CHAPTER 10
Viewers 26

အခန်း ၁၀ မင်္ဂလာပွဲ

 

နှစ်လတာအချိန်က အလျင်အမြန် ကုန်လွန်သွားပြီး နောက်ဆုံးတွင် ဆောင်းဦးနှင်းများ ကျဆင်းလာကာ ဝမ်ယဲ့လည်း လက်ထပ်ရတော့မည် ဖြစ်သည်။ သို့သော် မင်္ဂလာဆောင်လျှင်  အဘယ်ကြောင့် ထိုမျှလောက် အစောကြီး ထရသည်ကို ရှင်းပြရန် တစ်ယောက်ယောက် လိုအပ်နေသလို ဝမ်ယဲ့ ခံစားနေရသည်။

 

ဝမ်ယဲ့ အိပ်ချင်မူးတူး ဖြစ်နေချိန်တွင် အစေခံအမျိုးသမီးအချို့၏ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ သူမ ဘာပြင်ဆင်ချိန်မှ မရလိုက်ဘဲ ရေချိုးကန်ထဲသို့ အထည့်ခံလိုက်ရကာ ခြေဆုံးခေါင်းဆုံး တိုက်ချွတ်သန့်စင်ခံလိုက်ရပြီး နောက်ဆုံးတွင် မှန်တင်ခုံရှေ့၌ ထိုင်ရန် ဖိအားပေးခံလိုက်ရပြန်သည်။

 

ထို့နောက် သူမ၏မျက်နှာပေါ်သို့ မျက်နှာချေမှုန့်မျိုးစုံကို လိမ်းခြယ်ကြပြန်သည်။ သူမ သတိမထားမိခင်မှာပင် အပြင်ဘက်၌ မိုးလင်းသွားခဲ့ပြီ ဖြစ်သည်။

 

ထိုအချိန်ရောက်မှသာ ဝမ်ယဲ့လည်း အနည်းငယ် အားပြန်ပြည့်လာခဲ့သည်။ ကြေးမှုံပြင်ထဲမှ သူမ၏ပုံရိပ်ကို ကြည့်ရင်း ပုံမှန်ထက် ပိုမိုလှပနေသည်ကို သတိထားမိကာ မိမိကိုယ်ကိုယ် မချီးမွမ်းဘဲ မနေနိုင်ပြန်ပေ။

 

‘အိုး.... သတို့သမီးလောင်းဆိုတာ အမြဲတမ်း အလှဆုံး ဖြစ်နေတတ်တယ်ဆိုတဲ့စကားက အရမ်းမှန်နေတာပဲ’

 

ထိုအချိန်တွင် အစေခံများက မင်္ဂလာဝတ်စုံကို ယူဆောင်လာကြသည်။ ရွှေဆံထိုးများ ဆင်ယင်ထားသည့် ဝမ်ယဲ့က မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။ မင်္ဂလာဝတ်စုံက အလွန်ပင် အနုစိတ်လှပြီး ရှုပ်ထွေးနေသောကြောင့် ၎င်းကို ဝတ်ဆင်ရန် နှစ်နာရီတိတိ အချိန်ပေးခဲ့ရသည်။

 

ကိုယ်လုပ်တော်ချန်းကလည်း ဝမ်ယဲ့၏အခန်းထဲသို့ စောစောစီးစီး ရောက်ရှိနေခဲ့သည်။ သူမ၏မျက်ဝန်းများတွင် မခွဲနိုင်မခွာရက်ဖြစ်မှုနှင့် စိတ်အေးသွားရမှုတို့ ရောပြွမ်းနေကာ ဖောင်းအစ်နေပြီး နောက်ဆုံးတွင်တော့ မျက်ရည်များအဖြစ်သို့ ပြောင်းလဲလာပြန်သည်။

 

ဘေးတွင်ရပ်နေသည့် ဝမ်ရန်ကလည်း တရှုံရှုံငိုနေလေသည်။

 

ဝမ်ယဲ့က သူမတို့ကို ကြည့်ကာ ပြုံးလိုက်ပြီးမှ နှစ်သိမ့်ပေးလိုက်သည်။

 

“ကဲပါ... ယိနျန်းပဲ သမီးကို အမြဲတမ်း အိမ်ထောင်ကျစေချင်ခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ မခွဲနိုင်မခွာရက် ဖြစ်နေရတာလဲ”

 

ထိုစကားကို ကြားလိုက်ရချိန်တွင် ကိုယ်လုပ်တော်ချန်း၏ မျက်ရည်များက တားမရဆီးမရ ပိုကျဆင်းလာပြီး သူမကို ကြည့်ရသည်မှာ ပို၍ပင် သနားစရာကောင်းလာခဲ့သည်။

 

ဝမ်ယဲ့တစ်ယောက် အတော်လေး ဖျောင်းဖျချော့မော့လိုက်ရပြီး နောက်ဆုံးတွင် သူမ အငိုတိတ်သွားခဲ့သည်။

 

မျက်စိတစ်မှိတ်အတွင်းမှာပင် မင်္ဂလာအချိန်သို့ ရောက်ရှိလာခဲ့သည်။

 

အပြင်ဘက်တွင် ဗျောက်အိုးသံများ တဖြောင်းဖြောင်း မြည်နေပြီး မင်္ဂလာဝေါယာဉ်ကလည်း တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

