CHAPTER 8
Viewers 32

အခန်း ၈ စေ့စပ်ကြောင်းလမ်းမှု

 

သမီးဖြစ်သူ ဝမ်ယဲ့၏ နောက်ဆုံးရွေးချယ်မှုအတွက် အမတ်မင်းဝမ်က သခင်မရှန်းထက်ပင် ပိုအံ့အားသင့်နေခဲ့သည်။

 

ထိုညတွင် သူက ပင်မခြံဝင်း၌ပင် အိပ်စက်ခဲ့သည်။

 

အမတ်မင်းဝမ်က သခင်မရှန်းအား သူ့အတွေးကို ပြောပြနေသည်။

 

“ယဲ့အာက ဝူမိသားစုကို ရွေးလိမ့်မယ်လို့ ငါ ထင်ထားတာ”

 

ရှန်းမိသားစု၏ အခြေအနေက ရှုပ်ထွေးလွန်းသဖြင့် အိမ်ထောင်ပြုရန် မသင့်တော်သလို ရွှီမိသားစု၏ ဂုဏ်ဒြပ်ကလည်း မြင့်မားလွန်းလှသည်။ ထိုကဲ့သို့သော အိမ်တော်မျိုးထဲသို့ ရောက်သွားလျှင် သူမ နေ့စဉ်နှင့်အမျှ စိုးရိမ်တကြီးဖြင့် ဆင်ခြင်နေထိုင်ရပေလိမ့်မည်။

 

အမတ်မင်းဝမ်က ဝူမိသားစုမှ လူငယ်လေးကို ဂရုတစိုက် စောင့်ကြည့်ခဲ့ပြီး ထိုလူငယ်က အရည်အချင်းရှိကာ စိတ်သဘောထား နူးညံ့ပြီး မိဘအပေါ် သိတတ်သူဖြစ်ကြောင်း သူ တွေ့ခဲ့ရသည်။

 

သခင်မရှန်းကိုယ်တိုင်လည်း အစောပိုင်းတွင် အံ့အားသင့်ခဲ့ရပြီး ယခုအချိန်တွင်တော့ ဝမ်ယဲ့၏ အတွေးများကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။

 

သူမ၏ တရားမဝင်သမီးက အမြဲတမ်း သူများနှင့်မတူဘဲ ထူးခြားနေတတ်သူ ဖြစ်သည်။ ဥပမာအားဖြင့် အခြားသူများ ကြောက်ရွံ့ထိတ်လန့်ဖြစ်နေသည့် ‘ဒုတိယဇနီး’ ဆိုသည့် ဂုဏ်ပုဒ်နှင့် ‘လင်ပါသား’ ရှိနေခြင်းတို့က ဝမ်ယဲ့အတွက် အခွင့်အရေးကောင်းဟု မြင်စေသည့်အရာများ ဖြစ်နေလေသည်။

 

ဝမ်ယဲ့အနေဖြင့် သူမ၏ လင်ပါသားအပေါ် မိခင်အရင်းကဲ့သို့ ရိုးရိုးသားသား ဆက်ဆံခဲ့လျှင်ပင် နယ်စားမင်းအိမ်တော်မှ လူများက သူမကို လုံးလုံးလျားလျား ယုံကြည်ကြမည် မဟုတ်ပေ။ ဤအချက်ကလည်း ဝမ်ယဲ့အတွက် အကြိုက်တွေ့စရာ ဖြစ်လာပြန်သည်။ သူမအနေဖြင့် ကလေးယူရန်ကိစ္စကို အတတ်နိုင်ဆုံး အချိန်ဆွဲထားနိုင်မည် ဖြစ်သလို သူမ လုံးဝ ကလေးမယူဘဲနေလျှင်လည်း ပို၍ အဆင်ပြေနိုင်ပေလိမ့်မည်။

 

သခင်မရှန်းက အမတ်မင်းဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

 

“ဝူမိသားစုက  ပညာရှင်လေးက လူကောင်းတစ်ယောက် ဆိုပေမယ့် ရွှီမိသားစုက ပိုပြီးတော့ ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ”

 

‘မျိုးရိုးနိမ့်တဲ့ ဆင်းရဲသား ပညာရှင်တစ်ယောက်နဲ့ နယ်စားမင်းအိမ်တော်ရဲ့ ဒုတိယသခင်၊ ဘယ်သူ့ကို ရွေးရမယ်ဆိုတာ အဖြေက ရှင်းနေတာပဲလေ’

 

ထို့အပြင် သခင်မရှန်း ထုတ်မပြောခဲ့သည့် အချက်တစ်ချက်လည်း ရှိနေသေးသည်။  ၎င်းက ထိုပညာရှင်ဝူ၏ အိမ်တွင် ဆယ်စုနှစ်တစ်ခုမက လာရောက်နေထိုင်နေသည့် ဝမ်းကွဲညီမအကြောင်းပင်။ ၎င်းက နောင်တွင် ပြဿနာဖြစ်လာနိုင်သည့် အချက် ဖြစ်သည်။

 

‘ဝမ်းကွဲညီမဆိုတာက သာမန်ကိုယ်လုပ်တော်နဲ့ မတူဘူး။ တကယ်လို့ ဝမ်ယဲ့သာ ဝူမိသားစုထဲ လက်ထပ်ဝင်သွားခဲ့ရင် ဒီကိစ္စတစ်ခုတည်းနဲ့ တော်တော်လေး အားစိုက်ဖြေရှင်းစရာ ပြသနာတွေ အများကြီး ရှိလာနိုင်တယ်’

 

‘ဒီအကြောင်းကို သူမ ဘာလို့ ခင်ပွန်းသည်နဲ့ ဆွေးနွေးတာမျိုး မလုပ်လဲဆိုတာကတော့ ရှင်းရှင်းလေးပါ။ ယောကျ်ားသားတွေက ဒီလိုအရေးကိစ္စတွေကို နားလည်ကြမှာ မဟုတ်ဘူးလေ။ သူတို့အမြင်မှာတော့ သူတို့ထက် နိမ့်ကျတဲ့ မိခင်မိသားစုဘက်က ဝမ်းကွဲညီမတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်တာက လုံးဝကို သာမန်ဆန်တဲ့ ကိစ္စတစ်ခုပဲ’

