Ch 258
Viewers 33k

အခန်း (၂၅၈) - မတော်မတရား မရှုံးနိမ့်ခဲ့ပေ


ထိုနေ့တွင်ပင် လျန့်ဟန်ရှောင်သည် သူ့ညီဖြစ်သူ နံပါတ်ငါးမင်းသားနှင့်အတူ လက်ဖက်ရည် သောက်နေခဲ့သည်။ သို့သော် ကောလာဟလ စကားများကို ကြားလိုက်ရသည့် ခဏ၌ သူ သောက်လက်စ လက်ဖက်ရည်ပင် ပြန်ထွက်ကျတော့မလို ဖြစ်သွားခဲ့ရသည်။


လျန့်ဟန်ယွီက စနောက်ကျီစယ်လိုက်သည်။


"ဒုတိယအစ်ကိုတော်... ကောချွန်းရုရဲ့ ညီမ ကောချွန်းယင်းက အဲဒီလောက်တောင် လှပလို့လား။ အစ်ကိုတော့်ကိုတောင် မိန်းမောပြီး ကြက်သေသေသွားစေလောက်တဲ့အထိ ဆိုတော့လေ"


လျန့်ဟန်ရှောင်၏ မျက်နှာအမူအရာမှာ အလွန်တရာ အကျည်းတန်ဆိုးဝါးသွားပြီး ခပ်အေးအေးပင် ခနဲ့လိုက်သည်။


"သာမန်ထက်တော့ နည်းနည်းသာပါတယ်။ ဒါပေမဲ့ သူမရဲ့ ရုပ်ရည်ကြောင့် ငါ ဘယ်အချိန်မှာ ကြက်သေသေပြီး မိန်းမောသွားမိလဲဆိုတာကိုတော့ ငါ့ကိုယ်ငါတောင် လုံးဝ မသိလိုက်ဘူး"


သူ့အနောက်ဆောင်ရှိ မိန်းမလှများထဲမှ ကြုံရာလူတစ်ယောက်ကို ကောက်ရွေးလိုက်လျှင်ပင် ကောချွန်းယင်း၏ ရုပ်ရည်ထက် သာလွန်နိုင်ပေသည်။ သူ့ကိုယ်လုပ်တော်များကို မဆိုထားနှင့်ဦး... သူ့၏ တရားဝင် ဂုဏ်သရေရှိ ကြင်ယာတော်သည် ကောချွန်းယင်းလောက် မလှပသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ပညာအရည်အချင်း အဆင်အတန်းမှာမူ ကောချွန်းယင်းအနေဖြင့် အဝေးကပင် နှိုင်းယှဉ်၍ ရနိုင်သည်မဟုတ်ချေ။


လျန့်ဟန်ယွီက မျက်ခုံးပင့်ကာ မေးလိုက်ပြန်သည်။


"ဒါဆိုရင် တစ်ယောက်ယောက်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာဟလ ဖြန့်တာ ဖြစ်ရမယ်။ ဒါနဲ့... ကောချွန်းယင်းနဲ့ ရှစ်ချင်းလျို့ ဘယ်သူက ပိုလှလဲဟင်"


သူသည် ရှစ်ချင်းလျို့ကို လူကိုယ်တိုင် မြင်ဖူးခဲ့သော်လည်း ကောချွန်းယင်းကိုမူ တစ်ကြိမ်မျှ မမြင်ဖူးခဲ့ချေ။


လျန့်ဟန်ရှောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားလိုက်သည်။


"သေချာတာပေါ့... ရှစ်ချင်းလျို့က ပိုလှတယ်"


ရှစ်ချင်းလျို့၏ မျက်နှာသွင်ပြင်နှင့် သဘာဝအလှတရားမှာ ကောချွန်းယင်းထက် အဆပေါင်းများစွာ သာလွန်လှသည်။ သူက ဆက်လက်၍လည်း ပြောဆိုလိုက်သေးသည်။