 

တစ်ဖက်တွင်လည်း အနီရောင် မျက်နှာဖုံးပုဝါကို အောက်ချလိုက်သောကြောင့် ဝမ်ယဲ့၏ အမြင်အာရုံတစ်ခုလုံး မည်းမှောင်သွားတော့သည်။ နီရဲနေသည့် ပိုးသားစမှတစ်ဆင့် ဝေဝါးနေသော မိသားစုဝင်များ၏ မျက်နှာကို ကြည့်ရင်း သူမ အေးအေးချမ်းချမ်း ပြုံးလိုက်မိပြန်သည်။

 

အစေခံတစ်ဦးက တရိုတသေ ပြောလာခဲ့သည်။

 

“စတုတ္ထသခင်မလေး... ထွက်ခွာရမယ့် အချိန်ကို ရောက်ပါပြီ”

 

ဝမ်ယဲ့က အသံထွက်ရုံ တုံ့ပြန်လိုက်ပြီး ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့ကို နောက်ဆုံးတစ်ချက် ကြည့်ကာ ဟမ့်ဝူခြံဝင်းထဲမှ ပြတ်ပြတ်သားသား လှမ်းထွက်လာခဲ့သည်။

 

ယွမ်ကျစ်နှင့် ထောင်ကျီတို့အပြင် ဟမ့်ဝူခြံဝင်းမှ အခြားအစေခံများကလည်း ဝမ်ယဲ့နောက်မှ လိုက်လာကြပြီး နယ်စားမင်းအိမ်တော်သို့ လိုက်လာကြမည် ဖြစ်သည်။

 

၎င်းက ဝမ်ယဲ့၏တောင်းဆိုမှုူဖြစ်ပြီး သူမက  အကြောင်းပြချက်က ရှင်းရှင်းလေးဖြစ်သည်။ သူမက ထိုအစေခံများနှင့် နေသားကျနေသောကြောင့် ဖြစ်သည်။

 

သခင်မရှန်းကလည်း ဘာမှ အများကြီးမပြောဘဲ သူမ၏ ခန်းဝင်လက်ဆောင်ထဲသို့ နောက်ထပ် အစေခံအချို့ကိုပါ ထပ်ဖြည့်ပေးလိုက်သည်။

 

ထောင်ကျီက ဟမ့်ဝူခြံဝင်းမှ နောက်ဆုံး ထွက်လာသူ ဖြစ်သည်။ သူမက ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့ကို ပြောစရာစကား ရှိသောကြောင့် နောက်ဆုံး၌ ကျန်နေခဲ့ခြင်း ဖြစ်သည်။

 

“ချန်းယိနျန်းနဲ့ ပဉ္စမသခင်မလေး... ကျွန်မတို့သခင်မလေးက ချန်းယိနျန်းတို့အတွက် တစ်ခုခု ချန်ထားခဲ့ပါတယ်၊ အဲ့ဒါကို အစ်မကျင်းကျူးဆီမှာ အပ်ထားခဲ့ပါတယ်”

 

ကျင်းကျူးက ရှီးစွေ့ခြံဝင်းမှ အစေခံတစ်ဦး ဖြစ်ပြီး ကိုယ်လုပ်တော်ချန်းကို ဆယ်စုနှစ်တစ်ခုမက အလုပ်အကျွေးပြုလာသူ ဖြစ်သည်။

 

ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့က ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

 

‘ဝမ်ယဲ့က သူတို့အတွက် ဘာများ ချန်ထားခဲ့တာတုန်း’

 

သားအမိနှစ်ယောက် သိချင်စိတ်ဖြင့် ရှီးစွေ့ခြံဝင်းသို့ အမြန် ပြန်လာခဲ့ကြပြီး ကိုယ်လုပ်တော်ချန်းက ကျင်းကျူးကို လှမ်းမေးလိုက်သည်။

 

“ထောင်ကျီ ပေးခဲ့တဲ့ပစ္စည်း ဘယ်မှာလဲ”

 

ကျင်းကျူးက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

 

“ယိနျန်းရဲ့ အခန်းထဲမှာ ထားထားပါတယ်”

 

ကိုယ်လုပ်တော်ချန်း အခန်းထဲသို့ ဝင်သွားသည်နှင့် စားပွဲပေါ်တွင် တော်တော်လေးကြီးသည့် သစ်သားသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။

 

သူမ ထိုနေရာသို့ လျှောက်သွားလိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စာအိတ်တစ်လုံးနှင့် စာအုပ်အချို့ကို တွေ့လိုက်ရသည်။

 

ကိုယ်လုပ်တော်ချန်းနှင့် သမီးဖြစ်သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထို့နောက်မှ စာကို အရင်ဖွင့်ဖတ်လိုက်ကြသည်။ ၎င်းက ဟင်းချက်နည်းစာအုပ်တစ်အုပ် ဖြစ်ပြီး ဤနှစ်များတလျှောက် ဝမ်ယဲ့ စမ်းသပ်ချက်ပြုတ်ခဲ့ဖူးသည့် ထူးထူးခြားခြား ဟင်းလျာအမျိုးမျိုးကို အသေးစိတ် ရေးသားထားခြင်း ဖြစ်သည်။

