အခန်း (၂၅၇) - ဒေါသထွက်ခြင်း
မြို့တော်တွင် ဖြစ်သည်။
ရှောင်ယွမ်ရှစ်သည် မြောက်ပိုင်းနယ်စပ်ထံမှ သတင်းနှင့် ကောချွန်းယီထံမှ ပေးပို့သောစာကို လက်ခံရရှိခဲ့သည်။ ရှောင်မိသားစုဟောင်းက စာအုပ်သေတ္တာထဲရှိ ငွေသုံးသောင်းကို ခိုးယူသွားခဲ့ကြောင်း သိလိုက်ရသည့် အချိန်တွင်မူ သူ၏မျက်နှာကြီးမှာ အုန်းခွံရောင်ကဲ့သို့ မည်းမှောင်သွားသည်။ သူသည် အလွန်တရာ ဒေါသချောင်းချောင်း ထွက်သွားခဲ့ရသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ ဒေါသထွက်နေသည်မှာ ရှောင်မိသားစုဟောင်းကို မဟုတ်ဘဲ ကောချွန်းရုကိုသာ ဖြစ်၏။ ကောချွန်းရုသည် ကောချွန်းယီအတွက် ငွေကြေးအနည်းငယ် (ထောင်ဂဏန်းခန့်) သာ ပြင်ဆင်ပေးလိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမက ငွေသုံးသောင်းအပြင် ကျောက်စိမ်းအဆင်တန်ဆာများကိုပါ ထည့်ပေးလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ဘဏ္ဍာထိန်းကို ချက်ချင်းခေါ်ယူကာ စစ်ဆေးမေးမြန်းလိုက်သည်။ ထိုအခါမှ ကောချွန်းရုသည် သူတို့၏ သိုလှောင်ခန်းထဲမှ အဖိုးတန် ကြွေထည်အမြောက်အမြောက်နှင့် ရှေးဟောင်းပန်းချီကားများကို ခိုးထုတ်သွားခဲ့ကြောင်း သိလိုက်ရသည်။ သူမသည် ကိုယ်ပိုင်ငွေကြေးများနှင့်အတူ သူ့ထံမှ လှည့်ဖြားယူထားသည့် ငွေထောင်ဂဏန်းအချို့ကို ရောနှောကာ ကောချွန်းယီအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သူ့ထံတွင် စုဆောင်းထားသည့် ရွှေငွေရတနာများစွာ ရှိသော်လည်း ထိုအရာများမှာ စစ်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့်အထဲမှ ခိုးသိမ်းထားတာဖြစ်ပြီး ကျန်ရှိသည့်အရာများမှာလည်း အခြားသူများက လာရောက်ဆက်သထားသည့် လက်ဆောင်ပဏ္ဏာများ ဖြစ်ကြသည်။ ထို့ကြောင့် ငွေသုံးသောင်းကို တစ်ခါတည်း သုံးဖြုန်းပစ်လိုက်ခြင်းက သူ့ကို အလွန်အမင်း ရင်နာသွားစေခဲ့သည်။
ပို၍အရေးကြီးသည်မှာ မကြာသေးမီက ကောချွန်းရုသည် ကောချွန်းယင်းအတွက်ပါ ခန်းဝင်ပစ္စည်းများ စီစဉ်ပေးခဲ့သေးသည်။ ထိုစဉ်ကလည်း သူမသည် သူ့ထံမှ ငွေပြားတစ်သောင်းကို ထပ်မံ ထုတ်ယူသွားခဲ့သေးသည်။ ရှောင်ယွမ်ရှစ်က စိတ်ထဲကနေ ခေါင်းအေးအေးဖြင့် ပြန်လည်တွက်ချက်ကြည့်လိုက်သည်။ ကောချွန်းရုသည် ကောချွန်းယင်းအတွက် သေတ္တာအလုံးပေါင်း ၁၈၀ မျှ အထိ ပြင်ဆင်ပေးလိုနေခြင်း ဖြစ်သည်။ ထိုမျှပမာဏဆိုလျှင် အနည်းဆုံး ငွေပြားသောင်းချီ၍ ကုန်ကျပေလိမ့်မည်။
