Chapter 16
အမေတွေက သားသမီးအကြောင်းအသိဆုံးပဲ။
တစ်စုံတစ်ဦးက အိမ်တွင်ရှိစဥ် မိဘအားမှီခိုလေ့ရှိကာ အပြင်သို့ရောက်ချိန်၌ သူငယ်ချင်းများအား မှီခိုရသည်ဟု ပြောစမှတ်ပြုကြသည်။
အိမ်နှင့်အဝေးတွင် ပိုက်ဆံတစ်ပြားမှမရှိသည့်အခါ ရုန်ယီတစ်ယောက် အချိန်တစ်ခုလောက်အထိ သူငယ်ချင်းများထံမှပိုက်ဆံချေးရန် လိုအပ်လာခဲ့၏။
ရုန်ယီ သူ၏ မိတ်ဆွေစာရင်းကိုကြည့်ရင်း အနည်းငယ်ပင်ခေါင်းကိုက်လာခဲ့သည်။ သူ၏သူငယ်ချင်းကောင်းများထဲတွင် တစ်ဦးက လက်ထပ်ရန်အိမ်ဝယ်လိုက်သဖြင့် ငွေကြေးပြတ်လပ်နေကာ နောက်တစ်ဦးကမူ 'moonshine' လူသား(ရသမျှငွေအကုန်သုံးသည့်လူစား) ဖြစ်လေသည်။ ကျန်ရှိသောတစ်ဦးမှာ ငွေကိုစုဆောင်းရသည်အားဝါသနာထုံသော်လည်း ဓနစီမံခန့်ခွဲမှုထုတ်ကုန်များကို စိတ်အားထက်သန်စွာဝယ်ယူလေ့ရှိသူတစ်ဦးဖြစ်၏။
(T/N- ဓနစီမံခန့်ခွဲမှုထုတ်ကုန်များ (Wealth Management Product) ဆိုသည်မှာ တရုတ်နိုင်ငံတွင် ဘဏ်များနှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းများမှ ရောင်းချသော အာမခံမရှိသည့် ငွေကြေးထုတ်ကုန်တစ်ခုဖြစ်သည်။)
သူက နောက်ဆုံးတစ်ယောက်ကို မျှော်လင့်ချက်ရေးရေးကလေးဖြင့် ဖုန်းခေါ်ကြည့်လိုက်သည်။ သို့သော် သူဘာမှမပြောရသေးခင်မှာပင် ရန်ပုံငွေတစ်ခုအားရင်းနှီးမြှုပ်နှံရန် အပြင်းအထန်တိုက်တွန်းလေတော့သည်။ ပြန်လည်ရရှိနှုန်းမှာ မမြင့်မားသော်လည်း သူ၏ပိုက်ဆံအားလုံးကို ထိုအထဲတွင်ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ရုန်ယီအား ပိုက်ဆံများမဖြုန်းတီးတော့ပဲ အနာဂတ်အတွက်စဥ်းစားရန်ပင် တိုက်တွန်းလိုက်သေးသည်။
ရုန်ယီ စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကိုချလိုက်ပြီးသည့်နောက် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် တစ်ယောက်ယောက်များ သူ့အားငွေကြေးအကူအညီပေးနိုင်မည်လားဟူ၍ ရေးတင်လိုက်တော့သည်။
သူက ပို့စ်အား အချို့လူများကို မမြင်ရအောင်လုပ်လိုက်၏။ ထိုအထဲတွင် မိဘများ၊ ကျိူးလီနှင့် သူသိတာမကြာသေးသည့်လူများ ပါဝင်လေသည်။
မိဘများကိုမူ သူ့အတွက်စိတ်မပူစေချင်သောကြောင့်ဖြစ်သည်။ ရုန်ယီက ဘွဲ့ရပြီးကတည်းက ဇာတိမြို့သို့မပြန်တော့ခြင်းဖြစ်ကာ ဤမြို့တွင်တစ်ဦးထဲနေထိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ မိဘများက သူ့အတွက်စိုးရိမ်တတ်ကြသဖြင့် ပြသနာများကိုထုတ်ပြမည့်အစား အဆင်ပြေပြေရှိနေကြောင်းကိုသာဖော်ပြလေ့ရှိသော အကျင့်ပါနေပြီဖြစ်၏။ သူ့တွင်မည်သည့်ထွက်ပေါက်မှမရှိတော့သည်မှလွဲ၍ အဆိုပါသက်ကြီးရွယ်အိုနှစ်ဦးအား အသိမပေးလိုချေ။
