အခန်း (၃) အိပ်စက်နေသော နဂါး
Viewers 2

လင်းရွှယ်သည် ကျန်မိသားစုခေါင်းဆောင်ကို လှည့်ဖြားခဲ့ခြင်းဖြစ်သည်။ 

 

သူမသည် လျှို့ဝှက်ဥမင်အတွင်းသို့ ဝင်သွားခဲ့သော်လည်းအထဲသို့ နက်နက်ရှိုင်းရှိုင်း မသွားဘဲ နံရံကို ကျောကပ်ကာအပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံစိုက် နားစွင့်နေခဲ့၏။

 

သူမ၏ ယခင်ဘဝတွင် ခက်ခဲပင်ပန်းသော စာပေသင်ကြားမှုအပေါ်၌သာ အာရုံစိုက်ခဲ့ပြီး ယခုကဲ့သို့ အခြေအနေမျိုးကိုတစ်ခါမျှ မကြုံဖူးခဲ့သော်လည်း ယခုရင်ဆိုင်နေရသောအန္တရာယ်မှာ မသေးလှကြောင်း သူမ နားလည်ထားသည်။ 

 

စိုးရိမ်တုန်လှုပ်ခြင်း မရှိဟုဆိုလျှင် အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။ 

 

သို့သော်လည်း သူမသည် တစ်ချက်အတွင်း ပျောက်ကွယ်သွားရလောက်အောင် ကျောရိုးမရှိသူ တစ်ဦးမဟုတ်ပေ။ 

 

အဘိုးကျန် သူမအပေါ် ထားရှိခဲ့သော ကောင်းမှုများကို သူမတစ်ခုမကျန် မှတ်မိနေလေ၏။

 

ထို့အပြင် အဘိုးကြီးနှင့် မိန်းကလေးငယ် တစ်ဦးဖြစ်သည့်သူတို့နှစ်ဦးကို အမြဲကူညီပေးခဲ့သော ဝူမိသားစု ညီအစ်ကိုများသည်လည်း အပြင်ဘက်တွင် ရှိနေသေးသည်။ 

 

မိမိကိုယ်ကိုယ်သာ အားကိုးရပ်တည်လာခဲ့ရသူဖြစ်သည့်အတွက် သူမသည် ဘယ်သောအခါမှ ကျေးဇူးမသိသောသူ မဟုတ်ခဲ့ပေ။ 

 

ဆန့်ကျင်ဘက်အနေဖြင့် တစ်ဦးတည်း နေသားကျနေသူဖြစ်သောကြောင့် အခြားသူများ၏ စေတနာအနည်းငယ်ကိုပင် ပို၍ တန်ဖိုးထားတတ်သူ ဖြစ်၏။

 

ယခု သူမ၏ မသေမျိုး အမတကျင့်စဉ်တံခါးပွင့်သွားပြီဖြစ်ရာ အခြားသူများ၏ အကာအကွယ်အောက်တွင် အမြဲတမ်းပုန်းကွယ်မနေလိုတော့ပေ။

 

အကယ်၍ ထို ထျန်းယွမ်ဂိုဏ်း၏ ပြင်ပတပည့်ကသာရမ်းကားလာမည်ဆိုလျှင် သူမသည် အရာအားလုံးကို ရင်းပြီး သူ့ကို အလဲထိုးပစ်မည်သာ။

 

မိန်းကလေးငယ်၏ လှပသော နှာခေါင်းလေးမှာအနည်းငယ် ရှုံ့သွားသည်။ 

 

လျှို့ဝှက်ဥမင်တစ်ခုလုံးမှာ မှောင်အတိကျနေရုံသာမကအလွန်အမင်း တိတ်ဆိတ်နေပြီး သူမ၏ အသက်ရှူသံ ခပ်ဖွဖွကိုသာ ကြားနေရသည်။ 

 

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် သူမ၏ ရင်ထဲ၌ တင်းခနဲ ဖြစ်သွားရ၏။

 

သူမသည် ပို၍ အာရုံစိုက်ကာ နားစွင့်လိုက်မိသည်။

 

ဝေါလုံကျေးရွာတစ်ခုလုံး လေပြင်းနှင့် မိုးကြိုးသံများကြောင့် လှုပ်ခတ်သွားသည်။ 

 

ခဏချင်းတွင်ပင် မိုးချုန်းသံနှင့်အတူ သည်းထန်စွာ မိုးရွာချလိုက်ရာ ကောင်းကင်ယံမှ အုံ့မှိုင်းနေမှုများကို ဖြိုခွဲလိုက်သကဲ့သို့။

