အပိုင်း ၁၂
Viewers 14k

Chapter 12

အဖြေမှာ ရုန်ယီပင် မထင်ထားသောအဖြေဖြစ်နေ၏။ 

အလွန်အံ့ဩသွားလျက်ပြန်မေးလိုက်သည်။ “မင်းက လွဲပြီးတော့ ကျန်တဲ့နှစ်ယောက်လား…”

လျိုယွမ်အသံမှာ တိုးသွားကာ “ငါလည်းပါတယ်…” 

ရုန်ယီ အံ့ဩသွား၏။ 

“ဒါပေမယ့် တော်တော်လေးကြာပါပြီ…” လျိုယွမ်ဆက်ပြောလိုက်၏။ 

“သူကအဲ့လိုပဲ… သူ့မျက်လုံးထဲ ကြည့်ကောင်းရင် လိုက်ကြူတယ်…ဒါပေမယ့်မင်းစိတ်မဝင်စားဘူးဆိုရင် မြန်မြန်ဘဲ လက်လျော့သွားတတ်တယ်… ဒုက္ခရောက်အောင်တော့ မလုပ်တတ်ပါဘူး…နောက်ပြီးတော့ မင်းက အိုမီဂါဆိုတာလည်းပြောပြထားတော့ မင်းကိုတော့ အဲ့လိုမလုပ်လောက်ပါဘူး…ဒါမှမဟုတ် မင်းဘက်က ကြွေသွားတာများလား…” 

“မဟုတ်ပါဘူးနော်…” ရုန်ယီ အလောတကြီးငြင်းလိုက်၏။ 

“အာ…ဒါပေမယ့် အဲ့လိုဆိုတော့လည်း…မင်းလို အိုမီဂါက သူနဲ့လိုက်ဖက်သားပဲ… သူသာ မင်းပုံစံကိုသဘောကျရင် အယ်လ်ဖာဖြစ်ဖို့မလိုပါဘူး…” ရုတ်တရက်ကြီး လျိုယွမ် မှာစိတ်အားထက်သန်လာပြီး “မင်းလည်း ဟိုတလောကမှ လမ်းခွဲထားတာမလား… အသစ်မြန်မြန်စတာလည်း ကောင်းတာပဲ…” 

“တော်စမ်းပါ…” ရုန်ယီ သူ့ကို အော်လိုက်၏။ “ငါက အမှိုက်ပုံးလား…”

ရုန်ယီ ဖုန်းချလိုက်ပြီးနောက် အလွန်စိတ်ဆိုးနေ၏။ 

ဘာတွေလဲ။ ကြည့်ကောင်းတာနဲ့ လိုက်ကြူတယ်တဲ့လား။ ငါ့ကိုတွဲခဲ့တာကလည်း သူ့မျက်စိထဲအဆင်ပြေရုံ သက်သက်ကြောင့်ပဲလား။ 

အဲ့ဒါကြောင့်လည်း သူတစ်ခုခုအပြောမှားရုံနှင့် ဝေးသွားခဲ့ကြခြင်းဖြစ်မည်။ ချန်းခယ့်ယောင်နှင့်သူက တူညီသောလူတစ်ယောက်တည်းကိုပင် သဘောကျဖူးနေသည်။ 

ရုန်ယီ အခုအချိန်တွင် လျိုယွမ်ကို လုံးဝသဘောမကျတော့သည့်တိုင် ထိုအကြောင်းကိုတွေးမိနေ၏။ 

လျိုယွမ်ဆိုတဲ့ အရူးက ဘယ်လောက်တောင် သဘောထားကြီးနေမည်နည်း။ အယ်လ်ဖာဖြစ်စေ အိုမီဂါဖြစ်စေ ကိုယ့်ကိုသဘောကျကြောင်းပြောခဲ့သူတစ်ယောက်ကို မည်သို့ ညီအစ်ကိုလိုဆက်ဆံနိုင်ရသနည်း။ စိတ်ထဲတွင် ဘယ်လိုမှမနေပေဘူးလားသိချင်မိသည်။ 

