အပိုင်း ၁၄
Viewers 14k

Chapter 14

ရုန်ယီ လှေကားအောက်သို့ဆင်းလာရင်း သူ့ဘာသာတွေးနေမိ၏။ 

“ငါ ဒီလိုလူမျိုးနဲ့ လမ်းခွဲခဲ့တာ ကံကောင်းတာပဲ…”

ချန်းခယ့်ယောင်မှာ တစ်ခါတစ်လေ အလွန်အားကိုးရသော်လည်း တစ်ခါတစ်လေတော့ အလွန်ပစ်စလက်ခတ်နေသူဖြစ်၏။

သို့သော် အားကိုးရသည့်ဘက်မှကြည့်လျှင် ယခုလိုအခြေအနေမျိုး သူ့ဘဝတွင် ဘယ်နှကြိမ်တွေ့ရမည်နည်း။ ပြီးခဲ့သောအခေါက်က ခါးပိုက်နိုက်နှင့် ယခုတစ်ခေါက် သူခိုးဖြစ်သည်။ ရုန်ယီ ယခုလိုအန္တရာယ်များသော အခြေအနေမျိုး သူ့ဘဝတစ်လျှောက်လုံး နှစ်ခါကြုံဖူးသည်။ 

တစ်ဖက်တွင်တော့ ချန်းခယ့်ယောင်သည် နေ့စဉ်ဘဝလုပ်ငန်းစဉ်များတွင် ပေါ့ပျက်ပျက်နိုင်လွန်း၏။ 

ထိုသို့သောသူများနှင့် အတူတူနေလျှင် အလွန်ပင်ပန်းရသည်။ ရုန်ယီထိုသို့ စိတ်ထဲတွင် အကြိမ်ကြိမ်ပြောနေသော်လည်း သူ့ခေါင်းထဲမှ ထိုမြင်ကွင်းကို ခေါင်းထဲမှ ထုတ်မရဖြစ်နေ၏။ 

သူ အလွန်ထိတ်လန့်နေစဉ် တံခါးအပြင်ဘက်မှကြားလိုက်ရသော ချန်းခယ့်ယောင်၏အသံ။ မှောင်မိုက်နေသောအခန်းထဲတွင် သူ့ကိုလှည့်ကြည့်လိုက်သော ကရုဏာအပြည့်ဖြင့် မျက်လုံးများ။ သူ့မျက်နှာကို လက်ဖြင့်ပွတ်လိုက်ပြီးနောက် လက်ပေါ်ကသွေးကိုကြည့်လိုက်ချိန်တုန်းက တစ်ချက်တွန့်သွားသော မျက်ခုံးများ။ 

ထိုအရာများမှာ ဘဝအတွက် အရေးပါသောအရာများမဟုတ်ချေ။ 

“အဲ့ဒါတွေကို ဘာလို့ပြန်စဉ်းစားနေတာလဲ…အရူးလိုပဲ နှလုံးခုန်တာမြန်ရုံပဲ ရှိမှာကို…” 

“ပြီးတော့ သူကတော့ မင်းကို ခေါင်းထဲတောင်ရှိမှာမဟုတ်ဘူး…” 

ရုန်ယီ စတိုးဆိုင်မှအိတ်ဖြင့် အိမ်ပြန်ရောက်လာသောအခါ ချန်းခယ့်ယောင်မှာ သူပြောထားသည့်အတိုင်းလေးပင် ထိုင်နေ၏။ 

အခုအချိန်တွင် သူ့မျက်နှာတစ်ဝက်ခန့်တွင် သွေးများစွန်းထင်နေ၏။ ကော်ဖီစားပွဲပေါ်တွင် သွေးပေနေသော တစ်သျှူးစများပြန့်ကျဲနေသည်။ 

“…ဘာတွေလုပ်နေတာလဲ…” 

ရုန်ယီ ကြောက်အားလန့်အားဖြင့် ကြည့်ကာမေးလိုက်၏။ 

“ဒီတိုင်း သုတ်မလို့ကို…” 