 

‘မြို့တော်တစ်ခွင်မှာတင် အဲ့လို သာဓကတွေ သုံး၊ လေးခုထက်မကရှိနေသေးတယ်’

 

‘ယောကျ်ားတွေအတွက်တော့ ကိုယ်လုပ်တော်ဆိုတာ လှပပြီး နာခံမှုရှိရင် ရပြီ၊ ကျန်တဲ့ ကိစ္စအဝဝကိုတော့ အိမ်ရှင်မဖြစ်တဲ့ ပင်မဇနီးကပဲ စီမံခန့်ခွဲရတယ်။ တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့ရင်လည်း ဇနီးသည်ရဲ့ အပြစ် ဖြစ်သွားပြန်တယ်’

 

သခင်မရှန်းက မျက်လုံးများ မှေးကျဉ်းထားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံရသော အမတ်မင်းဝမ်ကို ထပ်ကြည့်လိုက်ပြန်သည်။

 

အပျော်အပါးမက်သည့် အခြားယောကျ်ားများနှင့် နှိုင်းယှဉ်လျှင် အမတ်မင်းဝမ်က များစွာသာလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော်လည်း ဤကိစ္စနှင့် ပတ်သက်လာလျှင်တော့ သူလည်း အခြားယောကျ်ားများနှင့်အတွေးတူ ဖြစ်လိမ့်မည်ဟု သခင်မရှန်း နားလည်ထားခဲ့သည်။

 

ကံကောင်းထောက်မစွာဖြင့် သူမ ငယ်စဉ်ကတည်းက စိတ်ပြောင်းလွယ်ပြီး မိန်းမရှုပ်တတ်သည့် အစ်ကိုဖြစ်သူကြောင့် ယောကျ်ားများ၏စရိုက်အပေါ် ကျင့်သားရနေပြီး အချစ်ရေးကိစ္စအတွက် ဘာကိုမှ မျှော်လင့်မထားတော့ခြင်းပင်။

 

သူမ မင်္ဂလာမဆောင်မီညတွင် မိခင်ဖြစ်သူက ယောက္ခမအပေါ် ရိုသေရန်၊ ခင်ပွန်းအပေါ် နူးညံ့သိမ်မွေ့ရန်နှင့် တရားမဝင်သားသမီးများအပေါ် ကြင်နာရန် ဆုံးမခဲ့ဖူးသည်။ သူမကလည်း ထိုဆုံးမစကားများကို မြေဝယ်မကျ လိုက်နာခဲ့သည်။

 

ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီးနောက် ယခု ဝမ်ယဲ့လိုမျိုး ခေါင်းမာသည့် ဆူးကလေးနှင့် ထပ်မံတွေ့ကြုံရပြန်သည်။

 

အစပိုင်းတွင် သူမ မည်မျှ ထိတ်လန့်ခဲ့ရသည်၊ မည်မျှ ဒေါသထွက်ခဲ့ရသည်၊ သို့မဟုတ် မည်မျှ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ကို သူမကိုယ်တိုင်လည်း မမှတ်မိနိုင်တော့ပေ။ သို့တိုင်အောင် အချိန်ကြာလာသည်နှင့်အမျှ သူမလည်း  တည်တည်ငြိမ်ငြိမ် လက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။

 

သခင်မရှန်း၏ မျက်ဝန်းများက မှေးမှိန်သွားပြန်သည်။

 

‘တကယ်တော့ သူမရဲ့ နှလုံးသားထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာတော့ တစ်ခုခုကို ခဏတာမျှ တမ်းတမိတဲ့ အခိုက်အတန့်လေးလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်’

 

တစ်ဖက်မှ အမတ်မင်းဝမ်က သူ အလုပ်ဆင်းချိန်တွင် သူ့ကို တမင်တကာ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိအောင် လုပ်ခဲ့သည့် နယ်စားမင်းရွှီအကြောင်း ပြန်တွေးနေခြင်း ဖြစ်သည်။ တစ်ဖက်လူက သူတို့ကို မျက်နှာသာပေးလိုသည့် ဆန္ဒမရှိလျှင်ပင် နယ်စားမင်းအိမ်တော်နှင့် ခမည်းခမက် တော်စပ်ရမည်ဆိုသည့်အတွေးက အမတ်မင်းဝမ်ကို စိတ်လှုပ်ရှားစေသည်။

 

သူကိုယ်တိုင် ရာထူးတက်ရန် ရည်မှန်းချက် မရှိတော့သော်လည်း နန်းတွင်းတွင် အမှုထမ်းနေသည့် သူ့သားနှစ်ယောက် ရှိနေသေးသည်။

 

ဤကဲ့သို့ ထူးထူးခြားခြား တော်စပ်ရမည့် ယောက်ဖတစ်ယောက်ရှိနေခြင်းက သူတို့၏ အရာရှိဘဝ လမ်းခရီးကို ပိုမိုချောမွေ့စေမည်မှာ အသေအချာပင်။

 

ထို့ကြောင့် အမတ်မင်းဝမ်က ခေါင်းညိတ်လိုက်သည်။

 

“ဒါဆိုရင်တော့ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြမယ်၊ ယဲ့အာက နယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်မှာဆိုတော့ သူ့အတွက် မင်္ဂလာခန်းဝင်ပစ္စည်းတွေ ပိုပြီး ပြင်ဆင်ပေးလိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် တဖက်က နယ်စားအိမ်တော်ရဲ့ ဒုတိယသခင်လေ”

 

နယ်စားမင်းအိမ်တော်၏ ဂုဏ်သတင်းက ထင်ရှားကျော်ကြားပြီး ညီအစ်ကိုနှစ်ယောက်ကလည်း ချစ်ခင်ကြသည်။ နယ်စားမင်းအိုကြီးနှင့် ဇနီးဖြစ်သူတို့ ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သော်လည်း နယ်စားမင်းရွှီက သူ၏ညီဖြစ်သူနှင့် အိမ်ခွဲနေထိုင်ရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။

