Chapter 13
သူခိုးကို သတိမေ့အောင် လုပ်လိုက်လို့မရဘူးလား
ထိုသို့ ညဉ့်နက်လှသောညတစ်ညတွင် တစ်ကိုယ်တည်းသမား အယ်လ်ဖာနှင့် အထီးကျန်နေသော အိုမီဂါသာရှိနေစဉ် အခန်းထဲသို့ဘာရည်ရွယ်ချက်ဖြင့်ဝင်လာပါလိမ့် ဟု ရုန်ယီတွေးနေ၏။
ရုန်ယီ အိပ်ရာပေါ်တွင်သာ လှဲနေကာ သူ့အိပ်ရာဘေးက အရိပ်မည်းကြီးကို ခိုးကြည့်နေ၏။ နှလုံးခုန်သံမှာ မြန်နေပြီး ချန်းခယ့်ယောင် ရုတ်တရက်စိတ်ပြောင်းကာ သူသည် အိုမီဂါတစ်ယောက်အနေဖြင့် မည်မျှသင့်တော်သော လက်တွဲဖော်မှန်း သဘောပေါက်သွားလေပြီလားဟုတွေးနေမိသည်။ သို့သော် အရမ်းမမြန်လွန်းဘူးလား။ ရုန်ယီထိုအခြေအနေအတွက် အဆင့်သင့်မဖြစ်သေးပါ။
“မဟုတ်သေးဘူးလေ…မဟုတ်ဘူး…”
ရုန်ယီ သူ့ကိုယ်သူ လွယ်ကူသောသူတစ်ယောက်မဖြစ်စေရန် ဆုံးဖြတ်လိုက်၏။ ချန်းခယ့်ယောင်စိတ်တိုင်းကျ ပေါ်လာလိုက် ပျောက်သွားလိုက် အဖြစ်မခံနိုင်သောကြောင့် စောင်ကိုသာ အပေါ်သို့တင်ပြီး ခြုံလိုက်သည်။
အခြား ပြဿနာများခဏမေ့ကာ အကယ် ချန်းခယ့်ယောင် သူ့အပေါ်အန်ချလျှင် ဘယ်လိုလုပ်မလဲဟု တွေးမိသွား၏။
သို့သော် ချန်းခယ့်ယောင်မှာ အလွန်သန်မာ၏။ သူပြန်ချလျှင်တောင် ချန်းခယ့်ယောင်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ ချန်းခယ့်ယောင်သာ သူ့ကို ဒီနေရာမှာ ဒုက္ခပေးရန်ကြံစည်လျှင် သူဒီနေရာမှာတင် ဘဝဆုံးမည်ဖြစ်၏။ ဦးနှောက်မရှိသော အရူးတစ်ယောက်လို အယ်လ်ဖာတစ်ယောက်အိမ်ကို ရူးမိုက်စွာ ပြောင်းခဲ့မိပေပြီလား။
ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နေစဉ် သူ့ကိုစိုက်ကြည့်နေသော အရိပ်မည်းကြီးမှာ နောက်ဆုံးတွင်ရွေ့သွား၏။
ထိုသူ၏လှုပ်ရှားမှုကို မြင်ရသောအခါ ရုန်ယီအလွန်အမင်း ထိတ်လန့်နေ၏။ သို့သော် ထိုလူမှာဖြည်းဖြည်းချင်းလှည့်သွားကာအိပ်ရာဘေးမှဗီဒိုဆီသို့သွားပြီး ကုန်းလိုက်သောအခါ ရုန်ယီ ဝေခွဲမရဖြစ်သွား၏။
