Chapter 20
Viewers 54

Chapter ( 20 )

စာကြည့်ခန်းထဲတွင် ယုချီသည် ပေါင်ပုဇီကျမ်းကို ဖတ်ရှုနေသော်လည်း အပြင်ဘက်မှ ဆူညံသံများမှာ ပို၍ ကျယ်လောင်လာခဲ့သည်။


သူသည် ထိုအသံများကို လျစ်လျူရှုထားကာ သူ အလွတ်ရပြီးသားဖြစ်သော ထိုစာအုပ်ကိုသာ ဆက်လက် ဖတ်ရှုနေခဲ့သည်။


ရုတ်တရက် စာကြည့်ခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လူတစ်ယောက် ဒေါသတကြီး ပြေးဝင်လာတော့သည်။


သူ့၏ လက်ထောက်ဖြစ်သူက တောင်းပန်သော အမူအရာဖြင့်... "တောင်းပန်ပါတယ် သခင်ကြီး၊ ကျွန်တော်တို့ မစ္စယုကို တားလို့မရလိုက်ဘူး"


"မစ္စယု" ဆိုသည်မှာ ယုချီ၏အဒေါ်ဖြစ်ပြီး၊ သူမက သူ့ကို မကျေမနပ် စိုက်ကြည့်နေကာ မျက်ဝန်းထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။


သူမက အော်ဟစ်လိုက်သည်။ "ယုချီ နင် ဘယ်လိုဖြစ်ပြီး နင့်ဝမ်းကွဲကို ရဲစခန်းပို့လိုက်နိုင်ရတာလဲ။ သူက ကျင်းရှင်းကုမ္ပဏီမှာ အဆင်ပြေပြေ လုပ်နေတာပဲ။ ဘာလို့ သူ့ကိုရာထူးက ရပ်ဆိုင်းပစ်တာလဲ။ ငါ့ကိုရော ဘာလို့ ကြိုမပြောတာလဲ?!"


ယုချီသည် စာဖတ်နေတာကို ရပ်တန့်လိုက်၏။ သူသည် နှုတ်ခမ်းထောင့်က သွေးစများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ကာ ထို့နောက်မှ ယုကျူးကို မော့ကြည့်လိုက်သည်။


သူက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး တည်ငြိမ်စွာပင် "အဒေါ်... လူတွေသာ မသိရင် ယုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက အဒေါ်ပိုင်တယ်လို့ ထင်သွားတော့မှာပဲ"


တကယ်တော့ ယုချီ၏မိဘများက ဒီလုပ်ငန်းကို သုညကနေစကာ လုပ်ငန်းများကိုအောက်ခြေမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းများသည် သူ့ဘိုးဘွားစဉ်ဆက်နှင့် ဘာမှမသက်ဆိုင်ပေ။


တကယ်လို့ ယုကျူးက သူ့ဖခင်၏ညီမသာ မဟုတ်ခဲ့ပါက သူမသည် ဒါရိုက်တာအဖွဲ့နှင့် နီးစပ်ဖို့ပင် အရည်အချင်းရှိလိမ့်မည် မဟုတ်ပါ။


သို့သော်လည်း ယုချီ၏ ရောဂါအခြေအနေကြောင့် ရှာဖွေရခက်သော ဆေးဝါးများကို သုံးစွဲနေရသဖြင့် ယုကျူးသည် သူ့မိသားစု၏ ပိုင်ဆိုင်မှုများကို သူမကိုယ်ပိုင်အဖြစ် ကြာမြင့်စွာကပင် သဘောထားခဲ့သည်။


ထို့ကြောင့်ပင် သူမသည် သူမ၏သား ကျန်းဟယ်စုန့်ကို ယွီမိသားစု လုပ်ငန်းထဲတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။


သူမ၏အမြင်တွင် ယုမိသားစုသည် သူမပိုင်ဆိုင်သည်ဖြစ်ရာ သူမ၏သားသည် ကုမ္ပဏီတွင် ဘာလုပ်လုပ်ရသည်ဟု ယူဆထားလေသည်။


ယုကျူး၏မျက်လုံးများက အရောင်တောက်သွားပြီး ခက်ထန်သော လေသံဖြင့် "ဒါကြောင့် နင်က ရဲကိုတိုင်လိုက်တာပေါ့ ဟုတ်လား"


ယုချီက ပြန်ပက်လိုက်သည်။ "သူ ကုမ္ပဏီမှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ အဒေါ် သူ့ကိုပဲ ဘာလို့မမေးကြည့်တာလဲ"