"ရှစ်ချင်းလျို့ရဲ့ ရုပ်ရည်က ထူးထူးခြားခြား ပေါ်လွင်နေရုံတင်မကဘဲ ဉာဏ်ပညာလည်း အလွန်တရာ ထက်မြက်တယ်။ သူမရဲ့ စိတ်နေသဘောထားနဲ့ အရည်အချင်းက မင်းစိုးရာဇာ တော်ဝင်မိသားစုက သမီးအရင်းတွေထက်တောင် မနိမ့်ကျဘူး"


အစ်ကိုဖြစ်သူက အမျိုးသမီးတစ်ဦးကို ဤကဲ့သို့ အမွှမ်းတင် ချီးကျူးစကားပြောဆိုသည်ကို လျန့်ဟန်ယွီတစ်ယောက် ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။


"ကြည့်ရတာ ဒုတိယအစ်ကိုတော်က ရှစ်ချင်းလျို့ကို တမူထူးခြားစွာနဲ့ သဘောကျနေတဲ့ ပုံပဲ"


လျန့်ဟန်ရှောင်က သက်ပြင်းတစ်ချက်ချရင်း ပြုံး၍ ပြောလိုက်သည်။


"အဲဒီလိုပဲ ဆိုပါတော့"


သူသည် ရှစ်ချင်းလျို့အကြောင်းကို နေ့စဉ်နှင့်အမျှ မတွေးမိသော်လည်း သူ့အတွက်မူ ရှစ်ချင်းလျို့ဆိုသည့် မိန်းကလေးမှာ အနည်းငယ် သီးသန့်ဆန်ပြီး ထူးခြားလှသည်။ အထူးသဖြင့် ထိုစဉ်က တဲအိုလေးထဲတွင် မိုးခိုခဲ့သည့်နေ့၌ သူမက သူ့ကို လှည့်ကြည့်ကာ မေးမြန်းခဲ့သည့် စကားတစ်ခွန်းက သူ့ကို အနက်ရှိုင်းဆုံး စွဲထင်ကျန်ရစ်စေခဲ့ခြင်း ဖြစ်သည်။


'မိန်းမလှလေးကို အရင်က မမြင်ဖူးခဲ့ဘူးလား'


ထိုအတိတ်အကြောင်းကို ပြန်လည်တွေးတောမိလိုက်သည့် ခဏတွင် သူ့နှုတ်ခမ်းအစုံမှာ အလိုလို ကော့တက်သွားခဲ့ရသည်။ ထို့နောက်တွင်မူ သူသည် လူယုံတစ်ဦးကို ချက်ချင်းခေါ်ယူကာ ထိုကောလာဟလ သတင်းဆိုးကြီး ဘယ်ကနေ စတင်ပြန့်နှံ့လာသနည်းဟူသည်ကို စုံစမ်းခိုင်းလိုက်သည်။


အချိန်အနည်းငယ်မျှ ကြာပြီးနောက်တွင် စုံစမ်းရန် လွှတ်လိုက်သည့် လူယုံမှာ ပြန်လည်ရောက်ရှိလာခဲ့သည်။


"အရှင့်သား... သတင်းဖြန့်ချိတဲ့သူကို စုံစမ်းလို့ ရပါပြီ။ စစ်သူကြီးစံအိမ်က အစေခံမလေးတစ်ယောက် ဖြစ်ပြီးတော့၊ စစ်သူကြီးရဲ့ ဇနီးဆောင်က အနီးကပ်အစေခံမလေး ဖြစ်ပါတယ်"


လျန့်ဟန်ရှောင်က မျက်လုံးများကို စူးစိုက်မှေးကျဉ်းလိုက်သည်။


"သိပ်ကောင်းတာပေါ့။ ငါ့ရဲ့ အိမ်တော်ထဲကိုတောင် မဝင်ရသေးခင်မှာပဲ ငါ့ကို လှည့်စားပြီး ကြံစည်ချင်နေပြီပေါ့လေ။ သူတို့တွေ ဘယ်က သတ္တိတွေ ရလာတာလဲ"


