Extra 2
Viewers 11k



Extra 2


ညစာစားပြီး အိမ်ပြန်ရောက်လာသည့်အခါ နာရီက ညကိုးနာရီသို့ ရောက်နေပြီဖြစ်၍ အလွန် နောက်မကျသေးပေ။  ကျိုးကျင်ဟမ့်က လက်ထဲတွင် သူ့ဖုန်းကိုကိုင်ထားပြီး အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ ထို့နောက် သူ တစ်ကြိမ်မှမခေါ်ဖူးသည့် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ 

နှစ်ကြိမ်ခန့် ဖုန်းမြည်ပြီးသည့်အခါ တစ်ဖက်က ဖုန်းကိုင်လာသည်။
" ဟဲလို..."

အသံက ဖျတ်လတ်တက်ကြွဖြစ်နေ၍ မအိပ်သေးပုံရသည်။ ကျိုးကျင်ဟမ့် အနည်းငယ်စိတ်အေးသွားပြီး တလေးတစားပြောလိုက်သည်။

" ဟဲလို စီနီယာယဲ့ ကျွ‌န်တော်က ကျိုး..."

" မင်းကို မသိဘူး..."

ယဲ့ချင်းက သူ့ကိုဖြတ်ပြောပြီး ဖုန်းချလိုက်သည်။ ကျိူကျင်ဟမ့် အမြန်ပြောလိုက်ရသည်။

" ကျွန်တော် ဟွေ့ဟွေ့နဲ့ဆိုင်တဲ့အကြောင်း ဆွေးနွေးချင်လို့  ဖုန်းဆက်တာပါ..."

တစ်ဖက်လူက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားသော်လည်း နောက်ဆုံးတွင် ဖုန်းမချတော့ပေ။ 
" ပြောစရာရှိရင် မြန်မြန်ပြော..."

ကျိုးကျင်ဟမ့်က နှောင့်နှေးမနေတော့ပဲ တည့်တိုးပြောလိုက်သည်။

" ဟွေ့ဟွေ့ပြန်လာရင် ကျွန်တော်သူ့ကို လက်ထပ်ခွင့်တောင်းမလို့..."

" ဘာ... ဒီသောက်...."

ယဲ့ချင်းက ရုတ်တရက် အသံမြှင့်လိုက်သည်။
" ငါ သဘောမတူဘူး..."

ကျိုးကျင်ဟမ့်က ခပ်တောင့်တောင့်ကြီး ပြောလိုက်သည်။

" သူ သဘောတူရင် အဆင်ပြေပါတယ်..."

ယဲ့ချင်းက ဒေါသမီးတဟုန်းဟုန်းတောက်နေပြီဖြစ်သည်။ ခဏအကြာမှ သူ့ယောက်ဖဖုန်းလာကိုင်ပြီး ယဲ့ချင်းကို ချော့မော့နေ၍ ကျိုးကျင်ဟမ့် သက်သာရာရသွားသည်။ ဖုန်းကို လူပြောင်းကိုင်လိုက်ပြီးနောက် ချန်ဖေးချီ၏ အေးစက်စက်အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။ 

" မင်း သူ့ကို အနာဂတ်မှာ ဝမ်းနည်းအောင် လုပ်ဦးမှာလား..."

ကျိုးကျင်ဟမ့်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

" အဲ့လို ထပ်မဖြစ်စေရဘူးလို့ ကျွန်တော်ကတိပေးပါတယ်..."

ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွက် ချန်ဖေးချီက ပြောလိုက်သည်။

" သူ့ကို ကောင်းကောင်းဆက်ဆံပေးပါ... နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ မင်းကို လွယ်လွယ်အလွတ်မပေးတော့ဘူး..."

နောက်ဆုံးတွင် အရာအားလုံးက အဆင်ပြေချောမွေ့သွားခဲ့သည်။

ယဲ့ချင်း၏ စိတ်မပါတပါဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျိုးကျင်ဟမ့်က ယီဟွေ့ အကြိုက်များစွာကို ထပ်မံသိခဲ့ရသည်။ သူက blue fattyကိုသာမက ပီတာပန်ကိုလည်း သဘောကျပေသည်။ သူတို့ Disneyland သို့သွားသည့်နေ့က ပီတာပန်၏ကောင်းကင်စွန့်စားခန်းကိုစီးရန် သုံးကြိမ်တိတိ တန်းစီခဲ့ကြပေသည်။ 

