CHAPTER 9
Viewers 34

အခန်း ၉ ကလေးရဲ့ ကဗျာရွတ်ဆိုမှု

 

ဝမ်ဟွေ့ဘေးရှိ သူမ၏အကြီးသားဖြစ်သူက သူမကို မော့ကြည့်ကာ မေးမြန်းလာသည်။

 

"အမေ... စတုတ္ထဒေါ်လေး ပြောတဲ့  'တစ္ဆေလေး' ဆိုတာ သားကို ပြောတာလားဟင်"

 

နေ့လည်ခင်း ကြိုဆိုပွဲတွင် ဝမ်ဟွေ့က သူမ၏ ငါးနှစ်အရွယ် အကြီးဆုံးသားကို ဝမ်မိသားစုဝင်များနှင့် မိတ်ဆက်ပေးထားခဲ့သည်။ နေ့လယ်စာ စားပြီးသည်မှာ မကြာသေးသဖြင့် ကလေးငယ်က ဝမ်ယဲ့ကို မှတ်မိနေခြင်းပင်။

 

ဝမ်ဟွေ့က တိတ်ဆိတ်နေသော်လည်း ကလေးက ဆက်မေးနေပြန်သည်။

 

"ဒါဆိုရင် အဖေကကျတော့ ဘာလဲဟင်"

 

ဝမ်ဟွေ့ : "......"

 

ဝမ်ယဲ့က မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မောင်းရင်း ဝင်ပြောလိုက်သည်။

 

"နင့်သားက နင့်ထက် အများကြီး ပိုချစ်ဖို့ကောင်းတာပဲ"

 

ဝမ်ဟွေ့က သူမ၏ ဒေါသကို မျိုသိပ်လိုက်ပြီး နောက်ဆုံးတွင် ရန်ပြန်တွေ့လာတော့သည်။

 

"လူတိုင်းက နင်လို အသက်နှစ်ဆယ်ထိ အိမ်ထောင်မကျသေးတဲ့ အဘွားအိုကြီး မဟုတ်ဘူး"

 

ဤသို့ပြောပြီးနောက် သူမက သားဖြစ်သူ၏ ခေါင်းလေးကို တမင် ပုတ်ကာ ကြွားလုံးထုတ်လိုက်ပြန်သည်။

 

"ငါ့သားက စာဖတ်တဲ့နေရာမှာ တော်တော်လေး ထူးချွန်တယ်၊ လာ... မင်ယောင်၊ တတိယဒေါ်လေးနဲ့ စတုတ္ထဒေါ်လေးကို ကဗျာလေးနည်းနည်းလောက် ရွတ်ပြလိုက်ပါဦး"

 

ဝမ်ဟွေ့၏ ခင်ပွန်းမျိုးရိုးက 'တု' ဖြစ်ပြီး ငါးနှစ်အရွယ် တုမင်ယောင်က မိခင်ဖြစ်သူ ညွှန်ကြားသည့်အတိုင်း ကဗျာတစ်ပုဒ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စတင်ရွတ်ဆိုနေသည်။

 

ဝမ်ဟွေ့ ပြောသည့်အတိုင်း သူက တော်တော်လေး ဉာဏ်ကောင်းပုံရသည်။ အနည်းဆုံးတော့ သူ့မိခင်ထက် အများကြီး ပိုထက်မြက်နေသည်။

 

နားထောင်နေသည့် ဝမ်ယဲ့ကတော့ ငြိမ်ငြိမ်လေး မနေနိုင်ပြန်ပေ။ တစ်ခါတစ်ရံတွင် သူမက သဘောကျဟန်၊ ကျေနပ်ဟန်များ ပြသနေပြီး တစ်ခါတစ်ရံတွင်တော့ တင်းမာပြီး သြဇာညောင်းသော ဆရာတစ်ယောက်၏အမူအရာမျိုးဖြင့် စိုက်ကြည့်နေတတ်သည်။

 

