Chapter ( 6 )
တိုင်းယိဘုရားကျောင်းက လူတွေသည် ပင်မခန်းမထဲတွင် စောင့်နေကြပြီး တိုင်းယိဘုရားကျောင်းဆရာသည် ထုံးတမ်းစဉ်လာအရ တာအိုသင်္ကန်းကို ၀တ်ဆင်ထားလေသည်။
သူ့ဘေးတွင် ရပ်နေသော လူငယ်လေးသည် ခေါင်းငုံ့ကာ မျက်နှာတစ်ခြမ်းကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်ထားပြီး သူ့အမူအရာကို ဖုံးကွယ်ထားခဲ့သည်။ သူတို့နောက်တွင်တော့ သင်္ကန်းဝတ်ထားသော တပည့်ပေါင်းများစွာ ရပ်နေကြ၏။သူတို့မှာ ရည်ရွယ်ချက်ကောင်းများနှင့် လာခဲ့ကြခြင်း မဟုတ်တာ ထင်ရှားပေသည်။
လူများစွာကိုတွေ့သောအခါ ဆရာကြီးပိုင်သည် သူတို့လိုချင်တာကို မေးမည့်ဆဲဆဲ တိုင်းယိဘုရားကျောင်းဆရာ ကျီကိုင်ယိက အစပြုကာ ပထမဦးစွာ ပြောလာခဲ့သည်။
“ပေကျန်း မင်းရဲ့တပည့်က ငါ့တပည့်ကို ညှင်းပန်းနှိပ်စက်တာကို ခွင့်ပြုတယ်ပေါ့။ မင်းရဲ့ဘုရားကျောင်းမှာ ဘယ်လိုကျင့်ဝတ်မျိုးတွေ သင်ပေးလဲဆိုတာ ငါ သိချင်မိပါရဲ့”
“ဒါ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ?” ဆရာကြီးပိုင် စိတ်ရှုပ်သွားပုံရ၏။
“အာရုဏ်တက်ချိန်မှာ မင်းငါ့ကိုနှိုးပြီး အခု ငါ့ကို စော်ကားနေတာလား? သိက္ခာရှိစမ်းပါ!”
ကျီကိုင်ယိသည် ဆရာကြီးပိုင်၏ ဘာမှမသိသော အမူအရာကိုမြင်ပြီး သူ့မျက်လုံးအနည်းငယ်ကျဉ်းသွားကာ ဖြောင့်မှန်သောလေသံဖြင့် “မင်းမသိဘူးလား? အေး…အခုရှင်းရအောင်။မင်းတပည့် ငါ့သားကို တောင်းပန်ပြီး ကျိန်စာဖြေပေးရင် ငါတို့ကျေအေးပေးမယ်”
“မင်း နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတာလား” ဆရာကြီးပိုင်က မဆိုင်းမတွ ပြန်ပြောလိုက်သည်။ ဖြစ်ပျက်ခဲ့သည်ကို သူမသိပေမယ့် သူ့အပေါ် မတရား အပြစ်တင်မှုတချို့ခံရတယ်လို့ ခံစားရသဖြင့် အပြစ်ကို ဝန်ခံခြင်းသည် သူ့အား အရူးဖြစ်စေပေလိမ့်မည်။
ကျီကိုင်ယိသည် ရှင်းလင်းပြတ်သားသော အသံဖြင့် ထပ်ပြောမည်အပြုတွင် အသံတစ်ခုဝင်လာခဲ့သည်။
“ရှင့်ရဲ့သား ဘာလို့ဒီလို ဖြစ်သွားတာလဲ မသိဘူးမလား? သူသာ တခြားသူတွေကို အန္တရာယ်ပြုဖို့ ဆွဲကြိုးချသရဲကို အသုံးမချခဲ့ရင်… အခုဟာတွေ ဖြစ်လာမယ်ထင်လား?”
