Chapter 17:
ဒါကအထင်လွဲတာပဲဖြစ်ရမယ်...ဟုတ်တယ်မလား...
ဝိတ်တက်ခြင်းက ပင်ကိုယ်ချောမောသောရုပ်ရည်ကို အကြီးမားဆုံးထိခိုက်စေနိုင်သည်။
ရုန်ယီ လီရှောင်းရန်ကိုသဘောကျခဲ့စဥ်က သူသည် အထက်တန်းကျောင်းဘတ်စကတ်ဘောအသင်း၏ ပေါ်ပြူလာအဖြစ်ဆုံးကစားသမားတစ်ဦးဖြစ်လေသည်။
ဆယ်ကျော်သက်အားကစားသမားလေးတွင် အတန်းတစ်ခုလုံးရှိအိုမီဂါများကို လွှမ်းမိုးနိုင်သည့်အရှိန်အဝါပိုင်ဆိုင်ထားခဲ့သည်။ ထိုအိုမီဂါများထဲတွင် ရုန်ယီလည်းပါဝင်လေသည်။
အလွန်တရာလှပသော ဆယ်ကျော်သက်အချစ်ဇာတ်လမ်းသည် တစ်ဦးကသူ၏အချစ်ကိုဝန်ခံချိန်၌ ကျန်တစ်ဦးက 'ငါကဂေးမဟုတ်ဘူး' ဟုပြောဆိုခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက်တွင် သူက သူတို့အတန်းထဲရှိ ကြင်နာတတ်သောအယ်လ်ဖာတစ်ဦးထံမှ နှစ်သိမ့်မှုရရှိခဲ့ကာ ထိုသူအား သူ၏နွေဦးအသစ်ကလေးအဖြစ် အထင်မှားခဲ့သည်။ သို့သော် ၎င်းကအခြားပုံပြင်တစ်ပုဒ်သာဖြစ်၏။
ယနေ့၌ ထိုသမိုင်းကြောင်းကိုထပ်မံရင်ဆိုင်ရန်ပေါ်ပေါက်လာလေသည်။ တစ်ဖက်လူ၏ပြောင်းလဲသွားသောခန္ဓာကိုယ်ကိုကြည့်ရင်း ရုန်ယီ ခါးသက်မှုကိုခံစားလိုက်ရကာ သက်ပြင်းချလိုက်မိ၏။ ထိုအချိန်က လီရှောင်းရန်၏တုံ့ပြန်မှုမှာ ရုန်ယီ့အဖို့ လိင်တူချစ်သူအယ်လ်ဖာတစ်ဦးရှာရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိဟူ၍ အလေးအနက်တွေးမိစေခဲ့သည်။
သက်လတ်ပိုင်းအရွယ်မရောက်ခင်ကပင် ဝိတ်တက်နေပြီဖြစ်သောလီရှောင်းရန်က ရုန်ယီ၏မျက်နှာအမူအရာကိုကြည့်ရင်း သူလူမမှားမှန်းသေချာသွားခဲ့သည်။
သူက ထိုအမျိုးသားနှစ်ဦးထံ အမြန်လှမ်းလာကာ မျက်မှောင်ကြုတ်လျှက်ဆို၏။
“နှစ်အနည်းငယ်မတွေ့ရတာနဲ့ မင်းဒီလိုတကယ်ကြီးဖြစ်သွားမယ်မထင်ခဲ့ဘူး...”
ရုန်ယီက သူ၏ဆိုလိုရင်းကိုခန့်မှန်းနိုင်လေသည်။
‘မင်းပုံစံနဲ့ နောက်ဆုံးတော့လိင်တူချစ်ကြိုက်သူအဖြစ်တကယ်ကြီးပြောင်းသွားတာပဲ...” ဟူ၍ပြောချင်ခြင်းဖြစ်၏။
ဤကဲ့သို့အခြေအနေမျိုးတွင် သူ့ကိုယ်သူရှင်းပြဖို့မဖြစ်နိုင်ချေ။ ရုန်ယီက လက်ကိုအသာပွတ်လိုက်ပြီး လီရှောင်းရန်ရှေ့တွင်ဆက်လက်ဟန်ဆောင်လိုက်သည်။
“ငါတို့အရင်ကတွေ့ဖူးလို့လား...စိတ်မကောင်းပါဘူး...ငါမင်းကိုမမှတ်မိဘူးဖြစ်နေတယ်...”