တုမင်ယောင်တစ်ယောက် ကဗျာရွတ်ဆိုနေရင်း သူ၏အသံလေး တဖြည်းဖြည်း တိုးဝင်သွားရသည်။ စတုတ္ထဒေါ်လေး၏ မျက်နှာအမူအရာက သူ့ကျောင်းမှ ဆရာနှင့် ဆင်တူနေသလို သူ ခံစားနေရပြီး မသိစိတ်မှ ကြောက်ရွံ့မှုတစ်ခု ထွက်ပေါ်လာကာ သူ ကျောချမ်းနေရှာသည်။

 

ကံကောင်းထောက်မစွာဖြင့် သူ ကဗျာဆယ်ပုဒ်လုံးကို အမှားအယွင်းမရှိ ရွတ်ဆိုနိုင်ခဲ့သည်။

 

ထိုအချိန်မှသာ တုမင်ယောင်လည်း သက်ပြင်းလိုက်နိုင်သွားသည်။ သူက ကလေးအရွယ်သာ ဖြစ်နေသေးသော်လည်း သူ စိတ်သက်သာရာရသွားပုံက လူကြီးလေးတစ်‌ယောက်ကဲ့သို့ ဖြစ်နေပြန်သည်။

 

‘တခြားသူတွေရဲ့ ကလေးကို စနောက်ရတာက အရမ်းပျော်စရာကောင်းတာပဲ’

 

သူ၏ ရွတ်ဆိုမှုပြီးသွားသည်နှင့် ဝမ်ယဲ့က လက်ခုပ်တီးကာ  အားပေးလိုက်သည်။

 

"တော်လိုက်တာ"

 

ထိုသို့ တိုက်ရိုက်ချီးမွမ်းခံရသဖြင့် တုမင်ယောင်က အံ့သြသွားပြီး မျက်လုံးလေးများ ဝိုင်းသွားပြန်သည်။

 

ဝမ်ယဲ့ကတော့ သူ့ကို ဂရုမစိုက်ဘဲ ဝမ်ဟွေ့ဘက်သို့ လှည့်ကာ လေးလေးနက်နက် ထပ်ပြောလိုက်သည်။

 

"အခု ကြည့်လိုက်တော့ နင့်သားက နင့်ဆီက ဘာအမွေမှ မရခဲ့တာ သေချာသွားပြီ"

 

ဘေးမှ နားထောင်နေသော ဝမ်လန်က နှုတ်ခမ်းလေး ကွေးရုံ ပြုံးသွားခဲ့သည်။

 

ဝမ်ဟွေ့ကတော့ အဓိပ္ပာယ်ကို နားမလည်သေးဘဲ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆက်ပြောနေဆဲပင်။

 

"ငါ့သားက သူ့အဖေရဲ့ ရုပ်ရည်ကို အမွေရထားတာ၊ စာပေမှာလည်း သူ့အဖေအတိုင်းပဲ.....”

 

စကားတစ်ဝက်အရောက်မှသာ သူမက ဝမ်ယဲ့ ပြောလိုက်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

 

"ဝမ်....ယဲ့....."

 

ငါးနှစ်အရွယ် တုမင်ယောင်က သူ့ညီလေး၏ နားကို အမြန်ပိတ်ပေးလိုက်ပြီး အလိုအလျောက် ခေါင်းငုံ့ကာ မျက်စိမှိတ်ထားလိုက်သည်။ နောက်မှ ကလေးထိန်းကလည်း အငယ်ဆုံးကလေးကို ပွေ့ကာ တစ်ဖက်သို့ လှည့်သွားသည်။

 

အရှေ့ဘက်ခြံဝင်းမှ ဧည့်ခန်းမဆောင်တွင် နန်းတွင်းရေးများ ဆွေးနွေးနေကြသည့် အမျိုးသားများကတော့ ညီအစ်မနှစ်ယောက်ကြားမှ ပြသနာအသေးအမွှားလေးကို သတိမထားမိလိုက်ကြချေ။ သို့သော် ထိုအဖြစ်အပျက်ကို မြင်ခဲ့ရသည့် အထိန်းတော်ဟန်က သခင်မရှန်းဆီသို့ သွားရောက်သတင်းပို့လိုက်သည်။

 

ပင်မခြံဝင်းအတွင်းတွင် ဝမ်ယွီဝမ်က သူမ၏ ကလေးနှစ်ယောက်နှင့်အတူ သခင်မရှန်းနှင့် စကားပြောနေခြင်း ဖြစ်သည်။

