အပိုင်း ၁၁
Viewers 14k

Chapter 11

ရုန်ယီ အဲဒီကောင်လေးကိုသတိထား၊ သူကနည်းနည်းတော့ပြဿနာရှိတယ်

ချန်းခယ့်ယောင်၏ ဖခင်ဖြစ်သူမှာ ထိန်းထိန်းသိမ်းသိမ်းနေတတ်သူဖြစ်ကာ အများဆုံးရှိလျှင် အသက်လေးဆယ်လောက်ဟု ထင်ရ၏။ ခန္ဓာကိုယ်အချိုးအစားနှင့်အသက်မှာမလိုက်အောင် ကြည့်ကောင်းနေကာဝတ်ပုံစားပုံမှာလည်း သန့်ရှင်းသပ်ရပ်နေပြီးဆံပင်ပုံစံမှာလည်း သေသပ်နေ၏။ မျက်နှာသွင်ပြင်သာ ကြည့်ကောင်းရုံမဟုတ်ဘဲ အပြုအမူများမှာလည်း ဂုဏ်သရေရှိစွာကျော့ရှင်းနေသည်။ ရုန်ယီစိတ်ကူးထဲတွင် ကျန်ရှိနေသော ယခင်ကဖခင်ဖြစ်သူ၏ ပုံစံနှင့် အလွန်ပင်ကွာခြားနေသည်။ 

ရုန်ယီ့ကို မျက်ခုံးတွန့်လျက် ခေါင်းအစခြေအဆုံးကြည့်ပြီးအကဲခတ်သောအခါ ရုန်ယီစိတ်လှုပ်ရှားသဖြင့် မျက်နှာပင်ရဲသွား၏။ 

“သူက…” 

ချန်းခယ့်ယောင်ကို စကားပြောနေသည့်တိုင် သူ့မျက်လုံးများမှာ ရုန်ယီကို ကြည့်နေဆဲဖြစ်၏။ 

“ကျွန်တော့် အိမ်ငှါး…”  

ချန်းခယ့်ယောင် ကာစီးပြီးပြောလိုက်၏။ 

“နောက်ဆိုဒီကို အချိန်တိုင်းလာမနေပါနဲ့တော့… အခန်းလွတ်မရှိတော့ဘူး…”

အောက်ထပ်တွင် ဘာစကားမှမပြောရန် ရုန်ယီ သတိပေးခြင်းခံထားရသော်လည်း သူ့ရှေ့က ကြည့်ကောင်းသောသူကို မတတ်နိုင်ဘဲကြည့်မိကာ သူ့အပေါ်အမြင်ကောင်းစေရန် ကြိုးစားမိတော့သည်။ 

“တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်…” 

သူ့ဘက်ကစပြီး နှုတ်ဆက်လိုက်၏။ 

သို့သော် သူ့နှုတ်ဆက်စကားကို ခေါင်းတစ်ချက်ညိတ်ကာ တုန့်ပြန်ပြီးနောက် ထိုလူကြီး၏ မျက်နှာထားမှာပို၍ တင်းမာသွား၏။ 

“ယောင်ယောင် အမှန်အတိုင်းပြောစမ်း… သူက ဘယ်သူလဲ….” 

“အဖေ…”  

တံခါးဖွင့်နေသော ချန်းခယ့်ယောင်သူ့လက်ဖြင့် မျက်နှာကိုသပ်ကာ ဆက်ပြောလိုက်၏။ 

“ကျွန်တော့်ကို တခြားသူတွေရှေ့မှာ အဲ့ဒီလိုမခေါ်ပါနဲ့လား…”

“ငါမေးတာ အရင်ဖြေပါ…” 

 ဖခင်ဖြစ်သူမှာ ဘေးတွင်အူလည်လည်ဖြင့်ရပ်နေသော ရုန်ယီကို ထပ်ကြည့်လိုက်၏။

“သူက မင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ…”

“ခုနကလေးတင် ပြောလိုက်တယ် မဟုတ်ဘူးလား…ကျွန်တော့်အိမ်ငှါးပါဆို…” 

