Flying Ash Extra 1
ကျိုးကျင်ဟမ့်က ယီဟွေ့ကို မမေ့နိုင်ဖွယ်ရာ လက်ထပ်ခွင့်တောင်းမှုတစ်ခု ပြုလုပ်ပေးချင်နေသည်။
ယီဟွေ့ သူ့ကို တစ်ခါက ပေးခဲ့သည့် မမေ့နိုင်ဖွယ်ရာမျိုး မဟုတ်ပဲ ပျော်ရွှင်မှု၊ လှပမှုများဖြင့်ပြည့်နေသည့် မမေ့နိုင်ဖွယ်ရာ အမှတ်တရမျိုးဖြစ်သည်။ သူ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်လွန်း၍ သတိရတိုင်း ငိုချင်လာပြီး ကျိုးကျင်ဟမ့်၏ရင်ခွင်ထဲဝင်ကာ အငိုမျက်လုံးဖြင့် သူ့ကို ပြုံးလျက်ကြည့်နေမည့်ပုံစံကို စိတ်ကူးယဉ်နေမိသည်။
သူက အတွေ့အကြုံမရှိသူဖြစ်၍ အနားမှလူများကို ပြောပြလိုက်ပြီး သူတို့က အကြံဉာဏ်အချို့ပေးနိုင်မည်ဟု မျှော်လင့်မိလိုက်သည်။
ရှောင်လင်းက အလျင်မြန်ဆုံးတုံ့ပြန်လိုက်ပြီး မတ်တပ်ရပ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
" ဒါဆိုရင် ငါ ပြည်သူ့ဆက်ဆံရေးဌာနကိုသွားပြီး အဆင်သင့် ပြင်ခိုင်းလိုက်ဦးမယ်..."
ကျိုးကျင်ဟမ့်က သူ့အင်္ကျီကော်လံကို ဆွဲထားလိုက်သည်။
" အခုနောက်ပိုင်း ပြည်သူ့ဆက်ဆံရေးဌာနကို ခဏခဏသွားတယ်နော်... အဲ့က ကောင်မလေးတစ်ယောက်ယောက်နဲ့ အဆင်ပြေနေတာများလား..."
ဟာသတစ်ခုသာဖြစ်သော်လည်း ရှောင်လင်းက ရှက်သွားပြီး ခေါင်းကုတ်ကာ ပြောလိုက်သည်။
" မပြေသေးပါဘူး... ငါသူ့ကို လိုက်နေတုန်းပဲ သူကတော့ ခုထိ သဘောမတူသေးဘူး..."
သူက ပြည်သူ့ဆက်ဆံရေးဌာန၏ ဒုတိယအကြီးဆုံးဖြစ်သည့် မစ္စလျှို့ကိုပြောခြင်းဖြစ်သည်။ သူမက ကျောင်းပြီးချိန်တည်းက ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။ သူမက ကျိုးကျင်ဟမ့်၏ ဂယက်ရိုက်စေသည့် ကိစ္စများစွာကို ကိုင်တွယ်နိုင်ခဲ့သူဖြစ်၍ ကျိုးကျင်ဟမ့်ကပင် သူ့ကို လောင်လျှိုဟု ခေါ်သည်။ လောင်လျှိုက ရှောင်လင်းအတွက် သင့်တော်သည်ဟု တွေးလိုက်မိသည်။
" ဒါဆိုရင် စိတ်ကူးယဉ်ကြည့်ပါဦး... တကယ်လို့ လောင်လျှိုကို လက်ထပ်ခွင့်တောင်းမယ်ဆိုရင် ဘာတွေ ပြင်ဆင်မလဲ..."