ရုန်ယီ အိမ်သို့ရောက်သည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး အိပ်သေးသေးလေးသာ ပါလာခဲ့၏။ ဗီဒိုကိုဖွင့်ပင်မကြည့်ရသေးသောကြောင့် အထဲတွင် ဘာရှိလဲပင် သူမသိချေ။
ထိုလူမှာ အသက်အောင့်ကာ ဗီဒိုကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် အလွန်တိုးသော ဆဲရေးသံတစ်ခု ထိုလူဆီမှ ထွက်လာ၏။
အလင်းရောင်လည်းမရှိ မျက်လုံးကိုလည်း အပြည့်အဝဖွင့်ကြည့်ရန်မရဲသောကြောင့် ရုန်ယီ ယခုအထိ ဝိုးတဝါးသာမြင်နေရသည်။ သို့သော် ထိုအသံကို ကြားလိုက်သောအခါ ရုန်ယီအတော်လေး ထိတ်လန့်သွား၏။
ဆဲသံမှာ ထင်ရှားသော်လည်း အလွန်တိုး၏။ ရုန်ယီ ချန်းခယ့်ယောင်၏အသံကို အတော်လေးသဘောကျခဲ့၏။ အသံနိမ့် ခပ်ဩဩလေးက အလွန်ဆွဲဆောင်မှုရှိကာ ရုန်ယီ နှလုံးသားထဲကပင် အတော်လေးနှစ်ခြိုက်ခဲ့ရသည်။ ချန်းခယ့်ယောင်စကားပြောနေသည်ကို အနီးကပ်ကြားရတိုင်း နှလုံးသားက အရည်ပျော်မတတ်ပင် ဖြစ်ခဲ့ရ၏။
သို့သော် ထိုလူ၏အသံမှာ အလွန်မနှစ်မြို့ဖွယ်ကောင်းနေ၏။ ယခုလိုညနက်အချိန် သူ့အခန်းထဲကိုဝင်လာကာ ဗီဒိုကိုမွှေနှောက်နေသော ထိုလူမှာ မည်သူနည်း။
ရုန်ယီ ရုတ်တရက် ချန်းခယ့်ယောင်သူ့ကို မီးဖိုခန်းထဲတွင် ပြောခဲ့သည်ကို သတိရသွား၏။
အခုတလော ပတ်ဝန်းကျင်မှာ အိမ်များကို ဖောက်ထွင်းမှုများရှိနေသည် မဟုတ်ပါလား။
ရုန်ယီ ထိတ်လန့်နေစဉ်မှာပင် ဗီဒိုထဲ၌ဘာမှရှာမတွေ့သော သူခိုးက ကုန်းရှာနေရာမှပြန်ထကာ အဝတ်ဗီဒိုဆီသို့ လျှောက်သွား၏။
ရုန်ယီ မျက်လုံးကို ဖြည်းဖြည်းလေးဖွင့်ကြည့်ကာ ထိုလူကို သေချာကြည့်ကြည့်၏။ ကြည့်လိုက်မှ ထိုလူ၏အသွင်အပြင်ဝတ်စားပုံမှာ ချန်းခယ့်ယောင်နှင့် မိုးနှင့်မြေလို ကွာခြား၏။ ရုန်ယီ ခုနက သူထင်ခဲ့သော စိတ်ကူးကြောင့် အနည်းငယ်ရှက်မိသွားလေသည်။
သူထိုသူခိုးကို သူ့ဗီဒိုကိုဖွင့်ကာ လက်နိုက်နေသည်ကို မြင်လိုက်သောအခါ ရုန်ယီ ဒေါသထွက်သွား၏။