ချန်းခယ့်ယောင်အတွက်မူ ၎င်းကရှက်စရာကောင်း၍ဖြစ်သည်။ အိမ်ငှားခအတွက် ပိုက်ဆံလိုက်ချေးနေရခြင်းမှာ သူတစ်ပါးလှောင်ရယ်ခံရမည့်ကိစ္စပင်ဖြစ်သည်။
ကျိုးလီအတွက်မူ ရုန်ယီက အဆိုပါအိုမီဂါအားအတော်လေးနှစ်သက်သော်လည်း ထိုလူက သူ့ကိုယ်သူထက် ခင်မင်သူများအပေါ်ပိုမို၍ဦးစားပေးမည်အား စိုးရိမ်နေမိသည်။ ကျိုးလီက အလွန်ဆင်းရဲသည်ဟု ပြောခဲ့ဖူးလေရာ သူ့ကိုယ်သူအငတ်ခံ၍ ရုန်ယီ့အားအကူအညီပေးမှာစိုးရသည်။
သူတို့လိုသူငယ်ချင်းဖြစ်ခါစအခြေအနေမှာ အကြွေးယူတယ်ဆိုတာက အရမ်းလွန်တယ်မဟုတ်လား...
မမျှော်လင့်ထားစွာပင် သူပို့စ်တင်ပြီး ငါးမိနစ်အကြာ၌ သူ၏မားထံမှဖုန်းခေါ်လာကာ အကျိုးအကြောင်းကိုမေးမြန်းခဲ့၏။ သူ အဆင်ပြေနေကြောင်းသိထားပါလျှက် အဘယ့်ကြောင့်ရုတ်တရက်ပိုက်ဆံလိုအပ်ရသနည်းဟူ၍။
အစက သူ၏မိဘများထံသို့ တစ်စုံတစ်ဦးကသတင်းပေါက်ကြားစေခြင်းဖြစ်ရမည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် သူ၏မားကိုရှင်းပြနေစဥ် သူငယ်ချင်းစာရင်းကိုစစ်ကြည့်လိုက်၏။ သူက ပို့စ်အား ထိုလူများကို မမြင်ရအောင်လုပ်ခြင်းထက် သီးသန့်မြင်စေသည့်လုပ်ဆောင်ချက်ကို ရွေးလိုက်မိကြောင်း သဘောပေါက်သွားချိန်တွင် မေ့လဲလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
ရုန်ယီ အထိတ်တလန့်ဖြစ်သွားခဲ့ကာ ပို့စ်ကိုအမြန်ဖျက်လိုက်လေသည်။ ထို့နောက် ကျန်လူစုအနေဖြင့် ထိုပို့စ်အားမမြင်စေရန် တိတ်တိတ်လေးဆုတောင်းနေမိသည်။ မဟုတ်ပါက သူ၏သနားစရာအခြေအနေကို မိတ်ဆွေသစ်များသိရှိသွားခြင်းမှာ အလွန်ရှက်ဖွယ်ကောင်းလှ၏။
အမျိုးသမီးကြီးက အလွန်စိတ်ကူးယဥ်တတ်လှ၏။ သူမက သူ့ကိုချေးငွေအများအပြားချေးမိထားခြင်းလော၊ သို့မဟုတ် ပိရမစ်ပုံစံရောင်းချခြင်းများ၌ ပါဝင်မိခြင်းလောဟု မေးမြန်းလေသည်။
(T/N - ပိရမစ်အစီအစဥ်သည် “ရင်းနှီးမြှုပ်နှံသူများ” စုဆောင်းခြင်းအပေါ် အခြေခံ၍ လိမ်လည်ငွေရှာသည့် စနစ်တစ်ခုဖြစ်သည်။ MLM နှင့်ဆင်တူသည်။)
