အခန်း ၇ အကြီးဆုံးယောင်းမဆိုတာ အမေတစ်ယောက်လိုပါပဲ
သခင်မရှန်းက
ဝမ်ယဲ့၏ တုံ့ပြန်မှုအပေါ် အံ့သြမနေခဲ့ပေ။ သူမက ဝမ်ယဲ့ကို စဉ်းစားရန်
အချိန်အများကြီး မပေးဘဲ ချက်ချင်းဆိုသလို ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ
နင့်အဒေါ်က နင့်ဝမ်းကွဲ ရှန်းချန်ရဲ့ အိမ်ထောင်ရေးကိစ္စကို ငါ့ကို ပြောခဲ့သေးတယ်၊ ငါ့တူက
ကိုယ်လုပ်တော်က မွေးတဲ့သားဆိုပေမယ့် စာပေထူးဘက်မှာ ထူးချွန်တယ်၊ အခု တရားဝင်ရာထူးလည်း
ရထားပြီးပြီ၊ မင်းတို့နှစ်ယောက်ဆိုရင် တော်တော်လေး လိုက်ဖက်မယ့် အတွဲပဲ”
သခင်မရှန်း၏
အစ်ကိုအရင်းက အပျော်အပါးမက်ပြီး မိန်းမရှုပ်သည့် လူစားမျိုးဖြစ်သည်။ သူက ဘိုးဘွားပိုင်
အမွေအနှစ်ကို လက်ဆင့်ကမ်းယူခွင့်ရခဲ့ပြီး နန်းတွင်းတွင် စတုတ္ထအဆင့်ရှိသည့်
အမည်ခံရာထူးတစ်ခုကို ပိုင်ဆိုင်ထားသည်။ သို့သော် သူ့နှလုံးသားနှင့် စိတ်အာရုံကတော့
အနောက်ဆောင်မှ မိန်းမများထံတွင်သာ ရှိနေခဲ့သည်။ ဇနီးကြီးဖြစ်သူကလည်း သူ့ကို
လုံးဝလက်လျှော့ထားပြီး သူမ၏ တရားဝင် သားသမီးများကို ပျိုးထောင်ပေးရန်သာ
အာရုံစိုက်နေခဲ့သည်။
သူမက
ကိုယ်လုပ်တော်များမှ မွေးဖွားလာသည့် သားသမီးများကို လျစ်လျူရှုထားတတ်ပြီး သူတို့အချင်းချင်း
တိုက်ခိုက်ရန် လွှတ်ပေးထားသည်။
ကိုယ်လုပ်တော်များမှ
မွေးဖွားသည့်သား ဆယ်ယောက်ကျော်ရှိသည့်အနက် ရှန်းချန်တစ်ယောက်သာ စာပေအရာတွင်
ထူးချွန်ပြီး အရာရှိရာထူးတစ်ခု စောစောစီးစီး ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း
ရှန်းမိသားစု၏ ပတ်ဝန်းကျင်က အတော်လေး ရှုပ်ထွေးလှသည်။ မိသားစုက
အမွေမခွဲဝေရသေးသည့်အတွက် အောင်မြင်နေသည့် ကိုယ်လုပ်တော်သားဖြစ်သူ ရှန်းချန်၏
အိမ်ထောင်ရေးကိစ္စတွင်လည်း မိသားစုအတွင်းမှ အားပြိုင်မှုများ၏ ရိုက်ခတ်မှုကို
မလွဲမသွေ ခံနေရရှာသည်။
ဝမ်ယဲ့ကတော့
ဤရွေးချယ်မှုအပေါ် အံ့သြခြင်းမရှိဘဲ လေးလေးစားစား ပြန်ဖြေလိုက်သည်။
“ဝမ်းကွဲအစ်ကို
ရှန်းချန်က တကယ်ပဲ ချောမောပြီး
ကျက်သရေရှိတဲ့အပြင် ထူးချွန်တဲ့သူပါ”
'တကယ်တော့...
