CHAPTER 6
Viewers 31

အခန်း ၆ မင်္ဂလာခန်ဝင်ပစ္စည်း စုဆောင်းခြင်း

 

ယုံချန်းမှူးမတ်အိမ်တော်၏ ပန်းရှုစားပွဲပြီးနောက် သခင်မရှန်းက အခြားမှူးမတ် အိမ်တော်များနောက်ထပ်ပွဲတော်နှစ်ခု၊ သုံးခုကို တက်ရောက်ခဲ့သည်။ သို့သော် ဝမ်ယဲ့ကိုတော့ ခေါ်မသွားတော့ပေ။

 

ဝမ်ယဲ့ကိုယ်တိုင်လည်း စိတ်မ၀င်စားဘဲ သူမ၏ ပုံမှန်စားသောက်နေထိုင်မှုပုံစံအတိုင်း သက်တောင့်သက်သာ နေနေခဲ့သည်။

 

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီး မကြာမီမှာပင် နွေလယ်ခေါင်ကာလသို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဝမ်ယဲ့တို့၏မွေးရပ်မြေဖြစ်သည့် စူးကျိုးတွင် နေထိုင်သော ဒုတိယဦးလေးက သစ်သီးလှည်းဆယ်စီးကျော် ပို့ပေးခဲ့သည်။ ထိုသစ်သီးများက မြို့တော်၏ ပြင်ပတွင် စိုက်ပျိုးထားသော ဝမ်မိသားစု၏ယာမြေမှ သစ်သီးဝလံများထက် ပိုချိုပြီး အရည်ရွှမ်းကာ စားကောင်းလှသည်။

 

ဤဒုတိယဦးလေးက မကြာသေးမီနှစ်များအတွင်း လယ်ယာလုပ်ငန်းကို ဝါသနာတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ပြီး သူ ပေးပို့သော အသီးအနှံများ၏ အရည်အသွေးကလည်း တစ်နှစ်ထက်တစ်နှစ် ပိုကောင်းမွန်လာခဲ့သည်။

 

ဟမ့်ဝူခြံဝင်းသို့ ရောက်ရှိလာသော ဝေစုထဲတွင် ကြီးမား၍ လုံးဝိုင်းနေသည့် ဖရဲသီးကြီးနှစ်လုံး၊ ခရမ်းရောင်စပျစ်သီးခြင်းတောင်းတစ်တောင်း၊ မက်မွန်သီး၊ ဇီးသီးနှင့် နှင်းသီးအနည်းငယ်ထည့်ထားသော သေတ္တာတစ်လုံး ပါဝင်သည်။

 

ထိုအသီးများက ဝမ်ယဲ့တစ်ယောက်တည်းအတွက် မဟုတ်ဘဲ ကိုယ်လုပ်တော်ချန်းနှင့် သူမ၏ညီမငယ်အတွက်ပါ ဝေစုခွဲပေးလိုက်ခြင်း ဖြစ်သည်

 

နွေရာသီ၏ အပူက ပြင်းထန်လွန်းပြီး ရှီးစွေ့ခြံဝင်းနှင့် ဟမ့်ဝူခြံဝင်းတို့အတွက် ခွဲတမ်းချပေးထားသော ရေခဲပမာဏကလည်း အကန့်အသတ်နှင့်သာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်းနှင့် သူမ၏ညီမငယ်တို့အား ဟမ့်ဝူခြံဝင်းတွင် အတူနေထိုင်ရန် တိုက်တွန်းခဲ့ပြီး ခြံဝင်းနှစ်ခုလုံးမှ ရေခဲများကို တစ်ပြိုင်တည်းသုံးနိုင်ရန် စီစဥ်ခဲ့သည်။

 

အသီးအနှံများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ဝမ်ယဲ့က ၎င်းတို့ကို အစိတ်လေးများ လှီးဖြတ်စေပြီး ရေခဲဖြင့် ခဏအအေးခံရန် မီးဖိုချောင်ကို ညွှန်ကြားလိုက်သည်။

 

ပင်မအခန်းတွင် ကိုယ်လုပ်တော်ချန်းက နူးညံ့သော ညောင်စောင်းပေါ်၌ ထိုင်နေပြီး သူမ၏ ခြေရင်းမလှမ်းမကမ်းတွင် ရေခဲအင်တုံတစ်ခုကို ချထားသည်။ ထိုအင်တုံဘေးရှိ ယာယီစားပွဲတွင် စာဖတ်ရန် ဝါသနာထုံလှသော သမီးငယ်လေးက လက်ရေးလှရေးရန် အာရုံစိုက် လေ့ကျင့်နေသည်။

 