ရုန်ယီက သူ့မားကိုအမှန်အတိုင်းမပြောချင်ချေ။ သို့သော် အမျိုးသမီးကြီးက သူ့အား ငွေကြေးပရိယာယ်(financial scam) ထဲသို့ကျရောက်ကာ လမ်းပေါ်ထွက်၍ သူ့ကိုယ်သူရောင်းစားတော့မည်ကို အလွန်စိုးရိမ်နေပုံပေါ်နေသဖြင့် အမှန်အတိုင်းပြောရုံမှလွဲပြီးအခြားမရှိတော့ချေ။
(T/N - Financial Scam ဆိုသည်မှာ တစ်စုံတစ်ယောက်က သင့်အား ချက်လက်မှတ်အတုတစ်ခုပေးပို့ပြီးနောက် ၎င်းတို့ထံငွေပြန်ပို့ရန်အတွက် တောင်းဆိုခြင်းဖြစ်သည်။)
ထိုသို့ယူဆလိုက်သည်နှင့် သူမက သူ့အားမနားမနေမြည်တွန်တောက်တီးတော့လေသည်။
သူက စုတ်တီးစုတ်ပဲ့နေရာလေးတွင် ဖြစ်သလိုနေနေခြင်းမဟုတ်ပဲ ကောင်းမွန်စွာနေထိုင်နေခြင်းဖြစ်ကြောင်း သက်သေပြရန်အတွက် ရုန်ယီက ကင်မရာကိုဖွင့်ကာ သူ့မားအား သူ့အခန်းကိုရော၊ ဧည့်ခန်းကိုပါ လိုက်လံပြသရတော့သည်။ သူ့အခန်းသို့ပြန်လာသည့်အချိန်တွင် ချန်းခယ့်ယောင်၏တံခါးက ရုတ်တရက်ပွင့်သွားခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ...”
ချန်းခယ့်ယောင်ကမေးလိုက်သည်။
ထိုစဥ် သူ့မား၏အသံက ဖုန်းထဲမှထွက်လာခဲ့၏။
“အိုးမိုင်ဂေါ့ဒ်...”
“အဲ့ဒါဘယ်သူလေးလဲ...ဘယ်ကတည်းက သားနဲ့လာနေနေတာလဲ...ဟေး...ကင်မရာကိုဖုံးမထားနဲ့လေ...မားကိုနည်းနည်းပေးကြည့်ပါဦး...ဘာလို့အဲ့လိုလုပ်တာလဲ...”
ရုန်ယီက ဖုန်းကိုသူ၏ရင်ဘတ်နှင့်ဖိကာ သူ့အခန်းသို့အမြန်ပြေးသွားလေသည်။ အခန်းတံခါးကိုပိတ်လိုက်စဥ် ချန်းခယ့်ယောင်၏အသံကို အနောက်မှကြားလိုက်ရ၏။
ထိုသို့လုပ်ရန်မလိုအပ်သော်ငြား ရုန်ယီ တံခါးပိတ်ပြီးသည်နှင့် ငုတ်တုတ်လေးထိုင်ချလိုက်ကာ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
“မားရဲ့အသက်အရွယ်လေးနဲ့လိုက်ပြီး ချင့်ချင့်ချိန်ချိန်စဥ်းစားပါဦး...”
“ဒါပေမယ့် မားရဲ့သားကတော့ ဒီလိုအိမ်ရှင်မျိုးနဲ့ပတ်သတ်ပြီး အများကြီးလျှောက်တွေးနေမှာသေချာတယ်...”
အမေများသည် သားသမီးနှင့်ပတ်သတ်၍ ကောင်းစွာသိကြသည်။
သူ့မားက သူမ၏သားငယ်စဥ်ကတည်းက ကောင်လေးချောချောများကို မည်မျှနှစ်သက်ကြောင်း သေချာသိရှိလေသည်။
“ကျွန်တော် သူ့ကိုတကယ်ကြီးကြိတ်သဘောကျနေတာမျိုးမဟုတ်ပါဘူးနော်...”
“အိမ်ရှင်ရဲ့ကြည့်ကောင်းတဲ့ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့...သူ့မှာစိတ်အခြေအနေနဲ့ပတ်သတ်ပြီး ပြဿနာရှိတယ်...”
“…ရန်လိုတတ်တဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး...”
ရုန်ယီ တွန့်ဆုတ်စွာဆက်ပြောလိုက်၏။
“အဲ့ဒီ့အတွက်စိတ်မပူပါနဲ့...”
