အခန်း (၂၅၆) - ရူးတော့မယ်
ကျန်ရှိသည့်ရက်များတွင် ရှောင်မိသားစုဟောင်းက ကောချွန်းယီကို စိတ်ပျက်ပြိုလဲလုနီးပါး ဖြစ်အောင် နှိပ်စက်ကြသည်။
ရှောင်မိသားစု၏ အကြီးဆုံးမြေးနှင့် ကျန်လူများသည် ကောချွန်းယီ၏ ဒဏ်ရာပေါ်သို့ ပူပြင်းသည့် လက်ဖက်ရည် သို့မဟုတ် စွပ်ပြုတ်များဖြင့် လောင်းချတတ်ကြသည်။ သို့မဟုတ်ပါကလည်း အခြားလူများကို မြွေနှင့် ကြွက်များ ဖမ်းခိုင်းပြီး ညဉ့်နက်ချိန်တွင် ကောချွန်းယီ၏ အခန်းထဲသို့ ပစ်ထည့်လေ့ရှိကြသည်။
ထို့ပြင် သူတို့က ကောချွန်းယီ၏ ကျောက်မီးသွေးများကိုပါ ရေလောင်းချပစ်ခဲ့ကြသေးသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် မြင်းရထားလုံးထဲ၌ မီးမွေးရန် ကြိုးစားသော်လည်း မီးမကူးဘဲ မီးခိုးများသာ အလုံးအရင်းလိုက် ထွက်ပြီး မွှန်ထူနေခဲ့ရသည်။ ကောချွန်းယီက ရှောင်မိသားစုဟောင်းထံ သွားရောက်ကာ ကျောက်မီးသွေးအချို့ တောင်းခံခဲ့သော်လည်း သူတို့က ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့ကြသည်။
ထို့ကြောင့် ကောချွန်းယီမှာ မြင်းရထားလုံးထဲတွင် စောင်ကိုပတ်၊ အမွေးပွခြုံထည်ဝတ်ရုံကို ထပ်ခြုံထားသော်လည်း ချမ်းအေးလွန်းသဖြင့် တစ်ဆက်ဆက် တုန်ယင်နေခဲ့ရသည်။ မြောက်ပိုင်းနယ်စပ်သို့ ချဉ်းကပ်လာလေလေ ရာသီဥတုက ပိုမိုအေးစက်လာလေလေ ဖြစ်သည်။ မြင်းရထားလုံးထဲတွင် မီးလင်းဖိုဖြင့် မီးလှုံနေရသည့် ရှောင်မိသားစုဟောင်းပင် ချမ်း၍ တုန်နေကြရသည်ဖြစ်ရာ မီးမလှုံရသည့် ကောချွန်းယီအဖို့မူ ပြောနေစရာပင် မလိုတော့ချေ။
သူ့ခြေထောက်ဒဏ်ရာမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာသဖြင့် နောင်တများ တရဆတ် ရနေမိသည်။ အကယ်၍သာ စောစောစီးစီး သိခဲ့မည်ဆိုပါက မြောက်ပိုင်းနယ်စပ်သို့လာရန် နွေဦးရာသီအထိ စောင့်ဆိုင်းခဲ့မည်မှာ သေချာသည်။ ကံကောင်းသည်မှာ သူနှင့်အတူ ဆေးဆရာတစ်ဦး ပါလာခဲ့သဖြင့် ခြေထောက်ကို မကြာခဏ ဆေးထည့်၊ ဆေးလိမ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မြောက်ပိုင်းနယ်စပ်သို့ သွားရာလမ်းခုလတ်မှာတင် ဘဝတစ်ပါး ပြောင်းသွားလိမ့်မည်ဟု သူ ခံစားနေရသည်။
