အခန်း (၃၇) ဘီလူးဖြူတို့၏ ညဘက်ခရီးစဉ်
Viewers 2k

"နင့်အတွက်" 


ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ထံသို့ လျှောက်လှမ်းလာရင်း အခေါင်းထဲမှ ဘီလူးဖြုစုန်းမ၏ အလောင်းကို ထုတ်ယူကာ ကျန်းရှောင်ထံသို့ ပစ်ပေးလိုက်သည်။


"ကျေးဇူးပဲ" 


ကျန်းရှောင်က ကျေးဇူးတင်စကားဆိုလိုက်ပြီး ခြေရင်းနားရှိ အလောင်းကိုကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။


ဘီလူးဖြူစုန်းမ၏ ကိုယ်ခန္ဓာပုံစံမှာ သာမန်ဘီလူးဖြူများနှင့် မတူဘဲ ဝါးလုံးတစ်လုံးကဲ့သို့ အလွန်

ပိန်လှီလှသည်။ 


ဤမျှအားနည်းသော ကိုယ်ခန္ဓာဖြင့် ကြမ်းတမ်းလှသော ဤပတ်ဝန်းကျင်တွင် မည်သို့ရှင်သန်နေခဲ့သည်ကို သူ စဉ်းစားမရပေ။


၎င်း၏ ပါးပြင်များမှာ ဖြူဖျော့ကာ သွေးစက်ပင်မရှိဘဲ အစစ်အမှန်အလောင်းတစ်ခုကဲ့သို့ တွန့်လိပ်ခြောက်ကပ်နေသည်။


"၇ ရက်အတွင်းမှာ ဘီလူးဖြူစုန်းမနှစ်ကောင်နဲ့ ဆုံခဲ့တာက တကယ့်ကို ကံကောင်းတယ်လို့ ပြောလို့ရတယ်"


"ဒီကြယ်တာရာပုတီးစေ့ကို စုပ်ယူပြီးရင် မင်းရဲ့ ကောင်းချီးပေးခြင်း ကြယ်တာရာ အတတ်ပညာကို ငွေအဆင့်အထိ မြှင့်တင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား" ဟု ဟန်ကျန်းရွှယ်က မေးလိုက်သည်။


ကျန်းရှောင်သည် နှမြောတသဖြစ်မှုကို အောင့်အည်းကာ ယွမ် ၂ သိန်းတန်ဖိုးရှိသော ကြယ်တာရာ ပုတီးစေ့များကို ကြိတ်ခွဲလိုက်သည်။ 


ထို့နောက် ခေါင်းကို အသာအယာခါယမ်းလိုက်၏။


မြေပုံ၏ ဒုတိယမြောက်တွင် ပထမနှင့် ဒုတိယ ကြယ်တာရာ အတတ်ပညာများ၌ အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်လာသည်။


ကောင်းချီးပေးခြင်း : ကြေးဝါအဆင့် ၄


လှည့်စားခြင်း : ကြေးဝါအဆင့် ၄


ကျန်းရှောင်တွင် ကြယ်တာရာ အတတ်ပညာကို အဆင့် ၈ အထိ မြှင့်တင်နိုင်ရန် အရည်အသွေး ပွိုင့် ၄ မှတ် ကျန်ရှိနေသေးသော်လည်း လိုအပ်သော အဆင့်အနည်းငယ် လိုနေသေးသည်။


"အဲဒါ ဘာလဲ" 


ကျန်းရှောင်သည် ဟန်ကျန်းရွှယ်ကို မော့ကြည့်လိုက်ရာ သူတို့နှင့် မလှမ်းမကမ်း ကောင်းကင်ယံမှ အနီရောင်မီးခိုးငွေ့များ တက်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။


ဤကဲ့သို့ မှောင်မည်းသော ပတ်ဝန်းကျင်တွင် သာမန်အနီရောင်မီးခိုးကို သတိထားမိရန် မလွယ်ကူသော်လည်း ဤမီးခိုးမှာ မီးရှူးမီးပန်းကဲ့သို့ အလွန်တောက်ပနေသည်။


"တစ်ယောက်ယောက် အကူအညီတောင်းနေတာပဲ" 


ဟန်ကျန်းရွှယ်က လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


"သွားကြည့်ကြမလား" 


