Chapter - 37 : အဆင့် A ပါ၊ ဂုဏ်ယူပါတယ် ( 2 )
Viewers 2k

Chapter - 37 : အဆင့် A ပါ၊ ဂုဏ်ယူပါတယ် ( 2 )


ချူကျန့်ချင်း၏ မျက်လုံးများသည် မယုံကြည်ဟန် ရှိနေသည်ကို မြင်သောအခါ ကျိရှိုးနျန်၏ လေသံသည် တည်ငြိမ်နေသော်လည်း သံသယဖြစ်စရာမရှိပေ။ 


"မင်းရဲ့ စင်နောက်က အဆက်အသွယ်တွေကို အဆင့်သတ်မှတ်ချက် စံနှုန်းအဖြစ် အသုံးပြုဖို့ ငါတို့ အပြည့်အဝ ပြန်လည်သုံးသပ်ထားတယ်၊ မင်းရဲ့ အကလှုပ်ရှားမှုတွေက ကောင်းပေမဲ့ စိတ်ခံစားမှု မလုံလောက်ဘူး... ကောင်းမွန်တဲ့ အကသမားတစ်ယောက်ဟာ အခြေခံစွမ်းရည်ရော စိတ်ခံစားမှုပါ လိုအပ်တယ်လို့ ငါတို့ ထင်တယ်၊ မင်း တခြား မေးခွန်းတွေ ရှိသေးလား"


"ကျေးဇူးတင်ပါတယ်၊ ဆရာကျိ... ကျွန်တော့်မှာ တခြား မေးခွန်းတွေ မရှိတော့ပါဘူး" 


ချူကျန့်ချင်း၏ နှလုံးသားသည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း နည်းပြများမှ ဤသို့ ပြောလိုက်ပြီးနောက် အလွန်သိသာအောင် ပြသခြင်းမှာ မဖြစ်နိုင်ပေ။


သူ့နောက်တွင် လုရွှိ စင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ ချူကျန့်ချင်းသည် အေးစက်စွာ ပင့်ရှိုက်လိုက်သည်။ လမ်းတစ်ဝက်မှ ပေါ်လာသည့် ဤဇာတ်လိုက်သည် မည်မျှ ကောင်းမွန်စွာ ကနိုင်မည်ကို သူ မြင်ချင်မိ၏။


"ဝါး... အချောလေးက စင်ပေါ်မှာ!"


"နောက်ထပ် အဆင့် A တစ်ယောက် ထွက်လာပြန်ပြီ၊ ဒါပေမဲ့ သူ သူ့ရဲ့ အဆင့်ကို ထိန်းထားနိုင်ပါ့မလား"


"ပြောဖို့ ခက်တယ်၊ သူ သီချင်းကောင်းကောင်း ဆိုနိုင်ပေမဲ့ အကမှာ မကောင်းတာ ဖြစ်နိုင်တယ် မဟုတ်လား"