အဲ့ဒီဈေးပေါတဲ့ ဝမ်းကွဲအစ်ကိုနဲ့ တစ်ခါနှစ်ခါပဲ ဆုံဖူးတာဆိုတော့ သူ့ရုပ်ရည်က
ဘယ်လိုလဲဆိုတာကို ငါ မေ့တောင် မေ့နေပြီ'
သခင်မရှန်းက
ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏ ဟန်ဆောင်မှုကို မဖော်ထုတ်ဘဲ ဆက်ပြောလာခဲ့သည်။
“ဒီနှစ်
နန်းတွင်းစာမေးပွဲမှာလည်း ထူးချွန်တဲ့ ပညာရှင်လေးတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်၊ မင်း
အဖေက မင်း အတွက် သင့်တော်မယ့်သူတစ်ယောက် ရှာပေးထားတယ်၊ မျိုးရိုးနာမည်က ဝူ တဲ့၊
သူက ဆင်းရဲတဲ့ မိသားစု နောက်ခံက လာတာဆိုပေမယ့် တော်တော်လေး အရည်အချင်းရှိတယ်၊ ကျင့်ရှီတွေထဲမှာ
ဒုတိယရပြီး အဆင့်မြင့်မြင့်နဲ့ အောင်မြင်ထားတာ၊ ရုပ်ရည်ကလည်း မဆိုးဘူး၊
သူ့မိသားစုကလည်း ရိုးရှင်းတယ်၊ အသက်ကြီးနေတဲ့ အမေအိုကြီး တစ်ယောက်ပဲ ရှိတယ်”
(t/n: ကျင့်ရှီဆိုတာက
စာမေးပွဲရဲ့ ထိပ်ဆုံးသုံးယောက်ကို ခေါ်တာပါ၊ ပြီးမှ ပထမကို ကျန်းယွမ်၊ ဒုတိယကို
ပင်းယန်၊ တတိယကို တန်ဟွားဆိုပြီး ဘွဲ့ပြန်ပေးတာပါ)
ဝမ်ယဲ့ကတော့
ဘာတုံ့ပြန်မှုမှ မပြသေးပေ။
ဝမ်ယဲ့အနေဖြင့်
ဝူမိသားစု၏ ဆင်းရဲနိမ့်ပါးသော နောက်ခံကို စိုးရိမ်နေသည်ဟု ထင်မှတ်သွားသော သခင်မရှန်းက
ဆက်ပြောလိုက်ပြန်သည်။
“တကယ်လို့
မင်း ဝူမိသားစုကို ရွေးမယ်ဆိုရင် အမေက မင်းအတွက် မင်္ဂလာခန်းဝင်ပစ္စည်းတွေကို
ပိုပြင်ဆင်ပေးပါ့မယ်”
မိထွေးတစ်ယောက်အနေဖြင့်
ဤမျှအထိ လိုက်လျောပေးခြင်းက သခင်မရှန်း၏ သဘောထားကြီးမှုကို ပြသနေခြင်းပင်။
ဝမ်ယဲ့ကလည်း
အလိုက်သိတတ်သူဖြစ်ရာ သူမ၏နှုတ်ခမ်းလေးကို အနည်းငယ် ကွေးညွတ်ပြီး အပြုံးလေးဖြင့်
ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်
အမေ၊ ဒါပေမယ့် ကျွန်မ ဆုံးဖြတ်ချက်မချခင် တတိယမြောက် ရွေးချယ်မှုကိုလည်း
ကြားချင်ပါသေးတယ်”
အမှန်တကယ်တွင်
ရှုပ်ထွေးလှသည့် ရှန်းမိသားစုနှင့် နှိုင်းယှဉ်လျှင် မျိုးရိုးနိမ့်သော်လည်း
ရိုးရှင်းသည့် ပညာရှင်ဝူက ဝမ်ယဲ့အတွက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
တာ့ကျင်းမင်းဆက်တွင်
‘မျိုးရိုးနိမ့်မိသားစု’ ဆိုသည်က ရာထူးအဆင့်နိမ့်သော မှူးမတ်မိသားစုများ သို့မဟုတ်
သာမန်ပြည်သူများမှ အရာရှိဖြစ်လာသူများကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့က
ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း အမှန်တကယ် ဆင်းရဲမွဲတေနေသူများလည်း မဟုတ်ကြပေ။ အမှန်စင်စစ်
ဆင်းရဲသားများကတော့ ‘အရပ်သား’ ဟု ခေါ်ဝေါ်ခံရသော သူများ ဖြစ်သည်။
တတိယမြောက်
ရွေးချယ်မှုအကြောင်း ပြောခါနီးတွင် သခင်မရှန်းပင် ခေတ္တမျှ တုံ့ဆိုင်းသွားရပြီး သူမ၏မျက်ဝန်းထဲတွင်
ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“တတိယရွေးချယ်မှုက
ရွှီနယ်စားမင်းအိမ်တော်ပဲ”
ထိုစကားက
ဝမ်ယဲ့ကို ထိတ်လန့်သွားစေခဲ့သည်။
‘ရွှီနယ်စားမင်းအိမ်တော်
ဟုတ်လား’
'ငါ နားကြားမှားနေတာလား'
သခင်မရှန်းက
ဆက်ပြောပြနေသည်။
“ရွှီမိသားစုမှာ