လက်ထောက်ဖြစ်သူ၏ အစီရင်ခံစာကို ကြားရပြီးနောက် လျန့်ဟန်ရှောင်သည် ဤကိစ္စကို လျှို့ဝှက်လုပ်ဆောင်သူမှာ ကောချွန်းရုနှင့် ကောချွန်းယင်း မောင်နှမနှစ်ဦး ဖြစ်ရမည်ဟု တထည်တည်း တွက်ဆလိုက်သည်။ ထို့ကြောင့်ပင် အပြင်ဘက်ရှိ လူများက သူသည် ကောချွန်းယင်းကို လွန်စွာသဘောကျမြတ်နိုးသဖြင့် ဒုတိယဇနီးအဖြစ် တမင်တကာ တင်မြှောက်ခဲ့ခြင်း ဖြစ်သည်ဟု အထင်မှားကုန်ကြခြင်း ဖြစ်သည်။


အကယ်၍သာ ရှောင်ယွမ်ရှစ်သည် သူ့အား စစ်တပ်အတွင်း၌ ဆက်လက်ထောက်ပံ့ပေးနေခြင်း မရှိပါက... ယခုကဲ့သို့ အရှက်မရှိသည့် လက်ထပ်ပွဲကို သူ ချက်ချင်းပင် ဖျက်သိမ်းပစ်လိုက်လိမ့်မည် ဖြစ်သည်။


လျန့်ဟန်ယွီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။


"ကြည့်ရတာ မရီးအသစ်က မရိုးရှင်းဘူး ထင်တယ်"


လျန့်ဟန်ရှောင်က သူ့ညီကို စိုက်ကြည့်ကာ ငေါက်လိုက်သည်။


"ဘာမရီးလဲ... သူမကို အဲဒီလို လျှောက်မခေါ်နဲ့။ သူမက သာမန် ကိုယ်လုပ်တော်တစ်ယောက် သက်သက်ပဲ"


လျန့်ဟန်ယွီက တခစ်ခစ် ရယ်မောလိုက်သည်။


"ဒါဆိုလည်း ကောင်းပါပြီ။ အစ်ကိုတော်က သူမကို စိတ်ထဲမထားသရွေ့ အဲဒီမိန်းမတွေ အစ်ကိုတော့်ကို ဘယ်လောက်ပဲ ကြံစည်ကြံစည် အလကားပဲ ဖြစ်သွားမှာပေါ့"


သူက ဆက်လက်၍ မေးမြန်းလိုက်သည်။


"ဒါနဲ့... ဒီကောလာဟလကို ပြန်ပြီး ရှင်းပြချင်လား"


လျန့်ဟန်ရှောင်က ခေါင်းခါပြလိုက်သည်။


"မလိုဘူး။ ဒီကိစ္စကို သူတို့က တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လွှင့်ထုတ်တာဆိုမှတော့၊ နောင်ကျရင် ကြုံတွေ့ရမယ့် တုံ့ပြန်မှု ဘေးဒုက္ခကိုလည်း ခံယူဖို့ အဆင်သင့် ပြင်ထားသင့်တာပေါ့"


ကောချွန်းယင်းက မရိုးရှင်းဘဲ လည်ဝယ်ဆန်းပြားနေသည်ဆိုပါက... သူ့အနောက်ဆောင်ရှိ ဝါရင့်အမျိုးသမီးများကော ရိုးရှင်းပါ့မလား။ ဖူဝန်ကျန်းတို့ မိသားစုအုပ်စုမှာ တတိယမင်းသားနှင့်အတူ နန်းဆောင်တွင် အပိတ်ခံထားရခြင်းကသာ နှမြောစရာ ဖြစ်သွားခဲ့ရသည်။ မဟုတ်ပါက ထိုအမျိုးသမီးများကပင် ကောချွန်းယင်းကို အနောက်ဆောင်အတွင်း မည်သို့ ပြုမူနေထိုင်သင့်ကြောင်း ကောင်းကောင်းကြီး သင်ခန်းစာ ပေးနိုင်လိမ့်မည် ဖြစ်သည်။


လျန့်ဟန်ယွီက ပြုံးလိုက်သည်။


"ဟုတ်တာပေါ့"


သူ့ဒုတိယအစ်ကိုသည် အမျိုးသမီးများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်တရာ ကျွမ်းကျင်လှသူ ဖြစ်ရာ သူ စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။ သူက စကားလမ်းကြောင်းကို အခြားသို့ ပြောင်းလိုက်သည်။