သူစိမ်းတစ်ယောက်မှာ သူ့အဝတ်အစားများကို ထိကြည့်နေရုံသာမက အိတ်ကပ်များကိုပင်အကုန်နှိုက်ကြည့်နေပုံရ၏။ အလွန်ဒေါသထွက်စရာပင်ဖြစ်သည်။ ရုန်ယီ သူ့ခန္ဓာကိုယ် အရွယ်အစားနှင့် ထိုလူကို ယှဉ်ကြည့်ကာ ရင်ဆိုင်ရလောက်မည်ဟု ထင်လိုက်၏။ ဘေးဘီကို အမြန်ကြည့်လိုက်သော်လည်း သူ့လက်လှမ်းမီသောနေရာတွင် တိုက်ခိုက်နိုင်လောက်စရာ လက်နက်မရှိပေ။စိတ်မအေးစရာပင်ဖြစ်၏။
ထိုလူ ဗီဒိုထဲသို့ လက်နိုက်နေတုန်းကို မြင်ရသောအခါ ရုန်ယီ မတ်တပ်ထရပ်ရန် လုပ်နေတုန်းမှာပင် ရုတ်တရက် “ခလွမ်း” ဆိုသောအသံကို ကြားလိုက်ရ၏။
အခန်းထဲမှ လူနှစ်ယောက်လုံး ရပ်နေသောသူရော လှဲနေသောသူပါ ထိတ်လန့်သွား၏။ သူခိုးဖြစ်သူမှာ ထိုင်ချလိုက်ကာ ကြမ်းပြင်ပေါ်မှ တစ်ခုခုကို ကောက်ကိုင်လိုက်၏။
ထိုအရာနှင့်အတူ မတ်တပ်ထရပ်ကာ ရုန်ယီလှဲနေသောနေရာသို့ ကြည့်လိုက်ချိန်တွင် ရုန်ယီမှာ ငုတ်တုတ်ထထိုင်ကာ မျက်လုံးပွင့်လျက် သူခိုးဘာကိုင်ထားလဲကို ကြည့်နေ၏။
ရုန်ယီ မှိန်ပြပြအခန်းထဲတွင် အေးစက်နေသော ရောင်ပြန်ဟပ်မှုနှင့်အတူ မြင်လိုက်ရ၏။
၂၀ စင်တီမီတာခန့်ရှည်သော ချွန်ထက်နေသည့် မီးဖိုချောင်ဓားကို ကြမ်းပြင်ပေါ်မှ ကောက်ကိုင်လိုက်ခြင်းဖြစ်၏။ သူမှတ်မိတာမှန်လျှင် ညက ရုန်ယီ ဟင်းသီးဟင်းရွက်များ လှီးဖြတ်ရန်သုံးခဲ့သော ဓားဖြစ်သည်။ အလွန် ချွန်ထက်သော ဓားဖြစ်၏။
ထိတ်လန့်စရာ အဖြစ်အပျက်ကြားထဲတွင် ရုန်ယီဦးနှောက်မှာ ဗလာဖြစ်သွား၏။ ကံကောင်းစွာပင် သူခိုးမှာလည်း သူ့လောက်ပင်ပြာပြာသလဲဖြစ်သွားပုံရ၏။
သို့သော် တစ်ယောက်မှာ သေစေနိုင်သောလက်နက်ကို လက်ဝယ်ရှိနေကာ တစ်ယောက်မှ လက်ဗလာဖြစ်နေခြင်းက သူတို့နှစ်ဦး၏ယုံကြည်ချက်ရှိမှုကွာဟချက်ကို ဖြစ်သွားစေ၏။
တစ်ယောက်ကိုတစ်ယောက် ခဏကြာ စိုက်ကြည့်နေပြီးနောက် သူခိုးမှာရုတ်တရက် သူ့ပေါ်ကိုဓားဝှေ့ယမ်းလိုက်ချိန်တွင် ရုန်ယီအလွန်ပင် ကြောက်လန့်သွား၏။
“မင်း…မင်း…မင်း မလှုပ်နဲ့…”
ဓားမှာ သူခိုး၏လက်ထဲတွင် ထိန်းမရအောင် လှုပ်ယမ်းနေ၏။
“မင်း…မင်း ဝပ်နေ…!”