ကျိုးကျင်ဟမ့်က ရှောင်လင်းကိုမေးလိုက်သည်။
ရှောင်လင်းက ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး အလေးအနက် တွေးနေသည်။ သူက လက်ထပ်ခွင့်တောင်းရမည့်အဆင့်နှင့် ဝေးကွာလွန်းနေသေး၍ ထိုကိစ္စကို အချိန်အတန်ကြာသည်အထိ တွေးမရဖြစ်နေသည်။
ဘေးနားမှ အေးဂျင့်က ရှောင်လင်းကို ပြောလိုက်သည်။
" မတွေးနေပါနဲ့တော့ မင်းဘာပြောပြော သူက အဲ့နည်းလမ်းကို သုံးမှာ မဟုတ်ဘူး... သူ မနေ့တုန်းကလည်း တစ်နေ့လည်ခင်းလုံး ငါ့ကိုကပ်ပြီး မေးနေတာပဲ... ငါက ပြန်ပေးဆွဲဖို့ စီစဉ်ခိုင်းလိုက်ပြီးတော့ ပြန်ပေးဆွဲခံနေရတုန်းမှာ လက်ထပ်ခွင့်တောင်းပါလားလို့ အရမ်းပြောင်မြောက်တဲ့စိတ်ကူးကို ပြောပြလိုက်တာကို သူက တီထွင်ဖန်တီးမှုမရှိဘူးလို့ ပြောတယ်လေ..."
ထို့နောက် သူက ကျိုးကျင်ဟမ့်၏ပခုံးကိုပုတ်လိုက်သည်။
" မင်း ရှောင်လင်းကို ဒီမှာ ခဏအိပ်ခိုင်းလိုက်ပါလား... အရင်က ဘယ်သူမှ မတွေးဖူးတဲ့ စိတ်ကူးကောင်းတစ်ခုကို အိမ်မက်မက်ရင် မက်မိမှာပေါ့..."
ကျိုးကျင်ဟမ့်က အသံတိုးတိုးဖြင့် သရော်လိုက်သည့်အခါ အေးဂျင့်က တစ်ခုခုကို တွေးမိသွားပြီးပြုံးလိုက်သည်။
" မင်း ပြောကြည့်ဦးလေ ငါတို့ထဲက ဘယ်သူကများ မင်းနဲ့ အခြေအနေချင်း တူလို့လဲ... ငါတို့ အနေအထားချင်းက မတူတော့ ငါတို့အကြံပေးရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး..."
ကျိုးကျင်ဟမ့်က ကြံရာမရဖြစ်သွားသော်လည်း ထိုအေးဂျင့်ပြောသည်က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရ၍ အသက်မဲ့နေသည့် မျက်နှာကြီးဖြင့် ပြောလိုက်သည်။
" မင်းတို့တွေများ ကူညီချင်မလားလို့ မေးကြည့်တာလေ..."
" အနေအထားချင်း မတူဘူးလို့ ဘယ်သူပြောလဲ..."
ရှောင်လင်းက သဘောမတူပေ။
" ပစ်မှတ်တွေက ငါတို့ထက် အသက်ကြီးတဲ့သူတွေလေ... အဲ့တော့ လှုပ်ရှားရခက်တယ်... အဲ့တော့ အနေအထားချင်း တူနေတာပဲလေ..."