 

ထိုစာများကို ဖတ်ကြည့်နေရင်း ကိုယ်လုပ်တော်ချန်း၏မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲလာပြန်သည်။

 

ဝမ်ရန်၏ အကြည့်များက ဟင်းချက်နည်းစာအုပ်မှ သေတ္တာထဲရှိ စာအုပ်များဆီသို့ ရောက်ရှိသွားပြီး သူမ၏မျက်လုံးများလည်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားရသည်။

 

ကိုယ်လုပ်တော်ချန်းက အလောတကြီး မေးလိုက်သည်။

 

“အဲ့ဒါ ဘာစာအုပ်တွေလဲ”

 

ဝမ်ရန်က စိတ်လှုပ်ရှားမှုအပြည်ဖြင့် စာအုပ်များကို လှန်ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

 

“ဒီစာအုပ်တွေက စာအုပ်ဆိုင်မှာ တစ်အုပ်ကို အနည်းဆုံး နှစ်ဆယ်ငါးလျန်လောက် ပေးရတာ၊ အစ်မက ဒါတွေ အကုန်လုံးကို ဝယ်ဖို့အတွက် ငွေလျန်ရာနဲ့ ချီ အကုန်ခံခဲ့တာပဲ”

 

ထိုစကားက ကိုယ်လုပ်တော်ချန်းကို ထိတ်လန့်သွားစေသည်။

 

“အဲ့ဒီလောက်တောင် စျေးကြီးတာလား

 

ဝမ်ရန် ဝယ်ဖူးသမျှ စာအုပ်ထဲတွင် အဖိုးတန်ဆုံး စာအုပ်က ငွေဆယ်လျန်ခန့်သာ ကုန်ကျခဲ့သည်။

 

ဝမ်ရန်က ထိုစာအုပ်များကို အလွန်တရာ တန်ဖိုးထား မြတ်နိုးနေသည်ကို မြင်လိုက်ရသောကြောင့် ကိုယ်လုပ်တော်ချန်းက သမီးဖြစ်သူကို အနည်းငယ် သင်ကြားလမ်းညွှန်ပေးလိုက်သည်။

 

"နင့်အစ်မက ဝယ်ပေးထားတာဆိုတော့ သေချာဂရုစိုက်ပြီး သိမ်းထားနော်၊ ပြီးတော့ အစ်မရဲ့ စေတနာကိုလည်း အမြဲအမှတ်ရနေရမယ်"

 

ဝမ်ရန်က ပျော်ရွှင်စွာ ခေါင်းညိတ်ပြလာသော်လည်း ခဏအကြာတွင် တွန့်ဆုတ်နေဟန်လေးဖြင့် ပြောလာပြန်သည်။

 

"ဒါပေမယ့် သမီး စတုတ္ထအစ်မအတွက် ဝယ်ပေးခဲ့တဲ့ စာအုပ်တွေက အားလုံးပေါင်းမှ ငါးလျန်ကျော်ရုံလေးပဲ ရှိတာ"

 

နှိုင်းယှဉ်ကြည့်လိုက်လျှင် သူမကိုယ်သူမ ညီမကောင်းတစ်ယောက် မဖြစ်ခဲ့ဟု ဝမ်ရန် ခံစားလိုက်ရသည်။

 

ကိုယ်လုပ်တော်ချန်းက သူမကို နှစ်သိမ့်ပေးလိုက်ပြီးမှ ဇဝေဇဝါ အမူအရာဖြင့် မေးလာခဲ့သည်။

 

"စာအုပ်ချင်းမှ မတူတာ၊ စျေးနှုန်းချင်းလည်း ကွာမှာပေါ့၊ ဒါပေမယ့် နင် ဝယ်ပေးလိုက်တဲ့ စာအုပ်တွေက တော်တော်များတာကို ငါ တွေ့လိုက်တယ်၊ သေတ္တာအသေးတစ်လုံးစာလောက်တောင် ရှိတယ်လေ၊ အဲ့ဒါတောင်မှ ငါးလျန်ပဲ ပေးခဲ့ရတာလား၊ ဘယ်လိုဖြစ်တာလဲ"

 

ခန်းဝင်ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းပေးခဲ့စဉ်က သူမ ထိုသေတ္တာကို မြင်ခဲ့ဖူးသည်။ သေတ္တာက သိပ်မကြီးသော်လည်း အထဲတွင် စာအုပ်များ အပြည့်အသိပ် ထည့်ထားမှန်း သိသာနေသည်။

 

ဝမ်ရန်က စာအုပ်များ၏မျက်နှာဖုံးများကို ပွတ်သပ်နေရင်း ကိုယ်လုပ်တော်ချန်းကို လေးလေးနက်နက် ကြည့်ကာ ပြန်ဖြေလိုက်သည်။

 

"စတုတ္ထအစ်မ ဝယ်ခိုင်းတဲ့ စာအုပ်တွေက အကုန်လုံး စျေးသက်သာတယ်၊ ငွေတစ်လျန်နဲ့ စာအုပ် သုံး၊ လေးအုပ်လောက် ဝယ်လို့ ရတယ်"

 