ချန်းခယ့်ယောင် တံခါးကိုဖွင့်ကာ ထွက်သွားစေချင်သောမျက််နှာထားဖြင့် ကြည့်လျက်ပြောလိုက်၏။ 

“သူက ဒီမှာ အိမ်ငှါးနေတာ… ကျွန်တော်က သူ့အိမ်ရှင်…အဲ့ဒါအကုန်ပဲ…အိမ်ထဲဝင်ပြီးခဏထိုင်ဦးမှာလား… အခုပြန်လိုက်ပို့ရတော့မှာလား…”

ဖခင်ဖြစ်သူမှာ သံသယဝင်နေဆဲဖြစ်၏။ 

ရုန်ယီ ကိုယ့်အတွေးနှင့်ကိုယ် စဉ်းစားနေမိ၏။ ချန်းခယ့်ယောင်၏ ဆိုးရွားသောအပြုအမူများနှင့် ညစ်ညမ်းသော AA ဆက်ဆံရေးများကြောင့် အယ်လ်ဖာတစ်ယောက်ဖြစ်သော ဖခင်ဖြစ်သူမှာ စိုးရိမ်နေပုံရ၏။ 

ယခုလိုစဉ်းစားကြည့်မှ ချန်းခယ့်ယောင်နှင့်သူတို့နှစ်ယောက်မှာ အတူတူနေနေကြသော အတွဲတစ်တွဲနှင့်တူနေ၏။

ထိုအရာမှာ အလွန်မဖြစ်နိုင်သော စွပ်စွဲချက်ဖြစ်၏။ 

သူတစ်ခုခု ပြောရန်ပြင်နေစဉ် ချန်းခယ့်ယောင်သူ့ရှေ့မှ ဝင်ကာလိုက်၏။ 

“ဒီနေရာမှာ လာမရှုပ်ပါနဲ့တော့ …. မစ္စတာရုန်နဲ့ကျွန်တော်က ဒီနေ့မှပထမဆုံးတွေ့တာ…အချင်းချင်းတောင် သေချာမသိကြသေးဘူး…ဟာသတွေ လာပြောနေသလိုပဲ…” 

ရုန်ယီ စိတ်ဖြင့် ချန်းခယ့်ယောင်ကိုမျက်စောင်းထိုးလိုက်၏။ 

ထိုစကားကိုကြားပြီးနောက် ချန်းခယ့်ယောင်၏ဖခင်ဖြစ်သူမှာ ယုံသလိုလိုမယုံသလိုလိုပုံစံဖြင့် ခေါင်းညိတ်ပြကာ ခြေနှစ်လှမ်းလောက်လှမ်းပြီး ရုန်ယီဘက်သို့သွားလျက် 

“တောင်းပန်ပါတယ်…ရုန်ယီ လို့ခေါ်တာမလား…” 

အသက်အရွယ်တစ်ခုရနှင့်ပြီးသော အလှတရားမှာ ကွဲပြားခြားနားသော ဆွဲဆောင်မှုရှိ၏။ ရုန်ယီမှာ လုံးဝ ငေးမောလျက်ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။ 

ချန်းခယ့်ယောင်ဖခင်မှာ သူ့နားကပ်လာကာ အသံကိုတိုးလျက် 

“ရုန်ယီ ဒီကောင့်ကိုသတိထား.. သူက ပြဿနာကောင်…” 

“……”

 ရုန်ယီ ဘာမှပြန်မပြောနိုင်ဖြစ်သွား၏။ အိမ်ထဲဝင်သွားပြီးဖြစ်သော ချန်းခယ့်ယောင်မှာ ရုတ်တရက် ပြန်ပြေးထွက်လာကာလှမ်းအော်လိုက်၏။ 

“အဖေ… ဘာတွေသွားပြောနေပြန်ပြီလဲ…” 