ထို့ကြောင့်ပင် သူက ယောက်ဖဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို ရင်ထဲကနေ အလွန်တရာ ကျေးဇူးတင်မိနေသည်။ သို့သော် လမ်းခရီးတစ်ဝက်တွင် ကောချွန်းယီ သေဆုံးသွားပါက ကောချွန်းရုနှင့် စစ်သူကြီးအား မည်သို့မျက်နှာပြရမှန်း မသိတော့မည်ကို စိုးရိမ်သဖြင့် ယောက်ဖဖြစ်သူက ဆေးဆရာ ထည့်ပေးလိုက်ခြင်းဖြစ်သည်ကိုမူ ကောချွန်းယီတစ်ယောက် လုံးဝမသိရှာပေ။
တစ်ချိန်တည်းမှာပင် ကောချွန်းယီသည် ရှောင်မိသားစုဟောင်းကို အရိုးထဲထိ နာကျည်းမုန်းတီးနေခဲ့သည်။
ရက်ပေါင်း ၂၀ ခန့် ကြာမြင့်ပြီးနောက်တွင် သူတို့တစ်သိုက် မြောက်ပိုင်းနယ်စပ်သို့ ဆိုက်ရောက်လာခဲ့ကြသည်။ ရှောင်ယွမ်ရှစ်၏ ကြိုတင်ညွှန်ကြားထားမှုကြောင့် သူ့အား စီရင်စုလက်ထောက်အဖြစ် ရာထူးခန့်အပ်သည့်ကိစ္စမှာ အလွန်တရာ ချောမွေ့ခဲ့သည်။ စီရင်စုတရားသူကြီးမင်းကလည်း သူတို့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ပြီး ရှောင်မိသားစုအတွက် ရုံးတော်နောက်ဘက်ရှိ ခြံဝန်းတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ငွေကြေးရွှင်လန်းနေသည့် ရှောင်မိသားစုဟောင်းက ထိုခြံဝန်းငယ်လေးကို သဘောမကျကြချေ။ ထို့ကြောင့် သူတို့က ကိုယ်ပိုင်ငွေသုံးကာ ဝင်ပေါက်ထွက်ပေါက် အဆင်ပြေပြေနှင့် ကျယ်ဝန်းလှသည့် ခြံဝန်းကြီးတစ်ခုကို သီးသန့်ငှားရမ်းလိုက်ကြသည်။ စင်စစ် ကောချွန်းယီကမူ စီရင်စုတရားသူကြီးမင်း စီစဉ်ပေးသည့် ရုံးတော်နောက်က ခြံဝန်းလေးတွင်သာ နေထိုင်မည်ဟု ပြောခဲ့သည်။
ပထမတစ်ချက်အနေဖြင့် သူက ရှောင်မိသားစုဟောင်းကို လန့်နေသောကြောင့် ဖြစ်သည်။ သူတို့နှင့်အတူ တစ်မိုးတည်းအောက်တွင် ဘယ်လိုမှ မနေချင်တော့ပေ။ ဒုတိယအချက်မှာ စီရင်စုတရားသူကြီးမင်း၏ ရှေ့မှောက်တွင် အမြင်ကောင်းရရှိစေရန် ဖြစ်သည်။
ထိုညမှာပင် ကောချွန်းယီက သူ့အစေခံကောင်လေးများကို အခန်းသန့်ရှင်းရေး လုပ်ခိုင်းပြီး စာအုပ်သေတ္တာများကို အခန်းထဲသို့ သယ်ခိုင်းလိုက်သည်။ အစေခံများ ထွက်သွားပြီးနောက် သူသည် အပေါ်ကစာအုပ်များကို ဖယ်ရှားလိုက်ပြီး ဓားမြောင်တစ်စင်းဖြင့် သေတ္တာအောက်ခြေကို လှန်ရန် ပြင်လိုက်သည်။ သူက အရေးပေါ်သုံးရန် ငွေအချို့ကို ထုတ်ယူပြီး စီရင်စုရုံးတော်တွင် အဆက်အသွယ်ကောင်းများရအောင် လာဘ်ထိုးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် သေတ္တာအောက်ခြေကို လှန်ကြည့်လိုက်သည့်အခါ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေလိမ့်မည်ဟု