ရုန်ယီ စိတ်ထဲတွင် တင်းကြပ်နေကာ နောက်ထပ်ပိုဆိုးသောဖြစ်နိုင်ချေတစ်ခုကိုတွေးမိသောအခါ ပို၍ပင် တင်းကြပ်သွား၏။ 

အကယ်၍ ချန်းခယ့်ယောင် လျိုယွမ်ကိုသူတို့ ဆက်ဆံရေးအကြောင်းမေးသောအခါ တုံးအစွာဖြင့် ချန်းခယ့်ယောင်ကို သူတို့အရင်ကတွဲခဲ့ဖူးကြောင်းကို ပြောလိုက်မည်လား။ ချန်းခယ့်ယောင်စိတ်ထဲတွင်ရော မည်သို့ထင်မည်နည်း။ 

ရုန်ယီ တွေးရုံနှင့်တင်လန့်နေကာ ချက်ချင်းပင် လျိုယွမ်ကိုပြန်ခေါ်လိုက်၏။ ချန်းခယ့်ယောင်ရှေ့တွင် သူ့အကြောင်းကိုမပြောရန်သတိပေးလိုက်သည်။ လျိုယွမ် အကြောင်းရင်းကိုသေချာ မသိသော်ငြားလည်း မပြောရန် သဘောတူလိုက်၏။

လျိုယွမ် ဆက်မေးလိုက်၏။ “ငါကြားတာ မင်းနဲ့ အဲ့ဒီထိပ်ပြောင်ရဲ့တူက ချိတ်မိနေတယ်ဆို…” 

ကျိုးလီ သူ့ကိုချစ်သူအဖြစ်ဟန်ဆောင်ပေးရန် တောင်းဆိုခဲ့သည်ကို ရုန်ယီ သဘောတူခဲ့မိသည်။ 

ထိုအရာက သူ့နေ့စဉ်ဘဝတွင် အနှောင့်အယှက်ဖြစ်လာမည်ဟု ရုန်ယီမထင်ခဲ့ချေ။ သို့သော် ထိုအကြောင်းကို ဦးထိပ်ပြောင်ကကုမ္ပဏီတစ်ခုလုံးကို ဒီလောက်မြန်မြန်လိုက်ဖြန့်လိမ့်မည်ဟု မထင်ခဲ့။ ကံကောင်းစွာဖြင့် သူတို့ကုမ္ပဏီက လျိုယွမ်မှလွဲ၍ မည်သူမျှရုန်ယီ၏ ပုံစံအမှန်ကို မသိချေ။ 

“ငါ စိတ်တောင်ကူးကြည့်လို့မရဘူး… အဲ့ဒီထိပ်ပြောင်ပြောတာ သူ့တူကအိုမီဂါတဲ့…မင်းစဉ်းရောစဉ်းစားကြည့်သေးရဲ့လား…” လျိုယွမ် ပုံစံမှာ စိတ်လေးနေပုံရ၏။ 

“ငါ့ဘဝမှာ နှစ်ခါပဲချစ်ခွင့်ပန်တာ ခံရဖူးတယ်…ပြီးတော့ နှစ်ခါစလုံးက… ငါ့ခန္ဓာကိုယ်က တစ်ခုခုများ မှားနေလား…” 

