End of Extra
Viewers 11k


Flying Ash Extra 3



ယီဟွေ့က သူ့အိတ်ထဲမှ အနီရောင်အတွင်းခံ ၂ဒါဇင်ခန့်ထုတ်လာ၍ အပြင်ထွက်မည့် အစီအစဉ်က ပျက်သွားသည်။ 

" အနီရောင်အတွင်းခံကို ကိုယ့်ဘာသာဝယ်လို့မရဘူးလေ သူများတွေပေးတာယူမှ ရမှာ..."

အိမ်တွင် မည်သူမှ ရှိမနေ၍ ယီဟွေ့ အတွင်းခံဘောင်းဘီအသစ်ကို ဘူးထဲမှထုတ်ပြီး ခုတင်ပေါ် ဖြန့်ခင်းထားလိုက်သည်။
" ဒီဟာ မင်း ဝတ်နေကျဆိုဒ်ပဲမလား တော်မှာပါနော်...

ကျိုးကျင်ဟမ့်က ဘောင်းဘီတစ်ထည်ကို လှမ်းယူလိုက်သည်။ 
" ကိုယ် ဝတ်ကြည့်လိုက်မယ်လေ..."

စကားဆုံးသည်နှင့် သူ ခါးပတ်ချွတ်လိုက်သည်။ ယီဟွေ့က ခုတင်တစ်ဖက်ခြမ်းကို ခုန်ထွက်သွားပြီး ထွက်ပြေးမည်အပြုတွင် ကျိုးကျင်ဟမ့်က သူ့ကို ဖမ်းဆွဲထားလိုက်သည်။ 
" ဘယ်ကို ထွက်ပြေးမလို့လဲ... မင်း ကိုယ့်ကို မမြင်ဖူးတာ ဘာကျန်သေးလို့လဲ..."

ယီဟွေ့က မျက်နှာကို ပြန်လှည့်လာသော်လည်း မျက်လုံးများမှိတ်ထားပြီး လူကြီးလူကောင်းသဖွယ်။ပြုမူလိုက်သည်။ 
"  ကောင်းပြီလေ ငါဘာမှ မမြင်ရတော့ဘူး..."

ယီဟွေ့က သူတို့အတူနေချိန်တိုင်းတွင် အမြဲတမ်း အခန်းမီးပိတ်ခိုင်းသည်ကို တွေးမိသွား၍ ကျိုးကျင်ဟမ့် ပြုံးလိုက်မိသည်။
" မမြင်ရရင်တောင် ထိကြည့်လို့ရတယ် ဟုတ်တယ်မလား..."

သူတို့နှစ်ယောက် အတူတကွနေထိုင်ခဲ့သည်မှာ အချိန်စုစုပေါင်း လေးနှစ်ခန့်ရှိပြီဖြစ်သော်လည်း ယီဟွေ့က ကျိုးကျင်ဟမ့်၏ ကျီစယ်မှုများနှင့် အသားမကျသေးပေ။  အတိတ်တွင်မူ ဤကဲ့သို့သောအ‌ခြေအနေက ရံဖန်ရံခါမှသာ ဖြစ်ပေါ်သော်လည်း ယခုအခါ အကြိမ်အရေအတွက်က ပို၍ပို၍များလာသည်။ ဤသို့ဆက်ဖြစ်နေပါက သူ မူးလဲ‌မိတော့မည်ဟု ထင်မိလာသည်။ ကျိုးကျင်ဟမ့် ပြောသည်ကို ကြားလိုက်ရုံဖြင့် သူ့မျက်နှာက ပူနွေးပြီး ထူးဆန်းလာသည်။ 

" မဟုတ်ဘူး ငါ မထိပါဘူး မင်း ဘာတွေ လာပြောနေတာလဲ..."

ကျိုးကျင်ဟမ့်က ယီဟွေ့လက်ကို တင်းကြပ်စွာဆွဲယူပြီး သူ့ရင်အုပ်နှင့် ဖိထားလိုက်သည်။ 

" ဒါဆိုရင်တော့ အခုက ထိကြည့်ဖို့ အခွင့်ကောင်းပဲလေ ဟုတ်တယ်မလား..."