ရှောင်လင်းက ထိုသို့ထောက်ပြလိုက်သည့်အခါမှသာ ကျိုးကျင်ဟမ့်က နောက်ဆုံးတွင် တွေးမိသွားသည်။
အတိတ်တွင်မူ ယီဟွေ့က ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက်အသက်ကြီးသော်လည်း စိတ်က ကလေးစိတ်သာဖြစ်သည်။သူက မိသားစုခေါင်းဆောင်ဖြစ်သောကြောင့် သူ့မျက်နှာနှင့် အဆင့်အတန်းတွင်လည်း ယုံကြည်ချက် ရှိပေသည်။ သို့သော် ယခုချိန်၌ ကွာခြားသွားပြီဖြစ်သည်။ ယီဟွေ့က ပိုပြီးထက်မြက်လာကာ ရင့်ကျက်သူတစ်ယောက်ကဲ့သို့ ဉာဏ်ရှိရှိ တွေးခေါ်တတ်လာသည်။ အနည်းငယ် ချော့လိုက်ရုံဖြင့် ကိစ္စအားလုံးကို ရောထွေးပြီး ခွင့်လွှတ်လိုက်မည့်သူ မဟုတ်တော့သကဲ့သို့ မိသားစု အရေးကိစ္စများတွင်လည်း တာဝန်ယူရသူ မဟုတ်တော့ပေ။
တောင်တစ်လုံးပေါ်တွင် ကျားနှစ်ကောင်မနေနိုင်ဟူသည့် ဆိုရိုးစကားကဲ့သို့ ကျိုးကျင်ဟမ့်မှာလည်း ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံးသွားသည်ဟုတွေးနေမိသည်။
ဤစိုးရိမ်ပူပန်မှုက အဆုံးမဲ့ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရသော် ကျိုးကျင်ဟမ့်က ရုပ်ရှင်ရိုက်ကူးရေးပြီးသွားသည့်အခါ လဝက်ခန့် အားလပ်ရက်ရခဲ့သည်။ သူက ယီဟွေ့အနားတွင်သာ မနက်မှ ညအထိ ကပ်နေမည်ဟု မူလက တွေးထားခဲ့ခြင်းဖြစ်သည်။ အကယ်၍အပြင်မထွက်လိုပါက အိမ်တွင် ဂိမ်းအတူတူ ကစားနိုင်ပေသည်။ အကယ်၍ အိမ်တွင်ကြာကြာနေရပါက လက်ထပ်ခွင့်တောင်းရန်အတွက် နေရာကိုလည်း ရှာဖွေနိုင်သေးပေသည်။
သူ၏ တွက်ချက်မှုများက အဆင်ပြေနေခဲ့သော်လည်း မမျှော်လင့်ထားသည်မှာ သူ့အားလပ်ရက် ပထမဆုံးနေ့တွင် အိပ်ရာနိုးလာချိန်၌ ယီဟွေ့ကို မတွေ့ပေ။ ဧည့်ခန်းထဲမှ စားပွဲပေါ်တွင် မှတ်စုစာအုပ်တစ်ခုပ် ချန်ထားရစ်ခဲ့သည်။
" မရီးနဲ့ငါနဲ့ Disneyland သွားတယ် ... ညနေကျရင် ကိုယ့်ဘာသာကိုယ် ညနေစာစားနှင့်လိုက်နော်..."
ကျိုးကျင်ဟမ့်လည်း လိုက်သွားချင်ပေသည်။ အဝတ်အစားလဲပြီး တံခါးဝနား ရောက်ခါနီးမှသာ သူ၏မရီး၊ showbizတွင် သူ၏စီနီယာဖြစ်သူက သူ့ကိုမြင်ချိန်တိုင်း သဘောမကျသည့်ပုံပေါ်သည်ကို မှတ်မိသွားသည်။ သူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး အားကစားဖိနပ်က်ို ကန်ထုတ်ကာ ခြေညှပ်ဖိနပ်ပြန်စီးပြီး အိမ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။
ယီဟွေ့ အပြင်သို့ အလည်အပတ်သွားသည်ကလည်း ရှားရှားပါးပါးဖြစ်သည်။ အတိတ်တွင်လည်း ကျိုးကျင်ဟမ့်က သူ့ကို အမြဲတမ်းအပြင်မခေါ်သွားခဲ့ပေ။ ယခုမှ ဘာမှမဟုတ်သကဲ့သို့ သူတို့နောကလိုက်သွားရမည်မှာလည်း မျက်နှာပြောင်နေသည်နှင့်တူသည်။