လီရှောင်းရန်က ကြောင်အသွားပြီးနောက် လှောင်ပြောင်လိုက်၏။
သူက ကျိုးလီဘက်သို့လှည့်ကာ “ဆိုတော့...ဒါမင်းရဲ့အယ်လ်ဖာလား...”
ကျိုးလီ မျက်ဝန်းများဝိုင်းကာ နှုတ်ခမ်းတင်းတင်းစေ့လျှက် အနည်းငယ်ပြာယာခတ်သွားခဲ့လေသည်။
“ကျွန်တော် သူ့ကိုကျွန်တော့်ကောင်လေးလို့ပဲပြောခဲ့တာပါ...သူကအယ်လ်ဖာပါလို့ တစ်ခါမှမပြောခဲ့ဘူး...ကျွန်တော်...ကျွန်တော်ကအယ်လ်ဖာတွေကိုမကြိုက်ဘူး...”
“ငါမင်းကိုငြင်းလိုက်တဲ့နောက်ပိုင်း အိုမီဂါတစ်ယောက်နဲ့တွဲသွားတယ်လို့ကြားခဲ့တယ်...” လီရှောင်းရန်က ရုန်ယီ့ကိုကြည့်လိုက်၏။
“ငါအဲ့ဒါကိုကောလဟာလလို့ထင်နေတာ...မင်းမှာဒီလိုသတ်မှတ်ချက်တွေတကယ်မရှိမှန်း ထင်မထားခဲ့ဘူး...”
ရုန်ယီ သူ့ကိုကြည့်လိုက်၏။ “မစ္စတာ ဘာကိုပြောချင်တာလဲ...”
လီရှောင်းရန်က ရုန်ယီ့ကိုတစ်လှည့် ကျိုးလီကိုတစ်လှည့်ကြည့်လိုက်သည်။
“ဒီတစ်ယောက်က ငါတို့ကျောင်းတုန်းကအရမ်းမျက်နှာများတာနော်...”
“သူကအိုမီဂါတစ်ယောက်ဖြစ်တဲ့အတွက် အခြားအိုမီဂါတွေကို ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့အချက်ကိုအသုံးချပြီးတော့ အိုမီဂါဘယ်လောက်များများနဲ့လျှောက်တွဲခဲ့သလဲဆိုတာ ဘုရားပဲသိလိမ့်မယ်...မင်းသတိထားတာကောင်းမယ်...”
“…”
ကျိုးလီက ရုန်ယီကိုဂရုတစိုက်ကြည့်ကာ တံတွေးမြိုချလိုက်မိ၏။ ထို့နောက် သူကပြန်လည်ချေပလာသည်။
“ဝိုး....ကျွန်တော်ကအဲ့လိုလူတွေကိုသဘောကျတယ်လေ...သူကအရမ်းကြည့်ကောင်းတယ်မဟုတ်လား...”
သူတို့နှစ်ဦး လီရှောင်းရန်၏မြင်ကွင်းမှကွယ်သည်နှင့် ရုန်ယီသူ့မျက်နှာသူအုပ်လိုက်မိသည်။
“ဒါက နားလည်မှုလွဲတာပါ...”
“သူပြောတဲ့ သူမင်းကိုငြင်းလိုက်တယ်ဆိုတာကရော...မင်းသူ့ကိုအရင်ကသဘောကျဖူးတာလား...အိုးမိုင်ဂေါ့ဒ်...”
ကျိုးလီသူ့လက်မောင်းကို အဆက်မပြတ်လွှဲယမ်းကာမေးတော့သည်။
“အဲ့ဒါလည်း နားလည်မှုလွဲတာမဟုတ်လား...နားလည်မှုလွဲတာပဲဖြစ်ရမယ်...ဟုတ်တယ်မလား...”