မူလတွင် ကျိုးကျင်ဟမ့်က လက်စွပ်ကို ဒိုရေမွန်အရုပ်၏ အိတ်ကပ်ထဲ ဖွက်ထားရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။  သို့ရာတွင် ယခုအခါ ပိုကောင်းသည့်စိတ်ကူးတစ်ခု ရသွားခဲ့သည်။ ရှောင်လင်းကို ဦးထုပ်အစိမ်းရောင်ဆောင်းခိုင်းပြီး လက်စွပ်ကို အပေါ်မှ ပစ်ချခိုင်းရန် တွေးနေသည်။ 

ရှောင်လင်းက အမြင့်ကြောက်သူဖြစ်၍ ထိုအစီအစဉ်အကြောင်းကြားသည်နှင့် လောင်လျှို၏ရင်ခွင်ထဲဝင်ပြီး ငိုတော့သည်။ ကျိုးကျင်ဟမ့်က သူ သတ္တိကြောင်သည့်အတွက် ရယ်နေမိသည်။ ထိုဦးထုပ်ကို သူဆောင်းကြည့်လိုက်သည်။ မှန်ကြည့်လိုက်သည့်အခါ နိမိတ်မကောင်းဟု ခံစားလိုက်ရ၍ မည်းမှောင်နေသည့် မျက်နှာကြီးဖြင့် ဦးထုပ်ပြန်ချွတ်ထားလိုက်သည်။
( ဦးထုပ်စိမ်းဆောင်းခံရတာ ဖောက်ပြန်ခံရတယ်လို့ ဆိုလိုတာပါ )

သူက ယနေ့ညနေခင်းအတွက် မျှော်လင့်တကြီးဖြစ်နေမိသည်။ ယီဟွေ့နှင့် video callပြောရသည်မှာလည်း မလွယ်လှပေ။ ပုံရိပ်က အချိန်ကြာသည်အထိ လှုပ်ခါနေပြီး သူ့မျက်နှာကိုလည်း သေချာမမြင်ရပေ။ ငန်းများက ကင်မရာကို ငုံ့ကြည့်ပြီး လာဆိတ်ကြ၍ ရံဖန်ရံခါတွင် အတောင်ပဲအဖြူများကိုလည်း ဖျတ်ခနဲ မြင်ရသည်။ 

လူကိုသေချာ မမြင်ရသည့် ကျိုးကျင်ဟမ့်က စိတ်မရှည်တော့ပေ။

" သူတို့ကို ဖယ်လိုက်ဦး... ကိုယ် မင်းမျက်နှာကို တွေ့ချင်လို့..."

ယီဟွေ့က ပျော်ရွှင်နေပြီး သူ့ရယ်သံက မရပ်တန့်သွားပေ။ 
" ငန်းကိုတောင် ဘာလို့ သဝန်တိုနေရတာလဲ..."

သို့ဖြစ်၍ ကျိုးကျင်ဟမ့်မှာ သူ့ခေါင်းပေါ်၌ ဦးထုပ်စိမ်းကြီး လည်နေသည်ဟု တွေးလိုက်မိပြီး သူ့မျက်နှာက အကျည်းတန်လာသည်။

" ကိုယ်က ငန်းလောက်တောင် မကောင်းလို့လား..."

" ငါ သူတို့ကို မတွေ့ရတာ ကြာပြီလေ..."

ယီဟွေ့၏မျက်နှာက မျက်နှာပြင်ထက်တွင် ပေါ်မလာသေးပေ။ သူ၏ သဘောအကျဆုံးငန်းက ဖုန်းမျက်နှာပြင်ကို တည့်တည့်လာကြည့်နေ၍ နှာခေါင်းပေါက်ကြီးနှစ်ပေါက်ကိုသာ မြင်လိုက်ရသည်။ 

" ငါ အချိန်ရတုန်း သူတို့ကို အစာလာကျွေးရင် ငါ့ကို နည်းနည်းပိုပြီး မှတ်မိကြမယ်ထင်တာပဲ..."

ကျိုးကျင်ဟမ့်က ပို၍ ချဉ်တူးသွားမိသည်။ 

" သူတို့က မင်းကို မှတ်မိပါတယ်... ဒါပေမဲ့ ကိုယ် ‌မင်းကို မေ့သွားမှာရော မကြောက်ဘူးလား..."

