Ch 213
Viewers 33k

အခန်း(၂၁၃) - သူက တကယ့် ဝန်ထုပ်ဝန်ပိုးပဲ


နောက်တစ်နေ့တွင် ဖြစ်သည်။


ညီလာခံမတက်တာ တစ်လကျော်လောက်ကြာပြီဖြစ်သည့် စိစစ်ရေးအရာရှိကြီးဝူက ညီလာခံရောက်နေတာကို တွေ့လိုက်လေသည်။


လက်တစ်ဆုပ်စာလူတွေကသာ စိစစ်ရေးအရာရှိကြီးဝူ ညီလာခံတက်ရသည့် အကြောင်းအရင်းကို ခန့်မှန်းမိကြသည်။


မနေ့က စိစစ်ရေးအရာရှိကြီးဝူရဲ့ စံအိမ်ကို ရှောင်ဟန်ကျန့် သွားခဲ့သည့် သတင်းကို သူတို့ရခဲ့သည်။


ကြည့်ရတာ ဒီနေ့တော့ ပွဲကြီးပွဲကောင်း ကြည့်ရမည့် သဘော ရှိသည်။


တတိယမင်းသားက စိစစိရေးအရာရှိကြီးဝူကို ကြည့်ပြီး မကောင်းသည့် ခံစားချက်တွေ ရနေလေသည်။


ထင်သည့်အတိုင်း ဘုရင်ကြီး ကိစ္စတချို့ကို ဖြေရှင်းပြီးသည်နှင့် စိစစ်ရေးအရာရှိကြီးဝူက စကားပြောခဲ့လေသည်။


"အရှင်မင်းကြီး ကျွန်တော်မျိုး တင်ပြစရာ ရှိပါတယ် ဘုရား။"


စိစစ်ရေးအရာရှိကြီးဝူကို မြင်ပြီးနောက် ဘုရင်ကြီးက ခေါင်းကိုက်သွားခဲ့ပေမယ့် ခေါင်းငြိမ့်ပြခဲ့သည်။ "တင်ပြစေ။"


ရှောင်ဟန်ကျန့်က စိစစ်ရေးအရာရှိကြီးရဲ့ အဖျားကို ကုသပေးခဲ့တာကို သူသိပြီးပြီဖြစ်သည်။


ရှောင်ဟန်ကျန့်က သူ့ဇနီးကို အလွန်အမင်း ကာကွယ်ပေးသည်ဟုပင် သူ မနေ့ညက တွေးမိခဲ့သေးသည်။


ထို့ကြောင့် သူက ရှောင်ဟန်ကျန့်ကို ပိုအထင်ကြီးသွားပြီး အရေးကြီးသည့် ရာထူးကို ပိုပေးချင်ခဲ့သည်။


စိစစ်ရေးအရာရှိကြီးဝူက ရှေ့ထွက်မတ်တပ်ရပ်ပြီး ပြောခဲ့သည်။ "တတိယမင်းသားက သူ့ကြင်ယာတော်နဲ့ သူ့အစေခံတွေကို ကွပ်ကဲမှု လျော့နည်းခဲ့ပြီး မကောင်းတဲ့ လုပ်ရပ် လုပ်စေခဲ့တာကို သိလိုက်ရပါတယ်။"


ထို့နောက် သူက မနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြခဲ့သည်။ 


"ဒီကိစ္စသာ ပြည်သူတွေကြားထဲရောက်သွားရင် ဘယ်လိုထင်မြင်ကြမလဲ၊ အနာဂတ်မှာ လူတချို့က ကောင်းမွန်တဲ့ အရာတွေကို ရှာတွေ့ခဲ့ရင် လာဆက်သရဲပါဦးမလား၊ ဒီလိုလုပ်တာဟာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါတယ်၊ အရှင်မင်းကြီး သူတို့ကို  ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါဘုရား။"


တတိယမင်းသားက ဒီကိစ္စထဲ ဆွဲထည့်ခံလိုက်ရတာကြောင့် သူက အားတင်းပြီး ရှေ့ထွက်ကာ သူ့ကိုယ်သူ ခုခံခဲ့လေသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး ကြင်ယာတော်နဲ့ ပူးပေါင်းကြံစည်တာ မဟုတ်ပါဘူးဘုရား။"


