Chapter 17
Viewers 53

Chapter ( 17 )


ဒရိုင်ဘာသည် သူ ဆုံလိုက်ရသည့်လူက မရိုးရှင်းမှန်း သိသွားပြီး အသည်းအသန်အော်ဟစ်တော့သည်။


“ငါ...... ငါ.. ငါက တရားဝင် ကလဲ့စားချေခွင့်ရထားတဲ့ ဝိညာဉ်ပါ။ ငါ့ကို သတ်လို့မရဘူး... အားးးးး”


ထိုစကားကို ကြားသောအခါ ပိုင်လုမှာ အံ့အားသင့်သွားရပြီး ယိရွှယ်၏လက်ကို ချက်ချင်း လှမ်းဖမ်းကာ တားမြစ်လိုက်သည်။


“ဒေါ်လေး တော်ပါပြီ ထားလိုက်ပါတော့”


ယိရွှယ်က ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်

လိုက်လေသည်။


ပိုင်လုက ဝင်ရောက်တားမြစ်လိုက်ပြီး

နောက်တွင် ယိရွှယ်သည် သရဲများကို ဓားဖြင့် သတ်ပစ်ချင်သည့်အကြောင်းကို ဆက်မပြောတော့ပေ။


သူမသည် အေးစက်စွာ ပြုံးလိုက်ရင်း မကောင်းဆိုးဝါးနှိမ်နင်းရေးဓားကို ထုတ်ယူလိုက်ကာ သူမ၏ လှပသော မျက်ဝန်းများဖြင့် ကားဆရာအား မည်သည့်နေရာကို အရင်စတင် တိုက်ခိုက်ရမလဲဟု ချိန်ဆနေသည့်အလား ကြည့်ရှုနေလေ၏။


ထိုဓားပေါ်ထွက်လာသည်နှင့် ကားဆရာသည် ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ပိုင်လုနှင့် ရှုကျိုးတို့သည်လည်း ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များ တဖြည်းဖြည်း လွင့်ပါးသွားတာကို ခံစားမိကြပြီး လေထုမှာလည်း ပိုမိုသက်သောင့်သက်သာ ပြန်ဖြစ်လာခဲ့သည်။


သူ မယုံကြည်နိုင်ဖြစ်နေမိသည်။


'သုံးနှစ်ပဲ ရှိသေးတာကို... သုံးနှစ်အတွင်းမှာပဲ သူမက ဒီလောက်အထိ အစွမ်းထက်လာတာလား'


သရဲယာဥ်မောင်း၏ ပတ်ပတ်လည်တွင် ဝေ့ဝဲနေသော အနက်ရောင် စွမ်းအင်များမှာ ကျဲပါးသွားပြီး ထိုဓားဆီမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များကို ခံစားနေရသည်။


တကယ်လို့များ ထိုဓားနှင့် အခုတ်ခံရပါက သူ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။


အခြေအနေက ဤအတိုင်း ဆက်သွားနေပါက သူ အသက်ပျောက်သွားနိုင်သည်ဟု တွေးမိသည်နှင့် သရဲကားဆရာမှာ အလျင်အမြန်ပင် အော်ဟစ်လိုက်တော့သည်။


"တစ်ယောက်ယောက် သူ့ကို တားကြပါဦး! မင်းတို့ သူ့ကို ထိန်းမှဖြစ်မယ်! သရဲတွေကိုသတ်ရင် ငရဲ (၁၈) ထပ်ကို ကျလိမ့်မယ်နော်"


ထိုစကားကို ကြားသောအခါ ပိုင်လုက စိတ်ထဲမှ တွေးလိုက်မိသည်..