ယီဟွေ့ ငြင်းဆန်လိုက်ပြီး သူ့မျက်နှာနှင့် နားရွက်များက နီရဲလာသည်။ ကျိုးကျင်ဟမ့်က မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။
" ဒီနေ့က ကိုယ့်မွေးနေ့လေ..."

ယီဟွေ့က ကျိုးကျင်ဟမ့် ချစ်စရာကောင်းအောင်ပြုမူသည်ကို မတောင့်ခံနိုင်ဆုံးဖြစ်သည်။ အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်နှင့် လူငယ်လေးက သူ့ရှေ့တွင် နှုတ်ခမ်းဆူနေပြီး ကလေးက သကြားလုံးတောင်းနေသကဲ့သို့ အသံမျိုးဖြင့် သူ့ကိုစကားပြောနေပေသည်။ သူ မနေနိုင်တော့ပဲ ချက်ချင်း လက်မြှောက် အရှုံးပေးလိုက်ရသည်။ 

သို့ရာတွင် ယခုက ‌နေ့အချိန်သာဖြစ်၍ ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်ခြည်ဖြင့် လင်းလက်တောက်ပနေဆဲဖြစ်သည်။ လင်းလင်းချင်းချင်း ဖြစ်နေချိန်တွင် ထိုသို့လုပ်ရမည်က သူ့အတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။ ယီဟွေ့ ခဏ‌တာ တွေးလိုက်ပြီးနောက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
" အခု မမှောင်သေးဘူးလေ... ငါတို့ အရင်ဆုံး တစ်ခုခု လုပ်ကြမလား..."

" ဒါဆိုရင် ကိုယ့်ကို ပုံတူဆွဲပေးလေ..."
ကျိုးကျင်ဟမ့်က ချက်ချင်းပင် ဖတ်လတ်တက်ကြွသွားသည်။ 

" မင်း ကိုယ့်ကို ပန်းချီမဆွဲပေးတာ ကြာလှပြီ..."

……

သူတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်သည့်နေ့တွင်  ကောင်းကင်ကြီးက ကြည်လင်နေသည်။ ကျိကျင်ဟမ့်က နေကာမျက်မှန် မတပ်ထားသကဲ့သို့ မက်စ်လည်း မဝတ်ထားပေ။ သူ၏ အနီရောင်ပြိုင်ကားလေးကို ဝံ့ကြွားစွာမောင်းပြီး ယီဟွေ့ကို အရပ်ဘက်ရေးရာဗျူရိုသို့ ခေါ်သွားသည်။

လုပ်ငန်းစဉ်က ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ Formဖြည့်ပြီးနောက် တံဆိပ်တုံးနှိပ်ကာ ကျမ်းသစ္စာဖတ်ကြသည်။ နာရီဝက်ပင် မကြာလိုက်သည့် အချိန်အတွင်းဆွင် လတ်လတ်ဆတ်ဆတ် လက်ထပ်စာချုပ်တစ်ခု ရလာခဲ့သည်။ 

သူတို့ တံခါးသို့လျှောက်လာစဉ် ကျိုးကျင်ဟမ့်က အလွန်ပင် ကျေနပ်အားရနေပြီး သူ့လက်ထဲမှ အနီရောင်စာအုပ်နှစ်အုပ်ကို ကြည့်နေသည်။ 
" ဒါလေးပဲလား ..."

ယီဟွေ့က ပြောလိုက်သည်။
" ဒါနှစ်အုပ်နဲ့ မကျေနပ်သေးရင် ကွာရှင်းစာချုပ်ပါ တစ်ခါတည်းလုပ်ခဲ့လေ..."

ထိုဟာသက မရယ်ရပေ။ ကျိုးကျင်ဟမ့်က ခေါင်းခါလိုက်ပြီး စာအုပ်နှစ်အုပ်ကို လက်တစ်ဖက်ကကိုင်ပြီး အခြားတစ်ဖက်က ယီဟွေ့လက်ကိုဆွဲပြီး ထွက်လာသည်။ 

အပြန်လမ်းတွင် သူတို့ကို ကျန်းယီမန့်က ဖုန်းခေါ်သည်။ သူတို့ ယနေ့တွင် လက်ထပ်စာချုပ်ချုပ်သည့်အကြောင်းကို သူမ သိထားသည်။ ကျန်းယီမန့်က ဖုန်းတစ်ဖက်မှ အော်ဟစ်နေပြီး မည်သူက လက်ထပ်ခွင့်တောင်းသည်ကို သိချင်နေသည်။ 