“လိုရမည်ရပြောပါတယ်...အကယ်၍ သားကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ရင်တောင် သူ့ကိုတွန်းအားမပေးနဲ့နော်...ပြီးတော့ ကြိုတင်ကာကွယ်မှုတွေပြင်ဆင်ဖို့သတိရဦး...ဟုတ်ပြီလား...”
“သား ပိုက်ဆံဘယ်လောက်လိုတာလဲ...သားရဲ့ပါးကိုမနက်ဖြန်လွှဲခိုင်းလိုက်မယ်...”
“ပို့စ်ကိုမြန်မြန်ဖျက်လိုက်ဦး...အဲ့ဒါရှက်စရာမကောင်းဘူးလား...”
သူအိမ်မှထွက်လာပြီးနောက်ပိုင်း တစ်ရက်ရက်တွင် သူ၏မိဘများအားမှီခိုရလိမ့်မည်ဟု ရုန်ယီဘယ်တုန်းကမှထင်မထားခဲ့ချေ။
သူ့နှလုံးသားအတွင်း နွေးထွေးမှုနှင့်ရှက်ရွံ့မှုကို တပြိုင်နက်ခံစားလိုက်ရ၏။ သို့သော် ဤကဲ့သို့ငွေကြေးပြတ်လပ်မှုအား ကျော်လွှားနိုင်ခဲ့ခြင်းအပေါ်တွင်လည်း ဝမ်းသာ၍နေလေသည်။
သူက ဖုန်းကျသွားသည့်နောက် သက်ပြင်းအသာချလိုက်စဥ် ရုတ်တရက်ဖုန်းကတုန်ခါလာ၏။ ရုန်ယီက သူ့မားသူ့ကိုထပ်ပြီးဆူပြန်ပြီဟု တွေးလိုက်မိသော်ငြား စာကိုဖွင့်ဖတ်လိုက်ချိန်၌ အလန့်တကြားဖြစ်သွားခဲ့ရသည်။
ချန်းခယ့်ယောင်က သူ့အတွက် Wechat မှတဆင့် မနည်းသောပိုက်ဆံပမာဏတစ်ခု လွှဲပေးလိုက်ခြင်းဖြစ်သည်။
“ထမင်းလခ...”
ချန်းခယ့်ယောင်၏ဖုန်းက သူ့လက်ထဲတွင်သာရှိနေသေးသည်။
“မင်းကအိမ်မှုကိစ္စလုပ်ပြီး ငါကကုန်ကျစရိတ်ပေးမယ်လို့ ငါတို့သဘောတူခဲ့တာမဟုတ်လား...မင်းဒါတွေအတွက်အကုန်ပေးနေတာလေ...ဟုတ်တယ်မဟုတ်လား...”
ရုန်ယီ တွန့်ဆုတ်သွားခဲ့၏။
“ဒါက အိမ်ခန်းငှားခထက်တောင်များနေသေးတယ်...မင်းအိမ်ခန်းငှားခကို တစ်ခါတည်းယူလိုက်ပါ...ငါ့ကိုသက်သက်ပေးစရာမလိုပါဘူး...”
“…ဒါပေမယ့်…”
ရုန်ယီက ပြောရခက်ဟန်ဖြင့်
“အစားအစာတွေကိုဝယ်တာက ဒီလောက်ထိမကုန်ဘူး...”
“တကယ်လား...”
ချန်းခယ့်ယောင်က အံ့သြသွားပုံရ၏။
“ငါတစ်ခါမှ ချက်ပြုတ်ပစ္စည်းတွေမဝယ်ဖူးတော့ မသိဘူးလေ...ဒါပေမယ့် အရင်က အန်တီကြီးတစ်ယောက်ကိုခေါ်ပြီးချက်ခိုင်းတုန်းက အဲ့လောက်ကုန်တယ်...သူမက ဧည့်ခန်းကိုလည်းရှင်းလင်းမပေးသလို မင်းလိုမျိုးလည်း ဟင်းချက်မကောင်းဘူး...”
“ဒါကအရမ်းများလို့ မင်းစိတ်ထဲကသိကအောက်ဖြစ်နေရင်...”
ချန်းခယ့်ယောင်က ဆက်ပြောသည်။
“ငါ့ကိုပြန်ပေးလေ...”
