Chapter ( 19 )
ပိုင်လုနှင့် ရှုကျိုးတို့လည်း ကြည့်လိုက်ရာ တစ်ဖက်ရှိ သရဲပုံရိပ်ကို မြင်လိုက်ရသည်။
ပိုင်လုက “ဘာလဲဟ နောက်ထပ် သရဲတစ်ကောင်!” ဟု တွေးလိုက်မိသည်။
ဤသို့ စဉ်းစားရင်း သူသည် တစ်ဖက်ရှိ ပုံရိပ်ကို ထပ်ကြည့်လိုက်ပြီးနောက် ယိရွှယ်ကို ပြန်ကြည့်လိုက်ရာ ရုတ်တရက် တစ်ခုခုကို နားလည်သွားပုံရပြီး အာပြဲကြီးဖြင့် ပြောလိုက်လေသည်။
“ဒါဆို ဒေါ်လေးက ဒဏ္ဍာရီလာကိုနန် ပေါ့!”
ယိရွှယ် : "..."
''တကယ်ပါပဲ၊ သူတို့ကို သုံးရက်လောက်
မကြိမ်းမောင်းလိုက်တာနဲ့ အိမ်ကိုတောင် သိမ်းပိုက်တော့မယ့် အတိုင်းပဲဟေ့"
..........
ယိရွှယ်သည် အိပ်ရာပေါ်တွင် ခေါင်းအုံးကို တင်လိုက်ရင်း မျက်နှာချင်းဆိုင်က အဆောက်အအုံကို တစ်ချက် ထပ်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် သိပ္ပံဆောင်ပေါ်က အနီရောင်ရုပ်သွင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သရဲပုံပြင်တွေထဲမှာတော့ အနီရောင်ဝတ် သရဲမတွေကို အကြမ်းဆုံးလို့ ဖော်ပြလေ့ရှိကြသော်လည်း လက်တွေ့မှာတော့ ထိုသို့မဟုတ်ပေ။
အနီရောင်ဝတ်သရဲသည် ရန်ငြိုးကြီးသော ဝိညာဉ်မျှသာဖြစ်ပြီး၊ အပြာရောင်ဝတ်ထားသည့် ဝိညာဉ်များကသာ အမှန်တကယ် ယုတ်မာရက်စက်ပြီး ကြောက်စရာကောင်းခြင်း ဖြစ်သည်။
အနီရောင်ဝတ်သရဲများသည် အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသဖြင့် လူတိုင်းကို လိုက်မသတ်တတ်သော်လည်း အပြာရောင်ဝတ်သရဲ သွားလေရာတွင်မူ ဘာမှကျန်ရစ်လေ့မရှိဟု ဆိုကြသည်။
ယိရွှယ်၏ ကလေးဘဝက "တောင်ဟွာသရဲ" ဆိုသည့် ရုပ်ရှင်ကားတစ်ကားကို ထိုအယူအဆပေါ် အခြေခံပြီး ရိုက်ကူးခဲ့ရာ ယိရွှယ်၏ ကလေးဘဝတွင် အမှတ်ရစရာများစွာ ကျန်ရစ်စေခဲ့သည်။
ကလေးဘဝက ထိုရုပ်ရှင်ကို ကြည့်ပြီးနောက် သူမ တစ်ညလုံး အိပ်မပျော်ဘဲ သူမ၏ဆရာသခင်ကို ဘေးနားမှာ အတင်းအကြပ် စောင့်ခိုင်းခဲ့ဖူး၏။
အရွယ်ရောက်လာပြီး ထိုဇာတ်ကောင်မှာ အစစ် အမှန်မဟုတ်မှန်း သိသွားသော်လည်း သူမကတော့ ကြောက်ရွံ့နေဆဲဖြစ်ရာ ယိယန်ယွမ်ကပင် သူမကို ကြည့်ပြီး ခဏခဏရယ်မောခဲ့ရသည်။