သူမသည် သိုလှောင်ခန်းထဲမှ ပစ္စည်းအမြောက်အမြောက်ကို ခန်းဝင်ပစ္စည်းအဖြစ် ထည့်သွင်းပေးခဲ့သည့်အပြင်၊ ယခင်က သူ သူမအား ဆုလာဘ်အဖြစ် ပေးသနားခဲ့သည့် အဖိုးတန် လက်ဝတ်ရတနာများ အပါအဝင် သူမ၏ ကိုယ်ပိုင်သိုလှောင်ခန်းထဲရှိ ကျန်ရှိသမျှသော ငွေတုံးများကိုပါ အကုန်အစင် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဆင်ခြေဖုံးမြို့ရှိ သူပိုင်ဆိုင်သည့် ဆိုင်ခန်းလေးခန်းနှင့် စံအိမ်များကိုပါ ကောချွန်းရုက မျက်စိကျနေကြောင်း သူ သိရှိထားသည်။
တွေးမိလေလေ သူ့မျက်နှာကြီးက ပိုမိုဆိုးဝါး လည်းပတ်လာလေလေ ဖြစ်သည်။ သူ့ခယ်မအတွက် ပြင်ဆင်ပေးနေသည့် ပစ္စည်းများ၏ တန်ဖိုးပမာဏမှာ... စစ်သူကြီးစံအိမ်တွင် သူ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှသော စည်းစိမ်ဥစ္စာများ၏ တစ်ဝက်ခန့်ကို ကုန်ဆုံးသွားစေနိုင်လောက်သည်။
မှန်ပေသည်။ တကယ့် မင်းစိုးရာဇာ မူးမတ်မိသားစုကြီးများအတွက်မူ ခန်းဝင်ပစ္စည်း တန်ဖိုး ငွေတစ်သိန်းကျော်ဆိုသည်မှာ ပြောပလောက်သည့် ပမာဏ မဟုတ်ချေ။ သို့သော်လည်း သူက အခြေခံအောက်ခြေမရှိသည့် လယ်သမားဘဝမှစ၍ အသည်းအသန် ရုန်းကန်ခြစ်ကုတ်ကာ တက်လှမ်းလာခဲ့ရသူ ဖြစ်သည်။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ စစ်သူကြီးရာထူးကို ရရှိကာ မြို့တော်သို့ ပြောင်းရွှေ့အခြေချခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ စနစ်တကျ စုဆောင်းခြိုးခြံခဲ့သောကြောင့်သာ လက်ရှိတွင် အခြေအနေ ကောင်းမွန်နေခြင်း ဖြစ်သည်။
ကောချွန်းယင်းအတွက် ခန်းဝင်ပစ္စည်းအမြောက်အမြောက် ဝယ်ယူပြင်ဆင်ပေးရမည်ကို သူ လက်ခံပြီးသား ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒုတိယမင်းသားနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကွန်ရက်ဖြန့်ကျက်ရမည် မဟုတ်ပါလား။ ကောချွန်းယင်း၏ အဆင့်အတန်းမှာ မူလကတည်းက မမြင့်မားခဲ့ချေ။ ထို့ကြောင့် ခန်းဝင်ပစ္စည်း အမြောက်အမြောက် ပေးဆောင်ခြင်းဖြင့် စစ်သူကြီးစံအိမ်၏ သဘောထားကြီးမှုနှင့် အင်အားကို ပြသရာလည်း ရောက်ပေသည်။
သို့သော်လည်း ဘာအသုံးမကျသည့် ကောချွန်းယီကမူ သူ့အတွက် ဘာအကျိုးအမြတ် ပြန်လည်ယူဆောင်ပေးနိုင်မည်နည်း။ ရှောင်မိသားစုဟောင်းက ထိုပိုက်ဆံများကို ခိုးယူသွားခဲ့ခြင်းကပင် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက ပိုက်ဆံအမြောက်အမြောက် ပါသွားသည်ကို မသိရှိဘဲ ကောချွန်းယီကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မိတော့မည် ဖြစ်သည်။