ရုန်ယီက သူ့ကိုမျက်မှောင်ကြုတ်၍ကြည့်ကာ သူ့အခန်းထံသို့ တိတ်ဆိတ်စွာပြန်သွားခဲ့၏။
သူက ချန်းခယ့်ယောင်ပို့စ်ကိုမြင်သွားလားဟူ၍ မေးချင်နေသော်လည်း ၎င်းမှာ ရှက်စရာကောင်းသည့်အတွက် သူ၏စကားလုံးများအား မြိုချလိုက်ရတော့သည်။
သူ၏အိပ်ရာထက်လဲလျောင်းနေရင်း ခဏမျှတွန့်ဆုတ်လျှက် ခေါင်မိုးတစ်ခုထဲအောက်တွင်နေသော ချန်းခယ့်ယောင်အား စာပို့လိုက်သည်။
ချန်းခယ့်ယောင်ပေးခဲ့သောပိုက်ဆံက သူ၏အရေးပေါ်အခြေအနေကို အနည်းနှင့်အများသက်သာရာရစေ၏။ အဆုံးသတ်တွင်မူ သူ့မိဘများထံမှ ငွေအနည်းငယ်ကိုသာ ချေးယူရတော့မှာဖြစ်လေသည်။
သူနောက်နေ့ကုမ္မဏီသို့ရောက်သောအခါ သူနှင့်မရင်းနှီးသောလုပ်ဖော်ကိုင်ဖက်တစ်ဦးကပင် နေ့လည်စာစားချိန်၌ သူ့အနားကပ်လာပြီး အဆင်ပြေမပြေမေးမြန်းလာသည်ကို ကြုံခဲ့ရလေသည်။ ရုန်ယီက သူမ၏ကြင်နာမှုကို ငြင်းပယ်လိုက်သော်လည်း နှလုံးသားထဲတွင်နွေးထွေးသွားခဲ့ရ၏။
ဘဝ၏အောက်ဆုံးအခြေအနေသို့ရောက်ပြီးသည့်နောက် ကံဇာတာတက်လာပုံရ၏။ ကြီးမားသောကပ်ဆိုက်မှုမှာ ဖုံးကွယ်ထားသည့်ကောင်းချီးဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။ နောက်ကြောင်းကိုပြန်လည်တွေးကြည့်ရပါက ဖောက်ထွင်းခံရသည့်အတွေ့အကြုံမှာ ထိတ်လန့်ဖွယ်ဖြစ်သော်ငြား သူလုံးဝထိခိုက်မှုမရှိခဲ့သည့်အပြင် အဆိုးဆုံးစီးပွားရေးအခြေအနေကိုလည်း ကောင်းစွာကျော်ဖြတ်နိုင်ခဲ့လေသည်။
ကျိုးလီ၏ကျေးဇူးဖြင့် ဖောက်သည်ကုမ္မဏီရှိ ထိပ်ပ်ပြောင်နှင့်လူသည်လည်း အလွန်ပင်ဖော်ရွေလာခဲ့ကာ အဖွဲ့တစ်ခုလုံး၏အလုပ်များမှာလည်း ချောချောမွေ့မွေ့ဖြစ်နေခဲ့သည်။ ပရောဂျက်က အချိန်မီပြီးဆုံးမှာဖြစ်ပြီး အားလပ်ရက်များနှင့်အတူ ဘောနပ်စ်အကြီးကြီးက စောင့်ကြိုနေသည်ပင်။
အားလုံးကအဆင်ပြေပြေရှိနေလေရာ ပြီးပြည့်စုံသောအယ်လ်ဖာတစ်ဦးသာ ရုတ်တရက်ကောင်းကင်ပေါ်မှနေ၍ သူ၏ရှေ့မှောက်သို့ပြုတ်ကျလာပြီး မြင်မြင်ချင်းအချစ်ကိုဖန်တီးမည်ဆိုလျှင်ပင် အံ့သြစရာမကောင်းတော့ချေ။
ပြီးပြည့်စုံသောအယ်လ်ဖာက ကောင်းကင်ပေါ်မှကျမလာခဲ့သော်လည်း ပြီးပြည့်စုံသောအိုမီဂါကမူ ပြုတ်ကျလာခဲ့၏။
ကျိုးလီက အလုပ်တွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရသည်ဟု သူ့ကိုလာပြောခဲ့၏။ အယ်ဖာလ်ခေါင်းဆောင်များထဲမှတစ်ဦးက သူ့အား သီးသန့်စကားပြောရန် ရုံးခန်းထဲခေါ်ကာ စကားပြောနေစဥ်တစ်လျှောက်လုံး ဟိုကိုင်ဒီကိုင်လုပ်၍ သူ့အားနေရခက်စေသည်ဟုဆို၏။ သို့သော် ထိုသူ၏အပြုအမူများမှာ တရားဝင်သတိပေးခံရသည်အထိ လွန်ကဲခြင်းမရှိသေးချေ။
“ငါ့ကိုဓာတ်ပုံပို့ပေးစမ်းပါ...”