. "နေဦး... လူသတ်သမားနဲ့ ခံရသူက ပြောင်းပြန်ဖြစ်နေတာလား။ သူကပဲ ခြောက်လှန့်နေပြီးတော့ အခုကျမှ ခံရတဲ့သူ နှစ်ယောက်ဆီက အကူအညီတောင်းနေတာလား"


ရှုကျိုးမှာလည်း ဤရယ်စရာအခြေအနေကြောင့် မအောင့်နိုင်ဘဲ ခပ်တိုးတိုး ရယ်မောမိသွားလေ၏။


သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး သတိပေးလိုက်သည်။


"ဟို... ဦးလေး၊ မျက်နှာကို အရင်လို ပြန်ပြောင်းလိုက်ရင် ပိုကောင်းမယ်ထင်တယ်"


သရဲကားဆရာသည် သံသယရှိနေဆဲဖြစ်သော်လည်း အခြေအနေကို နားလည်သွားသဖြင့် လူတွေကို ခြောက်လှန့်နေသော သွေးစွန်းသည့် မျက်နှာဆိုးကြီးကို ဖျောက်ဖျက်ကာ လူ့ဘဝက ရုပ်သွင်အတိုင်း အမြန်ပြန်ပြောင်း လိုက်သည်။


သို့သော်လည်း ယိရွှယ်၏ လက်ချက်ကြောင့် ဖူးရောင်နေသော သူ၏ မျက်နှာကို ကြည့်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းနေဆဲပင်။


သူ၏ မူလရုပ်သွင်ကို ပြန်ပြောင်းလိုက်သော်လည်း ကားပေါ်ရှိ လူသုံးဦးထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိသဖြင့် သူ စိတ်ပျက်အားလျော့သွားသလိုခံစားလိုက်ရသည်။


"မင်းတို့ ငါ့ကို မမှတ်မိဘူးလား"


သုံးနှစ်ပဲ ရှိသေးတာကို!


ယိရွှယ်သည် မကောင်းဆိုးဝါးနှိမ်နင်းရေးဓားကို သူမ၏ ရင်ခွင်ထဲတွင် ပိုက်ထားရင်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်ကာ သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။


"ရှင်က ဘယ်သူမို့လို့ ကျွန်မတို့က သိရမှာလဲ"


ကားဆရာ စကားပြောလိုက်သောအခါ ပိုင်လုက စောစောက သူပြောသည့် စကားကို သတိရသွားပြီး "ဦးလေးက ကလဲ့စားချေဖို့ လာတာဆိုတော့ ခွင့်ပြုချက်လက်မှတ်တွေ ပြစမ်းပါ။ ဦးလေးက လိုင်စင်မဲ့လား၊ ဘာလား ကျွန်တော်တို့ ဘယ်လိုသိမလဲ။ ဦးလေးရဲ့ သက်သေခံကဒ်ပြားကိုပြ''


ယိရွှယ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူတို့၏စကားဝိုင်းကို သဘောပေါက်သွားသည်။


"ကလဲ့စားချေဖို့ ခွင့်ပြုချက်လက်မှတ်နဲ့လား"


ထပ်ပြီး အရိုက်ခံရမှာ ကြောက်သဖြင့် သရဲကားဆရာမှာ ကံကြမ္မာကိုပဲ အပြစ်တင်နေမိသည်။ ဒီတစ်ခါတော့ ကလဲ့စားချေဖို့ မလွယ်တော့ဘူးဟု တွေးရင်း သူက ရင်ဘတ်အိတ်ထဲမှ အမည်းရောင်နှင့် ရွှေရောင်စပ်ထားသော စာအုပ်ငယ်လေးကို ထုတ်ယူကာ မပျော်မရွှင်ဖြင့် ကမ်းပေးလိုက်သည်။


ပိုင်လုက ထိုစာရွက်စာတမ်းကို အမြန်ယူကြည့်လိုက်ရာ မရဏမင်းရုံးမှ တရားဝင်တံဆိပ်တုံး ခတ်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။


ယိရွှယ်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ ရှုကျိုးက ရှင်းပြလိုက်သည်။


"ယေဘုယျအားဖြင့်တော့ သရဲတွေက အသက်ရှင်နေတဲ့လူတွေကို အန္တရာယ်ပြုဖို့ မလွယ်ဘူး။ အန္တရာယ်ပြုတဲ့ ဝိညာဉ်ဆိုးတွေက မကောင်းတဲ့

