Chapter 20
အရသာကတကယ့်ကိုဆိုးဝါးတာပဲ...
အယ်လ်ဖာများပိုးပန်းသည့်အခါ မည်မျှကြောင်တောင်တောင်နိုင်ကြောင်း ရုန်ယီကိုယ်တိုင်တွေ့လိုက်ရ၏။
လျှိုယွမ်က ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်ကာ ကျိုးလီအား ယုံကြည်မှုအပြည့်ဖြင့်ပြုံးပြလျှက် စကားစမပြတ်အောင် ကြိုးစား၍နေလေသည်။
“မင်းကရုန်ယီရဲ့သူငယ်ချင်းမဟုတ်လား...အပြင်သွားဖို့လာခေါ်တာလား...ခုပဲပြန်တော့မလို့လား...ခဏနေပါဦး...”
ကျိုးလီ၏အမူအယာက ရုတ်ခြည်းပြောင်းလဲသွား၏။ “…ခင်ဗျား ကျွန်တော်နဲ့အတူအောက်ဆင်းမလို့လား...”
“ကိုယ်…”
ကျိုးလီ အဓိကအချက်ကိုပြောလိုက်၏။ “မဟုတ်ဘူးဆိုရင် အပြင်ထွက်ပေးပါ...”
…
ဓာတ်လှေကားအတွင်းမှနှင်ထုတ်ခံလိုက်ရသော်လည်း လျှိုယွမ်ကစိတ်လှုပ်ရှားနေဆဲဖြစ်သည်။
သူက ဓာတ်လှေကားတံခါးပိတ်သွားသည်အထိ လက်ယမ်းနှုတ်ဆက်လေသည်။ ထို့နောက် ရုန်ယီ၏ပုခုံးများကိုလှုပ်ယမ်းကာ
“သူက ငါအရင်ကတွေ့လိုက်တဲ့တစ်ယောက်မဟုတ်လား...မင်းပြောတော့ သူ့ကိုမသိဘူးဆို...”
“လှုပ်နေတာရပ်စမ်း...အခုရပ်စမ်း...”
ရုန်ယီ အရက်နာကျနေဆဲဖြစ်ရာ အန်ပင်အန်ချင်လာခဲ့သည်။
"မင်းလိုချင်တာပြော...”
“ဟုတ်ပါပြီ...ဟုတ်ပါပြီ...”
သူ့ကိုမျက်နှာလုပ်ချင်သည့်အတွက် လျှိုယွမ်ကအလွန်ပင်နာခံလွယ်နေကာ ချက်ချင်းလွှတ်ပေးလိုက်သည်။
“သူ့နာမည်ကဘယ်သူလဲ...အသက်ကရော...ဆက်သွယ်ရမယ့်အချက်အလက်တွေရော...သူ့မှာတွဲဖက်ရှိနေပြီလား...”
ကျိုးလီပြောခဲ့သော အယ်လ်ဖာအားလုံးမှာစိတ်ရှုပ်စရာကောင်းသည်ဟူသည့်အချက်ကို ရုန်ယီနားလည်သွားပြီဖြစ်၏။ ရုန်ယီသိသလောက် ကျိုးလီ၏အကျင့်စရိုက်နှင့်ဆိုပါက လျှိုယွမ်၏ခုနကအပြုအမူမှာ သူ့ကိုယ်သူသေတွင်းထဲပို့နေခြင်းသာဖြစ်လေသည်။
သူက လျှိုယွမ်အား ထိုသတင်းဆိုးကိုပြောရန်တုံ့ဆိုင်းနေစဥ် ချန်းခယ့်ယောင်၏အသံက သူတို့နောက်မှထွက်လာခဲ့သည်။
“ဘာလို့မင်းတို့အထဲမလာသေးတာလဲ...အဲ့ဒီ့မှာဘာရပ်လုပ်နေကြတာလဲ...”
လျှိုယွမ်က သူအတွက် ဒိန်ချဥ်တစ်ဘူးနှင့် ကိတ်မုန့်တစ်ဘူးဝယ်လာပေးသည်။
ရုန်ယီက သူ့အားကုန်ကျငွေပြန်ပေးမည့်အချိန်တွင် သူကအမှုမထားဟန်ဖြင့်လက်ဝေ့ယမ်းလိုက်သည်။
“ဒီလောက်ပိုက်ဆံလေးကို ပြန်ပေးစရာမလိုပါဘူး...မင်းငါ့ကိုသူငယ်ချင်းလို့မသတ်မှတ်ထားဘူးလား...”
