Chapter 15
ထို့ကြောင့်လည်း မိဘများအားလုံးသည် ကိုယ့်သားသမီးများအတွက်သာဖြစ်ကြသည်ဟု ပြောလေ့ရှိကြခြင်းဖြစ်မည်။
ချန်ခယ့်ေယာင်ဖခင် ရုန်ယီ့အကြောင်းကို သိသွားသောအခါ သိသိသာသာပင် သူ့အပေါ်ကောင်းလာ၏။ ရုန်ယီ အခန်းသို့ပြန်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ချေ။
ပါဆယ်ဝယ်လာသော စားစရာမှာ အေးစက်နေပြီဖြစ်၏။ သို့သော်ခုံပေါ်တွင်ထိုင်ကာ ရုန့်ယီအားစိတ်အနှောင့်အယှက်ဖြစ်စေသူအန်ကယ့်သားအကြောင်း ချီးမွမ်းခန်းများကို နားထောင်ပေးနေရ၏။
“ယောင်ယောင်က ကြမ်းတမ်းတယ်ထင်ရပြီးတော့ စကားပြောမတတ်ပေမယ့် တကယ်တော့ စိတ်ရင်းကကောင်းပါတယ်…သူကငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို သင်ထားတာလေ…ဒါပေမယ့် သူများတွေနဲ့ ရန်ဖြစ်တာတွေဘာတွေ မရှိဘူး…သူကလိမ္မာတယ်…အဲ့ဒါအပြင် ကောင်းကောင်းမွန်မွန်ပိုက်ဆံရှာပြီးတော့ ရက်ရက်ရောရောလည်း ရှိသေးတယ်…သူက သေချာပေါက်သူ့လက်တွဲဖော်ကိုချစ်ပေးမယ့်သူမျိုးပဲ အန်ကယ်က ကောင်းကောင်းသိတာပေါ့…”
'အဲ့ဒါဆို ဘာလို့အိုမီဂါအပေါ်အန်ချတတ်တာကိုရော မသိရတာလဲ အန်ကယ်ရယ်..
ရုန်ယီတစ်ကိုယ်တည်း စဉ်းစားလိုက်၏။
ထို့နောက်မှ ရုန် အတင်းလုပ်ပြုံးလိုက်ကာ ပြောလိုက်၏။
“အာ ဟုတ်လားခင်ဗျ..”
“ပြီးတော့ သူက ကလေးတကယ်ချစ်တတ်တာ…”
ချန်းဖခင်ဆက်ပြောပြီး ခေါင်းကိုလည်းညိတ်နေ၏။
“ဒါပေမယ့် သူများကလေးတွေကိုပဲ ချစ်နေတော့ ဘာလုပ်ရမှာလဲ…ဒီတိုင်း လက်ထပ်ပြီးတော့ကလေးယူရမှာပေါ့…ဟုတ်တယ်မလား…”
ရုန်ယီ ပြုံးရန်ကြိုးစားလိုက်ကာပြောလိုက်၏။
“ဟုတ်တာပေါ့..”
“မင်းတို့က နေ့တိုင်းအတူတူနေ အတူတူစားနေတာဆိုတော့ ဆက်ဆံရေးကောင်းကြမှာပေါ့…ဟုတ်တယ်မလား…”
ဖခင်ချန်း သူ့ကိုမျှော်လင့်တကြီးဖြင့်ကြည့်ကာ မေးလေ၏။
“ရှောင်းရုန်ရော…တစ်ယောက်ယောက်ရှိလား….”