‘စာအုပ် ၂၄ အုပ် ပေါင်းတာတောင် ငွေ ၆ လျန် ပြည့်အောင် မပေးခဲ့ရဘူးလေ’

 

ကိုယ်လုပ်တော်ချန်းတစ်ယောက် မျက်ခုံးများ လှုပ်ခတ်သွားပြီး စိတ်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူမက အလောတကြီး မေးလိုက်ပြန်သည်။

 

"အဲ့ဒါက ဘယ်လိုစာအုပ်မျိုးတွေလဲ"

 

ဝမ်ရန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

 

"စာအုပ်နာမည် အချို့ကိုပဲ မှတ်မိတော့တယ်၊ 'ရင်ခွင်ထဲက အလှလေး' တို့၊ 'မြေခွေးမနဲ့ ပညာရှင်' တို့၊ ပြီးတော့ 'စွဲမက်စရာ မုဆိုးမငယ်လေး' တို့ အဲ့လိုမျိုး အလားတူ စာအုပ်တွေပါ"

 

အသက်ခြောက်နှစ်အရွယ် ဝမ်ရန်က စာသင်ကြားနေသည်မှာ တစ်နှစ်ပင် မရှိသေးဘဲ အခြေခံစာသားများကို သင်ယူနေရဆဲ ဖြစ်သည်။ ထို့အပြင် မည်သူကမှ သူမအား ထိုကဲ့သို့သော အကြောင်းအရာများ သင်ပေးထားခြင်း မရှိသောကြောင့် 'စွဲမက်စရာ မုဆိုးမငယ်လေး' ဟူသည့် ခေါင်းစဉ်မျိုး၏ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်သေးပေ။

 

ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်ရည်များကြောင့် ရဲနေသည့် ကိုယ်လုပ်တော်ချန်း၏ မျက်နှာကြီးတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

 

 "..."

 

တစ်ဖက်တွင်လည်း ဝမ်ယဲ့၏ မင်္ဂလာခန်းဝင်ပစ္စည်းများထဲမှ သေတ္တာများကို နယ်စားမင်းအိမ်တော်ထဲသို့ တစ်လုံးပြီး တစ်လုံး သယ်ဆောင်သွားကြပြီ ဖြစ်သည်။

 

......။.......။........

 

အဓိကခန်းမဆောင်၏ အလယ်တွင် ဝမ်ယဲ့က သူမထံသို့ လျှောက်လှမ်းလာသော အမျိုးသားကို တိတ်တဆိတ် လှမ်းကြည့်နေသည်။

 

သူက ရွှေရောင်ခါးပတ် ဆင်ယင်ထားသည့် အနီရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခြေလှမ်းများက တည်ငြိမ်ကာ ရဲရင့်မှန်း သိသာနေသည်။

 

ရွှီယွဲ့ကျားက ဝမ်ယဲ့၏ ဘယ်ဘက်အနားသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်။ လူအများ၏ ဂုဏ်ပြုသံများနှင့် စနောက်သံများကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ ဝမ်ယဲ့က မျက်လွှာချထားပြီး သူမ၏ အမြင်အာရုံထဲတွင် မင်္ဂလာဖိနပ်တစ်စုံ၏ ထိပ်ဦးနှင့် ညင်ညင်သာသာ လှုပ်ခတ်နေသည့် သူ့ဝတ်ရုံ၏ အနားသတ်ကိုသာ မြင်နေရသည်။

 

သူတို့နှစ်ဦးက ဝမ်အမတ်မင်းနှင့် သခင်မရှန်းတို့ကို ဂါရဝပြုလိုက်ကြသည်။

 

မင်္ဂလာအခမ်းအနားအတွက် လိုအပ်သည့် ဓလေ့ထုံးတမ်းများ ပြီးဆုံးသွားချိန်တွင် ဝမ်ယဲ့က အနီရောင်ပိုးဖဲကြိုး၏ အစွန်းတစ်ဖက်ကို ကိုင်ထားရပြီး ရွှီယွဲ့ကျားက အခြားတစ်ဖက်ကို ကိုင်ထားသည်။ သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း လှည့်လိုက်ကြသောအခါ သူတို့၏ မျက်ဝန်းချင်း မထင်မှတ်ဘဲ ဆုံသွားခဲ့သည်။ ထိုမျက်ဝန်းများ၏ အောက်တွင် တည်ငြိမ်နေသည့် ရေကန်ပြင်ကဲ့သို့ အေးချမ်းမှုများနှင့် ပြောရန် မလိုအပ်သည့် နားလည်မှုတချို့ ရှိနေခဲ့သည်။

 

ဤသို့ဖြင့် နှစ်ဦးသား ဝမ်အိမ်တော်၏ ပင်မတံခါးကြီးမှ အပြင်သို့ တစ်လှမ်းချင်း လှမ်းထွက်လာခဲ့ကြသည်။ ညှိုနှိုင်းစရာ မလိုဘဲ အလွန်လည်း မဝေး၊ အလွန်လည်း မနီးသည့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြသေးသည်။

 