ရုန်ယီ သူရှက်နေပုံကိုမြင်ရသောအခါ အနည်းငယ်ပျော်သွားသလိုခံစားမိ၏။ 

နှုတ်ခမ်းများကိုသပ်လျက် ချန်းခယ့်ယောင်ရှေ့တွင်ပင် ပြန်ပြောလိုက်၏။ 

“ မဖြစ်နိုင်တာ မစ္စတာချန်းက သဘောကောင်းပြီးကြင်နာတတ်တဲ့သူပါ…”

ချန်းခယ့်ယောင်ဖခင်မှာသူ့သားကို တစ်ချက်ပြန်ကြည့်ပြီးဆက်ပြောလိုက်၏။ 

“အဲ့ဒါကြောင့်သတိထားခိုင်းတာပေါ့… သူကရည်ရွယ်ချက်ရှိရှိ သဘောကောင်းပြနေတာလေ…” 

ချန်းခယ့်ယောင်ကိုစရန်သာရည်ရွယ်ထားသော်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ရုန်ယီ ခံစားမိနေသည်။ 

ချန်းခယ့်ယောင် သူ့အပေါ်ကို ကြိုးစားခဲ့သော်လည်း ထိုအချိန်က သူ့တစ်ဘဝလုံးတွင်အပျော်ဆုံးအချိန်ဖြစ်ခဲ့၏။ ပြန်စဉ်းစားကြည့်သောအခါ ဝမ်းနည်းမိသည်။ 

“အဖေ ကျွန်တော်ကားငှါးပေးမယ်…” 

ချန်းခယ့်ယောင် သူတို့နှစ်ယောက်ကြားကိုပြေးဝင်ကာ ပြောလိုက်၏။

"နောက်ကျနေပြီ…အိမ်ပြန်ပါတော့…"

“ကားကဘာလို့ငှါးမှာလဲ…လိုက်ပို့ပေးလို့မရဘူးလား…”

မကျေမနပ်ပြောသည်။

“မင်းကို မေးစရာရှိသေးတယ်…”

“ကျွန်တော့်ကားက ပြင်တဲ့ဆိုင်ကိုပို့ထားရတယ်…”

ချန်းခယ့်ယောင် သူ့နောက်တွင်ရှိနေသော ရုန်ယီကို တစ်ချက်ပြန်ကြည့်ကာ

“တံခါးပျက်သွားလို့လေ…” 

ရုန်ယီ တိတ်တိတ်လေး မျက်နှာလွှဲလိုက်သည်။ 

ချန်းခယ့်ယောင်အဖေ ထွက်သွားသည်နှင့် သူတို့နှစ်ယောက်ကြားက လေထုမှာ ရုတ်တရက်အေးစက်သွား၏။ 

ရုန်ယီအခန်းကို လိုက်ပြပြီး ချန်းခယ့်ယောင်လိုအပ်သည်ကို ရှင်းပြကာ တံခါးပိတ်ပြီးထွက်သွား၏။ 

 ရုန်ယီ အခန်းထဲတွင်တစ်ယောက်တည်းကျန်ခဲ့ကာ ရုတ်တရက်ခေါင်းထဲတွင် မူးဝေလာသဖြင့် ငေါင်တောင်တောင်ဖြင့် ထိုင်နေမိ၏။

ဘယ်လိုလုပ် သူက ချန်းခယ့်ယောင်အိမ်ကို သူနှင့်အတူပြန်လာကာ ဒီနေရာမှာခဏကြာ အတူနေမည်တဲ့လား။ ထူးဆန်းမနေဘူးလား။ 

ရုန်ယီ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်အသည်းကွဲဖူး၏။ ထိုအကြိမ်များအနက် အများစုမှာ လျိုယွမ်ကဲ့သို့သူငယ်ချင်းအနေဖြင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့၏။ သို့သော် လျိုယွမ်နှင့် ချန်းခယ့်ယောင်မှာ ကွဲပြား၏။ လျိုယွမ်မှာသူ့ကိုစိတ်ပျက်စေခဲ့ပြီး ဝမ်းနည်းစေသောခံစားချက်ကိုသာ ဖြစ်စေခဲ့၏။ သို့သော် ချန်းခယ့်ယောင်မှာ အပြစ်တင်စိတ်နှင့် မကျေနပ်သော ခံစားချက်များကို ဖြစ်စေခဲ့၏။