 

ထို့ကြောင့်လည်း မျိုးရိုးမြင့်မိသားစုများက သူတို့၏သမီးပျိုများကို ရွှီယွဲ့ကျား၏ ဒုတိယဇနီးအဖြစ် ပေးအပ်ရန် ဝန်မလေးကြခြင်းပင်။

 

သခင်မရှန်းက ခေါင်းညိတ်လိုက်သည်။

 

"ဒုတိယသမီးနဲ့ တတိယသမီး အိမ်ထောင်ပြုတုန်းက သူတို့ရဲ့ မင်္ဂလာခန်းဝင်တွေကို ကိုယ်လုပ်တော်သမီးတွေရဲ့ စံနှုန်းအတိုင်းပဲ ပြင်ဆင်ပေးခဲ့တာ၊ ဝမ်ယဲ့အတွက်တော့ အဲ့ဒါကို နှစ်ဆတိုးပေးလိုက်ပါ့မယ်"

 

သို့သော် နှစ်ဆတိုးပေးမည်ဆိုလျှင်ပင် ဇနီးကြီးမှမွေးသည့် တရားဝင်သမီး၏ ခန်းဝင်ပမာဏကိုတော့ ကျော်လွန်၍မရပေ။ ထိုသို့ကျော်လွန်သွားပါက စည်းဖောက်ဖျက်ရာ ရောက်ပြီး သူတစ်ပါး၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရနိုင်သောကြောင့် ဖြစ်သည်။

 

အမတ်မင်းဝမ်ကလည်း ကန့်ကွက်စရာမရှိဘဲ အလွယ်တကူ သဘောတူလိုက်သည်။

 

"ဒါတွေကိုတော့ ရှင်မပဲ စီစဉ်လိုက်ပါတော့"

 

.......။.......။.........

 

ဝမ်မိသားစုနှင့် ရွှီမိသားစုတို့ကြားတွင် ထိုအိမ်ထောင်ရေးကိစ္စအတွက် သီးသန့်နားလည်မှု ရယူလိုက်ကြပြီးနောက် နယ်စားမင်းအိမ်တော်မှ သခင်မလုက ပူချင်းဘုရားကျောင်းသို့ ဘုရားဖူးသွားရင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမှုတစ်ခု ဖန်တီးခဲ့သည်။ သခင်မရှန်းကလည်း သူမ၏ချွေးမများနှင့် ဝမ်ယဲ့ကို ခေါ်ဆောင်လာခဲ့သည်။

 

ရလဒ်အနေဖြင့် အမျိုးသမီးနှစ်ယောက်က တွေ့တွေ့ချင်း ခင်မင်သွားကြသည်။ ပူချင်းဘုရားကျောင်းမှ ပြန်လာပြီးနောက် မကြာမီမှာပင် မြို့တော်တစ်ခွင်၌ ဝမ်မိသားစုနှင့် ရွှီမိသားစုတို့ကြား အိမ်ထောင်ရေးစကား ကမ်းလှမ်းနေသည့် သတင်းများ ပျံ့နှံ့လာခဲ့သည်။

 

ဤသတင်းက မြို့တော်ရှိ မျိုးရိုးမြင့်သခင်မများစွာကို အံ့အားသင့်သွားစေခဲ့သည်။

 

‘နယ်စားမင်းနဲ့ သူ့ဇနီးက ဘာတွေတွေးနေကြတာလဲ’

 

ရွှီယွဲ့ကျား၏ ပထမဇနီးဖြစ်သည့် ရွှီကတော်ကလည်း မျိုးရိုးနိမ့်တဲ့သူတစ်ယောက်ပြီး သူမက ရွှီမိသားစုတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမက စစ်သူကြီးဟောင်းတစ်ယောက်၏ သမီးဟု ပြောကြပြီး ရွှီယွဲ့ကျားနှင့် ငယ်သူငယ်ချင်းသံယောဇဉ်ရှိသည်ဟု ဆိုနိုင်ပေသည်။

 

သူမ ရွှီမိသားစုကို တရားဝင် ဝင်ရောက်ပြီးနောက်တွင် သူမက ကျန်းမာရေးမကောင်းဟုဆိုကာ အပြင်ကို ထွက်တာမျိုး မရှိသလောက်ဖြစ်ခဲ့သည်။ အမှန်တကယ်တွင်လည်း သူမ တစ်နှစ်အတွင်း ကွယ်လွန်သွားခဲ့ပြီး သားတစ်ယောက် ချန်ထားခဲ့သည်။

 

ထို့ကြောင့်လည်း ယခင်က သူမကို မနာလိုဖြစ်သည့်သူ‌များက တိတ်တဆိတ် ထေ့ငေါ့ခဲ့ကြဖူးသည်။ ရွှီယွဲ့ကျားကို စိတ်ဝင်စားနေသည့် အမျိုးသမီးအချို့ကတော့ ရှီကတော်က မထိုက်တန်သည့် သူနှင့် ပတ်သတ်မိသောကြောင့် ကံဆိုးသွားသည်ဟု ပြောခဲ့ကြပြန်သည်။

 

အကယ်၍ သူမတို့သာ သူနှင့် လက်ထပ်ခဲ့လျှင် ဤကဲ့သို့ ဖြစ်လာမည်မဟုတ်ဘဲ အခြားအမျိုးသမီးတစ်ယောက် သူမတို့၏သားအတွက် မိထွေးဖြစ်လာမည့် အခွင့်အရေးမျိုး ပေးမည်မဟုတ်ဟု တွေးနေကြသည်။

 