ယိရွှယ်၏ အမြင်မှာတော့ သရဲရုပ်ရှင်တွေက အစစ်ထက် ပိုကြောက်စရာကောင်းနေဆဲ ဖြစ်သည်။ သရဲစစ်ကိုတော့ ချပစ်လို့ရသော်လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်ကိုတော့ လက်သီးနဲ့ သွားထိုးလို့ မရသည် မဟုတ်ပါလား။
အခန်းဖော်များ အာရုံလွဲနေချိန်ကို အခွင့်ကောင်းယူပြီး သူမက ရှုကျိုး နှင့် ပိုင်လု တို့ကို တိုးတိုးလေး ပြောလိုက်သည်။
"မမှောင်သွားခင် ဟိုဘက်က အဆောက်အအုံကို သွားကြည့်ဖို့ ငါ စီစဉ်ထားတယ်"
ရှုကျိုးကလည်း ထိုအတိုင်း စိတ်ကူးရှိနေသဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူတို့အဖွဲ့သည် သိပ္ပံဆောင်ထဲသို့ ခိုးဝင်ရန် နည်းလမ်းများကို တိတ်တဆိတ် ကြံစည်ခဲ့ကြသော်လည်း၊ ထိုနေရာသို့ ရောက်သွားသောအခါမှ သူတို့၏ အစီအစဉ်များမှာ မလိုအပ်ကြောင်း သိလိုက်ရသည်။
အဆောင် ၄၀၄ ထဲမှာ ဘယ်သူမှ မရှိပေ။ လူမရှိရုံသာမက အနီရောင်ဝတ်သရဲမကိုလည်း ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။ ကောလာဟလတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ထိုနေရာသည် ဟောင်းနွမ်းပျက်စီးနေသည့် အဆောက်အအုံနှင့် လုံးဝမတူဘဲ၊ အတွင်းတွင် ပစ္စည်းကိရိယာ အသစ်စက်စက်တွေရှိသည့် အသစ်ဆောက်ထားသော အဆောက်အအုံနှင့်သာ တူနေခဲ့သည်။
ဝိညာဉ်များ ဖြတ်သန်းသွားလာတတ်သည့် နေရာများတွင် ရှိတတ်သော အေးစိမ့်စိမ့် အငွေ့အသက်မျိုး အနည်းငယ် ရှိနေသော်လည်း အနီရောင်ဝတ်သရဲမ၏ အရိပ်အယောင်တော့ မတွေ့ရပေ။ ယိရွှယ်၏ မကောင်းဆိုးဝါး နှိမ်နင်းရေးဓားကလည်း ဘာတုံ့ပြန်မှုမှ မပြခဲ့ပေ။
"၄၀၄ တဲ့လား..."
ပိုင်လုက အေးစိမ့်မှုကို ခံစားရသဖြင့် သူ၏လက်မောင်းကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
"ဒီနာမည်ကို ဘယ်သူ ပေးထားတာလဲ မသိဘူး"
ရှုကျိုးက ရှင်းပြလိုက်၏။
"အချို့နေရာတွေကို ဆောက်လုပ်တဲ့နေ့စွဲကို အစွဲပြုပြီး အမည်ပေးတတ်ကြတယ်။ ဒါပေမဲ့"
သူက အဆောက်အအုံကို စစ်ဆေးရင်း စကားကို ခေတ္တရပ်လိုက်သည်။
"ဒီနေရာရဲ့ ဖုန်းရွှေကတော့ တကယ်ကို ညံ့ဖျင်းတယ်"
ယိရွှယ်က သတိပေးလိုက်သည်။ "မှောင်တော့မယ်၊ သွားကြရအောင်"