နောက်ဆုံး တံခါးခုံကို ကျော်ဖြတ်လိုက်ချိန်တွင်တော့ ဝမ်ယဲ့၏ခြေလှမ်းများ ခဏတာမျှ ရပ်တန့်သွားခဲ့သည်။ ယနေ့ ဤတံခါးမှ ထွက်ခွာသွားခြင်းက သူမ၏ ဘဝစာမျက်နှာသစ်၊ မသိသေးသည့် အခန်းကဏ္ဍသစ်တစ်ခုသို့ စတင်ဝင်ရောက်ခြင်းဟု ဆိုနိုင်ပေသည်။

 

‘ဒါကို ငါရဲ့ တတိယမြောက် ပြန်လည်မွေးဖွားခြင်းလို့ သတ်မှတ်နိုင်မလား’

 

ရှေ့မှ လျှောက်နေသည့် ရွှီယွဲ့ကျားကလည်း သူမ၏ တွန့်ဆုတ်မှုကို သတိထားမိသွားပုံရပြီး သူ့ခြေလှမ်းကို မသိမသာ လျှော့ချလိုက်သည်။

 

မင်္ဂလာဝေါယာဉ်က ဝမ်ယဲ့ကို ဝမ်အိမ်တော်မှ ရွှီနယ်စားအိမ်တော်ဆီသို့ သယ်ဆောင်လာခဲ့ပြီး ပင်မတံခါးကြီးရှေ့၌ ရပ်တန့်သွားပြန်သည်။

 

ဝမ်ယဲ့က ဝေါယာဉ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ထိုအချိန်တွင် လက်တစ်ဖက်က သူမဆီသို့ ကမ်းလင့်ပေးလာခဲ့သည်။ ထိုလက်ချောင်းများက ရှည်လျားပြီး သွယ်လျနေသော်လည်း လက်ဖဝါးကတော့ ကျယ်ပြန့်လှသည်။ သူမ မြင်ဖူးသည့် စာပေပညာရှင်တစ်ယောက်၏ လက်များနှင့် သိပ်မတူပေ။ ဥပမာအားဖြင့် သူမ၏ အစ်ကိုကြီးက စုတ်တံကို အမြဲကိုင်ထားသဖြင့် သူ့၏နုနယ်သော လက်ချောင်းများပေါ်တွင် အသားမာတက်နေသည့် အဖုအထစ်များ ရှိနေခဲ့သည်။

 

သူမ၏ရှေ့မှ လက်တစ်ဖက်တွင်တော့ အတိုင်းအဆ မရှိသော ခွန်အားများ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေကာ ခန့်မှန်းရခက်ခဲစေသည်။

 

ပျော်ရွှင်ဖွယ် အားပေးချီးမြှောက်သံများကြားတွင် ဝမ်ယဲ့က သူမ၏လက်ကို ရွှီယွဲ့ကျား၏ လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။

 

နယ်စားအိုကြီးနှင့် ဇနီးဖြစ်သူတို့က လွန်ခဲ့သည့် နှစ်များစွာကတည်းက ကွယ်လွန်ခဲ့ပြီ ဖြစ်သောကြောင့် ဇနီးမောင်နှံနှစ်ဦးက သူတို့၏ ကမ္ဗည်းတိုင်များရှေ့တွင် ဂါရဝပြုကြရသည်။ ထုံးတမ်းစဉ်လာများ အားလုံးပြီးဆုံးသွားချိန်တွင် ဝမ်ယဲ့ကို မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ပေးခဲ့ကြသည်။

 

နောက်ဆုံးထုံးစံဖြစ်သည့် မင်္ဂလာဦးသေရည် အတူသောက်သုံးပြီးချိန်တွင် ညနှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

အခြားသူများ ထွက်ခွာသွားပြီးနောက် အပြင်တွင် စောင့်ဆိုင်းနေသည့် အစေခံများသာ ကျန်ရစ်တော့သည်။ အခန်းထဲတွင်လည်း ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ နှစ်ဦးတည်းသာ ကျန်နေခဲ့သည်။

 

မျက်နှာဖုံးပုဝါကို လှန်လိုက်ပြီးနောက် ဝမ်ယဲ့လည်း ရွှီယွဲ့ကျား၏ မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် အနီးကပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

 

အမှန်တကယ်ပင် သူက မြို့တော်ရှိ မည်သည့် မိန်းကလေးကိုမဆို ပထမဆုံးအကြိမ် တွေ့ရုံဖြင့် ဆွဲဆောင်နိုင်မည့် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသည်။

 

သူ့၏ ကိုယ်ဟန်က ထင်းရှူးပင်ကဲ့သို့ပင် တင့်တယ်ပြေပြစ်ပြီး သူ နောက်သို့ လှည့်လိုက်ချိန်တွင် အနီရောင်ဝတ်ရုံက သူ၏ သန့်ပြန့်ချောမောသော ရုပ်ရည်ကို ပိုမိုပေါ်လွင်စေကာ ဆွဲဆောင်မှုတစ်မျိုး တိုးလာစေပြန်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူ့ကိုမဆို ဖမ်းစားနိုင်စွမ်း ရှိနေလေသည်။

 

သို့သော်လည်း ဝမ်ယဲ့၏ အကြည့်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး လှပသောအရာတစ်ခုကို ငေးမောမိသည့် ခဏတာမျှသော သဘောကျမှုကိုသာ ပြသခဲ့သည်။

 