"ရွှိကော အရမ်းခန့်တယ်၊ လုပ်ထား ရွှိကော!"


~~~


အခြားသူများနှင့် နှိုင်းယှဥ်သောအခါ လုရွှိ၏ သဘောထားသည် ၎င်းတို့အားလုံးထက် သိသာစွာ သာလွန်နေသည်။


နည်းပြများပင်လျှင် ဤလှပသော မျက်နှာအား မြင်သောအခါ မျှော်လင့်ချက် အချို့ကို မခံစားဘဲ မနေနိုင်တော့ပေ။


ရှန်ချန်ယွိမှာ ပို၍ တိုက်ရိုက်ကျ၏။ သူသည် လုရွှိအား ပြောလိုက်သည်။ 


"လုရွှိ၊ မင်း အဆင့် A ရမယ်လို့ ယုံကြည်ချက် ရှိလား"


ဤမေးခွန်းသည် ရုတ်တရက် မေးလိုက်ခြင်း ဖြစ်သော်လည်း လုရွှိသည် တကယ် စိတ်မဝင်စားပေ။ သူသည် နည်းပြများအား လန်းဆန်းစွာ ပြုံးလိုက်ရုံသာ ပြုလုပ်လိုက်သည်။ 


"ဒါက ကျွန်တော် စဉ်းစားဖို့ မလိုတဲ့ ကိစ္စပါ၊ ကျွန်တော် ကနေသရွေ့ ကျန်တာ အားလုံးကို ဆရာတို့ ဆုံးဖြတ်နိုင်ပါတယ်"


ကျိရှိုးနျန်သည် လုရွှိအား အပိုအကြည့်တစ်ချက်မကြည့်ဘဲ မနေနိုင်တော့ပေ။ ဤကောင်လေးသည် အရာအားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်လေ့ရှိသည်။


၁၈ နှစ်သား အရွယ်တွင် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းသည် အတော်လေး ခက်ခဲ၏။


ရိုက်ကူးရေးကာလသည် တိုတောင်းပြီး ပြိုင်ပွဲမစ်ရှင်များသည် အလေးအနက်ရှိ၏။ လုရွှိသည် ၎င်းတို့နှင့် ခဏတာ စကားပြောပြီးနောက် ဂီတစတင်ရန် စောင့်ဆိုင်းနေသည်။


"အတူတူ လုပ်ကြရအောင်!" 


ဟယ့်ရှင်းဟွာသည် ပျော်ရွှင်စရာများအား ကြည့်နေခဲ့သော်လည်း လုရွှိ စင်ပေါ်သို့ တက်သွားသည်ကို မြင်သောအခါ သူသည် စိတ်လှုပ်ရှားစွာ ချက်ချင်း ခုန်တက်လိုက်ပြီး အတူတူ ကခုန်ချင်လာမိသည်။


အခြားလူများ မမြင်နိုင်သော်လည်း ဆရာလုရွှိ နှင့်အတူ ကရခြင်းသည် တန်ဖိုးရှိ၏။


ကျိရှိုးနျန်သည် ထူးဆန်းသောအရာ လေးခု လုရွှိ၏ ဘေးသို့ ဝဲပျံသွားသည်ကို စိုက်ကြည့်နေသည်။ ၎င်းတို့သည် အိုင်ဒေါလ်အဖွဲ့ တစ်ခုဖြစ်သည်ကို သူ မသိခဲ့ပေ။


"လူငယ်ဘဝက ငါ့ရဲ့ ယုံကြည်ချက်... ငါ့ရဲ့ ကိုယ်ပိုင် ဂုဏ်ကျက်သရေကို ငါ မျှော်လင့်နေ..."


စတူဒီယိုတွင် နေ့ဘက်၌ မီးမောင်းများ အသုံးမပြုသော်လည်း လုရွှိသည် ကင်မရာရှေ့တွင် ရပ်နေစဥ် သူ၏ ကိုယ်ပိုင် အလင်းရောင် ရှိနေသကဲ့သို့ ဖြစ်သည်။ နိဒါန်းအပိုဒ် စတင်သောအခါ လုရွှိသည် ဂီတနှင့်အတူ သူ၏ ခန္ဓာကိုယ်အား ညင်သာစွာ လှည့်လိုက်သည်။ သူ၏ ပေါ့ပါးသော လှုပ်ရှားမှု များသည် အခြားသူများကို ကြည့်နေစဥ်အတွင်း သက်တောင့်သက်သာ ခံစားရစေသည်။


သံပြိုင်အပိုဒ်သို့ ရောက်သောအခါ လုရွှိသည် ကွဲပြားခြားနားသော လူတစ်ဦး ဖြစ်လာပုံရသည်။ သူ၏ ခန္ဓာကိုယ်သည် သွယ်လျပုံရသော်လည်း စွမ်းအား အပြည့်ရှိလေသည်။ သဘာဝအတိုင်း မွေးဖွားလာသော အကသမား တစ်ဦးကဲ့သို့ပင်။ 


သူသည် သူ၏ ကိုယ်ပိုင် ဂီတကမ္ဘာတွင် နစ်မြုပ်နေသည်။ လုရွှိ၏ လှုပ်ရှားမှုတိုင်းသည် တုံ့ဆိုင်းမှု အနည်းငယ်မျှမရှိဘဲ စည်းချက်မှတ်ပေါ်တွင် တိကျ၏။ သူသည် သဘာဝကျပြီး လွတ်လပ်သည်။ သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် မထိန်းနိုင်သော ရယ်မောခြင်း ရှိ၏။ စင်မြင့်၏ ဘုရင် တစ်ပါးကဲ့သို့ပင်။


လုရွှိသည် အလွန် ထင်ရှားစွာ ပေါ်လွင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လူငယ်တို့၏ ရဲစွမ်းသတ္တိနှင့် ရှင်းပြ၍မရနိုင်သော ရန်လိုမှု၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ အဆုံးတွင် သူ၏ ပေါ့ပါးစွာ မျက်တောင်ခတ်လိုက်ခြင်းသည်ပင် လူအများအား သူသည် ယောက်ျားပီသပြီး ချိုမြိန်သည်ဟု တွေးထင်စေပြီး ချက်ချင်းပင် ကျယ်လောင်သော အော်ဟစ်သံများ ဖြစ်ပေါ်စေသည်။


"အားးးး! ဒါ နတ်ဘုရားတစ်ပါး ကနေတာလား၊ သူ သင်တန်းသား ဖြစ်တာ မကြာသေးဘူးလို့ မပြောကြဘူးလား... သူ ဘယ်လိုလုပ် ဒီလောက် ကောင်းကောင်း ကနိုင်ရတာလဲ"


"သူက အသစ်ဝင်လာသူနဲ့ လုံးဝမတူဘူး... သူက အကအတွက် ပါရမီနဲ့ မွေးဖွားလာတာ"


"အဲဒီ ခြေထောက်တွေ... အဲဒီ ခါး... ပြီးတော့ အဲဒီ မျက်နှာလေး... ငါ ချစ်တယ်!!!"