ကျန်းရှောင်က မေးသည်။


ရှယန်က ရှင်းပြသည်။


"ဒီအချက်ပြမီးက ငါတို့အတွက် မဟုတ်ဘူး၊ ဒီနေရာက ကင်းစောင့်တပ်ဖွဲ့တွေအတွက်ပဲ"


"နိုးထသူတစ်ယောက်အနေနဲ့ အချက်ပြမီးကို အကူအညီတောင်းတာလို့ မမြင်ဘဲ ရှေ့မှာ အန္တရာယ်ရှိနေတယ်ဆိုတဲ့ သတိပေးချက်လို့ပဲ မြင်သင့်တယ်"


"သူတို့ ငါတို့ဆီကို ချဉ်းကပ်လာနေပြီ" 


ဒုတိယမြောက် အချက်ပေးမီးကို မြင်လိုက်ရသောအခါ ဟန်ကျန်းရွှယ် မျက်မှောင်ကြုတ်သွားသည်။


၎င်းမှာ သူတို့ရှိနေသော နှင်းတောထဲမှ ထွက်ပေါ်လာခြင်း။


ရန်သူသည် အနောက်မြောက်ဘက်ရှိ မြို့ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်ဖြင့် ပြေးနေသည်ဟု သူမ ခန့်မှန်းလိုက်သည်။


အခြားအဖွဲ့သည် ကျန်းရှောင်တို့အဖွဲ့ထက် အရှေ့တောင်ဘက် လမ်းကြောင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်မှာ သိသာလှ၏။


'သူတို့ ဘာကြောင့် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း သွားရဲတာလဲ'


'ဘယ်လို ထူးခြားဆန်းပြားတဲ့ သတ္တဝါတွေနဲ့များ တွေ့ခဲ့လို့လဲ' ဟု သူမ တွေးမိသည်။


"ဘီလူးဖြူတွေနဲ့ ဘီလူးဖြူစုန်းမတွေအပြင် ဒီမှာ တခြား ဘာရှိသေးလို့လဲ"


ရှယန်က စိုးရိမ်တကြီး တိုက်တွန်းသည်။


"မြန်မြန်သွားကြစို့၊ ငါတို့ နောက်ကျနေရင် သူတို့ ငါတို့ကို အမှီလိုက်လာလိမ့်မယ်"


ဟန်ကျန်းရွှယ်က ရုတ်တရက် ဆိုသည်။


"ဒါက နှင်းပြင်ထဲမှာ အင်အားအကြီးဆုံး ထူးခြားဆန်းပြား သတ္တဝါအုပ်စုပဲ"


"ဘီလူးဖြူစုန်းမ ဦးဆောင်တဲ့ ဘီလူးဖြူအုပ်စုပဲ"


"ဆိုလိုတာက ဘီလူးဖြူစုန်းမက အဲဒီအဖွဲ့ကို လိုက်လံသတ်ဖြတ်နေတာ ဖြစ်နိုင်တယ်"


ရှယန်က အံ့အားသင့်စွာဖြင့် "နင် ဘာကို ဆိုလိုတာလဲ" ဟု မေးသည်။


"သူ ဒါကို လိုအပ်တယ်" 


ဟန်ကျန်းရွှယ်က ဘေးနားရှိ ကျန်းရှောင်ကို ညွှန်ပြလိုက်၏။


"ကျန်းရွှယ်၊ နင် တကယ်ပဲ ဒီလောက် ရင်ခုန်စရာကောင်းတဲ့ ကိစ္စကို လုပ်ဖို့ စီစဉ်နေတာလား" ဟု ရှယန်က လေးနက်စွာ မေးလိုက်သည်။


ဟန်ကျန်းရွှယ်က ရှယန်ကို ဂရုမစိုက်ဘဲ အာကာသဟင်းလင်းပြင်ထဲမှ အခေါင်းကို ဖွင့်ကာ ဘီလူးဖြူအလောင်းနှစ်ခုကို ဆွဲထုတ်၍ အခေါင်းကို ရှင်းလင်းလိုက်သည်။