ရုန်ယီ သူ့ဦးနှောက်တွင်သာတစ်ခုခုမှားနေသည်ဟု ထင်၏။ သို့သော် ထုတ်တော့ မပြောရဲပေ။ 

အလုပ်မှ အိမ်အပြန်တွင် ကျိုးလီသူ့ကို အခြေအနေမေးရန်ဖုန်းဆက်လာ၏။ 

ထိုနေ့က ဖုန်းကိုအမြန်ချလိုက်သော်လည်း နောက်မှ ရုန်ယီ ကျိုးလီကို ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့၏။ ကျိုးလီသူ့အတွက်စိတ်ပူခဲ့သော်လည်း သူကမိသားစုနှင့်အတူနေသူဖြစ်သောကြောင့် သူ့ကိုခေါ်ထား၍မရခဲ့ချေ။ ထို့ကြောင့် အခုတလော သင့်တော်မည့်ငှါးစရာနေရာကိုလည်း ရှာဖွေနေခြင်းဖြစ်ပေသည်။ 

ရုန်ယီခေတ္တနေစရာရသွားသည်ကို ကြားသောအခါ ကျိုးလီ အလွန်ပျော်သွား၏။ ထို့ကြောင့် အလုပ်နားရက်တွင် လာလည်လို့ရမလားဟု မေးလိုက်၏။ 

ကျိုးလီ၏ သူ့အပေါ်ခင်မင်မှုကို ပုံမှန်မဟုတ်ဟုထင်နေသော သူ့ကိုယ်သူ တစ်စုံတစ်ယောက်က သူ့ကိုအန္တရာယ်ပြုရန်ချဉ်းကပ်နေသည်ဟု အထင်မှားသောရောဂါများ ရှိနေပြီလားဟု ရုန်ယီတွေးလိုက်၏။ ထို့နောက် အိမ်ရှင်ကို အဆင်ပြေမပြေမေးရဦးမည်ဟု အကြောင်းပြချက်ပေးကာ တိကျသောအဖြေကို ချက်ချင်းမပေးရသေးချေ။ 

ဖုန်းချလိုက်စဉ် စူပါမားကတ်ကြီးတစ်ခုနားမှ ဖြတ်မိလျက်သားဖြစ်နေ၏။ 

မူလက စတိုးဆိုင်လေးသို့သွားကာ ညစာအတွက်ရိုးရှင်းသောအစားအစာတစ်ခုခုသာ ဝယ်ရန် ရုန်ယီစီစဉ်ထားသော်လည်း ခဏကြာတုန့်ဆိုင်းနေပြီးနောက် စူပါမားကတ်ထဲသို့ ဝင်သွားလိုက်၏။ 

အိမ်ပြန်ရောက်သောအခါ လက်တစ်ဖက်တစ်ချက်တွင် အိတ်တစ်အိတ်စီကိုင်လာကာ အိတ်ထဲတွင် လက်ဆက်သော အသားများနှင့်အသီးအရွက်များဖြင့်ပြည့်နေ၏။ 

ချန်းခယ့်ယောင် အခန်းထဲမှထွက်လာကာ သူမြင်လိုက်ရသည့်မြင်ကွင်းတွင် အံ့ဩသွား၏။ 

“ဘာလုပ်မလို့လဲ…” 

ရုန်ယီ တစ်ချက်ပြန်ကြည့်လိုက်ကာ “ဟင်းချက်မလို့ပေါ့…”

ထို့နောက် ချန်းခယ့်ယောင်၏အကြည့်အောက်တွင်ပင် ခေါင်းမော့ရင်ကော့ကာ မီးဖိုချောင်ထဲသို့ ဝင်သွား၏။ အိတ်ကြီးနှစ်အိတ်ကို မီးဖိုခုံပေါ်တင်ထားလိုက်သည်။ 

ချန်းခယ့်ယောင် မီးဖိုချောင်ထဲသို့လိုက်လာကာ “ တကယ်မီးဖိုချောင် သုံးမလို့လား…” 

“ငါ သုံးလို့ရတယ်ဆို…” ရုန်ယီ သူ့ကိုပြန်ကြည့်ကာ ပြောလိုက်၏။ “မရဘူးလား…”