ကိုယ်လုပ်တော်ချန်း၏ အကြည့်က သမီးဖြစ်သူထံမှတစ်ဆင့် ဝမ်ယဲ့ထံသို့ ရောက်ရှိသွားသည်။ ဝမ်ယဲ့က ပိုးယပ်တောင်လေးကို အသာအယာ ခတ်ရင်း ထောင်ကျီနှင့် ယွမ်ကျီတို့ကို ရေခဲများ ပြင်ဆင်ရန် အေးအေးလူလူ ညွှန်ကြားနေခဲ့သည်။

 

ရံဖန်ရံခါတွင် သူမကရေခဲကို ပိုနုအောင် လုပ်လိုက်ဦး” ဟု တစ်မျိုး၊ “နောက်ထပ် ပန်းကန်လုံး အနည်းငယ် ပိုပြင်ထားလိုက်၊ ပြီးရင် နင်တို့လည်း အတူတူ စားလို့ရတယ်” ဟု တစ်ဖုံ ဝင်ဝင်ပြောနေခဲ့သည်။

 

ထောင်ကျီနှင့် ယွင်ကျီတို့လည်း ချွေးတပြိုက်ပြိုက်ကျအောင် ကြိုးစားအားထုတ်ခဲ့ရပြီး နောက်ဆုံးတွင် ရေခဲခြစ် ခုနစ်ခွက်၊ ရှစ်ခွက်ခန့်ကို ပြင်ဆင်နိုင်ခဲ့ကြသည်။

 

ဝမ်ယဲ့ကတော့ ထိုခွက်များကို ကျေကျေနပ်နပ် လှမ်းကြည့်နေသည်။

 

အခု အသီးအနှံတွေ အဆင်သင့် ဖြစ်ပြီ၊ ရေခဲလည်း ပြင်ပြီးပြီ၊ ကျန်တာကတော့ စောစောက ပြင်ဆင်ထားတဲ့ ပဲနီအနှစ် တစ်ဇွန်းနှစ်ဇွန်းလောက်ကို ရေခဲနဲ့ ရောပြီး ထပ်ဆမ်းလိုက်ရုံပဲ’

 

ဝမ်ယဲ့က အတွင်းခန်းထဲသို့ ပန်းကန်လုံးသုံးလုံးယူလာပြီး မိခင်နှင့် ညီမလေးကို တိုက်တွန်းလိုက်သည်။

 

"ယိနျန်း၊ ညီမလေး၊ ဒါလေး မြည်းကြည့်ကြပါဦး"

 

ထိုအရာက ဝမ်ယဲ့နွေရာသီတိုင်း ပြုလုပ်ခဲ့သည့် စားစရာ ဖြစ်ပြီး အစပိုင်းတွင် ကိုယ်လုပ်တော်ချန်းတစ်ယောက် အံ့အားသင့်ခဲ့ရာမှ အသားကျလာသည့် အခြေအနေသို့ ရောက်လာခဲ့သည်

 

အလုပ်အားလုံးပြီးသွားချိန်တွင် ဝမ်ယဲ့က သူမ၏တစ်ကိုယ်လုံးမှ  အပူများ ဖြာထွက်နေသလို ခံစားလိုက်သည်သူမက ချက်ချင်းဆိုသလို ရေခဲအင်တုံတစ်ခုအား ညောင်စောင်းအနီးသို့ အမြန်ရွှေ့ပေးရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူမက  ညောင်စောင်းဘေးလှဲချလိုက်သည်။ ခဏအကြာတွင် သူမက ညောင်စောင့်၏စွန်းတွင်  ထိုင်နေသူကို ခြေဗလာလေးဖြင့် တို့ကာ လှမ်းပြောလိုက်သည်။

 

"ယိနျန်း၊ သမီး ခဏလောက် အိပ်လို့ ရအောင် ဟိုဘက်နည်းနည်း တိုးပေးဦး"

 

ကိုယ်လုပ်တော်ချန်း : “…”

 

ဝမ်ယဲ့က ရေခဲအင်တုံအနီး လက်ကလေး တင်ကာ အေးမြလှသော လေပြေလေး သူမ၏မျက်နှာဆီသို့ ဝေ့ဝဲလာမှုကို ခံစားရင်း ညောင်စောင်းရှည်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေသည်။ ထောင်ကျီက ရေခဲခြစ်ပန်းကန်လုံးကို  အလိုက်တသိ ယူဆောင်လာပြီး ဝမ်ယဲ့ကို တစ်ဇွန်းချင်း ခွံ့ကျွေးလိုက်သည်။

 

ပဲနီလေး၏ ချိုမြိန်မှု၊ အသီးအနှံများ၏ လတ်ဆတ်မှုနှင့် ခြစ်ထားသောရေခဲ၏ အေးမြမှုတို့က တစ်သားတည်းပင်