တက္ကသိုလ်တွေက ပြင်ပလူများကို ညအိပ်ခွင့်မပြုသဖြင့် သူတို့ စူးစမ်းချင်နေသော်လည်း ပြန်ကြရမည်ဖြစ်သည်။ မထွက်ခွာမီ ယိရွှယ်က အဆောက်အအုံ၏ ထောင့်အချို့တွင် မန္တန်အင်းပြားအချို့ကို ကပ်ထားခဲ့သည်။
အကယ်၍ သရဲထပ်ပေါ်လာပါက ထိုအင်းပြားများမှာ ပြာအဖြစ် လောင်ကျွမ်းသွားမည်ဖြစ်ရာ သူမကို အချက်ပေးလိမ့်မည် ဖြစ်သည်။ မျှော်လင့်မထားဘဲ သိပ္ပံဆောင်ထဲသို့ ဘယ်သူမှ မသိအောင် ခိုးဝင်နိုင်ခဲ့သော်လည်း၊ အပြန်လမ်းတွင်မူ လုံခြုံရေးဝန်ထမ်းနှင့် တိုးတော့၏။
အကြောင်းရင်းမှာ အန္တရာယ်ရှိသော လက်နက်များ သယ်ဆောင် လာသောကြောင့် ဖြစ်သည်။
ယိရွှယ်သည် မကောင်းဆိုးဝါးနှိမ်နင်းရေးဓားကို လွယ်အိတ်ထဲ ပြန်ထည့်ရန် ပြင်ဆင်နေစဉ်မှာပင် ကျောင်းလုံခြုံရေးက မြင်သွားခြင်း ဖြစ်သည်။
လုံခြုံရေးဝန်ထမ်းက ဓာတ်မီးဖြင့် ထိုးကြည့်ကာ သူတို့ကို ရပ်ခိုင်းပြီး ဘာကြောင့် လက်နက်ကိုင်ထားရသလဲဟု စစ်မေးလေ၏။
ယိရွှယ်အတွက်တော့ ယခုလို ထူးထူးဆန်းဆန်း အကြောင်းပြချက်မျိုးဖြင့် လူကြီးတစ်ယောက်၏ ဆူပူမှုကို ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
လုံခြုံရေးဝန်ထမ်းသည် အစပိုင်းတွင် သူတို့ကို ဆက်ပြီး ငေါက်ငမ်းရန် ရည်ရွယ်ထားသော်လည်း ယိရွှယ်ကို သေချာကြည့်လိုက်သောအခါ သူမမှာ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းကာ အပြစ်ကင်းစင်သည့် ပုံစံရှိသဖြင့် ပြဿနာရှာမည့် အမျိုးအစား မဟုတ်မှန်း သိသွားခဲါသည်။
ထို့ကြောင့် သူက လေသံလျှော့ကာ ဓားကို အပ်ရန် ပြောလိုက်၏။ ယိရွှယ်ကလည်း လိမ္မာပါးနပ်စွာဖြင့် အပ်လိုက်ရင်း ရှင်းပြသည်။
"ဒါက လက်နက်မဟုတ်ပါဘူး ဦးလေးရဲ့။ ဒီဓားကို ကျောက်စိမ်းနဲ့ လုပ်ထားတာပါ"
ထိုလူမယုံမှာစိုးသဖြင့် သူမက ဓားကို အိမ်ထဲမှ ထုတ်ပြပြီး အစစ်ဆေးခံလိုက်၏။ ဤဓားသည် မကောင်းဆိုးဝါးများကိုသာ အန္တရာယ်ပြုနိုင်သဖြင့် သာမန်လူတွေအတွက်တော့ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတစ်ခုလိုသာ ဖြစ်နေပေသည်။
လုံခြုံရေးဝန်ထမ်းက ဘာပြောရမှန်းမသိဘဲ သက်ပြင်းချလိုက်သည်။
"ဘာလို့ ကျောက်စိမ်းဓားကြီးကို ဒီတိုင်းလျှောက်သယ်နေတာလဲ။ ငါကတော့ အန္တရာယ်ရှိတဲ့သူတွေ ထင်နေတာ!"