စိတ်တွေ ဖုံးလွှမ်းသွားပြီး ရန်ငြိုးကြီးတဲ့ ဝိညာဉ်တွေ ဖြစ်ကုန်ကြတာ။ သူတို့ကတော့ လူပြန်ဝင်စားလို့မရဘဲ လွင့်ပါးသွားတာ ဒါမှမဟုတ် မရဏမင်းတမန်တွေ ဖမ်းသွားပြီး ငရဲ (၁၈) ထပ်မှာ သူတို့အပြစ်အတွက် ဝဋ်ကြွေးဆပ်ရတာပေါ့။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတယ်"


သူက သရဲကားဆရာကို သံသယအချို့ဖြင့် ကြည့်လိုက်ပြီး ယိရွှယ်ကို ဆက်ရှင်းပြသည်။


"တကယ်လို့ သရဲတစ်ကောင်က လူ့ဘဝတုန်းက ကုသိုလ်ကံ အများကြီးရှိခဲ့ပြီး သက်တမ်းမကုန်ခင် မတရား အသတ်ခံခဲ့ရတယ်ဆိုရင်၊ မရဏလောကက သူတို့ရဲ့ကုသိုလ်ကံကို စစ်ဆေးပြီး ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ကုသိုလ်ကံ ကြီးမားတဲ့သူတွေဆိုရင် မရဏလောကမှာ အမှုထမ်းရတာ ဒါမှမဟုတ် မင်းစိုးရာဇာ မိသားစုမှာ လူပြန်ဝင်စားခွင့်ရတာမျိုးပေါ့။


ဒါပေမဲ့ သူတို့က သူတစ်ပါးရဲ့ အန္တရာယ်ပြုတာကို ခံခဲ့ရတာဆိုတော့ သူတို့မှာ နာကျည်းချက်တွေ ကျန်နေတတ်တယ်။ အဲ့ဒီအခါကျရင် မရဏလောကက အခြေအနေကို စစ်ဆေးပြီး သူတို့ကို ကလဲ့စားချေဖို့ အခွင့်အရေးပေးတတ်တယ်"


ကလဲ့စားချေဖို့ အရည်အချင်း ပြည့်မီဖို့ဆိုလျှင် ထိုသူသည် လူ့ဘဝတွင် ကုသိုလ်ကံ အလွန်ကြီးမားသူ ဖြစ်ရမည်ဖြစ်သည်။ သူသည် နောက်ဆုံးအပိုင်းကို ထုတ်မပြောသော်လည်း ယိရွှယ်က နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။


စာရွက်စာတမ်းကို ဖတ်ပြီးနောက်တွင် ပိုင်လုက အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးရန် ရှုကျိုးကို ပေးလိုက်သည်။ ယိရွှယ်ကလည်း စူးစမ်းစွာဖြင့် လှမ်းကြည့်လိုက်သည်။


ရှုကျိုးက ထိုစာအုပ်ကို ဖွင့်လိုက်သောအခါ ကုသိုလ်ကံ၏ ရွှေရောင်အလင်းတန်းများ

ဖြာထွက်လာပြီး ဓာတ်ပုံထဲကလူမှာလည်း ကားဆရာကိုယ်တိုင်ပင် ဖြစ်သည်။


ရှုကျိုးက ခေါင်းညိတ်ပြလိုက်သဖြင့် ပိုင်လုက သဘောပေါက်သွားသော်လည်း ထို့နောက် သူက တစ်ခုခု မှားနေတာကို သတိပြုမိသွားသည်။


"နေဦး... ဦးလေးက ကလဲ့စားချေချင်တာဆိုရင်

ကျွန်တော်တို့ဆီ ဘာလို့လာတာလဲ။ ဦးလေးကို ဒုက္ခပေးခဲ့တဲ့သူဆီ သွားရမှာလေ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတာ မကြားဖူးဘူးလား"


သရဲကားဆရာမှာ သူတို့ပြောနေတာကို နားမလည်နိုင်စွာ ကြောင်ကြည့်နေရာမှ "သူတို့တွေ ဘယ်လိုဖြစ်ပြီး အများကြီး သိနေကြတာလဲ" ဟု တွေးနေမိသည်။


သို့သော် ပိုင်လုက မေးခွန်းထုတ်လိုက်သောအခါ သူ ချက်ချင်းဒေါသထွက်သွားပြီး မဲ့ပြုံး ပြုံးလိုက်ကာ "ငါက မင်းတို့ဆီ လာတာမဟုတ်လို့ ဘယ်သူ့ဆီ သွားရမှာလဲ။ မင်းတို့က ယန် မိသားစုဝင်တွေ မဟုတ်ဘူးလား! လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းတို့နှစ်ယောက် ပူးပေါင်းပြီး

ငါ့ကို သတ်ခဲ့ကြတာကို ဒီလောက်တောင် မြန်မြန် မေ့သွားကြတာလား!?"