 

တစ်ဇွန်း စားလိုက်ရုံဖြင့် အတွင်းရော အပြင်ပါ ချက်ချင်း အေးမြသွားသလို ဝမ်ယဲ့ ခံစားလိုက်ရသည်။ သူမက ကျေနပ်အားရစွာ သက်ပြင်းတစ်ချက်ချရင်း အလွန်ပင် ဇိမ်ကျနေသည့် ပုံစံမျိုး ဖမ်းနေခဲ့သည်။

 

‘ပြောရမယ်ဆိုရင် ကိုယ်တိုင်လုပ်ရကိုင်ရတာနဲ့ သူတစ်ပါးဆီက ပြုစုယုယခံရတာက  ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်’

 

ဝမ်ယဲ့က သူမ၏ အရင်ဘဝတွင် အရာရာကို ကိုယ်တိုင် စီစဉ်လုပ်ကိုင်ခဲ့ရသော်လည်း ယခု မှူးမတ်အိမ်တော်၌ ပြန်လည်မွေးဖွားလာပြီးနောက် ဘာမှလုပ်စရာမလိုဘဲ နေရခြင်း၏ အကျိုးကျေးဇူးနှင့် အလှတရားကို ကောင်းကောင်းကြီး နားလည်သဘောပေါက်လာခဲ့သည်။

 

 

ယွင်ကျီက ပေးထားသည့် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားသော ကိုယ်လုပ်တော်ချန်းကတော့ ဝမ်ယဲ့၏ အမူအရာကို တစ်ချက်ကြည့်ပြီးနောက် ရေခဲခြစ် ဆက်စားရန် စိတ်မပါတော့ဘဲ မျိုချရခက်ခဲနေရှာသည်။

 

သူမက စိတ်မရှည်ဟန်ဖြင့် ပန်းကန်လုံးကို ဘေးဖယ်ထားလိုက်သည်။

 

အသံကြားလိုက်သည့် ဝမ်ယဲ့က ခေါင်းလှည့်ပြီး မေးလာခဲ့သည်။

 

“ယိနျန်း၊ ဘာဖြစ်လို့လဲ"

 

ကိုယ်လုပ်တော်ချန်းက သူမ ဘာကြောင့် စိတ်ဆိုးသွားသည်ကို သူမကိုယ်တိုင်လည်း လုံးလုံး မသိနေခဲ့ပေဝမ်ယဲ့က သူမ၏ကိစ္စများကို အလေးမထားဘဲ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့လောက်သာ စိတ်ဝင်စားနေသည်ကို မြင်နေရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်လုပ်တော်ချန်၏ ရင်ထဲ၌ အောင့်သက်သက် ဖြစ်လာရခြင်းပင်။

 

"အခုဆိုရင် တစ်နှစ်တာရဲ့ တစ်ဝက်လောက်ရောက်နေပြီ၊ နင့်မွေးနေ့က ရောက်လာတော့မယ်၊ ရှစ်လ၊ ကိုးလလောက်ပဲ လိုတော့တာ၊ နင်ကတော့..."

 

ဝမ်ယဲ့၏ မွေးနေ့က သုံးလပိုင်းတွင် ဖြစ်သည်။

 

ကိုယ်လုပ်တော်ချန်းက သူမ၏စကားကို ဆုံးအောင် မပြောနိုင်တော့ချေ။ စကားအနည်းငယ် ပြောလိုက်ရုံနှင့် သူမ၏မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာပြီး အချိန်မရွေး စီးကျလာတော့မည့်အတိုင်း ဖြစ်နေလေသည်။

 

အခြားလူများ ငိုယိုနေခြင်းအား ကြည့်ရသည်ကို မနှစ်သက်သည့် ဝမ်ယဲ့က ထောင်ကျီ ခွံ့ကျွေးသော ရေခဲခြစ်ကို နောက်ထပ် နှစ်ဇွန်း၊ သုံးဇွန်းခန့်သာ စားလိုက်ပြီး ထောင်ကျီနှင့် ယွမ်ကျိတို့ကို ရေခဲခြစ်သွားစားရန် ပြန်လွှတ်လိုက်သည်။ ထို့နောက် သူမက အသာအယာ ထိုင်လိုက်ပြီး ကိုယ်လုပ်တော်ချန်းအား ကြည့်ကာ မေးမြန်းလိုက်သည်။

 

"ယိနျန်းက သခင်မရှန်းကို မယုံဘူးလား"

 

ယုံတာပေါ့

 

