အပိုင်း ၁၈
Viewers 14k

Chapter 18

အဲဲ့ဒါက စားလို့ကောင်းလား...

အရက်ထဲတွင်နစ်မြုပ်၍နေခဲ့သော ရုန်ယီ၏ဦးနှောက်က ကောင်းစွာအလုပ်မလုပ်ချေ။ 

“ဘာကိုလဲ...”

ချန်းခယ့်ယောင်ကပြန်မဖြေပဲ ကျိုးလီကိုကြည့်လိုက်သည်။  

ကျိုးလီက အေးအေးချမ်းချမ်းအိပ်မောကျနေပြီး လှုပ်တောင်မလှုပ်ချေ။ အကယ်၍ ရုန်ယီတစ်လျှောက်လုံးသယ်လာရသည့် ခန္ဓာကိုယ်မှအနွေးဓာတ်ကြောင့်မဟုတ်ပါက အသေကောင်ဟု အထင်မှားမိမှာဖြစ်လေသည်။  

ရုန်ယီက ချန်းခယ့်ယောင်၏နောက်ကိုလိုက်ကြည့်လိုက်သည့်အခါ အလောင်းကောင်သဖွယ်အိပ်ပျော်နေသည့် ကျိုးလီကိုတွေ့လိုက်ရ၏။  

“မင်းဘာလို့သူ့ကိုကြည့်နေတာလဲ...အဲ့ဒါအရမ်းရိုင်းတယ်...” 

“ငါ…” 

ချန်းခယ့်ယောင်အနည်းငယ်ရှက်သွားကာ အကြည့်လွှဲလိုက်၏။ 

“ငါမေးချင်တာက...သူ ...”

ရုန်ယီက သူ့ကိုစကားအဆုံးသတ်ခွင့်မပေးပဲ ခြေလှမ်းအနည်းငယ်လှမ်းလိုက်၏။ 

“ဟမ်...” 

ချန်းခယ့်ယောင်က တံခါးဘောင်ကိုမှီ၍ရပ်နေရင်း ဇဝေဇဝါဖြစ်သွားသော်လည်း ရုန်ယီ၏အကြည့်အောက်၌ ကိုယ်ကိုပြန်မတ်လိုက်သည်။ 

“မင်းငါ့အခန်းထဲမှာဒီလိုအချိန်ကြီးကျမှ ဘာလုပ်နေတာလဲ...” 

ရုန်ယီသူ့ကိုလက်ညှိုးကလေးဖြင့်ထိုးလိုက်၏။

“မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ...” 

“…ဒါငါ့အိမ်လေ” 

“အိုး...ဟုတ်သားပဲ...” 

ရုန်ယီခေါင်းတညိတ်ညိတ်ဖြင့် အခန်းထဲပြန်ဝင်သွားလေသည်။ ခဏအကြာတွင် သူက တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည့်အတွက် ပြန်လှည့်လာခဲ့၏။ 

“ငါငှားခပေးထားတယ်လေ...ငါ့မှာကိုယ်ပိုင်နယ်မြေရှိတယ်...” 

ချန်းခယ့်ယောင် သူ့ကိုခဏကြာကြည့်နေပြီးနောက် ဟက်ဟက်ပက်ပက်ရယ်လေတော့သည်။  

“မင်းတကယ့်ကို အများကြီးသောက်လာတာပဲ...ဟုတ်တယ်မလား...” 

ရုန်ယီ ခေါင်းခါလိုက်သည်။ 

“မဟုတ်ပါဘူး...”

“ကောင်းပြီ...မင်းပြောသလိုပါပဲ...” 

ချန်းခယ့်ယောင်က ကိုယ်ကိုလှည့်ကာ အိပ်ခန်းတံခါးဆီဦးတည်လိုက်၏။ 

“မင်းအရမ်းသောက်လာတယ်ဆိုတော့ စောစောအနားယူသင့်တယ်...ဂရုစိုက်ဦး...ထပ်မသောက်နဲ့တော့...” 

ရုန်ယီက သူ့တွင် အလွန်ရှင်းလင်းတည်ငြိမ်သော စိတ်အခြေအနေရှိသည်ဟု ယူဆထားလေသည်။ သူက တစ်ဖက်လူ၏စကားနှစ်ကြောင်းမှ စကားလုံးအချို့ကိုဖမ်းဆုပ်နိုင်ခဲ့၏။  

ထို့ကြောင့် အမြန်ပြန်ချေပလိုက်သည်။ 

“ငါသောက်လာတယ်ဆိုပေမယ့် အများကြီးသောက်မလာပါဘူး...” 