ကျိုးလီက ဖုန်းမှတဆင့်ပြောလာသည်။
“ငါအဲ့ပုံကိုကွန်ပြူတာရဲ့ screensaver အနေနဲ့ထားပြီး အဲ့ကောင်စိတ်ကသိကအောက်ဖြစ်အောင်လုပ်လိုက်မယ်...”
ရုန်ယီက ခဏတွေးလိုက်သည်။
“ငါမင်းကို သောကြာနေ့ညနေအလုပ်ဆင်းရင် လာကြိုလိုက်ရင်ရော ဘယ်လိုလဲ...”
ထိုနေ့တွင် ချန်းခယ့်ယောင်၌အတန်းများရှိသည့်အတွက် သူ့အတွက်ဟင်းချက်ပေးရန်မလိုအပ်ချေ။ထို့အပြင် သူခုရက်ပိုင်း အလုပ်နှင့်အိမ်ကိုသာ သွားလိုက်ပြန်လိုက်လုပ်နေရသည်အား ပျင်းလာပြီဖြစ်၏။ ထို့ကြောင့် အပြင်သွားဖို့သူငယ်ချင်းရှာနေခြင်းဖြစ်သည်။
ကျိုးလီက အဆိုပြုချက်အားထောက်ခံလိုက်သည်။
“အံ့သြစရာပဲ...မိုက်တယ်....မင်းဒီကိုလာခဲ့...ငါမင်းကိုညစာဝယ်ကျွေးမယ်...”
အိုမီဂါတစ်ဦးနှင့်ချိန်းတွေ့ရန် အလွန်သင့်တော်သူတစ်ဦးအဖြစ် သူ့ကိုယ်သူသိလိုက်ရသည့်အတွက် ရုန်ယီအနည်းငယ်နာကျင်သွားခဲ့သည်။
သူက ထိုကဲ့သို့ကိစ္စများကို ငယ်စဥ်မှအစအရွယ်ရောက်သည်အထိ အကြိမ်ပေါင်းများစွာလုပ်ခဲ့ရဖူးသည်။ သဘောမကျသူများအား ပထုတ်ရန်အပြင် သူက သူတို့၏ဆွဲဆောင်မှုမရှိသော ရုပ်သွင်များကြောင့် ဆန့်ကျင်ဘက်လိင်၏သဘောကျခြင်းမခံရသော သူ့သူငယ်ချင်းများစွာကိုလည်း ကူညီခဲ့ဖူး၏။ သူ၏လက်မောင်းတစ်စုံတွင် အိုမီဂါများစွာခိုနားခဲ့ဖူးလေသည်။ ယခုအချိန်တွင် မည်ကဲ့သို့ခံစားနေရသည်အား ဖော်ပြရန်ပင်ခက်ခဲလှ၏။
သို့သော် မည်သို့ပင်ရှင်းမပြတတ်စေကာမူ၊ သူ့ကိုယ်သူအတွက် စိတ်မကောင်းဖြစ်မိစေကာမူ သူက သူငယ်ချင်းများ၏လိုအပ်ချက်အား အမြဲတာဝန်ယူ၍ကူညီပေးလေ့ရှိသည်။
ရုန်ယီက စစ်မြေပြင်အတွက်သေချာပြင်ဆင်သွားခဲ့၏။ ကျိိုးလီ၏ကုမ္မဏီသို့သူရောက်လျှင်ရောက်ချင်းပင် အိုမီဂါတစ်ဦးက အနားလာ၍ဟိုဟိုဒီဒီစကားရှာခြင်းခံခဲ့ရလေသည်။
သူကငြင်းပယ်မည်ပြင်ချိန်၌ ခပ်ဝဝအယ်လ်ဖာတစ်ဦးနှင့်အတူ ကျိုးလီ အဆောက်အဦးအတွင်းမှထွက်လာခဲ့သည်။ ရုန်ယီ၏လက်မောင်းများအတွင်းသို့ အပျံသင်စငှက်ကလေးသဖွယ် ကျိုးလီပြေးဝင်လာသည့်အခါ အယ်လ်ဖာ၏အမူအရာပြောင်းလဲသွားခဲ့လေသည်။
“ဒါလင်...”