ကိုယ်လုပ်တော်ချန်းက သခင်မရှန်းအပေါ် မယိမ်းယိုင်သည့် ယုံကြည်မှုဖြင့် ပြန်ဖြေလိုက်သည်အမှန်တကယ်တွင် သူမ သံသယ၀င်နေသူက ဝမ်ယဲ့ကိုယ်တိုင်ကိုသာ ဖြစ်သည်။

 

အော်... ဒါဆို ယိနျန်းက သမီးကို မယုံတာပေါ့လေ”

 

ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်းထုတ်မပြောနိုင်သော အတွေးများကို အသံထွက် ဘာသာပြန်ပေးလိုက်သည်။

 

ဝမ်ယဲ့က ပိုးယပ်တောင်လေးကို အေးအေးလူလူ ခတ်ရင်း ပြောလာပြန်သည်။

 

"ယိနျန်း၊ သမီးကို ကြည့်ပါဦး၊ သမီး ဘယ်မှ မသွားဘဲ ဒီတစ်လလုံး ဒီအခန်းထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာလေ၊ သမီးက ဘာလုပ်နိုင်မှာမို့လို့လဲ၊ သခင်မရှန်းက ဒါကို ကိုင်တွယ်မယ်လို့ ကတိပေးထားပြီးပြီဆိုမတော့ သူ တကယ် လုပ်ပေးမှာပါ"

 

ကိုယ်လုပ်တော်ချန်း၏အမူအရာက အနည်းငယ် ပြေလျော့သွားသည်။

 

"နင့်အမေကို ငါ ယုံပါတယ်ဒါပေမယ့်..."

 

ဝမ်ယဲ့က သူမ၏စကားကို ဖြတ်ပြောလိုက်သသည်

 

"ဒီနှစ်ကုန်ခင် သခင်မရှန်းက သမီးအတွက် အိမ်ထောင်ရေးတစ်ခု သေချာပေါက် စီစဉ်ပေးလိမ့်မယ်"

 

ဝမ်ယဲ့က သခင်မရှန်း၏ လုပ်ရည်ကိုင်ရည်နှင့် ထက်မြက်မှုကို ကောင်းကောင်းနားလည်နေခဲ့သည်။ တစ်လကျော်ကြာသည်အထိ သူမကို ပင်မခြံဝင်းကြီးထဲသို့ ခေါ်ယူ စကားပြောခြင်း မရှိသည်မှာ ထိုအိမ်ထောင်ရေးကိစ္စ အတော်လေး ခရီးရောက်နေပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။

 

"တကယ်လား"

 

ကိုယ်လုပ်တော်ချန်း၏ ဝိုင်းစက်စက် မျက်ဝန်းလေးများတွင် ဝေ့သီနေသော မျက်ရည်စများက ပြန်လည် ပျောက်ကွယ်သွားသော်လည်း သူမ၏မျက်တောင်ဖျားများကတော့ စိုစွတ်နေဆဲဖြစ်သည်။

 

အခြားသူသာ ဝမ်ယဲ့ကို ထိုသို့သော အကြည့်မျိုးဖြင့် ကြည့်မည်ဆိုလျှင် သူမအနေဖြင့် စိတ်မသက်မသာ ဖြစ်မိပေလိမ့်မည်။

 

သို့သော်လည်း ယခုအချိန်တွက် ထိုသို့ကြည့်နေသူက သူမ၏ ဤဘဝမှ မိခင်အရင်း ဖြစ်နေပြန်သည်။ မိသားစုသံယောဇဉ်ဟူသော အကြည့်ဖြင့် ကြည့်မိသည့်အပြင် အသက်နှစ်ဆယ်ကျော်တိုင်အောင် နုပျိုမှုကို ထိန်းသိမ်းထားနိုင်သော ကိုယ်လုပ်တော်ချန်း၏ ဝိုင်းစက်စက် မျက်နှာလေးကို မြင်လိုက်ရချိန်တွင်တော့ ဝမ်ယဲ့တစ်ယောက် မိခင်ဖြစ်သူ၏ နုနယ်မှုကို ကြည့်ကာ အမှန်တကယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။

 

သူမက စိတ်အေးသွားစေရန် ယပ်တောင်ကို အသာခတ်နေလိုက်သည်။

 

သမီးရဲ့အိမ်ထောင်ရေးကို သခင်မရှန်းကပဲ ဆုံးဖြတ်ပေးနိုင်တာလေ၊ ယိနျန်း စိုးရိမ်နေလည်း ဘာအကူအညီမှ ဖြစ်လာမှာ မဟုတ်ဘူး”

 

ဝမ်ယဲ့က မိခင်ကို နှစ်သိမ့်ပေးလိုက်သည်။

 

"အခု စိတ်အေးအောင် ရေခဲခြစ် နည်းနည်းစားလိုက်ရင် ပိုကောင်းမယ်"

 