 

အထိန်းတော်ဟန်၏ စကားများကို နားထောင်ပြီးနောက် သူမက အံ့သြတကြီး ဝင်မေးလိုက်သည်။

 

"အမေ... သူတို့က အမြဲတမ်း ဒီလိုပဲလား"

 

ဝမ်ယွီဝမ် အပျိုဘဝက ပင်မခြံဝင်းနှင့်နီးသည့် ဖန်ဖေးအဆောင်တွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူမက သူမ၏ ကိုယ်လုပ်တော်ဖွား ညီမငယ်များနှင့် ဝေးရာတွင် နေထိုင်ခဲ့ရခြင်းဖြစ်သလို ထိုစဉ်က သခင်မရှန်းက သူမအပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သဖြင့် ညီမများနှင့် ကစားချင်လျှင်ပင် အချိန်မရှိခဲ့ပေ။

 

နှစ်များစွာ ကုန်လွန်ခဲ့ပြီးနောက် သူမ၏ စိတ်ထဲမှ သူမ၏ သွေးတစ်ဝက်ညီမသုံးယောက်လုံးအပေါ် ထားရှိသည့် အမြင်က ဝေဝါးသွားခဲ့သည်။

 

သခင်မရှန်းက လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ ပြန်ဖြေလိုက်သည်။

 

"နင့်ရဲ့ ဒုတိယညီမက အမြဲတမ်း တခြားသူတွေထက် သာလွန်ဖို့ ကြိုးစားနေတာလေ၊  ကြွားဝါရတာကိုလည်း ဝါသနာပါတယ်၊ သူရဲ့အမေ ပိုင်ယိနျန်း ရှိနေတုန်းကလည်း သူ့ကို အမြဲတမ်း မကောင်းတဲ့ အကြံတွေပဲ ပေးခဲ့တာလေ၊ နှစ်တွေ ဘယ်လောက်ကြာကြာ၊ ငါ့ကလွဲရင် ဝမ်ယဲ့တစ်ယောက်ပဲ သူ့ကို နိုင်အောင် ထိန်းနိုင်တာ"

 

ဝမ်ယွီဝမ်၏ မှတ်ဉာဏ်ထဲတွင် ဝမ်ဟွေ့၏အကြောင်းက အခြားညီမနှစ်ယောက်ထက် အနည်းငယ် ပိုထင်ရှားနေသည်။ အဓိကအကြောင်းပြချက်ကတော့ ဝမ်ဟွေ့၏မိခင်ဖြစ်သူက အမြဲတမ်း ပြဿနာရှာတတ်ပြီး ဆူညံလွန်းသောကြောင့်ပင်။

 

“ဝမ်ယဲ့က သူ့ကို နိုင်အောင်ထိန်းနိုင်တယ် ဟုတ်လား”

 

ဝမ်ယွီဝမ်က မယုံကြည်နိုင်သလို ပြန်မေးလိုက်သည်။ ယနေ့အထိ သူမ၏အမြင်တွင် ဝမ်ယဲ့က နူးညံ့သိမ်မွေ့ပြီး လိမ္မာရေးခြားရှိသည့် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ ဝမ်လန်လောက် မကြောက်တတ်သော်လည်း ထက်မြက်လှသည်ဟုတော့ သူမ မထင်ထားခဲ့ပေ။

 

 

သခင်မရှန်းက အများကြီး ရှင်းပြမနေတော့ဘဲ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

 

“သူ့ကို အချိန်ပိုပေးပြီး အနီးကပ် နေကြည့်ရင် နင် နားလည်သွားလိမ့်မယ်”

 

ဝမ်ယွီဝမ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။

 

ထို့နောက် သူမ မထွက်ခွာမီ ယောက္ခမဖြစ်သူက ညွှန်ကြားလိုက်သည့် အကြောင်းအရာကို သတိရသွားပြီး ထိုအကြောင်းဆီသို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

 

“သမီးမှာ တော်တော်လေးလှတဲ့ ရွှေဆံထိုးနဲ့ ဆံပင်အလှဆင်ပစ္စည်း တစ်စုံရှိတယ်၊ အဲ့ဒါကို စတုတ္ထညီမလေးအတွက် မင်္ဂလာလက်ဆောင်အဖြစ် ပေးချင်တယ်”