သို့သော်... သေတ္တာထဲတွင် ပိုက်ဆံများ ဝှက်ထားသည်ကို ရှောင်မိသားစုဟောင်းက မည်သို့နည်းဖြင့် သိရှိသွားခဲ့ကြသနည်း။
သူက မည်းမှောင်နေသော မျက်နှာထားဖြင့် သူ့လက်ထောက်အား အမိန့်ပေး ညွှန်ကြားလိုက်သည်။
"မြောက်ပိုင်းနယ်စပ်က အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်တော့"
သူသည် ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးကို လောင်းကစားဝိုင်းထဲသို့ ဆွဲသွင်းပြီး လက်ရှိရရှိထားသည့် ငွေများကို အကုန်အစင် ရှုံးနိမ့်သွားစေရန် လူလွှတ်၍ ကြိုတင်စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ စင်စစ် ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေး သွားရောက်ကစားခဲ့သည့် စီရင်စုမြို့ရှိ လောင်းကစားရုံမှာ သူ့ပိုင်ဆိုင်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူ့ထံမှ အခိုးခံလိုက်ရသည့် ငွေတုံးများသည် သူ့အိတ်ကပ်ထဲသို့ပင် ပြန်လည်ရောက်ရှိလာမည်ဖြစ်ရာ ကောချွန်းရုတို့မောင်နှမ လုံးဝ ရိပ်မိနိုင်မည် မဟုတ်ပေ။
ထိုသို့ တွေးတောလိုက်မိမှသာ သူ့စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်သက်သာရာ ရသွားသည်။ သို့သော်လည်း ကောချွန်းရုအပေါ် ထားရှိသည့် မကျေနပ်ချက်များကမူ လုံးဝ လွင့်ပျယ်သွားခြင်း မရှိသေးပေ။
သူ့လက်ထောက်က ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့... အခုပဲ စနစ်တကျ စီစဉ်လိုက်ပါ့မယ်"
လက်ထောက်ဖြစ်သူ ထွက်ခွာသွားပြီးနောက်... သူသည် စာဖတ်ခန်းထဲရှိ သိပ်ပြီး သတိမမူမိနိုင်သည့် ပန်းအိုးတစ်လုံးနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် ပန်းအိုးထဲတွင် ဝှက်ထားသော တိရစ္ဆာန်သားရေပေါ်တွင် ဆွဲသားထားသည့် ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူသည် ထိုတိရစ္ဆာန်သားရေကို အချိန်အတော်ကြာ ကိုင်တွယ်ကာ ငေးမောရင်း တိတ်ဆိတ်နေခဲ့သည်။
သူက ထိုတိရစ္ဆာန်သားရေကို ဖြန့်ခင်းလိုက်ပြီးနောက် အထဲမှ နောက်ထပ် သားရေပုရပိုက်တစ်ခုကို ထပ်မံထုတ်ယူလိုက်ပြန်သည်။ ထို့နောက် အပေါ်တွင် ရေးသားထားသည့် စာသားများနှင့် ပန်းချီမြေပုံကို အတိအကျ ကူးရေးလိုက်သည်။ သူသည် အသစ်ကူးရေးထားသည့် သားရေပုရပိုက်ကို သေသေချာချာ ခေါက်ကာ ကြိုးဖြင့် ချည်နှောင်လိုက်သည်။ ပြီးနောက် ထိုအရာကို တန်ဖိုးသိပ်မရှိလှသည့် သာမန်ပန်းအိုးတစ်လုံးထဲသို့ ပစ်ထည့်လိုက်သည်။