“ကျွန်တော်က…”
ရုန်ယီသူ့ကို အမှန်အတိုင်းပြောရန်လုပ်နေစဉ်မှာပင် နောင်အနာဂတ်တွင် အဆုံးမရှိသော ပြဿနာများကို ရင်ဆိုင်ရနိုင်သည်ကို စဉ်းစားမိ၏။ သနားစရာကောင်းသောဖခင်ကို မျှော်လင့်ချက်များ ပေးမနေတော့ဘဲ အောင့်အည်းကာ ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့…ရှိပါတယ်…”
ထိုအဖြေကို ကြားသောအခါ မျှော်လင့်ထားသည့်အတိုင်းပင် မျက်ခုံးများပင့်လျက် မေးလေတော့သည်။
“ရည်းစားရှိပြီးသားကို အယ်လ်ဖာတစ်ယောက်နဲ့ အတူတူနေလို့ ရတယ်တဲ့လား…”
‘ဘာပါလိမ့်…ငါ့ကိုလွယ်ကူတဲ့ အိုမီဂါတစ်ယောက်လို့ထင်နေတာလား…”
ရုန်ယီ ဒါကိုတော့လွယ်လွယ်အလွတ်မပေးနိုင်။ ချန်းခယ့်ယောင်ကို ဥပမာအနေနှင့် သုံးလိုက်သည်။
“အမှန်တိုင်းပြောရရင် ကျွန်တော့်ရည်းစားကလည်း အိုမီဂါပါပဲ…အဲ့ဒါကြောင့် အယ်လ်ဖာနဲ့နေတာကို စိတ်ချထားတာလေ…”
ထိုစကားများကို ရုန်ယီလိုလူကပြောသောအခါ အမှန်ဟုထင်ချင်စရာပင်ဖြစ်သည်။ ချန်းဖခင်မှာ လန့်သွားကာ
“အဲ့ဒါကြောင့် မင်းနဲ့…ယောင်ယောင်နဲ့က…”
“အန်ကယ် ပြောစရာမရှိတော့ရင် ကျွန်တော်အခန်းကိုပြန်ပါတော့မယ်နော်…”
ပြောကာ မတ်တပ်ထရပ်လိုက်၏။
“ညစာစားပြီးပြီလား ခင်ဗျ…ကျွန်တော် တစ်ခုခုချက်ပေးရဦးမလား…”
ချန်းဖခင်မှာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ရပါတယ်…အန်ကယ်လည်း ပြန်တော့မယ်…”
ထိုသို့ပြောပြီးနောက် ချက်ချင်းထကာ တံခါးဆီသို့လျှောက်သွား၏။သို့သော် ပြန်လှည့်လာကာ
“ယောင်ယောင်ကို အန်ကယ် ဒီနေ့လာသွားတာ မပြောနဲ့နော်…”
ရုန်ယီ အခန်းထောင့်မှာ ကင်မရာကို မော့ကြည့်ကာ ပြန်ပြောလိုက်၏။
“…ဟုတ်ကဲ့ပါ…”
ချန်ခယ့်ေယာင်ဖခင် တံခါးသို့ရောက်သွားသောအခါ စကားအချို့ကို တီးတိုးပြောနေသည်ကို ရုန်ယီကြားလိုက်ရ၏။
“မင်းတို့ လူငယ်တွေ…အခုလိုကြီးကတော့ မဟုတ်သေးပါဘူး…”
သားအဖမို့လိုပေလားမသိ။ ရုပ်ပိုင်းဆိုင်ရာ ဆင်တူရုံသာမက အခြားသူများကို အနှောင့်အယှက်ပေးပုံခြင်းမှာလည်း ဆင်တူ၏။
ချန်ခယ့်ေယာင်ဖခင်ထွက်သွားသောအခါ ရုန်ယီပါဆယ်ဝယ်လာသည်ကို အရင်စားလိုက်သည်။ ထို့နောက် ဧည့်ခန်းထဲတွင် အရေးပေါ်ကုသရေး ဆေးဘူးကိုမွှေနှောက်ရှာတော့သည်။ ဘူးကိုဖွင့်လိုက်သောအခါ ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။
ချန်းခယ့်ယောင်မှာ အသုံးပြုပြီးသားဂွမ်းစများနှင့် အိုင်အိုဒင်းဆေးဘူးကို ထည့်ထားရုံသာမက လစဉ်သုံးပိတ်စအထုတ်ကိုပါဆေးဘူးထဲပစ်ထည့်ထား၏။ နောက်တစ်ခါထိခိုက်မိလျှင် ထပ်သုံးရန်များ ကြံစည်ထားသလားမသိ။
အရေးပေါ်ကုသရေးဆေးဘူးကို ရှင်းလင်းပြီးသောအခါ ဆေးဘူးထားထားသော ဗီဒိုကိုပါ မနေနိုင်မထိုင်နိုင်ရှင်းမိပြန်သည်။