"ဒါနဲ့... မကြာသေးခင်က လျန်ယို့ရှောင်ရဲ့ ရှီရုံက ရှစ်ချင်းလျို့နဲ့ ပူးပေါင်းပြီးတော့ ပိုက်ဆံတွေ အမြောက်အမြား ရှာဖွေနိုင်ခဲ့တယ်လို့ ကြားတယ်"


ထိုစကားကို ကြားလိုက်ရသောအခါ လျန့်ဟန်ရှောင်၏ ရင်ထဲ၌ မွန်းကျပ်အောင့်သက်သွားခဲ့ရသည်။ သူသည် မူလက ရှစ်ချင်းလျို့ကို သူ့ဘက်ပါလာအောင် အရင်ဆုံး စည်းရုံးပြီးပါက၊ နောက်တစ်ဆင့်အနေဖြင့် လျန်ယို့ရှောင်နှင့် ကျန်ရှိသည့် မူးမတ်မျိုးနွယ်စု သခင်လေးများကိုပါ သူ့ဘက်သို့ ဆွဲခေါ်ရန် စနစ်တကျ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဖူဝန်ကျန်းက မနာလိုဝန်တိုစိတ်ဖြင့် ကမူးရှူးထိုး လုပ်ဆောင်ခဲ့သောကြောင့်... သူ့၏ အဖိုးတန် အစီအစဉ်အားလုံး ဆိုးဆိုးဝါးဝါး ပျက်စီးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


သို့သော်လည်း အနာဂတ်တွင် မည်သူက အောင်နိုင်သူဖြစ်ပြီး မည်သူက ရှုံးနိမ့်သူဖြစ်မည်ကို ဆုံးဖြတ်ရန် စောလွန်းပါသေးသည်။ သူသည် စောစောစီးစီးဖြင့် အလွယ်တကူ အရှုံးပေးရန် ဘယ်လိုမှ ဆန္ဒမရှိချေ။


သူက သူ့ညီဖြစ်သူကို လှမ်းမေးလိုက်သည်။


"ရှောင်ဟန်ကျန့်တို့ လင်မယားကို ငါတို့ဘက် ပါလာအောင် စည်းရုံးနိုင်မယ့် အကြံကောင်းဉာဏ်ကောင်းလေးတွေ မင်းမှာ မရှိဘူးလား"


လျန့်ဟန်ယွီက ခဏမျှ တွေးတောပြီးနောက် ပြန်ပြောသည်။


"ကျွန်တော်က သူတို့ကို လူကိုယ်တိုင် မသိကျွမ်းတော့ ဘာအကြံမှ ထွက်မလာဘူး ဖြစ်နေတယ်။ ဒါပေမဲ့... စစ်သူကြီး ရှောင်ယွမ်ရှစ်ကို ခေါ်ပြီး မေးမြန်းလို့ ရတာပဲလေ။ ဘာပဲဖြစ်ဖြစ် အဲဒါက သူ့ရဲ့ သားအရင်းပဲလေ။"


လျန့်ဟန်ရှောင်က အတန်ကြာ စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြသည်။


"အင်း... ဒီနည်းလမ်းလည်း အဆင်ပြေနိုင်တာပဲ"


ထို့ကြောင့် သူက နှစ်ရက်အတွင်း ဒုတိယဇနီး တော်ကောက်မည့်ကိစ္စကို ဆွေးနွေးရန်ဟူသော အကြောင်းပြချက်ဖြင့် လူလွှတ်ကာ ရှောင်ယွမ်ရှစ်ကို အိမ်တော်သို့ ဖိတ်ခေါ်ခိုင်းလိုက်သည်။ သူသည် ရှောင်ယွမ်ရှစ် ရောက်ရှိလာသည့်အခါ ပြောဆိုစရာရှိသည်များကို ပွင့်ပွင့်လင်းလင်း ပြောရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားလိုက်သည်။