~~~


လုရွှိ မည်သို့ ကခဲ့သည်နှင့် ပတ်သက်၍ စကားလုံးများစွာ လိုအပ်ခြင်း မရှိပေ။ လူတိုင်း၏ ဆင်တူသော တုံ့ပြန်မှုများသည် သူ၏ ရလဒ်အား ရှင်းလင်းစွာ ဖော်ပြနေသည်။


ချင်ခယ်ဝေးနှင့် ရှန်ချန်ယွိတို့သည် မြင်ကွင်းအား ကြည့်ပြီး စနောက်လိုက်ကြသည်။ 


"ယွိကော၊ ကျွန်မတို့ နှစ်ယောက် စောစော ပွဲဦးထွက်ခဲ့တာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"


"ဟုတ်တယ် ဟုတ်တယ်... မဟုတ်ရင် ငါတို့ လုရွှိနဲ့ ယှဥ်ပြိုင်နေရရင် ပွဲဦးမထွက်ခင် သူ့ရဲ့ ပရိသတ်တွေ ဖြစ်သွားလိမ့်မယ်၊ ဟားဟားဟား..."


အခြားသူများသည် သူ့အား မည်မျှပင် ချီးမွမ်းကြပါစေ လုရွှိသည် အမြဲတမ်းတစေ တည်ငြိမ်နေဆဲပင်။ သူ၏ အကဲဖြတ်မှုအား စောင့်ဆိုင်းရင်း ပြုံးကာ ရပ်နေသည်။


လုရွှိ၏ လုပ်ဆောင်ချက်များအား မြင်သောအခါ ကျိရှိုးနျန်သည် သူ၏ စိတ်ထဲ၌ လေးစားသော မှတ်ချက်အချို့ကို မထည့်ဘဲ မနေနိုင်တော့ပေ။ လုရွှိ ကောင်းမွန်စွာ ကခဲ့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ဝိညာဉ်ငယ်လေးဦးသည်လည်း သင့်တင့်စွာ ကခဲ့ကြသည်။


လုရွှိ ကနေစဥ် ၎င်းတို့သည် သူနှင့်အတူ လိုက်ပါစွာ ကပြခဲ့ကြ၏။ သီချင်းတစ်လျှောက်တွင် ၎င်းတို့သည် လုရွှိ၏ လှုပ်ရှားမှုများအား လိုက်လုပ်ပြီး ဖွဲ့စည်းပုံ အချို့ကိုပင် ပြောင်းလဲခဲ့ကြသည်။ 