သူ အိပ်မက်ပင် မက်ဖူးမည်မထင်ချေ။ သူ့မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားပြီး တခြားသေတ္တာများကိုပါ ကမူးရှူးထိုး လိုက်လံဖွင့်လှစ်သည်။ အလားတူပင်... သူ့အစ်မက သူ့အတွက် ထည့်ပေးလိုက်သည့် ပိုက်ဆံ၊ ရွှေနှင့် ငွေတုံးများအားလုံး တစ်ပြားတစ်ချပ်မျှ မကျန်တော့ပေ။
တစ်ညတွင် သူ့အစ်မက လူလွှတ်၍ စာအုပ်သေတ္တာများကို သူ့ထံသယ်လာခိုင်းကာ လျှို့ဝှက်အကန့်ကို မည်သို့ဖွင့်ရမည်နည်းဟု သေသေချာချာ သင်ပေးခဲ့သည့်နေ့ကို သူ ပြန်လည်တွေးတောမိသည်။ ထိုစဉ်က သေတ္တာများကို သူ့အခန်းထဲကနေ မထုတ်ခဲ့ဘဲ နောက်နေ့မနက်ကျမှ မြင်းရထားလုံးပေါ်သို့ တိုက်ရိုက်ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုငွေတုံးများမှာ စစ်သူကြီးစံအိမ်တွင် ပျောက်ဆုံးခဲ့ခြင်း မဖြစ်နိုင်ပေ။
ဤလျှို့ဝှက်ချက်ကို ရှောင်မိသားစုဟောင်းအား အသိမပေးရန် အစ်မဖြစ်သူက အထူးတလည် မှာကြားခဲ့သည်ကိုလည်း သူ သတိရသွားသည်။ သေတ္တာထဲက ပိုက်ဆံများကို ရှောင်မိသားစုဟောင်းက ရှာဖွေတွေ့ရှိသွားပြီး ခိုးယူသွားခြင်း ဖြစ်ရမည်ဟု ကောချွန်းယီက တထည်တည်း တွက်ဆလိုက်သည်။ ခရီးစထွက်ကတည်းက သူတို့က သူ့အိတ်များကို မွှေနှောက်ခဲ့ကြပြီး ပိုက်ဆံရှိမလားဟူသော သံသယဖြင့် သူ့အပေါ်အင်္ကျီအိတ်ကပ်များကိုပင် တမင်တကာ လာရောက်စမ်းသပ်ခဲ့ကြဖူးသည်။
ကောချွန်းယီမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်လာရသည်။ ငွေသုံးသောင်းတောင် ဖြစ်သည်။ ထို့ကြောင့် သူက ထိုညမှာပင် အစေခံကောင်လေးတစ်ဦးကို ခေါ်ဆောင်ကာ ရှောင်မိသားစုဟောင်း ငှားရမ်းထားသည့် ခြံဝန်းဆီသို့ ဒေါသတကြီး ချီတက်သွားသည်။
ထိုအချိန်တွင် ရှောင်မိသားစုဟောင်းမှာ သိုးသားပြုတ်များကို မြိန်ရေရှက်ရေ စားသောက်နေကြဆဲ ဖြစ်သည်။ ပိုက်ဆံအမြောက်အမြောက် လက်ထဲရောက်လာပြီးနောက် သူတို့တစ်သိုက်မှာ အပူအပင်ကင်းကင်းဖြင့် အကောင်းစားများကို စားသောက်ကာ ဆင်ယင်ထူးခြားစွာ ဝတ်ဆင်ထားကြသည်။
ကောချွန်းယီ ဒေါသတကြီး ဝင်လာသည်ကို မြင်သောအခါ ရှောင်သခင်မကြီးက သူ့ကို အေးစက်စက် အကြည့်ဖြင့် စောင်းငဲ့ကြည့်ကာ မေးလိုက်သည်။
"ဘာလာလုပ်တာလဲ"
ကောချွန်းယီ၏ မျက်နှာမှာ မှုန်ကုပ်နေလျက်ရှိပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ကျုပ် စာအုပ်သေတ္တာထဲက ပိုက်ဆံတွေကို ခင်ဗျားတို့ ခိုးသွားတာမလား"