ပြောလျက် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ 

“ဘာလို့ ဒဏ်ရာက ပြန်ပွင့်သွားတာပါလိမ့်…” 

တစ်ကိုယ်တည်းသမား အိုမီဂါဖြစ်ခဲ့သော်လည်း အခုအခါ ကလေးထိန်းနေရသလိုပင်ဖြစ်၏။ မျက်စိလေး ခဏလွှဲလိုက်လျှင်ပင်ပြဿနာရှာတော့သည်။ 

ချန်းခယ့်ယောင်ဆီသို့ အမြန်လျှောက်သွားကာ အိတ်ကိုကော်ဖီစားပွဲပေါ်သို့ပစ်ချလိုက်ပြီး မျက်မှောင်ကြီးကြုတ်လျက် ဒဏ်ရာကိုကြည့်ရန် ချန်းခယ့်မေးစေ့ကိုကိုင်ကာ မျက်နှာကိုမော့လိုက်သည်။ 

ဒဏ်ရာမှာ ၇ သို့မဟုတ် ၈စင်တီမီတာလောက် ရှည်ကာအစွန်းနှစ်ဖက်တွင် ခြောက်နေပြီဖြစ်သည်။

ချန်းခယ့်ယောင်သာ လက်ဆော့လိုက်သောကြောင့် အနာမှာပြန်ပွင့်သွားကာ သွေးများထွက်လာခြင်းဖြစ်သည်။ အနာပတ်ဝန်းကျင်တွင်လည်းသွေးများစွန်းကာ မျက်နှာမှာ ညစ်ပတ်နေ၏။ 

“…”

ချန်းခယ့်ယောင်၏ခန္ဓာကိုယ်မှာ ရုန်ယီမေးစေ့ကိုကိုင်ကြည့်နေသောကြောင့် တောင့်တောင့်ကြီးဖြစ်နေလျက် မေးလိုက်၏။

“ဘာတွေဝယ်လာတာလဲ…” 

ရုန်ယီဝယ်လာသော စျေးဝယ်အိတ်ကို မွှေကာ အံ့ဩနေ၏။ 

“ဒါဘာလို့ဝယ်လာတာလဲ…” 

အမျိုးသမီးသုံး လစဉ်သုံးပိတ်စထုတ်ကိုကိုင်ကာ မေးလိုက်၏။ 

“ပတ်တီးမရှိလို့ အဲ့ဒါဝယ်လာတာ…” 

ရုန်ယီ အိတ်ထဲမှဝါဂွမ်းလုံးလေးများကိုထုတ်ကာ အိုင်အိုဒင်းဘူးကို ဆေးဘူးထဲမှထုတ်လိုက်၏။ 

“မလှုပ်နဲ့…အနာကို သန့်ရှင်းရေးလုပ်ရဦးမယ်…” 

“နပေါဦး…” 

ချန်းခယ့်ယောင်ရုန်းလိုက်ကာ 

“ဒါကို မျက်နှာမှာသုံးမလို့လား…မဟုတ်ဘူးမလား…” 

ရုန်ယီ အနည်းငယ်လန့်သွား၏။

 “ဒီတိုင်းကြီးကပ်ထားမှာတော့ မဟုတ်ဘူးလေ…ညအချိန်မတော်ကြီး ပတ်တီးမှဝယ်လို့မရတော့ဒီလိုပဲလုပ်ရမှာပေါ့…”

“အဲ့လိုဆိုပေမယ့်လည်း…မလုပ်ချင်ဘူး…” 

ချန်းခယ့်ယောင်မှာ ပြင်းပြင်းထန်ထန်ကို ငြင်းဆန်နေ၏။ 

“ဒဏ်ရာက အကြီးကြီးမှမဟုတ်တာ ရေဆေးလိုက်ရင်ရပြီလေ အပေါ်ကပတ်စရာမလိုပါဘူး…” 

ပြဿနာရှာရုံတင်မက အလွန်ခေါင်းမာသောကောင်ဖြစ်၏။ 

“ပိုးဝင်သွားမှာပေါ့…” 