ယိရွှယ်က သူမ၏ ကျောင်းသားကတ်ကို ထုတ်ပြီး သူမကိုယ်သူမ သက်သေမပြနိုင်ပါက ထိုလုံခြုံရေးဝန်ထမ်းက ရဲကို ဖုန်းဆက်တော့မည့် အနေအထား ဖြစ်နေလေသည်။
ယိရွှယ်လည်း ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။ သူတို့ကို သရဲလိုက်ဖမ်းနေတာပါလို့တော့ သွားပြော၍ မရပေ။ ထိုသို့ပြောလိုက်ပါက သူတို့ သရဲဖမ်းရမည့်အစား အရူးထောင်ကိုပဲ ရောက်သွားပေလိမ့်မည်။
ခဏလောက် စဉ်းစားပြီးနောက် သူမ ပြောလိုက်သည်မှာ... "ဟို... ကျွန်မ Cosplayလုပ်နေတာလို့ပဲပြောရမှာပေါ့ ဦးလေးရယ်"
လုံခြုံရေးဝန်ထမ်း: "???"
အန္တရာယ်ရှိသော ပစ္စည်းများ မပါဝင်မှန်း စိတ်ချသွားသောအခါ လုံခြုံရေးဝန်ထမ်းက... "ဒီဘက်ခေတ် ကလေးတွေနှယ်..." ဟု ရေရွတ်ရင်း သူတို့ကို လွှတ်လိုက်တော့သည်။
ယိရွှယ် : "..."
(ဦးလေးက Cosplayအကြောင်းတောင် သိတာလား။ တော်တော် ခေတ်မီတာပဲ။)
ယိရွှယ်သည် ကျောင်းဂိတ်ဝအထိ သူတို့နှစ်ဦးကို လိုက်ပို့ပေးခဲ့သည်။ ကားစောင့်နေစဉ်မှာပင် ပိုင်လုက တစ်သက်လုံး ခွဲခွာရတော့မည့် အတိုင်း အလွန်အမင်းဒရာမာတွေ ခင်းနေတော့သည်။
"ဒေါ်လေး! ဒေါ်လေးမရှိဘဲ ကျွန်တော် ဘယ်လို ရှင်သန်ရမလဲ။ ဒေါ်လေးရယ် ကျွန်တော်......အော် နေဦး၊ ဇာတ်ညွှန်း မှားသွားလို့"
သူက ချက်ချင်း ပြန်ပြင်လိုက်ကာ ဆက်ပြီး ပြောနေပြန်သည်။ "ဒေါ်လေးမရှိဘဲ ကျွန်တော် ဘယ်လိုနေရမှာလဲ"
ရှုကျိုးကတော့ ဘေးနားကလူတွေ စူးစမ်းစွာလှမ်းကြည့်နေတာကို သတိပြုမိသဖြင့် သူနှင့် မသိသလို ဟန်ဆောင်ကာ ခပ်ဝေးဝေးသို့ တဖြည်းဖြည်း ရွှေ့သွားတော့သည်။
ယိရွှယ်ကတော့ တည်တည်တံ့တံ့နှင့်ပင် လိုက်လျောပေးလိုက်သည်။ "ငါလည်း နင့်ကို လွမ်းနေမှာပါ တူလေးရယ်။ အဲ့ဒါဆို ငါ ကျောင်းမတက်တော့ဘဲ နင်နဲ့အတူ ကျောင်းတော်ကိုပဲ ပြန်လိုက်ခဲ့ရမလား"
သူမက "တူလေး" ဟု မြောက်ပိုင်းလေသံဝဲဝဲဖြင့် ခေါ်လိုက်ပြီး ကျောင်းထွက်မည့်အကြောင်း ပြောလိုက်သောအခါ ပိုင်လုမှာ ဆွံ့အသွားရသည်။
သူက သူ့ကို ချိုချိုသာသာ ပြုံးပြနေသည့် ယိရွှယ်ကို ကြည့်လိုက်ပြီး ရုတ်တရက် သူ အေးစိမ့်သွားရသည်။ တကယ်လို့များ သူ့အဖေသာ သူ၏ ချစ်လှစွာသော ဒေါ်လေးကို ကျောင်းထွက်အောင် လုပ်ခဲ့မှန်း သိသွားပါက၊ သစ်သီးလှီးဓားဖြင့် သူ့နောက်ကို လိုက်သတ်မှာ သေချာပေသည်။
ထိုသို့ တွေးမိသည်နှင့် ပိုင်လုမှာ ကြောက်လန့်တကြားဖြင့် တက္ကစီပေါ်သို့ အမြန်ခုန်တက်လိုက်တော့သည်။
"နေကောင်းပါစေ ဒေါ်လေး၊ ဂွတ်နိုက်ပါ ! လိုက်မပို့နဲ့တော့နော်!"