ယုကျူးက နှာခေါင်းရှုံ့လိုက်ရင်း... "ယုမိသားစုနာမည်အောက်က ကုမ္ပဏီအသေးလေးတစ်ခုမှာပဲဟာ။ သူက ဘာပြဿနာတွေများ ဖန်တီးနိုင်မှာလဲ။ နင်က နင့်ဝမ်းကွဲကိုသည်းမခံနိုင်ဖြစ်နေတာ မဟုတ်လား။ နင့်မိဘတွေ ဆုံးပါးသွားတည်းက နင့်ကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်ခဲ့လဲဆိုတာ မမှတ်မိတော့ဘူးလား! ဘယ်သူက နင့်ကို ပြုစုပျိုးထောင်ပေးခဲ့တာလဲ?!"


"အမှန်တော့... ကလေးထိန်းပါ"


ယုချီက ချောင်းဟန့်ရင်း ပြန်ဖြေလိုက်သည်။ သူ၏ သန့်ရှင်းသော လက်ကိုင်ပုဝါတွင် ယခုအခါ သွေးစများ စွန်းထင်းနေပြီဖြစ်သည်။ သူက ဆက်ပြောလိုက်သည်။


"အဒေါ်ပြောတဲ့ 'စောင့်ရှောက်တယ်' ဆိုတာက ကျွန်တော့်မိဘတွေ အသုဘကာလတောင် မအေးသေးခင်မှာ အဒေါ်တို့လင်မယားနဲ့ ကလေးတွေပါ ယုအိမ်တော်ကို အတင်းပြောင်းလာပြီး ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာကို ဆိုလိုတာဆိုရင်တော့ ကျွန်တော်ကတော့ အဒေါ်တို့ကို ချီးကျူးနိုင်မှာ မဟုတ်ဘူး"


တကယ်လို့သာ ယုချီ၏ ဆရာသခင်သည် ဝိညာဉ်ရေးရာလောကတွင် နာမည်ကျော်ကြားသူ မဟုတ်ခဲ့ပါက၊ သို့မဟုတ် သူ ကူညီခဲ့ဖူးသူများက သူ့ကို ပြန်လည်မကြည့်ရှုခဲ့ပါက ထိုယာဉ်မတော်တဆမှုအပြီးတွင် ယုချီသည် ဝိုင်းအာဏာပြချင်နေကြသော ဆွေမျိုးသားချင်းများနှင့် မကောင်းဆိုးဝါးလို သူငယ်ချင်းများ၏ အရှင်လတ်လတ် ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။


"ဒါဆို နင်က ရှေ့နေကို ဟယ်စုန့်အတွက် အာမခံပေးခွင့် မပြုဘူးပေါ့လေ"


ယုကျူးက အေးစက်စွာ မေးလိုက်သည်။


ယုချီက အေးစက်စွာပင် "သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အဒေါ်ရဲ့သားကို သင်ခန်းစာပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး"


"နင်က သူတို့ပြောတာကိုပဲ ယုံနေတာလား။ ဟယ်စုန့်က ငါ့သားဖြစ်နေလို့ သူ့နား မကပ်နိုင်တဲ့ လူတွေက မနာလိုလို့ စွပ်စွဲနေတာလားဆိုတာ

ဘယ်သူသိနိုင်မှာလဲ..."


ယုချီသည် သူမ၏ ညစ်ညမ်းသော စကားများကို ဆက်မကြားချင်တော့သဖြင့် သက်တော်စောင့်အား သူမကို အပြင်ကို ခေါ်ထုတ်သွား ခိုင်းလိုက်သည်။


ထိုအခါ ယုကျူး၏စကားများမှာ ပြတ်တောက်သွားဪပြီး အရပ်ရှည်ရှည် သန်သန်မာမာ သက်တော်စောင့်၏ အတင်းအဓမ္မ ခေါ်ထုတ်ခြင်းကို ခံလိုက်ရသည်။


သို့သော် သူမ ထွက်သွားစဉ်မှာပင် ကျိန်ဆဲနေခဲ့ သေးလသည်။


"ယုချီ! နင် ငါ့ကို ဒီလိုဆက်ဆံရင် နင်သေမယ့်နေ့ကိုသာ စောင့်နေလိုက်! မရဏလောကရောက်ရင်

နင့်မိဘတွေကို နင် ဘယ်လိုမျက်နှာပြမလဲ ငါကြည့်ချင်သေးတယ်!"