ထိုသို့ပြောပြီးသည်နှင့် ရုန်ယီမျက်မှောင်ကြုတ်သွားကြောင်း သူသတိပြုမိလိုက်သည်။ ထို့ကြောင့် ထိုင်ခုံကိုယူကာ အမြန်ပြောလိုက်၏။
“ဘာလို့အဲ့ဒီ့မှာရပ်နေတာလဲ...လာထိုင်လေ...”
ရုန်ယီဘာမှမပြောနိုင်ခင် ဘေးတွင်ရပ်နေသောချန်းခယ့်ယောင်က မနေနိုင်ပဲဝင်ပြောလိုက်မိသည်။
“ဘာဖြစ်နေတာလဲ...ရုန်ယီက မင်းရဲ့အားနည်းချက်ကိုကိုင်ထားတာလား...”
“ဟေး...ဟေး...” လျှိုယွမ်က ရုန်ယီ့ကိုအပြုံးကြီးကြီးပြုံးပြကာ သူ၏လက်များကိုဆွဲယမ်းလိုက်သည့်။
“ငါ့ကိုအဲ့ဒီ့အလှလေးရဲ့နံပါတ်ပေးပါကွာ...”
ရုန်ယီ သူ့ထံမှအကြည့်လွှဲလိုက်၏။ “ငါသူ့ဆီက ခွင့်ပြုချက်တောင်းရဦးမယ်...”
“ဘယ်ကအလှလေးလဲ...” ချန်းခယ့်ယောင်က ဇဝေဇဝါဖြစ်နေခဲ့သည်။ ထို့နောက် သူရုတ်တရက်ဉာဏ်အလင်းပွင့်သွားခဲ့၏။
“အခုလေးတင်ထွက်သွားတဲ့တစ်ယောက်ကိုပြောတာလား...သူ့နာမည်ကကျိုးလီလေ...ဟုတ်တယ်မလား...”
“သူ့နာမည်ကကျိုးလီတဲ့လား...နာမည်ကောင်းလေးပဲ...ဘယ်လိုရေးရတာလဲဟင်...”
လျှိုယွမ်ဆက်မေးလိုက်သည်။
ချန်းခယ့်ယောင်က တိတ်ဆိတ်နေသောရုန်ယီအား မတင်မကျဖြင့်ကြည့်လိုက်၏။ သူက ခဏတာတုံဆိုင်းနေပြီးနောက် လျှိုယွမ်၏နဖူးကို အသာပုတ်လိုက်သည်။
“မရူးစမ်းနဲ့...သူက ရုန်ယီ့ရဲ့ပါတနာလေ...”
“…ဘာ” လျှိုယွမ် ထိတ်လန့်သွားခဲ့သည်။
“မင်း...မင်း...မင်းက ထိပ်ပြောင်ရဲ့တူနဲ့တွဲနေတာမဟုတ်ဖူးလား...”
ရုန်ယီ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
လျှိုယွမ်က ခဏတာတွန့်ဆုတ်နေပြီးနောက် သတိအပြည့်ဖြင့်မေးလိုက်၏။
“သူက ထိပ်ပြောင်ရဲ့တူလား...”