ချန်းခယ့်ယောင် ခေါင်းကိုငုံ့ကိုင်း၍ ရှူးဖိနပ်ချည်လိုက်၏။ 

“ဟုတ်ပြီ...ဟုတ်ပြီ...အရမ်းမများပါဘူး...”

ရုန်ယီက နောက်ဆုံးတွင်ကျေနပ်သွားပြီးနောက် သူ့အခန်းသို့ပြန်သွားခဲ့သည်။ သို့သော် တံခါးဖွင့်သံကြောင့် ပြန်လှည့်လာခဲ့၏။ 

“မင်းဘယ်သွားမလို့လဲ...” 

“တံခါးသော့မပိတ်နဲ့...ငါအခုပြန်လာမှာ...” 

ရုန်ယီခဏတွေးလိုက်ကာ တံခါးထံလျှောက်သွားပြီးနောက် ရှူးဖိနပ်များကိုဝတ်ဆင်လိုက်သည်။  

ချန်းခယ့်ယောင် ရုန်ယီ့ကိုတားရန်ပြင်လိုက်၏။  

“အပင်ပန်းမခံပါနဲ့...မင်းလိုချင်တာပြော...ငါဝယ်လာခဲ့ပေးမယ်...” 

သူစကားဆုံးသည့်အချိန်တွင် ရုန်ယီက ရှူးဖိနပ်ဝတ်ဆင်ပြီးပြီဖြစ်သည်။ 

သူက လုံးဝအရက်မူးခြင်းမရှိပဲ ရှင်းလင်းစွာတွေးနိုင်ကာ မြန်မြန်ဆန်ဆန်လည်းလှုပ်ရှားနိုင်ပြီး အရက်မူးသမားဟုထင်စရာတစ်ကွက်မှမရှိချေ။ ထို့ကြောင့် သူက ချန်းခယ်ယောင်အဘယ့်ကြောင့်သူအရက်မူးသည်ဟုအထင်လွဲနေမှန်း နားမလည်နိုင်ဖြစ်နေခဲ့၏။  

“ငါ့ဟာငါသွားနိုင်ပါတယ်...” 

ရုန်ယီက တံခါးမှအရင်ထွက်လိုက်ပြီးနောက် ချန်းခယ့်ယောင်အား လက်ဝေ့ယမ်းပြလိုက်သည်။  

“သွားရအောင်...”

သူက ဓာတ်လှေကားနားသွားရပ်ကာ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်အပြည့်ဖြင့် ခလုတ်ကိုနှိပ်လိုက်သည်။ ချန်းခယ့်ယောင် သူ့နောက်မှအမြန်လိုက်လာခဲ့၏။ သူက တွန့်ဆုတ်နေဟန်ဖြင့် ရုန်ယီ့အားကြည့်လိုက်သော်လည်း ဓာတ်လှေကားအတွင်းသို့ ခပ်ဖြည်းဖြည်းလှမ်းဝင်လာခဲ့သည်။ 

“ဓာတ်လှေကားက နည်းနည်းယိုင်နေတယ်လို့မင်းထင်လား...” 

ရုန်ယီက ဓာတ်လှေကားအလယ်တွင်မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်လျှက်မေးလိုက်သည်။

ချန်းခယ့်ယောင်က သူ့ကိုကြည့်ရင်းပါးနပ်စွာပြန်ဖြေလိုက်သည်။ 

"… နည်းနည်းတော့ …လှုပ်နေသလိုပဲ.”

ရုန်ယီက ဓာတ်လှေကားနောက်ပိုင်းသို့တိတ်တဆိတ်ဆုတ်လိုက်ကာ နံရံအားမြဲမြံစွာကပ်တွယ်ထားလေသည်။ 

 “ကြောက်စရာကြီး...”

ချန်းခယ့်ယောင်က ဘာမှပြန်မပြောသော်လည်း ခေါင်းကိုတစ်ဖက်သို့လှည့်ကာ ရုန်ယီ့အားကျောခိုင်းလိုက်၏။ 

သူတို့အဆောက်အဦးတွင်းမှထွက်လာချိန်တွင် အေးစက်သောလေက သူ၏ပူနွေးသောအရေပြားပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားလေသည်။ ရုန်ယီက လန်းဆန်းသွားခဲ့ပြီး စိတ်အခြေအနေမှာလည်း ရုတ်တရက်ပိုကောင်းလာခဲ့သည်။

သူက ချန်းခယ့်ယောင်ကိုစကားစပြောလိုက်သည်။  

“ငါဗိုက်ဆာလို့...တစ်ခုခုစားဖို့ထွက်ဝယ်တာ...” 