စကားသံသည် ထက်မြက်ပြီး နားဝင်ချိုသော်လည်း စကားလုံးများသည် ခွင့်မလွှတ်နိုင်သကဲ့သို့ ပြတ်သားလှသည်။ “ကျွန်မ ဒီရောက်လာထဲက တကယ့်အရှက်မရှိတာ ဘာလဲဆိုတာ တွေ့လိုက်ရပြီ”
“အမှန်ပြောရရင်၊ အပြစ်လုပ်ထားတဲ့သူတွေကသာ တခြားသူတွေဆီအပြစ်ကို အမြဲတမ်းလွှဲချတတ်တာပဲ”
တိုင်းယိဘုရားကျောင်းမှ သူများသည် အသံကြားရာဆီသို့ အလိုလို လှည့်ကြည့်လိုက်မိကြ၏။
မီးရောင်အောက်တွင် အပြာရောင်ဖျော့ဖျော့ဂါဝန်ဖြင့် မိန်းကလေးငယ်လေးတစ်ယောက် ရပ်နေပြီး သူမ၏အမူအရာသည် တည်ငြိမ်ပြီး မျက်နှာမှာ နုပျိုနေသော်လည်း ကောင်းကင်က ဖန်တီးထားသကဲ့သို့ ထင်ရှားစွာ လှပနေလေသည်။သူမ၏ အနက်ရောင် မျက်လုံးများက အလှဆုံးသော ကျောက်မျက်ရတနာများကဲ့သို့ တောက်ပြောင်ကာစွဲမက်ဖွယ်ကောင်းပြီး တောက်ပနေခဲ့၏။
သူမသည် အခြားသူများ၏ နှစ်သက်မှုကို အလွယ်တကူရနိုင်သော မိန်းကလေးမျိုးဖြစ်သော်လည်း သူမ၏စကားလုံးများမှာ အလွန်သဘောကျချင်စရာ မကောင်းလှပေ။
ကျီကိုင်ယိ၏မျက်နှာသည် မည်းမှောင်သွားပြီး “ဒီကလေးမ ဘယ်ကလဲ? လူကြီးတွေ စကားပြောနေတယ်လေ၊ မင်းက ဘာလို့ ဝင်ပြောနေတာလဲ? ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ?”
“ကျွန်မက ရှင့်ရဲ့ဘိုးဘေးပဲ” ယိရွှယ်သည် အရွဲ့တိုက်သောလေသံဖြင့် ပြန်အော်လိုက်သည်။
“တာအိုပညာရှင် တစ်ယောက်အနေနဲ့ ရှင်က သရဲတွေကို လူတွေထံ အန္တရာယ်ပြုဖို့ ခွင့်ပြုရဲသေးတာလား? ပြောစမ်း၊ ဒီစကားတွေသာ ပေါက်ကြားသွားရင် ဘာဆက်ဖြစ််သွားမလဲ?”