ဤ " ခြိမ်းခြောက်မှု" ကြောင့် အနည်းငယ်ကြောက်လန့်သွားပုံရသည့် ယီဟွေ့က ဖုန်းမျက်နှာပြင်ကို သူ့ဘက်လှည့်လိုက်ပြီး ကျိုးကျင်ဟမ့်ကို အသည်းအသန်ကြည့်လာသည်။ 

ကျိုးကျင်ဟမ့်က ပြောလိုက်ပြီးမှ နောင်တရသွားပုံပေါ်သည်။ သူ အရေးမပါသည့်အရာများ ပြောမိသည်ဟု တောင်းပန်မည်အပြုတွင် ယီဟွေ့က ကင်မရာကိုကြည့်ပြီး ရုတ်တရက် ရယ်လိုက်သည်။

" မမေ့ပါဘူး..."

ကျိုးကျင်ဟမ့်က သူ့အပြုံးမျက်နှာကို မြင်သည့်အခါ အနည်းငယ် ထိတ်လန့်သွားသည်။

" ဘ... ဘာလို့လဲ..."

ကြောက်လန့်တကြား တုန်နေတတ်သည့် အရူးလေူက ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ယုံကြည်ချက်ရှိသည့် လူငယ်လေးတစ်ယောက်သာ ရှိနေတော့သည်။ 

ယီဟွေ့က ပိုမိုတောက်ပစွာ ပြုံးလိုက်သည်။ 
" မင်း ငါ့ကို မမေ့ပါဘူး..."

အကြွေးဟူသည်က အနှေးနှင့်အမြန် ပေးဆပ်ရသည့်အရာမျိုးဖြစ်သည်။ ကျိုးကျင်ဟမ့်က ယီဟွေ့ဆိုသည့်အရူးလေးကို သေဆုံးသည်အထိ ဝါးမျိုခဲ့သည့်အချိန် ရှိသကဲ့သို့ ယခုအခါတွင် လူလည်လေးယီဟွေ့က သူ့ကို တစ်ဖန်ပြန်လည်ဝါးမျိုတော့မည်ဖြစ်သည်။ အချိန်များက ပြောင်းလဲသွားပြီဟု တွေးကာ သက်ပြင်းချလိုက်မိပြီး ကျိုးကျင်ဟမ့် မည်သည့်စကားပြောရမည်ပင် မသိတော့ချေ။ 

" မနက်ဖြန် ပြန်လာမှာလား " ဟူသည်ကိုပင်သူ မမေးနိုင်တော့ပေ။ သူ့ကို လွတ်လပ်မှုပေးထားပြီး သူနှစ်သက်သူများနှင့် နေရာအနှံ့သို့သွားကာ အချိန်ဖြုန်းခွင့် ပေးထားတော့မည်ဖြစ်သည်။ ဘေးမှလူများကို အမိန့်ပေးတတ်သည့် မကောင်းသောအကျင့်ကို ပယ်ဖျောက်ရန်အတွက် ကျိုးကျင်ဟမ့်က အနည်းငယ်သည်းခံလိုက်မည်ဟု တွေးထားတော့သည်။ 

အမှန်တွင် အကြောင်းပြချက်က နောက်တစ်ခု ရှိနေသေးသည်။ မနက်ဖြန်က သူ့မွေးနေ့ဖြစ်သည်။ လွန်ခဲ့သည့်တစ်လခန့်က သူကြောက်လန့်နေခဲ့သော်လည်း လဝက်ခန့်အလိုက စတင်ပြီး မွေးနေ့ကို မျှော်လင့်နေမိသည်။ ကျိုးကျင်ဟမ့်က သူ့ရင်ထဲမှ မျှော်လင့်ချက်မီးတောက်လေးကို ငြှိမ်းသတ်လိုက်ပြီး " ဟွေ့ဟွေ့က မပျော်လို့ အိမ်မှာမနေတာ မဟုတ်ဘူး " ဟူ၍ သူ့ကိုယ်သူ ဦးနှောက်ဆေးထားလိုက်သည်။ ထို့အပြင် သူ့ဘဝတွင် မွေးနေ့ပွဲများ ထပ်မကျင်းပတော့ရန် ပြင်ဆင်ထားလိုက်သည်။ 

ဦးနှောက်ဆေးလိုက်ခြင်းက အလုပ်ဖြစ်ပုံရသည်။ ဩဂုတ်လ ၂၁ရက်နေ့ သူ့မွေးနေ့တွင် ကျိုးကျင်ဟမ့်က မနက်စောစောအိပ်ရာထပြီး စားသောက်ဆိုင်ကို သွားရောက်စစ်ဆေးသည်။ 