တစ်ချိန်တည်းမှာပင်... ဒုတိယမင်းသား အိမ်တော်အတွင်းရှိ အမျိုးသမီးများသည် ထိုကောလာဟလ သတင်းကို ကြားရသောအခါ အားလုံးက နှာခေါင်းရှုံ့ကာ ခနဲ့တဲ့တဲ့ ရယ်မောခဲ့ကြသည်။ ဒုတိယမင်းသားအား အတင်းအဓမ္မ လက်ထပ်ယူချင်အောင်အထိ ဆွဲဆောင်ညှို့ယူနိုင်ခဲ့သည့် ရုပ်ရည်ပိုင်ရှင်မှာ မည်သို့သော မိန်းမစားမျိုး ဖြစ်သနည်းဟူသည်ကို သူတို့ သိချင်နေကြပြီ ဖြစ်သည်။


သူတို့တစ်သိုက်မှာ ကောချွန်းယင်း အိမ်တော်တွင်းသို့ ဝင်ရောက်လာမည့်ရက်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ကြိုနေကြသည်။ တရားဝင် ကြင်ယာတော်ကြီးကိုယ်တိုင်ပင် စိတ်ထဲ၌ အနည်းငယ် မနာလိုဝန်တိုမှု ဖြစ်ပေါ်လာခဲ့ရသည်။ ဒုတိယမင်းသားက အမျိုးသမီးတစ်ဦးကို အလျင်စလို ယူရန် ကြိုးပမ်းသည်ကို သူမ ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သောကြောင့် ဖြစ်သည်။


တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက်... ကောချွန်းရုနှင့် ကောချွန်းယင်း မောင်နှမနှစ်ဦးသည်လည်း အပြင်ဘက်ရှိ ကောလာဟလ သတင်းများကို ကြားသိခဲ့ရသည်။ သို့သော်လည်း သူတို့နှစ်ဦးမှာ သတင်း၏ နောက်ကွယ်မှ အဖြစ်မှန်ကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ကြချေ။


ကောချွန်းရုက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။


"ဒုတိယမင်းသားက နင့်ကို အလွန်အမင်း သဘောကျမြတ်နိုးလွန်းလို့ တမင်တကာ သတင်းလွှင့်ပေးတာ ထင်တယ်။ ဒါဆိုရင်တော့ မင်းသားအိမ်တော်ထဲကို ရောက်သွားတဲ့အခါမှာ မျက်နှာသာ မပေးခံရမှာကို ပူပန်နေစရာ မလိုတော့ဘူးပေါ့"


သူမ၏ မျက်စိထဲတွင်မူ... သူမ၏ ညီမဖြစ်သူမှာ ဉာဏ်ပညာ ထက်မြက်ပြီး လှပချောမောလှသဖြင့် ဒုတိယမင်းသား၏ အလေးပေးခြင်းကို ခံရရန် ထိုက်တန်သည်ဟု ယူဆထားသည်။


ကောချွန်းယင်းသည် အလွန်တရာ အကွက်စိပ်ပြီး ကောက်ကျစ်သူ ဖြစ်သော်လည်း သူမသည်လည်း သာမန် အမျိုးသမီးတစ်ဦးသာ ဖြစ်ပေသည်။ ထို့ပြင် သူမသည် ဒုတိယမင်းသား၏ အရှိန်အဝါကို တပ်မက်နေသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူမက ရှက်သွေးဖြာနေသော မျက်နှာဖြင့် ကောချွန်းရုကို ကြည့်ကာ ပြောလိုက်သည်။


"အစ်မကလည်း... ကြိုက်သလို စနောက်နေတော့တာပဲ"


သို့သော် ယခုအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေရသည်။ သူမသည် မူလက ဒုတိယမင်းသားကို တမင်တကာ ပစ်ပယ်လျစ်လျူရှုထားပြီး တရားဝင် ကြင်ယာတော်ကြီးထံသို့ အရင်ဆုံး ချည်းကပ်ရန် ဗျူဟာခင်းထားခြင်း ဖြစ်သည်။ သို့သော် ယခု သတင်းများအရ သူမ၏ အစီအစဉ်ကို ပြောင်းလဲသင့်သလားဟူ၍ ဖြစ်သည်။


