Chapter ( 18 )
ရွမ်ကျန်းကျောင်းတော်သို့ သူတို့ ပြန်ရောက်သောအခါ အချိန်မှာ နံနက် (၂) နာရီ ရှိနေပြီဖြစ်သည်။
ဆရာတော်ပိုင်က အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့အတွက် မီးအိမ်လေးတစ်လုံးတော့ ထွန်းပေးထားခဲ့၏။
ယိရွှယ်သည် ရှုကျိုးနှင့် ပိုင်လုကို နှုတ်ဆက်ပြီးနောက် သူမ၏ အခန်းသို့ ပြန်ကာ အနားယူလိုက်တော့သည်။
နောက်တစ်နေ့ နံနက်တွင် သူမ၏ ဆရာသခင် ရေးထားသော မှတ်စုအချို့ကို ဖတ်ရှုနေစဉ် ပိုင်လု အပြေးအလွှား ရောက်ရှိလာခဲ့၏။သူ အလျင်အမြန် ဝင်လာသော်လည်း တံခါးခေါက်ရန် မမေ့ခဲ့ပေ။
"ဒေါ်လေး......ဒေါ်လေး၊ ဒါကို ကြည့်ပါဦး!"
"ဘာလဲ?”
ယိရွှယ်က ရှုပ်ထွေးစွာ မေးလိုက်သည်။ သူမကြည့်ရန် ကိုင်းညွတ်လိုက်ရာ ပထမတွင် ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်သော်လည်း စာသားကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရသည်။
သတင်းထဲတွင် ဖော်ပြထားသည်မှာ မနေ့ညက နံနက် (၂) နာရီ (၃၀) မိနစ်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူများမှာ ယန်ဟုအမည်ရသော မိသားစုဝင်များဖြစ်ပြီး ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းတို့ ဖြစ်သည်။
ထို့အပြင် ယန်မိသားစုဝင်များမှာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသော ရာဇဝတ်သားများ ဖြစ်သည်ဟုဆိုသည်။
"ဒါ ဟိုမျက်စိမှုန်တဲ့ ကားဆရာရှာနေတဲ့ ကလဲ့စားချေရမယ့်သူတွေ ဖြစ်မယ်ထင်လား"
ပိုင်လုက မေးလိုက်ပြီး ယိရွှယ် မဖြေခင်မှာပင် သူက ဆက်ပြောပြန်သည်။
"ကျောင်းတော်ထဲကလူတွေဆီက ကြားတာတော့ သူတို့သေဆုံးသွားရတဲ့ အကြောင်းအရင်းက မတော်တဆကြောင့် မဟုတ်ဘူးတဲ့"
ယိရွှယ်က ပိုမိုသိလိုသည့်ဟန်ဖြင့် သူ့ကို ကြည့်နေသည်ကို သတိပြုမိသောအခါ ပိုင်လုက ပိုမိုနီးကပ်စွာ ကိုင်းညွတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"သူတို့က ကြောက်လန့်ပြီး သေသွားကြတာတဲ့။ မသေခင်မှာ ရဲကိုဖုန်းဆက်ပြီး ဝန်ခံသွားကြသေးတယ်... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူတို့မိသားစုတွေ ပူးပေါင်းပြီး ချမ်းသာတဲ့ ဆွေမျိုးတစ်ယောက်ကို ဒုက္ခပေးခဲ့ပြီး အမွေတွေကို ခိုးယူခဲ့ကြတဲ့အကြောင်းကို အသေးစိတ် ပြောပြသွားတာတဲ့"
ပိုင်လုက ကျောင်းတော်၏ အဖွဲ့လိုက် chat ကို ဖွင့်ပြရာ တာအိုဆရာတွေလည်း ထိုအကြောင်းကို ဖောက်သည်ချနေကြတာကို ယိရွှယ် တွေ့လိုက်ရသည်။
ယိရွှယ်သည် chat မှတ်တမ်းများကို ဖတ်ကြည့်ရင်း ဖြစ်ပျက်ခဲ့သမျှကို စုစည်းကြည့်လိုက်သည်။