ဒုတိယသခင်ရဲ့ ဇနီးက စောစောစီးစီး ကွယ်လွန်သွားပြီး သားလေးတစ်ယောက် ချန်ထားခဲ့တယ်၊
အခု နယ်စားမင်းနဲ့ သူ့ဇနီးက
ဒုတိယသခင်အတွက် အိမ်ထောင်အသစ် ရှာပေးဖို့ ပြင်ဆင်နေကြတာ”
အစောပိုင်း
ထိတ်လန့်မှုများ ပြေပျောက်သွားပြီးနောက် ဝမ်ယဲ့က ပုံမှန်အခြေအနေသို့ ပြန်ရောက်လာကာ
ထူးဆန်းနေသည့် အချက်ကို ချက်ချင်း ထောက်ပြလိုက်သည်။
“ရွှီနယ်စားမင်းအိမ်တော်ရဲ့
ဒုတိယသခင်.... သူ အိမ်ထောင်အသစ် ထပ်ထူထောင်မယ်ဆိုရင်တောင် ကျွန်မလို
ကိုယ်လုပ်တော်က မွေးတဲ့ သမီးတစ်ယောက်ဆီကို ဘယ်လိုလုပ်ပြီး ဒီအခွင့်အရေး ရောက်လာနိုင်မှာလဲ”
သူမက
အိမ်ပြင်ထွက်ခဲသူ ဖြစ်သော်လည်း ထူးခြားထက်မြက်လှသည့် ရွှီမိသားစု၏ ဒုတိယသခင်
‘ရွှီယွဲ့ကျား’ အကြောင်းကိုတော့ ကြားဖူးနားဝ ရှိနေသေးသည်။
သူက
အသက် ၁၅ နှစ်အရွယ်တွင် နန်းတွင်းစာမေးပွဲ၌ ပထမရခဲ့သူ ဖြစ်ပြီး တာ့ကျင်းမင်းဆက်၏
သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သူ စာမေးပွဲ အောင်မြင်ခဲ့သည့်နှစ်တွင်
ပိုးဝတ်ရုံ ဆင်မြန်းကာ ဦးထုပ်အနီကြီး ဆောင်းပြီး လမ်းမများပေါ်၌ လှည့်လည်ခဲ့ရာ မရေမတွက်နိုင်သော အမျိုးသမီးများစွာ၏
စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သည်။
ယခု
သူ အသက် ၂၃ နှစ်သာ ရှိသေးသော်လည်း တတိယအဆင့် အရာရှိကြီးတစ်ဦး ဖြစ်နေပြီ ဖြစ်ကာ တရားရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးအဖြစ်
တာဝန်ယူထားနိုင်သောကြောင့် အမှန်တကယ် အောင်မြင်ကျော်ကြားနေသည့် လူငယ်တစ်ဦးဟု
သတ်မှတ်နိုင်သည်။
သခင်မရှန်းက
ဝမ်ယဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဝမ်ယဲ့ကတော့
ပြန်ပြုံးပြလိုက်ပြီး ဘာမှမသိသလို ဆက်ဟန်ဆောင်နေပြန်သည်။
သခင်မရှန်းက
သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။
"ရွှီနယ်စားမင်းကတော်က
ဘာလို့ မင်းကို သဘောကျသွားတာလဲဆိုတာတော့ ငါလည်း မသိဘူး"
သူမက
ဝမ်ယဲ့ကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။
"ဒါကို
စဉ်းစားဖို့ မင်းမှာ အချိန်အများကြီး မရှိဘူးနော်"
ဝမ်ယဲ့က
မျက်ခုံးလေး အနည်းငယ်ပင့်တင်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်မ
နားလည်ပါပြီ အမေ"
"ဒါနဲ့..."
ဝမ်ယဲ့
ခြံဝင်းအထွက်မှ တံခါးခုံနားသို့ ရောက်သွားချိန်တွင် သခင်မရှန်းက တစ်ခုခုကို
ရုတ်တရက် သတိရသွားသလို လှမ်းခေါ်လိုက်ပြီး အသံကို နှိမ့်ရင်း ထပ်ပြောလိုက်သည်။
"မင်းတို့ရဲ့
ဒုတိယအစ်မ.... သူ့ခင်ပွန်းက ရာထူးတက်ပြီး မြို့တော်ကို ပြန်လာတော့မယ်တဲ့၊ မကြာခင် မင်းတို့
ညီအစ်မတွေ ပြန်ဆုံနိုင်ကြတော့မယ်"
ဝမ်ယဲ့၏
ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းအစုံလည်း မသိမသာ တွန့်ကွေးသွားခဲ့သည်။
'ဒါက ဘယ်လို
ပြန်ဆုံတာမျိုးလဲ၊ သူမက ငါ့ကို လာနှောက်ယှက်ဖို့ ပြန်လာတာပဲ ဖြစ်မှာပေါ့'
...........။..........။.........
ရွှီနယ်စားမင်းအိမ်တော်.....
အဓိကခြံဝင်း....
ပင်မခန်းမဆောင်.......