အချို့ကလည်း နယ်စားမင်းအိမ်တော်၏ စည်းလုံးညီညွတ်မှုကို မနာလိုဖြစ်နေကြပြီး သခင်မလုက သူမ၏ယောင်းမ သူမထက် သာသွားမည်ကို စိုးရိမ်သောကြောင့် ထိုသို့စီစဥ်လိုက်သည်ဟု မကောင်းသည့်ဘက်မှ ထင်ကြေးပေးခဲ့ကြသည်။ ပထမတစ်ကြိမ်တွင် ငယ်သူငယ်ချင်းသံယောဇဉ်ကို အကြောင်းပြကာ မျိုးရိုးနိမ့်သည့် စစ်သူကြီးသမီးနှင့် ပေးစားခဲ့သည်။ ယခုတစ်ကြိမ်တွင် ထုံးတမ်းရေးရာဌာနမှ အမတ်မင်းဝမ်၏သမီးကို ရွေးချယ်ခဲ့သော်လည်း သူမက ကိုယ်လုပ်တော်သမီးတစ်ယောက် ဖြစ်နေခဲ့သည်။

 

ယုံချန်းမှူးမတ်ကတော်တစ်ယောက်သာလျှင် ဤသတင်းကို ကြားရသည်နှင့် အရာအားလုံးကို နားလည်သဘောပေါက်သည့် အမူအရာမျိုး ရှိခဲ့သူ ဖြစ်သည်။ သခင်မလုက သူမ၏ချွေးမ ဝမ်ယွီဝန်၏ မိသားစုမှ ဝမ်ယဲ့ကို ရွေးချယ်လိုက်ခြင်းအပေါ် သူမ အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီ သဘောပေါက်သွားခဲ့သည်။

 

သူမက သခင်မလု၏ စိတ်နေစိတ်ထားကို ယုံကြည်သည်။ တင်းမြို့စားမင်းအိမ်တော်၏ သမီးကြီး ဖြစ်ပြီး အေးချမ်းတည်ငြိမ်သည့် သခင်မလု၏ နှလုံးသားက ထိုမျှအထိ အမြင်ကျဉ်းမည်မဟုတ်ပေ။ ဝမ်မိသားစုမှ ကိုယ်လုပ်တော်သမီးကို ရွေးချယ်ရခြင်းက အသက်နှစ်နှစ်ပင် မပြည့်သေးသည့် သူမ၏တူလေး ရွှီယွိရွှမ်အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ဒုတိယဇနီး၏ နောက်ခံ အလွန်မြင့်မားလွန်းပါက နောင်တွင် သူမကိုယ်တိုင် သားသမီးရလာလျှင် ပထမဇနီး၏ သားဖြစ်သည့် ရွှီယွိရွှမ်အပေါ် ကောင်းမွန်စွာ မဆက်ဆံတော့မည်ကို သူမ စိုးရိမ်နေခြင်းပင်။

 

အပြင်တွင် မည်သို့ ပြောဆိုနေစေကာမူ ဝမ်မိသားစုနှင့် ရွှီမိသားစုတို့ကြားမှ အိမ်ထောင်ရေးကိစ္စက နွေရာသီမကုန်ဆုံးမီ အတည်ဖြစ်သွားခဲ့သည်။

 

ဝမ်ယဲ့၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားကာ မင်္ဂလာရက်ကို ဆောင်းဦးနှောင်းပိုင်းနှင့် ဆောင်းရာသီအစောပိုင်းဟု သတ်မှတ်ခဲ့ကြပြီး သုံးလပင် မလိုတော့ပေ။

 

ကံကောင်းထောက်မစွာဖြင့် သခင်မရှန်းက အခြားကိုယ်လုပ်တော်သမီးနှစ်ယောက် လက်ထပ်စဉ်ကတည်းက ဝမ်ယဲ့အတွက် မင်္ဂလာခန်းဝင်ပစ္စည်းများ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ယခုအချိန်တွင် အချို့အရာများ ထပ်တိုးခြင်း သို့မဟုတ် အနည်းငယ် ပြုပြင်ပြောင်းလဲခြင်းသာ လုပ်ရန် လိုအပ်တော့သည်။

 

ဒုတိယသမီးနှင့် တတိယသမီးတို့၏ ခန်းဝင်ပစ္စည်းများတွင် ငွေလျန် ၃၀၀၀ စီ ပါဝင်ခဲ့သည်။ သခင်မရှန်းက ဝမ်ယဲ့အတွက် နှစ်ဆတိုးပေးကာ ငွေလျန် ၆၀၀၀ အထိ ပေးခဲ့သည်။ ကျန်ရှိသည့် ပစ္စည်းများကတော့ ထိုနည်းအတိုင်းပင်။

 

ဝမ်ယဲ့တစ်ယောက် ငွေလျန် ၆၀၀၀ ကို လက်ခံရရှိလိုက်ပြီး အိမ်မက်မက်နေသလို ခံစားလိုက်ရသည်။

 

သူမ၏ ဘဝနှစ်ခုလုံးတွင် ဤမျှများပြားသည့် ငွေပမာဏကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဤနေရာတွင် သာမန်မိသားစုတစ်ခု၏ တစ်နှစ်စာ ကုန်ကျစရိတ်မှာ ငွေနှစ်လျန်၊ သုံးလျန်ခန့်သာ ရှိသည်။

 

‘ငွေလျန်ခြောက်ထောင်တဲ့လား.... သာမန်မိသားစုတစ်ခုဆိုရင် ဒီငွေတွေ ရနိုင်ဖို့ ဘဝဘယ်နှစ်ခုစာလောက် အချိန်ယူပြီး ကြိုးစားရမှာလဲ’

 

ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ အလျင်အမြန် တွက်ချက်ကြည့်လိုက်ပြီး သူမအနေဖြင့် ဝမ်မိသားစုတွင် မွေးဖွားလာခဲ့ရပြီး စားဝတ်နေရေးအတွက် ဘယ်တော့မှ စိုးရိမ်စရာမလိုခဲ့သဖြင့် ကံကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

 