 

သခင်မရှန်းက သမီးဖြစ်သူ၏ အကြံကို ချက်ချင်းရိပ်မိသွားပြီး ပြန်မေးလိုက်သည်။

 

“နင့်ယောက္ခမက ပေးခိုင်းလိုက်တာမလား”

 

ဝမ်ယွီဝမ်က ပြုံးလိုက်ပြီး သူမ၏ကလေးများကို အပြင်ထွက်ကစားရန် ပြောလိုက်သည်။ ကလေးများ ထွက်သွားပြီးနောက်မှသာ သူမက ပြန်ဖြေလိုက်သည်။

 

“အမေကတော့ တကယ့်ကို အကုန်ခန့်မှန်းမိတာပဲနော်”

 

အမှန်တကယ်တွင် ထိုဆံပင်အလှဆင်ပစ္စည်းတစ်စုံက သူမ၏ယောက္ခမ ယုံချန်းမှူးမတ်ကတော် ပေးခိုင်းလိုက်သည့် ရတနာများ ဖြစ်သည်။

 

“ကြည့်ရတာ နင့်ယောင်းမရဲ့ အိမ်ထောင်ရေးကိစ္စလည်း အဆင်ပြေသွားပြီထင်တယ်”

 

သခင်မရှန်းက နောက်တစ်ကြိမ် မှန်ကန်စွာ ခန့်မှန်းလိုက်ပြန်သည်။

 

ဝမ်ယွီဝမ်ကတော့ မိခင်ဖြစ်သူ၏ အမြင်စူးရှမှုကို အံ့သြမဆုံးဖြစ်နေကာ ပြန်မေးလိုက်သည်။

 

“ကျွန်မယောက္ခမက အဲ့အကြောင်းကို တော်တော်လေး လျှို့ဝှက်ထားတာ၊ အမေက ဘယ်လိုလုပ်ပြီး သိနေတာလဲ”

 

သခင်မရှန်းက သမီးကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

 

“ငါက နင့်ယောက္ခမအကြောင်းကို ကောင်းကောင်း သိနေလို့ပေါ့”

 

ဝမ်ယွီဝမ်ကလည်း ထိုစကားကို စိတ်ထဲမှ အကြွင်းမဲ့ သဘောတူလိုက်မိသည်။

 

‘တကယ်လို့ သူမရဲ့မိခင်သာ သူမရဲ့ယောက္ခမအပေါ် ထိုးထွင်းသိမြင်မှု မရှိခဲ့ရင် သူမရဲ့ဘဝ အခုလောက် သက်တောင့်သက်သာ ရှိနေမှာမဟုတ်ဘူး’

 

“ဘယ်မိသားစုနဲ့ စေ့စပ်ကြောင်းလမ်းမှာလဲ”

 

သခင်မရှန်းက ထပ်မေးလိုက်သည်။

 

ဝမ်ယွီဝမ်ကလည်း ဘာမှ ဖုံးကွယ်မနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

 

“ကျင်းယွမ်မြို့စားမင်းကြီးရဲ့ အကြီးဆုံးသားပါ”

 

 

သခင်မရှန်းက ခေါင်းညိတ်ရင်း မှတ်ချက်ချလိုက်သည်။

 

 “ဒါက တကယ့်ကို သင့်တော်တဲ့ အိမ်ထောင်ရေးပဲ” 

 

အကြီးဆုံးသားက မြို့စားမင်းရာထူး ဆက်ခံရမည်ဖြစ်ပြီး သူမ၏ ယောင်းမက နောင်တွင်  ကျင်းယွမ်မြို့စားကတော် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ယုံချန်းမှူးမတ်ကတော် ဤမျှဝမ်းသာနေခြင်းမှာ မထူးဆန်းတော့ပေ။

 

ယုံချန်းမှူးမတ်နှင့် သူ့သားက နန်းတွင်း၌ လူလေးစားခံရသည့်အရာရှိများ ဖြစ်သော်လည်း ကျင်းယွမ်မြို့စားမင်း၏ မိသားစုကလည်း ဩဇာအာဏာ နည်းပါးခြင်းမရှိချေ။

