခြေအနေထိ ဖြစ်နေသော်လည်း ကျွမ်းချင်က ဖူလီ့အနားထိ သွားရဲလိမ့်မည်ဟု ပိုင်ဇယ်မထင်ထားခဲ့ပေ။ သူ အမြန်ရှေ့တိုးလာပြီး ကျွမ်းချင်၏လမ်းကို ပိတ်ထားလိုက်သည်။
" အခု သူက ငါတို့သိတဲ့ ဖူလီမဟုတ်ဘူ... သူ့နှဖူးပေါ်က အမှတ်ဘယ်လိုဖြစ်သွားလဲ မြင်တယ်မလား... အဲဒါ ဟို့ရဲ့စွမ်းအားအကုန်လုံးကို နိုးထလိုက်တဲ့ သဘောပဲ..."
" ဖျက်ဆီးခြင်းစွမ်းအားလည်းပါတယ်..."
" ဒါဆိုရင် အစီအရင်ရဲ့အလယ်ဗဟိုမှာဘာရှိလဲ ဦးလေးသိလား..."
ကျွမ်းချင်က ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို ပိုင်ဇယ့်ကဲ့သို့ မသိသော်လည်း ဖူလီ့ကို ထိုနေရာထဲ ဝင်သွားခွင့်မပေးနိုင်ဟု စိတ်ထဲတွင် ထင်နေသည်။
ကျိန်းသေပေါက် ဝင်သွားလို့မဖြစ်ဘူး...
" အဲ့ထဲမှာ သေဆုံးသွားတဲ့ ယောင်ကျင့်ကြံသူတွေရဲ့ အမုန်းတရားနဲ့ ရန်ညှိုးတွေပါတယ်... ဖူလီက သူတို့ကိုကူပြီး လက်စားချေပေးရမယ့် ဧကရာဇ်ပဲ..."
" ဒါပေမဲ့ ဖူလီက တက္ကသိုလ်တက်ပြီး အစိုးရဝန်ထမ်းဖြစ်လာချင်တယ်လို့ပဲ ပြောခဲ့ဖူးတာ..."
ကျွမ်းချင်က ပိုင်ဇယ်ကို တွန်းလွှတ်လိုက်ပြီး လက်ထဲမှဓားကို ယမ်းလိုက်သည်။
" သူ လမ်းမှားရောက်သွားလို့ မဖြစ်ဘူး... အဲ့ထဲကို ဝင်သွားရင်..."
" သူ အနာဂတ်မှာ အစိုးရဝန်ထမ်း ဖြစ်လာတော့မှာ မဟုတ်ဘူး..."
ထို့နောက်တွင် ကျွမ်းချင်က နောက်ပြန်လှည့်ကြည့်မနေတော့ဘဲ ဖူလီ့နောက်ကို လိုက်သွားခဲ့သည်။