သူတို့ သေသည်အထိ တစ်ယောက်နှင့်တစ်ယောက်ပြန်မဆုံခဲ့သင့်ပေ။

လွန်ခဲ့သော နာရီအနည်းငယ်ကပင် သူ့ဘဝတွင်ချန်းခယ့်ယောင်ကို ထပ်တွေ့မည်မထင်ထားခဲ့။ 

သူအတွေးလွန်နေစဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရ၏။ 

တိုက်ခန်းတွင် သူနှင့် ချန်းခယ့်ယောင်နှစ်ယောက်တည်းသာရှိ၏။ အိပ်ရာထဲလဲနေသောရုန်ယီ ရုတ်တရက်ထလိုက်ကာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ အင်္ကျီများကိုပင် သေသပ်အောင်ပြင်ဆင်လိုက်၏။ 

“ဘာလို့လဲ…”

တံခါးပွင့်လာကာ ချန်းခယ့်ယောင်သူထိုင်ဖို့ခုံပါ ယူလျက်ဝင်လာ၏။ 

ထို့နောက်ထိုင်လိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး 

 ရုန်ယီ သူ့ကို မျက်ခုံးတွန့်ကာ ပြန်ကြည့်လိုက်သည်။ 

“ငါ ပုံမှန်ဆိုရင် နေ့လယ်ဘက် အစောဆုံးထတာဆိုတော့ မနက်အပြင်သွားရင် အရမ်းမဆူရင်ကောင်းမှာပဲ…” 

ချန်းခယ့်ယောင်ပြောလိုက်၏။ ရုန်ယီခေါင်းညိတ်ပြလိုက်သော်လည်းအနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ 

သူတို့အတူတူရှိခဲ့ကြသောအချိန်တိုအတွင်းတွင် ချန်းခယ့်ယောင်ဆီသို့ သူမနက်နိုးတိုင်းစာပို့လေ့ရှိပြီး အလွန်ဆုံးငါးမိနစ်အကြာတွင် ပြန်ဖြေလေ့ရှိသည်။ 

“ပြီးတော့…ငါ မီးဖိုချောင် သိပ်မသုံးဘူး…မင်းသုံးမယ်ဆိုရင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းသုံးပါ…ဒါပေမယ့် မင်း…ဟင်းမချက်တတ်ဘူးမလား…”

 ရုန်ယီ အမြန်ငြင်းလိုက်၏။ 

“ချက်တတ်ပါတယ်”

 ချန်းခယ့်ယောင် မျက်မှောင်ကြုတ်လျက်  

“ငါကြားတာတော့ မီးဖိုချောင်မီးကြောင့် မင်းအိမ် မီးလောင်သွားတယ်ဆို…” 

“အဲ့ဒါက မတော်တဆပါ….” 

ရုန်ယီပြန်ချေပလိုက်၏။ 

“ငါ ဟင်းချက်တတ်ပါတယ်နော်…အရမ်းတော်တာ…”

“ဟုတ်ပါပြီ…”

ချန်းခယ့်ယောင် ခေါင်းညိတ်ရင်း ပြောလိုက်၏။ 

“အဲ့ဒါဆို သုံးပြီးရင်တော့ သန့်ရှင်းရေးလုပ်နော်…မီးတော့ မလောင်စေနဲ့ပေါ့…” 

ရုန်ယီ မကျေမနပ်ဖြစ်ကာ ဘာမှပြန်မပြောတော့။ 

“ရေခဲသေတ္တာထဲနေရာလွတ်ရှိရင် သုံးလို့ရတယ်…ဒါပေမယ့် တစ်ခါတစ်လေ ငါဘာဝယ်ထားလဲ ငါမမှတ်မိတတ်လို့ ငါယူစားမိတာရှိရင် စိတ်မရှိနဲ့နော်… နာမည်တွေဘာတွေ ကပ်ရင်ကပ်ထားပေါ့…” 

“သိပါပြီ…”