"ဟေး... ရှောင်ဖီ၊ငါ နင့်ကို အမြဲ ကောင်းကောင်းဆက်ဆံတယ် မဟုတ်လားဒ


ဒနင့်အစ်မကို ကူပြီး နားချပေးပါဦး" ရှယန်က စိုးရိမ်တကြီး ခြေဆောင့်ကာ ပြောလိုက်သည်။ 


အဝေးမှ ဘီလူးဖြူများ၏ ဟိန်းဟောက်သံများကို သူတို့ ကြားနေရပြီ ဖြစ်၏။


"ဟန်ကျန်းရွှယ် သွားကြရအောင်" ကျန်းရှောင်က တိုက်တွန်းသည်။


"နင်တို့ အခြေအနေကို သေချာမမြင်သေးဘူးထင်တယ်"


"လက်ရှိအခြေအနေအရ ငါတို့ အစွမ်းကုန် ပြေးရင်တောင် လွတ်မှာမဟုတ်ဘူး" 


ဟန်ကျန်းရွှယ်သည် အလောင်းများ ပြန့်ကျဲနေသော လမ်းကြောင်းမှ ခပ်မြန်မြန် ထွက်ခွာသွားသည်။ 


ကျန်နှစ်ယောက်လည်း သူမနောက်သို့ လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။


မီတာ ၁၀၀ ကျော် လျှောက်ပြီးနောက် စစ်တလင်းနှင့် မလှမ်းမကမ်းတွင် ဟန်ကျန်းရွှယ် ရပ်လိုက်ကာ သစ်ပင်တစ်ပင်နောက်တွင် ပုန်းလိုက်၏။


တဖြည်းဖြည်းနှင့် နှင်းတောကြီးမှာ စစ်တပ်ကြီးတစ်ခုနှင့် မြင်းတပ်များ ပြေးလွှားလာသကဲ့သို့ တုန်ခါလာသည်။ 


သုံးယောက်သား သစ်ပင်နောက်တွင် သတိကြီးစွာ ပုန်းကွယ်နေစဉ် သူတို့ထံသို့ တွားသွားပြေးလွှားလာသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ 


ထိုလူသည် တောင်ကုန်းများကို ဖြတ်ကျော်ကာ အသက်ရှင်သန်ခွင့်ကို ရှာဖွေနေစဉ် သွေးများ ချောင်းစီးနေသည့် မြင်ကွင်းနှင့် ရုတ်တရက် တိုးလိုက်ရသည်။


ဟုတ်ပါသည်။ 


သစ်တောထဲတွင် အသက်လုပြေးနေရသော ထိုနိုးထသူသည် ကျန်းရှောင်တို့အဖွဲ့ ထားရစ်ခဲ့သော သွေးစိုစို အလောင်းများကို တွေ့လိုက်ရခြင်း။


သူသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အသက်လတ်ပိုင်း အမျိုးသား နိုးထသူ တစ်ဦးဖြစ်သည်။ 


ထိုနေရာကို ဖြတ်သွားစဉ် သူ၏ အတွေ့အကြုံအရ မြေပြင်မှ အလောင်းတစ်ခုကို ကောက်ယူစစ်ဆေးလိုက်သည်။


၎င်းကို ထိတွေ့လိုက်သောအခါ နွေးထွေးမှု ရှိနေသေးသည်ကို သတိထားမိသွား၏။


မျှော်လင့်ချက် ကင်းမဲ့နေသော သူ၏ မျက်လုံးများတွင် ရှင်သန်လိုစိတ် ပြင်းပြလာပြီး "ဘယ်သူရှိလဲ၊ အနားမှာ ဘယ်သူရှိလဲ" ဟု အော်ဟစ်လိုက်သည်။


အကူအညီတောင်းနေသော ထိုသူသည် ရပ်မနေဘဲ ဆက်လက်ပြေးလွှားနေသည်။ 


သူ၏ နောက်ကွယ်တွင် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဘီလူးဖြူအုပ်စုကြီးက လိုက်ပါလာသည်။


"ဒါ ဘီလူးဖြူစုန်းမရဲ့ ရင်သွေးပဲ၊ ဒါကို ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလို့ရတယ်"


"ငါ့ကို ကယ်ကြပါ၊ ငါ့မှာ ရှိသမျှ အကုန်ပေးမယ်...ငါ့ပိုင်ဆိုင်မှု အားလုံး မင်းတို့အပိုင် ဖြစ်စေရမယ်" 


