Ch 214
Viewers 33k

အခန်း(၂၁၄) - ဒါက သူမကို အရှက်ခွဲတာပဲ


တတိယမင်းသား လျန့်ဟန်ရှောင်က အေးစက်သည့် အမူအရာဖြင့် ထွက်ခွာသွားသည့် သူ့ရဲ့ ခမည်းတော်ကို ကြည့်နေခဲ့သည်။


ဒီလိုတွေဖြစ်လာမှာကို သူသိခဲ့သည်။


အခုချိန်မှာ သူ့စိတ်က ရှုပ်ထွေးနေသည်။


ဘာလုပ်ရမလဲဆိုတာ သူ မသေမချာဖြစ်နေသည်။


နောက်ဆုံးတော့ ညီလာခံမှာ ထီးနန်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရခဲ့တဲ့အချိန်မှာပဲ ဒီလိုပဲ ပြီးဆုံးသွားတော့မှာလား။


ဖူဝန်ကျန်းကို ဒေါသထွက်ရအောင်လည်း မဖြစ်နိုင်ပေ။


ဘာပဲဖြစ်ဖြစ် သူကသာ ဖူဝန်ကျန်းကို တောင်းခဲ့သည့်လူဖြစ်သည်။


သူကသာ သူ့သေတွင်းသူ တူးခဲ့သူဖြစ်သည်။


သူက မိန်းမောစွာ နန်းတော်ထဲကထွက်ခဲ့သည့်အချိန်မှာပဲ စိတ်ကြည်နေပုံမရသည့် ဒုတိယမင်းသားနှင့် ဆုံခဲ့လေသည်။


သူ့နှုတ်ခမ်းတွေက တွန့်သွားခဲ့သည်။ "ဒုတိယအစ်ကိုတော် အခုကျေနပ်ပြီလား။"


သူ့ရဲ့ ဒုတိယအစ်ကိုတော်ကြောင့်သာ မဟုတ်ပါက ဖူဝန်ကျန်းက ဤကဲ့သို့ ရူးနမ်းသည့်ကိစ္စတွေကိုလုပ်ခဲ့မည် မဟုတ်ပေ။


လျန်ရှောက်ဟန်က မျက်ခုံးပင့်ခဲ့သည်။ "ကျေနပ်တယ်ဟုတ်လား၊ ဒါတွေက မင်းရဲ့ ကြင်ယာတော် လုပ်ခဲ့တာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ။"


သူလည်း အခု စိတ်ကြည်မနေဘူး ဟုတ်ပြီလား။


ဖူဝန်ကျန်းရဲ့ ရုတ်တရက်လှုပ်ရှားမှုက ရှစ်ချင်းလျို့ကို သူ့ဘက်ပါလာအောင် စည်းရုံးဖို့ပိုခက်သွားစေရုံသာမက သူ့အစီအစဥ်တွေကိုပါ ဖျက်စီးပစ်ခဲ့တာဖြစ်သည်။


သူ့ရဲ့ တတိယညီတော်က ကျန်းနန်က လူတွေနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသည်။


သူက ဖူဝန်ကျန်းကို တတိယညီတော်ဆီကနေ စာရွက်စာတမ်း သက်သေတွေခိုးပေးဖို့ ပြောထားခဲ့သည်။


အခု သူမက တော်ဝင်ကြင်ယာတော်အဖြစ်ကနေ ကိုယ်လုပ်တော်အဖြစ်ရာထူးချခံလိုက်ရတော့ ခိုးယူခိုင်းဖို့ ခက်ခဲသွားပြီ ဖြစ်သည်။


အကယ်၍ သူ့တတိယညီတော်သာ ခေါင်းပူပြီး ထိုအရူးမကို ဆက်အလိုလိုက်နေသေးပါက သူ့အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ လွယ်ကူသေးသည်။


လျန့်ဟန်ရှောင်က လှောင်ပြောင်သည့် အမူအရာကို ဖော်ပြခဲ့လေသည်။ "မင်းနဲ့ မဆိုင်ဘူး ဟုတ်လား၊ ပြောရဲသေးတယ်နော်၊ ကိုယ့်ဘာသာကိုယ် ကောင်းကောင်း ဂရုစိုက်ပါ။" သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့သည်။


သူ့တာဝန်တွေကို သူ့ဒုတိယအစ်ကိုတော်ဆီ ခမည်းတော်က လွှဲပေးခိုင်းခဲ့သည်။ သူ အပြစ်ပေးခံရနိုင်မလားဆိုတာတော့ သူ့ဒုတိယအစ်ကိုအပေါ် မူတည်သည်။