 ချန်းခယ့်ယောင်ဆက်ပြော၏။  

“ပုံမှန် မနက်သုံးနာရီလောက်အိပ်တယ်…အိပ်ရတာ အနှောင့်အယှက်ဖြစ်တဲ့အသံတို့ဘာတို့ကြားနေရရင်ငါ့ကိုပြောပါ…ငါဆင်ခြင်ပါ့မယ်…” 

ညဘက်တွင် မအိပ်ဘဲ ဘာလုပ်နေလဲ ရုန်ယီ အလွန်သိချင်နေခဲ့၏။ သို့သော် သူတို့၏ ကမောက်ကမဆန်သော ဆက်ဆံရေးအရ မမေးသင့်သောမေးခွန်းမှန်း သိနေသောကြောင့် ပါးစပ်ကထွက်မလာချေ။ မေးခွန်းကို မြိုသိပ်ထားလိုက်၏။ 

“အရေးပေါ်ဆေးဘူးက ဧည့်ခန်းဗီဒိုထဲမှာရှိတယ်…မင်းမှာ မရှိလောက်ဘူးထင်လို့… လိုရင်ယူသုံးပေါ့…”  

“…အင်း” 

ရုန်ယီခေါင်းညိတ်ပြလိုက်သည်။ 

“ပြီးတော့အိမ်ရှာတွေ့ရင် ငါ့ကိုအချိန်မရွေးပြောပါ…ငါ့အဖေက အခန်းလွတ်တာနဲ့ လာနှောင့်ယှက်မှာဆိုတာ့ ကြိုပြင်ဆင်ထားမှဖြစ်မှာ…” 

သူပြောပုံအရဆို မကြာခင်ရုန်ယီ အိမ်ပြောင်းသွားမည်ဟု ယူဆထားပုံရ၏။ 

သေချာပေါက် ရုန်ယီစိတ်ထဲတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ 

“ဒီလောက်ပါပဲ…”  

ချန်းခယ့်ယောင် သူ့ကိုကြည့်ကာ 

“မေးစရာရှိရင် မေးလေ…”

 ရုန်ယီ မေးစရာရှိနေ၏။ 

(ဥပမာပြောရလျှင် “အရင်က ငါ့ကိုစာပြန်ဖို့သက်သက် မနက်အစောကြီးထခဲ့တာလား…” 

“မင်းအဖေလာဖို့ကို ကာကွယ်ဖို့ ငါ့ကိုငှါးနေခွင့်ပေးတာလား…”

“နေမကောင်းတာကို ဘာလို့ ကုသမှုမခံယူတာလဲ…” )

စသည်ဖြင့်အများကြီးစဉ်းစားပြီးမှ နောက်ဆုံးတွင်ပြောလိုက်၏။ 

“ကားတံခါးပြင်တာ… ဘယ်လောက်ကျလဲ…”

ချန်းခယ့်ယောင် ရုတ်တရက်အံ့ဩသွားကာ ရယ်လိုက်မိသည်။ ရုန်ယီကိုကြည့်ကာ မျက်ခုံးများပင့်လျက် ပြောလိုက်၏။

 “သိပ်မပေးရပါဘူး…”

“……”

ရုန်ယီစိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရသော စိတ်ကြီး ပျောက်သွားတော့သည်။ ချန်းခယ့်ယောင်လိုပင် ခေါင်းညိတ်လိုက်ကာ

“အဲ့ဒါဆို ငါပူစရာမလိုတော့ဘူးပဲ…” ဟုပြောလိုက်၏။ 

ချန်းခယ့်ယောင် သူနောက်လိုက်သည်ကို စိိတ်မဆိုးဘဲ ခေါင်းလေးငုံ့ကာ ရယ်လိုက်ပြီး အိတ်ကပ်ထဲမှဖုန်းကို ထုတ်လိုက်၏။ 

“လိုရမယ်ရ စာချုပ်အသေးစိတ်ကို ယူထားကြတာပေါ့…”

ရုန်ယီ လည်းသူ့ဖုန်းကိုထုတ်ကာ စိတ်ထဲတွင်တော့ ပြောနေမိ၏။

“ဒင်းလည်း ငါ့ဖုန်းနံပါတ်ကို ဖျက်လိုက်တယ်ပေါ့…” 