ချန်းခယ့်ယောင်က ဆိုသည်။ 

“ငါကအိပ်တာနောက်ကျတယ်လေ...မင်းချက်ပေးတာက နေ့လည်စာအတွက်ပဲလုံလောက်တယ်...” 

“ဘာလို့မင်းကနောက်ကျမှအိပ်တာလဲ...” 

ရုန်ယီထပ်မေးလိုက်၏။ 

“ငါအကျင့်ပါနေလို့...” 

ချန်းခယ့်ယောင်ကဆိုသည်။ 

“ငါ့ခန္ဓာကိုယ်ရဲ့အိပ်ချိန်က နောက်ကျတာ...”

ရုန်ယီသူ့ကိုကြည့်လိုက်၏။ 

“မင်းကဘာလို့အကျင့်ပါရတာလဲ...”

ချန်းခယ့်ယောင် သူ့အားလျစ်လျူရှုလိုက်တော့သည်။ 

“မင်းဘာလို့အကျင့်ပါနေရတာလဲလို့...” 

ရုန်ယီကဆက်လက်မေးနေဆဲပင်။ 

“ဘာလို့လဲဆိုတော့…”

ချန်းခယ့်ယောင်က သူ့ကိုကြည့်ရင်းပြောလိုက်၏။

“တကယ်လို့မင်းက နှစ်၃၀၀လောက်နေ့တိုင်း မနက်ခင်းနေရောင်ခြည်နဲ့ရေချိုးပြီးမှ အိပ်ရာဝင်မယ်ဆိုရင် နတ်သားဖြစ်လာနိုင်တယ်လေ...” 

ရုန်ယီ နားမလည်နိုင်သဖြင့် ဘာမှထပ်မမေးတော့ချေ။  

ချန်းခယ့်ယောင်ပြန်ကြည့်လိုက်သောအခါ တစ်ဖက်ကိုမျက်နှာလှည့်၍ အလေးအနက်တွေးနေပုံရသော ရုန်ယီအားတွေ့လိုက်ရသည်။ သူ မရယ်မိပဲမနေနိုင်ခဲ့ချေ။ 

“မြန်မြန်လာ...”

သူတို့နှစ်ဦးစတိုးဆိုင်ထဲရောက်သည့်အခါ ချန်းခယ့်ယောင်က အအေးခန်းရှေ့သွား၍ ညလယ်စာသွားရေစာမုန့်အချို့ကိုယူလိုက်သည်။ ရုန်ယီက ဆန့်ကျင်ဘက်စင်ပေါ်တွင်ရှိသော သကြားလုံးများရှေ့တွင်မတ်တပ်ရပ်လျှက် တုံ့ဆိုင်းနေပုံရ၏။ 

သူ၏လည်ချောင်းက အနည်းငယ်ခြောက်ကပ်နေပြီး သက်တောင့်သက်သာမရှိသည့်အတွက် ပူရှိန်းသကြားလုံး သို့မဟုတ် ပီကေတစ်ခုခုကို ဝယ်ယူချင်ခဲ့သည်။ သို့သော် ထိုစင်ပေါ်ရှိဘူးများက အနည်းငယ်ထူးဆန်းနေကာ သူဝယ်နေကျတံဆိပ်များလည်းမရှိကြချေ။  

ချန်းခယ့်ယောင် ထမင်းလိပ်အချို့ကိုယူ၍ပြန်လာချိန်တွင် ရုန်ယီက မျက်မှောင်ကြီးကြုတ်လျှက် စဥ်းစားရခက်နေဆဲဖြစ်သည်။ 

ရုန်ယီက သူ့ကိုစင်ရှေ့သို့ဆွဲခေါ်လိုက်ရင်း ဘူးများကိုမေးငေါ့၍ညွှန်ပြလိုက်သည်။ 

“…”

ချန်းခယ့်ယောင်က စင်ကိုတစ်လှည့် ရုန်ယီ့ကိုတစ်လှည့်ကြည့်လိုက်ကာ ခေါင်းယမ်းပြလိုက်၏။ 

"...မစားဖူးဘူး.”