ထို့အပြင် ယီဟွေ့ကလည်း သူ့ကိုမခေါ်သွားပေ။ အတိတ်က ဖြစ်ရပ်များကြောင့် သူ့စိတ်ထဲ မပျော်မရွှင်ဖြစ်နေပုံရသည်။
ကူကယ်ရာမဲ့ခြင်း၊ စိတ်ထဲ စနိုးစနောင့်ဖြစ်နေခြင်း၊ ခေါင်းရှုပ်နေခြင်းနှင့် စိတ်ဓာတ်ကျမှုများကြောင့် ကျိုးကျင်ဟမ့်က နာခံစွာဖြင့် အိမ်တွင်နေပြီး ယီဟွေ့ပြန်လာသည်ကို စောင့်ဆိုင်းနေသည်။ သူ အလွန် စိုးရိမ်နေ၍ ဆေးလိပ်နှစ်လိပ်ပင် သောက်မိသွားသည်။ နေ့လည်စာစားချိန်၍ စီးကရက်ဖင်ဆီခံများ၏ပုံကို သူ ယီဟွေ့ထံ ပို့လိုက်ပြီးသည့်နောက်တွင် ယီဟွေ့ ထခုန်မတတ်ဖြစ်သွားပြီး "လျှော့သောက်" ဟူသည့် စကားလုံးနှစ်လုံးသာ ပြန်ပို့လိုက်သည်။
ယီဟွေ့ကို သူပြန်လည်ပိုင်ဆိုင်ခဲ့ပြီး ယီဟွေ့ကလည်း သူ့ဘေးတွင်ကပ်တွယ်မနေတော့ပဲ သူ့ဘဝနှင့်သူ နေထိုင်ခြင်းက ကောင်းမွန်သည်ကို သူသိသည်။ သို့သော်လည်း ကျိုးကျင်ဟမ့်က ထပ်ခါထပ်ခါ လျစ်လျူရှု့ခံနေရသည့် အနေအထားကြောင့် သူ့နေရာက အာမခံမှုမရှိဟု ခံစားနေရသည်။
ဖုန်းကို ပြန်ချထားလိုက်ပြီး စီးကရက်နောက်တစ်လိပ် ထပ်သောက်လိုက်သည်။ အန်တီ မီးဖိုချောင်ထဲမှ ထွက်လာချိန်၌ ပြတင်းပေါက်အပြင်ဘက်သို့ ဆေးလိပ်ငွေ့များ မှုတ်ထုတ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့ကို ပစ်ထားခံခဲ့ရသည့် ကလေးတစ်ယောက်သဖွယ်ကြည့်ပြီး ရယ်နေသည်။
သူ့ဇနီးက သူ့ကိုအိမ်မှာထားခဲ့ပြီး အပြင်ထွက်သွားတာဆိုတော့ ထားခဲ့ခံခဲ့ရတဲ့ ယောက်ျားပေါ့လေ...
သူ စောင့်ပြီးရင်း စောင့်ဆိုင်းနေခဲ့ပြီး မိုးချုပ်မှ ယီဟွေ့ပြန်လာမည်ဟု ခန့်မှန်းနေမိသည်။ ကျိုးကျင်ဟမ့်က ယီဟွေ့အကြိုက်ဆုံးမုန့်နှင့် ခြောက်ပေါင်ခန့်ရှိသည့် ဖရဲသီးကြီးကိုပါ ကိုယ်တိုင်ကားမောင်းပြီး သွားဝယ်ထားသည်။
ယမန်နေ့ညက ယီဟွေ့ သူ့ရင်ခွင်ထဲအိပ်နေစဉ် ဖရဲသီးစားချင်သည်ဟု ဝိုးတဝါးပြောသည်ကို ကြားလိုက်မိသည်။ ကျိုးကျင်ဟမ့်က မှတ်ထားပြီး တစ်ရက်ပင် မနှောင့်နှေးရဲပဲ သွားဝယ်လိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ ဓားနှင့် ဇွန်းများယူထားပြီး သူ့ဇနီးပြန်လာပါက အသီးခွဲပေးမည်ကို စောင့်နေမိသည်။ အကယ်၍ ယီဟွေ့အလိုရှိပါက သူ့ကိုတစ်ဇွန်းချင်းပင် ခွံ့ကျွေးနိုင်ပေသည်။
အန်တီက သူ့ကိုကြည့်ပြီး ရယ်နေသည်။
" မစ္စတာကျိုးက မစ္စတာယီကို တော်တော်လေး အလိုလိုက်တာပဲ..."