 

လေသံ၊ မိုးသံနှင့် လူတို့၏ ဆူညံသံများ။

 

မြင်းဖြူတစ်စီးနှင့် အစိမ်းရောင်ဝတ်ရုံဆင်မြန်းထားသူတစ်ဦးသည် ငယ်ရွယ်ဖျတ်လတ်သော အရှိန်အဝါဖြင့်လောက၏ လေမိုးများအလယ်

တွင် ရပ်တည်နေသည်။

 

ထန်ကူသည် လင်းရွှယ်၏ အိမ်ဝင်းအနီးသို့ ရောက်ရှိလာသောအခါ နောက်ကျမှရောက်လာသည့် ရွာလူကြီး ဝူဟုန်ရှင်းက သူ့ကို တားဆီးလိုက်သည်။ 

 

အစပိုင်းတွင် သူသည် မုတ်ဆိတ်ဖြူများဖြင့် သက်ကြီးပိုင်းရွာလူကြီးကို စကားအနည်းငယ် ပြောဆိုရန် စိတ်ရှည်ခဲ့သော်လည်း မကြာမီမှာပင် ထိုလူသည် အပိုစကားများသာပြောနေခြင်းဖြစ်ကြောင်း သိလိုက်၏။

 

သူသည် ထျန်းယွမ်ဂိုဏ်းမှ ထွက်၍ လူအများအပေါ်အနိုင်ကျင့် ဗိုလ်ကျနေကျဖြစ်ရာ ဝူဟုန်ရှင်း၏ရည်ရွယ်ချက်ကို ဘာကြောင့် နားမလည်ဘဲ နေပါမည်နည်း။ 

 

ပညာမတတ်သော ဤရွာသားမှာ သူ့ကို အလေးမထားသေးကြောင်း ခံစားမိသည်နှင့် သူသည် ချက်ချင်းပင် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြလိုက်သည်။

 

ချွတ်ခနဲ အသံနှင့်အတူ သူသည် ဓားကို ရုတ်တရက်ဆွဲထုတ်လိုက်၏။

 

အေးစက်သော ဓားအလင်းတန်းသည် မိုးစက်များကိုဖြတ်သန်းသွားပြီး မျက်နှာပျက်နေသော ရွာလူကြီး၏လည်ပင်းပေါ်သို့ ရောက်ရှိသွားသည်။ 

 

တုံ့ပြန်ရန် အချိန်မရလိုက်သော ဝူဟုန်ရှင်းကို ကြည့်ပြီး ထန်ကူက အေးစက်စွာ ပြောလိုက်သည်။

 

"နျူအာ နဲ့ ရွမ်စန်း တို့က မင်းတို့ရဲ့ ဝေါလုံရွာမှာ မိန်းမလှလေးတစ်ယောက် ရှိတယ်လို့ ငါ့ကို ပြောတယ်"

 

"ငါက သူ့ရဲ့ ကျော်ကြားမှုကို ကြားလို့ ခရီးဝေးကနေ လာခဲ့တာ"

 

"အကယ်၍ ငါက လက်ဗလာနဲ့ ပြန်သွားရမယ်ဆိုရင် မင်းအကျိုးဆက်ကို နားလည်ထားသင့်တယ်"

 

မသေမျိုးတစ်ဦး၏ ဓားချက်မှာ အမှန်တကယ်ပင် လျင်မြန်လွန်းလှသည်။ 

 

လောကနံပါတ်တစ် သိုင်းဂိုဏ်းမှ တပည့်တစ်ဦး၏ စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသောအခါ ရွာသားများမှာချက်ချင်းပင် မျက်နှာများ ဖြူလျော့သွားကြသည်။ 

 

သူတို့၏ ရင်ထဲမှ အနည်းငယ်သော မခံချင်စိတ်များမှာပျောက်ကွယ်သွားပြီး ပိုမိုနက်ရှိုင်းသော ကြောက်ရွံ့မှုများကအစားထိုးဝင်ရောက်လာသည်။ 

 

မသေမျိုးများသည် ဓားပျံများဖြင့် လူသတ်နိုင်သည်ဟုကြားဖူးခဲ့ရာ ယခု မျက်မြင်တွေ့လိုက်ရသဖြင့် အမှန်ပင် ဖြစ်တော့သည်။ 