လျန့်ဟန်ရှောင် အေးစက်စွာ ထွက်သွားပြီးနောက် လျန့်ရှောက်ဟန်ရဲ့ အမူအရာက ပိုပြီးမြင်မကောင်းရှုမကောင်းဖြစ်သွားခဲ့သည်။


သူက ဖူဝန်ကျန်းကို ရင်ထဲက ထပ်ကျိန်ဆဲလိုက်လေသည်။


ထိုမိန်းမက ဘာမှ အများကြီးမလုပ်ဆောင်နိုင်သည့်အပြင် သူ့အစီအစဥ်တွေကိုပါ ဖျက်စီးခဲ့သည်။


လျန့်ဟန်ရှောင် တတိယမင်းသားနန်းဆောင်ကို ပြန်ရောက်သည့်အချိန်မှာ နန်းဆောင်အစေခံက လာတင်ပြခဲ့လေသည်။


"အရှင့်သား ကြင်ယာတော်က ပြဿနာရှာပြီး အရှင့်သားကို တွေ့ချင်တယ်လို့ပြောနေပါတယ်။"


လျန့်ဟန်ရှောင်က မျက်ခုံးနှစ်ခုကြားကို ပွတ်ခဲ့သည်။ "အခုကဘာဖြစ်နေတာလဲ။"


သူနန်းတော်က ထွက်လာပြီး ချက်ချင်းပင် သူ့ရဲ့နန်းဆောင်ကို ပြန်လာခဲ့တာကြောင့် ကြင်ယာတော်ကို ရာထူးချသည့် ဘုရင့်အမိန့်က ရောက်လောက်မည်မဟုတ်သေးပေ။


နန်းဆောင်အစေခံက ပြန်ဖြေခဲ့သည်။ "မယ်တော်ကြီးက ကျင့်ဝတ်ထုံးတမ်း သင်ကြားပေးတဲ့ အဖွားအိုတွေကို နန်းဆောင်ကို လွှတ်လိုက်တာပါ၊ မယ်တော်ကြီးက တတိယမင်းသားရဲ့ ကြင်ယာတော်ကို ကျင့်ဝတ်စည်းမျဥ်းတွေ သင်ယူခိုင်းစေချင်တာပါ။"


သူက တတိယမင်းသားကို သေချာကြည့်ပြီး ပြောခဲ့သည်။ "သူက တော်ဝင်မိသားစုကို ဂုဏ်ကျက်သရေညှိုးနွမ်းစေတဲ့ စည်းမျဥ်းသွေဖယ်တဲ့လုပ်ရပ်တွေ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်၊ အကယ်၍ မသင်ယူဘူးဆိုရင် ကြင်ယာတော်က နန်းဆောင်က ထွက်လို့ ရမှာ မဟုတ်ပါဘူး။"


လျန့်ဟန်ရှောင်က ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။


မယ်တော်ကြီးပါ ပါဝင်လာလိမ့်မည်ဟု သူမထင်မိခဲ့ပေ။


သို့ပေမယ် ရှီလွေ့က မနေ့က နန်းတော်ကိုဝင်ကာ မယ်တော်ကြီးကို အခစားဝင်ခဲ့ကြောင်း အမှတ်ရသွားခဲ့လေသည်။


သိပ်မကြာခင်မှာပဲ ရှီရုံကလည်း နန်းတော်ကို ပြန်လာခဲ့သည်။


ဤနည်းဖြင့် မယ်တော်ကြီး ထိုကိစ္စကို သိသွားတာ ဖြစ်နိုင်သည်။


ပထမဆုံးအနေဖြင့် သူက အလွန်ပင်ပန်းမှုကို ခံစားရတာဖြစ်သည်။ "ဒါဆိုလည်း သူ့ကို သေချာသင်ယူခိုင်းလိုက်။"


ဖူဝန်ကျန်းရဲ့ လုပ်ရပ်က တကယ်လွန် လွန်းသည်။


စိစစ်ရေးအရာရှိကြီး ဒီနေ့ ညီလာခံတက်ရသည့်အကြောင်းကို သူနည်းနည်းသိခဲ့သည်။


သူ့ကြင်ယာတော်က ဇွတ်တရွတ်နိုင်ပေမယ့် သူမရဲ့ ပင်ကိုယ်စရိုက်က သူ့လို လန်းဆန်းမှုပေးနိုင်သည်ဟု ထင်မိခဲ့သည်။