ကျိုးကျင်ဟမ့်ပြုံးမိသွားသော်လည်း သူ့စိတ်ထဲ ရှက်မနေပေ။
သူ့ကလေးလေးက ကိစ္စပေါင်းများစွာကို ကြုံတွေ့ခံစားခဲ့ရ၍ သူ့လက်ထဲတွင် အလိုလိုက်ခံရရန် ထိုက်တန်ပေသည်။ ၎င်းက အလွန်အကျွံအဖြစ်သည်းနေခြင်းလည်း မဟုတ်ပေ။
အိုးထဲတွင် စွပ်ပြုတ်ချိုချိုလေးကို မီးမျှင်းမျှင်းဖြင့် တည်ထားပြီး ဖရဲသီးကို ရေခဲသေတ္တာထဲထည့်ကာ အားလုံး အဆင်သင့်ပြင်ထားသည်။ ယီဟွေ့က သူ့ဇာတိမြို့သို့ပြန်မည်ဖြစ်ပြီး လေဆိပ်သို့သွားနေပြီဟု ဖုန်းဆက်လာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
ကျိုးကျင်ဟမ့် ချက်ချင်း ခေါင်းနပမ်းကြီးသွားသည်။
" မင်းမနက်တည်းက သွားဖို့စီစဉ်ထားပြီး အခုမှ ကိုယ့်ကို ပြောပြတာလား..."
" မဟုတ်ပါဘူး အခုမှ ဆုံးဖြတ်လိုက်တာ... ယီမန့်က ကျောင်းတက်ရတော့မှာဆိုတော့ ငါ သူ့ဖို့ အထုပ်အပိုးတွေ ပြင်ပေးမလို့လေ..."
ယီဟွေ့က ဖုန်းထဲမှ ပြောလိုက်သည်။
ကျိုးကျင်ဟမ့် အံကြိတ်ထားလုနီးပါး ဖြစ်သွားသည်။
" သူက အရွယ်ရောက်နေပြီပဲ သူ့ဘာသာ အထုပ်မပြင်တတ်ဘူးလား... မင်း သူ့ဆီပြန်သွားဖို့အထိ လိုလို့လား..."
" မင်းလည်း လူကြီးပဲလေ အထုပ်အပိုး ဘယ်လိုပြင်ရမလဲ မသိဘူးမလား... မင်း ရုပ်ရှင်ရိုက်ဖို့သွားမယ်ဆိုရင်ရော ငါ ဘယ်တုန်းကများ အထုပ်မပြင်ပေးလို့လဲ..."
အန်တီ ဘေးနားတွင်ရှိနေသောကြောင့် ကျိုးကျင်ဟမ့်က " ကိုယ်က တမင်လုပ်တာလေ " ဟု ပြောရမည်ကို ရှက်နေသည်။ ဖုန်းကိုပစ်ပေါက်ပြီး ထွက်ပြေးချိန်စိတ်ကို ထိန်းချုပ်ထားကာ မနည်းအားတင်းထားပြီး ပြောလိုက်သည်။
" ဒါဆိုလည်း မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်..."
ကျန်းယီမန့်က ဇူလိုင်လဆန်းပိုင်းတွင် မြို့တော်ရှိ တက္ကသိုလ်တစ်ခုမှ ဝင်ခွင့်စာတစ်စောင် ရရှိခဲ့ပြီး ကျောင်းကလည်း စက်တင်ဘာလတွင် စဖွင့်မည်ဖြစ်သည်။
ယခုချိန်က ဩဂုတ်လယ်ဖြစ်၍ အပူချိန်က တဖြည်းဖြည်းတက်နေချိန်ဖြစ်သည်။ ရှောင်ဟွေ့ရှားက လက်ချောင်းနှစ်ချောင်းကို ဆေးခြယ်ထားပြီး ဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည့်အခါ သူ့လက်ချောင်းများ၏ လှပမှုကြောင့် လူအများက ဆွဲဆောင်ခံလိုက်ရပြီး မရေမတွက်နိုင်သည့် commentsများ လာရေးကြသည်။
ဒိုရာဟမ်ဟမ်ဟူသည့် အကောင့်တစ်ခုတည်းကသာ အခြားလူများနှင့်မတူပဲ သူ့ comments က ချဉ်တူးပြီး သဝန်တိုနေသည့်ပုံဖြစ်နေသည်။
သတိထားဦး ပြန်ဆေးလို့မရပဲဖြစ်နေဦးမယ်...