သူ့စာဖတ်ခန်းထဲတွင် လျှို့ဝှက်အခန်းငယ်တစ်ခု ရှိနေသည်မှာ မှန်သော်လည်း... အလွန်တရာ အရေးကြီးလှသည့် လျှို့ဝှက်ပစ္စည်းများကိုမူ ထိုလျှို့ဝှက်အခန်းထဲတွင် ထားလေ့ မရှိချေ။
ထို့နောက် သူက မူရင်းတိရစ္ဆာန်သားရေမြေပုံကို ရင်ဘတ်ထဲသို့ လျှို့ဝှက်ထိုးထည့်လိုက်ပြီး မြင်းရထားလုံးဖြင့် နန်းတော်တွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်ခဲ့သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးပြီ ဖြစ်ရာ... ယခုအချိန်သည် ရတနာမြေပုံကို ဘုရင်ကြီးထံသို့ သွားရောက်ဆက်သရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
သူ့စိတ်ထဲတွင်မူ အလွန်ပင် နှမြောတသဖြစ်ကာ မချင့်မရဲ ဖြစ်နေမိသည်။ မူလက ထိုရတနာမြေပုံကို အလွန်အရေးကြီးသည့် အကျပ်အတည်းအချိန်ကျမှသာ ကြီးမားလှသည့် ကောင်းကျိုးတစ်ခုနှင့် လဲလှယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် အခြေအနေများကြောင့် ယခုအခါ ဘုရင်ကြီး၏ စိတ်ကျေနပ်မှုကို ပြန်လည်ရရှိရန်နှင့် အမျက်တော်ပြေစေရန်အတွက်သာ သုံးစွဲရတော့မည် ဖြစ်သည်။
ရှောင်ယွမ်ရှစ်က သူ့အား လာရောက်တွေ့ဆုံလိုကြောင်း ကြားသိရသောအခါ ဘုရင်ကြီးသည် သူ ယနေ့ လာရောက်ရသည့် အကြောင်းအရင်းကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိလိုက်သည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ရှောင်ယွမ်ရှစ်၏ လူများသည် ယခင်မင်းဆက်၏ ကြွင်းကျန်ရစ်သည့် ပစ္စည်းများကို လိုက်လံသိမ်းဆည်းသလိုမျိုး ဟန်ပြလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ယခုအခါ ရတနာမြေပုံကို လာရောက်ဆက်သခြင်း ဖြစ်ပေလိမ့်မည်။
ဘုရင်ကြီးက မျက်လုံးများကို မှေးကျည်းလိုက်သည်။ အနည်းဆုံးတော့ ရှောင်ယွမ်ရှစ်က လိမ္မာပါးနပ်စွာဖြင့် ရတနာမြေပုံကို အရင်ဆုံး လာရောက်ဆက်သခဲ့ပေသည်။ မဟုတ်ပါကမူ...။ သို့သော်လည်း ဘုရင်ကြီးသည် သူ့ကို ချက်ချင်း တွေ့ခွင့်မပေးခဲ့ချေ။ ထိုအစား ရှောင်ယွမ်ရှစ်အပေါ် မကျေနပ်သည့် စိတ်အခြေအနေကို သွယ်ဝိုက်သောနည်းဖြင့် ပြသရန်အတွက် နန်းဆောင်အတွင်း ခဏမျှ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ အချိန်အတန်ကြာမှသာ ရှောင်ယွမ်ရှစ်ကို အထဲသို့ ဝင်ခွင့်ပြုရန် အမိန့်ပေးလိုက်သည်။
"အရှင်မင်းကြီး... ဒါက ကျွန်တော်မျိုး အရင်မင်းဆက်ရဲ့ ကြွင်းကျန်ရစ်တာတွေကို လိုက်လံသိမ်းဆည်းရင်းနဲ့ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာပါ။"