‘ဒီလို နွေရာသီပူပူကြီးထဲမှာ အဲ့လို စိတ်ရှုပ်စရာ ကိစ္စအဝဝကို သခင်မရှန်းကို ကိုင်တွယ်ခိုင်းလိုက်တာ ပိုကောင်းဘူးလား’

 

စကားပြောရင်းနှင့်ပင် ဝမ်ယဲ့က စားပွဲအနီးရှိ ရေခဲခြစ်ပန်းကန်ကို ညွှန်ပြကာ ထပ်ပြောလိုက်သည်။

 

"အရည်ပျော်ပြီး အရသာ မပျက်သွားခင် မြန်မြန်  စားလိုက်ပါဦး"

 

ကိုယ်လုပ်တော်ချန်းက ရေခဲခြစ်ပန်းကန်လုံးကို တစ်ဖန်ပြန်ကောက်ယူလိုက်ပြီး ငုံ့ကြည့်လိုက်ရာ ရှားပါးသောအသီးအနှံအနည်းငယ်ကို တွေ့လိုက်ရသည်။ သူမ နည်းငယ် စားကြည့်လိုက်ရုံဖြင့် အမှန်တကယ်ကို အရသာတွေ့သွားခဲ့သည်

 

သူမ စိတ်ကြည်လင်သွားပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသော်လည်း နှစ်ဇွန်းခန့် စားပြီးနောက် ထပ်ပြောလာပြန်သည်။

 

အခု နင်တို့ အမေရဲ့ဂရုစိုက်မှုကြောင့်သာ ငါတို့တွေ ဒီလိုအရသာမျိုးကို ခံစားနိုင်တာ၊ နင် လက်ထပ်ပြီးတာနဲ့ ဒါတွေကို လက်လှမ်းမီနိုင်တော့မှာ မဟုတ်ဘူး”

 

ထိုစကားကို ပြောနေချိန်တွင် ကိုယ်လုပ်တော်ချန်းရင်ထဲတွင် နှမြောတသစိတ်ကလေး တစ်ချက် ဖြတ်ပြေးသွားသည်။

 

အစေခံမလေးတစ်ယောက်က စားပွဲပေါ်မှ စာရေးကိရိယာများကို  သိမ်းဆည်းပေးလိုက်ပြီး ဝမ်ရန်က ထိုနေရာတွင် ထိုင်ကာ သူမ၏ရေခဲခြစ်ကို တိတ်တဆိတ် စားနေခဲ့သည်။

 

သူမ ပန်းကန်တစ်ဝက်စာလောက် စားပြီးသွားချိန်တွင် ဝမ်ယဲ့နှင့် ကိုယ်လုပ်တော်ချန်းတို့၏ စကားဝိုင်း ပြီးဆုံးသွားပြီး သူမက ထိုနှစ်ယောက်ကို မော့ကြည့်လိုက်သည်။

 

ဝမ်ယဲ့၏အကြည့်က စကားနည်းလှသော ညီမလေးငယ်လေး၏အကြည့်နှင့် ဆုံမိသွားရသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရန်က ရုတ်တရက် ပြောလာခဲ့သည်။

 

"ယိနျန်း၊ စိတ်မပူပါနဲ့၊ ပြီးခဲ့တဲ့ရက်က အဖေ သမီးကို ငွေလျန်နှစ်ဆယ် ဆုချထားသေးတယ်"

 

ကိုယ်လုပ်တော်ချန်းက တအံ့သြ ပြန်‌မေးလိုက်သည်။

 

"ပြီးခဲ့တဲ့အကြိမ်က ငါးလျန်ပဲ မဟုတ်ဘူးလား"

 

ဝမ်ရန်က ထပ်ရှင်းပြလိုက်သည်။

 

ဒီတစ်ခေါက် စာပေစစ်ဆေးမှုမှာ သမီး ပထမ ရခဲ့တယ်၊ အဖေက သမီးကို ပိုသဘောကျလာပြီး ဆုတွေ အများကြီးပေးခဲ့တာ

 

ကိုယ်လုပ်တော်ချန်းက စတင် ရေတွက်နေပြီး ပြောလာပြန်သည်။

 

ဒီလျန်နှစ်ဆယ်နဲ့ဆိုရင် စုစုပေါင်းလျန်သုံးရာ ဖြစ်သွားပြီ

 

သူတို့သားအမိ ပြောနေသည့်စကားကို နားထောင်ရင်း ဝမ်ယဲ့လည်း ဇဝေဇဝါ ဖြစ်သွားရသည်။

 

“ဘယ်က လျန်သုံးရာလဲ”

 

အချိန်တွင် ကိုယ်လုပ်တော်ချန်းက ဝမ်ယဲ့အား ဖုံးကွယ်ထားရန် ရဉ်ရွယ်ချက်မရှိတော့ပေ။

 