အသက်
၃၀ မပြည့်သေးသည့် နယ်စားမင်းက စားပွဲထိပ်မှ ထိုင်ခုံတွင် ထိုင်နေပြီး သူ့ဘေးတွင်
ဇနီးဖြစ်သည့် သခင်မလု ရှိနေသည်။
သခင်မလုက
အသက်နှစ်နှစ်အရွယ် ကလေးငယ်ကို ရင်ခွင်ထဲတွင် ပိုက်ထားပြီး သူမ၏မျက်နှာတွင်
မကျေနပ်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
နယ်စားမင်းရွှီက
ဇနီးဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ခပ်လှမ်းလှမ်းတွင်
ထိုင်နေသည့် အမျိုးသားကို လှမ်းမေးလိုက်သည်။
"မင်း
ဝမ်အိမ်တော်က အဲ့ဒီကိုယ်လုပ်တော်ဖွားသမီးကို အရင်က တွေ့ဖူးလို့လား"
သူ
ဆိုလိုသည်မှာ 'အရင်က တွေ့ဖူးလို့
မြင်မြင်ချင်း ချစ်ကြိုက်သွားတာလား' ဟူသည့် အဓိပ္ပာယ် ဖြစ်သည်။
အမေးခံရသူက
နယ်စားမင်းအိမ်တော်၏ ဒုတိယသခင် ရွှီယွဲ့ကျား ဖြစ်သည်။
"မတွေ့ဖူးဘူး"
သူက
အေးစက်စက် ပြန်ဖြေလိုက်သည်။ သူ၏ အသံက ရေခဲချိုင့်ဝှမ်း၏ ဆောင်းရာသီအောက်မှ လရောင်ကဲ့သို့ အေးစိမ့်နေသည်။
နယ်စားမင်းရွှီက
ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ထပ်မေးလိုက်သည်။
"ဒါဆို
ဘာလို့လဲ၊ မင်းအတွက် ဂရုမစိုက်ဘူးဆိုရင်တောင် ရွှမ်အာအတွက်တော့
စဉ်းစားပေးသင့်တယ်လေ၊ ဝမ်အိမ်တော်က ကိုယ်လုပ်တော်သမီး ငါတို့အိမ်တော်ကို
ရောက်လာရင် ရွှမ်အာကို သေသေချာချာ ပြုစုစောင့်ရှောက်ပေးနိုင်ပါ့မလား"
သခင်မလုကလည်း
ဝင်ပြောလိုက်သည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက
ငါ ရွေးထားပေးတဲ့ မြင့်မြတ်တဲ့မိသားစုတွေက သမီးပျိုတွေက အဲ့ဒီအသက်နှစ်ဆယ်အထိ
အိမ်ထောင်မကျသေးတဲ့ ဝမ်အိမ်တော်က ကိုယ်လုပ်တော်သမီးထက် ဘာများ
နိမ့်ကျနေလို့လဲ"
ထို့အပြင်
သူမ ဝမ်အိမ်တော်၏ သမီးကို မကျေနပ်ရသည့် အခြားအကြောင်းရင်း တစ်ခုလည်း ရှိသေးသည်။ သူမ
သခင်မဝမ်ကို စကားကမ်းလှမ်းခဲ့စဉ်က သခင်မဝမ်က ချက်ချင်း မဖြေသေးဘဲ
စဥ်းစားရန်လိုအပ်နေသေးသလို မသိမသာ အရိပ်အမြွက် ပြသခဲ့ခြင်းကြောင့်ပင်။
‘တတိယအဆင့်
အရာရှိရဲ့ ကိုယ်လုပ်တော်သမီးတစ်ယောက်က ရွှီနယ်စားမင်းအိမ်တော်ရဲ့ ဒုတိယသခင်အတွက် ဒုတိယဇနီးဖြစ်
လာရမှာကို ဘာတွေများ စဉ်းစားနေစရာ လိုသေးလို့လဲ’
သို့သော်
သခင်မလုက ဤအကြောင်းကိုတော့ ညီအစ်ကိုနှစ်ယောက်ရှေ့၌ ထုတ်မပြောခဲ့ပေ။
ရွှီယွဲ့ကျား၏
ပထမဇနီးက စောစောစီးစီး ဆုံးပါးသွားခဲ့သဖြင့် သခင်မလု၏ ရင်ခွင်ထဲမှ ကလေးငယ်ကို သူမကိုယ်တိုင်
ပြုစုပျိုးထောင်ပေးခဲ့ရသည်။ သူမက ရွှမ်အာကို သားအရင်းကဲ့သို့ ချစ်သော်လည်း သူမ မည်မျှပင်
ချစ်စေကာမူ သူမက အဒေါ်သာ ဖြစ်ပြီး မိခင်တစ်ယောက်၏ နေရာကိုတော့ ဘယ်တော့မှ အစားမဝင်ပေးနိုင်မှန်း
သူမ သိနေခဲ့သည်။
ထို့ကြောင့်
ရွှမ်အာအတွက် မိထွေးကောင်းတစ်ယောက် ရစေရန် သူမ မျိုးရိုးမြင့်မိသားစုများမှ
အကျင့်စာရိတ္တကောင်းမွန်သည့် သမီးပျိုလေး ငါးဦး၊ ခြောက်ဦးခန့်ကို အသေအချာ ရွေးချယ်ပေးခဲ့သည်။