ရှောင်ယွမ်ရှစ်သည် ဘုရင်ကြီး၏ ရှေ့မှောက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရင်ဘတ်ထဲမှ ရတနာမြေပုံကို ထုတ်ယူကာ ရိုသေစွာ ဆက်သလိုက်သည်။ ဘုရင်ကြီးသည် မိန်းမစိုးထံမှတစ်ဆင့် တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် မြေပုံကို လွှဲပြောင်းရယူကာ စူးစိုက်ကြည့်ရှုလိုက်သည်။ ထို့နောက် အခြွေအရံများကို တာ့လျန်ပြည်ထောင်စု၏ မြေပုံကို ယူဆောင်လာစေပြီး နှိုင်းယှဉ်စစ်ဆေးကြည့်ခဲ့သည်။
စနစ်တကျ နှိုင်းယှဉ်ကြည့်ပြီးနောက် ဘုရင်ကြီး၏ မျက်နှာတော်မှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
"စစ်သူကြီးရှောင်... ဒီရတနာမြေပုံက ဘယ်နေရာကို ညွှန်ပြနေတာလဲ"
ရှောင်ယွမ်ရှစ်သည် ဉာဏ်အလွန် မြန်ဆန်သူ ဖြစ်သည်။ ဘုရင်ကြီး၏ မည်းမှောင်သွားသည့် မျက်နှာတော်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ထိတ်လန့်မပျော်မရွှင် ဖြစ်သွားခဲ့ရသည်။ ခဏမျှ အကဲခတ်တွေးတောပြီးနောက် သူက ရိုးသားစွာပင် လျှောက်တင်လိုက်သည်။
"မြောက်ပိုင်းနယ်စပ်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ အလွန်တူပါတယ်။"
သူသည် မြောက်ပိုင်းနယ်စပ် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သဖြင့် ထိုနေရာဒေသ၏ မြေပုံအနိမ့်အမြင့်ကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်သည်။
ဘုရင်ကြီးက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး မေးသည်။
"မြောက်ပိုင်းနယ်စပ် သက်သက်ပဲတော့ မဟုတ်ဘူးမလား"
ရှောင်ယွမ်ရှစ်က အသက်ကို အောင့်ကာ အရဲစွန့်၍ လျှောက်တင်လိုက်ရသည်။
"ကျင်းဘုရင်ရဲ့ အပိုင်စားနယ်မြေနဲ့ ပိုပြီးတူညီမယ်လို့ထင်ပါတယ်။"
ဘုရင်ကြီးသည် ဒေါသကြောင့် စားပွဲခုံကို ရိုက်ချင်စိတ်ကို အသည်းအသန် ထိန်းချုပ်ထားရပြီး အေးစက်စက် လေသံဖြင့် မိန့်တော်မူလိုက်သည်။
"ရင်းနှီးပါတယ် အောက်မေ့နေတာ... ကျင်းဘုရင်ရဲ့ နယ်မြေ ဖြစ်နေတာကိုး"
သူ့ခမည်းတော် (ဘုရင်ဟောင်း) က တကယ့်ကို အကွက်စိပ်လွန်းလှသည်။ ယခင်မင်းဆက်၏ ရတနာသိုက်များကို တော်ဝင်မိသားစုက ကြိုတင်၍ ဝှက်ထားခဲ့ကြခြင်း ဖြစ်သည်။ ဤမင်းဆက် စတင်တည်ထောင်ကတည်းက ဤအရာမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ချေ။ သို့သော် ရတနာမြေပုံကို ယခင်မင်းဆက် လက်ထက်ကတည်းကပင် ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ပြန့်နှံ့ခဲ့ဖူးသည်။