ရုန်ယီ သူ့ကိုပြန်ဆွဲခေါ်ကာ စိတ်ရှည်ရှည်ဖြင့် ဒဏ်ရာကို ဂွမ်းစလေးဖြင့်သေချာသန့်ရှင်းပေးပြီး ပြောလိုက်၏။

“မျက်နှာပေါ် အမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလဲ…” 

“ဒါကြီးမျက်နှာမှာကပ်ရမှာ ထက်စာရင် အမာရွတ်ကျန်တာကမှတော်သေးတယ်”

 ချန်းခယ့်ယောင် တိုးတိုးလေးပြောလိုက်၏။ 

“ပိုးဝင်သွားရင် မျက်နှာတစ်ခြမ်းလုံးပုပ်သွားပြီးတော့ မင်းမျက်နှာကြီးကိုကြောက်လို့ ကလေးတွေအတန်းလာတက်ကြတော့မှာမဟုတ်ဘူး…”

 ရုန်ယီ ပြန်ချေပလိုက်လေသည်။ 

“……”

“ဒီတိုင်း တိုက်ရိုက်ကြီးကပ်ထားမှာ မဟုတ်တာကို ဘာတွေဒီလောက်သည်းနေတာလဲ…” 

ရုန်ယီ ဝါဂွမ်းစနောက်တစ်ခုကို ထုတ်ကာပြောလိုက်၏။ 

“နာရင်ပြောနော်…” 

“…မနာပါဘူး…”

“မင်းမျက်နှာပေါ်မှာ အာရုံကြောတွေများမရှိဘူးလား…” 

ပြောရင်း ရုန်ယီ အနည်းငယ်ပို၍ အားထည့်လိုက်၏။

“အ-” 

ချန်းခယ့်ယောင် အသက်ပြင်းပြင်းရှူလိုက်ကာ 

“ငါသိတယ်…ငါသိတယ်… ငါနာတယ်ပြောရင် ပိုနာအောင်လုပ်မှာပေါ့ မနာဘူးပြောတာတောင် အခုလိုလုပ်နေတာကြည့်…” 

အပြစ်ရှိသလို ခံစားလိုက်ရသောကြောင့် ရုန်ယီ ဘာမှပြန်မပြောချေ။ 

ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ ကတ်ကြေးရှာပြီး လစဉ်သုံးပိတ်စကိုထုတ်လိုက်ကာ ညှပ်လိုက်ပြီး အတွင်းကအစများကိုထုတ်လိုက်၏။ 

“ငါရှာကြည့်တော့ ဒီတစ်ခုပဲချည်နဲ့လုပ်ထားပြီးတော့ ပိုးသတ်ထားတာတွေ့တယ်…” 

ပြောလျက် ပိတ်စကိုချန်းခယ့်ယောင်ကိုကမ်းပေးလိုက်၏။ 

“ကြည့်ပါလား… ဘယ်ကယူထားမှန်းတောင် မသိရဘူးလေ…ကျောင်းကဆရာဝန်တစ်ယောက်ငါ့ကို ဒီနည်းလမ်းသင်ပေးထားတာ…” 

ချန်းခယ့်ယောင် မျက်နှာကြီးဆူပုတ်လျက် လက်မခံနိုင်သေးချေ။ သို့သော် သင့်တော်သောငြင်းဆန်နိုင်မည့်စကားကိုလည်း ရှာမရသောကြောင့် အခက်တွေ့နေ၏။ 

ရုန်ယီ အဆင့်သင့်ပြင်ပြီးကာ မူလအသွင်အပြင်ဖြစ်သော လစဉ်သုံးပိတ်စ၏ပုံစပျောက်သွားပြီဖြစ်သော ပိတ်စကိုသူ့မျက်နှာပေါ်တင်ရန်ပြင်ဆင်ပြီးသွား၏။ ချန်းခယ့်ယောင် ရုန်းကန်ရန်ကြိုးစားကာ 