ဖုန်းဖြေလိုက်သူက ယီဟွေ့ဖြစ်သည်။ သူ ဖုန်းကိုလှမ်းယူလိုက်သော်လည်း လက်ထပ်ခွင့်တောင်းသူက ကျိုးကျင်ဟမ့်ဖြစ်သည်ဟု ပြောရမည်ကို တွန့်ဆုတ်နေသည်။

ကျန်းယီမန့်က လက်ထပ်ခွင့်တောင်းသည်က မည်သို့ဖြစ်ခဲ့ကြောင်း ထပ်မေးသည်။ 
ပုံမှန်ဆိုရင်တော့ ကြီးကျယ်ခမ်းနားပြီး မမေ့နိုင်စရာ ဖြစ်ရမှာမလား...

ကားမောင်းနေသည့် ကျိုးကျင်ဟမ့်က အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်လိုက်သည်။  ယီဟွေ့ကလည်း ရူးချင်ယောင်ဆောင်နေသည်။ 

" အဲဒါ လျှို့ဝှက်ချက်လေ ပြောပြလို့မရဘူး..."

သူတို့၏ အားလပ်ရက်ကို စားသောက်ဆိုင်တွင် ပထမဆုံး ကုန်ဆုံးရန် တွေးလိုက်ကြသည်။

တလက်လက်တောက်ပနေသည့် အလှဆင်ထားခြင်းများကို ယခုချိန်ထိ မဖယ်ရသေးပေ။ သူတို့က လက်ထပ်ခွင့်တောင်းခြင်းအတွက် ပြင်ဆင်ထားသည်ဖြစ်ကြောင်း စာရေးလေးထံမှ ကြားပြီးသောအခါ ယီဟွေ့ မအောင့်နိုင်တော့ပဲ အားပါးတရ ရယ်လိုက်မိသည်။ 

" ငါက ဒီလိုခေါင်းလောင်းတွေ ဝီစီတွေကိုကြိုက်တဲ့ ကလေးလို့ မင်းထင်နေတာလား..."

ကျိုးကျင်ဟမ့်က နှာခေါင်းကိုပွတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားပုံရသည်။ 
" မင်း မကြိုက်တော့ဘူးလား..."

ယီဟွေ့ မငြင်းလိုက်ပေ။ ပြတင်းပေါက်နားတွင် တွဲလောင်းကျနေသည့် ဖဲကြိုးများကိုယူကာ ကျိုးကျင်ဟမ့်၏ခေါင်းပေါ်တင်ပေးလိုက်ပြီး မှိတ်သွားသည်အထိ ပြုံးလိုက်သည်။ 

" ဦးထုပ်စိမ်းထက်တော့ ပိုလှပါတယ်..."

ဤအနေအထားဖြစ်အောင် ဖန်တီးရန် လဝက်ခန့်စဉ်းစားခဲ့ပြီး သုံးရက်ကြာအောင် ပြင်ဆင်ခဲ့ရသော်လည်း သူ နောက်ဆုံးတွင် အိပ်ရာပေါ်၌သာ လက်ထပ်ခွင့်တောင်းခဲ့ရပြီး အဖြေပြန်ရခဲ့ပေသည်။ 

ထိုအချိန်က ယီဟွေ့ သူ့ကိုကြည့်ခဲ့သည့်အကြည့်နှင့် " လက်ခံပါတယ်" ဟု ပြောခဲ့သည်ကို ကျိုးကျင်ဟမ့် အမြဲတမ်း အမှတ်ရနေတော့မည်ဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း အစစ်အမှန်မဟုတ်ပဲ အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

ယဲ့ချင်းကလည်း ထိုဖြစ်စဉ်အကြောင်း သိချင်၍ ဖုန်းခေါ်ခဲ့သည်။ ယီဟွေ့ကြောင့် ကျိုးကျင်ဟမ့်ကို သဘောမကျသည်ကို သည်းခံထားရသော်လည်းလက်ထပ်ခွင့်တောင်းခြင်းက အလွန်သာမန်ဆန်ကြောင်း ကြားလိုက်ရချိန်တွင် သူ ဒေါသထွက်သွားသည်။ 

" မင်း ဘာလုပ်တာလဲ... သူ့ကို လက်စွပ်လေးတစ်ကွင်းတောင် မပေးဘူးလား... ထားလိုက်တော့ ပေးမနေနဲ့တော့ ဟွေ့ဟွေ့ကို အထုပ်ပြင်ထားပြီး စောင့်နေခိုင်းလိုက် ငါလာခေါ်မယ်..."