ရုန်ယီရှက်ရွံ့သွားခဲ့ရသည်။ အဆုံးသတ်တွင်မူ ၎င်းကနားလည်မှုလွဲခြင်းမဟုတ်သည့် တစ်ခုတည်းသောအရာဖြစ်သည်။
အဆိုပါဖက်တီးက ယခုဆိုလျှင်လူယုတ်မာပင်ဖြစ်နေခဲ့သော်ငြား တစ်ချိန်ကယောက်ျားပီသသော ဆယ်ကျော်သက်ကလေးဖြစ်လေသည်။ သူ၏ကြီးကောင်ဝင်ချိန်ဟော်မုန်းများကြောင့် ရုန်ယီလုံးဝကန်းသွားခဲ့ခြင်းဖြစ်နိုင်၏။
သို့သော် ၎င်းမှာ အလွန်ပင်အတွေးခေါင်လှသည့် ဆင်ခြေတစ်ခုဖြစ်ကြောင်း သူ့ကိုယ်သူသိသည်။ အဆုံးသတ်တွင်တော့ သူက ယနေ့ထိတိုင် ကြည့်ကောင်းသောအသွင်အပြင်များ၌ ရံဖန်ရံခါဖမ်းစားခံနေရဆဲဖြစ်၏။
“အဲ့ဒါက...ဆယ်နှစ်လောက်ကြာပြီလေ...” သူက မျက်နှာအားကာထားဆဲပင်။
“အသက်ငယ်တုန်းမှာတော့ ဘယ်သူမဆို လူယုတ်မာတွေကိုလည်းသဘောကျမိနိုင်တာပဲလေ...”
သူမျက်နှာအုပ်ထားသည့်လက်ကိုဖယ်လိုက်သောအခါ ကျိုးလီ၏ဖော်ပြရန်ခက်ခဲသောအမူအရာနှင့် ရင်ဆိုင်လိုက်ရ၏။
“ဒီလိုမိုက်မဲမှုမျိုး...ဒီလိုတုံးအမှုမျိုး...ကောင်းပြီ...” သူက ဆက်ပြောလိုက်၏။
“ငါ့စိတ်ထဲကမင်းရဲ့ပုံရိပ်ကတော့ လုံးဝကြေမွသွားပြီပဲ...”
ရုန်ယီ လည်ချောင်းရှင်းလိုက်၏။ “ တွေ့လား...မြင်မြင်ချင်းအချစ်ကမယုံရပါဘူးလို့ငါပြောသားပဲ...”
…
ကျိုးလီ၏ကုမ္မဏီမှ ဆယ်မိနစ်ခန့်လမ်းလျှောက်လာပြီးနောက် ဖွင့်ထားတာမကြာသေးသော်လည်းးကောင်းမွန်သည့်ထင်မြင်ချက်များရရှိထားသည့် ဟော့ပေါ့ဆိုင်သို့ရောက်လာခဲ့သည်။ သူတို့က စားပွဲတစ်ခုကိုစာရင်းပေးကာ စကားစမြည်ပြောနေကြ၏။ စကားပြောသည့်ခေါင်းစဥ်မှာ လီရှောင်းရန်ခုနကပြောခဲ့သောအကြောင်းအရာသို့ မရည်ရွယ်ပဲရောက်သွားခဲ့ကြသည်။
“အမှန်အတိုင်းပြော...” ကျိုးလီက လေးနက်စွာမေးလာ၏။
"မင်းအရင်က အိုမီဂါတစ်ယောက်နဲ့တွဲဖူးလား...”
“ဘယ်ကသာ...ငါက အယ်လ်ဖာအမျိုးသားတွေကိုပဲသဘောကျတာ...” သူကပြောသည်။
“ဒါပေမယ့် အိုမီဂါသူငယ်ချင်းတွေကတော့ အခုလိုမျိုးအလားတူတဲ့အကူအညီတောင်းလေ့ရှိတယ်...”
"အခုလိုမျိုးလား...”
“မင်းငါ့ကိုဒီီနေ့ကူညီခိုင်းသလိုမျိုးကွာ...”