“လက်ကိုင်ပဝါတွေရှိတာပဲ…လက်ကိုင်ပဝါသုံးလို့မရဘူးလား…”

“မရဘူး…” 

ရုန်ယီ တုန့်ဆိုင်းခြင်းမရှိ ပိတ်စကို သူ့မျက်နှာပေါ်ကပ်ပေးကာ 

“မင်းတကယ် မကြိုက်ဘူးဆိုရင် ငါမနက်ဖြန်ကျရင်လဲပေးပါ့မယ်…” 

ချန်းခယ့်ယောင် ပါးစပ်လေးပိတ်လျက်သူ့ကိုကြည့်နေသည်။ 

“…ဒါမှ မဟုတ်ရင်လည်း ကိုယ့်ဘာသာဆေးရုံသွားလိုက်ပေါ့…” 

ရုန်ယီဆိုဖာပေါ်မှထကာ ကော်ဖီစားပွဲပေါ်မှ အမှိုက်ပုံကို ညွှန်ပြလျက်

"ဒါတွေ ကိုယ့်ဘာသာရှင်းလိုက်တော့…ငါ နှစ်နာရီလောက်ပြန်အိပ်လိုက်ဦးမယ်…” 

ဟုပြောလိုက်၏။ 

ချန်းခယ့်ယောင် သူ့ဒဏ်ရာကို ဖြည်းဖြည်းလေးကိုင်ကြည့်ကာ 

“အော် အင်း ကောင်းကောင်းအိပ်ပါ…” 

ရုန်ယီ သူ့အခန်းဝသို့မရောက်ခင်တွင် အသံတိုးတိုးလေးကို ကြားလိုက်ရ၏။ 

"ကျေးဇူးပါ…” 

“…ငါ လုပ်သင့်တဲ့ဟာမလို့ပါ” 

ရုန်ယီ ပြန်ပြောလိုက်၏။ 

သူ့ကိုယ်သာ ကယ်တင်ရန်မလောခဲ့လျှင် ချန်းခယ့်ယောင်လည်း ဒဏ်ရာရမည် မဟုတ်ချေ။ 

ထို့ကြောင့် ရုန်ယီအတွက် သေချာပေါက် “လုပ်သင့်သောအရာ” ဖြစ်၏။ သူကသာလျှင် သူ့ကိုအသက်ကယ်ပေးခဲ့သောသူကိုကျေးဇူးတင်စကား ပြောသင့်ခဲ့သူဖြစ်လေသည်။ 

ယခုည အဖြစ်အပျက်အတွက်သာ မဟုတ်ချေ။ ချန်းခယ့်ယောင်သူ့ကို အိမ်ငှါးပေးခြင်းမှာလည်း ကျေးဇူးတင်သင့်သော လုပ်ရပ်ဖြစ်၏။ သူ့တိုက်ခန်းမှာ ကောင်းမွန်စွာ ပြင်ဆင်ထားပြီး စည်ကားသောနေရာတွင်တည်ရှိကာ စျေးနည်းနည်းနှင့်သာ ငှါးပေးထားခြင်းဖြစ်၏။ သူ့အတွက် အိမ်ငှါးနေမည့်သူရှာရန် မခက်ခဲချေ။ တစ်ဖက်တွင်တော့ ရုန်ယီ့အတွက် ထိုသို့သောနေရာထပ်ရှာရန် မဖြစ်နိုင်တော့ချေ။ 

ချန်းခယ့်ယောင်စိတ်ထဲတွင် မည်သို့ရှိမည်တော့မသိ ရုန်ယီကတော့ အမှန်အကန်ကျေးဇူးတင်မိ၏။ ထိုညမတိုင်ခင်ကပင် ထိုကျေးဇူးတင်စိတ်ကို ဆန့်ကျင်နေမိ၏။ သို့သော် သူ့ခံစားချက်အမှန်ကို ထိုအယ်လ်ဖာအပေါ် ဖော်ထုတ်ပြရန်မှာ မဖြစ်နိုင်ချေ။ 