ရုန်ယီ သူပြောသောစကားများမှာ ဆန့်ကျင်ဘက်ဖြစ်နေမှန်း သတိထားမိ၏။ သို့သော် ယခုအခြေအနေတွင် ဘာမှမပြောသည်ကပိုကောင်းမည်ဟု ထင်လိုက်၏။
ထို့နောက် သူခိုးမှာ တံခါးဘက်သို့ဖြည်းဖြည်းချင်းနောက်ဆုတ်သွားကာ ဘာမှန်းမသိသောအရာတစ်ခုကြောင့် ခလုတ်တိုက်မိပြီးခြေချော်ကာ တစ်ကိုယ်လုံးနောက်ပြန်လှန်ကျသွားခဲ့၏။
ထိုအချိန်တွင် ရုန်ယီအခွင့်ကောင်းယူကာ သူ့စောင်ကို လှမ်းပစ်လိုက်ပြီး အိပ်ရာပေါ်မှ ခုန်ထလိုက်၏။ ထို့နောက် သူခိုးကို ခြေဖြင့်ဆောင့်ကန်လိုက်သော်လည်း ပင်ပန်းထားပြီး အိပ်ရေးမဝသော အရှိန်ကြောင့် သူခိုးမှာ အနည်းငယ်သာ နောက်ရောက်သွားပြီး လုံးဝလဲကျမသွားခဲ့ချေ။
သူခိုးမှာ ခြေချော်မလိုဖြစ်သွားသော်လည်း ဓားကိုတော့ လက်ထဲတွင်တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ ရုန်ယီ၏ ကန်ချက်ကြောင့်တံခါးကိုဝင်ဆောင့်ပြီးသောအခါ ဒေါသထွက်သွားပြီး ရုန်ယီ့ဆီသို့ဦးတည်ကာ ဓားကိုဝှေ့ယမ်းတော့သည်။
ရုန်ယီလည်း ပျာယာခက်သွားကာ ခေါင်းအုံးကို ကောက်ကိုင်ပြီး သူခိုးကိုပစ်လိုက်၏။ ထို့နောက် စောင်ကြီးကိုပြန်ယူကာ ခေါင်းပေါ်တွင်ခြုံလိုက်သည်။
ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။
“ရုန်ယီ…”
အပြင်ဘက်မှ သူရင်းနှီးသော သာယာသော ချိုသာသော ခပ်ဩဩအသံကိုကြားလိုက်ရ၏။
“အဆင်ပြေရဲ့လား…”
ရုန်ယီ သူ့ခေါင်းပေါ်တွင် စောင်ကြီးခြုံထားလျက် အသံပြင်းပြင်းရှူကာ အော်ပစ်လိုက်၏။
“သူခိုး…”
ရုန်ယီ နောက်စက္ကန့်အနည်းငယ်အတွင်း ဘာဖြစ်သွားသည်ကို မမြင်လိုက်ရချေ။
သူ့မြင်ကွင်းကို စောင်ဖြင့်ကာထားသောကြောင့် တံခါးပွင့်သံကိုသာ ကြားလိုက်ရကာ သူ့ရှေ့မှသူခိုး၏ ဆဲသံကိုလည်း ထပ်ကြားရပြန်သည်။ အသံအရ နှစ်ယောက်သား သတ်ပုတ်နေကြဟန်တူ၏။ ချန်းခယ့်ယောင် မှာ သူ့နာမည်ကို အော်ခေါ်နေသည်။
ရုန်ယီ စောင်ကိုမလိုက်သောအခါ “ခလွမ်”ဆိုသောအသံကို ကြားလိုက်ရပြန်သည်။
သူခိုး၏ လက်နက်ကြမ်းပြင်ပေါ်သို့ ကျသွားသောအချိန်လည်းဖြစ် နှစ်ယောက်တစ်ယောက်လည်း ဖြစ်နေချိန်တွင် ရုန်ယီအကြောက်တရားမရှိတော့။ သို့သော် သူထ၍ကန်ရန် လုပ်ချိန်တွင် သူခိုးမှာကြမ်းပြင်ပေါ်တွင် လဲနေပေပြီ။