စားသောက်ဆိုင်ကို ပြောင်းလဲပြီး ပြန်လည်အလှဆင်ထားလိုက်သည့်အတွက် စားသုံးသူပိုများပြီး ရောင်းအားလည်း တက်လာသည်ဟု မန်နေဂျာက သူ့ကိုသတင်းပို့လာသည်။ ကျိုးကျင်ဟမ့်က ယီဟွေ့ကို ထိုအကြောင်း ပြောပြလိုသော်လည်း လက်ထပ်ခွင့်တောင်းရန် စီစဉ်ထားသည်က ပေါ်သွားမည်ကို ကြောက်နေမိသည်။ သို့ဖြစ်၍ မက်ဆေ့တစ်စောင်သာ မရှင်းမလင်းပို့လိုက်သည်။
( ပြန်လာရင် ငွေတွေရေနေဖို့သာ တွေးထားလိုက်တော့ )

ယီဟွေ့ ထိတ်လန့်သွားသည်။
( ဆိုင်ကို ရောင်းစားပစ်လိုက်တာလား )

ကျိုးကျင်ဟမ့် :……

ကျိုးကျင်ဟမ့်က သူ့ကလည်လည်ဝယ်ဝယ်ရှိလာပြီဟု ချီးကျူးခဲ့မိသည်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက တုံးအနေဆဲဖြစ်သည်။ လူတစ်ယောက်က သူ့ကို ရောင်းလိုက်သည်ဆိုပါကလည်း ငွေပင် ကူရေပေးနေမည့်လူမျိုး ဖြစ်သည်။ 

ယနေ့တွင် အရူးလေးက မည်သည့်အကြံများ ထုတ်နေကြောင်းကို သူ မသိပေ။ သူ့ဖုန်းကို မကိုင်သည့်အပြင် မက်ဆေ့ နှစ်စောင် သုံးစောင်ကိုသာ ပြန်ဖြေပေသည်။ 

ကျိုးကျင်ဟမ့် စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရှု့ပြီး အိမ်ပြန်လာသည့်အခါ သူ့ကို ပရိသတ်များက ပြုလုပ်ပေးသည့် အင်တာနက်ပေါ်မှ မွေးနေ့ဆုတောင်းဗီဒီယိုများကိုကြည့်ပြီး တစ်ခုချင်းကိုlikeနေသည်။ သူက မွေးနေ့ကို သိုသိုသိပ်သိပ်ဖြင့်သာ ဖြတ်သန်းလိုခြင်းဖြစ်သည်။ သို့ရာတွင် hot searchပေါ် ရောက်သွားသည့်အပြင် သတင်းခေါင်းစဉ်ကလည်း အလွန် ထူးဆန်းနေပေသည်။
{ ကျိုးကျင်ဟမ့်က ဘာဇာတ်လမ်းတွဲမှ ရိုက်စရာမရှိလို့ အိမ်မှာပဲနေပြီး ဟင်းချက်တဲ့ ဗီဒီယိုတွေကို like နေရတယ် }

မကြာသေးမီက ရုပ်ရှင်တစ်ကားရိုက်ပြီးသွားသော ကျိုးကျင်ဟမ့်က ထိုသတင်းများကိုကြည့်ပြီး ပြုံးလိုက်မိကာ မီဒီယာများက သူ့ကို အမြဲမပြတ် စောင့်ကြည့်နေပုံရသည်ဟု တွေးလိုက်မိသည်။ 

သို့ရာတွင် အထီးမကျန်သည်ဟု ပြောလျှင်လည်း လိမ်ရာကျပေမည်။ မည်သို့ပင်ဖြစ်စေ သူ၏ ၁၂ရာသီခွင် မွေးနှစ်ကို ဒုတိယအကြိမ် ပြန်ရောက်စဉ် (အသက် ၂၄နှစ်ပြည့်ချိန် )၌ သူ့ဇနီးက တောင်ပိုင်းမှ မြို့တစ်မြို့တွင်ရောက်နေပြီး သူ့ကိုhappy birthday ဟုပင် ဆုမတောင်းပေးချေ။ နေ့လယ်စာစားပြီးသည့်အခါ ကျိုးကျင်ဟမ့်က အိပ်ရာပေါ်တွင် တစ်ရေးတစ်မောအိပ်နေလိုက်သည်။ သူ့အိမ်မက်ထဲတွင် ယီဟွေ့ပြုလုပ်ပေးထားသည့် မွေးနေ့ကိတ်များဖြင့် ပြည့်နေသည်။ 