သခင်မရှန်းပေးသည့် ငွေလျန် ၆၀၀၀ ကို ရသည်နှင့် ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်းနှင့် ညီမဖြစ်သူ ဝမ်ရန်တို့ဆီမှ ချေးယူထားခဲ့သည့် ငွေလျန် ၃၀၀ ကို ပြန်ဆပ်လိုက်သည်။

 

ကိုယ်လုပ်တော်ချန်းက လက်မခံချင်ဘဲ အပြင်းအထန် ငြင်းဆန်ခဲ့သော်လည်း ဝမ်ယဲ့က သူမကို ဖျောင်းဖျလိုက်သည်။

 

"ယိနျန်း... ယိနျန်းက သမီးအတွက်ပဲ တွေးနေရင် ရန်အာအတွက်ကျတော့ ဘယ်လိုလုပ်မှာလဲ၊ သူက စာတော်တဲ့သူဆိုတော့ စာအုပ်ဆိုင်ကနေ စာအုပ်တွေ ခဏခဏ ဝယ်ရတယ်လေ၊ အဲ့ဒီစာအုပ်တွေက ဘယ်လောက်စျေးကြီးလဲဆိုတာ ယိနျန်းလည်း သိနေတာပဲ။ ပြီးတော့ သခင်မကြီးကလည်း သမီးကို ငွေတွေ အများကြီး ပေးခဲ့တာလေ၊ ဒါက လုံလောက်တာထက်တောင် ပိုနေပြီ"

 

သူမ ထုတ်မပြောခဲ့သည့် အချက်က နယ်စားမင်းအိမ်တော်ထဲသို့ လက်ထပ်ဝင်သွားပြီးနောက် သူမ၏ လစဉ်သုံးစရိတ်က ယခုထက် ပိုမြင့်မားလာမည်ဖြစ်ရာ ငွေကြေးအတွက် ပူပန်နေစရာ မလိုတော့ခြင်းပင်။

ဝမ်ယဲ့၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်နေရသောကြောင့် ကိုယ်လုပ်တော်ချန်းလည်း ဆက်မငြင်းသာတော့ပေ။

 

"ဒါပေမယ့် နင် လက်ထပ်တော့မှာလေ၊ ဒီငွေတွေအပြင် နင့်ရဲ့ ခန်းဝင်ပစ္စည်းထဲကို ထည့်ပေးဖို့ ငါ့မှာ တခြားတန်ဖိုးရှိတာ ဘာမှ မရှိဘူး"

 

ပြောနေရင်းဖြင့် သူမ၏ မျက်ဝန်းအစုံက ရဲတက်လာပြန်သည်။

 

ဝမ်ယဲ့က သူမရှေ့က အမျိုးသမီးကို စိုက်ကြည့်နေမိသည်။

 

‘ဒီအမျိုးသမီးက သူမကို အနှစ်နှစ်ဆယ်တိုင်တိုင် စိတ်ရင်းနဲ့ ချစ်ပေးခဲ့တဲ့ သူမရဲ့ မိခင်အရင်းလေ။ သူမမှာ ဒီအမျိုးသမီးအတွက် ဘာခံစားချက်မှ မရှိဘူးဟု ပြောရင် လိမ်ရာကျသွားမှာပေါ့’

 

ထို့ကြောင့်လည်း သူမက ထိုငွေများကို မယူနိုင်ခြင်း ဖြစ်သည်။

 

ဤဘဝတွင် ဝမ်ယဲ့က အမြဲတမ်းလက်ဖွာသူတစ်ယောက် ဖြစ်ခဲ့ပြီး သူမ၏လစဉ်သုံးစရိတ်များကို လကုန်သည်အထိ မခံအောင် သုံးစွဲတတ်သည်။ ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့ စုဆောင်းထားသော ငွေများက သူတို့၏ လစဉ်အသုံးစရိတ်နှင့် ဝမ်ရန် စာကြိုးစား၍ ရရှိသော ဆုလာဘ်များမှ ဖဲ့ခြွေကာ စုထားရခြင်း ဖြစ်သည်။

 

ဝမ်ယဲ့က သူမ၏ ဘဝနှစ်ခုလုံးတွင် အခြားသူများအတွက် မိမိကိုယ်ကို အနစ်နာခံတတ်သည့်သူမျိုး မဟုတ်သော်လည်း အခြားသူများ၏ ရပိုင်ခွင့်ကိုလည်း မတရားရယူမည် မဟုတ်ပေ။ ထိုသူများက သူမ၏ မိခင်နှင့် ညီမအရင်း ဖြစ်နေလျှင်ပင် သူမ လက်ခံမည်မဟုတ်ပေ။

 

ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို သူမ လက်ခံရရှိခဲ့ပြီး တစ်ခါတစ်ရံ ပြန်ပေးဆပ်လိုသော်လည်း မိမိကိုယ်ကိုယ် အနစ်နာခံပြီး ပေးဆပ်သည့် ကြင်နာမှုမျိုးကိုတော့ သူမ လက်မခံနိုင်ပေ။

 

သူမကို နှလုံးသားမဲ့သူဟု ပြောကြမည်ဖြစ်သော်လည်း အခြားသူများအတွက် ဝန်ထုတ်ဝန်ပိုးများ အများကြီး ထမ်းပိုးထားရခြင်းက သူမကို ပင်ပန်းနွမ်းနယ်စေနိုင်သည်။

ဝမ်ယဲ့က ဤဘဝကို အေးအေးလူလူ ရှင်သန်ရန် ဆုံးဖြတ်ထားခဲ့ပြီး သူမ၏ နှလုံးသားတစ်ဝက်က အမြဲတမ်း သူမကိုယ်တိုင်အတွက်သာ ဖြစ်နေစေရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

 

သို့သော် ကိုယ်လုပ်တော်ချန်း၏ မျက်ရည်လက်နက်နှင့် ရင်ဆိုင်ရချိန်တွင်တော့ ဝမ်ယဲ့တစ်ယောက် ခဏမျှ အကြံအိုက်နေခဲ့ရပြီး နောက်ဆုံးတွင် အတွေးတစ်ခု ရသွားခဲ့သည်။

 