ဆေးရိုက်ရှပ်အင်္ကျီဝတ်ထားသူ ရေကူးနေသကဲ့သို့ လုပ်နေသည်မှလွဲ၍ ကျန်သုံးဦးသည် ထူးချွန်သော သင်တန်းသားများကဲ့သို့ ဖြစ်နေသည်။


အချို့သော အကြောင်းများကြောင့် ကျိရှိုးနျန်သည် မသိစိတ်ဖြင့် သင်တန်းသားများနှင့်အတူ ကနေသော ဝိညာဉ်လေးဦး၏ ပုံရိပ်အား တွေးလိုက်မိသည်။


၎င်းတို့သည် သင်တန်းသားများထက် ပို၍ကြာရှည်စွာ လေ့ကျင့်ခဲ့ကြပြီး အတော်လေးပင် ကျွမ်းကျင်နေကြသည်။ ၎င်းတို့၏ စင်မြင့်ထက်၌ တည်ရှိမှုနှင့် အမူအရာများအား ကောင်းမွန်စွာ စီမံခန့်ခွဲထား၏။ အခြားသူများမှ ၎င်းတို့အား မြင်နိုင်ပါက လုရွှိ၏ ဖျော်ဖြေမှုသည် အမှန်တကယ် မည်မျှ စိတ်လှုပ်ရှားစရာကောင်းခဲ့သည်ကို ၎င်းတို့ မြင်နိုင်ခဲ့ကြမည်ဖြစ်၏။


ဟယ့်ရှင်းဟွာသည် လုရွှိ၏ ဘေးတွင် ရပ်နေပြီး နည်းပြများမှ ရလဒ်ကြေညာရန် စောင့်ဆိုင်းနေသည်။ သူသည် မတော်တဆ ကျိရှိုးနျန်၏ အကြည့်နှင့် ဆုံမိလိုက်သည်။


ကျိရှိုးနျန်သည် လျင်မြန်စွာ အကြည့်လွှဲလိုက်သော်လည်း ဟယ့်ရှင်းဟွာသည် ထိုတစ်ခဏတာအတွက် သူသည် သူ့အား အမှန်တကယ် မြင်ခဲ့သည်ဟု ခံစားရသည်။


ဤရုပ်ရှင်ဧကရာဇ်သည် ၎င်းတို့ လေးဦးအား မြင်နိုင်သည်၊ မမြင်နိုင်သည်အား သူ မသေချာပေ။


ဟယ့်ရှင်းဟွာ သံသယဝင်သွားပြီး အစီအစဉ်များ စတင်လုပ်ဆောင်လေသည်။


ဤအချိန်တွင် နည်းပြများသည် လုရွှိ၏ အဆင့်အား ဆွေးနွေးပြီးသွားပြီ ဖြစ်သည်။


"အဆင့် A ၊ အဆင့် A ၊ အဆင့် A!!!"


လုရွှိ၏ ဖျော်ဖြေမှုသည် လွန်စွာ ထူးချွန်လွန်းသဖြင့် အောက်မှ သင်တန်းသားများပင်လျှင် စည်းချက်ညီစွာ လက်ခုပ်တီးနေကြသည်။


"လုရွှိ၊ မင်းရဲ့ အဆင့်သတ်မှတ်ချက်က..." 


ကျိရှိုးနျန်သည် သူ၏ လည်ချောင်းအား ရှင်းလိုက်ပြီး စိုးရိမ်ထိတ်လန့်မှုအား ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ ဆွဲဆန့်လိုက်သည်။ လုရွှိသည် အလျင်လိုခြင်း မရှိဘဲ ထိုနေရာ၌ ရပ်နေကာ ကျိရှိုးနျန် ပြုံးနေသည်ကိုသာ ကြည့်နေ၏။ သူ၏ မျက်လုံးများသည် ကောက်ကျစ်မှု အရိပ်အမြွက်အား သယ်ဆောင်ထား၏။


၎င်းတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျိရှိုးနျန်သည် ရုတ်တရက် သူ၏ နှုတ်ခမ်

းများအား လှုပ်လိုက်ပြီး ရှင်းလင်းကာ ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။


"အဆင့် A ပါ၊ ဂုဏ်ယူပါတယ်"


~~~