 

ထို့အပြင် သူသည် လက်နက်အားလုံးထက် သာလွန်သောသူ၏ ဓားသိုင်းဝိညာဉ် ကိုပင် ထုတ်မသုံးရသေးပေ။ 

 

သူသည် သာမန်လူသားများ အလွယ်တကူ ယှဉ်ပြိုင်နိုင်သောသူ မဟုတ်သည်မှာ အမှန်ပင်။

 

ဝူဟုန်ရှင်းသည် နဖူးမှ ချွေးအေးများ ထွက်လာပြီး ထန်ကူ၏ အပြုအမူကို မြင်သည်နှင့် ဤပြင်ပတပည့်၏အင်အားကို သူ အလွန်အမင်း လျှော့တွက်ခဲ့မိကြောင်းနားလည်သွားကာ နောင်တရမိသွားလေ၏။

 

သူသည် မလှမ်းမကမ်းတွင် လက်သီးကို တင်းတင်းဆုပ်ကာထန်ကူကို သေကြောင်းကြံရန် အသင့်ဖြစ်နေသည့် သူ၏ဒုတိယသား သာ့ကျူကို တစ်ချက်ကြည့်လိုက်သည်။ 

 

ယခုအချိန်သည် တုံ့ပြန်ရမည့်အချိန် မဟုတ်သေးကြောင်းခေါင်းခါပြကာ အချက်ပြလိုက်ပြီး ထန်ကူကို ရိုသေစွာ ပြောလိုက်၏။

 

"သခင်... ဒီဘက်ကို ကြွပါခင်ဗျာ"

 

သည်းထန်စွာ ရွာနေသော မိုးထဲတွင် နျူအာသည် ထိုနှစ်ဦးနောက်သို့ လိုက်ပါသွားသည်။ 

 

ဝူသာ့ကျူဘေးမှ ဖြတ်သွားသောအခါ သူက တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောလာ၏။

 

"ဝူသာ့ကျူ... လင်းရွှယ်လို မိန်းကလေးမျိုးက မင်းတို့ ထိတွေ့နိုင်တဲ့သူ မဟုတ်ဘူး"

 

"သခင်ကြီးထန်က မင်းကိုယ်စား သူ့ကို ဆုံးမပေးနေတာ"

 

"သူက သခင်ကြီးထန်နောက်ကို လိုက်သွားတာ မြင်ရင် သူတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲလို့ မင်း ခံစားရလိမ့်မယ်"

 

ဝူသာ့ကျူက သူ့ကို ပြင်းပြင်းထန်ထန် တံထွေးဖြင့် ထွေးလိုက်ပြီး...

 

"မင်းလို သစ္စာဖောက်ခွေး... ထွက်သွားစမ်း" ဟု ပြောလိုက်သည်။

 

နျူအာသည် မိုးရေများနှင့် ရောနှောနေသော တံထွေးများကို သုတ်လိုက်ပြီး ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ ပြုံးနေသော်လည်းထိုအပြုံးမှာ ပို၍ ယုတ်မာလှကာ "ခဏနေရင် မင်းကို ငါ့လက်ထဲ မမိစေနဲ့၊ မဟုတ်ရင် မင်းအဖေတောင် မင်းကိုကူညီနိုင်မှာ မဟုတ်ဘူး" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

 

ဝူသာ့ကျူက သူ့ကို စိုက်ကြည့်နေမိသော်လည်း ထန်ကူကအိမ်ဝင်းအတွင်းသို့ ဝင်သွားသည်ကို မြင်သောအခါ သူ၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ 

 

သူ၏ တွက်ချက်မှုအရ လင်းရွှယ်သည် ယခုအချိန်တွင်ပုန်းကွယ်နေလောက်ပြီပင်။

 

ဤသိုင်းဂိုဏ်းမှ တပည့်မှာ မည်မျှပင် အင်အားကြီးစေကာမူ ရွာသားအားလုံးကို မယှဉ်နိုင်ဟု သူ ထင်ခဲ့သော်လည်းယခုကြည့်ရသည်မှာ အသက်

ခုနစ်ခု ရှစ်ခုလောက် မရင်းဘဲနှင့် သူ့ကို နှိမ်နင်းနိုင်မည်မဟုတ်ပေ။ 

 

ဤလူ၏ ရမ်းကားမှုမှာ အတောမသတ်နိုင်အောင် ရှိလှသည်။ 

 