သို့ပေမယ့် သူမက ဒီလောက်ထိ ရက်စက်လိမ့်မည်ဟု မထင်မိခဲ့ပေ။


သူ့ကို ပိုပြီးမသက်မသာဖြစ်စေတာကြောင့် သူမ ကိုင်တွယ်ဖြေရှင်းခဲ့သည့် အမျိုးသမီးတွေက သူ့ဒုတိယအစ်ကိုတော်နှင့် တစ်ခုခု ပတ်သက်နေသည့် လူတွေဖြစ်သည့် ကိစ္စ ဖြစ်သည်။


သူမက တကယ်ပဲ ဒုတိယအစ်ကိုတော်ကို အဲ့လောက်ထိ လက်ထပ်ချင်နေတာလား။


သူ တကယ်ပဲ မှားယွင်းတဲ့အရာကို လုပ်ခဲ့မိတာလား။


သူက ပြောခဲ့သည်။ "သူ့ကို တတိယမင်းသားရဲ့ ကြင်ယာတော်လို့ မခေါ်နဲ့တော့။"


နန်းဆောင်အစေခံက ဆွံ့အသွားခဲ့သည်။ "ဒါဆို ဘယ်လိုခေါ်ရမလဲဘုရား၊ အဲ့လို မခေါ်ရင် ဒေါသထွက်သွားမှာစိုးရပါတယ် ဘုရား။"


လျန့်ဟန်ရှောင်က ပြောခဲ့သည်။ "ဒီနေ့ပဲ ခမည်းတော်က ညီလာခံမှာ သူ့ကို ကိုယ်လုပ်တော်အဖြစ် ရာထူးချလိုက်ပြီ၊ အခုကစပြီး သူက တတိယမင်းသားနန်းဆောင်က ကိုယ်လုပ်တော်တစ်ယောက်ပဲ နားလည်လား။"


နန်းဆောင် အစေခံက ထိတ်လန့်သွားခဲ့သည်။


တတိယမင်းသားရဲ့ ကြင်ယာတော်က ကိုယ်လုပ်တော်အဖြစ် ရာထူးချခံရလိမ့်မည်ဟု သူမထင်ဖူးခဲ့ပေ။


တော်ဝင်မိသားစုမှာ ဤသို့ဖြစ်တာ ဒါ ပထမဆုံး ဖြစ်သည်။


ဘုရင်ကြီး အမိန့်ပြန်တမ်းထုတ်ရခဲ့သည်အထိ ဒေါသထွက်အောင် ဘာများလုပ်ခဲ့တာလဲ။


"မှန်လှပါ့ အရှင့်သား။" သူက တလေးတစား ပြန်ဖြေခဲ့သည်။


လျန့်ဟန်ရှောင်က ခဏလောက် တွေးပြီးနောက် ဖူဝန်ကျန်းရဲ့ အဆောင်ကို သွားခဲ့သည်။


သူနှင့် ဖူဝန်ကျန်းက အတူတူ မနေပေ။


 သူထုတ်ပြောခဲ့ပါက ရယ်စရာတွေဖြစ်နိုင်သည်။


သူတို့လက်ထပ်ထားတာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း သူမကို မထိဖူးသေးပေ။


သူက သူမခင်ပွန်းဖြစ်သော်လည်း သူမက အထိမခံခဲ့ပေ။


သူမရဲ့ အဆောင်တော်ကို ရောက်သည့်အချိန်မှာပဲ နားကွဲထွက်စေမည့် အော်သံကိုကြားခဲ့သည်။


"ငါက တော်ဝင်ကြင်ယာတော်ပဲ၊ ကျင့်ဝတ်ထုံးတမ်းတွေကို မသင်ယူချင်ဘူး၊ မသင်ယူနိုင်ဘူး၊ ထွက်သွားစမ်း။"


ကျင့်ဝတ်ထုံတမ်းသင်ပေးသည့် အထိန်းတော် သုံးယောက်ရဲ့ မျက်နှာက မည်းမှောင်နေခဲ့သည်။ "ဒါက မယ်တော်ကြီးရဲ့ အမိန့်ဖြစ်တာကြောင့် ငြင်းဆန်ခွင့်မရှိပါဘူး။"


လျန့်ဟန်ရှောင် ဝင်လာတာကိုတွေ့တော့ ဖူဝန်ကျန်းရဲ့ စိတ်လှုပ်ရှားမှုက တည်ငြိမ်သွားခဲ့သည်။


"လျန့်ဟန်ရှောင် သူတို့ကို ပြန်လွှတ်လိုက်၊ ကျွန်မ ဘာကျင့်ဝတ်စည်းမျဥ်းမှ မသင်ယူနိုင်ဘူး။"