"ဒါဆိုရင် သမီးအတွက် ဆောင်းတွင်းဝတ်စုံလေး တစ်ထည်လောက် ချုပ်ပေးပါလား၊ သခင်မကြီး ပြင်ဆင်ပေးတဲ့ထဲမှာ ပါတာတွေက အပ်ချုပ်သည်တွေ ချုပ်ထားတာလေ၊ သမီးက ယိနျန်းကိုယ်တိုင် ချုပ်ပေးတာကို ဝတ်ချင်လို့ပါ"

 

နှစ်လအတွင်း ဆောင်းတွင်းဝတ်စုံတစ်ထည် ချုပ်ရခြင်းက အလွန်အမင်း ပင်ပန်းလှသည့်အလုပ် မဟုတ်ပေ။

 

ကိုယ်လုပ်တော်ချန်းလည်း ထိုစကားကြောင့် စိတ်အခြေအနေ ပြန်ကောင်းသွားပြီး မျက်ရည်များလည်း ပြန်ပျောက်ကွယ်သွားသည်။

 

"နင် တကယ်လိုချင်တာဆိုရင်တော့ ငါ အကောင်းဆုံး ချုပ်ပေးမှာပါ"

 

ကိုယ်လုပ်တော်ချန်းဘက်သို့ ဖြေရှင်းပြီးနောက်တွင် ဝမ်ယဲ့က ဆက်ပြောလိုက်ပြန်သည်။

 

"ညီမလေးအတွက်တော့  နောက်မှ စာအုပ်စာရင်းတစ်ခု ပေးမယ်နော်၊ သူ့ရဲ့ ဆုငွေတွေနဲ့ အဲ့ဒီစာအုပ်တွေ ဝယ်ပေးပေါ့၊ အဲ့ဒါကိုပဲ သမီးအတွက် မင်္ဂလာလက်ဆောင်အဖြစ် သတ်မှတ်လိုက်မယ်"

 

ဝမ်ရန်အတွက် ဆရာ လမ်းညွှန်ပေးသည့် စာအုပ်စာရင်းထဲမှ စာအုပ်များက တစ်အုပ်လျှင် ငွေလျန်အနည်းငယ်အထိ ပေးရတတ်ပြီး တော်တော်လေး စျေးကြီးသည်ဟု ဆိုနိုင်သည်။ သူမ ဖတ်လေ့ရှိသည့် ဝတ္ထုများကတော့ ပိုစျေးသက်သာပြီး ငွေတစ်လျန်ဖြင့် စာအုပ် သုံးအုပ်မှ လေးအုပ်အထိ ဝယ်ယူနိုင်သည်။ ငွေငါးလျန်ဖိုးလောက် ဝယ်လိုက်လျှင်ပင် သူမအတွက် အတော်ကြာအောင် ဖတ်၍ ရပေလိမ့်မည်။

 

ကိုယ်လုပ်တော်ချန်းကတော့ ဝမ်ယဲ့ လေးနက်သည့် စာအုပ်များကို ဆိုလိုခြင်းဟု ထင်မှတ်သွားကာ ဝမ်းသာအားရ သဘောတူလိုက်သည်။

 

ဟမ့်ဝူခြံဝင်းအတွင်း မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများကြောင့် တင်းမာနေသည့် အငွေ့အသက်က အကြာကြီး မခံလိုက်ပေ။ ရှန်းကျိုးရှိ ထင်ရှားသော မိသားစုတစ်ခုဆီသို့ လက်ထပ်ဝင်ရောက်သွားခဲ့သည့် ဝမ်မိသားစု၏ ဒုတိယသမီးက ရာထူးတက်သွားသော ခင်ပွန်းည်နှင့်အတူ မြို့တော်သို့  ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

 

အမှန်တကယ် ကိုယ်လုပ်တော်ချန်းနှင့် အစေခံများသာ ဖိအားများနေခြင်း ဖြစ်သည်။ ဝမ်ယဲ့ကတော့ သူမ၏ မင်္ဂလာဝတ်စုံပေါ်တွင် အပ်ချက်အနည်းငယ် ထပ်ဖြည့်ရုံမှလွဲပြီး နေ့စဉ်ဘဝကို ထုံးစံအတိုင်း အေးအေးလူလူ ကုန်ဆုံးနေကာ လက်ထပ်ရန် ကျန်ရှိသည့် နှစ်လတာကို သာသာယာယာ စောင့်ဆိုင်းနေခဲ့သည်။

 

ဝမ်ဟွေ့က ကိုယ်လုပ်တော်သားသမီး ဖြစ်ပြီး သူမ လက်ထပ်သွားပြီးကတည်းက ခြောက်နှစ်တိုင်တိုင် မိဘအိမ်သို့ မပြန်နိုင်ခဲ့ရှာပေ။

 

သူမ ဝမ်အိမ်တော်သို့ သတင်းပို့လိုက်ချိန်တွင် သခင်မရှန်းက သိပ်ပြီး တွန့်ဆုတ်မနေဘဲ နောက်တစ်နေ့ လာလည်နိုင်သည်ဟု သဘောတူလိုက်သည်။ ထို့အပြင် သူမက ယုံချန်းမှူးမတ်အိမ်တော်နှင့် ကိုယ်လုပ်တော်ကွေ့၏ သမီးရှိရာ မိသားစုများဆီသို့လည်း ဖိတ်စာများ ပေးပို့လိုက်ပြီး သမီးများ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။

 

သူမ၏သမီး အိမ်ပြန်လာမည့်အကြောင်း ကြားလိုက်ရချိန်တွင် အမြဲတမ်း အေးအေးဆေးဆေး နေတတ်သည့် ကိုယ်လုပ်တော်ကွေ့လည်း ဝမ်းသာနေရှာသည်။ သမီးဖြစ်သူ လက်ထပ်သွားချိန်မှစ၍ သူမတို့သားအမိ ဆုံတွေ့ခွင့်က အလွန်နည်းပါးသွားခဲ့သည်။

 