"အဲ့လိုလား"


ယုချီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သည်။


"တကယ်လို့ အဲ့ဒီနေ့ ရောက်လာခဲ့ရင် အဒေါ်က သတိရကြောင်း ပြောခိုင်းတယ်လို့ ကျွန်တော် သေချာပေါက် ပြောပေးပါ့မယ်"


အပြင်ဘက်မှာ ချက်ချင်း ငြိမ်သက်သွားလေ၏။


ယုချီက မျက်လွှာချလိုက်ပြီး အနည်းငယ် ပြုံးလိုက်ကာ သူ့လက်ချောင်းများကြားက သွေးစများကို ကြည့်ပြီး တစ်ရှူးဖြင့် ဖြည်းညှင်းစွာ သုတ်လိုက်သည်။


သူ့လက်ထောက်ဖြစ်သူက သူ့၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်ကာ စိုးရိမ်တကြီး ခေါ်လိုက်၏။


''သခင်ကြီး..."


ယုချီက ခေါင်းယမ်းပြလိုက်ပြီး... "အခုတော့ အပြင်ထွက်သွားပေးပါ၊ ငါ ခဏလောက် တစ်ယောက်တည်း နေချင်လို့ပါ"


ပတ်ဝန်းကျင်က တိုးတိုးလေး ထွက်ပေါ်နေသော သရဲတစ္ဆေများ၏ အသံကို နားထောင်ရင်း၊ သူ့စိတ်ကို တည်ငြိမ်စေရန် ကျမ်းစာများကို ဆက်ဖတ်နေမိသည်။


သို့သော် နောက်စာမျက်နှာကို လှန်လိုက်သောအခါ ရုတ်တရက် သူ အတွေးများထဲနစ်မြောသွားလေသည်။


သူသည် ထိုညက အမှောင်ထုကိုခွင်းပြီး ထွက်ပေါ်လာခဲ့သော သန့်ရှင်းကြည်လင်သည့် မိန်းကလေးအသံကို ပြန်လည်အမှတ်ရမိသည်။


ထိုအသံက အလွန်ဝေးကွာနေသကဲ့သို့ ခံစားရပြီး၊ ထိုအချိန်ကစ၍ သူမ၏အသံကို သူထပ်မကြားရတော့ပေ။


ထိုကြောင့် ယုချီသည် သူ တကယ်ပဲ ထိုကဲ့သို့ တက်ကြွပြီး အင်အားပါသောအသံကို အမှန်တကယ် ကြားခဲ့ရသလားဆိုတာကိုပင် သံသယဝင်လာမိသည်။


'ဒါဟာ သူ မက်ခဲ့တဲ့ အိပ်မက်တစ်ခုပဲ ဖြစ်နိုင်ပါတယ်လေ'


..........


ယနေ့သည် သောကြာနေ့ နေ့လယ်ပိုင်းဖြစ်ပြီး အတန်းမရှိသဖြင့် ယိရွှယ်သည် ကျောပိုးအိတ်ကိုလွယ်ကာ အခန်းဖော်များကို နှုတ်ဆက်ပြီး တာအိုကျောင်းတော်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။


လက်ရှိအချိန်အထိ သူတို့အဆောင်မှာ သုံးယောက်သာ ရှိသေးလေသည်။ စစ်ရေးလေ့ကျင့်မှုကာလတွင်ပင် ကျန်အခန်းဖော်တစ်ဦးက ရောက်မလာသေးပေ။


ကျောင်းအတိုင်ပင်ခံဆရာကတော့ ထိုကျောင်းသူ၏အိမ်တွင် ပြဿနာအချို့ရှိနေသဖြင့် လောလောဆယ် အတန်းမတက်နိုင်သေးကြောင်း ပြောပြခဲ့သည်။


ယိရွှယ် အဆောင်က ထွက်လာသည်နှင့် သူမ၏ ဖုန်းမြည်လာ၏။ ထုတ်ကြည့်လိုက်သောအခါ လုရွှယ်ကျန်း ဖြစ်နေခဲ့သည်။


လုရွှယ်ကျန်း ကျောင်းတော်သို့ အမွှေးတိုင်လာထွန်းပြီးနောက်တွင် ယိရွှယ်နှင့် ဖုန်းနံပါတ်ချင်း လဲလှယ်ထားခဲ့ခြင်း ဖြစ်သည်။သူက အစပိုင်းတွင် သူမကို WeChat မှာ add ချင်ခဲ့သော်လည်း သူမက ငြင်းဆိုခဲ့သည်။ ထိုစဉ်က လုရွှယ်ကျန်းမှာ အလွန်အံ့အားသင့်သွားပြီး... "ဒါဟာ ဆရာကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးလား" ဟုပင် အော်ဟစ်ခဲ့သေးသည်။