ထိုညက အဖြစ်အပျက်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်း၏။ ရုန်ယီ အိပ်ရာပေါ်တွင် လှဲနေကာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် နေထွက်လာသည်အထိ အိပ်မပျော်ခဲ့ချေ။ 

စောင်ကို ခေါင်းပေါ်ထိခြုံလိုက်ကာ စဉ်းစားနေမိ၏။ 

“ချန်းခယ့်ယောင်ကို ဘာအစားအသောက်တွေကြိုက်လဲ မေးကြည့်ရင်ရော…”

ရုန်ယီ အိပ်ရာထဲလှဲနေစဉ်က လုံးဝနိုးနေသော်လည်း ထပြီး အလုပ်သွားရမည်ဆိုသော်အခါ စတင်ငိုက်မျဉ်းလာ၏။

ရုန်ယီ ဆက်တိုက်သမ်းနေ၏။ အိပ်ခန်းတံခါးကိုဖွင့်လိုက်သောအခါ ဧည့်ခန်းမှာ လုံးဝသန့်ရှင်းနေသောကြောင့် ရုတ်တရက်ကြောင်ပင်ကြောင်သွား၏။ ပြီးတော့မှ သတိဝင်ကာ အလုပ်ကပြန်လာမှ ချန်းခယ့်ယောင်ပစ္စည်းတွေ ဘယ်ချောင်ထိုးထားမှန်းစစ်ဆေးရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ 

ချန်းခယ့်ယောင်၏ အခန်းတံခါးမှာ ပိတ်ထားဆဲဖြစ်၏။ ကင်မရာရှိနေသည်ကိုသိသောကြောင့် သွားချောင်းကြည့်ရန်မှာအရှက်ရစရာ အလုပ်ဖြစ်နေ၏။ ဧည့်ခန်းထဲသို့ထွက်ကာ သမ်းချိန်တွင် ကင်မရာဆန့်ကျင်ဘက်သို့ပင်လှည့်လိုက်သေး၏။ 

ရုန်ယီ ကုမ္ပဏီတွင် မနက်ပိုင်းကို ရီဝေဝေဖြတ်သန်းကာ နေ့လည်စာစားပြီးချိန်တွင် စားပွဲပေါ်၌ခဏမှေးလိုက်၏။ ပထမဆုံးအနေဖြင့် ချန်းခယ့်ယောင်ထံမှစာတစ်စောင်ရခဲ့ကာ ထိုနေ့တွင် အတန်းရှိသောကြောင့်နောက်ကျမည်ဖြစ်ပြီး ညစာအတူမစားနိုင်သောကြောင့် သူ့အတွက်ညစာမပြင်ထားရန် ပြောထားကြောင်းသာဖြစ်သည်။ ရဲစခန်းသို့သွားပြီးဖြစ်သောကြောင့် ရုန်ယီသွားစရာမလိုတော့ကြောင်းလည်း ပြောထားသေး၏။ လုံခြုံရေးကင်မရာထဲမှ သူခိုးမှာ ဧည့်ခန်းပြတင်းပေါက်မှကျော်ဝင်လာခြင်းဖြစ်ကြောင်းမြင်ပြီးဖြစ်၍ ထိုနေရာမှ လျှပ်စီးအားကိုလည်း တိုးထားကြောင်း ပြောထား၏။ ထိုမျှလောက်ဆို တိုက်ခန်းမှာယခင်ကထက် လုံခြုံသွားပြီဟုတော့ ပြော၍ရလေသည်။ 

ရုန်ယီ သူ့မျက်နှာပေါ်မှ ပိတ်စကို လဲပြီးပြီလားဟု ပြန်မေးကာ ကျောင်းသားမိဘများ ထိုပိတ်စကို လစဉ်သုံးမှန်းသတိထားမိသွားလျှင်သူ့ကို နှာဘူးဟုဝိုင်းထင်ကြမည်ဖြစ်ကြောင်း စနောက်ချင်မိ၏။ 