အကယ်၍ လင်းရွှယ်ကို ရှာမတွေ့ပါက သူသည် ဒေါသအလျောက် ရွာသားများကို သတ်ဖြတ်သွားနိုင်သည်ကို သူသိလိုက်ရ၏။

 

မိမိကိုယ်ကိုယ် အားနည်းသည်ကို သိရှိသွားချိန်တွင် သူသည် အမှားတစ်ခု ပြုလုပ်မိပြီဟု ခံစားလိုက်ရသည်။ 

 

သူ၏ စိတ်ရင်းက ကောင်းမြတ်သော်လည်း သူ၏အပြုအမူကြောင့် ဖခင်ဖြစ်သူ၏ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် သူ၏ ရင်ထဲ၌ မချိတင်ကဲ ဖြစ်နေရပြီ။

 

ထန်ကူသည် အိမ်ထဲသို့ ဝင်ဝင်ချင်းပင် အိမ်ဝင်းအတွင်းရှိပျက်စီးနေသော သစ်သားတိုင်များကို မြင်လိုက်ရသည်။ 

 

"မိန်းကလေးလင်းက သိုင်းပညာကို စိတ်ဝင်စားလိမ့်မယ်လို့ငါ မထင်ထားဘူး"

 

"နျူအာ...အဲဒီ တောရိုင်းမြင်းမလေးကို ခေါ်ထုတ်လာခဲ့စမ်း၊သူ ဘယ်လောက် လှလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ဟုပြောလိုက်သည်။

 

နျူအာ အထဲသို့ ဝင်သွားသည်ကို ကြည့်ပြီး သူသည် မိုးရေထဲတွင် ပျက်စီးနေသော သစ်သားတိုင်များကို စိတ်ဝင်တစား ကြည့်နေမိသည်။ 

 

သူ၏ အမြင်အရ ဤတိုင်များသည် ခွန်အားအနည်းငယ်ဖြင့် ချိုးနိုင်သော တိုင်များသာ ဖြစ်၏။

 

အကယ်၍ ဤတိုင်တစ်တိုင်စီကို ချိုးရန် အင်အားအများအပြား လိုအပ်သည်ဟု တစ်စုံတစ်ယောက်က ပြောလျှင်ပင်သူ ယုံကြည်မည်မဟုတ်ပေ။ 

 

အကြောင်းမှာ ဗလကောင်းရုံဖြင့် အသုံးမကျသောကြောင့်ဖြစ်သည်။ 

 

ဤကဲ့သို့ ခေါင်းပါးသော နေရာတွင် နေထိုင်သည့်မိန်းကလေးတစ်ဦး၌ မြင့်မားသော သိုင်းပညာရှိမည်ဟု သူလုံးဝ မယုံကြည်ပေ။

 

သူ့နောက်သို့ လိုက်လာသော ရွာလူကြီးနှင့် အခြားသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ 

 

သူတို့သည် လင်းရွှယ်၏ အခြေအနေကို အလုံးစုံ သိထားကြသည်။ 

 

အားနွဲ့လှသော ထိုမိန်းကလေးက ဤသစ်သားတိုင်များကိုချိုးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ 

 

လင်းရွှယ်သည် သွေးကြောစုစည်းခြင်း ပထမအဆင့်သို့အမှန်တကယ် ရောက်ရှိသွားပြီလားဟု သူတို့ အံ့သြနေကြသည်။ 

 

သို့သော်လည်း ရှေ့တွင်ရှိနေသည့် အင်အားကြီးမားသောလူငယ်ကို မြင်သောအခါ သူတို့၏ အံ့သြမှုများကိုချက်ချင်း ပြန်လည် ထိန်းချုပ်

လိုက်ကြ၏။

 

မှန်ပါသည်၊ သူတို့နှင့် ယှဉ်လျှင် သူမက သာလွန်သော်လည်း လောကနံပါတ်တစ် သိုင်းဂိုဏ်းမှ တပည့်နှင့်ယှဉ်လျှင်မူ သူမသည် ဘာမှမဟုတ်ပေ။

 

နျူအာသည် ဤမင်းသမီးလေးကဲ့သို့ လှပသောမိန်းကလေး၏ အိပ်ဆောင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်သည်။ 

 

အထဲရှိ အပြင်အဆင်များမှာ အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းလှပြီး အရာအားလုံးမှာ သပ်ရပ်နေ၏။

 