သို့သော် ပြဿနာများကို အမြဲရှောင်လွှဲချင်သည့် ဝမ်ယဲ့ကတော့ စိတ်ထဲတွင် ဘာမှမထူးသလို ခံစားရသည့်အပြင် စိတ်အနှောင့်အယှက်ပင် ဖြစ်နေသေးသည်။

 

ဝမ်ဟွေ့၏ မိခင်အရင်းဖြစ်သူ ကိုယ်လုပ်တော်ပိုင်က ဝမ်ဟွေ့ လက်ထပ်ပြီး တစ်နှစ် မပြည့်မီ ကွယ်လွန်သွားခဲ့သည်။

 

အတိတ်က ဝမ်ဟွေ့နှင့် ဖြစ်ခဲ့သည့် 'ပြိုင်ဆိုင်မှုများ' ကို ပြန်တွေးကြည့်ရင်း ဝမ်ဟွေ့ ပြန်လာခြင်းက သူမအတွက် ပြဿနာတစ်ခုခု ပေးဖို့ ပြန်လာခြင်းဖြစ်လိမ့်မည်ဟု ဝမ်ယဲ့ ယုံကြည်နေခဲ့သည်။

 

ဤအတွေးနှင့်ပင် ဆုံတွေ့ရမည့်နေ့ရက်က ရောက်ရှိလာတော့သည်။

 

ဝမ်မိသားစုမှ အိမ်ထောင်ကျပြီးသော သမီးများအားလုံးက ဝမ်ဟွေ့နှင့် သူမ၏မိသားစုကို ကြိုဆိုရန်ဟူသော အကြောင်းပြချက်ဖြင့် မိခင်အိမ်တော်သို့ ပြန်လည်စုရုံးလာကြသည်။

 

ဝမ်ယွီဝမ်ကတော့ ထုံးစံအတိုင်း သူမ၏အမွှာကလေးနှစ်ယောက်ကို ခေါ်လာခဲ့ပြီး အငယ်ဆုံးကလေးနှစ်ယောက်ကိုတော့ ယုံကြည်ရသည့် ကလေးထိန်းများနှင့် အိမ်တော်တွင် ထားချန်ခဲ့သည်။

 

သခင်မရှန်းက ဝမ်လန်အတွက် ခင်ပွန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငယ်တန်းအရာရှိတစ်ဦးဖြစ်သူ ဝမ်မိသားစု၏ အငယ်ဆုံးသားကို ရွေးချယ်ပေးခဲ့သည်။ ထိုဝမ်မိသားစုတွင် သားငါးယောက်ရှိပြီး အားလုံးက ဇနီးကြီးမှ မွေးဖွားခဲ့သည့် တရားဝင်သားများ ဖြစ်ကြသည်။ အငယ်ဆုံးသားက သူ့အစ်ကိုများကဲ့သို့ စာပေ မထူးချွန်သော်လည်း မိသားစု၏အချစ်ကို ရရှိထားသူဖြစ်ပြီး တည်ငြိမ်သည့် စရိုက်ရှိသူဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် သူဘဝက သက်တောင့်သက်သာ နေထိုင်နိုင်ပေလိမ့်မည်။

 

ဝမ်လန်၏ စိတ်နေစိတ်ထားက ကိုယ်လုပ်တော်ကွေ့နှင့်တူပြီး ကြောက်တတ်ကာ ရှုပ်ထွေးသည့် အိမ်တွင်းရေးများကို ကိုင်တွယ်ရန် မသင့်တော်ပေ။ ရိုးရှင်းပြီး သဟဇာတဖြစ်သည့် မိသားစုမျိုးကသာ သူမနှင့် အလိုက်ဖက်ဆုံး ဖြစ်သည်။

 

အချိန်ကာလကလည်း ဝမ်လန်အတွက် သခင်မရှန်း၏ ရွေးချယ်မှု မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ လက်ထပ်ပြီးနောက် သူမ၏ခင်ပွန်းက သူမကို ဂရုစိုက်ပေးခဲ့ပြီး သူမကလည်း ခဲအိုများ၊ ယောင်းမများနှင့်လည်း အဆင်ပြေပြေ နေထိုင်နိုင်ခဲ့သည်။ အငယ်ဆုံးချွေးမပီပီ သူမက သူမ၏မိသားစုအရေးကိုသာ အာရုံစိုက်ရန် လိုအပ်ပြီး ကျန်ရှိသည့် အိမ်ထောင်စုကြီး၏ တာဝန်ဝတ္တရားများကိုတော့  ယောင်းမကြီးလေးယောက်က တာဝန်ယူပေးကြသည်။

 

သူမ အိမ်ထောင်ကျခဲ့သည့် ငါးနှစ်တာ ကာလအတွင်း သူမတို့ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သူမ၏ခင်ပွန်းက သူမ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း၌သာ ကိုယ်လုပ်တော်တစ်ယောက် ယူခဲ့ခြင်း ဖြစ်သောကြောင့် ဝမ်လန်အနေဖြင့် ဤကဲ့သို့သော အိမ်ထောင်ရေးဘဝက အလွန် ကံကောင်းလှသည်ဟု ဆိုရပေမည်။

 

ထို့ကြောင့်လည်း ကိုယ်လုပ်တော်ကွေ့က ဝမ်လန်ကို သူမ၏မိထွေးဖြစ်သူ သခင်မရှန်းအပေါ် သစ္စာရှိရန်နှင့် သိတတ်ရန် အမြဲသတိပေးလေ့ရှိသည်။ အကယ်၍ သူမ၏သမီးသာ ကိုယ်လုပ်တော်သားသမီးများအပေါ် နှိပ်စက်သည့် မိသားစုမျိုးတွင် မွေးဖွားခဲ့ပါက ယခုကဲ့သို့ ကောင်းမွန်သည့် ဘဝမျိုး ရရှိမည်မဟုတ်ပေ။

 