အကြောင်းအရာအားလုံးကို စာရိုက်ပြီးဖြစ်သော်လည်း မသင့်တော်ပါဘူးလေဟု မှတ်ယူကာ နောက်ဆုံးတွင် အားလုံးကိုပြန်ဖျက်လိုက်၏။ ဖုန်းကိုချပြီး ပြန်မော့ကြည့်လိုက်သောအခါ သူ့ကိုပြုံးလျက်ကြည့်နေသော ရှောင်ကျန်းကို မြင်လိုက်ရ၏။ 

ရုန်ယီ အမှတ်တမဲ့ဖြစ်သွားသောကြောင့် 

မေးလိုက်၏။ 

“ဘာလို့ငါ့ကို အဲ့လို အကြံဆိုးကြံနေတဲ့ အပြုံးကြီးနဲ့ ကြည့်နေရတာလဲ…”

 

“ဟေးဟေး” 

ရှောင်ကျန်း သူ့နားတွင်လာထိုင်ကာ ပြောလိုက်၏။ 

“ငါတို့ရဲ့ အစ်ကိုချောလေးက ဘယ့်သူ့ကိုများ ပြုံးပြုံးကြီး စာတွေ ပို့နေတာပါလိမ့်…ပြုံးပြီးတော့မှ ပြန်တည်သွားတာနော် မျက်နှာအမူအရာတွေက အရမ်းဒရမ်မာဆန်နေပြီ…” 

ရုန်ယီ ရုတ်တရက်ရပ်သွားကာ  

“တကယ်စပ်စုတာပဲ…မင်း ဒီမနက်အလုပ်ကို သေချာမလုပ်ပဲ ဖုန်းပဲခိုးသုံးနေတာ ငါမသိဘူးများထင်နေလား… အချိန်ပိုလုပ်ချင်တာလား…” 

“နောက်မကျသေးဘူး…နောက်မကျသေးဘူး…” 

ရှောင်ကျန်းမှာ သူမ၏ဘော့စ်ကို သိပ်အလေးထားပုံမရ။ 

“ဒီကိုလာ…တစ်ခုခုပြစရာရှိတယ်…” 

သူမ၏ဖုန်းကို ထုတ်လိုက်ကာ ခဏကြာတစ်ခုခုလုပ်နေပြီးမှ ရုန်ယီရှေ့သို့ဖုန်းကိုပေးလိုက်ကာ “တာ့ဒါ…” ဟုပျော်ရွှင်မြူးတူးစွာအသံပြုလိုက်၏။ ရုန်ယီ တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် စိတ်လှုပ်ရှားပုံပေါ်လာပြီး မေးလိုက်၏။ 

“ဝါး…ဒါက…” 

"ဒါက ငါတို့ချစ်ရတဲ့ မိုမိုရဲ့ မဂ္ဂဇင်းဓာတ်ပုံရိုက်ကွင်းအသစ်လေ … အချစ်စစ်လည်းပြောသေးတယ်…ဘာမှလည်းသေချာမသိဘူး…” 

ရှောင်ကျန်းမှာ စိတ်ပျက်လက်ပျက်ပြောကာ ပြောလိုက်၏။ 

“နောက်မှ ကျွန်မရဲ့ အနာဂတ်ခင်ပွန်းကို လာမလုနဲ့နော်…” 

ရုန်ယီ သူ့ဖုန်းကိုထုတ်ကာ ပြောလိုက်၏။ 

“ငါ့ကိုပို့ပေး…ငါ့ကိုပို့ပေး…” 

ရုန်ယီ သူ့ဖုန်း စခရင်မ်ကို သူတစ်ဖက်သတ်ခင်ပွန်းဟု သတ်မှတ်ထားရသော အမျိုးသား၏ ဆွဲဆောင်မှုရှိလှသော ပုံကိုပြောင်းလဲပြီးသောအခါ တက်ကြွသွား၏။ 