ဟု ထိုသူက အသံများ တုန်ရီလျက် အသည်းကွဲမတတ် အော်ဟစ်နေသည်။


ကျန်းရှောင်သည် ဘေးနားရှိ ဟန်ကျန်းရွှယ်ကို ကြည့်လိုက်ရာ သူမ၏ မတူညီသော တစ်ဖက်

ခြမ်းကို မြင်လိုက်ရသည်။ 


ကျန်းရှောင် အံ့ဩသွားသည်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသော ဟန်ကျန်းရွှယ်သည် ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားခြင်း မရှိသလို ထိုလူ၏ အော်ဟစ်တောင်းပန်မှုများကြောင့်

လည်း စိတ်ပျော့သွားခြင်း မရှိပေ။ 


သူမ၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်နေလျက်။


ထိုအခိုက်အတန့်တွင် မျက်မှန်နောက်ကွယ်မှ မျက်လုံးများသည် မည်မျှပင် အေးစက်နေမည်နည်း။


နောက်တစ်ခဏတွင် တုန်ခါနေသော နှင်းတောထဲမှ ဘီလူးဖြူအုပ်စုကြီး ထွက်ပေါ်လာသည်။ 


ရန်သူအုပ်စုကြီးကို တင်စားလျှင် အနက်ရောင် အကွက်ကြီး ဟု သုံးနှုန်းလေ့ရှိသော်လည်း ယခု ကျန်းရှောင် မြင်နေရသည်မှာ အဖြူရောင် အကွက်ကြီး ဖြစ်နေသည်။


သရဲတစ္ဆေ တစ်ရာ၏ ညဘက်ခရီးစဉ် မဟုတ်

ပေ။ 


ဘီလူးဖြူများ၏ ညဘက်ခရီးစဉ်သာ ဖြစ်သည်။


ရာနှင့်ချီသော ဘီလူးဖြူများသည် ဒေါသတကြီး ဟိန်းဟောက်ရင်း အုပ်စုလိုက် ပြေးဝင်လာကြသည်။ 


နှင်းတောထဲတွင် သူတို့သည် စစ်တပ်ကဲ့သို့ စနစ်တကျ မလာဘဲ တောရိုင်းမျောက်ဝံများကဲ့သို့ သစ်ပင်များပေါ်မှ ခုန်လွှားကာ ဝေါကနဲ ပြေးဝင်လာကြ၏။


သူတို့၏ မည်းမှောင်နေသော မျက်နှာများမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။


ခဏချင်းအတွင်းမှာပင် ကောင်းကင်၊ မြေပြင်နှင့် သစ်ပင်များပေါ်တွင် ဘီလူးဖြူများ ပြည့်နှက်သွားသည်။


"မထိတ်လန့်နဲ့၊ သူတို့ ငါတို့ကို လျစ်လျူရှုသွားလိမ့်မယ်" ဟု ဟန်ကျန်းရွှယ်က ရုတ်တရက် ပြောလိုက်သည်။


သူတို့ သုံးယောက်သည် မီတာ ၁၀၀ ကျော်အထိ ဝေးရာသို့ ရှောင်တိမ်းခဲ့သော်လည်း ဘီလူးဖြူအရေအတွက်ကို လျှော့တွက်ခဲ့မိသည်။ 


သူတို့သည် ဘီလူးဖြူများ၏ တိုက်ခိုက်မှု နယ်ပယ်အတွင်းမှ လွတ်ကင်းအောင် မသွားနိုင်ခဲ့ကြပေ။


ကျန်းရှောင် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဘီလူးဖြူအုပ်စုတစ်စုသည် သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။


"အားလုံး မြေပြင်ပေါ်မှာ ဝပ်နေကြ၊ လုံးဝမလှုပ်

နဲ့၊ နင်းခံရရင်တောင် အောင့်ထားကြ" 


ဟု ဟန်ကျန်းရွှယ်က ပြတ်သားစွာ အမိန့်ပေးရင်း နှင်းပြင်ပေါ်တွင် ဝပ်ချလိုက်သည်။


သူမ၏ အေးစက်သော အသံသည် ကျန်းရှောင်

နှင့် ရှယန်တို့၏ နားထဲတွင် ပဲ့တင်ထပ်သွားသော်လည်း များမကြာမီ တောင်ပြိုသကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက်သံများအောက်တွင် ပျောက်ကွယ်သွားသည်။


