Chapter - 36 : အဆင့် A ပါ၊ ဂုဏ်ယူပါတယ် ( 1 )
Viewers 2k

Chapter - 36 : အဆင့် A ပါ၊ ဂုဏ်ယူပါတယ် ( 1 )



" 'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' ရဲ့ ဒုတိယ အကဲဖြတ်ပွဲ နေရာကနေ ကြိုဆိုပါတယ်၊ ကျွန်တော်က လူကြီးမင်းတိုရဲ့ အစီအစဥ်မှူး လျန်တာပါ..."



လျန်တာသည် ကင်မရာရှေ့တွင် ဝတ်စုံပြည့်ဖြင့် ရပ်နေသည်။ သူ၏ နောက်ကွယ်ရှိ သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော သင်တန်းသားများနှင့် သိသာစွာ ကွဲပြားနေ၏။



အကဲဖြတ်နည်းပြလေးဦးသည် ၎င်းတို၏ နေရာများတွင် ထိုင်နှင့်ပြီးသား ဖြစ်သည်။ ၎င်းတိုသည် သင်တန်းသားများ ဖျော်ဖြေရန်ကိုသာ စောင့်ရန် လိုအပ်၏။



ချိုင်စစ်ယွမ်သည် ပထမဆုံး ဖျော်ဖြေမှုအား မဲပေါက်သွားပြီး သူ၏ နာမည်အား ခေါ်လိုက်သောအခါ ငိုလုနီးနီး ဖြစ်သွားသည်။


"သားကြီးတို၊ ငါ အရင် သွားလိုက်ဦးမယ်"



သူသည် အဆင့် A ရှိ သူ၏ အတန်းဖော်များအား ခါးသီးစွာ လက်ဝှေ့ယမ်းပြလိုက်ပြီး သူ၏ လာမည့် အကဲဖြတ်မှုအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်သည်။



သူသည် ပထမဆုံး ဖျော်ဖြေရခြင်းကြောင့် စိုးရိမ်နေခြင်း ဖြစ်နိုင်သည်။ သူ၏ အကစွမ်းရည်များက အတော်လေး အားနည်းနေခြင်းနှင့်အတူ ချိုင်စစ်ယွမ် စတင်သည်နှင့် တစ်ပြိုင်နက် အမှားလုပ်မိလေသည်။



သူ၏ လှုပ်ရှားမှုများသည် အစပိုင်းတွင် စည်းချက်အား လိုက်မမီဘဲ သီချင်း၏ ပထမတစ်ဝက်၌ စည်းချက်အား မနည်းလိုက်ဖမ်းနေရသည်။ စည်းချက်လွဲချော်ခြင်းအား ချန်လှပ်လိုက်သော်လည်း ခြုံငုံကြည့်လျှင် ဖျော်ဖြေမှုသည် ပြဿနာအချိုရှိပုံရသည်။



"ဟူး..."



ချိုင်စစ်ယွမ်သည် သူ၏ ဖျော်ဖြေမှု ပြီးဆုံးပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ စိတ်ခံစားချက်သည် စိတ်ဓာတ်ကျနေခဲ့၏။ ဤသို ကခဲ့ရသောကြောင့် နည်းပြများက မည်သိုမှ မပြောဘဲ သူ အဆင့်လျှော့ချခံရတော့မည်ကို သိနေသည်။



အကနည်းပြဖြစ်သော ချင်ခယ်ဝေးသည် စားပွဲပေါ်ရှိ အဆင့်သတ်မှတ်ချက်ပုံစံအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။



"ချိုင်စစ်ယွမ်၊ မင်းရဲ့ ပထမဆုံး အဆင့်သတ်မှတ်ချက်က အဆင့် A ဟုတ်တယ်မလား"



"မှန်ပါတယ်"



ချိုင်စစ်ယွမ်သည် သူ၏ နှုတ်ခမ်းများအား စေ့လိုက်သည်။ သိသာစွာပင် အနည်းငယ် စိုးရိမ်ပူပန်နေ၏။



ချင်ခယ်ဝေးမှ ထပ်မံ မေးလိုက်သည်။




"မင်းရဲ့ ဒီနေ့ ဖျော်ဖြေမှုက အဆင့် A မှာ ဆက်ရှိနေဖို အရည်အချင်း ပြည့်မီတယ်လို မင်း ထင်လား"



"မထင်ပါဘူး၊ ကျွန်တော့် ဒီနေ့ ဖျော်ဖြေမှုက မကောင်းပါဘူး"



ချိုင်စစ်ယွမ်သည် လက်မြှောက်ပြီး နားအား ထိလိုက်ကာ ရှင်းပြရန် ကြိုးစားသည်။



"ကျွန်တော့် ခန္ဓာကိုယ်က သိပ်လိုက်လျောညီထွေမရှိပေမဲ့ ဒီရက်ပိုင်း ကျွန်တော် ကောင်းကောင်း လေ့ကျင့်ခဲ့ပါတယ်၊ ကျွန်တော် ပိုကောင်းအောင် ကနိုင်ပါတယ်၊ ဒါပေမဲ့ အစပိုင်းမှာ သီချင်းကို မလိုက်မှီသွားလိုပါ..."