ချန်းခယ့်ယောင် တစ်ခုခုပြောမည်လုပ်လိုက်သော်လည်း လျှာကိုသာကိုက်လိုက်၏။ 

လွန်ခဲ့သော ရက်အနည်းငယ်က မီးလောင်ကျွမ်းနေသော မီးဖိုချောင်ပုံကို ရုန်ယီ WeChat Moments တွင် တင်ခဲ့ဖူး၏။ ချန်းခယ့်ယောင် ထိုပုံကို ဒီနေ့မြင်သွားပုံရသည်။ 

သူ့မျက်နှာ အမူအရာမှာ လန့်နေပုံရ၏။ 

ရုန်ယီ၏ မကျေနပ်သောအကြည့်ကြောင့် တုန့်ဆိုင်းနေကာ မေးလိုက်၏။ “ငါဘေးနားမှာ ထိုင်ကြည့်နေလို့ရလား…” 

ရုန် ပုခုံးတွန့်ပြကာ “ရပါတယ်ကြည့်ပေါ့…” 

ရုန်ယီတွင် ဝါသနာများများစားစားမရှိ သို့သော်အချိန်တော်တော်များများကို ချက်ပြုတ်ရင်းကုန်ဆုံးခဲ့၏။ ထိုအရာမှာ သူလုပ်ပျော်သောအရာဖြစ်ပြီး ယုံကြည်ချက်လည်းရှိ၏။ ချန်းခယ့်ယောင် မနေ့ကသူ့ဟင်းချက်စွမ်းရည်ကို မေးခွန်းထုတ်လိုက်ခြင်းကသူ့ကိုတော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားစေ၏။ ထို့ကြောင့် သူဟင်းချက်နိုင်ကြောင်းကို သက်သေပြချင်၏။ 

သို့သော် ချန်းခယ့်ယောင်သူ့နောက်မှကြည့်နေခြင်းက သူ့ကိုအနည်းနှင့်အများတော့ စိတ်လှုပ်ရှားနေစေ၏။ 

ရုန်ယီ သူ့ဟင်းချက်စွမ်းရည်ကို ထုတ်ပြချင်သည်။ ဟင်းချက်ဓားကို ထုတ်ယူလိုက်ကာ တို့ဖူးခြောက်ကို အမျှင်လေးများဖြစ်သည်အထိ ခုတ်ထစ်လိုက်၏။ ချက်ပြုတ်နေရင်း ချန်းခယ့်ယောင်မြင်ရအောင် ပြရသေးသည်။ 

“ဘာချက်နေတာလဲ အဲ့လောက်မျှင်မျှင်လေး လုပ်ဖို့လိုလို့လား…” ချန်းခယ့်ယောင်လှမ်းမေးလိုက်၏။ 

“မင်းနဲ့မဆိုင်ပါဘူး အဲ့လိုလုပ်ရတာကိုကြိုက်လို့… အကုန်လုံးပြောပြနေရမှာလား….”

ရုန်ယီ တို့ဖူးမျှင်များပြည့်နေသော ပန်းကန်လုံးကိုငုံ့ကြည့်ကာ ခဏတာ တုန့်ဆိုင်းသွား၏။ 

“အဲ့လို မွှေလိုက်ရင် အကုန်ကြေကုန်မှာပေါ့…” ချန်းခယ့်ယောင် ထပ်ပြောပြန်၏။ 

ဒီလူမှာ အဲ့လောက်စိတ်ရှုပ်စရာကောင်းမှန်း ဘာကြောင့်များ မသိခဲ့ရပါလိမ့်။ ရုန်ယီ မပျော်တော့။ ပန်းကန်လုံးကို မီးဖိုခုံပေါ်ပစ်တင်ကာပြန်ပြောလိုက်၏။ 

 “ငါလုပ်ရင် မဖြစ်ဘူး…”

သူဆေးထားသော တရုတ်နံနံပင်ကို ယူလိုက်ကာ စဉ်းတီတုံးပေါ်တွင် တင်ထားလိုက်၏။ ချန်းခယ့်ယောင်ကို လှည့်ကြည့်ကာမေးလိုက်၏။ 