အခန်းထဲတွင် ချိတ်ဆွဲထားသော ပိုးသားအနီရောင်နှင့်သင်းပျံ့သော ရနံ့များသာ မရှိလျှင် မိန်းကလေးတစ်ဦး၏အိပ်ဆောင်မှန်း သိနိုင်

မည်မဟုတ်ပေ။ 

 

သူသည် မတော်တဆ ကြည့်လိုက်မိရာ မှန်တင်ခုံပေါ်တွင်ရေးသားထားသော စာသားတစ်ခုကို တွေ့လိုက်ရ၏။

 

' အိပ်စက်နေသော နဂါးသည် နိုးထလာပြီဖြစ်ရာဟိန်းဟောက်သံတစ်ချက်ဖြင့် တောင်တန်းတစ်ထောင်ကိုတုန်လှုပ်စေမည် '

 

မှင်များမှာ လတ်ဆတ်နေဆဲဖြစ်ရာ ဤမိန်းကလေး ယနေ့နိုးလာချိန်တွင် ခံစားချက်ဖြင့် ရေးထားခြင်း ဖြစ်ပေလိမ့်မည်။

 

အခန်းထဲတွင် မည်သူမျှ မရှိပေ။

 

သူသည် မျက်မှောင်ကြုတ်လိုက်သည်။ 

 

ဤကဲ့သို့ ခမ်းနားသော ကဗျာမျိုးကို မည်သည့်မိန်းကလေးက ရေးနိုင်သနည်းဟု သူ စဉ်းစားမနေတော့ပေ။

 

သူသည် ရိုးရှင်းသော လူတစ်ယောက်ဖြစ်ရာ အကယ်၍ ဤမိန်းကလေးသာ ထွက်ပြေးသွားပါက သူနှင့် ရွမ်စန်းတို့သည်ထန်ကူ၏ ဒေါသကို ခံရတော့မည်ဟုသာ သူ တွေးနေမိ၏။

 

ဝူဟုန်ရှင်းသည် နျူအာ မျက်နှာပျက်ပျက်ဖြင့် ထွက်လာသည်ကို မြင်သောအခါ လက်ဖဝါးများတွင် ချွေးများ စိုလာတော့သည်။ 

 

ယခုကဲ့သို့ သည်းထန်သော မိုးနှင့်အတူ သူ၏ ရင်ထဲ၌ အေးစက်မှုကို ခံစားနေရသည်။ 

 

ဤစိုးရိမ်ပူပန်မှုမှာ ဆီပူအိုးထဲသို့ ပစ်ချခံရသည်ထက်ပင်ပို၍ ခံရခက်လှသည်။

 

နာကျင်မှု။

 

ယခုအထိ အချိန်အတော်ကြာခဲ့ပြီ။

 

မိန်းကလေးလင်းသည် မိုင်ပေါင်းများစွာ ဝေးရာသို့ ရောက်နေလောက်ပြီ။ 

 

နျူအာသည် မြေလှန်ရှာလျှင်ပင် သူမကို တွေ့နိုင်တော့မည်မဟုတ်ပေ။ 

 

သူသည် သာ့ကျူ၏ စကားကို နားထောင်မိသည့်အတွက်နောင်တရနေမိသည်။ 

 

တရားမျှတမှုနှင့် စေတနာသည် စားစရာ ဖြစ်

နိုင်ပါသလား။ 

 

ထိုမိန်းကလေး၏ အသက်က အဖိုးတန်သကဲ့သို့ သူနှင့်ရွာသားများ၏ အသက်သည်လည်း အဖိုးတန်သည် မဟုတ်ပါလား။ 

 

သားသမီးမွေးသည်မှာ အိုစာမင်းစာအတွက်ဟု ဆိုကြသော်လည်း သူ၏သားမှာမူ မိန်းကလေးတစ်ယောက်အတွက်နှင့် သူ့အဖေကို ဒုက္ခတွင်းထဲသို့ တွန်းပို့နေလေပြီ။

 

ယခုအချိန်တွင် ဘာမှပြော၍ မရတော့ပေ။ 

 

ရွာလူကြီးဝူသည် နောင်တရနေစဉ်မှာပင် သူ၏ မျက်ခွံများမှာ သိသိသာသာ တုန်ခါလာပြီး လက်များမှာလည်း ထိန်းမရအောင် တုန်ယင်လာတော့သည်။

 

"မင်း အထဲကို ဝင်လို့မရဘူး" 

 