ယုံချန်းမှူးမတ်အိမ်တော်၌
ကျင်းပသည့် ဧည့်ခံပွဲတွင် ဝမ်အိမ်တော်မှ ထိုကိုယ်လုပ်တော်သမီးနှင့် ဆုံရမည်မှန်း သူမ
ကြိုသိနိုင်ခဲ့လျှင် သူမ ထိုပွဲကို တက်ရောက်ခဲ့မည် မဟုတ်ချေ။
တက်ရောက်ခဲ့မိလျှင်ပင်
အိမ်ပြန်ရောက်ချိန်၌ သူမ၏ မတ်လေးအား ထိုအကြောင်း အာလာပသလာပ ပြောပြခဲ့မိမည်
မဟုတ်ပေ။ ယခုအချိန်တွင်တော့ သခင်မလုတစ်ယောက် နောင်တရရုံမှတစ်ပါး အခြားဘာမှ
မတတ်နိုင်တော့ပေ။
"ကျွန်တော်က
ရွှမ်အာအတွက် စဉ်းစားပေးနေတာပါ"
ရွှီယွဲ့ကျားက
တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့
သုံးနှစ်တုန်းက အရှင်မင်းမြတ်က နဝမမင်းသားရဲ့ အကြွင်းအကျန်တွေကို စုံစမ်းစစ်ဆေးဖို့
ကျွန်တော့်ကို အမိန့်ပေးခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက ဝမ်အိမ်တော်က
ကိုယ်လုပ်တော်သမီးတစ်ယောက်လည်း နဝမမင်းသားနဲ့ ပတ်သက်မှုရှိခဲ့တာကို ကျွန်တော် ရှာတွေ့ခဲ့ရတယ်"
နယ်စားမင်းရွှီက
မျက်မှောင်ကြုတ်ရင်း ဖြတ်မေးလိုက်သည်။
"အခု
ငါတို့ပြောနေတဲ့ တစ်ယောက်တော့ မဟုတ်ဘူးမလား"
သူက
သူ့ညီအကြောင်းကို ကောင်းကောင်းသိထားသူ ဖြစ်သည်။ ရွှီယွဲ့ကျားက အချစ်ရေး၊ စိတ်ခံစားချက်တို့ထက်
တာဝန်ဝတ္တရားကိုသာ ဦးစားပေးသည့်သူ၊ ဘက်လိုက်မှုကင်းပြီး အဂတိမလိုက်သူ ဖြစ်သည်။ သူ၏
နှလုံးသားထဲတွင် ရွှမ်အာအတွက်ပင် နေရာအနည်းငယ်သာ ရှိနေခဲ့သည်။
ထို့ကြောင့်လည်း
နယ်စားမင်းရွှီက သူ့၏ညီဖြစ်သူ ဝမ်အိမ်တော်အပေါ် စိတ်ဝင်စားနေခြင်းက ရုံးတော်၏အလုပ်ကိစ္စများကြောင့်
ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။
"အဲ့ဒါက
ဝမ်အိမ်တော်က ကိုယ်လုပ်တော်ဖွား ဒုတိယသမီးပါ"
ရွှီယွဲ့ကျားက
ဆက်ပြောပြနေသေးသည်။
"ဒါပေမယ့်
သူ့ကို သူမရဲ့မိထွေးက ရှန်းကျိုးဘက်ကို ပို့ပြီး အလျင်စလို
အိမ်ထောင်ချပေးလိုက်တယ်"
သခင်မလုက
ဇဝေဇဝါဟန်ဖြင့် ဝင်မေးလာပြန်သည်။
"ဒါက
မင်းရဲ့ အိမ်ထောင်ရေးနဲ့ ဘာဆိုင်လို့လဲ၊ ဝမ်မိသားစုက နဝမမင်းသားနဲ့
ပတ်သက်မှုရှိခဲ့တယ်ဆိုရင် ဘာလို့ သူတို့အိမ်တော်က ကိုယ်လုပ်တော်သမီးကိုမှ
ရွေးချယ်ရတာလဲ"
ရွှီယွဲ့ကျားက
အေးအေးလူလူ ဆက်လက်ရှင်းပြနေပြန်သည်။
"အစ်ကိုနဲ့
မရီးတို့ မသိတာတစ်ခု ရှိသေးတယ်၊ ဝမ်အိမ်တော်က အဲ့ဒီစတုတ္ထသမီးသာ သူ့အစ်မနဲ့ နဝမမင်းသားကြားက
ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို သတိမထားမိခဲ့ရင် အခုလောက်ဆို ဝမ်မိသားစုတစ်ခုလုံး နဝမမင်းသားရဲ့
နောက်လိုက်တွေနဲ့အတူ ပျက်စီးသွားတာ ကြာနေလောက်ပြီ"
နယ်စားမင်းရွှီ၏
မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ ထွက်ပေါ်လာခဲ့သည်။
"ကြည့်ရတာ
ဝမ်မိသားစုက တော်တော်လေး ပါးနပ်ခဲ့ပုံပဲ"
နှောင်းဧကရာဇ်မင်း
ထီးနန်းစိုးစံခဲ့သည့် နှောင်းပိုင်းနှစ်များတွင် မင်းသားအများအပြား အာဏာလုခဲ့ကြပြီး