ရှောင်သခင်မကြီးက ဟန်ဆောင်ပန်ဆောင်ဖြင့် အံ့ဩချင်ယောင်ဆောင်လိုက်သည်။
"ဘာပိုက်ဆံလဲ"
ကောချွန်းယီသည် ရှောင်ယွမ်ရှစ်၏ ဘေးနားတွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ လူတစ်ဦး၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် မည်သို့စူးစမ်းရမည်ကို ကောင်းစွာသိရှိသည်။ ထို့ကြောင့် ရှောင်သခင်မကြီးက အံ့ဩသွားသလို ဟန်လုပ်နေသော်လည်း တကယ်တမ်းတွင်မူ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိကြောင်း သူ ရိပ်မိလိုက်သည်။ ဤအချက်ကပင် သူမ ငွေတုံးများကို ခိုးယူခဲ့သည်ဟူသောအချက်ကို ပိုမိုခိုင်မာသွားစေသည်။
"အဲဒီငွေတွေက ယောက်ဖက ကျုပ်အတွက် စီစဉ်ပေးလိုက်တဲ့ဟာတွေပဲ။ ခင်ဗျားတို့ မြန်မြန်ပြန်ပေးရင် အားလုံးအတွက် ကောင်းလိမ့်မယ်"
သူက ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးကို စူးစိုက်ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
"မဟုတ်ရင်တော့ နောင်တစ်ချိန်မှာ ယောက်ဖက မင်းကို ဘယ်လိုမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်သခင်မကြီးသည် ဒေါသအဟုန်ဖြင့် ပေါက်ကွဲသွားသည်။
"ထွီး... နင့်လိုမျိုး မျိုးမစစ်ကောင်ကများ ငါတို့ကို ခြိမ်းခြောက်ရဲသေးတယ်ပေါ့။ ဘာငွေလဲ... ငါတို့ ဘာမှမသိဘူး။ ငါတို့ယူတယ်လို့ စွပ်စွဲချင်ရင် နင့်မှာ သက်သေရှိလား၊ ပြစမ်း"
ရှောင်သခင်မကြီးက အသားခါအောင် ဒေါသထွက်လျက် အော်ဟစ်သည်။
"သက်သေအထောက်အထား မရှိဘဲနဲ့ ငါတို့ကို လာပြီး သပုပ်လေလွင့် စွပ်စွဲနေတာပဲ။ မနက်ဖြန်ကျရင်တော့ စီရင်စုတရားရုံးမှာ နင့်ကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲပစ်မယ်"
ကောချွန်းယီကလည်း အလျှော့မပေးဘဲ ဇွတ်အတင်း တွန်းတိုက်သည်။
"ခင်ဗျားတို့ ဝန်မခံလည်း ခင်ဗျားတို့ ယူထားတယ်ဆိုတာ ကျုပ် သေသေချာချာ သိတယ်။ မြန်မြန် ပြန်ပေးစမ်းပါ"
သူက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။ ငွေကြေးမရှိဘဲနှင့် ဤမြောက်ပိုင်းနယ်စပ်တွင် သူ မည်သို့ လှုပ်ရှားမှုများကို စီစဉ်နိုင်တော့မည်နည်း။ စစ်တပ်ထဲရှိ သူ့ယောက်ဖ၏ မိတ်ဆွေကောင်းများကို အဖိုးတန် လက်ဆောင်ကြီးများ ပေးအပ်ရန် လွန်ခဲ့သည့်ရက်ပိုင်းကတည်းက သူ စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