အတိတ်တွင်မူ ခရင်မ်ကိတ်များစွာ ရှိခဲ့သော်လည်း သူ မစားခဲ့ပေ။ ယခု သူ အရူးတစ်ပိုင်းစားချင်နေချိန်၌ ကိတ်မုန့်တစ်လုံးမှ မရှိတော့ပေ။

ညနေခင်း ပြန်နိုးလာချိန်တွင်မူ သူ့ဖုန်းကို ကျန်းယီမန့်က စာ‌ပို့ထားသည်အား မြင်လိုက်ရသည်။
" အစ်ကိုကြီး ပြန်လာနေပြီနော်... ၁၂ရာသီခွင်မွေးနှစ်ကို ပြန်ရောက်သွားပြီဆိုတော့ အစ်ကို့ကို တစ်ယောက်ယောက်က အတွင်းခံအနီရောင်ဝတ်ဖို့ ပို့ပေးထားသေးလား..."

ကျိုးကျင်ဟမ့် မြင်သည့်အခါ ဒေါသထွက်သွားရသည်။
" ဘယ်သူမှ မပို့ဘူး... ကိုယ့်ဘာသာ ဝယ်ဝတ်မှာပေါ့..."
(T/N - ကိုယ့်ရဲ့ ၁၂ရာငီခွင်မွေးနှစ်ကို ပြန်ရောက်လာတဲ့အချိန်မှာ အနီရောင်ဝတ်တာက တစ်နှစ်လုံး ကံကောင်းစေပါတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ် ၊ အနီရောင်ခါးပတ်၊ ခြေအိတ်၊ ဖိနပ် ဒါမှမဟုတ် အင်္ကျီတွေ ဝတ်လို့ရပေမယ့် အနီရောင်အတွင်းခံဝတ်ဖို့ အကြံပြုကြတာများပါတယ် )

သူ အတွင်းခံသွားဝယ်မည်ဟု ပြောလိုက်မိသည်ဖြစ်ရာ မဖြစ်မနေ သွားဝယ်ရတော့မည်ဖြစ်၍ အဝတ်အစားလဲပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။ ယီဟွေ့ မရှိချိန်ဖြစ်၍ သူ သားသားနားနား ဝတ်စားချင်စိတ်လည်း မရှိတော့ပေ။ သို့ဖြစ်၍ တီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်သာဝတ်ပြီး အပြင်ထွက်သွားလိုက်သည်။

သူ မက်စ်တပ်လိုက်ချိန်တွင် အပြင်ဘက်မှ လှုပ်လှုပ်ရှားရှားအသံကို ကြားလိုက်ရသည်။ ဟင်းချက်ပစ္စည်းများ သွားဝယ်သည့်အန်တီ ပြန်ရောက်လာပြီဟု ထင်လိုက်၍ အောက်ထပ်သို့ ဆင်းလာချိန်တွင် လှမ်းပြောလိုက်သည်။ 

" အန်တီ ကျွန်တော် တစ်ယောက်တည်းရှိတာ ညစာ နည်းနည်းပဲချက်လို့ရတယ်..."

ကော်ဖီစားပွဲနားတွင် ဆောင့်ကြောင့်ထိုင်ပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်များ စိုက်နေသည့်လူကို မြင်သည့်အခါ သူ အံ့အားသင့်သွားမိသည်။ 

ယီဟွေ့က ဖယောင်းတိုင်များကိုစိုက်ပြီးနောက် နှစ်ကြိမ်တိတိ ရေတွက်လိုက်ကာ ၂၄ချောင်းပြည့်သည် သေချာမှ မတ်တပ်ရပ်လာပြီး ကျိုးကျင်ဟမ့်ကို လက်ယပ်ခေါ်လိုက်သည်။

" အဲ့မှာ ဘာရပ်လုပ်နေတာလဲ ဒီကိုလာလေ..."

ကျိုးကျင်ဟမ့်က စက်ရုပ်တစ်ရုပ်သဖွယ် တောင့်တောင့်ကြီးလျှောက်လာပြီး ကိုယ်တိုင်ပြုလုပ်ထားကြောင်း သိသာနေသည့် ကိတ်မုန့်ကို ခဏကြည့်နေပြီးမှ ယီဟွေ့ကို ကြည့်လိုက်သည်။ 

" ဘာလို့ ပြန်လာတာလဲ..."

ယီဟွေ့က နှုတ်ခမ်းများ တွန့်ကွေးကာ ပြောလိုက်သည်။ 

" ငါ့ကို ပြန်မလာစေချင်ဘူးလား..."