ကျိုးကျင်ဟမ့် : " သူ့ကို ဘယ်ခေါ်သွားမလို့လဲ..."

" မိဘအိမ် ပြန်ခေါ်သွားပြီးတော့ မင်းနဲ့ ကွာရှင်းခိုင်းမှာပေါ့..."

" ကျွန်တော်က သူ့ကို လက်ထပ်ဖို့ ဖိအားမပေးခဲ့ဘူးလေ..."

ကျိုးကျင်ဟမ့်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသည်။ 

" ကျွန်တော် လက်ထပ်ခွင့်တောင်းတာနဲ့ သူချက်ချင်းလက်ခံလိုက်တာပဲ..."

ယဲ့ချင်း အလွန်ဒေါသထွက်လွန်း၍ ဖုန်းပါပြုတ်ကျသွားသည်။ 

ကျိုးကျင်ဟမ့်မှာ မပျော်မရွှင်ဖြစ်နေမိဆဲဖြစ်သည်။ လက်စွပ်က သူ့လက်ထဲ ရှိနှင့်ပြီးသားဖြစ်သော်လည်း ယီဟွေ့က သူ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို သိရှိပြီးဖြစ်ရာ surprise လုပ်ရန် ခက်ခဲနေသည်။ 

အချိန်အ‌တန်ကြာအောင် တွေးတောပြီးမှ ယီဟွေ့ကို ချားရဟတ်စီးရအောင် ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ 

ယီဟွေ့က ရဟတ်စီးရခြင်းကို နှစ်သက်၍ ငြင်းဆန်ခြင်းမရှိပဲ ချက်ချင်းပင်  သဘောတူလိုက်သည်။ 

ဆင်ခြေဖုံးနားမှ ပန်းခြံစားကွင်းရှိရာသို့ ရောက်လာချိန်တွင် ညနေစောင်းပြီဖြစ်သည်။ သူတို့က ပန်းခြံထဲဝင်ခွင့်ရသည့် နောက်ဆုံးတစ်သုတ်ထဲ ရောက်သွားခဲ့သည်။ ရဟတ်ရှေ့တွင် တန်းစီသူများက နည်းပါးနေသော်လည်း မျက်နှာကို မဖုံးကွယ်ထားသည့် ကျိုးကျင်ဟမ့်က တန်းစီလိုက်သည်နှင့် ဘေးနားမှလူအများ၏ အာရုံစိုက်မှုကို ရသွားခဲ့သည်။ ခဏအကြာတွင် ရဲတင်းသည့်မိန်းကလေးတစ်ယောက်က ဓာတ်ပုံရိုက်ရန် သူ့အနားကိုပြေးလာသည်။ 

သူတို့နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေစဉ်တွင် ယီဟွေ့က တီးတိုးပြောလိုက်သည်။

" ရှောင်လင်းကတော့ ဖုန်းဆက်ပြောတော့မှာပဲ..."

ကျိုးကျင်ဟမ့်က အနားမှလူများကို ဂရုမစိုက်နိုင်ပေ။ ဘောင်းဘီအိတ်ထဲထည့်ထားသည့် သူ့လက်တစ်ဖက်က လက်စွပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရ၍ ချွေးများစိုရွဲလာသည်။ 

သူကြောက်နေသည့်အရာမှာ အခြားလူများက သူ့ကို မြင်သွားခြင်း မဟုတ်သကဲ့သို့ ရှောင်လင်းက ဖုန်းဆက်ပြီး မေးခွန်းများ မေးမည်ကိုလည်း မဟုတ်ပေ။ သူ ယုံကြည်လက်ခံနိုင်ရန် ကြောက်ရွံ့နေမိခြင်းဖြစ်သည်။ လက်ထပ်စာချုပ် ရလာပြီး အရာအားလုံးက တရားဝင်ဖြစ်သွားသော်လည်း သူ့စိတ်ထဲတွင် အာမခံမှုနှင့် ယုံကြည်ချက်မရှိ ဖြစ်နေသည်။ 