ဒီအရူးစည်းမျဥ်းတွေကို သူမ အိမ်ထောင်မကျခင်ကလည်း မသင်ယူခဲ့ဖူးပေ။


အခု သူမက တော်ဝင်ကြင်ယာတော်ဖြစ်နေပြီဖြစ်ကာ ဘာကြောင့် သင်ယူရဦးမည်နည်း။


သူမရဲ့ အထက်စီးဆန်ကာ အမိန့်ပေးသည့်အသံကိုကြားတော့ လျန့်ဟန်ရှောင်က တည်ငြိမ်စွာ ပြောခဲ့သည်။ "ဒါ ကိုယ့်အဖွားရဲ့ အမိန့်ပဲ၊ ကိုယ် မငြင်းဆန်နိုင်ဘူး၊ မင်း နာခံစွာ သင်ယူလိုက်ပါ။"


မငြင်းဆန်နိုင်တာသိရင် သူမ ဘာကြောင့် ပြဿနာရှာခဲ့သလဲ။


ထိုစကားကြားတော့ ဖူဝန်ကျန်းက မပျော်မရွှင်ဖြစ်သွားခဲ့သည်။ "ကျွန်မအတွက် သွားပြီး အသနားမခံပေးတော့ဘူးလား၊ ရှင်က ဘာဖြစ်လို့ ဒီလောက်တောင် အသုံးမကျတာလဲ။"


ထိုစကားတွေက လျန့်ဟန်ရှောင်ရဲ့ ရင်ကို တုန်လှုပ်သွားစေခဲ့သည်။


သူက ပြောလိုက်လေသည်။ "ငါက အသုံးမကျဘူးဆိုတော့ ဘယ်သူက အသုံးကျတာလဲ၊ လျန့်ရှောက်ဟန်လား။"


ဖူဝန်ကျန်းက ကြက်သေသေသွားခဲ့သည်။ 


သူ ဒီလိုစကားတွေ သူမကို ပြောလာလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။


"ကျွန်မကို လက်ထပ်ပါရစေဆိုပြီး အရင်က တောင်းပန်ခဲ့တာ ရှင်ပါ၊ အခုက ဘာသဘောလဲ။"


သူမက ဒေါသပေါက်ကွဲခဲ့လေသည်။ "ကျွန်မ တော်ဝင်ကြင်ယာတော် မလုပ်နိုင်တော့ဘူး ဟုတ်ပြီလား။"


သူမ ထိုသို့ ပြောလိုက်သည့်အချိန်တိုင်း လျန့်ဟန်ရှောင်က လေသံကိုလျော့ပြီး သူမကို ချော့မြူတတ်သည်။


အခုတော့ လျန့်ဟန်ရှောင်က သူမ နားမလည်သည့်အပြုံးကို ပြုံးပြခဲ့သည်။ "တကယ်လည်း မင်းက တတိယမင်းသားရဲ့ ကြင်ယာတော် မဖြစ်နိုင်တော့ပါဘူး။"


အရင်ကတော့ သူမကထိုအရာဖြင့် သူ့ကို မကြာခဏ ခြိမ်းခြောက်ခဲ့ကာ အခုတော့ တကယ်ပြီးသွားပြီဖြစ်သည်။


ဖူဝန်ကျန်းရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "လျန့်ဟန်ရှောင် ဘာကိုပြောချင်တာလဲ၊ တတိယမင်းသားရဲ့ ကြင်ယာတော် ဖြစ်ရတာကို ကျွန်မက ဂရုစိုက်နေမယ်ထင်လား၊ ရှင် ဒီနေ့ ရှင်းအောင် မလုပ်လို့ကတော့ ကျွန်မ နန်းဆောင်ထဲ ခြေချဖို့ မကြံနဲ့။"


ဟိုးကတည်းက သူမက သူ့ရှေ့မှာဆိုရင် နိုင့်ထက်စီးနင်းပြုလုပ်ရတာ နေသားကျနေပြီဖြစ်သည်။


သူမကို အရင်ကလို ချော့မြူဦးမည်ဟု သူမ ထင်နေဆဲဖြစ်သည်။


လျန့်ဟန်ရှောင်က မျက်လုံးမှိတ်ခဲ့သည်။ "နောက်တော့ မင်း သိပါလိမ့်မယ်၊ အရူးလုပ်မနေနဲ့တော့၊ ရပ်လိုက်တော့။"