ထိုချမ်းသာသောသူမှာ စိတ်နှလုံး ကောင်းမွန်သူဖြစ်ပြီး ဆင်းရဲသောဒေသများမှ ကျောင်းသားများစွာကို ထောက်ပံ့ခဲ့လေသည်။ ဆင်းရဲသော မိသားစုများကို ကူညီရန် ပရဟိတဖောင်ဒေးရှင်းပင် တည်ထောင်ခဲ့ပြီး ဘဝများစွာကို ပိုမို ကောင်းမွန်အောင် ပြောင်းလဲပေးခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က သူသည် စိတ်ရင်းစေတနာကောင်းဖြင့် သူ၏ ဆွေမျိုးများကို သူ၏ ဗီလာအိမ်ကြီးသို့ ခေါ်ယူထားခဲ့ပြီး သူ့ကုမ္ပဏီတွင် အလုပ်လုပ်ရန် ခွင့်ပြုခဲ့သည်။
သို့သော် ဤကြင်နာမှုသည် သိုးရေခြုံသော ဝံပုလွေများကို ဆွဲဆောင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။အဆုံးမှာတော့ ထိုသူများက သူ့ကို သတ်ဖြတ်ခဲ့ကြသည်။
ချမ်းသာသောထိုလူကို သတ်ပြီးနောက် သူတို့သည် ကျေးလက်ရွာများတွင် ပုန်းအောင်းကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
သူတို့ ဟိုင်ချန်းသို့ ရောက်လာရခြင်း အကြောင်းရင်းမှာ သရဲများက သူတို့ကို လိုက်လံရှာဖွေနေသည်ဟု ပြောဆိုသောကြောင့် ထွက်ပြေးရန် ကားမောင်းထွက်လာခြင်း ဖြစ်သည်။
ယခုတွင်တော့ အရာအားလုံး အေးချမ်းသွားပြီဖြစ်၍ ထိုချမ်းသာသောလူသည် သူ၏ ကလဲ့စားကို ချေနိုင်ခဲ့ပြီဖြစ်ကာ အေးချမ်းစွာ လူပြန်ဝင်စားနိုင်တော့မည် ဖြစ်သည်။
အချိန်တွေ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် တက္ကသိုလ်ဖွင့်ချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ပိုင်လုမှာ “ကျွန်တော့်ရဲ့ အစွမ်းထက်တဲ့ ဒေါ်လေးက အခုမှပထမနှစ်ကျောင်းသားပဲ” ဟူသော ခံစားချက်ကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။
ဆရာပိုင်သည် အလုပ်ကိစ္စများ ရှိနေသဖြင့် ပိုင်လုနှင့် ရှုကျိုးကို ယိရွှယ်နှင့်အတူ ကျောင်းကို လိုက်ပါပို့ဆောင်ခိုင်းလိုက်သည်။
ဟိုင်ချန်းတက္ကသိုလ်၏ အဝင်ပေါက်သို့ ရောက်သောအခါ ပိုင်လုက လွမ်းမောစွာ မှတ်ချက်ချလိုက်သည်။ "အခုတော့ ကျွန်တော် အဓိကတက္ကသိုလ်ရဲ့ တံခါးဝကို ရောက်ပြီလို့ ပြောနိုင်ပြီ”
ဤစကားကို ကြားသောအခါ ယိရွှယ်က သူမ၏ တူကို လှည့်ကြည့်လိုက်သည်။
ပိုင်လု : "အာ... ဒေါ်လေး မသိပါဘူး၊ ကျွန်တော်တောင် ဒီဟိုင်ချန်းတက္ကသိုလ်ကို တက်ခွင့်ရလုနီးပါး ဖြစ်ခဲ့သေးတာ"
"တတ်ခွင့်ရလုနီးပါး ဟုတ်လား"
ပိုင်လုက ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်
ရှုကျိုးက ရက်စက်စွာ ဖော်ကောင်လုပ်လိုက်တော့သည်။
"ဟုတ်တယ်... ဟိုင်ချန်းတက္ကသိုလ်ရဲ့ ဝင်ခွင့်အမှတ်က ၆၅၅၊ သူကတော့ တရုတ်စာမှာ ၆၅.၅မှတ် ရခဲ့တာ။ အဲ့ဒါကို တတ်ခွင့်လုနီးပါးလို့ ပြောနေတာလေ''
တရုတ်စာမေးပွဲ ကျရှုံးခဲ့ခြင်းသည် ပိုင်လု၏ ရင်ထဲက အနာဟောင်းတစ်ခု ဖြစ်သဖြင့် သူက ချက်ချင်းပင် ပေါက်ကွဲသွားတော့လေ၏။
"ရှစ်ရှုံး! အတိတ်က အမှားတွေကို ပြန်ပြောပြီး ကျွန်တော့်ကို မစော်ကားနဲ့လေဗျာ!"