"မင်း ဗိုက်ဆာနေသေးလား၊ တစ်ခုခု စားချင်ရင် အစေခံတွေကို ခေါ်လိုက်လို့ ရတယ်"

 

ရွှီယွဲ့ကျားက သြဇာညောင်းသော လေသံဖြင့် ဆက်ပြောလိုက်သည်။

 

"ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်"

 

ထို့နောက်တွင် သူက ဝမ်ယဲ့၏ အဖြေကို မစောင့်တော့ဘဲ မင်္ဂလာခန်းဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။

 

သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ယဲ့က သူမ၏ ပခုံးများကို ချက်ချင်း လျှော့ချလိုက်ပြီး ကျောကို ပွတ်သပ်ကာ လှမ်းခေါ်လိုက်သည်။

 

"ယွမ်ကျစ်"

 

"သခင်မ"

 

ယွမ်ကျစ်က မုန့်အမျိုးမျိုး တင်ထားသည့် လင်ဗန်းကို ကိုင်ကာ အတွင်းသို့ ဝင်လာခဲ့သည်။

 

"အစ်မထောင်ကျီနဲ့ လျိုယာတို့က ပူပူနွေးနွေး စားစရာလေးတွေ သွားယူနေကြတယ်၊ အဆာလွန်မသွားအောင် ဒီမုန့်လေးတွေ အရင်စားထားလိုက်နော်"

 

သို့သော် ဝမ်ယဲ့က အလောတကြီး လှမ်းပြောလိုက်သည်။

 

"မြန်မြန်... မြန်မြန်လာ၊ ငါ့ခေါင်းပေါ်က ဒါတွေကို အမြန်ချွတ်ပေးစမ်းပါ၊ အရမ်းလေးလွန်းလို့ ငါ သေတော့မယ်"

 

သူမ ထိုအရာများကို တစ်နေကုန် ဆင်ယင်ထားရပြီး သူမ၏ လည်ပင်း ကျိုးတော့မတတ် ခံစားနေခဲ့ရသည်။

 

ယွမ်ကျစ်က လင်ဗန်းကို အမြန်ချထားပြီး ကူညီရန် ရှေ့တိုးလာသည်။

 

တစ်ရှီးချန်၏ လေးပုံတစ်ပုံ အကြာတွင် ရှုပ်ထွေးလှသော ဦးခေါင်းအဆင်တန်ဆာများ အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုအချိန်မှသာ ဝမ်ယဲ့က စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က မုန့်ကို ကောက်ကိုင်လိုက်သည်။

 

သိပ်မကြာမီမှာပင် ထောင်ကျီနှင့် အနောက်ဘက်ခြံဝင်းမှ အစေခံမလေး လျိုယာတို့က ပူပူနွေးနွေး ဟင်းလျာအချို့ကို သယ်ဆောင်လာကြသည်။

 

အစားအသောက်များက ဝမ်ယဲ့ နှစ်သက်တတ်သည့် အရသာမျိုးမဟုတ်ဘဲ ခပ်ပေါ့ပေါ့သာ ဖြစ်သော်လည်း တစ်နေကုန် ဆာလောင်နေခဲ့ရသည့် သူမအတွက်တော့ စားရသည့်အစားအစာအမျိုးအစားက အရေးမကြီးတော့ပေ။

 

‘ဗိုက်ဝသွားပြီး အဆာငတ်မသေဖို့က ပထမဦးစားပေးပဲ’

 

ဝမ်ယဲ့က ဝက်သားခေါက်ဆွဲ တစ်ပန်းကန်၊ ငါးပေါင်းအနည်းငယ်၊ အသားအချို့နှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကို စားလိုက်သည်။ နောက်ပိုင်းတွင် "ကိုယ်လက်လှုပ်ရှားမှု" အချို့ လုပ်ရန် ရှိနေသေးသဖြင့် သူမ အလွန်အကျွံလည်း မစားရဲပြန်ချေ။

 

စားသောက်ပြီးနောက်တွင် ဝမ်ယဲ့က ဘေးခန်းသို့ သွားကာ ကိုယ်လက်သန့်စင်လိုက်သည်။ သူမ အိပ်ခန်းသို့ ပြန်ရောက်လာသည်အထိ ရွှီယွဲ့ကျား ပြန်မလာသေးသည်ကို တွေ့လိုက်ရသဖြင့် အနောက်ဘက်ခြံဝင်းမှ အစေခံများကို ခေါ်ကာ အိမ်တော်၏အခြေအနေကို စုံစမ်းကြည့်လိုက်သည်။

 

ထောင်ကျီနှင့်အတူ ဝင်လာသည့် အစေခံမလေး၏ အမည်က လျိုယာ ဖြစ်သည်။ သူမ၏ ပြောပြချက်အရ ယခင် ဒုတိယသခင်မ ကွယ်လွန်ပြီးနောက် အနောက်ဘက်ခြံဝင်း၏ ကိစ္စအဝဝကို သူမကသာ အဓိကတာဝန်ယူ စီမံခန့်ခွဲခဲ့ရပြီး နယ်စားမင်းကတော်က ဆယ်ရက်လျှင် တစ်ကြိမ်ခန့်သာ လာရောက် စစ်ဆေးတတ်သည်ဟု သိရသည်။