ထိုကဲ့သို့အဖြစ်အပျက်များ အများအပြားရှိလာသည်နှင့်အမျှ နားလည်မှုလွဲခြင်းများပေါ်ပေါက်လာတော့၏။
သူက အဆိုပါနွေဦးလေပြေကဲ့သို့ ကြင်နာတတ်သောအယ်လ်ဖာအပေါ် တဖတ်သတ်အချစ်ကလေးအစပျိုးခဲ့ကာ ရင်းနှီးသောသူငယ်ချင်းများပင် ဖြစ်သွားခဲ့ကြ၏။ သို့သော် အယ်လ်ဖာက သူ့ခံစားချက်များကိုလုံးဝမရိပ်မိခဲ့ချေ။ သူက ရုန်ယီနှင့်ရင်းနှီးသောအိုမီဂါတစ်ဦးကို စိတ်ဝင်စားနေခဲ့ခြင်းဖြစ်ပြီးထိုအိုမီဂါအားရည်းစားစာပေးပေးရန် ရုန်ယီ့အားအကူအညီတောင်းလေတော့သည်။
ကြေကွဲနေသောနှလုံးသားဖြင့် ရုန်ယီ သူ၏အချစ်ပြိုင်ဘက်အား ရည်းစားစာသွားပေးခဲ့၏။ သို့သော် နားလည်မှုလွဲရသည့်အကြောင်းရင်းမှာ ရုန်ယီအလွန့်အလွန်ကြေကွဲနေသည့်အတွက် ရည်းစားစာပေးခိုင်းသူ၏အမည်ကို ပြောဖို့မေ့သွားခဲ့သည့်အတွက်ဖြစ်သည်။ ရလဒ်အနေဖြင့် အဆိုပါအိုမီဂါက သူနှင့်ရုန်ယီတို့စတွဲနေကြပြီဟု ယူဆသွားတော့သည်။
ဤသို့ဖြင့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဝမ်းနည်းဖွယ်အဆုံးသတ်ခဲ့ရရှာ၏။
အထက်ပါကိစ္စဖြစ်ပြီးသည့်နောက် ရုန်ယီစိတ်ညစ်ညစ်ဖြင့် ကျောင်းအဆောက်အအုံခေါင်မိုးထပ်၌ သွားထိုင်နေခဲ့သည်။ ထိုစဥ် အတန်းထဲရှိ အမှတ်အသားမပြုရသေးသော အိုမီဂါမိန်းကလေးတစ်ဦးကို တွေ့ခဲ့ရ၏။ သူမက ခေါင်မိုးအစွန်းတွင် ပြိုတော့မည့်မိုးလိုမျက်နှာအမူအယာဖြင့် မတ်တပ်ရပ်နေလေသည်။ သူမ၏ထွက်ပေါ်လာမှုက အိပ်ငိုက်စပြုနေသည့်ရုန်ယီကိုပင် လန့်ဖျပ်သွားစေခဲ့၏။ သူမအားဘေးကင်းရာသို့ဆွဲချကာ ထိုင်စေပြီးသည့်နောက် ငိုကြွေးလျှက်ပြောပြလာသော သူမ၏ဖြစ်ကြောင်းကုန်စင်အား ရုန်ယီတစ်ယောက် အကြာကြီးနားထောင်ရတော့သည်။
မိန်းကလေးက အလယ်တန်းကျောင်းတွင်အနိုင်ကျင့်ခံခဲ့ရသော သူမ၏အတွေ့အကြုံကို ငိုသံပါကြီးနှင့်ပြောပြလေသည်။ သူမငယ်စဥ်က အိုမီဂါတစ်ဦးဖြစ်ပါလျှက်နှင့် ဆွဲဆောင်မှုမရှိသည့်ရုပ်သွင်ကြောင့် အမြဲလှောင်ပြောင်ခံခဲ့ရ၏။ ရက်အနည်းငယ်အကြာက ကျောင်းသားဟောင်းတွေ့ဆုံပွဲဖိတ်စာအား သူမတို့အတန်းထဲရှိ ပေါ်ပြူလာအဖြစ်ဆုံးအိုမီဂါထံမှ လက်ခံရရှိခဲ့ကာ သူမ၏ပါတနာကိုပါခေါ်လာရန် ပြောခဲ့လေသည်။ မိန်းကလေးက အရင်ကလှောင်ပြောင်ခံခဲ့ရသည်များကို အမှတ်ရမိမှာစိုးသဖြင့် ထိုပွဲသို့မသွားရောက်လိုချေ။ သို့သော် သူမထိုနေရာတွင်မရှိပါက ပို၍ပြင်းထန်စွာလှောင်ပြောင်နေကြမှာကိုလည်း စိုးရိမ်မိလေသည်။ သူမတွေးလေလေ၊ သောကရောက်လာလေဖြစ်ကာ လမ်းဆုံးပြီဟူ၍ပင် သံသယဝင်လာခဲ့ရလေသည်။
၎င်းကိုကြားသည့်အခိုက် ရုန်ယီကသူ့ပေါင်သူဖြတ်ခနဲ့ရိုက်ရင်းပြောလိုက်၏။
‘ဒါကဖြေရှင်းရလွယ်ပါတယ်...ငါမင်းနဲ့တူတူသွားပေးမယ်လေ...”