ရှုကျိုးက ပျင်းရိစွာ ပြန်ဖြေလိုက်သည်။ “ဒါက လက်တွေ့ကျတယ်လို့ ခေါ်တယ်”
ယိရွှယ်မှာမရယ်ဘဲ မနေနိုင်တော့ပေ။ လမ်းတစ်လျှောက်တွင် ကျောင်းသားများမှာ ထူးထူးခြားခြား လှပလွန်းသော ယိရွှယ်ကိုသာ အကြည့်ရောက်နေကြသည်။
စာရင်းသွင်းပြီး အချက်အလက်များ ဖြည့်ပြီးနောက် ယိရွှယ်က ကျောင်းသားကောင်စီ စေတနာ့ဝန်ထမ်းတစ်ဦးအား အဆောင်ဘယ်မှာလဲဟု မေးပြီး ပိုင်လုနှင့် ရှုကျိုးတို့ကို တိုက်ရိုက် ဦးဆောင်ခေါ်သွားလိုက်သည်။
ကျောင်းဖွင့်စ ဖြစ်သောကြောင့် အဆောင်ဝန်ထမ်းများက အမျိုးသားကျောင်းသားများ အမျိုးသမီးဆောင်များသို့ ဝင်ရောက်ခြင်းကို ကန့်သတ်ခြင်း မပြုရသေးသဖြင့် သူတို့သည် ယိရွှယ်၏ ပစ္စည်းများကို အလွယ်တကူ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
ယိရွှယ်သည် လေးယောက်ခန်း အဆောင်တွင် နေပြီး သူမမှလွဲ၍ သူမ၏ အခန်းဖော် နှစ်ဦး ရောက်နှင့်နေပြီး ဖြစ်သည်။
ယိရွှယ်သည် သူမ၏ စားပွဲကို ကိုယ်တိုင် သန့်ရှင်းရန် ရည်ရွယ်ခဲ့သော်လည်း ရှုကျိုးနှင့် အခြားသူများက သူမကို တားဆီးခဲ့ကြသည်။ ပိုင်လုပင် ယိရွှယ်ကို အိမ်လို ခံစားချက်မျိုးရဖို့သေချာစေရန် သူမ၏ အိပ်ရာကို ပြင်ပေးရန်အတွက် စေတနာ့ဝန်ထမ်း လုပ်ပေးခဲ့သည်။
သူမ၏အခန်းဖော် တစ်ဦးဖြစ်သော ကောင်းလန်က မှတ်ချက်ပေးလိုက်သည်။
"ယိရွှယ်... နင့်အစ်ကိုတွေက နင့်အပေါ် သိပ်ကောင်းတာပဲ! ငါ့ရဲ့ အစ်ကိုတွေလို မဟုတ်ဘူး၊ ပန်းကန်လေးဆေးခိုင်းရင်တောင် Noဆိုတာချည်းပဲ''
ယိရွှယ်က ပြုံးလိုက်ပြီး "သူတို့က ငါ့အစ်ကိုတွေ
မဟုတ်ပါဘူး"
ကောင်းလန် ရှုပ်ထွေးသွားမိသည်။ ထိုမျှ စဉ်းစားပေးမှုမျိုးသည် မိသားစုမဟုတ်သူထံမှ လာနိုင်မည် မဟုတ်ပေ။ ထို့နောက် သူမသည် ယိရွှယ်ထံမှ“သူတို့က ငါ့ရဲ့ တူတွေ” ဟု ပြောတာကို ကြားလိုက်ရလေ၏။
ယိရွှယ်၏ စိတ်ထဲတွင်မူ “တူ” နှင့် “အစ်ကို” အကြား ကြီးမားသော ကွာခြားချက် မရှိဟု ကောက်ချက်ချလိုက်သည်။
သို့သော် ကောင်းလန်မှာ "ဝါး... နင့်ရဲ့ အဆင့်အတန်းက တော်တော်မြင့်တာပဲ!" ဟု အံ့သြတကြီး အော်ဟစ်လိုက်တော့လေ၏။
ယိရွှယ်က ပြုံးလိုက်ပြီး " သာမာန်ပါပဲ "
ခဏကြာပြီးနောက်တွင် သူတို့သည် စောင်များကို နေလှန်းရန်အတွက် ဝရန်တာသို့ ယူဆောင်လာခဲ့သည်။
ကောင်းလန်သည် သူမ၏စောင်ကို လက်ရန်းပေါ်သို့ ပစ်တင်ရန် ရုန်းကန်နေရပြီး ယိရွှယ်မှာမူ ပေါ့ပေါ့ပါးပါး ဖြစ်နေသည်ကို မြင်ရသောအခါ မနာလိုစိတ်လေး ဖြစ်ပေါ်လာမိသည်။
သူမ၏ အလုပ်ပြီးစီးပြီးနောက် ယိရွှယ်က သူတို့ကို ကူညီပေးလိုက်သည်။
ကောင်းလန်က ယိရွှယ်ကို ပြုံးပြပြီး တစ်ခုခု ပြောတော့မည်အပြု တစ်ဖက်သိပ္ပံအဆောက်အုံတွင် အနီရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။
သူမ၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်သွားကာ အံ့ဩတကြီး အော်လိုက်မိသည်။
“ဘာလို့ အဲဒီမှာ အနီရောင်ဝတ်ထားတဲ့လူ ရှိနေတာလဲ?”