နဝမမင်းသားက သြဇာအရှိဆုံး ဖြစ်ခဲ့သည်။ ထိုစဉ်က နန်းတွင်းအရာရှိ ထက်ဝက်နီးပါးကလည်း နဝမမင်းသား၏ဘက်တော်သားများ
ဖြစ်ခဲ့ကြသည်။ ဝမ်အိမ်တော်၏ စတုတ္ထသမီးကတော့ သူမ၏အစ်မနှင့် နဝမမင်းသားတို့ကြားမှ
ထူးခြားသောပတ်သက်မှုကို ရိပ်မိနိုင်လောက်အောင် ထက်မြက်ပြီး ဝမ်မိသားစုကလည်း အချိန်မီ
သင့်လျော်သလို တုံ့ပြန်နိုင်ခဲ့ကြသည်။ ဤသည်က သူမ၏ ထက်မြက်မှုကို
သက်သေပြနေခြင်းပင်။
ထို့ပြင်
ဝမ်မိသားစုက အင်အားကြီးလာသော နဝမမင်းသားဘက်သို့ မပါဝင်သွားဘဲ ဧကရာဇ်အပေါ်တွင်သာ
သစ္စာစောင့်သိခဲ့သည်။ ၎င်းက ရွှီမိသားစု၏ ရပ်တည်ချက်မှုနှင့်လည်း ထပ်တူကျနေခဲ့သည်။
ရွှီယွဲ့ကျားက
ထိုင်ခုံမှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ၏ ကိုယ်ဟန်က ထင်းရှူးပင်ကဲ့သို့ ဖြောင့်တန်းကာ တင့်တယ်ပြေပြစ်လွန်းလှသည်။
သူက
တည်ငြိမ်စွာဖြင့် ထပ်ပြောလာပြန်သည်။
"ကျွန်တော်
အိမ်ထောင်အသစ် ထူထောင်တာက ရွှမ်အာအတွက်ပါ၊ သူဘက်က ရွှမ်အာကို တကယ် လက်ခံပေးနိုင်သရွေ့
သူ့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး"
‘သူမက
သူမရဲ့ အစ်မနဲ့ နဝမမင်းသားရဲ့ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ခဲ့တယ်၊
ဒီအချက်နဲ့တင် ဝမ်အိမ်တော်ရဲ့ စတုတ္ထသမီးက ရေတိုအကျိုးအမြတ်ကိုပဲ ကြည့်တတ်တဲ့
အမြင်ကျဉ်းတဲ့ အမျိုးသမီးတစ်ယောက် မဟုတ်ဘူးဆိုတာ သက်သေပြနေပြီ’
‘ဒီလောက်နဲ့တင်
လုံလောက်ပြီ’
‘သူ့အတွက်
ပြဿနာရှာမယ့် ဇနီးမျိုး မလိုအပ်သလို၊ ရွှမ်အာအတွက်လည်း ဒုက္ခပေးမယ့် မိထွေးမျိုး
မလိုအပ်ဘူး’
သခင်မလုက
တစ်ခုခု ထပ်ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း နယ်စားမင်းရွှီက သူမ၏လက်ဖမိုးကို
အသာပုတ်ကာ ခေါင်းခါပြလိုက်သည်။
.......။.........။.......
ဝမ်အိမ်တော်......
ဝမ်ယဲ့က
သခင်မရှန်းကို အကြာကြီး စောင့်ခိုင်းမထားဘဲ နောက်တစ်နေ့၌ သူမ၏ ဆုံးဖြတ်ချက်ကို
အကြောင်းပြန်လိုက်သည်။
သခင်မရှန်းက
အနည်းငယ် အံ့သြသွားပြီး ထပ်မေးလာခဲ့သည်။
"မင်း
တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား"
ဝမ်ယဲ့က
ခေါင်းညိတ်ရင်း ပြန် ဖြေလိုက်သည်။
"ဟုတ်ကဲ့၊
ကျွန်မ ဆုံးဖြတ်ပြီးပါပြီ အမေ"
သခင်မရှန်းက
ဘာမှ ထပ်မပြောတော့ဘဲ ညွှန်ကြားလိုက်သည်။
"ဒါဆိုလည်း
ပြန်ပြီး ပြင်ဆင်ထားတော့၊ နောက်ရက်အနည်းငယ်အတွင်း ရွှီမိသားစုက လာပြီး
စေ့စပ်ကမ်းလှမ်းလိမ့်မယ်"
ဝမ်ယဲ့က
ထရပ်လိုက်ပြီး သခင်မရှန်းကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်
အမေ"
ဝမ်ယဲ့၏
အိမ်ထောင်ရေးကိစ္စကြောင့် ဤအတောအတွင်း သခင်မရှန်းလည်း တော်တော်လေး
ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမက လက်ကိုသာ ယမ်းပြပြီး "သွား” ဟူသော
အမူအရာမျိုး လုပ်ပြလိုက်သည်။
ဟမ့်ဝူခြံဝင်း......