ဘာဟန်ပန်လဲ? သူမ၏ဖုန်းသည် ခေတ်နောက်ကျနေပြီး မည်သည့် storage မှ မကျန်တော့ခြင်းသာ ဖြစ်သည်။


ယိရွှယ်သည် သူ၏ စိတ်ကူးယဉ်မှုကို မဖျက်ဆီးချင်တော့သဖြင့် ဘာမှမပြောခဲ့ပေ။ "တာအိုဆရာမ! အလုပ်ရှိတယ်ဗျ!" ဖုန်းကိုင်လိုက်သည်နှင့် လုရွှယ်ကျန်းက ပြောလိုက်သည်။


"ကျွန်တော့်အဖေ လုပ်နေတဲ့ ကုမ္ပဏီမှာ သရဲရှိနေပုံပဲ။ သူက တစ်ယောက်ယောက်ကို လာကြည့်ခိုင်းချင်နေတာ၊ အဲ့ဒါနဲ့ ကျွန်တော်က မင်းကို ချက်ချင်း သတိရသွားတာပဲ"


အလုပ်အကြောင်း ကြားလိုက်သည်နှင့် ယိရွှယ် စိတ်ဝင်စားသွားရသည်။


"ရှင် အတန်းဆင်းပြီလား။ အပြင်မှာတွေ့ပြီး စကားပြောရအောင်"


လုရွှယ်ကျန်းက အချိန်ကို စစ်ဆေးကြည့်လိုက်ပြီး... "ခဏနေရင်ဆင်းတော့မယ်။ သောကြာနေ့ဆို ၃ နာရီခွဲ အတန်းဆင်းတယ်။ ကျွန်တော် ရွမ်ကျန်းကျောင်းတော်ကို လာခဲ့ရမလား"


ယိရွှယ် : " မလိုပါဘူး၊ ဟိုင်ချန်းတက္ကသိုလ်ကိုပဲ လာခဲ့။ ကျောင်းရှေ့နားက နို့လက်ဖက်ရည်

(milk tea) ဆိုင်မှာ စောင့်နေမယ်"


"အာ?!"


လုရွှယ်ကျန်းမှာ ခဏတာ ဆွံ့အသွားပြီး သတိထားကာ မေးလိုက်သည်။


"တာအိုဆရာမက ဟိုင်ချန်းတက္ကသိုလ်မှာ သရဲဖမ်းနေတာလား"


ယိရွှယ်မှာ ဇဝေဇဝါ ဖြစ်သွားပြီး... "မဟုတ်ပါဘူး။ ကျွန်မဒီမှာ ကျောင်းတက်နေတာလေ"


လုရွှယ်ကျန်းမှာ ပို၍ပင် အံ့အားသင့်သွားတော့၏။ "နေဦး... တာအိုဆရာတွေက ကျောင်းတက်ရသေးတာလား။ ပြီးတော့ ဒါက တက္ကသိုလ် (Top university) ကြီးလေ။ အခုခေတ် ပြိုင်ဆိုင်မှုက ဒီလောက်တောင် ပြင်းထန်နေတာလား။ တာအိုဆရာတွေတောင် မလွတ်ဘူးလား"


ဟိုင်ချန်းတက္ကသိုလ်ဆိုသည်မှာ သူ၏ အိပ်မက်ကျောင်းတော် ဖြစ်သည်။ ဒီမိန်းမပျိုက သရဲနှင်တာတင် တော်တာမဟုတ်ဘဲ စာမှာလည်း ထိပ်တန်းကျောင်းသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပေ။


သူသည် ယိရွှယ်အပေါ် ပို၍ပင် ရိုသေလေးစားသွားကာ လေသံကို ပြောင်းလိုက်ပြီး "ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်!"

.