သူမက ရှင်းပြလိုက်သည်။

 

အဲဒါက နင့်ညီမလေးနဲ့ ငါ နင့်ရဲ့ခန်းဝင်ငွေအတွက် စုဆောင်းထားတာ”

 

ထိုစကားက ဝမ်ယဲ့ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်ကိုယ်လုပ်တော်ချန်းက သူမ ရရှိသည့် လစဉ်ထောက်ပံ့ကြေး၏ တစ်ဝက်ကို ဖယ်ချန်ကာ နှစ်အတော်ကြာအောင် စုဆောင်းထားခဲ့ကြောင်း ဝမ်ယဲ့ သိထားခဲ့သည်။ ၎င်းက သူမ၏ ခန်းဝင်ငွေအတွက် ဖြစ်ကြောင်းလည်း နားလည်နေခဲ့သည်။

 

ဝမ်ယဲ့အနေဖြင့် ကိုယ်လုပ်တော်ချန်း ငွေစုခြင်းကို တားရန် မဖြစ်နိုင်မှန်း သိနေသောကြောင့် ၎င်းကို သိပ်ဂရုမစိုက်ခဲ့ပေ။ အချိန်တန်လျှင် သူမက ထိုငွေကို မယူသွားရန် ဆုံးဖြတ်ထားခဲ့သည်။

 

ထို့အပြင် ဝမ်မိသားစု၏သမီးများ လက်ထပ်ချိန်တိုင်း သခင်မရှန်းက ခန်းဝင်ပစ္စည်းများ အမြဲ ပြင်ဆင်ပေးတတ်သည်။ အများကြီး မဟုတ်သည့်တိုင် ဘဝသစ်တစ်ခု စတင်မည့် သတို့သမီးလေးအတွက် လုံလောက်သော ပမာဏ ဖြစ်သည်

 

ထို့အပြင် အိမ်ထောင်ပြုပြီးပါကလည်း လစဉ်အသုံးငွေ ဆက်လက် ရရှိဦးမည် ဖြစ်ပြီး အပျိုဘဝကထက်ပင် ပိုရနိုင်သေးသည်။

 

‘အဲလိုသာယာတဲ့ ဝမျိုးမှာ ကိုယ်က ဘာပြဿနာမှ မရှာသ‌ရွေ့ အသက်တစ်ရာလောက်အထိ အေးအေးလူလူ နေသွားနိုင်မှာ မဟုတ်ဘူးလား’

 

ဝမ်ယဲ့ မထင်မှတ်ထားသည့်အရာက ညီမငယ်လေးကပါ သူမ၏ခန်းဝင်ပစ္စည်း စုဆောင်းမှုတွင် ပါဝင်နေခြင်းပင်။

 

ဝမ်ယဲ့က စားပွဲတွင် ထိုင်နေသည့် ဝမ်ရန်ကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

 

"အဖေ နင့်ကို ဆုချပေးတဲ့ ပိုက်ဆံတွေ အားလုံး  အစ်မကို ပေးနေတာလား"

 

ကိုယ်လုပ်တော်ချန်းနှင့် ဆင်တူသည့် ဝမ်ယဲ့နှင့် မတူသည်မှာ  အသက်ခြောက်နှစ်အရွယ် ဝမ်ရန်က ဂန္တဝင်ဆန်ဆန်ဘဲဥပုံမျက်နှာလေးဖြင့် ပိုမိုသိမ်မွေ့သောအသွင်အပြင် ရှိသည်။ သူမ၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက ထူးထူးခြားခြား လှပနေခြင်းမျိုး မဟုတ်သော်လည်း မျက်နှာတစ်ခုလုံး စုကြည့်လိုက်လျှင် ကြည့်မဝနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းနေလေသည်။

 

ဝမ်ရန်က ငယ်ရွယ်သေးသော်လည်း တိတ်ဆိတ် နေထိုင်တတ်ပြီး သူမ အာရုံစူးစိုက်လေ့ရှိသော သူမ၏ကမ္ဘာက သူမ၏ စာလေ့လာမှုနှင့် သူမရှေ့မှ လူနှစ်ယောက်ထံတွင်သာ လှည့်ပတ်နေလေသည်။

 

သူမ၏ စာပေအရာတွင် ထူးချွန်သူ ဖြစ်ပြီး သူမ ကောင်းကောင်း သင်ယူနိုင်သရွေ့ ဖခင်ဖြစ်သူက သူမအား ဆုငွေများ ပေးနေပေလိမ့်မည်။ ၎င်းက ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ယဲ့တို့ဘဝများကို ပိုကောင်းလာစေည်ဟု သူမ ယုံကြည်ထားသည်။