 

မူလက ကျင်းယွမ်မြို့စားကတော် ‌ရွေးချယ်ခဲ့သည့် အိမ်ထောင်ဖက်စာရင်းတွင် ယုံချန်းမိသားစု၏သမီးကို သူမ၏သားအတွက် ထည့်မစဉ်းစားထားခဲ့ပေ။ သို့သော် ဝမ်မိသားစုနှင့် ရွှီမိသားစုတို့၏ အိမ်ထောင်ရေးကိစ္စ အတည်ဖြစ်သွားချိန်တွင် ယုံချန်းမိသားစုက ရွှီနယ်စားမင်းအိမ်တော်နှင့် သွယ်ဝိုက်သောနည်းဖြင့် ပတ်သက်မှုရှိသွားခဲ့သည်။

 

ဤပတ်သက်မှုကြောင့်ပင် ကျင်းယွမ်မြို့စားမင်းကတော်က ယုံချန်းမိသားစုကို  အလေးထားပြီး အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ယုံချန်းမိသားစု၏ သမီးကလည်း အကျင့်စာရိတ္တကောင်းမွန်ပြီး ဖခင်နှင့် အစ်ကိုများကလည်း အောင်မြင်သူများ ဖြစ်နေကြသဖြင့် ဤအိမ်ထောင်ရေးကို သဘောတူခဲ့ခြင်း ဖြစ်သည်။

 

သို့သော် ဝမ်ယဲ့နှင့် ရွှီဒုတိယသခင်တို့၏ အိမ်ထောင်ရေးသာ မရှိခဲ့လျှင် ကျင်းယွမ်မြို့စားမင်းကတော်အနေဖြင့် ယုံချန်းမိသားစုကို စိတ်ဝင်စားလိမ့်မည်မဟုတ်ကြောင်း သခင်မရှန်းလည်း ခန့်မှန်းနိုင်သည်။

 

သခင်မရှန်း ကန့်ကွက်ခြင်းမရှိသည်ကို မြင်နေရသောကြောင့် ဝမ်ယွီဝမ်က အတည်ပြုသည့်အနေဖြင့် ထပ်မေးလိုက်သည်။

 

“ဒီဆံပင်အလှဆင်ပစ္စည်းတွေကို ဒီမှာပဲ ထားခဲ့ရမလား”

 

သခင်မရှန်းက တည်တည်ငြိမ်ငြိမ် လက်ခံလိုက်သည်။

 

“ထားခဲ့လိုက်ပါ၊ နင့်ရဲ့ စတုတ္ထညီမက ဒါတွေကို ငြင်းမှာမဟုတ်ဘူး၊ ငါ သေချာပေါက် သိတယ်”

 

.......။......။.......

 

ဝမ်ယဲ့ ငြင်းဆိုလိမ့်မည်မဟုတ်သည်ကတော့ အသေအချာပင်။ အမှန်အတိုင်းပြောရလျှင် သူမက ဤကဲ့သို့သော အခွင့်အရေးများ မကြာခဏ ရောက်လာရန် မျှော်လင့်နေမည့်သူသာ ဖြစ်သည်။

 

ထို့အပြင် သူမ၏ အကြီးဆုံးအစ်မ ဝမ်ယွီဝမ် ပေးထားခဲ့သည့် ဆံပင်အလှဆင်ပစ္စည်းတစ်စုံက သူမအနေဖြင့် မစားရက်မသောက်ရက် သုံးနှစ်တိုင်တိုင် ငွေစုလျှင်ပင် ဝယ်နိုင်မည်မဟုတ်သည့် တန်ဖိုးကြီးရတနာပစ္စည်း ဖြစ်နေသေးသည်။

 

သို့သော် ထိုပစ္စည်းများ ရောက်လာချိန်တွင် ဝမ်လန်က သူမ၏မိခင် ကိုယ်လုပ်တော်ကွေ့ကို နှုတ်ဆက်ရန် ထွက်သွားခဲ့ပြီဖြစ်သော်လည်း ဝမ်ဟွေ့ကတော့ ရှိနေသေးသည်။

 