“ဆက်ကြည့်နေဦးမှာလား…”

“…တကယ်တော့ ငါမင်းကို ပြောစရာရှိလို့…” ချန်းခယ့်ယောင် ပြောလိုက်၏။ 

“အဲ့ဒါဆို ပြောလေ…”

“အခုပြောလိုက်ရင် စိတ်ရှုပ်သွားမှာစိုးလို့…” ချန်းက စဉ်းတီတုံးကို ညွှန်ပြကာ “အရင်ပြီးအောင်လှီးပါ…” 

ရုန်ယီ ဓားကိုမကာ လှည့်ကြည့်လိုက်ပြီးနောက် တရုတ်နံနံပင်ကို အားရပါးရ လှီးတော့သည်။ 

“ဗုန်း” တရုတ်နံနံပင်မှာ ထက်ဝက်ပျက်သွား၏။ 

ခုတ်ပြီးသား ဝက်သားဝယ်လာသည်ကိုပင် နောင်တရမိသည်။ ဒီလူသာ တစ်ချိန်လုံးထိုင်စောင့်ကြည့်နေမည်ကို ကြိုသိလျှင်ဝက်သားအတုံးလိုက်ဝယ်လာကာ သူ့ရှေ့တွင် နုတ်နုတ်စင်းပြမည် ဖြစ်၏။ 

သူလှီးဖြတ်ပြီးသွားသည့်အချိန်ထိ ချန်းခယ့်ယောင်မှာ တံခါးဘောင်ကို မှီကာရပ်နေ၏။ “ဘယ်အချိန်ထိ ကြည့်နေဦးမှာလဲ…” ရုန်ယီမေးလိုက်တော့သည်။ 

“မင်းကတကယ်တော်တာပဲ…” သူ့လေသံမှာ စိတ်ရင်းနှင့်ပြောနေပုံရ၏။ “ငါ အတူတူနေစရာလူရှာနေတယ်ဆိုတာက လျိုယွမ်ပြောတာလား…” 

မျှော်လင့်မထားသော မေးခွန်းဖြစ်သည့်အတွက် ရုန်ယီမျက်နှာပူသွားကာ ရုတ်တရက်ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။ထို့နောက် လှည့်ကြည့်လိုက်၏။ 

“…ဟုတ်တယ်…သူပြောတာ…”

“နေပါဦး မင်းဒီလောက်အများကြီးချက်နေတာ တစ်ယောက်တည်း ကုန်ပါ့မလား…” ချန်းခယ့်ယောင် ဆက်ပြော၏။

 “နောက်ကျရင် ငါပစ္စည်းဖိုးပေးမယ်…မင်းကချက်ပြီးတော့ အတူတူစားကြရင်… ဘယ်လိုသဘောရလဲ…” 

“…စဉ်းစားကြည့်မယ်လေ” ရုန်ယီသူ့ကိုကျောပေးလျက် “ခုနက ဘာပြောမလို့လဲ…” 

ချန်းခယ့်ယောင် အကြောင်းမရှိဘဲ ချောင်းဟန့်ကာ “ဒီမှာ အခုတလော အိမ်ဖောက်ထွင်းတာတွေရှိနေလို့…” 

“…အော်..” ရုန်ယီ ခေါင်းပင်မမော့ဘဲ အသီးအရွက်များလုပ်နေရင်း ပြန်ပြောလိုက်၏။ “အဲ့ဒီတော့…”

“မလုံခြုံဘူး ခံစားရလို့ ကင်မရာနှစ်လုံး အခန်းမှာ တပ်လိုက်တယ်…” 

“မပူပါနဲ့ မင်းအခန်းရယ် ရေချိုးခန်းရယ်ထဲမှာ မတပ်ထားပါဘူး…” ချန်းခယ့်ယောင် မီးဖိုချောင်ထဲမှထွက်ကာ ဧည့်ခန်းထောင့်တစ်နေရာသို့ ညွှန်ပြလိုက်ပြီး “တစ်ခုက တံခါးဝမှာ… တစ်ခုက ဒီနားမှာ…” 