ရုန်ယီက သူ့ကိုစကားဆက်မပြောတော့ပဲ ဘူးသေးတစ်ခုကိုယူကာ စစ်ဆေးလိုက်၏။ သူက ကောင်တာရှိဝန်ထမ်းကိုကြည့်လိုက်သည်။ 

အရောင်းဝန်ထမ်းက တွေဝေသွားခဲ့သည်။  

“ကျွန်တော် ဒါတွေကိုစားမကြည့်ဖူးပေမယ့် ဘယ်တစ်ခုကမှ စားလို့ကောင်းမယ့်ပုံမပေါက်ပါဘူး...Sir...အောက်ကစင်မှာလည်း ရနံ့အမျိုးမျိုးရှိပါတယ်...” 

ထိုသို့ပြောပြီးသည့်နောက် ချန်းခယ့်ယောင်အား ဖြတ်ခနဲ့ကြည့်လိုက်မိသည်။ 

ချန်းခယ့်ယောင်က ရုန်ယီ့အနားမှခြေနှစ်လှမ်းခွာရပ်လိုက်ကာ သင့်တင့်သောအကွာအဝေးသို့ရောက်ကာမှ ထမင်းလိပ်ကိုဝန်ထမ်းထံကမ်းပေးလိုက်သည်။  

“ကျွန်တော့်အတွက် ဒါလေးအပူပေးပေးပါ...ကျေးဇူး...” 

ရုန်ယီက ကိုယ်ကိုကိုင်းညွှတ်ကာ အမျိုးမျိုးသောအသီးပုံများပါသည့် ဘူးမျိုးစုံကိုကြည့်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီအရသာဘူးတစ်ဘူးကိုယူကာ ရေခဲသေတ္တာထဲမှကုတ်တစ်ဘူးကိုယူ၍ ဝန်ထမ်းထံကမ်းပေးလိုက်လေသည်။  

စတိုးဆိုင်မှထွက်လာပြီးသည့်နောက် ချန်းခယ့်ယောင်၏မျက်နှာပေါ်ရှိအမူအရာက အနည်းငယ်မတင်မကျဖြစ်နေခဲ့သည်။  

“သူက သစ်တုံးလိုအိပ်နေတာနော်...မင်းတခြားအကြံတွေမတွေးတာကောင်းမယ်...” 

ပဟေဠိဖြစ်စွာဖြင့် သူက ပီကေဘူးကိုဖောက်လိုက်ရင်း ချန်းခယ့်ယောင်ထံကမ်းပေးလိုက်၏။ 

“မင်းတစ်ခုလိုချင်လား...”

ချန်းခယ့်ယောင် တံတွေးအသာမြိုချလိုက်မိသည်။ 

ဘာလို့ဒီလူကရုတ်တရက်ကြီးယဥ်ကျေးပြနေတာလဲ...သူကဒါကိုလိုချင်မှန်းသိသာနေတာတောင် လက်ကမ်းမလာဘူး... 

ရုန်ယီစိတ်ပျက်စွာဖြင့် ဘူးထဲကအရာတစ်ခုကိုယူကာ ကြွပ်ကြွပ်အိတ်ကိုကိုင်ထားသည့် ချန်းခယ့်ယောင်လက်ထဲထိုးထည့်ပေးလိုက်သည်။  

ဒီသကြားလုံးက တစ်ခုချင်းစီသေချာထုပ်ပိုးထားပြီးတော့ ကြည့်ရတာအရမ်းစားကောင်းပုံပေါ်တယ်... 

သူက တိတ်တဆိတ်သက်ပြင်းချကာ ဘူးထဲမှနောက်တစ်ခုကိုထုတ်ယူလိုက်သည်။ ထို့နောက် အိတ်ကိုဖြဲကာ အိတ်ထဲတွင်ပါဝင်သည့်အရာအား ပါးစပ်ထဲပစ်ထည့်လိုက်ပြီးနောက် စတင်၍ဝါးတော့၏။ 

ချန်းခယ့်ယောင် သူ့အားအထိတ်တလန့်ဖြင့်ကြည့်မိသွားခဲ့သည်။ 

“မင်း ဘာတွေလုပ်နေတာလဲ...”