“မင်း! မင်း!” ကျီကိုင်ယိ ဒေါသထွက်သွားရသည်။
သူသည် အမြဲတမ်း ဘုရားကျောင်းလာ ဧည့်သည်များ၏ လေးစားမှုဖြင့် ဆက်ဆံခြင်းကိုသာ ခံလာရသဖြင့် ဒီလို ဆက်ဆံမှုမျိုးအား မကြုံဖူး၍ ခဏတာ ဆွံ့အသွားရ၏။
နှုတ်ဆိတ်မသွားမီ “မင်း…မင်း” ဟုသာ ခပ်တိုးတိုးပြောနိုင်တော့သည်။
ပိုင်လုနှင့် ရှုကျိုး နှစ်ယောက်စလုံးသည် ယိရွှယ်၏ ပုံစံအသစ်ကို တွေ့လိုက်ရလေသည်။ အများအားဖြင့် သူမသည် ဘုရားကျောင်းတစ်ဝိုက်တွင် အမြဲတမ်းပြုံးနေပြီး လူတိုင်းနှင့် ပျော်ပျော်နေလေ့ရှိပေသည်။ထိုကြောင့် တိုင်းယိဘုရားကျောင်း၏ဆရာကို ဒီလောက်လွယ်လွယ်နှင့် ဖြုတ်ချဖို့ သူမကို သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါ။
ယိရွှယ် မျက်တောင်ခတ်ပြီး သူမ လည်ချောင်းကို တချက်ရှင်းလိုက်သည့်အခါ သူမပုံရိပ် ပြိုပျက်သွားပုံရ၏။
ထိုအချိန်တွင် ဆရာကြီးပိုင်သည် ယိရွှယ်၏ “သရဲတွေ၊ လူတွေကို အန္တရာယ်ပြုတာလား?” ဟူသောစကားကို ပြန်ရေရွတ်မိသည်။
နောက်ဆုံးတွင် ပိုင်လုသည် ကျယ်လောင်စွာ သတင်းပို့ချရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး “မနေ့က ကျီအန်းက ကျွန်တော့်ကို နာကျင်အောင်လုပ်ဖို့ ဆွဲကြိုးချသရဲကို လွှတ်ခဲ့ပေမယ့် ဒေါ်လေးက ကျွန်တော့်ကို ကယ်ခဲ့တာ”
“ဘာ?!”
ဘုရားကျောင်း ဆရာပိုင်က ဒေါသထွက်သွားခဲ့သည်။ “မင်းတို့ လူယုတ်မာတွေ ငါ့သားကို အနိုင်ကျင့်ရဲတယ်!”
ကျီကိုင်ယိဘေးတွင် ရပ်နေသောသူသည် သူ့ခေါင်းကိုမော့လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားလိုက်သည်။ “ငါဘာမှ မလုပ်ခဲ့ဘူး!”
သူ့ခေါင်းကို မော့လိုက်သောအခါ သူ၏သာမာန်မဟုတ်သော တစ်စုံတစ်ရာမှာ ပေါ်ထွက်လာခဲ့သည်။
ပိုင်လုသာမက ရှုကျိုးနှင့် ဆရာကြီးပိုင်ပါ အံ့ဩသွားရပြီး ပိုင်လုက အငမ်းမရ ရယ်မောရင်း “ဟားဟားဟား! ငါ့နှယ် သေတော့မှာပဲ! ဒီနေ့တော့ တကယ့် ‘လျှာရှည်တဲ့ လူဆိုး’ ဆိုတဲ့ အဓိပ္ပါယ်ကို ငါသိလိုက်ရပြီ!”
ကျီအန်း၏ ရှည်လျားသော လျှာသည် ပါးစပ်မှ တွဲလောင်းကျနေပြီး သူ့လက်ပေါ်တွင် တင်နေကာ သူ့မျက်နှာမှာ နီရဲနေပုံရသည်။
သူ့အသွင်အပြင်သည် ရန်သူများရှေ့တွင် ပေါ်နေသည်ကို သတိပြုမိလိုက်ရာ သူ့မျက်နှာသည် ဒေါသနှင့် ရှက်ရွံ့မှုတို့ဖြင့် နီမြန်းလာပြီး ထိတ်လန့်တကြားဖြင့် သူ့မျက်နှာကို အမြန်ဖုံးလိုက်၏။
“ဘာပဲဖြစ်ဖြစ် ငါဘာမှမလုပ်ခဲ့ဘူး!” ကျီအန်း ထပ်ပြီး ခုခံပေမယ့်လည်း ဤအခါတွင် သူ့လေသံသည် တိုးညင်းသွားခဲ့သည်။
ယိရွှယ်သည် တခစ်ခစ်ရယ်ရင်း “ရှင် ကိုယ့်ကိုကိုယ် ယုံလား? အဲ့တာက ညသန်းခေါင်မှာ ကျွန်မ ရှင့်အိမ်ကို ဖောက်ဝင်ပြီး လမ်းပတ်လျှောက်ရုံကလွဲ ကျန်တာဘာမှမခိုးဘူးလို့ ပြောနေသလိုပဲ။ အဲ့လိုဆိုရင် ကျွန်မကို ယုံမှာလား?”