ချန်းခယ့်ယောင်၏ ဧည့်ခန်းမှာ အလွန်ကျယ်ဝန်းကာ တစ်ဖက်တစ်ချက်တွင် သူတို့၏အခန်းများရှိနေ၏။ တံခါးပိတ်ထားသောအခါ ဘာသံမျှပင်မကြားရသလောက်ဖြစ်သည်။ 

ညသန်းခေါင်အချိန်တွင် ချန်းခယ့်ယောင်ပြောစကားအရ သူမအိပ်သေးကြောင်း သိရ၏။ 

ရုန်ယီ သူ့အခန်းတံခါးကိုဖြည်းဖြည်းလေးဖွင့်လိုက်ကာ ချန်းခယ့်ယောင်အခန်းသို့ လှမ်းကြည့်လိုက်၏။ မှိန်ပျပျမီးရောင်လေးတစ်ခု တံခါးအောက်မှထွက်နေကာ ဘယ်လောက်ပင် နားစွင့်စွင့် အသံလေးလေးသေးတောင် မကြားရချေ။ 

သူတို့ တွဲခဲ့စဉ်က ယခုအချိန်လောက်ဆို ချန်းခယ့်ယောင် သူ့ကို ညအိပ်နှုတ်ဆက်စကား ပြောချိန်ဖြစ်၏။ 

ဒီအချိန် အမှန်တကယ်မအိပ်ကြောင်း သိလိုက်ရသည်။ 

သူတို့တွဲခဲ့သောအချိန်မှာ တိုတောင်းလွန်းသည်။ ပြန်စဉ်းစားကြည့်ပါက ရုန်ယီသူ့အကြောင်းပင် သေသေချာချာမသိမှန်းသဘောပေါက်လိုက်ရသည်။ 

သူကလေးများကို စာသင်ရန် သွားချိန်ကလွဲ၍ ပုံမှန်အချိန်များတွင် ဘာလုပ်တတ်သနည်။ ထိုအလုပ်ကရော အမှန်တကယ်ပင်အချိန်ပိုင်းအလုပ် ဟုတ်ပါရဲ့လား။ 

သိချင်စိတ်များဖြစ်လာပြီးနောက် ရုန်ယီသူ့ကိုယ်သူ စိတ်တိုလာ၏။ 

“ငါက ဘာလို့သူ့အကြောင်းသိချင်ရမှာလဲ…ချန်းခယ့်ယောင် ညတိုင်းအပြင်ထွက်ပြီး သူခိုးလုပ်နေရင်တောင်ငါနဲ့မှမဆိုင်တာ…ငါနေဖို့နေရာ ရှာတွေ့ရင် ချက်ချင်းထွက်သွားမယ်…ပြီးရင် ဒီလူရဲ့ဆက်သွယ်ဖို့အချက်အလက်တွေကို အကုန်ပြန်ဖျက်ပစ်မယ်…” 

ဆက်မတွေးတော့ဘဲ အိပ်ရန်လုပ်လိုက်၏။ 

ရုန်ယီ ထူးဆန်းသောအိပ်ရာပေါ်မှ စောင်အောက်တွင်လဲလျောင်းကာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် အတွေးများကို ပြောင်းပစ်လိုက်သည်။ 

ချန်းခယ့်ယောင်သာ သူခိုးတစ်ယောက်ဖြစ်လျှင် သက်သေရလျှင် သူသေချာပေါက် ရဲသွားတိုင်မည်ဟုစဉ်းစားလိုက်သည်။ 

ရုန်ယီ နောက်တစ်နေ့မနက် အိပ်ရာနိုးလာသောအခါ မရင်းနှီးသောအခန်းဖြစ်သောကြောင့် ထူးဆန်းနေ၏။ သတိရလာသောအခါပင် ထူးဆန်းနေသေး၏။ 