ဇာတ်လမ်းလေးတွင် ပျော်ရွှင်ဖွယ်အဆုံးသတ်ရှိခဲ့သည်။ ရုန်ယီက အဆိုပါကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် သူမအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုဖြစ်စေခဲ့လေသည်။ သူမအတွက် အားကျသောအကြည့်များစွာသာမက လှပသောအံ့ဖွယ်တစ်ခုကိုလည်း ဆောင်ကြဥ်းပေးခဲ့လေသည်။
ထိုအိုမီဂါမိန်းကလေးတွင် အလယ်တန်းကျောင်းတက်စဥ်က သူမအပေါ်အလွန်ကောင်းမွန်၍ အမြဲသူမဘက်ကရပ်တည်ပေးခဲ့သော ဘီတာသူငယ်ချင်းတစ်ဦးရှိခဲ့သည်။ ထိုပါတီပွဲတွင် ဘီတာမိန်းကလေးက အခန်းအတွင်းမှထွက်ကာ စင်္ကြလမ်းပေါ်တွင် ငုတ်တုတ်လေးသွားငိုနေခဲ့၏။ အိုမီဂါမိန်းကလေးက သူမကိုသွားရှာကာ ကြင်နာစွာဖြင့်သဲလွန်စပေးခဲ့လေသည်။
“ဒါငါ့ရဲ့အယ်လ်ဖာမဟုတ်ပါဘူး...ငါတို့ကသူငယ်ချင်းတွေပါ...အထင်မလွဲပါနဲ့...”
မကြာခင်မှာပင် သူတို့နှစ်ဦး၌ ပျော်ရွှင်ဖွယ်အဆုံးသတ်ကလေးရှိသွားခဲ့ကြသည်။
ရုန်ယီက ထိုမိန်းကလေးအတွက်ပျော်ရွှင်မိသော်ငြား သူ့နှလုံးသားအတွင်း၌မူ ယခုထက်ထိ တစ်ကောင်တည်းဖြစ်နေသေးသော သူ့ကိုယ်သူအတွက် စတင်ကြေကွဲလာခဲ့လေသည်။
ထို့နောက် ဘေးချင်းကပ်အတန်းမှအိုမီဂါတစ်ဦးက ရုန်ယီ့ကိုသူဖွင့်ပြောပါက သူတို့နှစ်ဦးတွဲဖြစ်မဖြစ်အပေါ် ယွမ် ၁၀၀၀ လောင်းခဲ့သည်။ ၎င်းက ပိုက်ဆံပြတ်လပ်နေသောရုန်ယီအား အကူအညီဖြစ်စေခဲ့ကာ ယွမ်၅၀၀ ကိုပျော်ရွှင်စွာလက်ခံလိုက်လေသည်။
၎င်းပါတနာနှင့် အေးအေးချမ်းချမ်းလမ်းခွဲခဲ့ပြီးနောက် သူက ဘေးချင်းကပ်အတန်းမှအိုမီဂါတစ်ဦးနှင့် နက်ရှိုင်းသောသူငယ်ချင်းဆက်ဆံရေးရှိလာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ဦးက အယ်လ်ဖာအဆိုတော်တစ်ဦးအား အတူတူရူးသွပ်ခဲ့ကြခြင်းကြောင့်ဖြစ်၏။ အိုမီဂါနှစ်ဦးက အခြားမြို့တွင်ကျင်းပသောဖျော်ဖြေပွဲကို အတူတူသွားရောက်၍အားပေးကြသည့်အပြင် အဆိုတော်လှည့်လည်ဖျော်ဖြေသည့်နေရာအားလုံးကိုလည်း လိုက်လံအားပေးကြ၏။ သူတို့ပြန်ရောက်လာသည့်အခါ ကောလဟာလများက စတင်ပျံ့နှံ့နေပြီဖြစ်သည်။