စိစစ်ရေးအရာရှိကြီးဝူက မှန်ကန်စွာ ပြောခဲ့လေသည်။ "မြို့တော် တရားသူကြီးမင်းက ဒီကိစ္စကို သေချာ စုံစမ်းပြီးသွားပါပြီ၊ တတိယမင်းသား ကြင်ယာတော်ရဲ့ အစေခံကိုယ်တိုင် လူရမ်းကားတွေကို လာဘ်ထိုးခဲ့တာပါ၊ အရှင့်သားနန်းဆောင်က အစေခံတွေထဲက တစ်ယောက်က ဒီလိုလုပ်နိုင်ခဲ့တာဟာ အရှင့်သားရဲ့ ကွပ်ကဲအုပ်ချုပ်မှု လျော့နည်းလို့ ဖြစ်ရတာပဲ မဟုတ်လား၊ အရှင့်သားရဲ့ ကြင်ယာတော်က ဒီကိစ္စကို သိ မသိ ဆိုတာ အရှင့်သားက ကောင်းကောင်း သိပါတယ်၊ လူတိုင်းကို အရူးလို မဆက်ဆံပါနဲ့။"


စိစစ်ရေးအရာရှိကြီးဝူက အရင်ဘုရင်ကြီးကိုတောင် ဆုံးမဖို့ လုပ်ခဲ့ဖူးသည်။


ထို့ကြောင့် သူက အခုမင်းသားကို မကြောက်ပေ။


ဒီကိစ္စကို သူကြားတုန်းက အလွန်ဒေါသထွက်ခဲ့သည်။


မင်းသားတစ်ပါးရဲ့ ကြင်ယာတော်က ဤမျှ ယုတ်မာသည့် လုပ်ရပ်ကို တကယ် ပြုလုပ်ရဲခဲ့သည်။


အစေခံမလေးက အမိန့်မပေးခံရဘဲနဲ့ အဘယ်ကြောင့် ဤသို့လုပ်ရဲမည်နည်း။


အကယ်၍ သူက ရှောင်ဟန်ကျန့်ကို ကျေးဇူးပြန်ဆပ်စရာ မရှိခဲ့ရင်တောင် ဒီကိစ္စကို အထက်ကို တင်ပြမည်ဖြစ်သည်။


ကျေးဇူးပြန်ဆပ်စရာ ရှိနေသည့်အခါ ပြောနေစရာကို မလိုတော့ပေ။


သူစကားပြောပြီးသွားသည့်နှင့် ညီလာခံမှာ စကား သိပ်ပြောလေ့ မရှိသည့် အရာရှိကြီးတွေတောင် ဒီကိစ္စကို ဆွေးနွေးခဲ့ကြလေသည်။


အကယ်၍ တကယ်ပဲ အစေခံမလေး လုပ်ခဲ့သည်ဆိုပါက တတိယမင်းသားနှင့် ကြင်ယာတော်သည်လည်း တာဝန်ယူမှုကနေ လွတ်မြောက်မည် မဟုတ်ပေ။


တတိယမင်းသားရဲ့ ကြင်ယာတော်က ထိုသို့လုပ်ခဲ့သူဖြစ်ကြောင်း ထုတ်မပြောဖို့အထိ လူတိုင်းက ဉာဏ်ကောင်းပေမယ့် သူမကို အပြစ်ပေးခံရအောင် တိုက်တွန်းခဲ့ကြလေသည်။


တရားရုံးတော်က လူတွေက ထိုကိစ္စကို စုံစမ်းပြီးနောက် တတိယမင်းသားရဲ့ ကြင်ယာတော်၏ အစေခံက ပန်းထိုးအထည်ဆိုင်မှာ ရှစ်ချင်းလျို့နှင့် အချေအတင်ဖြစ်ပြီး သူမ သခင်မရဲ့ အမိန့် မပါဘဲ ထိုအစေခံမလေးက သူ့သဘောနှင့် သူ ထိုသို့ပြုလုပ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့လေသည်။


သူမက ထိန်းသိမ်းခံထားရပြီးပြီဖြစ်ကာ အရင်ဆုံး ဝန်ခံပြီးပြီ ဖြစ်သည်။


ဒါတွေဟာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် အကာအကွယ်ပြုလုပ်ခဲ့တာဖြစ်ကြောင်း လူတိုင်းသိသည်။


တတိယမင်းသားရဲ့ ကြင်ယာတော်က အမိန့်မပေးခဲ့ဘူးဆိုတာကို သူတို့ မယုံပေ။


အကြီးတန်းအရာရှိအနည်းငယ်အပြင်  သခင်ကြီးရှီ၊ သခင်ကြီးဖေးနှင့် သခင်ကြီးလျန်တို့က နောက်ဆုံးတော့ လူတွေရဲ့ အာရုံစိုက်ခြင်း မခံခဲ့ရပေ။