ဝမ်ဟွေ့ ဘာကြောင့် မပြန်သေးဘဲ ဇွဲနပဲနှင့် ဆက်နေနေသည်ကို ဝမ်ယဲ့လည်း နားမလည်နိုင်ဖြစ်နေခဲ့ရသည်။

 

ငွေလျန်တစ်ထောင်ခန့် တန်ဖိုးရှိသော ထိုဆံပင်အလှဆင်ပစ္စည်းများက ဝမ်ဟွေ့၏ မနာလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့ပြီး သူမ မကျေမနပ် ရေရွတ်နေပြန်သည်။

 

“အမေက တော်တော်လေး မျက်နှာလိုက်တာပဲ”

 

ဝမ်ယဲ့ကတော့ ထိုပစ္စည်းတစ်စုံကို ကျေနပ်အားရစွာ သိမ်းဆည်းလိုက်ပြီး ခနဲ့လိုက်ပြန်သည်။

 

“ဒါက ငါ ရွှီမိသားစုရဲ့ ဒုတိယသခင်နဲ့ လက်ထပ်ရမှာ မို့လို့လေ”

 

သူမက အနာဂတ်ခင်ပွန်း၏ ဂုဏ်ဒြပ်ကို အသုံးချရန် ဝန်မလေးသည့်အပြင် သူမ၏မျက်နှာတွင်လည်း အားနာရိပ်လေးတစ်စပင် ရှိမနေခဲ့ချေ။

 

‘အင်း... ဘာပဲဖြစ်ဖြစ် နောက်လဲ ဒီဈေးပေါတဲ့ခင်ပွန်းတဲ့ နာမည်ကိုပဲ သုံးရတော့မှာလေ’

 

“ရွှီယွဲ့ကျားကို လက်ထပ်ရတာက တကယ့်ကို ကောင်းလှပြီလို့ နင် ထင်နေတာလား၊ ငါ ပြောပြမယ်... မြို့တော်တစ်ခုလုံးမှာရှိတဲ့ မိန်းကလေးတွေ အများကြီးက သူ့ကို မျက်စိကျနေကြတာ၊ နောင်ကျရင် နင် အဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

 

ဝမ်ဟွေ့၏ စကားများတွင် မကျေနပ်မှုများ ရောနှောနေသော်လည်း ဝမ်ယဲ့၏ အစောပိုင်း စကားများကြောင့် သူမ၏ဒေါသများကတော့ အနည်းငယ် လျော့ပါးသွားခဲ့သည်။

 

ဝမ်ဟွေ့ အိမ်ထောင်မပြုမီက သူမတွင် ရွှီယွဲ့ကျားအပေါ် နှစ်ရှည်လများ စွဲလန်းနေခဲ့သည့် ရင်းနှီးသော သူငယ်ချင်းတစ်ဦး ရှိခဲ့သည်။ အခြားသူတစ်ဦးနှင့် လက်ထပ်ပြီးသည့်တိုင်အောင် ထိုသူငယ်ချင်း၏ ခံစားချက်များက ပြောင်းလဲမသွားခဲ့ပေ။

 

မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဝမ်ဟွေ့က ထိုသူငယ်ချင်းနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ သူမ၏ သူငယ်ချင်းက အိမ်ထောင်ကွဲထားပြီး ထူးဆန်းစွာ ပြုမူနေသော်လည်း သူမက ရွှီယွဲ့ကျားအပေါ် ယခင်အတိုင်း စွဲလန်းနေဆဲဖြစ်သည်။ သို့သော်လည်း သူမတို့ စကားပြောချိန်တွင် ဝမ်ဟွေ့အနေဖြင့် သူငယ်ချင်းဖြစ်သူ၏လေသံထဲမှ ခါးသီးမှု အရိပ်အယောင်များကို သတိထားမိခဲ့သည်။

 

“သူတို့က စိတ်ဝင်စားနေတော့ရော... ဘာအရေးလဲ၊ သူက ငါ့အပိုင် ဖြစ်တော့မှာလေ”

 

ဝမ်ယဲ့က ရွှေဆံထိုးနှင့် ဆံပင်အလှဆင်ပစ္စည်းများကို ကြည့်ရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

 

‘ပြီးတော့ ပြိုင်ဘက်နည်းနည်းလောက် ရှိနေတာကလည်း မဆိုးဘူးလေ....’