ရုန်ယီသူ၏ ကြမ်းတမ်းသောအတွေ့အကြုံများကို ပြောပြပြီးချိန်တွင် ဟော့ပေါ့မှာလည်းကုန်လုပြီဖြစ်သည်။
ကျိုးလီတစ်ယောက် ခံစားချက်များအတွင်းနစ်မြုပ်၍နေလေသည်။
“မင်းအရမ်းတော်တယ်လို့ ငါထင်တယ်....အထူးသဖြင့် အဲဲ့ဒီ့အလယ်ကတစ်ခုလေ...အဲ့ဒီ့...” သူက ဘီယာဘူးအချို့ကိုရှင်းခဲ့ပြီးပြီဖြစ်ရာ လျှာလေးအာလေးဖြစ်နေခဲ့၏။
“အား...မင်းအကြောင်းအတင်းအဖျင်းတွေ ဒီလောက်ပွထနေတာ အံ့သြစရာမရှိတော့ဘူးပဲ...မင်းဒါကိုသတိတောင်မထားမိဘူးလား...”
ရုန်ယီ ရှက်ရွံ့သွားခဲ့သည်။ "...ငါအဲ့ဒီ့တုန်းက အဲ့လောက်မတွေးခဲ့ဘူး...”
“ဒါပေမယ့်....ဒီလောက်အတွေ့အကြုံတွေများနေတာတောင်...မင်းကအဲ့ဒီ့သောက်ရူးကောင်ကိုကြိုက်သွားသေးတယ်နော်...မယုံနိုင်စရာကြီး...” အနည်းငယ်အရက်မူးနေပြီဖြစ်သောကျိုးလီက စားပွဲခုံကို ပြင်းပြင်းထန်ထန်ရိုက်လိုက်၏။
“အဲ့ဒီ့ကောင်ကဘာကောင်းလို့လဲ...အဲ့ဒီ့သောက်ညစ်ပတ်ကောင်...သူ့ဟာသတွေကတောင် အပေါစားဆန်နေတာ...”
“သူက...အဲဲ့ဒီ့တုန်းက နည်းနည်းကြည့်ကောင်းတယ်လေ...ငါတစ်ယောက်ထဲသူ့ကိုကြိုက်တာမဟုတ်ဘူး...”
ရုန်ယီက ဆီပေနေသောပန်းကန်ပြားကို တူဖြင့်တဖတ်ဖတ်ရိုက်လိုက်၏။
“အဲ့ဒီ့ကောင်မင်းကိုသူ့ရဲ့ တဏှာတွေပြည့်နေတဲ့ မျက်လုံးကျဥ်းကျဥ်းလေးတွေနဲ့ကြည့်တဲ့အခါ ရွံစရာကြီးလို့မခံစားခဲ့ရဘူးလား...” ကျိုးလီ စတင်ကျိန်ဆဲလာ၏။
“အယ်လ်ဖာအကုန်လုံးက အဆင့်နိမ့်ပြီးညစ်ပတ်တဲ့ကောင်တွေပဲ...”
ရုန်ယီ ပြန်မဖြေနိုင်ခဲ့ချေ။
သူက ဘဝတစ်လျှောက်လုံး မျက်လုံးကျဥ်းသည့်အယ်လ်ဖာအားမတွေ့ဖူးခဲ့ရာ ကျ်ိုးလီ၏နေရာမှ ဝင်ခံစားပေးဖို့ခက်လှ၏။ သူက ပုံဖော်ကြည့်လိုက်သည့်အခါ ထိုအမျိုးသားကချောမောနေသရွေ့ အဆင်ပြေလောက်မည်ဟုတွေးလိုက်မိသည်။
“ငါတို့အသက်ကြီးလာတဲ့အထိ စင်ဂယ်ပဲဖြစ်နေသေးရင် တစ်ယောက်နဲ့တစ်ယောက်ကျန်တဲ့သက်တမ်းတစ်လျှောက် အဖော်ပြုရင်းနေသွားရအောင်...” ကျိုးလီက တူများကိုဝေ့ယမ်းလျှက်ဆက်ပြောသည်။
“ငါတို့ပန်းပင်တွေစိုက်ရင်း ချက်စ်ကစားကြမယ်လေ...မကောင်းဘူးလား...”