ပလပ်စတစ်အိတ်များနှင့် ရှုပ်ပွနေပြီး အမှိုက်ပုံလိုပင်ဖြစ်နေသည်။ ချန်းခယ့်ယောင်ပြောသော ပစ္စည်းကိရိယာဘူးမှာလည်းပစ္စည်းကိရိယာများမှာ အိမ်အနှံ့တွင် ပြန့်ကျဲနေလောက်ပြီဟု ရုန်ယီသံသယဖြစ်မိသည်။
ရှင်းလင်းပြီး ရေချိုးပြီးသောအခါ ရုန်ယီအခန်းသို့ပြန်သွားကာ အိပ်ရာထဲတွင် ဝတ္ထုဖတ်နေစဉ် အိမ်တံခါးဖွင့်သံကိုကြားလိုက်၏။
သို့သော် မနေ့ညက အဖြစ်အပျက်ကြောင့် ရုန်ယီမှာ အလွန်သတိရှိနေသေး၏။ တံခါးဆီသို့ ခြေဖျားထောက်သွားကာ တံခါးလေးဟပြီး ချောင်းကြည့်လိုက်သည်။
ချောင်းကြည့်လိုက်စဉ် ဖိနပ်လဲပြီး မျက်နှာပေါ်တွင် ပိတ်စကြီးဖြင့် သူ့ဆီလျှောက်လာနေသော ချန်းခယ့်ယောင်နှင့် မျက်လုံးချင်းဆုံသွား၏။
ချန်းခယ့်ယောင် ပြန်ပြောသည်ကို မစောင့်တော့ဘဲ အနောက်မှ တံခါးကိုပိတ်လိုက်၏။
နောက်နာရီဝက်လောက်အကြာတွင် ချန်းခယ့်ယောင် ရုတ်တရက်အခန်းတံခါးကို လာခေါက်၏။
ထိုအသံကိုကြားသောအခါ အိပ်ရာထဲမှ ဝတ္ထုဖတ်နေသော ရုန်ယီမှာ ငုတ်တုတ်ထထိုင်ကာ အဝတ်အစားများကို အမြန်ပြန့်အောင်လုပ်လိုက်ပြီးမှ လှမ်းဖြေလိုက်၏။
“အင်း…”
ချန်းခယ့်ယောင် ယခုတစ်ခေါက်လည်းခုံကိုယူလာပြန်ကာ တည့်တိုးပင်မေးလိုက်၏။
“အဖေလာသွားတာလား…”
“သူမင်းကိုဘာတွေပြောသွားသေးလဲ…”
သူပြောသွားတာလား။ မင်းက မင်းရဲ့လက်တွဲဖော်ကိုအရမ်းချစ်မှာတဲ့လေ။
“ဒီတိုင်းခဏ စကားစမြည်ပြောကြတာပါ…”
ရုန်ယီမျက်နှာလွှဲလျက်ဖြေလိုက်၏။
“အဲ့ဒါမေးဖို့လာတာလား…”
“ဒီတိုင်းမြင်လိုက်လို့ သိချင်တာနဲ့ လာခဲ့တာပါ…”
ချန်းခယ့်ယောင်ပြောလိုက်၏။
“သူပြောတာတွေကို ဘာမှအတည်မယူနဲ့နော်သူက အဲ့လိုပဲ…ငါလည်းတော်တော်စိတ်ကုန်နေပြီ…”
“အာ..”
ရုန်ယီသူ့ကို ပြန်ကြည့်လိုက်ကာ မေးလိုက်၏။
“နောက်ထပ်ပြောစရာရှိသေးလား…”
“အင်း…မနေ့ကညက ငါ့ကိုတစ်မျိုးမထင်ပါနဲ့…”
“တကယ်တော့ အဲ့လိုအခြေအနေမျိုးဆိုတာက လက်ဗလာနဲ့တိုက်ခိုက်ဖို့ မသင့်တော်ဘူးလေ…”
ဒီစကားတွေ ကြားဖူးသလို ရှိမနေဘူးလား။ ချန်းခယ့်ယောင် ရဲကပြောသွားသော စကားများမဟုတ်ပါလား။
“အဲ့လိုမျိုးဖြစ်လားရင် အိပ်ချင်ယောင်ဆောင်နေပြီးမှ ရဲခေါ်လည်းရတာပဲ…”
“မနေ့ညက ငါသာ အသံကြားပြီးနိုးမလာရင် ဘယ်လိုလုပ်မလဲ…”
မျက်လုံးများ ဟိုကြည့်ဒီကြည့်ဖြင့် ခေါင်းလေးငုံ့လျက် ပြောလိုက်၏။
“အင်း…နောက်တစ်ခါ သတိထားပါ့မယ်…”
ပြောင်းလဲသွားသော သူ့အမူအရာကြောင့် ချန်းခယ့်ယောင်လည်း ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
လုံခြုံရေးအကြောင်းကို ပြောပြီးနောက်တွင်တော့ စိတ်ပျက်စရာ စကားကိုစတင်ပြောတော့၏။
“တစ်ယောက်ယောက် ဒီမှာ သေသွားရင် အခန်းငှါးဖို့က ခက်သွားမှာလေ..”