ပိန်လှီသော ကောင်လေးတစ်ယောက်သည် တံခါးဝတွင်ပိတ်ရပ်ကာ သန်မာထွားကြိုင်းသော နျူအာကို စိုက်ကြည့်နေသည်။

 

အဘိုးအိုကျန်သည် အထဲတွင်ရှိနေပြီး အလွယ်တကူ မလှုပ်ရှားနိုင်ပေ။ 

 

အကယ်၍ ဤလူမိုက်က အထဲသို့ ဝင်သွားပြီး လင်းရွှယ်ကိုရှာမတွေ့ပါက သူ၏ ဒေါသများကို အဘိုးအိုကျန်အပေါ်တွင် ပုံချပေလိမ့်မည်။ 

 

အားဟူသည် ငယ်သေးသော်လည်း မိုက်မဲသူ မဟုတ်ပေ။ 

 

သူသည် ဤရိုးရှင်းသော အချက်ကို နားလည်ထားသည်။ 

 

သူ၏ အစ်ကိုနှင့် အဖေက လူငယ်များသည် လူကြီးများအတွက် စဉ်းစားပေးရမည်ဟု အမြဲပြောလေ့ရှိသည်။ 

 

သူသည် သူ၏ အစ်ကိုနှင့် အဖေစကားကို နားထောင်သူဖြစ်ရာ ယခု တံခါးဝတွင် ပိတ်ရပ်နေခြင်း ဖြစ်၏။

 

"ဖယ်စမ်း"

 

ဤသည်မှာ နျူအာအော်လိုက်ခြင်းမဟုတ်ဘဲ သူ၏ အစ်ကိုဖြစ်သူ သာ့ကျူက အော်လိုက်ခြင်းဖြစ်သည်။

 

လူမိုက်နျူအာက ထိုကောင်လေးကို ကန်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် ဝူသာ့ကျူသည် သစ်ပင်ပေါ်မှ ခုန်ချလာပြီး နျူအာကို အရှိန်ဖြင့် ကန်လိုက်သည်။

 

နျူအာက လက်ဖြင့် ချက်ချင်း ကာကွယ်လိုက်လေ၏။

 

ပတ်ဝန်းကျင်ရှိ ရွာသားများ အားလုံး အံ့အားသင့်သွားကြသည်။

 

ဝူသာ့ကျူ၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားသည်။ 

 

သူသည် ကြေးနီနံရံတစ်ခုကို ကန်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ 

 

သူသည် ရွာတွင် အတော်ဆုံး မုဆိုးတစ်ဦးဖြစ်ရာ သူ၏ ကန်ချက်မှာ အင်အားအလွန်ပါလှ၏။

 

သို့သော်လည်း သူသည် နျူအာကို လုံးဝ မယှဉ်

နိုင်ပေ။ 

 

သူသည် နျူအာ၏ နောက်ကျောတွင် ဝက်ဝံရိုင်းတစ်ကောင်၏ ပုံရိပ်ယောင်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားပြီး "မင်းရဲ့ သိုင်းဝိညာဉ် နိုးထသွားပြီးသွေးကြောစုစည်းခြင်း ပထမအဆင့်ကို ရောက်သွားပြီလား" ဟု မေးလိုက်သည်။

 

နျူအာက မျက်မှောင်ကြုတ်လိုက်သည်။ 

 

ဝူသာ့ကျူ၏ ကန်ချက်မှာ အတော်လေး အင်အားပါလှသဖြင့် သူ၏ မူလချီစွမ်းအင်၂၀ ရာခိုင်နှုန်းခန့် သုံးလိုက်ရသည်။ 

 

သူ၏ ဝက်ဝံရိုင်း သိုင်းဝိညာဉ်သာ မရှိလျှင် သူသည် ယခုတစ်ကြိမ်တွင် လဲကျသွားနိုင်ပေသည်။ 

 

သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

 

"ဟုတ်တယ်၊ အဲဒါ သခင်ကြီးထန်ကြောင့်ပဲ"

 

"ငါက မင်းကို နောက်မှ ရှင်းမလို့ပဲ၊ ဒါပေမဲ့ မင်းက အခုမှထွက်လာတော့ မင်းကို အရင်ဆုံး သင်ခန်းစာ ပေးရတာပေါ့"

 

သူသည် ဟိန်းဟောက်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ 

 

ဝူသာ့ကျူမှာ ခုခံရုံသာ တတ်နိုင်တော့၏။

 