အရက်အနည်းငယ်ဝင်သွားပြီဖြစ်ရာ ရုန်ယီက ခေါင်းကိုတံတောင်ဆစ်ပေါ်မှောက်ချလိုက်၏။
“ငါကတော့ သားတွေမြေးတွေနဲ့နေသွားဖို့မျှော်လင့်တယ်...နောက်ပိုင်းကျရင် ငါက အသက်ပိုကြီးပြီးအရမ်းမိုက်တဲ့ယောက်ျားနဲ့ရမှာ...”
ကျိုးလီစိတ်ဆိုးသွားသည်။ “အသုံးမဝင်တာတွေ...”
သူက စားပွဲပေါ်မှောက်သွားခဲ့၏။
“ငါမင်းကိုအားကျတယ်...ဘာကိုမှခံစားမနေပဲ ကိုယ်နေချင်တဲ့ဘဝကိုနေနေတာ...”
“ငါလည်း မင်းကိုအားကျတယ်...” ရုန်ယီသက်ပြင်းချလိုက်သည်။
“ငါသာမင်းလောက်ချစ်စရာကောင်းရင် ပဲငံပြာရည်သွားဝယ်ခိုင်းလို့ရတဲ့ ကလေးတစ်ယောက်တောင်ရနေလောက်ပြီ...”
ထိုသို့ပြောပြီးသည်နှင့် ရုန်ယီစိတ်ထဲပုံဖော်ကြည့်လိုက်၏။
လီရှောင်းရန်က ကျိုးလီအားအရမ်းသဘောကျနေရာ ယခုအချိန်သူဝန်ခံမည်ဆိုလျှင်လည်း လက်ခံလောက်မှာဖြစ်၏။ အကယ်၍ သူတို့သာဘုရားကျောင်းသို့သွား၍ တစ်ခါတည်းလက်ထပ်လိုက်ကြလျှင်
ငါ့မှာ ခပ်ပိန်းပိန်းယောက်ျားကြီးတစ်ယောက် အဖတ်တင်သွားမှာပေါ့...
ရုန်ယီ သူ့အတွေးနှင့်သူထိတ်လန့်သွားခဲ့ရသည်။
သူက တစ်စုံတစ်ဦးအားသူ့အချစ်ကိုဝန်မခံခင် ထိုသူ၏မိဘများကို အရင်ဆုံးလေ့လာရန်လိုအပ်သည်ဟု တွေးလိုက်မိသည်။ အကယ်၍ ထိပ်ပြောင်ခြင်း သို့မဟုတ် ဝိတ်လွန်နေခြင်းမျိုးတွေ့ရပါက သူနှစ်ခါပြန်စဥ်းစားသင့်လေသည်။
သူအကြာကြီးငိုင်နေရာမှ သတိပြန်ဝင်လာချိန်တွင် ကျိုးလီစားပွဲပေါ်မှောက်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်ကြောင်း ရုတ်တရက်သတိပြုမိသွားခဲ့သည်။
…
ကျိုးလီက အရက်သောက်ရသည်ကိုနှစ်သက်သော်ငြား သူ၏သောက်န်ိုင်စွမ်းကမမြင့်မားချေ။
ကံကောင်းစွာဖြင့် အရည်အသွေးကောင်းမွန်သောအရက်ဖြစ်သည့်အတွက် ဘာမှမသိတော့သော အမူးသမားတစ်ဦးအဖြစ်သို့ ပြောင်းလဲမသွားခဲ့ချေ။ ထိုအစား နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည့်အတွက် ရုန်ယီသူ့အနားသွားကာ လှုပ်နှိုးရလေတော့သည်။