“မနေ့ညက အစည်းအဝေးတစ်ခု ရှိနေတော့…” ချန်းခယ့်ယောင် ဆက်ပြော၏။ 

“ညဘက်ကျ အခန်းအပြင်ဘက်ထွက်တာတို့ဘာတို့ ရိုက်မိနေမှာဆိုတော့ ကြိုပြောထားတာပါ…” 

သူပြောပုံအရဆိုလျှင် ညကသူဧည့်ခန်းထဲ လျှောက်သွားကာ သူ့တံခါးနားတွင်ချောင်းနားထောင်နေသည်ကို ချန်းခယ့်ယောင် မြင်ပြီးဖြစ်ပေမည်။ 

‘အဲ့ဒါကြောင့် ငါ့ကို ဓားသုံးပြီးမှ ပြောတာကိုး…’

ရုန်ယီ့နားရွက်များ နီရဲလာသည်ကို မြင်သောအခါ ချန်းခယ့်ယောင် မှနောက်ထပ် ချောင်းတစ်ချက်ဟန့်၍ “အများကြီးဝယ်လာတာပဲ…ငါရော စားလို့ရမလား…ရတယ်ဆို အပြင်ကစောင့်နေမယ်လေ ထွက်ဝယ်စရာမလိုတော့ဘူးပေါ့…” 

“…ဒီနေရာကနေသာ ထွက်သွားလိုက်ပါတော့…” ရုန်ယီ ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်၏။ 

တို့ဖူးခြောက်မှာ အမှန်ပင်ထိုမျှမျှင်မျှင်လေး လုပ်စရာမလိုပေ။ 

သို့သော် ချန်းခယ့်ယောင် အစားအသောက်အကြောင်းထပ်မမေးတော့။ အပြင်အစားအသောက်များစားရသည်ကို အလွန်ငြီးငွေ့နေပြီ ဖြစ်သောကြောင့် အတူတူနေရန်လူရှာလိုက်ခြင်းဖြစ်ကာ အရသာရှိသော ထမင်းစားပွဲတစ်ခုကို အလွန်တောင့်တခဲ့ခြင်းဖြစ်၏။ 

ရုန်ယီ ဘာမှမမဖြစ်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့ ထမင်းဝိုင်းအတွက် ဂုဏ်ယူနေမိ၏။ 

ထမင်းစားနေရင်း ဒီအပတ်ပိတ်ရက်တွင် လာလည်ရန် အဆင်ပြေမပြေမေးထားသော ကျိုးလီ၏ စာတစ်စောင်ရောက်လာ၏။

ရုန်ယီ ကျိုးလီ၏ စိတိအားထက်သန်မှုကို သံသယရှိနေသေးသည့်တိုင် ချက်ချင်းစာပြန်လိုက်၏။ 

နံရိုးကိုက်နေသော ချန်းခယ့်ယောင်မှာ ရုတ်တရက်အံ့ဩသွားကာ ပါးစပ်ထဲမှ စားစရာကို မြိုချလိုက်ပြီး ဟင်းရည်တစ်ဇွန်းသောက်ပြီးသည့်နောက်မှ ပြန်ပေးလိုက်၏။ “ညအိပ်လား…” 

သူဆိုလိုခဲ့သည်မှာ ညအိပ်အလည်ခေါ်ခြင်း မဟုတ်ခဲ့ပေ။ 

သို့သော် သူ့မျက်နှာအမူအရာကို မြင်ပြီးနောက် ရုန်ယီ “…ညအိပ်လည်း ဟုတ်ရင်ဟုတ်မှာပေါ့…” ဟုဖြေလိုက်၏။ 