မြောက်ပိုင်းနယ်စပ်သို့ လာသည့် လမ်းခရီးတစ်လျှောက်တွင် ရှောင်မိသားစုဟောင်းက သူနှင့် ခွဲစား၊ ခွဲအိပ်ခဲ့ကြသဖြင့် သူ သီးသန့်ယူဆောင်လာသည့် ငွေပြားသုံးရာထဲမှ ဆယ်ဂဏန်းများစွာမှာ သုံးစွဲပြီးနေပြီ ဖြစ်သည်။ ဤမျှနှင့် လက်ဆောင်ပေးရန် မည်သို့မျှ မလောက်ငတော့ချေ။
ရှောင်သခင်မကြီးသည် ကောချွန်းယီ၏ ရန်တွေ့နေပုံကို မြင်သောအခါ အလွန်တရာ မုန်းတီးသွားခဲ့သည်။ ဤမျိုးမစစ်ကောင်က မိမိကိုယ်ကိုယ် ဘာကောင်မှတ်နေသနည်း။ ငွေများကို မြစ်ထဲ၊ ချောင်းထဲ လွှင့်ပစ်လိုက်ရပါစေဦးတော့... သူ့ကိုတော့ တစ်ပြားတစ်ချပ်မျှ ပြန်မပေးနိုင်ပေ။
သူမက လက်ယမ်းပြကာ အမိန့်ပေးလိုက်သည်။
"ငါ့မြေးကြီး... ဒီမျိုးမစစ်လေးကို အပြင်ကို ဆွဲထုတ်ပစ်လိုက်စမ်း။ မြင်ရတာ ကျက်သရေကို မရှိဘူး"
'မျိုးမစစ်လေး' ဟူသော စကားရပ်ကို ကြားလိုက်ရသောအခါ ကောချွန်းယီသည် ဒေါသအရှိန်ကြောင့် သွေးဆူသွားခဲ့ရသည်။
"တရားလွန်မလာနဲ့။ ယောက်ဖ မရှိဘူးဆိုပြီး မောက်မာလို့ရမယ် ထင်မနေနဲ့ဦး။ ခင်ဗျားတို့ လမ်းတစ်လျှောက်မှာ ကျုပ်ကို ဘယ်လိုနှိပ်စက်ခဲ့တယ်ဆိုတာ သူ့ဆီကို စာရေးပြီး အကုန်တိုင်ပစ်မယ်"
ယခင်က ကူးစက်ရောဂါအရေးအခင်းတွင် ကောချွန်းယီ ငွေကြေးအမြောက်အမြောက် ရရှိခဲ့စဉ်ကတည်းက ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးသည် ကောမောင်နှမကို အရိုးထဲထိ မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူက ခနဲ့တဲ့တဲ့ ရယ်မောလျက် ပြောလိုက်သည်။
"လုပ်လိုက်လေ... မြန်မြန်သာ ရေးပြီး တိုင်လိုက်စမ်းပါ။ မင်းက ဒီနေရာကို စစ်သူကြီးစံအိမ်အမှတ်နဲ့ ဆက်ပြီး မောက်မာလို့ရမယ် ထင်နေတာလား"
ပြောပြောဆိုဆိုဖြင့်ပင် သူက ကောချွန်းယီ၏ ဂုတ်ကိုဆွဲကာ အပြင်သို့ အတင်းဆွဲထုတ်သည်။ ရှောင်မိသားစုဟောင်း၏ ဒုတိယမြေးနှင့် ကျန်လူများကလည်း ဝိုင်းဝန်းကူညီကြသည်။ မကြာမီအချိန်အတွင်းမှာပင် အပြင်ဘက်ဆီမှ အရိုက်ခံရသဖြင့် အော်ဟစ်ညည်းတွားနေသည့် ကောချွန်းယီ၏ အသံဆိုးကြီး ထွက်ပေါ်လာသည်။