"ဒုတိယအကြိမ် အခွင့်အရေး ပေးလိုက်ရင် မင်း ပိုကောင်းအောင် ကနိုင်မယ်ပေါ့၊ ဒါပေမဲ့ ဒါက ပြိုင်ပွဲတစ်ခုပါ... ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မရှိဘူး"



ကုဝမ်အန်း ပြောဆိုနေစဉ် သူသည် အခြားသင်တန်းသားများအား ကြည့်လိုက်သေးသည်။ ဤသည်မှာ ပရိသတ်အားလုံးအတွက် ရှင်းလင်းသော သတင်းစကား ဖြစ်၏။



ပြိုင်ပွဲသည် ပြိုင်ပွဲသာ ဖြစ်၏။ လူများသည် စင်ပေါ်မှ ရလဒ်များကိုသာ မြင်ကြသည်။ သီးသန့်နေရာတွင် သင် မည်သည်များ လုပ်ခဲ့သည်ကို မည်သူမျှ သတိထားမိမည် မဟုတ်ပေ။



ချိုင်စစ်ယွမ်သည် ဤ အတွေးအခေါ်အား နားလည်ပြီး သူ၏ အဆင့် သတ်မှတ်ချက်အား ကြေညာရန် စောင့်ဆိုင်းနေသည်။



အောက်မှ အကဲဖြတ်နည်းပြလေးဦးသည် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ကျိရှိးနျန်မှ ရလဒ် ကြေညာလိုက်သည်။



"စစ်ယွမ်၊ မင်းရဲ့ ဒုတိယအကြိမ် အကဲဖြတ်မှု အဆင့်သတ်မှတ်ချက်က C ပါ၊ နောက် ပိုကြိုးစားပါ"


အဆင့်သတ်မှတ်ချက် ကြေညာလိုက်သည့် ချက်ချင်းပင် သင်တန်းသားများအားလုံး စိတ်လှုပ်ရှားသွားကြသည်။



"အိုး ဘုရားရေ၊ အဆင့် A ကနေ အဆင့် C ကို... ဒါက အရမ်း ရက်စက်တာပဲ"



"ရိုးရိုးသားသား ပြောရရင် ချိုင်စစ်ယွမ် ကောင်းကောင်း ကသွားတယ်လို ငါ ထင်တယ်၊ သူသာ အဆင့် C ဆိုရင် ငါ အဆင့် F မှာ သွားထိုင်တော့မယ်"



"ဒီနေ့ နည်းပြတွေက အရမ်း တင်းကျပ်နေတယ်... ဘယ်သူ အဆင့် A ရမလဲ မသိဘူး"