လူတွေက တတိယမင်းသားနှင့် သူ့ကြင်ယာတော်ကို အာရုံစိုက်ခဲ့ကြသည်။


လူငယ်တွေက သူ့သူငယ်ချင်းအတွက် ရပ်တည်ပေးနေသည့်အချိန်မှာ သူတို့လူကြီးတွေက ဒီတိုင်း ထိုင်ကြည့်နေလို့ မရပေ။


ထိုကိစ္စက ညီလာခံက လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။


သူတို့တွေအကုန်လုံးက ရှစ်ချင်းလျို့အတွက် တကူတကွ ရပ်တည်ပေးလိမ့်မည်ဟု မထင်မိခဲ့ကြပေ။


အကယ်၍ တခြားလူသာ ဒီလိုကြုံတွေခဲ့ရပါက တိတ်တဆိတ် ဖြေရှင်းခံလိုက်ရမှာ ဖြစ်သည်။


ရူးနေသည့်လူကသာ ဒီကိစ္စကို ညီလာခံထိ သယ်လာမှာ ဖြစ်သည်။


သူတို့တွေက မနေနိုင်စွာ ဘုရင်ကြီးရဲ့ အမူအရာကို မော့ကြည့်လိုက်မိလေသည်။


ဘုရင်ကြီးက စကားပြောမည့်အချိန်မှာပဲ စိစစ်ရေးအရာရှိလေး တစ်ယောက်က ထပြောခဲ့လေသည်။


"အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တင်ပြစရာရှိပါတယ်ဘုရား။"


သူဘာပြောချင်သလဲဆိုတာ ဘုရင်ကြီးက အကြိမ်းဖျင်းခန့်မှန်းမိပြီးသားဖြစ်သည်။ "တင်ပြစေ။"


ထိုစိစစ်ရေးအရာရှိလေးက ဖေးယွီကျယ်နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။


သူက လျန်ယို့ရှောင် စုံစမ်းခဲ့သည့် ကိစ္စအားလုံးကို သိခဲ့ကာ ယုံကြည်လို့ ရသည်။


သူ့ဆီမှာ တတိယမင်းသားရဲ့ ကြင်ယာတော်ကို အပြစ်ပေးဖို့ သူမ ကျူးလွန်ခဲ့သည့် ပြစ်မှုသက်သေတွေလည်း ရှိသည်။


စိစစ်ရေးအရာရှိလေးက သူရေးထားသည့် စာတမ်းတွေကို တင်ပြခဲ့လေသည်။ "တတိယမင်းသားရဲ့ ကြင်ယာတော်က သူ့ရာထူးအဆင့်အတန်းကို အလွဲသုံးစားလုပ်ပြီး အပြစ်မဲ့တဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်ခဲ့ပါတယ်... "


သူက လျန်ယို့ရှောင် စုဆောင်းခဲ့သည့် သက်သေတွေနှင့် ဖေးယွီကျယ် သူ့ကိုပေးခဲ့သည့် သက်သေတွေကို ထုတ်ယူခဲ့လေသည်။


"ဒါက သက်သေတွေပါ အရှင်မင်းကြီး၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါ ဘုရား။"


သူ့စကားကို ကြားပြီးနောက် ညီလာခံက လူကြီးတွေအကုန် ကြက်သေသေသွားခဲ့သည်။


တတိယမင်းသားရဲ့ ကြင်ယာတော်က မကောင်းသည့် လုပ်ရပ်နှင့် အကြင်နာမဲ့သည့် လုပ်ရပ်များစွာကို ပြုလုပ်ခဲ့လိမ့်မည်ဟု သူတို့ မထင်မိခဲ့ပေ။


သခင်ဖူနှင့် သူ့သားရဲ့ အမူအရာက မြင်မကောင်းရှုမကောင်းအောင်ကို ဖြစ်သွားခဲ့လေသည်။


သူတို့က အလွန်လည်း စိတ်လှုပ်ရှားနေကြသည်။


သူတို့က ရှောင်ဟန်ကျန့်ကို မကိုင်တွယ်ရသေးခင်မှာပဲ သူတို့ဘက်က အရင်တိုက်ခိုက်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။