ကိုယ်လုပ်တော်ချန်းက
ဝမ်ယဲ့ ရွှီမိသားစုကို ရွေးချယ်မည်ဟု စတင်ပြောကတည်းက သိပ်သဘောမတူခဲ့ပေ။
ယခုအချိန်တွင်
ဝမ်ယဲ့တစ်ယောက် ပင်မခြံဝင်းမှ ရွှင်လန်းသော မျက်နှာဖြင့် ပြန်လာသည်ကို မြင်လိုက်ရသောကြောင့်
ကိုယ်လုပ်တော်ချန်း၏ စိတ်ထဲ၌ လေးလံသွားရသည်။ သူမက ဝမ်ယဲ့ကို အခန်းထဲသို့
အမြန်ဆွဲခေါ်သွားကာ စိုးရိမ်တကြီး မေးနေပြန်သည်။
"နင်
တကယ်ပဲ သခင်မဆီမှာ ရွှီမိသားစုကို ရွေးမယ်လို့ ပြောခဲ့တာလား"
ဝမ်ယဲ့
အလွယ်တကူ ပြန်ဖြေလိုက်သည်။
“ဒါပေါ့”
သူမက
ပြတင်းပေါက်နားရှိ ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းနေရင်း ယပ်တောင်လေးကို ခတ်နေပြန်သည်။
သူမက မုန့်ကိုလည်း အရသာခံ စားနေရင်း အေးအေးလူလူ ပြန်မေးလိုက်သည်။
“ရွှီမိသားစုက
ဘာဖြစ်လို့လဲဟင်”
သူမကတော့
ဝမ်းကွဲရှန်းချန်နှင့် မျိုးရိုးနိမ့်ပညာရှင်ဝူ ထက်စာလျှင် ရွှီမိသားစုက
ပိုကောင်းသော ရွေးချယ်မှုဟု တွေးနေခဲ့သည်။
ကိုယ်လုပ်တော်ချန်းကတော့
မျက်မှောင်ကြုတ်နေပြန်သည်။
“သူက
ဘာများ ကောင်းနေလို့လဲဟယ်၊ နင်က ဒုတိယဇနီးအဖြစ်နဲ့ မိထွေး သွားလုပ်ရမှာလေ၊ ဝမ်ယဲ့... ဒီကာလတွေမှာ
မိထွေးလုပ်ရတာက မလွယ်ဘူးနော်၊ ဘာလို့
ဒီလို ဒုက္ခတွင်းထဲ အတင်းတိုးဝင်နေရတာလဲ”
“ဟို
ပညာရှင်အသစ်လေးနဲ့ လက်ထပ်တာကမှ ပိုကောင်းဦးမယ်၊ အိမ်ထောင်ကျပြီးတာနဲ့ အိမ်ထောင်ဦးစီးလုပ်လို့ ရပြီ”
မျိုးရိုးနိမ့်သည့်
ပညာရှင်ဝူ၏ အမေက အသက်ကြီးနေပြီ ဖြစ်သောကြောင့် အိမ်တွင်းမှုကို
မစီမံနိုင်တော့ကြောင်း ကိုယ်လုပ်တော်ချန်းလည်း စုံစမ်းသိရှိထားပြီး ဖြစ်သည်။
ဝမ်ယဲ့က
ပဲစိမ်းမုန့် နောက်ဆုံးတစ်လုပ်ကို မျိုချလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“အဲ့ဒီ
ပညာရှင်သစ်မှာ သူနဲ့အတူ ကြီးပြင်းလာတဲ့ ဇာတိက ဝမ်းကွဲညီမတစ်ယောက် ရှိတယ်”
ထိုစကားက
ကိုယ်လုပ်တော်ချန်းကို ခဏမျှ ဆွံ့အသွားစေသည်။
“နင်
အဲဒါကို ဘယ်လိုသိတာလဲ”
သူမကိုယ်တိုင်ပင်
ဤမျှလောက်အထိ အချက်အလက် မရှာနိုင်ခဲ့ပေ။
“ယိနျန်း
မှန်းကြည့်လေ”
ဝမ်ယဲ့က
သူမ၏လက်ချောင်းထိပ်မှ မုန့်အစအနလေးများကို သုတ်လိုက်ရင်း အေးအေးဆေးဆေး ပြောနေပြန်သည်။
“ဝူမိသားစုရဲ့
အမေအိုကြီးက အိမ်တွင်းမှုတွေ မစီမံတော့ဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့
ဝမ်းကွဲညီမလေးက အကုန်ဦးစီးနေလို့လေ”
ထိုအရာများ
အားလုံးကို မနေ့က သူမ လွှတ်လိုက်သည့် ထောင်ကျီ စုံစမ်းလာခဲ့ခြင်း ဖြစ်သည်။
‘မိဘနှစ်ပါးလုံး
ရှိနေပါလျက်နဲ့ ဝမ်းကွဲအစ်ကိုရဲ့အိမ်မှာ ဆယ်စုနှစ်တစ်ခုမက လာနေနေတဲ့
ဝမ်းကွဲညီမဆိုတော့... ဟင်း ဟင်း’
ဝမ်ယဲ့က
သူမ၏ အနာဂတ်ခင်ပွန်း ကိုယ်လုပ်တော်ယူမည်ကို မကန့်ကွက်သော်လည်း မလိုအပ်သော
ပြဿနာရှုပ်ထွေးမှုများကိုတော့ မလိုချင်ပေ။
‘ဒီလို
ငယ်ကျွမ်းဆွေ ဝမ်းကွဲညီမမျိုးက အိမ်တော်ထဲမှာ ပြဿနာရှာမှာ အသေအချာပဲလေ’
‘ဒါက
ငါ မျှော်လင့်ထားတဲ့ ဘဝမျိုး လုံးဝ မဟုတ်ဘူး’
ကိုယ်လုပ်တော်ချန်းကလည်း
ထိုအချက်ကို နားလည်သွားပုံရပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်မေးလိုက်သည်။
“ဒါဆို
သခင်မရဲ့ တူကရော...”