ရှောင်ဟွေ့ရှားက တမင်တကာ ကြောက်လန့်တကြားပုံစံဖြင့် ပြန်ဖြေသည်။
တကယ်ကြီး ဆေးလို့မရဘူးလား [ ဒိုရေမွန် တအံ့တဩဖြစ်နေသည့် စတေကာ ]
ဒိုရာဟမ်ဟမ်က ပြန်ဖြေလိုက်သည်။
အိမ်ပြန်လာရင်တော့ ပြန်ဆေးလို့ရတယ်...
ရှောင်ဟွေ့ရှား : ငါအခု အိမ်မှာလေ [ ဒိုရေမွန်ပြုံးနေသည့် စတေကာ ]
ထိုအိမ်က ကွဲပြားသည့်အိမ်တစ်အိမ်ဖြစ်သည်။ ဝေးကွာလှသော အက်စ်မြို့တွင်ရှိနေသည့် ကျိုးကျင်ဟမ့်က သူ့ကို ရုတ်တရက်ပြန်ခေါ်ရန် အကြောင်းပြချက် ရှာမရဖြစ်နေသည်။ သူ ဝေ့ပေါ်ထဲမှ ပြန်ထွက်လိုက်ပြီး တောင်ပိုင်းသို့သွားသည့်လက်မှတ်ကို ဝယ်ရန် တွေးလိုက်သည်။
ခဏတာ စဉ်းစားပြီးသည့်အခါ သူ မတွေးဖြစ်တော့ပေ။ မူလတည်းက ယီဟွေ့က မကြာမီ ပြန်လာမည်ဟု ပြောခဲ့သည်။ "မကြာမီ" က မည်မျှကြာမည်ကို သူ မသိသော်လည်း အကယ်၍ ယီဟွေ့ ပြန်လာချိန်မှ သူ ထိုနေရာသို့ လိုက်သွားမိပြီး တစ်ယောက်နှင့်တစ်ယောက် မဆုံက ရှက်စရာကောင်းသွားလိမ့်မည်။ ထို့အပြင် လက်ထပ်ခွင့်တောင်းမည့် နေရာကိုလည်း သူ မသတ်မှတ်ရသေးပေ။
နောက်ဆုံးတွင် နေရာကို ယီဟွေ့ သဘောကျသည့် စားသောက်ဆိုင်တွင်သာ ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။
အမှန်တွင်မူ ထိုနေရာကို ယီဟွေ့ ပိုင်ဆိုင်ခြင်းဖြစ်သည်။ ကျိုးကျင်ဟမ့် စားသောက်ဆိုင်ကို ဝယ်စဉ်က စာချုပ်တွက် ယီဟွေ့နာမည်ကို ရေးခဲ့သော်လည်း ယီဟွေ့က ထိုနေရာသို့ သွားခဲလှသည်။ သူတို့က စုံတွဲများဖြစ်ကြောင်း စားသောက်ဆိုင်မှလူအားလုံး သိသည်။ ကျိုးကျင်ဟမ့်၏ တောင်းဆိုမှုကြောင့် သူတို့နှစ်ယောက်ကို "သူဌေး" နှင့် "ဒုတိယသူဌေး" ဟု ခေါ်ဆိုရခြင်းကို အသားကျသွားခဲ့သည်။
သူဌေးက ဘလင်းဘလင်းဖြစ်သည့်အရာများကို သဘောကျကြောင်း ဒုတိယသူဌေးကပြောလာသည့်အခါ သူတို့အားလုံး စားသောက်ဆိုင်ကို တစ်ရက်ပိတ်ပြီး စားပွဲထိုးမှအစ စားဖိုမှူးအထိ အားလုံး အင်္ကျီလက်များခေါက်ပြီး အလှဆင်ကြသည်။
ဖန်အမိုးခုံးကြီးကို ဘော်ကြယ်များဖြူးထားပြီး တောက်ပနေသည့် ဖဲကြိုးများက စားပွဲခုံများနှင့် ကြမ်းပြင်ပေါ်တွင်ပါ ရှိနေသည်။ ဘေးနားရှိ စားသောက်ဆိုင်ရှင်က သူတို့ဆိုင်ရှေ့မှ ထွက်သွားစဉ်တွင် မျက်စိကျိန်းလုနီးပါးဖြစ်သွား၍ ဤနေရာတွင် ပွဲတော်တစ်ခုခု ကျင်းပမည်လားဟု မေးလာသည်။
ကျိုးကျင်ဟမ့် ပြောလိုက်သည်။
" သူဌေးကြိုက်တဲ့ပုံစံအတိုင်း ကျွန်တော် အလှဆင်ပေးနေတာပါ..."