ထိုစကားကို ကြားပြီးနောက် ဘုရင်ကြီးရဲ့ အမူအရာက မည်းမှောင်သွားခဲ့သည်။ "ငါကိုယ်တော်ရဲ့ ချွေးမက မှားယွင်းတဲ့ လုပ်ရပ်တွေ အများကြီးလုပ်ခဲ့လိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ သူက ကြင်ယာတော်ဖြစ်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မှီလာတာတလဲ၊ ဖူမျိုးနွယ်စုက တော်ဝင်ကြင်ယာတော်ဖြစ်ဖို့ မထိုက်တန်ဘူး၊ တော်ဝင်ကြင်ယာတော်ဖြစ်ဖို့ သူ့မှာ အရည်အချင်း မပြည့်မှီဘူး၊ ငါကိုယ်တော်တို့ တော်ဝင်မိသားစုမှာ ဇနီးသည်ကို ကွာရှင်းတဲ့ ဥပမာ မရှိတာကြောင့် ဒီနေ့ကစပြီး ဖူမျိုးနွယ်စုကို တတိယမင်းသားကို ပြုစုရမယ့် ကိုယ်လုပ်တော်အဖြစ် ရာထူးချတယ်။"


သူက စူးရှသည့် အကြည့်ဖြင့် သူ့ရဲ့ တတိယသားကို ကြည့်ခဲ့သည်။ "သားတော် ငြင်းပယ်စရာ မရှိဘူးမလား။"


တတိယမင်းသားက ခါးသက်စွာ ပြုံးပြီး ရှေ့ထွက်ခဲ့လေသည်။ "မရှိပါဘူး ဘုရား။"


သူ မငြင်းပယ်ရဲပေ။


ဘုရင်ကြီးက အေးစက်စွာ ရယ်ခဲ့သည်။


သူ့သားတော်ဟာ ထိုရက်စက်သည့် အမျိုးသမီးရဲ့ ညှို့ယူခြင်းကို တကယ်ခံခဲ့ရလေသည်။


ထိုရက်စက်သည့် အမျိုးသမီးက ဘာကောင်းမွန်တာများရှိနေလဲဆိုတာ သူ တကယ် မသိပေ။


ဘုရင်ကြီးက နယ်စပ်နားက နယ်မြေက မိထွေးတော်အကြောင်းကို မနေနိုင်စွာ တွေးမိလိုက်လေသည်။


ဟိုးတုန်းက သူတို့သားအမိကို ကျန်းယန်က ယုတ်မာစိတ်နှင့် ဖိအားပေးခဲ့ပြီး  ထိုအမျိုးသမီးက မောင်းမဆောင်ရဲ့ နန်းမြှောက်ခြင်းခံခဲ့ရသည်။


မောင်းမဆောင်မှာ မျက်နှာသာပေးခံရသည့် အမျိုးသမီးတစ်ဦး ရှိလာပါက သိပ်မကြာခင်မှာပဲ ထိုအမျိုးသမီးက ကံဆိုးသွားတတ်သည်။


သူ့မှာ တော်ဝင်မွေးချင်း ညီအစ်ကိုတွေ သိပ်မရှိခဲ့တာဟာလည်း ထိုမိန်းမရဲ့ ကျေးဇူးတွေကြောင့် ဖြစ်သည်။


ထိုအမျိုးသမီးက မင်းသားဖြစ်မည့် သားတော်တစ်ပါးကို မွေးဖွားပေးပြီးကတည်းက မောင်းမဆောင်က တခြားအမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတိုင်း အများစုက ကိုယ်ဝန်ပျက်ကျခဲ့သည်။


သူဟာလည်း ထိုရက်စက်သည့် အမျိုးသမီးရဲ့ လက်ထဲမှာ သေလုနီးပါး နှစ်ကြိမ် ကြုံခဲ့ရသည်။


အဓိက အချက်ကတော့ အရင်ဘုရင်ကြီးက မျက်စိကန်းနေကာ သူမကို အလွန်အလိုလိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။


ထို့ကြောင့် သူ့သားက ဒီလိုဖြစ်နေတာကိုတွေ့တော့ သူက အလွန်ဒေါသထွက်ခဲ့သည်။


"ဒီနေ့ကစပြီး မောင်မင်းရဲ့ အလုပ်တွေကို မောင်မင်းရဲ့ ဒုတိယအစ်ကိုတော်ဆီ လွှဲခဲ့လိုက်၊ ရုံးတော် တက်စရာ မလိုတော့ဘူး၊ မောင်မင်းရဲ့ နန်းဆောင်က ကိစ္စကို အရင်ပြေလည်သွားအောင် စောင့်လိုက်၊ မောင်းမင်းအတွက် ကြင်ယာတော်ကြီးနဲ့ ဒုတိယကြင်ယာတော်ကို ငါကိုယ်တော် သေချာပြန်ရွေးပေးမယ်။"