ကျိုးလီက သူ၏သရုပ်ဆောင်မှုအတွင်း မျောပါ၍နေလေရာ ရုန်ယီပင်ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
“ကျွန်တော့်ကို ဘာမှကြိုမပြောပဲလာကြိုတာလား...အရမ်းချစ်စရာကောင်းတာပဲ...”
ရုန်ယီရယ်ချင်သွားသော်လည်း ထိန်းလိုက်၏။
“ဒီလိုမှ မင်းအံ့သြသွားမှာပေါ့...”
ထို့နောက် ကျိုးလီက ရုန်ယီ့အနားရှိအိုမီဂါဘက်သို့လှည့်ကာ
“ငါ့ကောင်လေးနဲ့ဘာလာရှုပ်နေတာလဲ...”
ထိုအိုမီဂါက ချက်ချင်းပြေးသွားလေသည်။
ရုန်ယီကိုကြည့်ရင်း ကျိုးလီကြိတ်ရယ်လိုက်သည်။ ထို့နောက် ဂိတ်ဝတွင်ရပ်နေဆဲဖြစ်သော အယ်လ်ဖာကိုလက်ဝေ့ယမ်းပြကာ
“ကျွန်တော့်ကောင်လေးက ဒီနေ့လာကြိုတယ်လေ...မန်နေဂျာလီကို ဒုက္ခမပေးတော့ပဲ ကိုယ့်ဟာကိုယ်ပြန်လိုက်ပါတော့မယ်...”
ရုန်ယီက ကျိုးလီနှင့်အတူ ကျွမ်းကျင်စွာပူးပေါင်းလိုက်ကာ ခပ်ဝဝမန်နေဂျာလီအား ပြုံးပြလိုက်၏။
သူတို့နှစ်ဦးစတင်ထွက်ခွာလာစဥ် မန်နေဂျာလီက မျက်မှောင်ကြုတ်လျှက် နောက်ဘက်မှအော်လိုက်သည်။
“ရုန်ယီ...မင်းကရုန်ယီမဟုတ်လား...”
ရုန်ယီ၏နှလုံးသားက တုန်လှုပ်သွားကာ တောင့်တောင့်ကြီးလှည့်ကြည့်လိုက်မိသည်။
“မင်းတို့တွေတစ်ယောက်နဲ့တစ်ယောက်သိတာလား...”
သူက တိတ်တဆိတ်မေးလေသည်။
ရုန်ယီက ထိုအမျိုးသား၏ အနည်းငယ်လှုပ်ယမ်းနေသောပါးပြင်များကိုစိုက်ကြည့်ကာ သေချာတွေးကြည့်လိုက်၏။ သူ့စိတ်ထဲမှတ်ဉာဏ်တစ်စွန်းတစ်စပေါ်လာခဲ့သော်ငြား နာမည်ကိုမမှတ်မိချေ။
ကြည့်ရသည်မှာ မိတ်ဆွေဟောင်းမဖြစ်နိုင်ချေ။ ရုန်ယီက ထိုအမျိုးသားအား လူမှားနေကြောင်းပြောရန် စဥ်းစားလိုက်၏။
ခဏကြာရုန်းကန်နေပြီးနောက် ထိုအမျိုးသားက မျက်မှောင်ကြုတ်လျှက်သားဖြင့် သူတို့ထံခြေလှမ်းအနည်းငယ်တိုးလာခဲ့သည်။
ရုန်ယီ မျက်တောင်ခတ်လိုက်ပြီးနောက် ဆ်ိုးရွားသောမှတ်ဉာဏ်များက သူ့ခေါင်းထဲဝင်လာခဲ့၏။
ဒီတစ်ယောက်...သူ ဒီတစ်ယောက်နဲ့ဒိတ်တောင်လုပ်ချင်ခဲ့သေးတယ်...
Xxxxxx