ယမန်နှစ်က တံခါးအပြင်ဘက်တွင် ရပ်နေပြီး ယီဟွေ့က သူပေးထားသမျှပစ္စည်းများကို လွှင့်ပစ်ခဲ့စဉ်က လက်စွပ်ကလည်း မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ ထိုမြင်ကွင်းက ကျိုးကျင်ဟမ့်အတွက် အပြင်းစားရိုက်ချက်တစ်ခုဖြစ်ပြီး သူ့ရင်ထဲတွင် အကြောက်တရားများဖြင့် ပြည့်သွားစေခဲ့သည်။

နာရီဝက် မကြာမီအချိန်အတွင်း သူတို့အလှည့်ရောက်လာသည်။ ရဟတ်ထဲ ဝင်ပြီးသည့်အခါ ကျိုးကျင်ဟမ့်က အသိမကပ်သည့်လူသဖွယ် ထိုင်ချလိုက်ပြီး တိတ်ဆိတ်နေ၍ ယီဟွေ့က သူ့လက်မောင်းကို လာထိသည်။ 

" ဘာတွေတွေးနေတာလဲ..."

ချားရဟတ်က တဖြည်းဖြည်း လည်လာသည်။ သူတို့ဝင်ခဲ့သည့်အခန်းကလည်း အပေါ် တဖြည်းဖြည်းတက်လာသည်။ အမြင့်ဆုံးနေရာနှင့် အနည်းငယ်သာကွာဝေးတော့သည့်အချိန်တွင်မှ ကျိုးကျင်ဟမ့်က ပြန်ဖြေလာသည်။

" ဘာမှ မဟုတ်ပါဘူး..."

သူ့စိတ်ထဲ ပျာယာခတ်လာပြီး ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ကာ မည်သည့်လက်ဖြင့် လက်စွပ်ကို ကမ်းပေးရမည်နှင့် ဒူးတစ်‌ဖက်ထောက်ပြီးသည်နှင့် မည်သည့်စကားပြောရမည်ကို တွေးနေမိသည်။

ယီဟွေ့က ကျိန်းသေပေါက်လက်ခံမည်ဖြစ်သော်လည်း လက်ထပ်ခွင့်တောင်းခြင်းက အလွန်ရိုးရှင်းပြီး သာမန်ဆန်လွန်းသွား၍ အနည်းဆုံး လက်စွပ်ပေးသည့်အပိုင်းက အနည်းငယ်ထူးခြားနေရန် လိုအပ်ပေသည်။ 

လက်ထပ်ပွဲလုပ်လိုက်တာက ပိုကောင်းထင်တယ်... မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေရှေ့မှာ လုပ်ရတာ ပိုကောင်းမယ်ထင်...

" ငါ့ကို ပြောစရာရှိလို့လား..."
ယီဟွေ့ ထပ်မေးပြန်သည်။

ကျိုးကျင်ဟမ့်က ထိတ်လန့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။
" မ... မရှိပါဘူး..."

သူ အချိန်အတန်ကြာအောင် စုစည်းလာခဲ့ရသည့် သတ္တိများက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ရဟတ်ကလည်း။တဖြည်းဖြည်းလည်နေပြီး သူ့အိတ်ကပ်ထဲမှ လက်စွပ်ကလည်း မီးထတောက်တော့မည်ဟုပင် ထင်နေရသည်။ ကျိုးကျင်ဟမ့် ကူကယ်ရာမဲ့စွာဖြင့် လက်လျှော့လိုက်ပြီး နောက်တစ်ကြိမ် မည်သည့်နေရာတွင် လက်စွပ်ပေးရမည်ကို တွေးနေလိုက်သည်။ 

ဆန့်ကျင်ဘက်အနေဖြင့် ယီဟွေ့မှာမူ စိတ်ကြည်လင်ပြီး ဟာသလုပ်လိုက်သည်။

" မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော်ဆိုးတာပဲ ဘယ်လိုဖြစ်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆု ရသွားတာလဲ..."