သူ့ခမည်းတော် ထီးနန်းတက်စဉ်အခါကလည်း ထိုရတနာသိုက်ကို အသည်းအသန် ရှာဖွေခဲ့သေးသည်။ ကြည့်ရသည်မှာ ခမည်းတော်သည် သဲလွန်စအချို့ ရရှိခဲ့ကာ ရတနာသိုက်၏ တည်နေရာမှာ မြောက်ပိုင်းနယ်စပ်ရှိ မြောက်ပိုင်းမြို့တစ်မြို့၏ အနီးအနားတွင် ရှိနေကြောင်း သိရှိသွားခဲ့သည့် ပုံရသည်။ ထို့ကြောင့်ပင် ခမည်းတော်သည် ကျင်းဘုရင်အား မြောက်ပိုင်းမြို့ အပါအဝင် ထိုမြေနေရာအကျယ်ကြီးကို အပိုင်စား ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခင်မင်းဆက်က ဘာတွေလုပ်ဖို့ ကြံစည်ခဲ့ကြတာနည်း။ ရတနာသိုက်ကို သူ့အဖိုးတန်သားထံသို့ လျှို့ဝှက်ပေးအပ်ခဲ့ခြင်းမှာ ကိုယ့်ဘာသာကိုယ် ခုခံကာကွယ်ရန်လား၊ သို့မဟုတ် ပုန်ကန်ထကြွရန်အတွက်လား။
နန်းဆောင်အတွင်း အခြေအနေမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားမှသာ ရှောင်ယွမ်ရှစ်က ဆက်လက်လျှောက်တင်လိုက်သည်။
"အဲဒီလို ဆိုပေမယ့်လည်း... ပိုပြီး တိကျသေချာစေဖို့အတွက် ကျွန်တော်မျိုးတို့ဘက်က အသေးစိတ် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါသေးတယ်။"
တကယ်တော့ သူသည် ရတနာမြေပုံကို ရရှိကတည်းက နေ့ညမပြတ် လေ့လာနေခဲ့ခြင်း ဖြစ်သဖြင့် မြေပုံထဲရှိ တည်နေရာမှာ မြောက်ပိုင်းနယ်စပ် ဖြစ်ကြောင်း သေသေချာချာ သိရှိထားပြီး ဖြစ်သည်။ သို့သော်လည်း မြေပုံကို အခြေခံ၍ ကွင်းဆင်းကာ အသေးစိတ် စုံစမ်းရမည့် အချက်အလက်များစွာ ကျန်ရှိနေသေးသည်။ ရတနာသိုက်ကို လက်ဝယ်ရရှိရန်မှာ ဘယ်လိုမှ မလွယ်ကူလှချေ။
ထို့ပြင် သူသည် ဘုရင်ဟောင်း၏ အကြံအစည်ကိုလည်း စဉ်းစားမိသေးသည်။ ယခင်က ကျင်းဘုရင်အား မြောက်ပိုင်းနယ်စပ်ရှိ နယ်မြေကို ပေးအပ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလားဟူ၍ ဖြစ်သည်။
ဘုရင်ကြီးက တိရစ္ဆာန်သားရေမြေပုံကို လက်ဖြင့် လှည့်ပတ်ဆော့ကစားရင်း လှမ်းမေးလိုက်သည်။
"ဒီမြေပုံကို မောင်မင်း အခုမှ ရှာတွေ့တာလား"
ရှောင်ယွမ်ရှစ်သည် ရင်ထဲတွင် ဒိန်းခနဲ တုန်ရင်သွားသော်လည်း ဝါရင့်အရာရှိပီပီ ပိပိရိရိပင် ဟန်မပျက် နေလိုက်သည်။ ထို့ကြောင့် သူက မျက်နှာအမူအရာ အပြောင်းအလဲမရှိဘဲ ခေါင်းညိတ်၍ လျှောက်တင်လိုက်သည်။
"မှန်လှပါ။"
"ကောင်းပြီ... ဒီမြေပုံထဲက ပစ္စည်းတွေကို မောင်မင်း သေသေချာချာ ရှာဖွေတွေ့ရှိတဲ့ အခါကျမှပဲ ငါကိုယ်တော်က ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်"
ယခုအချိန်တွင် ဆုလာဘ်တောင်းခံရန် မကြိုးစားသင့်ကြောင်း သွယ်ဝိုက်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ပျက်နေသည့် အခြေအနေများကို ရှောင်ယွမ်ရှစ် ကောင်းစွာ နားလည်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိတ်ပျက်မိသွားခဲ့သည်။ သူက ရိုသေစွာ ပြန်လည်လျှောက်တင်လိုက်သည်။