လက်သီးချက်များစွာအပြီးတွင် ဝူသာ့ကျူသည် သွေးချင်းချင်းနီသွားတော့သည်။ 

 

အထဲမှ အဘိုးအိုကျန်က အော်ဟစ်တားမြစ်နေသော်လည်းဝူသာ့ကျူမှာ မဖယ်ပေးပေ။ 

 

သူသည် နျူအာကို အထဲပေးမဝင်နိုင်ဟု ဆုံးဖြတ်ထားသည်။ 

 

အကယ်၍ တိုက်ပွဲသာ အမှန်တကယ် ဖြစ်ပွားပါက ရွာသားများစွာ အသက်ဆုံးရှုံးရပေလိမ့်မည်။ 

 

သူသည် ဘာလုပ်ရမှန်း မသိတော့ဘဲ တံခါးဝတွင် သစ်သားတိုင်တစ်ခုကဲ့သို့ ရပ်ကာ နျူအာ၏ လက်သီးများကို ခုခံနေမိသည်။

 

ဝူအားဟူသည် သူ၏ အစ်ကိုကို ကူညီရန် ပြေးဝင်သွားပြီးနျူအာ၏ ပေါင်ကို ကိုက်ခဲလိုက်

သော်လည်း နျူအာက ကန်ထုတ်လိုက်ရာ နံရံသို့ လွင့်စင်သွားပြီး အိမ်ထဲရှိ ပစ္စည်းများမှာ ပရမ်းပတာ ဖြစ်ကုန်တော့သည်။

 

မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြေပြင်ပေါ်ရှိ ရေပြင်တွင်ရွာသားများ၏ ထိတ်လန့်နေသော မျက်နှာရိပ်များမှာပေါ်လွင်နေသည်။

 

ရွာသားများသည်လည်း မိုက်မဲသူများ မဟုတ်ကြပေ။ 

 

အခြေအနေ မကောင်းသည်ကို သူတို့ သိကြသည်။ 

 

သို့သော်လည်း ထန်ကူ၏ ဓားချက်ကို မြင်ဖူးထားကြရာမည်သူကမှ ရှေ့သို့ မထွက်ရဲကြပေ။ 

 

ဝူဟုန်ရှင်း ခေါ်လာသော သူများသည်လည်း ဝူဟုန်ရှင်း၏အမိန့်ကို စောင့်ရင်း လင်းရွှယ်ကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်။

 

ဝူဟုန်ရှင်းသည် သွားကြိတ်ထားမိသည်။ 

 

သူသည်လည်း ရင်ကွဲမတတ် ခံစားနေရသော်လည်း ဘာမှမလုပ်ရဲပေ။ 

 

အကယ်၍ သူသာ တစ်ခုခုလုပ်လိုက်လျှင် လူပေါင်းမည်မျှအသက်ဆုံးရှုံးရမည်နည်း။ 

 

သို့သော် သူ ဘာမှမလုပ်လျှင်လည်း သူ၏ သားကို မည်သူကယ်မည်နည်း။

 

ထိုစဉ်တွင် တစ်စုံတစ်ယောက် ပေါ်လာခဲ့သည်။

 

အစိမ်းရောင် ဝတ်ရုံနှင့် သွယ်လျသော ပုံရိပ်တစ်ခုသည်မည်သည့်အချိန်က ပေါ်လာသည်မသိဘဲ အိပ်ဆောင်တံခါးဝတွင် ရပ်နေသည်။ 

 

မည်သူမျှ တုံ့ပြန်ချိန်မရခင်မှာပင် သူမသည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး ဝူသာ့ကျူ၏ ရှေ့တွင် ကာကွယ်လိုက်သည်။ 

 

သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားအနက်ရောင်မှာအနည်းငယ် လှုပ်ခတ်သွားလေ၏။

 

သူမသည် သူမ၏ ဖြူစင်သော လက်ဖဝါးဖြင့် နျူအာ၏အင်အားပါလှသော လက်သီးချက်ကို အေးဆေးစွာတားဆီးလိုက်သည်။

 

ထိုလက်သီး၏ အရှိန်ကြောင့် သူမ၏ ဆံပင်

ရှည်များမှာ လွင့်ပျံသွားပြီး ဝေါလုံရွာသားအားလုံးကိုအံ့အားသင့်စေမည့် မျက်နှာတစ်ခု ပေါ်လာတော့သည်။

 