ဖုန်းချပြီးနောက် ယိရွှယ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲပင်။


'သူမ ကျောင်းတက်တာက အဲ့ဒီလောက်တောင် ထူးဆန်းနေလို့လား'


သူမ၏ ဆရာသခင် ပြောခဲ့ဖူးသည်မှာ... သူမသာ ကျင့်ကြံခြင်းလောကထဲမှာရှိခဲ့ပါက အမတတစ်ပါး ဖြစ်လာနိုင်သည့် ပါရမီရှင် ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။


လုရွှယ်ကျန်း၏ အထက်တန်းကျောင်းမှာ ဟိုင်ချန်းတက္ကသိုလ်နှင့် အလွန်နီးကပ်ပြီး ဘတ်စ်ကားမှတ်တိုင် နှစ်တိုင်သာ ဝေးလေသည်။


မကြာမီမှာပင် သူသည် ဟိုင်ချန်းတက္ကသိုလ်အနီးရှိ နို့လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာပြီး ပြတင်းပေါက်နားတွင် ထိုင်နေသော ယိရွှယ်ကို လှမ်းမြင်လိုက်ရသည်။


လုရွှယ်ကျန်းက တန်းပြေးသွားရင်း လှမ်းခေါ်လိုက်သည်။


"တာအိုဆရာမ"


ယိရွှယ်က သူ့ကို ထိုင်ရန် အချက်ပြလိုက်ပြီး... "တစ်ခုခု သောက်ဦးမလား" ဟု မေးလိုက်သည်။


လုရွှယ်ကျန်းက အနည်းငယ် အားနာသွားကာ..."တာအိုဆရာမက ကျွန်တော့်ကို တိုက်ဖို့ဆိုတာ မသင့်တော်ပါဘူး..."


ရွမ်ကျန်းကျောင်းတော်၏ ငွေရေးကြေးရေး အခြေအနေမှာ အလွန်ကျပ်တည်းနေသည်ကို သိထားသဖြင့် ယိရွှယ်ကို ပိုက်ဆံအကုန်အကျ မခံစေချင်ပေ။


''အိုး... ရပါတယ်၊ ဘာမှမဖြစ်ပါဘူး"


ယိရွှယ်က ပိုက်လေးကို ကစားရင်း ပြန်ဖြေလိုက်သည်။


"ဆိုင်ရှင်က တိုက်တာပါ"


"ဟမ်"


လုရွှယ်ကျန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရပြီး မကောင်းသော အငွေ့အသက်တစ်ခုကို ချက်ချင်း သတိထားမိသွားသည်။ သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ကြည့်ရင်း တိုးတိုးလေး မေးလိုက်၏။


"ဒီဆိုင်မှာ... 'ဟိုဟာ' တွေ ရှိနေလို့လား"


သူသည် ရုတ်တရက် ချမ်းစိမ့်မှုကို ခံစားလိုက်ရသဖြင့် လက်မောင်းကို ပွတ်သပ်ရင်း ငိုမဲ့မဲ့ဖြစ်နေလေပြီ။


"မထူးဆန်းတော့ပါဘူး... ဒါကြောင့် ဒီလောက်အေးနေတာကိုး။ ဒါ ယင် (Yin) စွမ်းအင်တွေ အရမ်းများနေလို့လားဟင်"


"... ရှင်ဘာတွေ လျှောက်တွေးနေတာလဲ"


ယိရွှယ်မှာ စကားပင် မဆိုနိုင်တော့ပေ။ "အဲကွန်းဖွင့်ထားလို့ အေးနေတာလေ"


"ဪ... အဲ့ဒါကြောင့်လား။ ... တော်သေးတာပေါ့ ဟီးဟီး"


လုရွှယ်ကျန်းမှာ အမှားလုပ်မိသွားသဖြင့် အူကြောင်ကြောင်နှင့် ကိုးရို့ကားရား ရယ်မောလိုက်သော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။


"ဒါပေမဲ့ ဆိုင်ရှင်က ဘာလို့ ဒီလောက် ရက်ရက်ရောရောနဲ့ မင်းကိုလက်ဖက်ရည် တိုက်ရတာလဲ"


ယိရွှယ်က ရှင်းပြလိုက်သည်။


"ကျွန်မ ဒီမှာ အချိန်ပိုင်းအလုပ် လုပ်နေတာလေ။ ဆိုင်ရှင်က နေ့တိုင်း နေ့လယ်ပိုင်းမှာ ဒီမှာ တစ်နာရီလောက် လာထိုင်ပေးရင် ယွမ် ၅၀ ပေးမယ်လို့ ပြောထားလို့"


တစ်နာရီကို ၅၀ နှုန်းဖြင့်ဆိုလျှင် ရက်အနည်းငယ်အတွင်းမှာပင် သူမ ယွမ်တစ်ထောင်နီးပါး ရရှိနေပြီ ဖြစ်သည်။