" မဟုတ်ပါဘူး..."

ကျိုးကျင်ဟမ့် အသည်းအသန် ငြင်းဆိုလိုက်သည်။
" ကိုယ် မထင်ထားမိလို့ပါ..."

ယီဟွေ့က ဆေးလိပ်ပြာခွက်ဘေးမှ မီးခြစ်ကိုယူပြီး ‌ဖယောင်းတိုင်မီးညှိနေစဉ် ပြောလိုက်သည်။

" မင်း ဆေးလိပ်လျှော့သောက်ပြီး ငါ့ကို လိမ်ပြောတာတွေလည်း လျော့သွားဖို့ ဆုတောင်းရမယ်..."

ကျိုးကျင်ဟမ့်က သူ့ဘေးတွင်ရပ်နေပြီး သူပြောသမျှကို နားထောင်နေသည်။ သူ လိပ်ပြာမလုံ ဖြစ်မိသွား၍ ပြန်လည် ခွန်းတုံ့မပြန်လိုက်ပေ။ 

နောက်ဆုံးဖယောင်းတိုင်ကို မီးညှိပြီးသွားသည့်အခါ ယီဟွေ့၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲခံလိုက်ရသည်။ 

" ငါ ဖယောင်းတိုင်ထွန်းလို့ မပြီးသေးဘူး ဟေး..."

ယီဟွေ့ အလန့်တကြားအော်ဟစ်နေစဉ် ကျိုးကျင်ဟမ့်က သူ့ကို ရင်ခွင်ထဲဆွဲဖက်ထားပြီး ခေါင်းအနည်းငယ်ငုံ့ကာ ယီဟွေ့ပခုံးပေါ် မေးတင်ထားလိုက်ပြီး နားနားကပ်ပြောလိုက်သည်။

" ယောက်ျားက မင်းကို ဖက်ဖက်ထားပါရစေဦး..."

ပုံမှန်အချိန်တွင်မူ ကျိုးကျင်ဟမ့်က စကားလုံးများကိုထပ်အောင်သုံးသည့် သူ့အကျင့်ကို စနောက်နေသည်ဟု ယီဟွေ့ ထင်လိုက်မိမည်ဖြစ်သော်လည်း ယခုချိန်တွင်မူ ထိုသို့မတွေးမိတော့ပေ။ 

ကျိုးကျင်ဟမ့်၏အသံက တိမ်ဝင်သွားပြီး ဖက်ထားသည်ကလည်း အလွန်တင်းကြပ်လွန်းနေသည်။ ယီဟွေ့ အသက်ရှုရခက်လာသော်လည်း ရုန်းကန်ခြင်းမရှိပဲ ဤပုံစံအတိုင်း ကြာကြာ ထွေးပွေ့ထားခံချင်လာသည်။ 

ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် သုံးရက်လောက် မတွေ့လိုက်ရတော့ ခံစားချက်တွေကရေစီးလို လျှံကျလာပုံပဲ...

ကျိုးကျင်ဟမ့် မျက်လုံးမှိတ်ထားပြီး အသက်ပြင်းပြင်းရှုထုတ်လိုက်ကာ သူ၏ပျော်ရွှင်မှု၊ စိုးရိမ်မှုများက စိတ်အေးမှုအဖြစ် ပျော်ကျသွားသည်။ 

လွန်ခဲ့သည့်တစ်နှစ် ဤရက်တွင် သူက သေဒဏ်ကျခံရသည့်လူသဖွယ် ဖွယ်ဖြစ်ခဲ့သည်။ တစ်နှစ်ကြာသည့် အချိန်တိုအတွင်းတွင် သူ့ကို တရားစီရင်ချက်ချခဲ့သူကိုယ်တိုင်က လွတ်မြောက်ခွင့်ပေးခဲ့လိမ့်မည်ဟု သူ မည်သို့သောအခါကမှ အိမ်မက်မမက်ခဲ့မိပေ။ 

" ကိုယ် မင်းကို မလိမ်တော့ပါဘူး..."
ကျိုးကျင်ဟမ့်က တစ်ဖက်ကိုလှည့်လာပြီး ယီဟွေ့၏ နှဖူးပြင်မှ နူးညံ့သောဆံနွယ်လေးကို အနမ်းခြွေလိုက်သည်။ 

" ကိုယ် မင်းကို ဘယ်တော့မှ မလိမ်တော့ပါဘူး..."



Xxxxxx