ကျောင်းမဖွင့်ခင်ကတည်းက အကြီးတန်းကျောင်းသားများက အဆောက်အအုံ ၄၀၄ သည် ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေသည့် အန္တရာယ်ရှိသော အဆောက်အအုံဖြစ်ကြောင်း သတိပေးခဲ့ပြီး ၎င်း၏အနီးသို့ မသွားရန် အကြံပေးခဲ့သည်။
ထို့ကြောင့် ထိုအဆောက်အအုံတွင် မည်သည့်ပုံရိပ်မျှ မရှိသင့်ပဲ အနီရောင်ကဲ့သို့ ထိရှလွယ်သော အရောင်မျိုးဆိုလျှင် ပို၍ပင် မရှိသင့်ပေ။
ချက်ချင်းပင် ကောင်းလန် ကြည့်ဖူးခဲ့သည့် သရဲပုံပြင်များမှ မြင်ကွင်းများမှာ စိတ်ထဲတွင် လျှပ်တစ်ပြက်ပေါ်လာပြီး သူမ၏မျက်နှာမှာ ပိုပြီးဖြူဖတ်ဖြူရော် ဖြစ်လာခဲ့သည်။
အခြားအခန်းဖော်တစ်ဦးဖြစ်သည့် ဝေ့ခိုင်နင်က သူမ၏အကြည့်သို့ လိုက်ကြည့်သော်လည်း မည်သည့်အရာမျှ မမြင်ရပေ။
“အဲဒီမှာ ဘာမှ မရှိပါဘူး။ နင် မှားမြင်တာလား?”
ရှုကျိုးနှင့် ပိုင်လုတို့လည်း အုတ်အော်သောင်းနင်း အသံကို ကြားသောအခါ သူတို့လည်း လျှောက်လာကြသည်။
ဝေ့ခိုင်နင်၏ စကားများက ကောင်းလန်ကို သူမကိုယ်သူမ သံသယဝင်စေခဲ့သည်။
သူမက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ “ဒါပေမယ့် ငါ အနီရောင်ဝတ်ထားတဲ့ မိန်းမတစ်ယောက်ကို မြင်ခဲ့တာ... ယိရွှယ်၊ နင်ရော ခုနက မြင်ခဲ့လား?”
သူမ၏ အခန်းဖော်၏ စိုးရိမ်တကြီး အကြည့်ကို ရင်ဆိုင်ရင်း ယိရွှယ်က ထိုဘက်သို့ ပူးပေါင်းပါဝင်စွာ ကြည့်လိုက်ပြီး ကျောင်းဆောင်၏ အပေါ်ဆုံးထပ်တွင် လွင့်ပျံနေသော အနီရောင်ဝတ်သရဲမကို လျစ်လျူရှုလိုက်ကာ အခန်းဖော်ကို စိတ်အေးစေရန် စေတနာဖြင့် လိမ်ညာစကား ဆိုလိုက်သည်။
"ငါ ဘာမှ မတွေ့ပါဘူး"
ယိရွှယ်သည် လိမ်ညာမှုလေးများကို ပြောဆိုရာတွင် တော်တော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။
သူမ၏စိတ်ထဲတွင် "ဝါး... မြို့ကြီးပြကြီးက တက္ကသိုလ်မှာတောင် သရဲတွေ ရှိတာပဲ" ဟု တွေးနေသော်လည်း သူမ၏ မျက်နှာမှာတော့ တည်ငြိမ်နေဆဲဖြစ်ကာ သူမ၏ အခန်းဖော်ကို စိတ်ချစေရန် ပြုံးပြလိုက်သည်။
ယိရွှယ်၏ နူးညံ့သောအသံကို ကြားသောအခါ ကောင်းလန်က တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
သူမက အဆောက်အအုံ ၄၀၄ ကို ပြန်ကြည့်လိုက်ရာ အမှန်တကယ်ပင် ဘာမှမရှိသည်ကို တွေ့ရသည်။သူမ အစောပိုင်းက ခံစားခဲ့ရသည့်
ကြောက်ရွံ့မှု ပျောက်ကွယ်သွားပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ငါမှားမြင်တာ ဖြစ်မယ်”
ထိုနောက် နှစ်ဦးသား လှည့်ပြီး အဆောင်သို့ ပြန်သွားကြသည်။