သူ စိတ်လှုပ်ရှားလာသည်နှင့်အမျှ ပတ်ဝန်းကျင်က လေထုမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်လာကာ သွေးမျက်ရည်များပင် စတင်ကျဆင်းလာတော့သည်။


ယိရွှယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လက်သီးဖြင့် ထိုးရန် ပြင်လိုက်သည်။ထိုအခါ ကားဆရာသည် သူ၏ မူလရုပ်သွင်သို့ ပြန်လည်

လွင့်ထွက်သွားရပြီး သူတို့နှင့် မယှဉ်နိုင်မှန်း သိသွားသောအခါ ဒေါသထွက်လွန်း၍ ငိုချင်စိတ်ပင်ပေါက်လာခဲ့လေသည်။


ပိုင်လုက တစ်ခုခု မှားနေတာကို ခံစားမိလိုက်သည်။


"ဦးလေး... ဒီမှာ ယန်ဆိုတဲ့ နာမည်နဲ့လူ တစ်ယောက်မှ မပါဘူး။ ဦးလေး လူမှားနေတာ ဖြစ်ရမယ်။ မယုံရင် ကျွန်တော့်ရဲ့မှတ်ပုံတင်ကို ပြလို့ရတယ်"


ကားဆရာက "ပြစမ်း" ဟု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ယိရွှယ်၏ဓားက အနည်းငယ် လှုပ်ရှားသွားတာကို တွေ့လိုက်ရသည်။ သူမက သူ့ကို အေးစက်စွာ ကြည့်နေသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ရ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။


"ဒါ မဖြစ်နိုင်တာ... သူတို့က ငါ့ကို ဒီမှာစောင့်နေခိုင်းထားတာကို..."


ရုတ်တရက် သူ၏အသံမှာ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လျက် ရှေ့က အံဆွဲထဲမှ မျက်မှန်တစ်စုံကိုထုတ်ကာ တပ်လိုက်သည်။


"တောင်းပန်ပါတယ်ဗျာ.. ကျွန်တော်က မျက်စိ နည်းနည်း မှုန်လို့ပါ"


ပိုင်လုက မပြောဘဲမနေနိုင်စွာဖြင့် "ဦးလေးက မျက်စိ နည်းနည်းမှုန်တာတင် မဟုတ်တော့ဘူး"


မျက်မှန်တပ်ပြီးနောက်တွင် ကားဆရာက ယိရွှယ်နှင့် သူမ၏ အပေါင်းအဖော်များကို အသေအချာ ကြည့်လိုက်သည်။ သူတို့အားလုံးမှာ ရုပ်ရည်ကောင်းမွန်ကြပြီး ဆိုးသွမ်းသူများ မဟုတ်မှန်း သိသာလှသည်။ အဓိကအချက်မှာ...


"နေဦး... မင်းတို့က ဘယ်သူတွေလဲ" သူ အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။


"ငါ့ကားပေါ်ကို ဘာလို့တက်လာကြတာလဲကွ"


ယိရွှယ်မှာ အတော်လေးရယ်ချင်သွားပြီး "ဟာသပဲ! ဒီလမ်းတစ်လျှောက် ဆယ်မိုင်ပတ်ချာလည်မှာ ရှင့်ကားတစ်စီးပဲ ရှိတာလေ။ ကျွန်မတို့က ဘယ်ကို သွားရမှာလဲ"


သရဲကားဆရာမှာ တော်တော်လေး ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။


"ဒါပေမဲ့ မင်းတို့က ငါ့ရန်သူတွေ မဟုတ်ရင် ငါ့ကားကို မြင်နိုင်စရာ အကြောင်းမရှိဘူး။ နေဦး..."