 

ဝမ်ဟွေ့က သူမ ဝမ်ယဲ့နှင့် စကားနိုင်မလုနိုင်တော့မှန်း သိသွားပြီး ဒေါသဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။

 

“နင် ငါ့ကို တစ်ခါလောက်တောင် အလျှော့ပေးလို့ မရဘူးလား”

 

ဝမ်ယဲ့က ခေါင်းပင် လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

 

“ငါ နင့်ကို လက်သည်းခွံလောက် ပေးလိုက်ရင် နင်က တောင်ကြီးတစ်လုံးစားလောက် ယူမယ့်သူလေ”

 

ထိုစကားက ဝမ်ဟွေ့ကို အလွန်အမင်း ဒေါသထွက်သွားစေပုံရပြီး သူမ၏အစေခံလက်ထဲမှ သေတ္တာကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။ ဝမ်ယဲ့ကလည်း သူမကို တားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

 

ဝမ်ဟွေ့က သူမကို ထိန်းချုပ်ရန် တစ်စုံတစ်ယောက် မဖြစ်မနေ လိုအပ်သည့် လူစားမျိုး ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူမကို လွှတ်ထားလိုက်လျှင် ခဏတာအတွင်း ပရမ်းပတာဖြစ်အောင် လုပ်နိုင်သူ ဖြစ်သည်။

 

ထို့ကြောင့် သခင်မရှန်းလည်း ဝမ်ဟွေ့အတွက် ဉာဏ်ကောင်းပြီး အမြော်အမြင်ရှိသည့် တုမိသားစုကို ရှာပေးရန် အတော်လေး အားစိုက်ခဲ့ရသည်။ ထိုကဲ့သို့သော မိသားစုမျိုးကသာ ဝမ်ဟွေ့ကို သူမ၏မိခင်အရင်း ကိုယ်လုပ်တော်ပိုင်ကဲ့သို့ ဖြစ်မသွားအောင် တားဆီးပေးနိုင်ပေလိမ့်မည်။

 

အမှန်တကယ်လည်း ကိုယ်လုပ်တော်ပိုင်၏ သြဇာလွှမ်းမိုးမှုအောက်မှ လွတ်မြောက်ပြီးနောက် ဝမ်ဟွေ့၏ တစ်ခုတည်းသော အပြစ်က သူမ၏ ဒေါသထွက်လွယ်သည့် စရိုက်သာ ကျန်နေတော့သည်။

 

သို့သော်လည်း ဝမ်ယဲ့အနေဖြင့် သူမအပေါ် မနှစ်မြို့မှုများကတော့ နည်းနည်းလေးမျှ လျော့ပါးမသွားခဲ့ပေ။

 

ဖြစ်နိုင်သည်မှာ သူမတို့ဖခင်၏ မျိုးရိုးဗီဇက အားကောင်းလှသဖြင့် ဝမ်ဟွေ့ ကိုယ်လုပ်တော်ပိုင်၏ လမ်းစဉ်နောက်သို့ လုံးလုံးလျားလျား လိုက်မသွားခြင်းလည်း ဖြစ်နိုင်သည်။

 

ထိုသို့မဟုတ်ပါက တုမိသားစုတွင် သူမ၏ဘဝ ယခုလောက် ချောမွေ့နေမည်မဟုတ်သလို ဝမ်မိသားစုဆီ ပြန်လာပြီး ဝမ်ယဲ့နှင့် ရန်ဖြစ်နေနိုင်ရန်လည်း အချိန်အားရှိမည် မဟုတ်ပေ။

 

အတိတ်မှ ကိစ္စများကို ပြန်တွေးကြည့်လျှင်လည်း ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်အနေဖြင့် နဝမမင်းသား၏ ကိုယ်လုပ်တော် ဖြစ်လာနိုင်မည့် အခွင့်အရေး ရုတ်တရက် ရောက်လာပြီး အထက်တန်းလွှာထဲ တက်လှမ်းနိုင်မည့် အခွင့်အရေးမျိုး ရောက်လာခဲ့ခြင်းပင်။ လက်တွေ့တွင် မည်သူမျှ မငြင်းနိုင်မည့် အခွင့်ထူးသာ ဖြစ်နေခဲ့သည်။