ကျိုးကျင်ဟမ့်၏ အမူအရာက သေလုမျောပါးဖြစ်နေသည်ကို ယီဟွေ့ဆိုလိုလိုက်ခြင်းဖြစ်သည်။ 

ယိီဟွေ့က ဘောင်းဘီအိတ်ကပ်ထဲမှ ကျိုးကျင်ဟမ့်လက်ကို ဆွဲယူပြီး လက်ချောင်းများကို ဖြည်လိုက်သည်။ 

ကျိုးကျင်ဟမ့်မှာ သူ့လျှို့ဝှက်ချက်ကြီး ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် သူအမှန်တကယ် ဖုံးကွယ်လိုပါက ယီဟွေ့ သူ့လက်များကို ဆွဲဖြည်၍ ရမည်မဟုတ်သော်လည်း လက်သီးဆုပ်ထားသည်ကို ဖွင့်ပြလိုက်သည့်အခါ လက်ဖဝါးပေါ်မှ လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ 

" ရုပ်ရှင်ရိုက်နေရင်ကျတော့ ဒီလိုမဟုတ်ဘူးလေ..."

ကျိုးကျင်ဟမ့်မှာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရသည်။ 

" ပြီးတော့ ကိုယ်က မျက်နှာကိုပဲ မှီခိုနေရတာလေ မင်းမသိဘူးလား..."

ယီဟွေ့က သူ့လက်ဖဝါးပေါ်မှ လက်စွပ်ကိုယူပြီး လက်စွပ်ပေါ်ရေးထွင်းထားသော လူနှစ်ယောက်၏ အမည်စာလုံးကို လက်ဖျားဖြင့် ငြင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့အပြုံးများက ဖုံးမရ ဖိမရဖြစ်လာပြီး ပြုံးစိစိဖြင့် လက်စွပ်ကို ကျိုးကျင်ဟမ့်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။

" ဒါဆိုရင်လည်း အရမ်းကို ချောမောခံ့ညားတဲ့ ရုပ်ရှင်ဧကရာဇ်ကျိုးကပဲ ကျွန်တော့်ကို လက်စွပ် ကူစွပ်ပေးပါလို့ တောင်းဆိုလို့ရမလား..."

ပြင်ဆင်ထားသည့်ဇာတ်ညွှန်းကို မေ့လျော့သွားသော်လည်း နောက်ထပ် လွယ်ကူစွာ အောင်မြင်မှုတစ်ခု၏ သက်ရောက်မှုကြောင့် သို့မဟုတ် ယီဟွေ့က လက်စွပ်ကူဝတ်ပေးရန် လက်ဦးမှုယူပြီး တောင်းဆိုလိုက်မှုကြောင့် သူ ဘာမှမပြောနိုင်အောင် ဖြစ်သွားသည်။ 

နောက်ဆုံးတွင် စိတ်နှင့်လူနှင့် ကပ်သွားပြီးသောအခါ ကျိုးကျင်ဟန့်က ငွေရောင်လက်စွပ်လေးကို ယီဟွေ့၏ လက်သူကြွယ်တွင် ဂရုတစိုက် စွပ်ပေးလိုက်သည်။ ကျိုးကျင်ဟမ့်က ဖြူဖွေးပြီး အပြစ်အနာအဆာကင်းမဲ့နေသော လက်ကလေးကို စိုက်ကြည့်နေပြီးမှ ခေါင်းငုံ့၍ လက်ဖမိုးလေးကို လေးစားမြတ်နိုးစွာ နမ်းလိုက်သည်။

ယီဟွေ့ကလည်း ကျိုးကျင်ဟမ့်၏လက်ကိုယူ၍ အမာရွတ်ရှိသောနေရာလေးကို နမ်းလိုက်သည်။ 

နမ်းပြီးသည့်အခါ ယီဟွေ့က သက်ပြင်းချလိုက်ပြီး အတွေ့အကြုံရှိသူတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ 

" မင်းကအခု ငါ့ယောကျာ်းဖြစ်သွားပြီလေ နောက်ဆိုခပ်တုံးတုံးအလုပ်တွေ မလုပ်နဲ့တော့..."
 