“ငါ….”
ကျီအန်းသည် ပြိုင်ငြင်းဖို့ ကြိုးစားပေမဲ့ ကျီကိုင်ယိ စကားဖြတ်ပြောလိုက်သည်။ “တော်သင့်ပြီ!”
သူသည် ရွမ်ကျန်းဘုရားကျောင်းမှ အဖွဲ့ဆီသို့ လှည့်လာပြီး “ပြောစမ်း၊ ငါ့သားကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?”
တကယ်တော့ သူတို့နှစ်ဦးစလုံးသည် တူညီသော တာအိုဂိုဏ်းကဖြစ်ပြီး မည်သူ့အတွက်မှ အကျိုးမပြုပါ။ ယိရွှယ် ပြောခဲ့သလိုပင် ဤစကားများသာ ပေါက်ကြားသွားလျှင် သူတို့ပဲ အရှက်ရမှာဖြစ်သည်။
ပိုင်ဘုရားကျောင်းဆရာတော်သည် အခြေအနေတစ်ခုလုံးကို မရှင်းမလင်းဖြစ်နေစဉ်ပင်။ ထိုကြောင့် တိတ်တဆိတ်နေကာ အငယ်တွေကိုသာ ကိုင်တွယ်ခွင့်ပေးထားလိုက်သည်။
ယိရွယ် ခဏလောက် စဉ်းစားလိုက်ပြီး ရှုကျိုးနှင့် ပိုင်လုတို့ကို ကြည့်ကာ သူတို့၏ အကြံဉာဏ်ကို တောင်းလိုက်၏။
ပိုင်လုသည် စိတ်အားထက်သန်စွာ ပြောရန် လက်ကို မြှောက်လိုက်သော်လည်း ရှုကျိုးက အမြန်ပြန်ဆွဲချလိုက်သည်။
ရွမ်ကျန်း ဘုရားကျောင်း၏ အကြီးဆုံးတပည့်သည် တည်ငြိမ်သောစိတ်ဖြင့် ယိရွှယ်အား ခေါင်းညိတ်ပြကာ ဆုံးဖြတ်ချက်သည် သူမ၏ လက်ထဲတွင် ရှိနေကြောင်း အချက်ပြလိုက်သည်။
ထို့နောက် ယိရွှယ်သည် “ငါတို့ သူ့ကိုပုံမှန် ဖြစ်အောင် ပြန်ပြောင်းလို့တော့ရတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်”
“ပြောစမ်း ! ” ကျီကိုင်ယိ ပြန်ပြော၏။ ပိုင်ဘုရားကျောင်းဆရာတော်သည် အငယ်လေးကို ထိုသို့အရေးကြီးသောကိစ္စမျိုးနှင့် ပတ်သက်ပြီး ပြောခွင့်ပေးသဖြင့် အနည်းငယ် စိတ်မချမ်းသာဖြစ်သော်လည်း ဝင်မပြောမိအောင် ပြန်ထိန်းထားရသည်။
အခြေအနေတစ်ခုရှိခြင်းသည် ကောင်းသော လက္ခဏာ တစ်ခုဖြစ်၏—ဆိုလိုခြင်းမှာ သူတို့တွင် လွှမ်းမိုးမှု ရှိနေခြင်းဖြစ်သည်။
ယိရွှယ်သည် ချက်ချင်းပြန်မဖြေဘဲ “တိုင်းယိဘုရားကျောင်းမှာ ဧည့်သည်တွေ တော်တော်များနေပုံရတယ် မဟုတ်လား” ဟု မေးသည်။
“ဒါပေါ့!”