သူက ကူညီရန် သူ့အစေခံများကို အော်ခေါ်ခဲ့သော်လည်း ရှောင်မိသားစုဟောင်းတွင် အမျိုးသားအင်အားက ပိုမိုများပြားနေသည်။ ထို့ပြင် ရှောင်သခင်မကြီးသည် ရှစ်ချင်းလျို့၏ အကြံပြုချက်ကို နားထောင်ကာ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ခရီးမထွက်မီကတည်းက အစောင့်အချို့ကို ရှောင်ယွမ်ရှစ်ထံမှ အထူးတောင်းဆို၍ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်အုပ်စု တိုက်ခိုက်ကြသည့်အခါ ကောချွန်းယီတို့ဘက်က လုံးဝ ရှုံးနိမ့်သွားခဲ့ရသည်။ ရိုက်နက်ခြင်း ခံရပြီးနောက် သူသည် ခြံပြင်သို့ အမှိုက်ထုတ်သဖွယ် အပစ်ပယ်ခံလိုက်ရသည်။
သူ့အဆောင်သို့ အစေခံကောင်လေးများ၏ တွဲထူသယ်ဆောင်ပေးခြင်းဖြင့် ပြန်ရောက်လာပြီးနောက် သူသည် ကောချွန်းရုထံသို့ တိုင်တန်းစာတစ်စောင်ကို ချက်ချင်း ရေးသားကာ မြို့တော်သို့ ပေးပို့ရန်အတွက် လူယုံတစ်ဦးကို စာပို့ရုံးသို့ စေလွှတ်လိုက်သည်။ သို့သော်လည်း ထိုစာမှာ စာပို့ရုံးသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ကြားဖြတ်ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ဤကိစ္စကို လျှို့ဝှက်လုပ်ဆောင်လိုက်သူများမှာ အခြားသူမဟုတ်... ရှောင်ဟန်ကျန့်၏ လူများပင် ဖြစ်သည်။ ကောချွန်းယီ၏ ဘေးနားရှိ အစေခံလေးများမှာ ကောချွန်းရု စီစဉ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုအစေခံများထဲမှ နှစ်ဦးမှာ ရှောင်ဟန်ကျန့်က သွေးထိုးမြှုပ်နှံထားသည့် လူများဖြစ်နေကြသည်။
ထို့နောက် မြောက်ပိုင်းနယ်စပ်သို့ လာသည့် လမ်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သမျှ အကြောင်းအရာအဝဝကို ရေးသားထားသည့် စာတစ်စောင်ကို မြို့တော်သို့ ပေးပို့လိုက်ကြသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ စာလက်ခံမည့်သူမှာ ကောချွန်းရု မဟုတ်တော့ဘဲ ရှောင်ယွမ်ရှစ် ဖြစ်သွားခဲ့သည်။
နောက်တစ်နေ့တွင်မူ ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးမှာ ရာထူးတရားဝင် ခန့်အပ်ခြင်း ခံလိုက်ရသည်။ သူ့လက်ထဲတွင် ငွေအင်အား ရှိနေသဖြင့် အရာရာတိုင်းမှာ အလွယ်တကူပင် ပြီးမြောက်အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ စီရင်စုရုံးတော်ရှိ လူများနှင့်လည်း လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။