ချန်းခယ့်ယောင် ခဏအကြာငြိမ်နေပြီးမှ “မရဘူး…” ဟု ဖြေလိုက်၏။ 

ရုန်ယီ ဘာမှပြန်မပြောသောကြောင့် တစ်ချက်မော့ကြည့်ပြီး ပြန်ငုံ့သွား၏။ 

ရုန်ယီ ပြန်၍မကျေမနပ်ဖြစ်သွား၏။ 

သူ့စိတ်ကိုလည်း သူမသိဖြစ်နေ၏။ ချန်းခယ့်ယောင် အပေါ်ဘာစိတ်မရှိတော့တာမှန်သော်လည်း ဒီအယ်လ်ဖာ ပြောသမျှ လုပ်သမျှတိုင်းက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေ၏။

ချန်းခယ့်ယောင် သူငယ်ချင်းမခေါ်ရဟုပြောသောအခါ သူမကျေမနပ်ဖြစ်မိ၏။ သူ့ကိုအနှောင့်အယှက်မဖြစ်လျှင်ခေါ်ရသည်ဟုပြောသောအခါ ပို၍မကျေမနပ်ဖြစ်မိလေသည်။ 

သူမကျေမနပ်ဖြစ်နေသည်မှာ ချန်းခယ့်ယောင်ကိုယ်တိုင်ပင် ဖြစ်နိုင်၏။ 

ထူးဆန်းသော အိပ်ရာတွင် ဒုတိယညဖြစ်ပြီး ရုန်ယီပထမညကထက် ပို၍လူးလှိမ့်နေသည်။ 

ဧည့်ခန်းထဲက ကင်မရာကြောင့် အပြင်ထွက်၍လည်းမရ အခြားအခန်းတွင် ဘာဖြစ်နေသည်ကိုလည်း ချောင်းကြည့်၍မရ ဖြစ်နေသည်။ 

ညမှာ တိတ်ဆိတ်နေ၏။ စောင်ထဲတွင် ရစ်ပတ်နေကာ ချန်းခယ့်ယောင် သူချောင်းကြည့်သည်ကို မြင်သွားသည်ကို ပိုစဉ်းစားလေပိုရှက်လေဖြစ်နေသောကြောင့် ထိုနေရာတွင်ပင် သေချင်စိတ်ပေါက်နေ၏။ 

ရုန်ယီ မှာပန်ကိတ်လိုပင် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လုပ်နေကာအတော်လေးကြာမှ အိပ်ပျော်သွား၏။ သို့သော် သူ့စိတ်ထဲတွင်ရှိနေသော ရှုပ်ထွေးသည့်အရာများကြောင့် မကြာခဏနိုးနိုးလာသေးသည်။ 

သူ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည်မှာ မည်မျှကြာပြီကို သူမသိ။ သူရုတ်တရက် သတိရလာသောအခါ အခန်းထဲတွင်တစ်ယောက်ယောက်ရှိနေသည်ကို သတိထားမိသွား၏။ 

ပထမဆုံး အသံကြားရသောအခါ နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေသေး၏။ သူ့အခန်းတံခါးမှာ ပွင့်သွားကာ ပြန်ပိတ်သွားသည်ကို ဝိုးတဝါးလေး သိလိုက်သည်။ အမြင်ကြည်လာပြီး မျက်လုံးများ သေချာဖွင့်လိုက်သောအခါ ပြတင်းပေါက်မှဖြတ်လာသောလရောင်မှိန်မှိန်အောက်တွင် လူပုံသဏ္ဍာန်ကို တွေ့လိုက်ရ၏။ 

ထိုလူမှာ အိပ်ရာဘေးတွင်ရပ်နေကာ ရှေ့သို့ကုန်းလျက် ရုန်ယီ့ကို ကြည့်နေ၏။ 

အိမ်မှာ သူကလွဲပြီး မည်သူရှိသနည်း။ ဟို အယ်လ်ဖာများလား။ 

Xxxxxx