ဝမ်ယဲ့က
လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“အဲ့ဒီအိမ်မှာ
လူတွေ အများကြီးပဲ၊ ယောက္ခမတင် နှစ်ယောက်တောင် ဖြစ်နေပြီ”
(ယောက္ခမ
နှစ်ယောက်ဆိုတာကလေ အိမ်တော်သခင်မရယ်၊ မွေးအမေရယ်ကို တွက်တာပါ၊ အဖေ မပါသေးဘူး)
ရှန်းချန်၏
မိခင် ကိုယ်လုပ်တော်ကလည်း ကျန်းကျန်းမာမာ ရှိနေသေးသလို ရှန်းချန်၏ ဖခင်ကြီးတွင်လည်း
ကိုယ်လုပ်တော်များ များပြားလွန်းလှသည်။ ရှန်းချန်ကလည်း သူ့အဖေဆီမှ ထိုအကျင့်ကို
အမွေရထားပုံပေါ်သည်။ သူ အိမ်ထောင်မကျသေးသော်လည်း အခန်းထဲ၌ အိပ်ယာနွေးအစေခံ
လေးယောက် ရှိနေပြီဖြစ်သည်။
‘ဟူး...
အိပ်ယာနွေးအစေခံတွေ၊ ကိုယ်လုပ်တော်တွေနဲ့ နောက်ထပ် ရောက်လာမယ့်
ရှုပ်ထွေးမှုတွေကြားထဲကို ဝင်ပြီး အပင်ပန်းမခံနိုင်ဘူးဟေ့’
‘ပြီးတော့
လက်ထပ်ပြီးရင်လည်း သက်တောင့်သက်သာ နေရဖို့ နေရာလုံလောက်ပါ့မလားတောင် မသေချာဘူး’
ကိုယ်လုပ်တော်ချန်းလည်း
တိတ်ဆိတ်သွားရသည်။
ဝမ်ယဲ့က
လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို အနောက်သို့ မှီကာ ဆက်ပြောနေသေးသည်။
“အဲ့ဒီ
တရားရေးဌာနရဲ့ လက်ထောက်ဝန်ကြီးကတော့ မတူဘူး”
ကိုယ်လုပ်တော်ချန်းက
ပြန်မေးလိုက်သည်။
“ဘာကွာလို့လဲ”
ဝမ်ယဲ့က
လျှာလေးတစ်ချက်သပ်ကာ ပြန်ဖြေလိုက်သည်။
“သူ့မှာ
မိဘနှစ်ပါးလုံး မရှိတော့ဘူး၊ သွားချင်တာ တစ်ခုခုရှိရင် သွားဖို့ လာဖို့ ရထားလုံး
ရှိတယ်၊ အိမ်တော်ကလည်း ကျယ်ဝန်းတယ်၊ သူ့မှာ အစ်ကိုနဲ့ မရီး ရှိသလို
သားတစ်ယောက်လည်း ရှိတယ်၊ သမီး အဲ့ဒီအိမ်ကို လက်ထပ်ပြီး ဝင်သွားရင်
အိမ်တွင်းမှုကိစ္စတွေ စီမံစရာမလိုသလို ကလေးမွေးပေးဖို့အတွက်လည်း စိတ်ပူစရာ မလိုတော့ဘူး”
“ကလေးလေးအတွက်လည်း
သမီး ပူပန်နေစရာ မလိုပါဘူး။ စကားပုံရှိတယ်လေ ‘အကြီးဆုံးယောင်းမက မိခင်နဲ့တူတယ်’
တဲ့၊ နယ်စားမင်းကတော် သခင်မလုက အဲ့ဒီကလေးအတွက်တော့ အဘွားတစ်ဝက် ဖြစ်နေပြီ”
“သူ
ရှိနေတော့ သူက ကလေးကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးမှာ အသေအချာပဲ”
ဝမ်ယဲ့အတွက်
ရွှီမိသားစုထဲ လက်ထပ်ဝင်သွားခြင်းက သူမ၏ အေးအေးလူလူ၊ ပေါ့ပေါ့ပါးပါး ဘဝလေးကို
ဆက်လက်ရှင်သန်ရန် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့လိုက်ခြင်းသာ ဖြစ်သည်။
‘ဒီလို
ပြီးပြည့်စုံတဲ့ အခွင့်အရေးမျိုး သူမလက်ထဲ ရောက်လာမှတော့ ဘာလို့ မရွေးချယ်ဘဲ နေရမှာတုန်း’
ကိုယ်လုပ်တော်ချန်း
: “……”
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