 

ကိုယ်လုပ်တော်ပိုင်၏ မြှောက်ပင့်ပေးမှုနှင့် ပေါင်းစပ်လိုက်ချိန်တွင် အသက်ဆယ့်သုံး၊ ဆယ့်လေးအရွယ် မိန်းကလေးတစ်ယောက် စိတ်ယိုင်သွားခြင်းက သဘာဝကျလှသည်။

 

ထိုစဉ်က မြို့တော်ရှိ လူတိုင်းနီးပါးကလည်း နဝမမင်းသား နန်းတက်လိမ့်မည်ဟု ယုံကြည်နေခဲ့ကြသည်။

 

သို့သော် နောက်ဆုံးတွင် သူ ရှုံးနိမ့်သွားခဲ့ပြီး ယခု ပြန်တွေးကြည့်လျှင် အပြစ်အားလုံးက ဝမ်ဟွေ့အပေါ်သို့ ပုံကျသွားသလို ဖြစ်ခဲ့ရသည်။

 

ဝမ်ယဲ့က ဝမ်ဟွေ့၏ စိတ်ထဲမှ ပွင့်လန်းလာသည့် အချစ်ဇာတ်လမ်းကို ဖျက်ဆီးပစ်ခဲ့သည်။ အပေါ်ယံတွင် သူမက ဝမ်မိသားစုအတွက်ဟူသော အကြောင်းပြချက်ဖြင့် ဝမ်ဟွေ့ကို နှိပ်ကွပ်ထားခဲ့သည်။ သို့သော် သူမကိုယ်တိုင် ထိုမျှအထိ မြင့်မြတ်သူ မဟုတ်မှန်း သူမတစ်ယောက်တည်းသာ သိနေခဲ့သည်။ သူမ၏ အဓိက စိုးရိမ်ပူပန်မှုက သူမ၏ လက်ရှိ အေးချမ်းနေသော ဘဝလေးနှင့် အနာဂတ်အတွက် အေးချမ်းနေမည့် ဘဝလေးကို မည်သည့် မတည်ငြိမ်မှုများကမှ လာရောက် မနှောင့်ယှက်နိုင်စေရန်သာ ဖြစ်သည်။

 

‘နန်းလုပွဲတွေဆိုတာက အမြဲတမ်း ခန့်မှန်းရခက်တဲ့ အရာတွေ မဟုတ်ဘူးလား’

 

ဝမ်ဟွေ့က သူမအတွက် သူမ ကြည့်ခဲ့သလို ဝမ်ယဲ့ကလည်း သူမကိုယ်တိုင်အတွက်သာ ကြည့်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအလောင်းကစား၌ မည်သူနိုင်မည်နည်းဟူသော ကိစ္စကသာ အရေးအကြီးဆုံး ဖြစ်ခဲ့သည်။

 

နောက်ဆုံးတွင် ထိုကစားပွဲ၌ ဝမ်ယဲ့ အနိုင်ရခဲ့သည်။

 

လက်ရှိအချိန်တွင် ဧည့်သည်ကို ပြန်ပို့ပေးပြီးနောက် ဝမ်ယဲ့က ကျန်ရစ်နေခဲ့သည့် သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကြည်လင်တောက်ပသည့် အရည်အသွေးမြင့် ကျောက်စိမ်းလက်ကောက်တစ်စုံ ရှိနေသည်။

 

ဝမ်ယဲ့က လျှာလေးတစ်ချက် သပ်လိုက်ပြီး ယနေ့အတွက် သူမ စိတ်အခြေအနေ တော်တော်လေး ကောင်းသွားခဲ့သည်။

 

‘ဟူး.... ထားလိုက်ပါတော့.... တစ်ယောက်ယောက်ကို မနှစ်မြို့ဘူး ဆိုရင်လည်း မနက်ဖြန်မှပဲ ကိုယ်တွယ်ဖြေရှင်းပါတော့မယ်လေ’

 

(T/n : အစ်မတော်က လက်ကောက်မျက်နှာနဲ့ တစ်ရက်ကြီးများတောင် ခွင့်လွှတ်ပေးလိုက်တာနော်)

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