အခန်းထဲတွင် အလုပ်ရှုပ်နေကြသူများက ဤစကားကို ကြားသည့်အခါ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
" ဟုတ်တယ် ကျွန်တော်တို့သူဌေးက ဒါတွေကြိုက်တယ်..."
အာရုဏ်တက်မှ မိုးချုပ်သည်အထိ ပြင်ဆင်ကြပြီးသည့်အခါ ဒုတိယသူဌေးက နောက်ဆုံးတွင် စိတ်ကျေနပ်သွားသည်။
ညစာကို သူတို့နှင့် ဘေးချင်းကပ်လျက်မှဆိုင်တွင် စားလိုက်ကြသည်။ ကျိုးကျင်ဟမ့်က ဟင်းပွဲ၂၀ခန့် မှာပေးပြီးနောက်တွင် ဝန်ထမ်းများအားလုံးက စားပွဲဝိုင်းကြီးတွင်ထိုင်ပြီး ရယ်မောစားသောက်နေကြသည်။
ကျိုးကျင်ဟမ့်က စိတ်လှုပ်ရှားမှုအပြင် အထီးကျန်မှုကိုပါ အနည်းငယ်ခံစားနေရသည်။ အားလုံးကို ဝိုင်တစ်ခွင်ဖြင့် နှုတ်ဆက်ပြီးသည့်အခါ သူ၏အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သက်ပြင်းချလိုက်သည်။
မီးဖိုချောင်တွင် အလုပ်လုပ်သည့် ဦးလေးကြီးကမေးလာသည်။
" ဒုတိယသူဌေးက လက်ထပ်ခွင့်တောင်းဖို့ကို စိတ်ပူနေတာလား..."
ကျိုးကျင်ဟမ့်က ဝန်မခံသကဲ့သို့ ငြင်းဆန်ခြင်းလည်းမရှိကာ မေးထောက်လျက် အတွေးထဲနစ်မျောနေပြီး သူတို့ကို ဆက်စားခိုင်းထားသည်။
မည်သို့ပင်ဖြစ်စေ ယိီဟွေ့နှင့် ကောင်းကောင်းသိသော လူတစ်ယောက်ကို မေးသင့်သည်ဟု သူတွေးနေမိသည်။ ယီဟွေ့ အကြောင်းသေချာစုံစမ်း၍ ပြုလုပ်ထားသော ပါတီကသာ သူ့စိတ်ကို ရိုက်ခတ်သွားစေနိုင်မည်ဖြစ်သည်။ ဤကိစ္စများနှင့်ပတ်သက်ပြီး တစ်လုံးမှမသိသော ကလေးမလေး ကျန်းယီမန့်နှင့် ကျန်းရွှယ်မေ့အပြင် ကျန်ရှိနေသူများမှာ ယီဟွေ့အစ်ကိုနှင့် ဇနီးဖြစ်သည်။
Xxxxxx