ရုန်ယီက သူ့ကိုအိမ်လိုက်ပို့ချင်သော်လည်း လိပ်စာအတိအကျမသိချေ။ ခဏတာတွန့်ဆုတ်နေပြီးနောက် ချန်းခယ့်ယောင်နှင့်သဘောတူညီချက်ကို သတိရသွားခဲ့ကာ သူ့အိမ်တွင်သာတစ်ညပေးနေလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကျိုးလီက သေးသွယ်ပြီ၏ပေါ့ပါးလှ၏။ ရုန်ယီသူ့ကိုလက်မောင်းများဖြင့်ပွေ့ချီကာ တက္ကစီပေါ်မှဆင်းလိုက်လေသည်။ သူက သော့ကိုရှာ၍ဖွင့်ရန်လည်း လက်နှစ်ဖက်လုံးမအားလပ်ပဲဖြစ်နေ၏။
အမှန်စင်စစ် သူသောက်ခဲ့သည့်အရက်မှာလည်း ကျိုးလီထက်မနည်းချေ။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများမှာ အလွန်နှေးကွေးနေပြီး ဘာမှသေချာမတွေးနိုင်ဖြစ်နေခဲ့၏။ သူက တံခါးဘဲလ်နှိပ်ရန် လုံးဝမစဥ်းစားမိပဲ ဒီအတိုင်းသာရပ်နေခဲ့လေသည်။ ကျိုးလီအား သဲအိတ်ကဲ့သို့ပုခုံးပေါ်ထမ်းတင်ရကောင်းမကောင်း စဥ်းစားနေစဥ်မှာပင် တံခါးကသူ့ဟာသူပွင့်လာခဲ့သည်။
အပြင်ထွက်ဖို့ပြင်နေသည့်ချန်းခယ့်ယောင်က သူတို့နှစ်ဦးကိုတွေ့သည့်အခါ အံ့သြသွားခဲ့လေသည်။
“…ဘာတွေဖြစ်နေတာလဲ” သူက ရုန်ယီ၏လက်မောင်းအတွင်းရှိ ကျိုးလီကိုကြည့်လိုက်သည်။
“မင်းတကယ့်ကြီး တစ်ယောက်ယောက်ကိုခေါ်လာခဲ့တာပဲ...”
သူက တံခါးဝတွင်မလှုပ်မယှက်ဖြင့် လမ်းပိတ်နေဆဲဖြစ်၏။ အခြားလူတစ်ယောက်အား လှေကားပေါ်တက်သည့်တစ်လျှောက်သယ်လာခဲ့ကာ တံခါးရှေ့တွင်လည်း အကြာကြီးမတ်တပ်ရပ်နေခဲ့သောရုန်ယီက အလွန်စိတ်ဆိုးလာခဲ့သည်။
“လမ်းဖယ်စမ်းပါ...”
သူကစိတ်ကိုပြန်ထိန်းလိုက်၏။ “ငါ့လက်မောင်းတွေနာလှပြီ....”
ချန်းခယ့်ယောင်က နောက်ကိုတစ်လှမ်းပြန်ဆုတ်၍ဖယ်ပေးလိုက်ကာ ရုန်ယီသူ့အခန်းထဲဝင်သွားသည်ကိုကြည့်နေခဲ့၏။ ခဏတာတုံ့ဆိုင်းနေပြီးနောက် နောက်ကလိုက်လာလေသည်။
ရုန်ယီက ကျိုးလီကိုအိပ်ရာပေါ်ချပေးကာ သူ၏နာနေသောလက်မောင်းများအားခါနေစဥ် တံခါးဘောင်ကိုမှီလျှက်ကြည့်နေသောချမ်းခယ့်ယောင်က ရုတ်တရက်ထပြောလာ၏။
“ကောင်းပြီ…” သူ့ပုံစံက အကျပ်အတည်းတွင်းကျရောက်နေပုံရ၏။
“မင်းငါ့အဖေကိုပေါက်ကရတွေလျှောက်ပြောနေခဲ့တယ်ထင်တာ...ဆိုတော့ဒါကတကယ်ကြီးပေါ့...”
Xxxxxxxxx