သူက စကားပြောပြီးသည်နှင့် ဒီနေရာမှာ ဆက်မနေချင်တော့သဖြင့် လှည့်ထွက်သွားခဲ့သည်။


အနောက်က ဖူဝန်ကျန်းရဲ့ ကျိန်ဆဲသံတွေက သူ့ကို ပိုပြီး ပင်ပန်းစေခဲ့သည်။


သိပ်မကြာခင်မှာပဲ တတိယမင်းသားရဲ့ ကြင်ယာတော်ကို ကိုယ်လုပ်တော်အဖြစ် ရာထူးချလိုက်သည့်သတင်းက မြို့တော်မှာ ပြန့်သွားခဲ့လေသည်။


ရှီလွေ့နှင့် ကျန်လူတွေက ထိုသတင်းကိုကူဖြန့်ပေးခဲ့တာဖြစ်သည်။


သူတို့က မြို့တော်က အကြီးဆုံးစားသောက်ဆိုင်ကိုသွားပြီး သီးသန့်ခန်းမယူဘဲ အောက်ထပ်မှာ သောက်ပွဲစားပွဲကြီး ကျင်းပခဲ့သည်။


ဖူဝန်ကျန်းလုပ်ခဲ့သည့် မကောင်းသည့်လုပ်ရပ်အများစုက လျန်ယို့ရှောင်ရဲ့လူတွေကြောင့် ပြန့်သွားပြီးပြီဖြစ်သည်။


ထို့ကြောင့် သူမက အမျိုးသမီးအများစုကို နှိပ်စက်ညှင်းပန်းသည့်အကြောင်းကို မြို့တော်က လူအများစုက သိပြီးပြီဖြစ်သည်။


သူမက မင်းစိုးရာဇာ မိသားစုက အမျိုးသမီးတွေကို အပြစ်ဖို့ခြင်း၊ အဆင့်အတန်းနိမ့်သည့် အမျိုးသမီးတွေကို မြင်းလှည်းမောင်းသမား၊ အထမ်းသမားတွေနှင့် အတင်းအကြပ် လက်ထပ်ခိုင်းခြင်းနှင့် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးမှုတွေပါ ပြုလုပ်ခဲ့သည်။


မြို့တော် အစွန်းအဖျားက သာမာန်ပြည်သူတွေရဲ့ လယ်ယာကောင်းတွေကို အုပ်စိုးထားကာ အပျော်တမ်းအတွက် မြင်းတွေ မွေးခိုင်းပေမယ့် လစာကိုတော့ မဖြစ်စလောက်လေးသာ ပေးခဲ့သည်။


ဘယ်နေရာမှာဖြစ်ဖြစ် သူမ သဘောကျသည့်ပစ္စည်းဆိုပါက အတင်းအကြပ်ပြုကာ လုဝယ်တတ်သည်။


တတိယမင်းသား ကိုယ်လုပ်တော် ထပ်မယူရန်နှင့် တခြားအမျိုးသမီးတွေကို ထိတွေ့ခြင်း မရှိစေရန်အတွက် အစေခံမလေးတချို့ကို သေအောင်ရိုက်သတ်ခဲ့သည်။


ထိုကိစ္စတွေက တစ်ခုပြီး တစ်ခု ပေါ်လာခဲ့ကာ လူတွေကို ရွံရှာစက်ဆုပ်စေခဲ့သည်။


သူမရဲ့သတင်းတွေကိုကြားတော့ လူတိုင်းက လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်ခဲ့ကြသည်။


အထူးသဖြင့် ဖူဝန်ကျန်းရဲ့ အန္တရာယ်ပေးခြင်း ခံခဲ့ရသည့် အမျိုးသမီးတွေက ပိုပျော်ခဲ့သည်။


ထိုသတင်းကိုကြားပြီးနောက် လူတချို့က ပျော်ရွှင်စွာ အော်ဟစ်ခဲ့သည်။ "သူမ လုပ်ခဲ့တာကို တန်ပြန်ခံရတာလေ၊ ကောင်းတယ်၊ ထိုက်တန်တယ်။"


နှစ်နာရီကြာပြီးနောက် အမိန့်ပြန်တမ်းစာ ကြေငြာသည့် မိန်းမစိုးက တတိယမင်းသားရဲ့ နန်းဆောင်ကို ရောက်လာခဲ့သည်။


လျန့်ဟန်ရှောင်ကို ဒေါသထွက်ရတာ ပင်ပန်းနေသည့် ဖူဝန်ကျန်းက ဘုရင်ကြီးရဲ့ အမိန့်ပြန်တမ်းစာကို လက်ခံရရှိခဲ့လေသည်။


သူမရဲ့ မျက်နှာထက်မှာ မယုံကြည်နိုင်ခြင်းများစွာ ပြည့်နေခဲ့သည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။


သူမကို ကိုယ်လုပ်တော်အဖြစ် ရာထူးချတာက သူမကို အရှက်ခွဲတာပဲ။