သူ့သားတော်ရဲ့ တောင်းဆိုချက်တစ်ခုတည်းနှင့်ပင် ဖူဝန်ကျန်းကို သူ မပေးခဲ့သင့်ပေ။


ဒုတိယမင်းသားက ပွဲကြည့်ချင်ပေမယ့် မဖြစ်နိုင်တော့ပေ။


သူက သူ့သားနှစ်ယောက်ကိုကြည့်ရင်း ခံစားချက်ကောင်းမနေပေ။


ကြည့်ရတာ အိမ်ရှေ့စံကို ရုံးတော်တက်ခိုင်းဖို့ အချိန်ကျပြီထင်တယ်။


တတိယမင်းသားပြန်ဖြေတာကို မစောင့်ဘဲ ဘုရင်ကြီးက ထရပ်ကာ ပြောခဲ့သည်။ "ညီလာခံ ပြီးပြီ။"


တတိယမင်းသားရဲ့ ကြင်ယာတော်၏ ကိစ္စကို သူ တော်တော်လေး မကျေမနပ်ဖြစ်နေဟန်တူသည်။


ထို့နောက် ပေးခဲ့သည့် အပြစ်ဒဏ်ကလည်း ထိတ်လန့်ဖို့ ကောင်းသည်။


ဒီလောက်ထိ ပြင်းထန်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။


ဖူမျိုးနွယ်စုက တော်ဝင်ကြင်ယာတော်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီကြောင်း ကြေငြာခံရရုံသာမက ကိုယ်လုပ်တော်အဖြစ်ပင် ရာထူးချခံခဲ့ရသည်။ 


ဘုရင်ကြီးရဲ့ လှုပ်ရှားမှုက အလွန်ကြမ်းတမ်းသွားခဲ့တာကို ပြောစရာပင် မလိုပေ။


ဖူမျိုးနွယ်စုရဲ့ ဂုဏ်ယူကာ အထက်စီးဆန်သည့် စိတ်ထားဖြင့် ဤကဲ့သို့ တရားမမျှတစွာ ကိုယ်လုပ်တော်အဖြစ် ရာထူးချခံရခြင်းကို မည်သို့ သည်းခံနေမည်နည်း။


သို့ပေမယ့် ထိုအရာက ဘုရင်ကြီး၏ အမိန့် ဖြစ်သည်။


သူမ ဘယ်လောက်ပဲ ခါးသီးပါစေ သည်းခံရမည်ဖြစ်သည်။


ဒါ့အပြင် တတိယမင်းသားရဲ့ ကြင်ယာတော်ဟူသည့် ဂုဏ်ပုဒ်အဆင့်အတန်း မရှိမှတော့ သူမ ဘယ်လိုလုပ် အကြောင်းမဲ့သက်သက် အနိုင်ကျင်နိုင်တော့မည်နည်း။ လုံးဝ ခက်ခဲသွားမှာ သေချာသည်။


ဒါဟာ သူတို့ ထင်ထားတာနှင့် တခြားစီ ဖြစ်လာခဲ့တာ ဖြစ်သည်။


ဘုရင်ကြီးက ရှစ်ချင်းလျို့ကို အလွန်အလေးထားပုံရသည်။


မဟုတ်ပါက သူ ဤသို့ လုပ်မည် မဟုတ်ပေ။


ဒါ့အပြင် ဒီနေ့ ညီလာခံရှေ့ထွက်ခဲ့သည့်လူတွေက ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ရဲ့ ပယောဂ မပါဘူးဆိုတာ သူတို့ မယုံပေ။


သူတို့က အရင်က ထိုလင်မယားကို အထင်သေးမိခဲ့သည်။


တတိယမင်းသားနှင့် သူ့လူတွေက သွေးအန်မတတ် ဖြစ်နေကြသည်။


သူတို့က ဖူဝန်ကျန်းကို ရင်ထဲကနေ ကြိတ်ဆဲခဲ့ကြသည်။


သူက တကယ့် ဝန်ထုပ်ဝန်ပိုးပဲ။