ရဟတ်က အပေါ်ဆုံးသို့ ရောက်ပြီးချိန်တွင် အောက်သို့ တဖြည်းဖြည်း ပြန်ကျလာသည်။ မြေပြင်သို့ပြန်မရောက်သေးသော်လည်း အောက်ဘက်တွင် လူတစ်စုက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ အများစုမှ သတင်းကြားပြီးနောက် သူတို့၏ကြယ်ပွင့်ကိုတွေ့ရန် အပြေးရောက်လာကြသည့် မိန်းကလေးငယ်လေးများဖြစ်သည်။ 

အတိတ်တွင် ယီဟွေ့က ကျိုးကျင်ဟမ့်၏ နာမည်ကျော်ကြားမှုနှင့် ပရိသတ်များစွာရှိမှုကို ဂုဏ်ယူခဲ့ပြီး ယခုချိန်တွင်လည်း အလားတူသာဖြစ်သည်။ သူ့စိတ်ထဲ စိုးရိမ်နေသည့်အရာတစ်ခုသာရှိသည်။
" တကယ်လို့ မင်း လက်ထပ်လိုက်တာ သူတို့သိသွားရင် မင်းရဲ့ပရိသတ် ဆက်မလုပ်လောက်တော့ဘူးထင်တယ်နော်..."

ကျိုးကျင်ဟမ့်က မတုန်လှုပ်သည့်ပုံစံဖြင့် ပြောလိုက်သည်။ 

" ဆက်မလုပ်တော့လည်း ရပါတယ်... ငွေရှာဖို့အတွက် ကိုယ့်ခွန်အားကိုပဲ အားကိုးတော့မယ် ... မင်းရှေ့ရောက်မှပဲ မျက်နှာလေးကိုအားကိုးတော့မယ်လေ..."

သူ့စိတ်ထဲ အေးချမ်းသွားပြီး လေသံက ဝင့်ကြွားမှု၊ ရဲတင်းမှုတို့ဖြင့် ပြည့်နေကာ လက်စွပ်ပင် မထုတ်ရဲလောက်အောင် စိတ်ဂနာမငြိမ်ဖြစ်နေခဲ့သည့် ကျိုးကျင်ဟမ့်နှင့် အလွန်ကွာခြားသွားသည်။

ယီဟွေ့ ထပ်ရယ်ချင်လာသော်လည်း ပြုံးရုံသာပြုံးပြီး ပြောလိုက်သည်။ 

" အိုး... သူတို့က မင်းလိုမျိုး ခံ့ညားပြီး အရမ်းမိုက်တဲ့ အိုင်ဒေါမျိုးရထားတာ အရမ်းကံကောင်းတာပဲ..."

ယီဟွေ့ထံမှ ချီးကျူးခံရသည်က ရှားရှားပါးပါးဖြစ်သော်လည်း ကျိုးကျင်ဟမ့် ဘဝင်မမြင့်ရဲပေ။ သူ သတိမပေးပဲ အနားကပ်လာပြီး ယီဟွေ့၏မျက်နှာကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ပြီး နှုတ်ခမ်းများကို နမ်းလိုက်သည်။ 

ချားရဟတ်၏ ရောင်စုံအလင်းတန်းများက ရုတ်ချည်းလင်းလက်လာသည်။ တောက်ပနေသည့်အလင်းရောင်နှင့် မြေပြင်ပေါ်မှ လူအုပ်ကြီး၏ တအံ့တဩ ရေရွတ်သံများအကြားတွင် ကျိုးကျင်ဟမ့်က သူတို့နှစ်ယောက်တည်း ကြားနိုင်လောက်သည့်အသံဖြင့် ပြောလိုက်သည်ကို ယီဟွေ့ ကြားလိုက်ရသည်။

" ကိုယ့်မှာ မင်းရှိတယ်လေ... ဒါပေမဲ့ သူတို့မှာတော့ မရှိဘူး..."

ကိုယ်က ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ပါပဲ...

————

    ————

နောက်ဆုံးတော့ ဟွေ့ဟွေ့နဲ့ ဟမ့်ဟမ့်တို့ရဲ့ ချစ်စရာ ဇာတ်လမ်းလေး တကယ် အဆုံးသတ်သွားခဲ့ပါပြီရှင် ဖတ်ပေးခဲ့ကြတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်💙💙💙



Translated by...
Aoi
Little trash
Fried chicken 
Chuu
Imperial meow 💜