ရုန်ယီက ဝါးပြီးရင်းဝါးရင်းမျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဘာမှပြန်မပြောချေ။ 

ချန်းခယ့်ယောင်က သူ့ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေရင်း ခဏအကြာတွင်မေးလာ၏။ 

“ရွံစရာကြီး...” 

ရုန်ယီခေါင်းခါလိုက်သည်။ 

“ဝန်ထမ်းကငါ့ကိုညာရောင်းလိုက်တာပဲ...”

“…”

ရုန်ယီက ပုံပျက်နေသောရာဘာပစ္စည်းအား ထွေးထုတ်လိုက်သည်။  

“စိတ်ပျက်စရာကြီး...”

ချန်းခယ့်ယောင် သူ့လက်ထဲအတင်းထည့်ပေးခံရသော စတုရန်းပုံခပ်သေးသေးအထုပ်ကလေးကို ငုံ့ကြည့်လိုက်သည်။  

“မင်းလည်းမစားနဲ့တော့...လွှင့်သာပစ်လိုက်...” 

ရုန်ယီက ပြောရင်းဆိုရင်းအမှိုက်ပုံးနားလျှောက်သွားလိုက်သည်။ 

“အရသာကရွံစရာကြီး...”

သူခြေနှစ်လှမ်းလောက်လှမ်းပြီးချိန်တွင် ချန်းခယ့်ယောင်၏ဟားတိုက်ရယ်သံကို ကြားလိုက်ရလေသည်။  

သူလှည့်ကြည့်လိုက်မိသည့်အခါ ချန်းခယ့်ယောင်အား ငုတ်တုတ်ထိုင်လျှက်နှင့် မျက်ရည်များကျလာပြီးအသက်ရှူရခက်သည်အထိ အဆက်မပြတ်ရယ်မောနေသည်ကိုတွေ့လိုက်ရသည်။  

“ဘာဖြစ်တာလဲ...” 

ရုန်ယီရှုပ်ထွေးသွားခဲ့သည်။ 

ချန်းခယ့်ယောင်၏ပုံစံမှာ တစ်စုံတစ်ခုပြောပြရန်ကြိုးစားနေပုံပေါ်သော်လည်း သူမတ်တပ်ပြန်ရပ်သည်အထိ အရယ်မရပ်နိုင်သေးချေ။ ထို့ကြောင့် သူက မျက်လုံးပင်မဖွင့်နိုင်သေးပဲ လက်ယမ်းပြရုံသာတတ်နိုင်လေသည်။  

ရုန်ယီ ပိုပြီးဦးနှောက်ခြောက်သွားခဲ့သည်။ “မင်းရူးသွားတာလား...”

“မရယ်နဲ့တော့...” 

ရုန်ယီက သူ၏လက်မောင်းနှစ်ဖက်ကိုဆန့်လျှက် ဟန်ချက်ထိန်းလိုက်သည်။

 “မင်းအရမ်းရယ်နေလို့ မြေကြီးတောင်လှုပ်နေပြီ...” 

ယခုမှအရယ်ရပ်နိုင်သောချန်းခယ့်ယောင်က သူ့ကိုမော့ကြည့်ကာ ခေါင်းပြန်ငုံ့လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ကြိတ်ရယ်နေခြင်းကြောင့် တလှုပ်လှုပ်ဖြစ်နေခဲ့၏။  

ဘယ်လိုတောင်နားလည်ရခက်တာလဲ...

ရုန်ယီက သူ့ကိုလျစ်လျူရှုကာ တံတားကျဥ်းကျဥ်းကလေးပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ ဂရုတစိုက်လှုပ်ရှားရင်း အမှိုက်ပုံးထံသွားကာ အရသာဆိုးသောပီကေကို ပစ်ဖို့ပြင်လိုက်သည်။ 

အတန်ကြာကြိုးစားပြီးနောက် ရုန်ယီအမှိုက်ပုံးနားသို့ရောက်သွားခဲ့၏။ သူ ထိုပီကေအားပစ်ရန်ပြင်လိုက်စဥ် ရုတ်တရက်သူ့လက်မောင်းကို ချန်းခယ့်ယောင်ကနောက်မှလာဆွဲလေသည်။  

“မပစ်ပါနဲ့...ဘယ်လိုတောင်ဖြုန်းတီးတာလဲ...” 

သူကပြောရင်းရယ်မောလိုက်သည်။

“ကျန်တာကိိုသိမ်းထားလ်ိုက်ပါ...” 