ဤအကြောင်းအရာကို ဖော်ပြရာတွင် တိုင်းယိဘုရားကျောင်း၏ အငယ်ဆုံးတပည့်သည် ရင်ဘတ်ကို ပုတ်ရင်း “ကျွန်တော်တို့ ဘုရားကျောင်းက မိုင်တစ်ရာအတွင်းမှာ ကိုးကွယ်သူအများဆုံးပဲ” ဟုဆိုသည်။
ဒါကိုကြားသောအခါ ကျီကိုင်ယိက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တိုင်းယိဘုရားကျောင်း၏ တခြားသော တာအိုတပည့်တွေကလည်း ဂုဏ်ယူဝင့်ကြွားနေဟန် ပုံပေါ်လာကြသည်။
လည်ပတ်သူအများကြီး—ကောင်းလေစွ
ယိရွှယ်၏မျက်နှာသည် အပြုံးတစ်ခုဖြင့် တောက်ပလာပြီး “ကျွန်မအကြံဉာဏ်က ရိုးရိုးရှင်းရှင်းပါပဲ။ တိုင်းယိ ဘုရားကျောင်းကို လာသူတိုင်းအတွက် ရွမ်ကျန်းဘုရားကျောင်းကိုညွှန်းတဲ့ VIP ကတ်ထုတ်ပေးရမယ်”
တိုင်းယိဘုရားကျောင်းသည် ဧည့်သည်များကို ခေါ်ဆောင်လာခြင်းဖြင့် ရွမ်ကျန်းဘုရားကျောင်း၏ သာယာဝပြောမှုသည် မကြာမီတွင် သေချာပေါက် လိုက်လာမည် ဖြစ်သည်။
“ဘာ?” ကျီကိုင်ယိသည် ရယ်စရာအကောင်းဆုံး အဆိုပြုချက်ကို ကြားလိုက်ရသလိုပင်။
“မင်း ဘာတွေပြောနေလဲ ဆိုတာတောင် သိရဲ့လား?”
“အဲဒါ ငွေညှစ်တာပဲ!” တိုင်းယိဘုရားကျောင်း၏ တပည့်များကလည်း အလျင်အမြန် စွပ်စွဲလာကြသည်။
ယိရွှယ်သည် ယုံကြည်မှုအပြည့်နှင့် ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်”
မနေ့ညက သူတို့ ဆွေးနွေးနေကြချိန်တွင် လျော်ကြေးတောင်းဖို့ အစောက စဉ်းစားခဲ့ကြသော်လည်း တိုင်းယိဘုရားကျောင်းမှ ပိုက်ဆံအနည်းငယ်လောက် ရခဲ့လျှင်တောင် သူတို့ဘုရားကျောင်း၏ပြဿနာများကို မဖြေရှင်းနိုင်သည်ကို ယိရွှယ် သဘောပေါက်သွားခဲ့သည်။ ယင်းအစား တိုင်းယိဘုရားကျောင်း၏ ကျော်ကြားမှုကို အသုံးပြု၍ ရွမ်ကျန်း ဘုရားကျောင်းသို့ ဧည့်သည်များကို ခေါ်ဆောင်ရန် — “ချမ်းသာသူကို ဆင်းရဲသူအား ကူညီခွင့်ပေးခြင်း” သည် ပိုမိုထက်မြက်သော နည်းဗျူဟာတစ်ခု ဖြစ်သည်။
ဤအစီအစဥ်အား ရှုကျိုးနှင့် ပိုင်လုတို့ကလည်း အခိုင်အမာ ထောက်ခံခဲ့ကြသည်။
ကျီကိုင်ယိသည် သူတို့ကို လေးလေးနက်နက် စိုက်ကြည့်ကာ ရုတ်တရက် “ဒါဆိုလည်း ငါ့ကို ရက်စက်တာအတွက် အပြစ်မတင်ကြနဲ့။ ဒါက အလုပ်ရှုပ်ပေမယ့် ငါမင်းကို ကြိုးနဲ့ချည်ပြီး စာလုံးပေါင်းကို ပြန်ဖျက်ခိုင်းရင် ဒီအတိုင်းပဲ အလုပ်ဖြစ်လိမ့်မယ်”
သူစကားပြောနေစဉ်တွင် မက်မွန်သီးဓား (သရဲတစ္ဆေနှိမ်နင်းရေးဓား) ကို သူ့နောက်ကျောမှ ဆွဲထုတ်လိုက်ပြီး တိုင်းယိ ဘုရားကျောင်း၏ တပည့်များသည်လည်း ရန်လိုသောဟန်ပန်ဖြင့် ချက်ချင်း ရှေ့ကို တိုးလာကြသည်။
“ကျီကိုင်ယိ မင်းဘာလုပ်နေတယ်ထင်တာလဲ?!”