 

အချက်က ဝမ်ရန် စာပေများထဲတွင် နှစ်မြှပ်ထားရင်း ရှာဖွေတွေ့ရှိခဲ့သော မြင်သာထင်သာဆုံး အကျိုးကျေးဇူးဖြစ်ပေလိမ့်မည်။

 

“စတုတ္ထအစ်မ၊ စိတ်မပူပါနဲ့၊ သိပ်မကြာခင် အရေးကြီးတဲ့ စာမေးပွဲကြီးတစ်ခု ရောက်လာတော့မယ်”

 

ဝမ်ရန်က လေးနက်သော အမူအရာလေးဖြင့် ထပ်ပြောလာပြန်သည်

 

ညီမသာ ကောင်းကောင်းဖြေနိုင်ရင် အဖေက ပိုပြီးတော့တောင် ဆုချဦးမှာ

 

ထိုစကားကြောင့် ဝမ်ယဲ့တစ်ယောက် မရယ်ဘဲမနေနိုင်တော့ပေ။ သူမ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ယွင်ကျီက ပိုးသားကန့်လန့်ကာကို မတင်လိုက်ပြီး သတင်းပို့လာခဲ့သည်။

 

"သခင်မလေး၊ အစ်မယင်ရွှမ်း ရောက်လာပါတယ်"

 

ယင်ရွှမ်းက သခင်မရှန်းအနီးတွင် ခစားရသော ပထမတန်းစား အစေခံ ဖြစ်သည်။

 

ယွမ်ကျီ၏ စကားဆုံးသွားသည်နှင့် သူမ၏နောက်မှ အနည်းငယ်အရပ်မြင့်သော အစေခံမလေးတစ်ဦး ထွက်ပေါ်လာပြီး အခန်းထဲရှိ လူသုံးယောက်ကို တလေးတစား အရိုအသေပေးလိုက်သည်။ ထို့နောက်မှသာ သူမက လာရင်းကိစ္စကို ရှင်းပြလာသည်။

 

"စတုတ္ထသခင်မလေး၊ သခင်မက မမလေးကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

 

ယပ်တောင်ခတ်နေသော လက်အစုံက တုံ့ကနဲ ရပ်သွားပြီး ဝမ်ယဲ့က မတ်မတ်ထိုင်လိုက်သည်။ ယွင်ကျီက သူမ၏အဝတ်အစားများ  သပ်သပ်ရပ်ရပ် ပြန်ဖြစ်သွားအောင် ပြင်ဆင်ပေးဖို့ ရှေ့တိုးလာသည်။ ဝမ်ယဲ့က တဖက်လူမျက်နှာအမူအရာကို အကဲခတ်ရင်း သွေးတိုးစမ်းသည့်အနေဖြင့် လှမ်းမေးလိုက်သည်။

 

“အမေက ဘာကိစ္စအတွက်လို့ ပြောလိုက်သေးလဲ”

 

ယင်ရွှမ်းက ခေါင်းကို အနည်းငယ်ငုံ့ထားပြီး ခပ်တိုးတိုး ပြန်ဖြေလာသည်။

 

"စတုတ္ထသခင်မလေးဒီအစေခံ မသိပါဘူး"

 

‘ဟူး..... သခင်မရှန်းရဲ့ အစေခံတွေက ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အရမ်းတိကျလွန်းတယ်

 

ဝမ်ယဲ့က ညောင်စောင်းရှည်ပေါ်မှ ဆင်းကာ အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သူမက ကျန်နှစ်ယောက်ဘက်သို့ ခေါင်းပြန်လှည့်ကာ လှမ်းပြောလိုက်ပြန်သည်။

 

 "ယိနျန်း၊ ညီမလေး၊  ငါ မကြာခင် ပြန်လာခဲ့မယ်နော်"

ကိုယ်လုပ်တော်ချန်းက အကြောင်းအရင်းကို ရိပ်မိသွားပုံရပြီး သူမ၏ နှုတ်ခမ်းအစုံက ပြုံးယောင်သန်းလာသည်။

 

တံခါးဖွင့်လိုက်သည်နှင့် ပြင်းရှလှသော အပူရှိန်က သူမကိုယ်ပေါ်သို့ ရိုက်ခတ်လာသည်။ ဝမ်ယဲ့တစ်ယောက် ယပ်တောင်လေးကို မြန်မြန်ခတ်ရင်း ခြေလှမ်းများကိုလည်း သွက်သွက်လှမ်းလိုက်ရသည်။

 