 

အနောက်ဘက်ခြံဝင်းတွင် အစေခံ အများအပြား မရှိဘဲ ပထမတန်းစား အစေခံ နှစ်ဦးသာ ရှိပြီး ကျန်တစ်ဦး၏ အမည်က လျိုရှင်း ဖြစ်သည်။ လျိုယာက နောက်ဖေးခြံဝင်းကို တာဝန်ယူရပြီး လျိုရှင်းကတော့ အရှေ့ခြံဝင်းကို ပိုအာရုံစိုက်ရသည်။ တစ်နည်းအားဖြင့် ရွှီယွဲ့ကျား၏ စာကြည့်ခန်းနှင့် ပတ်သက်သမျှ ကိစ္စအားလုံးကို လျိုရှင်းက ကိုင်တွယ်နေခြင်း ဖြစ်သည်။

 

ဝမ်ယဲ့က ထိုကိစ္စကို အသေးစိတ် ထပ်မံမမေးမြန်းတော့ဘဲ လူဦးရေကိုသာ အကြမ်းဖျင်း မေးမြန်းပြီးနောက် သူတို့ကို ပြန်လွှတ်လိုက်သည်။

 

သူမ ခဏမျှ အနားမယူရသေးခင်မှာပင် ရွှီယွဲ့ကျားက အခန်းထဲသို့ ပြန်ရောက်လာသည်။

 

သူ့ထံမှ အရက်နံ့သင်းသင်းလေး ရနေသော်လည်း အလွန်အကျွံ မဟုတ်သည့်အတွက် သူ အနည်းငယ်သာ သောက်ထားကြောင်း သိသာနေသည်။ ၎င်းက အံ့သြစရာတော့ မဟုတ်ပေ။ သူ၏ လက်ရှိနောက်ခံနှင့် ရာထူးအရ သူ့ကို အတင်းအကျပ် အရက်တိုက်ရဲသူက အနည်းငယ်သာ ရှိနိုင်ပေလိမ့်မည်။

 

ဝမ်ယဲ့က သူ့အကြည့်ကို ရှောင်လွှဲမနေဘဲ ခပ်တိုးတိုး ပြန်မေးလိုက်သည်။

 

"သခင်ကြီး... ရှင် ကိုယ်လက်သန့်စင်ဖို့အတွက် ကျွန်မ အစေခံတွေကို ခေါ်ပေးရမလား"

 

ထိုစကားက သူမကိုယ်တိုင် တစ်စုံတစ်ယောက်ကို ပြုစုလုပ်ကိုင်ပေးရန် ဆန္ဒမရှိကြောင်း သိသာစေသည်။

 

"မလိုပါဘူး"

 

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ် ပြန်ဖြေပြီးနောက် ရေချိုးခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားသည်။ ရေ၏ အပူချိန်ကတော့ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။

 

တစ်ရှီးချန်၏ လေးပုံတစ်ပုံခန့် (နာရီဝက်ခန့်) အကြာတွင် ရွှီယွဲ့ကျားက ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီး ပြန်ထွက်လာသည်။ သူ၏ မင်ရောင်ကဲ့သို့ နက်မှောင်သော ဆံနွယ်များက သူ့ကျောပြင်ပေါ်၌ ရေတံခွန်တစ်ခုကဲ့သို့ ဝဲဖြာစီးကျနေသည်။

 

မင်္ဂလာဖယောင်းတိုင်၏ တဖျတ်ဖျတ်တောက်ပနေသော အလင်းရောင်က သူ၏ ထင်ရှားသော ရုပ်ရည်သွင်ပြင်ကို ပိုမိုပေါ်လွင်နေစေပြီး တောက်လောင်နေသော မီးလျှံများကြားမှ မယိုင်မလဲသည့် ရေခဲတုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေစေကာ အေးစက်သော်လည်း ရင်သပ်ရှုမောဖွယ် ဆွဲဆောင်မှုတစ်ခု ရှိနေပြန်သည်။

 

သူက ဆွဲဆောင်မှုအပြည့်ရှိသော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသည့် အမျိုးသားတစ်ဦး ဖြစ်နေပြန်သည်။ ဝမ်ယဲ့ကတော့ ရုတ်တရက် ရေငတ်လာသလို ခံစားနေရသည်။

 

‘ဒီလို ချောမောလွန်းတဲ့သူနဲ့ဆိုရင်တော့ ငါ့ဘက်က နစ်နာစရာ မရှိပါဘူးလေ’

 

ခဏအကြာတွင် ရွှီယွဲ့ကျားက သူမဘက်သို့ လှည့်ကာ ပြောလာခဲ့သည်။

 

"အိပ်ရာ ဝင်ကြမယ်"

 

ထို့နောက် သူက ကုတင်ဘေးမှ ကန့်လန့်ကာကို ဆွဲပိတ်လိုက်သည်။ ဝမ်ယဲ့က သူ့ကျောပြင်ကို ကြည့်နေပြီး သူမ၏မျက်ဝန်းများထဲတွင် ခန့်မှန်းရခက်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။

 