အိမ်အပြန်လမ်းတွင် စတိုးဆိုင်လေးတစ်ခုကိုဖြတ်လာကာ ခဏကြာတွန့်ဆုတ်နေပြီးမှ အထဲသို့ဝင်သွား၏။ 

အမှန်မှာ မနေ့ကဝယ်ထားသောစားစရာများမှာ လုံလောက်သည်ထက်ပင်ပိုနေသေး၏။ ရေခဲသေတ္တာထဲတွင် နှစ်ရက်စာလောက်ပင်ကျန်နေသေး၏။ သူတစ်ယောက်တည်းနေခဲ့စဉ်က ဟင်းပင်မချက်ခဲ့။ 

လက်ထဲမှ ပါဆယ်ထုတ်များဖြင့် အခန်းသို့ပြန်ရောက်သောအခါ ဆိုဖာပေါ်မှလူတစ်ယောက်ရှိနေခြင်းကြောင့် အံ့ဩသွား၏။ 

“ပြောတော့ ညစာစားဖို့ ပြန်မလာဘူးဆို…”

 ပြောလျက် ရုန်ယီခေါင်းငုံ့ကာ ဖိနပ်များလဲနေ၏။ 

“ငါ ငါစားဖို့ပဲဝယ်လာတာ… ကိုယ့်ဘာသာချက်မှာလား…ငါလုပ်ပေးရမလား…” 

ဖိနပ်လဲပြီးသွားသော်လည်း ဆိုဖာပေါ်မှလူက ဘာမှပြန်မပြောချေ။ 

ယခင်ညက အဖြစ်အပျက်မှာ ရုန်ယီကိုအတော်လေး ဂရုတစိုက်ရှိနေစေ၏။ အမြန်ကြည့်လိုက်ပြီး စိတ်ချလက်ချသက်ပြင်းချလိုက်သော်လည်း စိတ်ထဲတွင်တစ်မျိုးဖြစ်နေသည်။ 

ဆိုဖာပေါ်မှလူမှာ တစ်ချက်ကြည့်လိုက်လျှင် ချန်းခယ့်ယောင်နှင့် အလွန်တူသော်လည်း စဉ်းစားကြည့်မှ အသက်ကြီးပုံပေါက်နေ၏။ ရုန်ယီ ချန်းခယ့်ယောင်ဖခင်ဖြစ်သူမှန်း အခုမှသဘောပေါက်သွားလေသည်။ 

“ရှောင်းရုန်မလား…” 

ချန်းခယ့်ယောင်ဖခင်ဖြစ်သူမှာ မတ်တပ်ထရပ်ကာ သူ့ကိုခင်မင်ရင်းနှီးစွာပင် ပြုံးပြ၏။

 “ယောင်ယောင်ကဒီနေ့ ညစာစားဖို့ပြန်လာမယ်တဲ့လား…”

“ယောင်ယောင်”ဟူသော နာမည်ကိုကြားလိုက်သောအခါ ရုန်ယီ ရယ်ချင်သွားသော်လည်း အောင့်ထားလိုက်ရ၏။ ရယ်ချင်နေသောမျက်နှာကို မမြင်စေရန်ဖုံးကွယ်လျက် ခေါင်းညွတ်ကာ 

“ဒီည အတန်းတွေရှိတယ်တဲ့ အန်ကယ်…သူနဲ့ စကားပြောချင်ရင် ဖုန်းဆက်ရမယ် ထင်တယ်…” 

“ရပါတယ်… ဒီတိုင်းနှုတ်ဆက်ဖို့ရောက်လာတာပါ…” 

ဖခင်ချန်းမှာ လက်ကာပြကာ ပြန်ထိုင်နေ၏။ ထို့နောက် ရုတ်တရက် မေးလိုက်လေသည်။ 

“မင်းတို့က ထမင်းအတူစားကြတာလား…” 

“အာ…” 

ရုန်ယီ ပြောစရာစကား ပြောနေကာ ဖြေလိုက်၏။ 

“ကျွန်တော်တို့က မျှဝေတဲ့သဘောပါပဲ…” 