အမှောင်ထဲတွင် ချန်းခယ့်ယောင်က သူခိုးပေါ်တွင်တက်ဖိထားသည်ကို ရုန်ယီ ဝိုးတဝါးလေးမြင်လိုက်ရ၏။ သူခိုးမှာ ဒေါသထွက်လျက် ဆဲဆိုကာ ရုန်းကန်နေ၏။ သို့သော် ချန်းခယ့်ယောင်မှာ ကျွမ်းကျွမ်းကျင်ကျင်ပင် ချုပ်ထားနိုင်သည်။
“အဆင်ပြေရဲ့လား…”
ချန်းခယ့်ယောင် အမှောင်ထဲမှ ရုန်ယီ ကိုလှည့်ကြည့်ကာ မေးလိုက်၏။
“ထိခိုက်သွားသေးလား… ထနိုင်သေးလား…”
တုန်ရီနေသော ရုန်ယီမှာ ခေါင်းညိတ်လျက် ပြောလိုက်၏။
“အဆင်ပြေပါတယ်…”
“အဲ့ဒါဆိုလည်း ဒီတိုင်းရပ်မနေနဲ့ ရဲခေါ်လေ…”
ချန်းခယ့်ယောင် ပြောလိုက်သည်။
ရုန်ယီ ကြောင်နေရာမှ သတိဝင်လာကာ ချန်းခယ့်ယောင်ကို တစ်ချက်ကြည့်ပြီး ခေါင်းအုံးဘေးမှ ဖုန်းကိုကောက်ယူလိုက်သည်။ပြတင်းပေါက်မှ ဖြတ်ဝင်လာသော လရောင်မှာ တောက်ပနေကာ ချန်းခယ့်ယောင်မျက်နှာပေါ်သို့ဖြာကျလျက် သူ့အသားအရေကိုဖြူဖွေးနေစေ၏။
သို့သော် သူ၏ချောမွေ့နေသော မျက်နှာ၏အခြားတစ်ဖက်တွင် ထင်ရှားသောဒဏ်ရာကြီးတစ်ခုရှိနေကာ သွေးများက အောက်သို့စီးကျနေ၏။
ရုန်ယီ ၁၁၀ ကို ဖုန်းဆက်လိုက်သည်။ ရဲများကို အခြေအနေကို ရှင်းပြရင်း မီးဖွင့်ရန် ခလုတ်များဆီသို့ လျှောက်စွား၏။ ကြောက်လန့်နေသော အရှိန်ဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။
တစ်ဖက်မှ ရဲ၏အသံကို ကြားလိုက်ရ၏။ “ဘာများဖြစ်လို့ပါလဲ ခင်ဗျ…”
“ဟုတ်ကဲ့…”
ရုန်ယီ ခေါင်းညိတ်ကာ
“ဒီ…ဒီကို မြန်မြန်လာပေးရင် ကောင်းမယ် လူတွေထိခိုက်မိထားလို့ပါ…”
ရုန်ယီ ဖုန်းချပြီးသောအခါ ချန်းခယ့်ယောင်သူ့ကို ကပျာကယာကြည့်လျက်ပြောလိုက်၏။
“ခုနကပြောတော့ မထိခိုက်မိဘူးဆို…”
ရုန်ယီ သူ့မျက်နှာမှသွေးများစီးကျနေသည်ကိုကြည့်ကာ ရယ်ရမလို ငိုရမလိုဖြစ်နေ၏။
သူ့လုပ်နည်းလုပ်ဟန်မှာ သာမန်မြင်ဖူးနေကျပုံစံပင်ဖြစ်၏။ လူကိုကြမ်းပြင်တွင်ဖိကာ လက်ကိုပြောင်းပြန်လှန်လိမ်လျက်တိုက်ခိုက်နိုင်စွမ်းမရှိအောင်ချုပ်ထားခြင်းဖြစ်သည်။
“အဲ့ဒါကြောင့် ပါးက ယားနေတာကိုး…”
သူခိုးကိုငုံ့၍ စကားပြောလိုက်၏။