သူမ၏ ပြီးပြည့်စုံသော မျက်နှာလေးမှာ ကျောက်စိမ်းကဲ့သို့ကြည်လင်နေပြီး သူမ၏ မျက်ခုံးသွယ်သွယ်လေးများနှင့်မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။

 

သူမမှာ လူတိုင်း ကျိန်ဆဲနေသော မိန်းကလေးလင်းပင် ဖြစ်၏။

 

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ 

 

လူတိုင်းက ထိုမိန်းကလေးကို မှတ်မိကြသော်လည်းအလွန်အမင်း အံ့သြနေကြသည့်အတွက် စကားမပြောနိုင်ကြပေ။

 

ဤသည်မှာ သစ်သားတိုင်ကိုပင် မချိုးနိုင်သော မိန်းကလေးလင်း အမှန်ပင်လော။

 

ဝူသာ့ကျူကဲ့သို့ သန်မာသော မုဆိုးပင် နျူအာ၏ လက်သီးကို ခက်ခဲစွာ ခုခံနေရချိန်တွင် သူမက မည်သို့ အလွယ်တကူတားဆီးနိုင်သနည်း။

 

အိမ်ဝင်းအတွင်းရှိ ကျိုးပဲ့နေသော သစ်သားတိုင်များကိုလူအများက သတိရသွားကြသည်။ 

 

သို့သော်လည်း သူမသည် သွေးကြောစုစည်းခြင်း ပထမအဆင့်သို့ ရောက်နေလျှင်ပင် မိန်းကလေးတစ်ဦး၏ခန္ဓာကိုယ်ဖြင့် ဤမျှအင်အားကို မည်သို့ ရရှိနိုင်ပါသနည်း။

 

ရွာလူကြီးဝူသည် မျက်လုံးပြူးသွားသည်။

 

ထိုမိန်းကလေးက နျူအာ၏ လက်သီးကို တားဆီးနိုင်သည့်အတွက် အံ့သြရမလား၊ သို့မဟုတ် သူမက ပြန်လာသည့်အတွက် အံ့သြရမလား မသိတော့ပေ။

 

ဝူသာ့ကျူသည် သူ၏ ရှေ့တွင်ရှိနေသော ပုံရိပ်ကို မှုန်ဝါးဝါးကြည့်နေမိသည်။ 

 

သူသည် သူမ ဘာကြောင့် ပြန်လာသလဲဟု မေးချင်သော်လည်း သူ၏ မိသားစုနှင့် ရွာသားများကို တွေးပြီးနောက် သွေးများစိုနေသော သွားများဖြင့် လှောင်ပြုံးပြလိုက်သည်။

 

ဘာကြောင့်လဲဆိုတာ အရေးမကြီးတော့ပါ၊ သူ အားနည်းလွန်းခဲ့လို့သာ။

 

"ကျေးဇူးတင်ပါတယ် သာ့ကျူ။ အများကြီး မစဉ်းစားပါနဲ့"

 

"ရှင်က အားမနည်းပါဘူး၊ အနည်းဆုံးတော့ အကြာကြီးပုန်းနေပြီးမှ ထွက်လာရဲတဲ့ ကျွန်မလို လူကြောက်ထက်တော့အများကြီး သာပါတယ်"

 

မိန်းကလေးငယ်၏ အသံမှာ အလွန်သာယာလှသည်။ 

 

ဝူသာ့ကျူ သူမ၏ စကားကို နားမလည်ခင်မှာပင် သူမသည်သူမ၏ လက်ထဲမှ စွမ်းအင်များကို တိတ်တဆိတ် မြှင့်တင်လိုက်သည်။ 

 

အရိုးကျိုးသံများမှာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

 

သူမသည် အံ့သြခြင်းနှင့် နာကျင်ခြင်းများ ခံစားနေရသောနျူအာကို ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

 

"ရှင် ကျွန်မကို ရှာနေတာ မဟုတ်လား"

 

"အခု ကျွန်မ ရောက်လာပြီ"

 

ထိုခဏတွင် နျူအာ၏ စိတ်ထဲ၌ အိပ်ဆောင်ထဲတွင် တွေ့ခဲ့ရသော ကဗျာစာသားမှာ ချက်ချင်း ပေါ်လာတော့သည်။

 

အိပ်စက်နေသော နဂါးသည် နိုးထလာပြီဖြစ်ရာဟိန်းဟောက်သံတစ်ချက်ဖြင့် တောင်တန်းတစ်ထောင်ကိုတုန်လှုပ်စေမည်။