“အဲ့ဒါကချောကျိကျိနဲ့...” 

ရုန်ယီသူ့ကိုအလေးအနက်ပြောလိုက်သည်။

“ငါ့ကိုမျက်နှာသာပေးတဲ့အနေနဲ့ တစ်ညလောက်သိမ်းထားလိုက်ပါ...” 

ချန်းခယ့်ယောင်၏အမူအရာက တောင်းဆိုဟန်ပေါ်သည်။ 

“မနက်ဖြန်မှလွှင့်ပစ်လေ...ဟုတ်ပြီလား...”

“ဘာလို့လဲ...”

ထိုသို့ပြောပြီးသည်နှင့် ချန်းခယ့်ယောင် ရယ်ချင်လာပြန်၏။ သူကပေါင်ကိုလက်ဝါးဖြင့်ရိုက်ကာ ရယ်ပြန်လေသည်။ 

ရုန်ယီသူ့အားခဏစိုက်ကြည့်ကာ ပီကေဘူးကို သူကိုင်ထားသည့်ကျွတ်ကျွတ်အိတ်ထဲ ထည့်ပေးလိုက်၏။

“ကောင်းပြီ...လိုချင်ယူလိုက်...”

ချန်းခယ့်ယောင်၏စိတ်မှာ မူမမှန်ဖြစ်နေကြောင်း ရုန်ယီနားလည်သွားလေသည်။ 

သို့သော် ထိုခဏလေးအတွင်းမှာပင် ဓာတ်လှေကားက ဒါန်းတစ်ခုသဖွယ်လွှဲယမ်းလာသဖြင့် စိတ်မမှန်သောအမျိုးသားသည်သာ သူ့အတွက်အားထားရာဖြစ်လာခဲ့၏။ 

“ငါ့ကိုမင်းလက်ပေးပါ...” 

ရုန်ယီက ဓာတ်လှေကားအတွင်းပိုင်းရှိ နံရံများကိုကုပ်တွယ်လျှက် သနားစရာကောင်းအောင် အကူအညီတောင်းလိုက်သည်။  

ချန်းခယ့်ယောင်က ရယ်မောလျှက် လက်ကမ်းပေးလာ၏။ 

“အမှန်အတိုင်းပြောရရင် မင်းဒီလောက်မူးနေတာတောင် ဘာလို့အရက်ထပ်ဝယ်လာရတာလဲ...” 

“ဘာအရက်လဲ...” 

ရုန်ယီက စိတ်အိုက်စွာဖြင့် အင်္ကျီလက်ကိုဆွဲလိုက်သည်။  

ချန်းခယ့်ယောင်က သူ့လက်ကိုညွှန်ပြလိုက်၏။

ရုန်ယီ သူ့လက်ကိုမြှောက်ကြည့်လိုက်ကာ အံ့သြသွားခဲ့၏။ 

သူက ရေခဲစိမ်ကုတ်တစ်ဘူးကို စတိုးဆိုင်မှဝယ်လာခဲ့သည်မှာ ဓာတ်လှေကားထဲမဝင်ခင်အထိ သေချာနေခဲ့သေးသည်။ 

သူ ဗလုံးဗထွေးရေရွတ်လိုက်၏။ 

“ဘယ်သူ ဒါကိုလဲလိုက်တာလဲ...”

“…” 

ချန်းခယ့်ယောင် ထပ်ပြီးအူတက်အောင်ရယ်ရပြန်၏။

“ဒီ မှာမင်းပဲရှိတာလေ...” 

ရုန်ယီသူ့ကို အလေးအနက်ကြည့်လိုက်သည်။ 

“ဒါ မင်းပဲဖြစ်ရမယ်...”

“…” 

ချန်းခယ့်ယောင် တစ်ချိန်ထဲတွင် ငိုရခက်ရယ်ရခက်ဖြစ်သွားလေသည်။  

“မင်း…” 

ရုန်ယီ သူ့ရှေ့သို့ခြေလှမ်းလှမ်းကာ တစ်စုံတစ်ခုပြောရန်ပြင်လိုက်၏။ သို့သော် ကိုယ်ကယိုင်နဲ့သွားသည့်အတွက် စကားပင်အဆုံးမသတ်နိုင်ဖြစ်သွားခဲ့ရသည်။  