“…”
ရုန်ယီမျက်နှာမှာ ရုတ်တရက်အေးစက်တည်ငြိမ်သွားပြီး ချန်းခယ့်ယောင်ကိုကြည့်သော အကြည့်မှာလည်း ပြောင်းလဲသွား၏။
“အဲ့ဒါဆို နောက်မဖြစ်စေနဲ့နော်…”
ပြောရင်း ချမ်းခယ့်ယောင် ခေါင်းကုတ်လိုက်ပြီးမှ
“ပြီးတော့ …”
ရုန်ယီ ဒေါသမထိန်းနိုင်တော့ဘဲ အော်မေးလိုက်၏။
“ဘာပြောဦးမလို့လဲ…”
“တာဝန်မယူတတ်ဘူးလား…”
ချန်းခယ့်ယောင်ပြောလာ၏။
“မနေ့ကပြောတော့ ပိတ်စကို လဲပေးမယ်ဆို…”
ချန်းခယ့်ယောင်ဒဏ်ရာမှာ သက်သာသွားသည့်ပုံရ၏။ ရုန်ယီ လိုအပ်သောပတ်တီးကို ဝယ်ထားပြီးဖြစ်၏။ အနာကို ဆေးထည့်ပြီးသောအခါ ချန်းခယ့်ယောင်အံဆွဲတစ်ခုကိုဖွင့်ကာ ကျန်သောပတ်တီးကို ပစ်ထည့်လိုက်သည်ကို မြင်နေရသည်။
ပြေးလာကာ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး ပတ်တီးစကို ထုတ်လိုက်သည်။ ထို့နောက် ချန်းခယ့်ယောင်ကို ဆေးဘူးထည့်ထားသည့် ဗီဒိုသို့ဆွဲခေါ်ကာ ဗီဒိကိုဆွဲဖွင့်ပြီး ဘူးကို ထိုးပြ၏။
“မြင်လား…ဒါကို…”
ချန်းခယ့်ယောင် ဘူးကိုကြည့်လိုက် ရုန်ယီ့မျက်နှာကို ကြည့်လိုက်ဖြင့် စိတ်ရှုပ်သည့်ပုံစံလုပ်ပြသည်။
သို့သော်ရုန်ယီ ဆူပုတ်နေသည်ကို မြင်ရသောအခါ ရုန်ယီလက်ထဲမှ ပတ်တီးစကို အမြန်ယူလိုက်ကာ ဆေးဘူးထဲထည့်လိုက်သည်။
သူသဘောမကျသည်ကို အတင်းအကြပ်လုပ်ခိုင်းခံရသော စိတ်ရှုပ်စရာ မျက်နှာထားဖြစ်၏။
သူ့တပည့်များ သူ့ကိုသဘောကျသည်မှာလည်း ပြောစရာမရှိပေ။ ဆိုးသွမ်းသောကလေးများမှာ ဆိုးသွမ်းသော လူကြီးများကိုသဘောကျကြသည်။
နောက်ထပ်အေးချမ်းသော ရက်အနည်းငယ်ကို အတူတူဖြတ်သန်းကြပြီးနော် ရုန်ယီချန်းခယ့်ယောင်အိမ်သို့ ပြောင်းလာသည်မှာတစ်ပတ်ပြည့်သွား၏။
သို့သော် သူ့အချိန်ဇယားမှာ လုံးဝပြည့်နေသောကြောင့် ကျိုးလီကို အိမ်သို့ မဖိတ်ရသေးချေ။
ပထမဆုံး သူ့အရင်အိမ်က ကျန်နေသောအထုပ်များကိုရွှေ့ရဦးမည်။ ရုန်ယီမှာ အဝတ်အစားအနည်းငယ်သာပါလာသောကြောင့် အရင်အပတ်ကဂျတ်ကက်ကိုသာ ပြန်ဝတ်နေရသဖြင့် စိတ်ထဲတွင်တစ်မျိုးဖြစ်နေ၏။
သူ့အခြေအနေမှာ ငွေရေးကြေးရေး ကြပ်တည်းနေသော အခြေအနေဖြစ်သောကြောင့် ရွှေ့ပြောင်းအလုပ်သမား မငှါးချင်။ ခရီးဆောင်အိတ် နှစ်အိတ်လောက်သာရှိမည်ဟု မှန်းထားသောကြောင့် သူ့ဘာသာသယ်ရန် ဆုံးဖြတ်လိုက်သည်။