အတန်ကြာမှ သူမက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်သည်။ သူမသည် ဒုတိယမင်းသား၏ သာမန်အကူအညီကိုသာ လိုချင်သည် မဟုတ်ပေ။ သူမ လိုလားသည်မှာ ကြင်ယာတော် ရာထူး သို့မဟုတ် နောင်တစ်ချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိမည့် မိဖုရားခေါင်ကြီး ရာထူး ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ သတင်းလေးတစ်ခုကြောင့်နှင့်တော့ သူမ၏ မူလဗျူဟာကို အလွယ်တကူ ပြောင်းလဲ၍မဖြစ်ချေ။


ဤနည်းလမ်းအတိုင်း ဆက်သွားမှသာ ဒုတိယမင်းသားအနေဖြင့် သူမကို ပိုမိုတန်ဖိုးထားပြီး အထင်ကြီးလာအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ သူ့ထံသို့ အတင်းအဓမ္မ ပုံအပ်ချင်နေသည့် အမျိုးသမီးများမှာ အိမ်တော်တစ်ခုလုံး ပြည့်နှက်နေသဖြင့် ဒုတိယမင်းသားအနေဖြင့် ထိုမိန်းမများကို ဂရုစိုက်လေ့မရှိချေ။ ထို့ကြောင့် သူမသည် အခြားသူများနှင့်မတူဘဲ တစ်မူထူးခြားသည့် လူတစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။


သူမသည် လက်ထဲမှ အနွေးဓာတ်ပေး မီးဖိုလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း၊ စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များစွာဖြင့် နေ့ရက်များကို စောင့်စားနေခဲ့သည်။


***


နန်ရှီစီရင်စုမြို့တွင် ဖြစ်သည်။


ရှောင်ဟန်ကျန့်သည် သူ စေလွှတ်ထားသည့် သူလျှိုများထံမှတစ်ဆင့် သတင်းများကို လက်ခံရရှိခဲ့သည်။ သတင်းတစ်ခုမှာ မြောက်ပိုင်းနယ်စပ်ထံမှ ဖြစ်ပြီး ကျန်တစ်ခုမှာမူ မြို့တော်ထံမှ ဖြစ်သည်။


သူသည် မြို့တော်မှ ပြန်လည်ရောက်ရှိလာကတည်းက စီရင်စုမြို့ရှိ စာသင်ကျောင်းတွင် စာပေပို့ချပေးနေသော်လည်း မိသားစုရှိရာ ကျေးရွာသို့ မကြာခဏ ပြန်လေ့ရှိသည်။ သူသည် မြို့တော်တွင်သာမက မြောက်ပိုင်းနယ်စပ်တွင်ပါ သတင်းပေးအဆက်အသွယ် အမြောက်အမြောက်ကို လျှို့ဝှက်စွာ ဖြန့်ကျက်ထားရှိခြင်း ဖြစ်သည်။ သူသည် ယခင်က မြောက်ပိုင်းနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသဖြင့် ထိုနေရာဒေသ၏ အခြေအနေအရပ်ရပ်ကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်သည်။


လက်ရှိတွင် နှစ်သစ်ကူးကာလသို့ ဆိုက်ရောက်တော့မည် ဖြစ်သဖြင့် စာသင်ကျောင်းမှာလည်း ပိတ်ထားခဲ့ပြီ ဖြစ်သည်။


ရှောင်ဟန်ကျန့် အနှစ်သက်ဆုံးအရာမှာ... သူ့ဇနီးဖြစ်သူကို ချစ်စနိုးဖြင့် ဆိုဖာပေါ်တွင် ပွေ့ဖက်ထားရင်း စာအုပ်များကို အတူတကွ ဖတ်ရှုရခြင်း ဖြစ်သည်။ ဆိုဖာ၏ ရှေ့မှောက်တွင်မူ သံစားပွဲမီးဖိုလေး ရှိနေသဖြင့် အခန်းတွင်း လေထုမှာ အလွန်တရာ နွေးထွေးအေးချမ်းလျက်ရှိသည်။


သူက ပေးပို့လာသော လျှို့ဝှက်စာကို ဖြန့်၍ ဖတ်ရှုလိုက်သောအခါ၊ ရှစ်ချင်းလျို့မှာ သူ့ရင်ခွင်ထဲ၌ မှီတွယ်နေခြင်း ဖြစ်သဖြင့် စာပါအကြောင်းအရာများကို သူမပါ အတိုင်းသား မြင်တွေ့လိုက်ရသည်။ သူမက ပြုံး၍ ပြောလိုက်သည်။


"ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက တကယ့်ကို တတ်နိုင်လွန်းတာပဲ။ သူက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို လောင်းကစားဝိုင်းထဲ ရောက်သွားအောင် လူလွှတ်ပြီး သွေးထိုးဆွဲဆောင်ခိုင်းခဲ့တာကိုး။ ကံကောင်းလို့ ရှင့်ဘက်က ကြိုတင်သတိပေးထားတဲ့အတွက်... စာထဲမှာ သူတို့ကို လှမ်းပြီး သတိပေးလိုက်နိုင်တာ။ အကယ်၍သာ အလွန်အမင်း စိတ်နှစ်ရတဲ့ လောင်းကစားလုပ်တာမျိုး ဒါမှမဟုတ် ဆောင်ကြာမြိုင် သွားတာမျိုး လုပ်ရင် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးမှာ စွဲကပ်နေတဲ့ ရောဂါက ပိုပြီး ဆိုးရွားလာပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ ထည့်ပြောထားလိုက်လို့ပေါ့။ အဲဒါကြောင့်မို့လို့ သူက ကြောက်ပြီး လောင်းကစားရုံဘက်ကို ခြေဦးမလှည့်ရဲခဲ့တာ"


မဟုတ်ပါက ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေး၏ မိုက်မဲလောဘကြီးလှသော စိတ်သဘောထားမျိုးနှင့်ဆိုလျှင် ထိုထောင်ချောက်ထဲသို့ အလွယ်တကူ သက်ဆင်းကျရောက်သွားခဲ့ပြီ ဖြစ်သည်။


သူမ၏ ဆန်ကုန်မြေလေးယောက္ခမသည် အရည်အချင်းမရှိသော်လည်း ကိစ္စရပ်များကို လျှို့ဝှက်ကိုင်တွယ် ဆောင်ရွက်ရာတွင်မူ အလွန်တရာ သေသပ်လှပေသည်။ ရှောင်မိသားစုကို မည်သို့ နှိပ်ကွပ်ရမည်ကို သိရှိသည့်အပြင် မိမိထံမှ ဆုံးရှုံးသွားသည့် ပိုက်ဆံများကိုလည်း ကိုယ်ပိုင်အိတ်ကပ်ထဲသို့ ပြန်လည်ရောက်ရှိအောင် လိမ္မာပါးနပ်စွာ လုပ်ဆောင်ခဲ့သေးသည်။


သို့သော်လည်း ပို၍မြင့်မားသည့် တောင်တန်းများ ရှိနေသကဲ့သို့ လက်ရှိထက် ပိုမိုတော်မွန်းသည့် လူများလည်း ရှိနေသည် မဟုတ်ပါလား။ သူမ၏ ခင်ပွန်းဖြစ်သူမှာ ထိုလူထက် အဆပေါင်းများစွာ ပိုမိုထက်မြက်လှသည်။ ထို့ကြောင့်ပင် သူ့ဆန်ကုန်မြေလေးအဖေမှာ မတော်မတရား မရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပေသည်။


"အခုတော့ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို သတ္တုတွင်းဆီ ပို့ပစ်ဖို့အတွက်ပါ လူလွှတ်ပြီး အကွက်ဆင်ခိုင်းထားသေးတယ်။ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ကျွန်မကို တကယ့်ကို အမြင်ကျယ်စေတာပဲ"


ရှစ်ချင်းလျို့က မျက်တောင်လေးခတ်ကာ ယုတ်မာစွာ ပြုံးလိုက်ပြီး ရှောင်ဟန်ကျန့်ကို လှမ်းမေးလိုက်သည်။


"ဒီအောက်တန်းကျတဲ့ ကိစ္စတွေကိုသာ သူ့ရဲ့ဇနီးဖြစ်သူ ကောချွန်းရု သိသွားရင် ဘာတွေ ဆက်ဖြစ်လာမယ် ထင်လဲ"

***