အခန်းထဲမှ ထွက်လာပြီးနောက် တိုက်ခန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ ချန်းခယ့်ယောင်၏ အခန်းတံခါးမှာ ပိတ်ထားဆဲဖြစ်ကာ အသံလည်းလုံးဝမကြားရချေ။ 

ရုန်ယီ တိတ်တိတ်လေးလျှောက်သွားကာ တံခါးတွင် အချိန်ခဏအကြာကပ်၍နားထောင်နေ၏။ ဘာသံမျှမကြားရချေ။ အိမ်မှထွက်လာကာ အလုပ်သို့လာခဲ့၏။ ဖောက်သည်ထံ အီးမေးလ်ပြန်စာပို့ပြီးနောက်တွင်ပင် လျိုယွမ်ဆီမှ ဖုန်းဝင်လာ၏။ 

“မင်း သူ့အိမ်ကိုပြောင်းသွားတယ်လို့ ခယ့်ယောင်ဆီက ကြားတယ်…” 

သူ့စကားပြောပုံက ပျော်ရွှင်နေပုံရ၏။

 “ဘယ်လိုနေလဲ…” 

သူ့လေသံကိုကြည့်ရသည်မှာ ချန်းခယ့်ယောင်ဟိုးအရင်က သူတို့နှစ်ယောက်အကြောင်းကို မပြောပြခဲ့ဖူးသည်မှာ သေချာ၏။

ရုန်ယီ မျက်မှောင်ကြုတ်လျက် မေးခွန်းကို မသိချင်ယောင်ဆောင်လိုက်၏။ “မစ္စတာချန်းက မင်းရဲ့အသိလား…” 

“ခယ့်ယောင်က ငါနဲ့တက္ကသိုလ်တုန်းက အတန်းဖော်လေ…နှစ်ထပ်ခုတင်မှာ အောက်ထပ်မှာအိပ်တယ်ဆိုတဲ့ ကောင်လေးပေါ့…” 

လျိုယွမ်ပြန်ပြောလိုက်၏။ 

“သူ့ကြည့်ရတာ ကြမ်းတမ်းပုံပေါ်ပေမယ့် တကယ်နူးညံ့ပါတယ်..” 

ဘယ်လိုတောင် ထူးဆန်းတဲ့ရည်ညွှန်းချက်ပါလိမ့်။ 

ရုန်ယီ တိတ်တိတ်လေးနားထောင်နေကာ စကားပြောရန် စကားလုံးများကို သေချာရှာပြီး 

“သိနေလား…မစ္စတာချန်းက…သူက…” 

သူ့စကားထစ်နေသည်ကို ကြားပြီးနောက် လျိုဟွမ်လေသံမှာ သိသိသာသာ ပြောင်းလဲသွား၏။ 

“သူက…မင်းကို တစ်ခုခုပြောလို့လား…” 

တစ်ချက် ချောင်းဟန့်ကာ 

“ငါ..မင်းက အိုမီဂါဆိုတာကိုတော့ပြောပြလိုက်တယ်…အာ မပူပါနဲ့ သူကအယ်လ်ဖာဆိုပေမယ့်လည်း…တကယ်တော့…အင်း…” 

နှစ်ယောက်လုံး စကားပြောရပ်သွားပြီးနောက် သူတို့ပြောနေသောအရာများကို ပြောရန်ရှက်ရွံ့နေကြမှန်း သဘောပေါက်သွား၏။ 

ရုန်ယီမှ စတင်၍တိတ်ဆိတ်ခြင်းကို ပြန်လည်ဖြိုခွင်းကာ 

“နှစ်ယောက်လုံးက အယ်လ်ဖာဖြစ်ပြီးတော့…တစ်ခန်းထဲနေခဲ့တာဆိုတော့…သိပြီးလောက်ပြီပေါ့…ဟုတ်တယ်မလား…” 

“…အင်းပေါ့…” 

လျိုယွမ်မှာ ရှက်နေ၏။ 

“အခန်းထဲမှာ လေးယောက်နေတာကို သူငါတို့ထဲက နှစ်ယောက်နဲ့တွဲဖို့ ကြိုးစားဖူးတယ်…” 

Xxxxxx