ဝမ်ယဲ့နှင့် ဝမ်လန်ကြားတွင် အဆင်ပြေသည့် ဆက်ဆံရေးရှိပြီး ဝမ်ယဲ့ကလည်း သူမအတွက် စိတ်ရင်းဖြင့် ဝမ်းသာပေးခဲ့သည်။

 

ဝမ်လန်က အပျိုဘဝကထက် အနည်းငယ် ပိုပြည့်လာသော်လည်း သူမ၏ ကြောက်တတ်သည့် စရိုက်ကတော့ မပြောင်းလဲသေးဘဲ စကားပြောလျှင် လေသံအေးအေးလေးနှင့်သာ ပြောနေသေးသည်။

 

ကိုယ်လုပ်တော်ကွေ့ကို နှုတ်ဆက်ပြီးနောက် ဝမ်လန်က ဝမ်ယဲ့အနားသို့ ချဉ်းကပ်လာပြီး တိုးတိုးလေး ပြောလာခဲ့သည်။

 

“စတုတ္ထညီမလေ... ဂုဏ်ပြုပါတယ်နော်”

 

မကြာခင် ဝမ်ယဲ့ ရွှီမိသားစုထဲသို့ လက်ထပ်ဝင်တော့မည့်အပေါ် သူမက စိတ်ရင်းဖြင့် ဂုဏ်ပြုနေခြင်း ဖြစ်သည်။

 

ဝမ်ယဲ့ကလည်း စိတ်ရင်းနှင့် ဆုတောင်းပေးမှုများကို အမြဲတမ်း ကျေးဇူးတင်စွာဖြင့် လက်ခံတတ်သူ ဖြစ်သည်။

 

“ကျေးဇူးတင်ပါတယ်”

 

“ဟွန့်”

 

စူးရှသည့် အသံတစ်ခုက သူမတို့နှစ်ယောက်ကြားထဲသို့ ဖြတ်ကျော်ဝင်ရောက်လာသည်။

 

“ဘာကို ဂုဏ်ယူနေတာလဲ၊ သူက ရွှီမိသားစုထဲကို မိထွေးသွားလုပ်ဖို့ လက်ထပ်ရမှာလေ”

 

ဝမ်ယဲ့ ပျင်းရိပျင်းတွဲဖြင့် လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ လှပသော်လည်း မောက်မာသည့် အမူအရာရှိနေသည့် ထိုအမျိုးသမီးက တိုက်ပွဲတွင် အနိုင်ရထားသည့် ကြက်ဖတစ်ကောင်နှင့် တူနေလေသည်။

 

တဖက်လူကလည်း သူမကို ပြန်စိုက်ကြည့်ရင်း မေးလာခဲ့သည်။

 

“ဘာကို ကြည့်နေတာလဲ”

 

ဝမ်ယဲ့က မျက်ခုံးလေး တစ်ချက်တွန့်ပြလိုက်သည်။

 

‘ခြောက်နှစ်တောင် ကြာသွားပြီ၊ သူ့ရဲ့ ဦးနှောက်ကတော့ နည်းနည်းမှ မတိုးတက်လာသေးဘူး’

 

ဝမ်ယဲ့က ဝမ်ဟွေ့နှင့် စကားများပြီး အချိန်မဖြုန်းချင်တာကြောင့် အေးအေးဆေးဆေး ပြန်လှောင်ပြောင်လိုက်သည်။

 

“ဟုတ်တာပေါ့... ငါက နင့်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ၊ ဝမ်ဟွေ့... နင်ကတော့ အထင်ကြီးစရာ အကောင်းဆုံးပေါ့”

 

လက်ထပ်ပြီးနောက် ခြောက်နှစ်အတွင်း ဝမ်ဟွေ့က သားသုံးယောက် မွေးဖွားနိုင်ခဲ့သည်။ ၎င်းက သူမအတွက် အမှန်တကယ် ယုံကြည်မှုတစ်ခု ဖြစ်လာစေသည်။ သူမက ခင်ပွန်းသည်၏ လေးစားမှုကို ရရှိထားပြီး ခင်ပွန်းကလည်း ရာထူးတက်လာသောကြောင့် မြို့တော်နှင် ဝေးကွာနေသည့်တိုင် သူမ၏ ဒေါသက မလျော့သွားခဲ့ပေ။ အမှန်တကယ်တွင် သူမ အိမ်ထောင်မကျမီကထက်ပင် ပိုဆိုးနေခဲ့သည်။

 

သူမ ဒေါသထွက်သွားသောကြောင့် စဉ်းစားဆင်ခြင်ခြင်း မရှိတော့ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။

 

“အဲ့ဒီတုန်းက နင်သာ မရှိခဲ့ရင် ငါက...”

 

ဝမ်ယဲ့က သူမ၏စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။

 

“အဲ့ဒီတုန်းက ငါသာ မရှိခဲ့ရင် နင် အခုလောက်ဆို မြေကြီးအောက်တောင် ရောက်နေလောက်ပြီ”

 

ထို့နောက် သူမဘေးမှ ကောင်လေးနှစ်ယောက်နှင့် ကလေးထိန်း၏ရင်ခွင်ထဲမှ ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ရင်း သရော်ပြုံး ပြုံးကာ ထပ်ပြောလိုက်သည်။

 

“ဒါမှမဟုတ် နင်သာ ကံကောင်းရင်တော့ ချောမောတဲ့ တစ္ဆေတစ်ကောင်ကို မြူဆွယ်ပြီး တစ္ဆေမင်္ဂလာဆောင် လုပ်နိုင်ခဲ့လို့ တစ္ဆေကလေးလေးတွေတောင် မွေးပြီးနေလောက်ရောပေါ့”

 

သရဲကြောက်တတ်သည့် ဝမ်လန်ကတော့ တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။

 

'စတုတ္ထညီမလေးရဲ့ ပါးစပ်ကတော့ အရင်အတိုင်း ထက်မြက်နေတုန်းပဲ'

 

ငယ်စဉ်ကတည်းက ဝမ်ယဲ့ကို စကားနိုင်မလုနိုင်ခဲ့သည့် ဝမ်ဟွေ့ကတော့ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရသည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