များအားဖြင့် ဟမ့်ဝူခြံဝင်းမှ ပင်မခြံဝင်းသို့ လမ်းလျှောက်ရန် တစ်ရှီးချန်၏ လေးပုံတစ်ပုံကျော်ခန့် အချိန်ယူရသော်လည်း ဝမ်ယဲ့က ၎င်းကို တစ်ရှီးချန်၏ လေးပုံတစ်ပုံအောက်သို့ အတိုချုံ့နိုင်ခဲ့သည်။

 

သူမ ပင်မခြံဝင်းအပြင်ဘက်သို့ ရောက်သွားချိန်တွင် ဝမ်ယဲ့က အလျင်စလို လာခဲ့ရသဖြင့် ဖရိုဖရဲ ဖြစ်နေသော သူမ၏အဝတ်အစားများကို သပ်ရပ်အောင် အရင်ပြင်ပြီးမှ အတွင်းသို့ လှမ်းဝင်လိုက်သည်။ ဤခြံဝင်း၏ ပင်မခန်းမဆောင်တွင် ထားရှိထားသော ရေခဲတုံးများက ဟမ့်ဝူခြံဝင်းထက် အဆများစွာ ပိုများသည်။ အထဲသို့ ရောက်သည်နှင့် ဝမ်ယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပါးပါးလေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

 

ဝမ်ယဲ့က အထက်တွင် ထိုင်နေသောသူကို စနစ်တကျ ဂါရဝပြုလိုက်သည်။

 

"ဒီသမီးက အမေကို နှုတ်ခွန်းဆက်သပါတယ်"

 

"ထိုင်ဦး"

 

ဝမ်ယဲ့က ကိုယ်ကို မတ်လိုက်ပြီး ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

 

သခင်မရှန်း၏ အကြည့်များက သူမ နောက်ကို လိုက်ပါနေပြီး ဝမ်ယဲ့ ထိုင်ပြီးသည်နှင့် စကားစပြောလိုက်သည်။

 

"မင်းရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတချို့ ရှိလို့ ဒီနေ့ မင်းကို ခေါ်လိုက်ရတာ"

 

ဝမ်ယဲ့က နည်းနည်းမှ အံ့ဩခြင်း မရှိဘဲ သခင်မရှန်းကို မော့ကြည့်ကာ အေးအေးဆေးဆေး ပြန်မေးလိုက်သည်

 

"အမေက ကျွန်မအတွက် ဘယ်မိသားစုကို ရွေးချယ်ပေးထားတာလဲဟင်"

 

သခင်မရှန်းက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီးမှ ပြန်ဖြေလာခဲ့သည်။

 

"ပန်းရှုစားပွဲ အပြီးမှာ မင်းကို စိတ်ဝင်စားတဲ့ မိသားစုအနည်းငယ်ရှိတယ်၊ ဒါပေမယ့် အများစုကိုတော့ ငါ ငြင်းခဲ့တယ်"

 

ထိုစကားကို ကြားနေရသည့်တိုင် ဝမ်ယဲ့က ဘာ့ကြောင့်လဲဟု ပြန်မမေးတော့ပေ

 

‘သခင်မရှန်း တိုက်ရိုက်ငြင်းလိုက်မှတော့ အဲဒီမိသားစုတွေမှာ ပြဿနာအကြီးကြီးတွေ ရှိနေလို့ပေါ့’

 

"အခု သင့်တော်တဲ့ မိသားစု သုံးစု ရှိတယ်၊ ငါနဲ့ မင်းတို့အဖေ တိုင်ပင် ပြီးပြီ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မင်းကိုပဲ ရွေးချယ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်"

 

ထိုစကားကို ပြောပြီးနောက် သခင်မရှန်းက ဝမ်ယဲ့ကို စေ့စေ့ကြည့်နေပြီး သူမတုံ့ပြန်မှုကို စောင့်မျှော်နေပုံရသည်။

 

ဝမ်ယဲ့၏ မျက်လုံးများတွင်လည်း အံ့သြမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

 

‘ငါ့ အတွက် ရွေးချယ်စရာ မိသားစုသုံးစု ရှိနေတယ်ပေါ့၊ တကယ့်ကို မယုံနိုင်စရာပဲ...

 

သခင်မရှန်းက သူမ ရွေးချယ်ရန်အတွက် စာရင်းပြုစုပေးမည်ဟု ပြောခဲ့ဖူးသော်လည်း ဝမ်ယဲ့က ထိုစကားကို အလေးအနက် မထားခဲ့မိပေ။

 

‘ငါရဲ့ အခုအသက်အရွယ်က ရှေးခေတ်စံနှုန်းအရ ‘အပျိုကြီး’ စာရင်းဝင်နေပြီလေ’

 

‘ဘယ်တုန်းကများ အပျိုကြီးတွေမှာ ဒီလောက် ရွေးချယ်စရာ ပေါများသွားခဲ့တာပါလိမ့်’

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