“ဓားက ဘယ်ကရလာတာလဲ ဟေ့လူ… ထက်သားပဲ…”
ရုန်ယီ သူအိမ်မှုကိစ္စမလုပ်သည်မှာအိမ်ကဓားပင် မမှတ်မိရကောင်းလားဟု ချန်းခယ့်ယောင်ကို စောဒက တက်ချင်သော်လည်း မပြောလိုက်ပေ။ မကျေမနပ်ဖြင့်သာ ချန်းခယ့်ယောင်ကို ပြောလိုက်၏။
“သူခိုးကို သတိမေ့အောင် လုပ်လိုက်လို့မရဘူးလား…”
“မလုပ်ပါဘူး…”
ချန်းခယ့်ယောင် သူခိုးကို ငုံကြည့်ကာ ပြောလိုက်၏။
“မတော်တဆ သတ်မိသွားရင် ဘယ်လိုလုပ်မလဲ…”
ထိုစကားကိုကြားသောအခါ သူခိုးမှာ ရုန်းနေသည်ပင်ရပ်တန့်သွားလေသည်။
ရုန်ယီ ခဏကြာငြိမ်သွားပြီးမှ ဧည့်ခန်းထဲသို့သွားကာ ဗီဒိုများကို မွှေနှောက်ရှာဖွေတော့၏။
“မင်းပြောတဲ့ အရေးပေါ်ကုသတဲ့ဆေးဘူးက ဘယ်နားမှာလဲ…”
“…”
ချန်းခယ့်ယောင် ခဏကြာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။
“ဆိုဖာဘေးက ဗီဒိုလားမသိဘူး…”
ရုန်ယီ ဖွင့်ကြည့်လိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
“ဘာတွေလဲ…ရှုပ်ပွနေတာပဲ…”
“ဟုတ်လား…အဲ့ဒါဆို ဘေးကဟာကို ကြည့်ကြည့်ပါလား…ဧည့်ခန်းထဲမှာတော့ ရှိမှာပါ…”
အခန်းမှာ သန့်ရှင်းသပ်ရပ်နေပုံပေါ်သော်လည်း အံဆွဲနှင့် ဗီဒိုများကိုဖွင့်လိုက်သောအခါ အမှိုက်ပုံလိုဖြစ်နေ၏။
ချန်းခယ့်ယောင်၏ သန့်ရှင်းရေးနည်းလမ်းမှာ “မျက်စိထဲမမြင်ရလျှင် ပြီးရော” ဖြစ်၏။ အချိန်အကြာကြီးရှာပြီးနောက်သာမိုမီတာတစ်ချောင်းနှင့် ရက်လွန်နေသော တုပ်ကွေးပျောက်ဆေး ဘူးတစ်ဝက်ကိုသာ ရုန်ယီရှာတွေ့၏။ သူပြောသော အရေးပေါ်ကုသရေး ဆေးဘူးမှာ ဘယ်မှာမှရှာ၍မရချေ။
ချန်းခယ့်ယောင်၏အသံမှာ အိပ်ခန်းထဲမှ ထွက်လာပြန်၏။
“ငါမှတ်မိသလောက်ဆို ထိုင်ခုံရဲ့ဘေးမှာ…”
“ပါးစပ်ပိတ်ထားလိုက်ပါတော့…”
ရုန်ယီ ခေါင်းပင်မမော့ဘဲ အော်လိုက်၏။
“ငါ့ဘာသာငါ ရှာမယ်…”
ဧည့်ခန်းမှာ သေးငယ်သောအရွယ်အစားမဟုတ်သော်လည်း ဗီဒိုနှင့် အံ့ဆွဲများသိပ်မရှိချေ။ ရုန်ယီ တစ်ခုပြီးတစ်ခုဖွင့်၍လိုက်ရှာမှသာ ဆေးဘူးကိုရှာတွေ့ခဲ့၏။
ရဲများက ချန်းခယ့်ယောင်ကို သူ၏ရဲရင့်သောလုပ်ရပ်အတွက် ချီးကျူးကြသော်လည်း ပါးပြင်တွင်ရရှိခဲ့သော ဒဏ်ရာကြောင့်ကိုယ့်တိုက်ခိုက်စွမ်းရည်တွင် မည်မျှပင် ယုံကြည်ချက်ရှိစေကာမူ ရဲကိုခေါ်သင့်ကြောင်းလည်း ပြောခဲ့၏။