"ဒါက ကျွန်တော်မျိုး တာဝန်အရ လုပ်ဆောင်ရမယ့်ကိစ္စပါပဲ။"
ဘုရင်ကြီး၏ စိတ်အခြေအနေမှာ အစောပိုင်းကထက် ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်ရာ၊ သူက လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။
"ကောင်းပြီ... သွားနိုင်ပြီ"
"မှန်လှပါ။"
ရှောင်ယွမ်ရှစ်သည် ဦးညွှတ်၍ နန်းဆောင်အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့ပြီးမှ... သူ့ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ စိုရွှဲနေခဲ့သည်ကို သတိထားမိသည်။ ဘုရင်ကြီးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုခန့်ညားထက်မြက်လာပြီး စိတ်သဘောထားကို ခန့်မှန်းရန် အလွန်တရာ ခက်ခဲလာခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရတနာမြေပုံကို လာရောက်ဆက်သခဲ့မိခြင်း ဖြစ်ပေသည်။ မဟုတ်ဘဲ သူက ရတနာမြေပုံကို လျှို့ဝှက်သိမ်းဆည်းထားကြောင်း ဘုရင်ကြီး သိရှိသွားခဲ့ပါက စစ်သူကြီးစံအိမ်တစ်ခုလုံး ဘေးဒုက္ခအကြီးအကျယ် ကြုံတွေ့ရပေလိမ့်မည်။
မကြာမီ အချိန်အတွင်းမှာပင် မြို့တော်အတွင်း၌ သတင်းထူးတစ်ခုမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
"ကြားပြီးကြပြီလား... ဒုတိယမင်းသားက စစ်သူကြီးရှောင်ရဲ့ ခယ်မကို တွေ့တွေ့ချင်းမှာတင် ဒုတိယဇနီးအဖြစ် တော်ကောက်ဖို့ စီစဉ်နေတယ်တဲ့လေ"
"ကြားတာပေါ့... ကောချွန်းရုရဲ့ ညီမရဲ့ အဆင့်အတန်းကလည်း မနိမ့်လှဘူးလေ။ ဒုတိယမင်းသားမှာသာ တရားဝင် ကြင်ယာတော်မရှိသေးရင် သူ့ကို ကြင်ယာတော်အဖြစ်တောင် မြှောက်စားလောက်တယ်"
"စစ်သူကြီးရှောင်ရဲ့ ခယ်မက အဲဒီလောက်တောင် လှပလို့လားဟ"
"အလွန်လှပတယ်လို့ ကြားရတာပဲ။ ဂီတ၊ ကျားကွက်၊ လက်ရေးလှနဲ့ ပန်းချီဆွဲတာတွေမှာလည်း အကုန်လုံး ကျွမ်းကျင်လိမ္မာတယ်တဲ့။ မိသားစုကြီးတွေရဲ့ တရားဝင် ဇနီးကြီးက မွေးတဲ့ သမီးအရင်းတွေထက်တောင် မနိမ့်ကျဘူးလို့ ပြောကြတယ်"
"ဒါကြောင့်မို့လည်း ဒုတိယမင်းသားကိုတောင် ညှို့ယူဖမ်းစားနိုင်ခဲ့တာ မဆန်းတော့ပါဘူး"
"ဒုတိယမင်းသားအတွက်ကတော့ အခုလိုမျိုး ထက်မြက်တဲ့ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တာက တကယ့် ကောင်းချီးမင်္ဂလာပဲပေါ့"
ထိုသို့သော ကောလာဟလ စကားသံများသည် အချိန်တိုအတွင်းမှာပင် ဒုတိယမင်းသား၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။
***