ပိုင်ဘုရားကျောင်းဆရာတော်သည် သူ့နောက်မှ တပည့်ငယ် သုံးယောက်ကို အလျင်အမြန်ကာလိုက်ရင်း “မင်းကို ငါသတိမပေးဘူး လို့ မပြောနဲ့၊ ဒါ မြို့လယ်ခေါင်ကွ!” ဟု ပြင်းပြင်းထန်ထန် အော်လိုက်သည်။
သို့သော် ယိရွှယ်သည် သူ့ပခုံးကိုပုတ်ကာ တည်ငြိမ်သောအပြုံးဖြင့် အနောက်မှ ရှေ့သို့တိုးလာပြီး စိုးရိမ်စရာ မလိုကြောင်း အချက်ပြသည်။ “ဆရာတူအကို သူတို့ လွယ်လွယ်နဲ့ သဘောမတူဘူးဆိုတာ ကျွန်မ သိပါတယ်”
ထိုနောက် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သူမ၏ ကျောပိုးအိတ်ထဲသို့ လက်နှိုက်လိုက်၏။
“အဲ့ကလေးမက ခြိမ်းခြောက်မရဘူး” ကျီကိုင်ယိသည် သူမရဲ့လှုပ်ရှားမှုကိုမြင်သောအခါ လှောင်ပြောင်ပြီး လုံးလုံးလျားလျား ငြင်းဆိုလိုက်သည်။ “မင်းတို့သုံးယောက်က ငါတို့ကို တိုက်နိုင်မယ်လို့ ထင်နေတာလား?”
ယိရွှယ်က အံ့အားသင့်သွားကာ “ဘာလို့ ရန်ဖြစ်မှာလဲ? ပြဿနာရှိရင် ရဲခေါ်ရမှာလေ ဒါပေါ့”
သူမ၏ Nokia ဖုန်းကို ဆွဲထုတ်ကာ “110” (အရေးပေါ်နံပါတ်) ဖြင့် ရိုက်နှိပ်ထားသည့် နံပါတ်စခရင်ကို ပြလိုက်ရင်း ပြုံးလျက် “ရှင့်ဓားက ပိုမြန်တယ်လို့ ထင်လား။ ကျွန်မဖုန်းက ပိုမြန်တယ် ထင်လား?” ဟု မေးလိုက်သည်။
ယိရွှယ်၏လုပ်ရပ်များသည် တင်းမာသော အငွေ့အသက်ကို မယုံကြည်နိုင်စရာနှင့် ပျော်ရွှင်မှုတစ်ခုအဖြစ် ချက်ချင်းပြောင်းသွားစေခဲ့သည်။
“…”
ကျီကိုင်ယိ၏မျက်နှာမှာ ရှက်ရွံ့စွာ ရပ်တန့်သွားပြီး တစ်ခုခုပြောချင်သော်လည်း စကားက ထွက်မလာခဲ့ပါ။
ယိရွှယ်သည် ရှုကျိုးဘက်ကို လှည့်ပြီး “တူလေး၊ ရဲစခန်းက နီးတယ်မဟုတ်လား?”
ရှုကျိုးက “ဟုတ်ကဲ့ ဒေါ်လေး၊ မီတာရာဂဏန်းလောက်ပဲ ဝေးပါတယ်”