တက္ကစီဆရာက သူတို့ပြောနေတာကို ကြားပြီးစပ်စုချင်သဖြင့် မေးလိုက်သည်။
"မင်းတို့က ဘာတွေလဲ။ ဘာလို့ တစ်ယောက်ကိုတစ်ယောက် ဒေါ်လေးတို့ တူလေးတို့ ခေါ်နေကြတာလဲ။ ရှောင်လင်ကျောင်းတော်ကလား။ အဲ့ဒီမှာ မိန်းကလေးတွေလည်း ရှိတာလား"
ပိုင်လုက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ "ဦးလေး... ကျွန်တော်တို့မှာ ဆံပင်ရှိပါတယ်။ ဘုန်းကြီးတွေ မဟုတ်ပါဘူး။ သိုင်းကားတွေ အကြည့်များသွားတာလား"
ပိုင်လုက ထပ်ပေါင်းပြောလိုက်သေးသည်။ "ကျွန်တော်တို့က တာအိုဆရာတွေ''
တက္ကစီဆရာမှာ အောင့်သက်သက်ရယ်မောလိုက်ရင်း ငြိမ်ကျသွားလေ၏။
'တာအိုဆရာတွေလား? ဝတ်စုံလည်း မပါဘဲနဲ့? ဒါက ဘယ်လိုဟာသလဲ'
ယိရွှယ်မှာ သူတို့ ပြောနေတာကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ နှုတ်ဆက်ပြီးနောက်တွင် ရှုကျိုးက ယိရွှယ်ကို အိတ်ငယ်လေးတစ်လုံး ကမ်းပေးလိုက်သည်။
"ဒေါ်လေး... ဒါကို ကျောင်းစဖွင့်တဲ့နှစ်အတွက် လက်ဆောင်အဖြစ် လက်ခံပေးပါ"
သူက ယိရွှယ်ကို အိတ်လေးပေးပြီးနောက် ကားပေါ်တက်ကာ ပြတင်းပေါက်မှ လက်ပြနှုတ်ဆက်လိုက်၏။
"လိုက်မပို့နဲ့တော့၊ အထဲကိုပဲ ပြန်တော့"
ယိရွှယ်လည်း သူတို့ကို လက်ပြန်ပြလိုက်ပြီး မကြာမီ ကားလေး မောင်းထွက်သွားတော့၏။
ယိရွှယ်က လက်ဆောင်ကို ဖွင့်ကြည့်လိုက်သောအခါ ထိုအထဲတွင် ဘဏ်ကတ်တစ်ခုနှင့် လျှို့ဝှက်နံပါတ် ရေးထားသည့် စာရွက်လေးတစ်ရွက် ပါရှိနေသည်ကို တွေ့လိုက်ရသည်။
ယိရွှယ်သည် တဖြည်းဖြည်း ဝေးကွာသွားသော ကားလေးကိုကြည့်ရင်း ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူမ ပြုံးလိုက်ပြီး ကျောင်းထဲသို့ ပြန်လှည့်ဝင်လာခဲ့၏။