မှီစရာနံရံမရှိတော့သည်နှင့် ကမ္ဘာကြီးတစ်ခုလုံးစတင်လည်ပတ်လာခဲသည်။ ရုန်ယီက ဘယ်ခြေနှစ်လှမ်း၊ ညာခြေနှစ်လှမ်းယိုင်သွားပြီးနောက် ဟန်ချက်ပျက်သွားကာ ရှေ့သို့ဟပ်ထိုးလဲကျသွားစဥ် ချန်းခယ့်ယောင်၏သတိပေးသံကိုကြားလိုက်ရ၏။ 

ချန်းခယ့်ယောင်က သူ့ကိုဖမ်းလိုက်ရင်း နောက်သို့ပြန်တွန်းလိုက်သည်။ သူတို့နှစ်ဦးလုံး နံရံ၌ကပ်မိသွားကြ၏။  

ချန်းခယ့်ယောင်သူ့ကိုထိန်းလိုက်သည်နှင့် ရုန်ယီအားကိုးရာရှာတွေ့သွားသလို ခံစားလိုက်ရသည်။ ယခုအခါ သူအလွန်သက်တောင့်သက်သာရှိနေလေသည်။ သူ့ရှေ့ရှိခန္ဓာကိုယ်မှာ အလွန်နွေးထွေးပြီးအားကိုးချင်စရာကောင်းလှသဖြင့် လက်ဆန့်ထုတ်လိုက်ကာ ထိုသူအားပွေ့ဖက်လိုက်လေသည်။   

သစ်သီးဝိုင်က သူတို့နှစ်ဦးကြားပြုတ်ကျသွားကာ ဓာတ်လှေကား၏ထောင့်စွန်းသို့လိမ့်သွားခဲ့၏။ 

အဆိုပါပုလင်းအရှိန်ရပ်သွားသည့်အခိုက် ဓာတ်လှေကားသည်လည်းပွင့်သွားခဲ့သည်။  

“…ကောင်းပြီ.” ချန်းခယ့်ယောင် ကဆိုသည်။ “ငါတို့ရောက်ပြီ...”

ရုန်ယီခေါင်းညှိတ်လိုက်၏။ “အိုး...”

“…မင်းဘာလုပ်နေတာလဲ” ချန်းခယ့်ယောင်၏အသံက စိတ်လှုပ်ရှားဟန်စွက်နေသည်။ 

“မင်းလေ...မင်းကဖက်လို့အရမ်းကောင်းတာပဲ...” ရုန်ယီ သူ့ပါးပြင်နှင့်တစ်ဖက်လူ၏ရင်ဘတ်ကိုပွတ်တိုက်လိုက်၏။

 "သက်တောင့်သက်သာရှိတယ်...”

ဓာတ်လှေကားတံခါးပြန်ပိတ်သွားကာ တဖန်တိတ်ဆိတ်သွားခဲ့သည်။  

ရုန်ယီ အလွန်သက်တောင့်သက်သာရှိနေသည့်အတွက် သူမျက်လုံးပင်မဖွင့်ချင်ချေ။ သူက ရီဝေဝေဖြင့်မျက်ဝန်းများမှိတ်လိုက်စဥ် ထိုအနွေးဓာတ်ကရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။ ခုနကအထိ သူဖက်တာခံနေခဲ့သောလူက သူ့အားတွန်းထုတ်လိုက်လေသည်။  

ဓာတ်လှေကားအတွင်းဘက်သို့ အတွန်းခံလိုက်ရသောရုန်ယီက မူးဝေနေသောခေါင်းကိုယမ်းလိုက်သည်။ ချန်းခယ့်ယောင်က ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်၏။ ဓာတ်လှေကားပွင့်သွားသည်နှင့် ထိုအမျိုးသားက နောက်ကိုပင်လှည့်မကြည့်ပဲ ချက်ချင်းထွက်သွားတော့သည်။  

ရုန်ယီက ဓာတ်လှေကားကိုမီကာခဏရပ်နေပြီးနောက် ယိုင်တိယိုင်တိုင်ဖြင့်အပြင်ထွက်လာခဲ့သည်။ ထို့နောက် လှေကားထောင့်နားတွင်ရပ်နေသူကိုတွေ့လိုက်ရ၏။ 

ချန်းခယ့်ယောင်က သူ့ကျောသူလက်တစ်ဖက်ဖြင့်ထုကာ အဆက်မပြတ်အန်နေလေသည်။

ထိုစဥ် ကျိုးလီ : Zzzzzzzzzzzzzz…

Xxxxxxxx