အဖြစ်အပျက်ကို စာရင်းမှတ်ရန်နောက်ကျနေပြီဖြစ်ကာ ချန်းခယ့်ယောင်မှာလည်း ဒဏ်ရာများကို ကုသရဦးမည် ဖြစ်၏။
ရဲများ သူခိုးကိုဖမ်းပြီးခေါ်သွားသောအခါ ဆေးဘူးကိုကိုင်စောင့်နေသော ရုန်ယီမှာ ပေါက်ကွဲတော့သည်။
ချန်းခယ့်ယောင် ရှေ့တွင်ဘူးကိုဖွင့်ပြကာ အော်ပြောလိုက်၏။
“မင်းမှာ ရှိနေတာ ဘူးက အလွတ်ကြီးလေ…”
ချန်းခယ့်ယောင်လည်း အံ့ဩလျက် ပြောလိုက်၏။
“ငါ…ငါထင်တာ ဘူးထဲမှာ ရှိတယ်ထင်လို့…သူခိုးများ ခိုးသွားတာလား…”
ရုန်ယီ ပြန်ပြောစရာစကားပင် မရှိတော့။
ဘူးထဲတွင် မည်မည်ရရ ဘာမှမရှိချေ။ အကိုက်အခဲပျောက်ဆေးအနည်းငယ်နှင့် မဖောက်ရသေးသော အိုင်အိုဒင်းဘူးတစ်ဘူးအပြင် အသုံးမပြုရသေးသော အနာကပ်ပလာစတာ တစ်ဘူးသာရှိနေ၏။
ရုန်ယီ ထိုဘူးထဲမှပစ္စည်းများ အသုံးပြုဖူးသည်ဖြစ်စေ မပြုဖူးသည်ဖြစ်စေ ဘူးထဲပြန်မရောက်နိုင်တော့ဟု ယုံကြည်နေမိသည်။ဝါဂွမ်းတို့ ပတ်တီးတို့မှာ အိမ်၏မည်သည့်ထောင့်တစ်နေရာတွင်ရှိနေမည်မှန်း ဘုရားသာ သိမည်ဖြစ်၏။
ရုန်ယီ စိတ်ဆိုးနေချိန်တွင် ချန်းခယ့်ယောင် သွေးများထွက်နေသော သူ့ပါးပြင်ကို ကိုင်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
သွေးစွန်းနေသော သူ့လက်များကိုကြည့်ကာ ပြောလိုက်၏။
“…သွေးထွက်တာ ရပ်သွားပြီထင်တယ်…အရမ်းမဆိုးဘူးမလား…”
ဒဏ်ရာမှာကြီးသော်လည်း မနက်ပေ။ ဆေးရုံသို့သွားရန်မလိုသော်လည်း သွေးတိတ်သွားသည့်တိုင် ဒဏ်ရာကို ဆေးကြောသန့်စင်ကာ ပိုးသတ်ရန် လိုအပ်ပေသည်။
ခဏကြာ စဉ်းစားပြီးနောက် အခန်းသို့ပြန်ကာ အလင်း၏အလျင်အတိုင်း အဝတ်အစားလဲလိုက်၏။ ဖုန်းကိုယူကာ ပြန်ထွက်လာ၏။
“ဒီမှာထိုင်…မလှုပ်နဲ့…ငါပြန်လာတဲ့အထိ ဒီအတိုင်းစောင့်နေ…”
“အာ…”
ချန်းခယ့်ယောင်မှာ အံ့ဩသွားပြီး ဆက်ပြောနေ၏။
“ဒီနားမှာ ၂၄နာရီဆေးဆိုင်မရှိဘူး ဒီတိုင်း တစ်သျှူးသုံးပြီးတော့…”
“ထိုင်စမ်းပါ…”
ရုန်ယီ ခေါင်းပင်မလှည့်ဘဲ ဆိုဖာကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“ဒီမှာစောင့်နေ…”
Xxxxx