ဘီလူးဖြူအုပ်စုကြီး ဖြတ်သန်းသွားချိန်တွင် သတ္တဝါအားလုံး ဖယ်ပေးရမည်။


ကျန်းရှောင်သည် ကြက်သီးမွေးညင်းများ ထသွားပြီး သစ်ပင်နောက်တွင် ပုန်းကာ မြေပြင်ပေါ်တွင် လိမ္မာယဉ်ကျေးစွာ ဝပ်နေလိုက်သည်။ 


ယခုအချိန်တွင် သူသည် ကောက်ကျစ်စဉ်းလဲသော တိုက်ခိုက်သူ မဟုတ်တော့ပေ။ 


မျောက်ဝံရိုင်းများ အမြန်ပျောက်ကွယ်သွားပါစေဟု ဆုတောင်းနေသည့် သေချင်ယောင်ဆောင်နေသော သတ္တဝါလေးတစ်ကောင်သာ ဖြစ်နေ၏။


ဘီလူးဖြူတစ်ကောင်သည် ကျန်းရှောင်၏ ခေါင်းပေါ်ရှိ သစ်ပင်ပေါ်သို့ ခုန်ဆင်းလာပြီး ပြန်လည် ခုန်တက်သွားရာ ကျန်းရှောင်၏ ကိုယ်ပေါ်သို့ နှင်းများ အပုံလိုက် ကျလာသည်။ 


သစ်ပင်များကြောင့် ကျန်းရှောင်သည် နင်းခြေမခံရသော်လည်း သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လေးလံသော ခြေသံများကို ကြားနေရသည်။


ထိုခြေသံများကြောင့် လွင့်စင်လာသော နှင်းများက ကျန်းရှောင်၏ ကိုယ်ပေါ်သို့ ဖုံးလွှမ်းသွားခြင်းသည် သူ့အတွက် အတိုင်းမသိ ပျော်ရွှင်စရာ ဖြစ်နေသည်။ 


'ပိုပြီး ဖုံးပေးစမ်းပါ၊ ငါ့ကို သေချာ မြှုပ်ပေးကြပါ' ဟု သူ တွေးနေမိသည်။


ဟန်ကျန်းရွှယ်နှင့် ရှယန်တို့သည်လည်း ငတုံးများ မဟုတ်ကြပေ။ 


သူတို့သည် သစ်ပင်နောက်တွင် ပုန်းကွယ်ရင်း ကိုယ်နေဟန်ထားများကို ချိန်ညှိနေကြသည်။ 


ရှယန်သည်လည်း ဟန်ကျန်းရွှယ်၏ အမိန့်ကို နားလည်သွားသည်။ 


သူတို့ ကောင်းကောင်းပုန်းကွယ်နေနိုင်သော်လည်း ဘီလူးဖြူများ သူတို့ကို မတွေ့နိုင်ဟု အာမခံချက်မရှိပေ။


ဟန်ကျန်းရွှယ်ကို တကယ် ထိတ်လန့်စေသည်မှာ ထိုလူပြောခဲ့သော ‘ ဘီလူးဖြူစုန်းမရဲ့ ရင်သွေး’ ဆိုသည့် အချက်ဖြစ်သည်။ 


ဆိုလိုသည်မှာ ဘီလူးဖြူများ၏ ရန်ငြိုးသည် ထိုသူ့ထံသို့သာ ဦးတည်နေပြီး သူတို့ သုံးယောက်ကို ဂရု

စိုက်မည် မဟုတ်ပေ။


အကယ်၍ ထိုအမျိုးသားသည် ဘီလူးဖြူရင်သွေးလေးကို ချထားခဲ့မည်ဆိုပါက အသက်ရှင်ရန် အခွင့်အလမ်း ရှိနိုင်ပါသေးသည်။


သို့သော်လည်း သူသည် ယခုအချိန်အထိ လက်မလွှတ်နိုင်သေးပေ။ 


တကယ့်ကို လောဘကြီးလှခြင်း။