ထိုအခြင်းအရာက ကောချွန်းယီကို မကျေမနပ်ဖြစ်စေကာ ရူးမတတ် ခံပြင်းစေခဲ့သည်။ ဤအခွင့်အရေးများနှင့် စည်းစိမ်များမှာ သူ့အပိုင် ဖြစ်သင့်သော်လည်း ယခုမူ ရှောင်မိသားစုဟောင်းက သူ့ထံမှ ပိုက်ဆံများကို ခိုးယူကာ အဆက်အသွယ်ကောင်းများ တည်ဆောက်သွားခဲ့သည်ဟု သူ ခံစားနေရသည်။ သူတို့က တကယ့်ကို အရှက်မရှိသည့် လူအုပ်စုပင်။
သို့သော်လည်း သူသည် နှစ်ကြိမ်တိုင်တိုင် ရိုက်နက်ခံခဲ့ရပြီး မကြာခဏ လှောင်ပြောင်ခြင်း ခံခဲ့ရသဖြင့် အနည်းငယ် လည်ဝယ်လာကာ ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးကို အတိအလင်း ပြန်လည်မပုန်ကန်ရဲတော့ပေ။ သူ ပေးပို့လိုက်သည့်စာ မြို့တော်သို့ရောက်ရှိပြီး အစ်မဖြစ်သူက ယောက်ဖအား ပြောကြားကာ ရှောင်မိသားစုကို ယောက်ဖဖြစ်သူ လာရောက်ကိုင်တွယ်မည့် အချိန်ကိုသာ နေ့စဉ်နှင့်အမျှ မျှော်လင့်စောင့်စားနေခဲ့သည်။
သို့သော် ရှောင်ယွမ်ရှစ်က သူ့ဘက်ကနေ ရပ်တည်မပေးနိုင်သေးသည့် အချိန်မှာပင် ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးသည် စီရင်စုမြို့ရှိ ကုန်သည်သခင်လေး၏ အစောင့်ဖြစ်သူထံမှ သွေးထိုးမြှောက်ပင်ပေးသည့် စကားများကို နားယောင်မိသွားခဲ့သည်။ ထိုလူက ကောချွန်းယီထံတွင် ငွေများစွာ ရှိနေသေးကြောင်း လာရောက်သတင်းပေးခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် ရှောင်မိသားစုဟောင်း၏ အကြီးဆုံးမြေးသည် သူ့လူများကို ခေါ်ဆောင်ကာ ကောချွန်းယီ၏ အဆောင်သို့ အဓမ္မဝင်ရောက် ရှာဖွေသည်။ ထို့နောက် ရှောင်မိသားစု၏ အကြီးဆုံးမြေးက ဤအခွင့်အရေးကို အသုံးချကာ စီရင်စုတရားသူကြီးမင်းအား လာဘ်ထိုးလိုက်သဖြင့်... ကောချွန်းယီအား မြောက်ပိုင်းနယ်စပ်ရှိ သတ္တုတွင်းတွင် သတ္တုရိုင်းတူးဖော်ရန် အပြစ်ဒဏ် အမိန့်ချမှတ်လိုက်လေသည်။
ကောချွန်းယီက ပြဿနာမတက်စေရန် မည်မျှပင် ငြင်းဆန်ရုန်းကန်ပါစေ... ဘာမှ အသုံးမဝင်ခဲ့ချေ။ သူသည် ရုံးတော်အရာရှိများ၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ သူသည် ကြမ်းတမ်းလှသည့် ဒုက္ခသုက္ခများကို နေ့စဉ်နှင့်အမျှ အံကြိတ်တောင့်ခံခဲ့ရပြီး စိတ္တဇဝေဒနာ ခံစားရလုနီးပါး ပြိုလဲသွားခဲ့ရသည်။ ဒုက္ခပေါင်းစုံကို မြည်းစမ်းနေရရှာသည်။
သို့သော် မြို့တော်ရှိ ကောချွန်းရုမှာမူ ထိုအဖြစ်အပျက်များကို အနည်းငယ်မျှ ရိပ်မိခြင်းမရှိဘဲ... သူမ၏ ညီမဖြစ်သူအတွက် ခန်းဝင်ပစ္စည်းများကို မည်သို့ တိုးမြှင့်ပေးရမည်ကိုသာ စိတ်ကူးယဉ် အားထုတ်နေခဲ့လေသည်။
***