အနီရောင် ဖယောင်းတိုင်များက ဆက်လက်တောက်လောင်နေပြီး စိတ်အားထက်သန်သော ချစ်တင်းနှီးနှောမှုများ ပြီးဆုံးသွားသည့်နောက်တွင် သူတို့နှစ်ဦးစလုံး စောင်ကိုယ်စီ ခြုံကာ အိပ်စက်ရန် လဲလျောင်းလိုက်ကြသည်။

 

 

တစ်နေကုန် ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း ဝမ်ယဲ့တစ်ယောက် အိပ်မပျော်နိုင်ဘဲ  မျက်စိကြောင်နေခဲ့သည်။ ကန့်လန့်ကာများက ဖယောင်းတိုင်အလင်းကို ကွယ်ထားသောကြောင့် အခန်းထဲတွင် မှောင်မည်းလုနီးပါး ဖြစ်နေခဲ့သည်။

 

သို့သော် သူမ မတွေးတောဘဲလည်း မနေနိုင်ပြန်ပေ။

 

‘ဟူး... တကယ်တော့ ဘယ်သူကမှ ပြီးပြည့်စုံလှတယ်တော့ မဟုတ်ပါဘူးလေ။ ကောင်းကင်ဘုံက ရွှီယွဲ့ကျားအတွက် တံခါးပေါက်တွေ အများကြီး ဖွင့်ပေးခဲ့ပေမယ့် အရေးကြီးတဲ့ ပြတင်းပေါက်သေးသေးလေး တစ်ပေါက်ကိုတော့ ဖွင့်ပေးဖို့ မေ့လျော့နေခဲ့ပုံပဲ’

 

ဝမ်ယဲ့တစ်ယောက် မှောင်မည်းနေသော အခန်းထဲတွင် မျက်လုံးအပြူးသားဖြင့် လဲလျောင်းနေမိသည်။

 

‘ငါက ခံစားချက်ကလေး စတင်ဝင်လာရုံရှိသေး.... အားလုံးက ပြီးဆုံးသွားပြီတဲ့’

 

ကြာချိန်က အလွန်အမင်း တိုတောင်းလှသည် မဟုတ်သော်လည်း သူ၏ နည်းစနစ်ပိုင်းကတော့ တော်တော်လေး လိုအပ်ချက်ရှိနေသေးသည်။

 

‘ဒါမှမဟုတ် ငါ အမြဲ တစ်ယောက်တည်း အိပ်လာခဲ့ရပြီး အခုမှ ဘေးမှာ လူတစ်ယောက် ရုတ်တရက် ရောက်လာလို့ အသားမကျသေးတာ ဖြစ်နိုင်လား’

 

ရွှီယွဲ့ကျားကတော့ ပေတံတစ်ချောင်းကဲ့သို့ ဖြောင့်စင်းစွာ လဲလျောင်းနေပြီး အလွန်စံပြဖြစ်သည့် အိပ်စက်ခြင်း ပုံစံအတိုင်း ရှိနေခဲ့သည်။ အချိန်အတော်ကြာသည်အထိ သူ့ဘေးကလူက အိပ်မပျော်သေးသည်ကို သူ သတိထားမိသွားပြီး မေးလာခဲ့သည်။

 

"တစ်ခုခု ဖြစ်လို့လား"

 

ဝမ်ယဲ့ကလည်း ရွှီယွဲ့ကျား အိပ်မပျော်သေးမှန်း အတိအကျ သိထားခဲ့သည်။ သို့သော် သူမကို အံ့သြသွားစေသည်က သူက အရင်စကား စပြောလိုက်ခြင်း ဖြစ်သည်။ သူ့ကို ဉနေ့ စတင်တွေ့ဆုံချိန်မှ ယခုအချိန်အထိ သူမ သူ့အပေါ်ထားရှိသည့် အထင်ရှားဆုံး  အထင်အမြင်က သူ စကားနည်းခြင်းပင်။

 

"ဘာမှမဖြစ်ပါဘူး"

 

ထို့သို့ ပြန်ဖြေလိုက်သော်လည်း ဝမ်ယဲ့က ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။

 

"ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး အိပ်မပျော်သေးဘူးဆိုမှတော့ ခရီးပြန်ဆက်ကျရင်ရော... ဘယ်လိုလဲ"

 

"ခရီးပြန်ဆက်" ဆိုသည့် အဓိပ္ပာယ်ကတော့ ရှင်းပြနေစရာ မလိုတော့ပေ။

 

ရွှီယွဲ့ကျား : "..."

 

ခဏအကြာတွင် ရမ္မက်မီးများ ပြန်လည်တောက်လောင်လာပြီး အချီအနည်းငယ် တိုက်ပွဲထပ်မံနွှဲပြီးနောက်မှသာ ရပ်နားလိုက်ကြသည်။

 

မကြာမီမှာပင် ဝမ်ယဲ့တစ်ယောက် စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ကျေနပ်နေသည့် အရိပ်အယောင်လေးများ ယှက်သန်းနေသော မျက်နှာလေးဖြင့် အိပ်ပျော်သွားတော့သည်။

 

သို့သော် ကုတင်၏ အပြင်ဘက်ခြမ်းတွင် လဲလျောင်းနေသည့် ရွှီယွဲ့ကျားကတော့ အချိန်အတော်ကြာအောင် အိပ်မပျော်နိုင်ဘဲ ရှိနေခဲ့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