ရုတ်တရက် သူ တစ်ခုခုကို သဘောပေါက်သွားပြီး ယိရွှယ်နှင့် အခြားသူများကို သေချာ စိုက်ကြည့်လိုက်သည်။


"မင်းတို့က... တာအိုဆရာတွေလား?!"


မူလက သူ၏ရန်သူတွေက တစ်ခုခု အခွင့်ကောင်းရသွားပြီဟု သူ ထင်ခဲ့ခြင်းဖြစ်သော်လည်း တာအိုဆရာတွေနဲ့ တိုးလိမ့်မယ်လို့

လုံးဝ မျှော်လင့်မထားခဲ့ပေ။


'ဘာတွေလဲဟာ....တာအိုဆရာတွေက အပြင်ထွက်ရင် ဘာလို့ တာအိုဝတ်စုံ မဝတ်ကြတာလဲ။ ဒါက နောက်ပြောင်နေတာလား'


"နောက်ဆုံးတော့ အထင်လွဲသွားကြတာကိုး''


ရှုကျိုးက အခြေအနေကို သဘောပေါက်သွားပြီး အကြံပြုလိုက်သည်။


"တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးနေကြပြီဆိုတော့ ဒါကိုပဲ ကျေအေးလိုက်တယ်လို့ပဲ

သဘောထားလိုက်ကြရအောင် မဟုတ်ဘူးလား"


ကားဆရာက "လက်မခံဘူး" ဟု ပြောချင်သော်လည်း သူ၏မျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေပြီဖြစ်ရာ ဘယ်သူကများ သူတို့ကို

ပြန်ပြောရဲပါ့မလဲ။ နောက်တစ်ကြိမ်အရိုက်ခံရရင်ရော သူ ငရဲပြည်ပြန်ဖို့ အသက်ရှင်ဖို့တော့ လိုသေးတယ်လေ။ လက်ရှိ အခြေအနေကို နားလည်တတ်သူကသာ တကယ့် ပညာရှိဖြစ်သည်လေ..'


သရဲကားဆရာက ချက်ချင်းပင် ဆိုလိုက်သည်။


"အထင်လွဲသွားတာဆိုတော့လည်း ကျွန်တော် မင်းတို့ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး"


သူက ကိုးရို့ကားရားရယ်မောလိုက်ပြီး ဆက်ပြောသည်။


"ဒါဆိုရင် ကျွန်တော်လည်း ကျွန်တော့်ရန်သူတွေကို ဆက်ရှာရဦးမယ်..."


" ခဏလေး"


ယိရွှယ်က သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။ ကားဆရာမှာ နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာဒဏ်ရာကြောင့် ငိုချမတတ်ဖြစ်နေလေ၏။


သူ လှည့်ကြည့်ရင်း "တာအိုဆရာမလေးရယ်... ကျွန်တော် တကယ်ပဲ မနှောင့်ယှက်တော့ပါဘူး..."


"ဘာတွေ ပြောနေတာလဲ" ယိရွှယ်က နားမလည်သလို မေးလိုက်သည်။


"ကျွန်မတို့ကို ပြန်ပို့ပေးပါဦး ပြီးရင် ရှင်သွားလို့ရပါပြီ"


လက်ရှိအချိန်တွင်တော့ အခြားကားတစ်စီးမျှ ရနိုင်စရာ အကြောင်းမရှိပေ။ ကားဆရာမှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးစိတ်သက်သာရာရသွားမိသည်။


"ဒီလောက်ပဲလား။စောစောက ပြောရမှာပေါ့"


ယဉ်ကျေးမှုရင်ပြင်သို့ ရောက်သောအခါ ပိုင်လုက သူ့ကိုလက်ပြနှုတ်ဆက်လိုက်သည်။


"သွားပြီနော်!"


ကားဆရာက "ကောင်းပါပြီ သွားကြတော့" ဟု ပြန်ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ "တစ်သက်လုံး ပြန်မဆုံပါစေနဲ့" ဟုသာ ဆုတောင်းနေမိသည်။