“ဟိုနေ့က ယောင်ယောင်ပြောတော့ အခုမှတွေ့ကြတာဆို…” 

ဖခင်ချန်းမှဆက်ပြော၏။ 

“ညဆိုရင် ဘယ်မှာအိပ်လဲ ရှောင်းရုန်…” 

ရုန်ယီ ထိုနေရာမှာတင် မေ့လဲတော့မတတ်ဖြစ်သွား၏။ 

ချန်းခယ့်ယောင် သူ့ဖခင်ကြောင့် ဘာလို့များထိုသို့စိတ်ရှုပ်နေမှန်း သူနားလည်သွားသည်။ ထိုအသက်အရွယ် အလယ်အလတ်နှင့်ပုဂ္ဂိုလ်မှာ အလွန်ချောမောကာ ဆွဲဆောင်မှုရှိသည်မှန်သော်လည်း ထိုသို့မေးခွန်းများလိုက်မေးသောအခါ အလွန်စိတ်ရှုပ်ဖွယ်ပင်ဖြစ်၏။ 

“အန်ကယ်…” 

ရုန်ယီ သူနှင့်အချေအတင်မပြောချင်တော့သောကြောင့် သူ့ဘေးတွင်ထိုင်လိုက်ကာ

"အန်ကယ် သံသယရှိနေတာကိုသိပါတယ်… ဒါပေမယ့်တကယ်ကို ကျွန်တော်နဲ့ ချန်းခယ့်ယောင်က အဲ့လိုဆက်ဆံရေးမျိုး မဟုတ်ပါဘူး…”

“မင်းတို့က သိတာမကြာသေးတာတောင် သူက …ဟို…ဟိုဟာ…” 

“ဟုတ်ကဲ့ သိပါတယ်…အဲ့ဒါကြောင့်လည်း ကျွန်တော်တို့က မဖြစ်နိုင်တာပါ…” 

ရုန်ယီ မနေ့ကကုမ္ပဏီက ပါဆယ်ထုပ်များကြားထဲမှ ပြန်ယူလာသော သူ့ကဒ်ပြားကို ထုတ်ပြကာ ပြောလိုက်၏။ 

“ကျွန်တော်က အိုမီဂါပါ…” 

ချန်းဖခင်မှာ သူ့ကဒ်ပြားကို ငုံ့ကြည့်ပြီးနောက်ာသူ့ကို ပြန်ကြည့်၏။ ထို့နောက်ကဒ်ကိုပြန်ကြည့်ကာ ပြီးလျှင်သူ့ကိုပြန်မော့ကြည့်ပြန်သည်။ ထို့နောက် ကဒ်ကိုပြန်ငုံ့ကြည့်ပြန်၏။ 

“ဟုတ်ပါတယ်…” 

ရုန်ယီ သူ့ကဒ်ကိုပြန်သိမ်းလိုက်ကာ ပြောလိုက်၏။ 

“ကျွန်တော်နဲ့ ချန်းခယ့်ယောင်က ရိုးရိုးသားသားပါ ဆိုတာကို ယုံပေးပါတော့…” 

ကြုံခဲ့ဖူးသော အတွေ့အကြုံများအရ ရုန်ယီသူ့ကံကြမ္မာကို လက်ခံလိုက်ကာ ခေါင်းညိတ်လိုက်ပြီး 

“ဟုတ်ပါတယ် အဲ့လိုမထင်ရပေမယ့် ကျွန်တော်က အိုမီဂါပါ…အဲ့ဒါကြောင့် ကျွန်တော်နဲ့ အန်ကယ့်သား ချန်းခယ့်ယောင်က…”

“အာ…” 

ချန်းဖခင်မှာရုတ်တရက် ပြုံးလိုက်ကာ ပြောလေသည်။ 

“အဲ့လိုမပြောပါနဲ့…ယောင်ယောင်က တကယ်တော့ လိမ္မာတဲ့ကလေးပါ…” 

Xxxxxxxx