"ချူကျန့်ချင်း အဆင့် A ရသင့်တယ်၊ သူက နှစ်တွေ အများကြီး ကနေခဲ့တာ"



~~~



ချိုင်စစ်ယွမ်သည် သူ၏ အဆင့် A တံဆိပ်အား ဖြုတ်လိုက်ပြီး နောက်ထပ် ဖျော်ဖြေမှုများကို စောင့်ကြည့်ရန် အဆင့် C ထိုင်ခုံများဆီသို သွားလိုက်သည်။



သူသည် အဆင့် A မှ ပထမဆုံး အဆင့်လျှော့ချခံရသူ ဖြစ်သော်လည်း သူ အလွန် လက်မတွန့်ခဲ့ပေ။ အကသည် သူ၏ အားသာချက် မဟုတ်ပေ။ သူသည် နောက်ပိုင်း ပြိုင်ပွဲများတွင် စားပွဲများအား မှောက်လှန်နိုင်သေးသည်။



စင်ပေါ်သို တက်ရောက်လာသော ဒုတိယမြောက်လူသည် အဆင့် F မှ သင်တန်းသားတစ်ဦး ဖြစ်၏။



စည်းချက်ကိုပင် မလိုက်နိုင်သောအခါ မည်သူမျှ အံ့ဩခြင်း မရှိပေ။



ရှန်ချန်ယွိသည် မိုက်ခရိုဖုန်းအားယူလိုက်ပြီး ပခုံးတွန့်လိုက်ကာ ကြေညာလိုက်သည်။



''အဆင့် F ပါ''




တတိယမြောက် တန်းစီနေသည့် 'ကောင်းကင်သာ' ကုမ္ပဏီမှ ချူကျန့်ချင်းသည် ဆယ်စုနှစ်တစ်ခုကျော် အက အတွေ့အကြုံ ရှိသည်ဟု ကောလာဟလ ထွက်ထားသည်။



"ချူကျန့်ချင်း၊ မင်းရဲ့ ပထမဆုံး အဆင့်သတ်မှတ်ချက်က အဆင့် D နော်... ဒီတစ်ကြိမ် မင်းရဲ့ အဆင့်ကို တိုးမြှင့်နိုင်မယ်လို ယုံကြည်မှု ရှိလား"



ချူကျန့်ချင်းသည် သူ၏ အတွင်းစိတ်မှ တုန်လှုပ်မှာအား ခံစားလိုက်ရသည်။ သိုသော် သူ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူသည် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။



"ဒီကိစ္စကို ကြိုတင်ခန့်မှန်းဖိုက မလွယ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဒီတစ်ကြိမ် အဆင့် B ရအောင် လုပ်နိုင်မယ်လို ယုံကြည်ပါတယ်"



ကုဝမ်အန်းမှာ သူ၏ မျက်ခုံးများအား မြှင့်လိုက်သည်။



"ကောင်းပြီ၊ မင်းရဲ့ ဖျော်ဖြေမှုကို စတင်လိုက်ပါ"



သူ၏ ရှေ့မှ အပျော်တမ်း အကသမား နှစ်ဦးနှင့် နှိင်းယှဥ်သောအခါ ချူကျန့်ချင်း၏ အကသည် သင့်တင့်သည်။ ပို၍ ချောမွေ့ပြီး စွမ်းအား ပိုရှိသည်။ သူသည် အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသည်မှာ သိသာထင်ရှားပြီး သူ၏ အောင်မြင်မှု အဆင့်သည် အတော်လေး ကောင်းမွန်၏။



"ဝါး... ဒီ ကော က ဘယ်အဖွဲကလဲ၊ ငါ အရင်က သတိမထားမိခဲ့ဘူး"



"သူ အဆင့် A ရတော့မှာလား"



"ဝူးးးးးး ငါ ပိုတောင် စိတ်လှုပ်ရှားလာပြီ၊ ဘာလုပ်ရမလဲ"



ချူကျန့်ချင်းသည် ကင်မရာရှေ့တွင် ရပ်နေ၏။ သူ၏ နောက်ကွယ်မှ သင်တန်းသားများ၏ မှတ်ချက်များအား ကြားပြီးနောက် သူသည် လုရွှအား မကြည့်ဘဲ မနေနိုင်တော့ပေ။ သူသည် မသိစိတ်ဖြင့် သူ၏ နှုတ်ခမ်းများကို မြှင့်လိုက်သည်။




ဤတစ်ကြိမ်၌ သူ၏ ဖျော်ဖြေမှုသည် မဆိုးပေ။ အခြားသင်တန်းသားများ၏ ချီးမွမ်းခြင်းနှင့်အတူ အဆင့် A ရရှိခြင်းသည် ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။



ရှန်ချန်ယွိသည် မိုက်ခရိုဖုန်းအား ယူလိုက်ပြီး ချူကျန့်ချင်းအား ပြောလိုက်သည်။



"မင်းရဲ့ အကက အတော်လေး ကောင်းပါတယ်၊ ဒါကြောင့် ငါတို မင်းကို အဆင့် B ပေးမယ်"



ဘာ!



B ပဲလား...



ချူကျန့်ချင်း၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း အေးခဲသွား၏။ သူသည် အဆင့် B တွင် မရှိသင့်ဘူးဟုပင် ခံစားရသည်။



"ဆရာတို၊ အဆင့်သတ်မှတ်ချက်အတွက် စံနှုန်းတွေက ဘာလဲဆိုတာ ကျွန်တော် မေးလို ရမလား"



"ဟမ်... နည်းပြတွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို မေးခွန်းထုတ်ရဲတာလဲ"



ရိုက်ကူးရေး မစတင်မီကတည်းက F4 သည် အကဲဖြတ်နည်းပြ လေးဦး၏ နောက်ကွယ်တွင် ထိုင်နေပြီး မှတ်ချက်ပေးနေကြသည်။



ဟယ့်ရှင်းဟွာသည် ချူကျန့်ချင်းမှ လုရွှအား လှောင်ပြောင်သလို တစ်ချက်ကြည့်လိုက်ပုံအား သတိရလိုက်သည်။ ထိုကြောင့် အသံသေးသေးဖြင့် မရွတ်ဖတ်ဘဲ မနေနိုင်တော့ပေ။



သူ၏ အဖော်များသည် သူ့စကားများအား ပဲ့တင်ထပ်လိုက်သည်။



"အတိအကျပဲ၊ သူ့အကက အဲဒီလောက်တောင် မကောင်းပါဘူး၊ အဆင့် B က သူ့အတွက် များလွန်းတယ်"


"ဟုတ်တယ်၊ စရိုက်မကောင်းတဲ့သူတွေက အကစွမ်

းရည်လည်း သာမန်ပဲ"



ကျိရှိးနျန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် အနည်းငယ် တုန်ယင်သွားသည်။ သူ၏ နောက်ကွယ်မှ ထူးဆန်းသောအရာ လေးခု၏ အသံများအား လျစ်လျူရှုရန် အစွမ်းကုန် ကြိုးစားနေသည်။



~~~