သူ့အိတ်ကြီးကို ရထားဘူတာတွင် နှစ်ကြိမ်လောက် အသွားအပြန်ဆွဲပြီးနောက် ထိုဆုံးဖြတ်ချက်မှာ မိုက်မဲမှန်း သူသဘောပေါက်၏။
သူ့စိတ်ထဲတွင် ဝတ်စရာမရှိဟု မကြာခဏစဉ်းစားမိသော်လည်း ယခုလိုကျ ဝတ်စရာများက တောင်လိုပုံနေ၏။
ရုန်ယီအိမ်ကို အိတ်ကြီးဆွဲကာ ဒုတိယအကြိမ်ပြန်ရောက်မှ ချန်းခယ့်ယောင်နိုးလာသည်။ သက်ပြင်းများချကာ မောပန်းနေသောတံခါးဝမှ သူ့ကိုကြည့်ကာ ချန်းခယ့်ယောင် မျက်မှောင်ကြုတ်လျက်ပြောလိုက်၏။
“အိမ်ပြောင်းတော့မလို့လား…”
“တကယ်ပြောင်းစေချင်နေတာလား…”
ရုန်ယီ အခန်းထဲသို့ သူ့အိတ်ကြီးကို ဆွဲသွား၏။
ချန်းခယ့်ယောင် သူ့နောက်ကလိုက်ကာ အိပ်ရာပေါ်မှ အဝတ်ပုံကြီးကို မြင်သွားပြီး တအံ့တဩပြောလိုက်၏။
“ဝေါင်း…”
“ဘာလို့ တစ်ယောက်တည်း သယ်နေတာလဲ… သူငယ်ချင်းတို့ဘာတို့ကို အကူအညီတောင်းပါလား…”
…အဲ့လောက် မပင်ပန်းဘူးထင်လို့ပေါ့
ရုန်ယီ မှာ အကူအညီမဲ့နေပုံပေါ်၏။
“ဟင့်အင်း…”
ရုန်ယီ ခေါင်းခါပြကာ
“နှစ်ခေါက်လောက်ပဲ သယ်ရတော့မှာ…”
ခုံပေါ်တွင် ထိုင်ချလိုက်ကာ ပြောလိုက်၏။
"ပင်ပန်းလိုက်တာ…လွှတ်သာပစ်လိုက်ချင်တယ်…သွားမသယ်ချင်တော့ဘူး…”
“ဘာလို့ ငါ့ကိုလာမခေါ်တာလဲ…”
ချန်းခယ့်ယောင် မေးလိုက်၏။
“ငါ့ကားနဲ့ သွားလို့ရတာပဲ…”
ရုန်ယီမှာ မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့် မေးလိုက်၏။
“ကားက ပြင်ပြီးသွားပြီလား…”
ချန်းခယ့်ယောင် သူ့ကိုကြည့်ကာ ရုတ်တရက်ရယ်လိုက်ကာ
“အင်း…မင်းကျေးဇူးနဲ့ပေါ့…”
ပြောလိုက်၏။
ချန်းခယ့်ယောင်မှာ ရုန်ယီကန်လိုက်သောကြောင့် ကားချိုင့်သွားသည်ဟုပြောထားသော်လည်း အမှန်က ကားတံခါးမှာ အသံများထွက်နေသည်မှာ ကြာပြီဖြစ်၏။
“ကန်ချက်က မိုက်သားပဲ…”
“လေ့ကျင့်ရင် နောက်ကျ တော်တော်လေးတိုးတက်လာမှာ…”
ချီးကျူးစကားပြောသည်နှင့် မတူသောကြောင့် ရုန်ယီမျက်နှာကိုလွှဲကာ သူ့ကိုကြည့်လည်းမကြည့် စကားလည်းပြန်မပြောပေ။
သွားလာရန် ကူညီပေးမှုကြောင့် ကျန်သောပစ္စည်းများကို တစ်ခါတည်းရွှေ့နိုင်သွားသည်။ ရုန်ယီ အိမ်ပြန်ရောက်သောအခါ တုန့်ဆိုင်းနေပြီးမှ ချန်းခယ့်ယောင်ကို စကားစပြောလိုက်၏။
“စျေးကြီးတယ်…”
ချန်းခယ့်ယောင် ပြောလိုက်၏။
“မင်း မပေးနိုင်လောက်ပါဘူး…”
“မနက်ဖြန်ရော တစ်ယောက်ယောက်ကို ပြန်လျော်ရဦးမှာလား…”
ချန်းခယ့်ယောင် ထပ်မေးလိုက်၏။
“မေးနေတုန်း ဘယ်လောက်ကုန်လဲသာ ပြောပါ…”
ရုန်ယီ စိတ်ဆိုးနေ၏။
“စျေးကိုင်မနေပါနဲ့…ငါ ပေးနိုင်လား မပေးနိုင်လား မင်းက ဘယ်လိုသိလဲ…”
ချန်းခယ့်ယောင်ပြုံးလိုက်၏။
“နောက်နေတာပါ…ငါ အာမခံကုမ္ပဏီဆီကနေ အကုန်ပြန်ရပြီးပြီ…”
“ညစာ နံရိုးစွပ်ပြုတ်စားချင်တယ်…”
ချန်းခယ့်ယောင်ပြောလိုက်၏။
နောက်နေ့တွင် အေးဂျင့်ကို လျော်ကြေးကိစ္စအကြောင်း စကားပြောပြီးသောအခါ ချန်းခယ့်ယောင်ကို အိမ်ငှါးခပင် ပေးနိုင်ပါတော့မလား ဟုတွေးမိတော့သည်။
အမှန်တွင် သူ့အရင်အိမ်ရှင်မှာ အလွန်သဘောကောင်းသူဖြစ်၏။ ထိုအဖြစ်အပျက်ဖြစ်စဉ်က ဒေါသထွက်ခဲ့သော်လည်း ယခုစိတ်ငြိမ်သွားသောအခါ လူငယ်လေးတစ်ယောက်အဖို့ အိမ်နှင့်အဝေးတစ်နေရာတွင် တစ်ယောက်တည်း နေထိုင်စားသောက်ရန် မလွယ်ကူကြောင်းသူလည်း နားလည်သည့်အပြင် ပြီးခဲ့သောနှစ်များကလည်း သူ့အပေါ်အမြင်ကောင်းခဲ့သူဖြစ်သောကြောင့် တောင်းဆိုသောလျော်ကြေးမှာ အသင့်အတင့်သာ ဖြစ်၏။
ကံမကောင်းသည်က ထိုမျှပမာဏမှာပင် ရုန်ယီ၏စုဆောင်းငွေထက် ပိုများနေခြင်းဖြစ်၏။
သူ့ သုံးစွဲတတ်သောအကျင့်မှာလည်း မကောင်းချေ။ လတိုင်းလစာကို အကုန်သုံးတတ်သော အလုပ်နှစ်ခုရှိသောသူများနီးနီးပင်ဖြစ်၏။ များများရှာ များများသုံးတတ်သော သူမျိုးပင် ဖြစ်သည်။
အိမ်သို့လေးလံသောစိတ်ဖြင့် ပြန်လာခဲ့၏။ ထို့နောက် တုန့်ဆိုင်းနေပြီးနောက် ချန်းခယ့်ယောင်ကို ဘာမှမပြောရန်ဆုံးဖြတ်လိုက်၏။
ချန်းခယ့်ယောင်မှာ သူ့ထက်အသုံးအစွဲကြီးမှန်း သူလည်းအနည်းနှင့်အများတော့ သဘောပေါက်၏။ လျှိုယွမ် အရင်ကပြောဖူးသည့်အတိုင်း ဒီလူမှာ ပိုက်ဆံလိုသောကြောင့်မဟုတ်ဘဲ သူ့အဖေလာနေခြင်းကို မကြိုက်သောကြောင့်သာ အခန်းကိုငှါးခြင်းဖြစ်၏။
ချန်းခယ့်ယောင်ကို အိမ်လခ အကြွေးမှတ်ပေးထားရန်ပြောလိုက်လျှင်တောင် လက်ခံမည့်သူမျိုးဖြစ်၏။
သို့သော် သူတောင်းဆိုတာကို ပြန်လုပ်ပေးရန်မှာ အခက်အခဲရှိ၏။ ချန်းခယ့်ယောင်ထံမှ အကူအညီအများအပြားရထားပြီးဖြစ်သောကြောင့် ယခုလို ကမောက်ကမ ဆက်ဆံရေးတွင် အကူအညီထပ်တောင်းရန် မသင့်တော်တော့ပေ။
သို့သော် ပိုက်ဆံကလည်း ကောင်းကင်ပေါ်က ကျလာမည် မဟုတ်။
ဒီအခြေအနေကို သူဘယ်လို ဖြတ်ကျော်ရပါမည်နည်း။
Xxxxxx