မယုံနိုင်စရာပင်။ အလိမ်အညာများပြည့်နေသောဇာတ်လမ်းတစ်ပုဒ်က ကွက်လပ်များကိုအလိုအလျောက်ဖြည့်ပြီးသားဖြစ်သွားခဲ့သည်။
ရုန်ယီက လျှိုယွမ်ကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။
လျှိုယွမ်ချက်ချင်းငိုလေတော့သည်။ သူစကားပင်မဆုံးသေးခင် ချန်းခယ့်ယောင်သူ့အားခေါ်ထုတ်သွားပုံမှာ သနားစရာပင်ကောင်းနေလေသည်။
ချန်းခယ့်ယောင်က သူ့ကိုအခန်းထဲဆွဲခေါ်သွားခဲ့၏။ သူက ရုန်ယီ့ကို စိတ်ထဲမထားရန်တီးတိုးပြောလိုက်လေသည်။
ရုန်ယီက သူ၏တစ်သက်တာအရှက်မဲ့နိုင်မှုများအားလုံး ဤနှစ်ရက်အတွင်းအကုန်ကုန်တော့မည်ဟု တွေးမိလိုက်သည်။
သူက အခန်းထဲပြန်ရောက်သည့်အခါ ကျိုးလီအား လျှိုယွမ့်အတွက်မေးမြန်းပေးလိုက်သည်။ သူနှင့်ကျိုးလီကအမှန်တကယ်တွဲနေခြင်းမဟုတ်ရာ သူငယ်ချင်းတစ်ဦးအချစ်စစ်နှင့်တွေ့မည်ကို ကာဆီးနေစရာအကြောင်းမရှိချေ။
သို့သော် ရလဒ်က သူ့ခန့်မှန်းထားသည့်အတိုင်းသာဖြစ်၏။
ကျိုးလီက သူ့စာကိုလက်ခံရရှိသည်နှင့် ဖုန်းခေါ်လာလေသည်။
“အိုးမိုင်ဂေါ့...မင်းကတကယ့်ကိုသူငယ်ချင်းကောင်းပဲ...မင်းလိုအရာရာကိုစေ့စေ့စပ်စပ်လိုက်တွေးတဲ့လူမျိုးကို ငါပထမဆုံးမြင်ဖူးတာပဲ...ငါကြက်သီးတောင်ထတယ်...”
“ဒါဆို…”
“မပေးလိုက်နဲ့နော်...” ကျိုးလီ အော်ပြောလိုက်သည်။ “ငါမင်းကိုတောင်းဆိုတာ...”
ရုန်ယီ အနည်းငယ်သဘောကျသွားသည်။ “ကောင်းပြီ...ငါသိပြီ...ချန်းခယ့်ယောင်က ငါတို့တွဲနေတာလို့သူ့ကိုပြောထားတယ်...ငါအဲ့ဒါကိုသုံးလိုက်မယ်...”
ကျိုးလီက စိတ်သက်သာရရဟန်ဖြင့် ဖုန်းချလိုက်၏။ ခဏအကြာတွင် သူကရုန်ယီ့ထံစာပို့လာသည်။
“ငါ့မှာအကြံတစ်ခုရှိတယ်...ဒါပေမယ့် ငါမင်းကိုမေးသင့်ရဲ့လားမသိဘူး...”
ယေဘူယျအားဖြင့် တစ်စုံတစ်ယောက်ထိုသို့မေးလာလျှင် မည်သည့်အရာကိုဦးတည်နေမှန်း ရုန်ယီအကြမ်းဖျဥ်းခန့်မှန်းနိုင်၏။
“ငါမမေးသင့်မှန်းတော့သိပါတယ်...ဒါပေမယ့်ငါမထိန်းနိုင်တော့ဘူး...”
ရုန်ယီက “ကောင်းပြီ...မေးကြည့်ပါ...” ဟုပို့လိုက်သည်နှင့် နောက်ထပ်စာတစ်စောင်ထပ်ရောက်လာသည်။
“မင်းအဲ့ဒီ့ကောင်နဲ့တွဲလိုက်သေးလား...”
ရုန်ယီ တိတ်ကျသွားခဲ့၏။
သူတိတ်ဆိတ်နေစဥ် ကျိုးလီက စာသုံးစောင်ဆက်တိုက်ပို့လာလေသည်။
“ငါနားမလည်နိုင်ဘူး...မင်းရဲ့အခန်းဖော်ကသူ့ထက်အများကြီးပိုသာတယ်လေ...”
“ရုတ်တရက်ကြီးမင်းငါ့ကိုငြင်းခဲ့တဲ့အပေါ်မှာ ငါအထူးတလည်စိတ်သက်သာရာရသွားသလိုပဲ...”
“ဒါပေမယ့် ငါတကယ့်ကိုနားမလည်နိုင်ဘူး...”
ရုန်ယီက ဖုန်းကိုမျက်မှောင်ကြုတ်၍ကြည့်ကာ ခဏအကြာ၌ ပြန်စာပို့လိုက်၏။
“မင်း အရွယ်ရောက်လာရင်သိလိမ့်မယ်...”
တစ်ဦးအတွက်တစ်ဦးကသင့်လျော်ခြင်းနှင့် တစ်သက်လုံးအတူတကွဖြတ်သန်းလိုခြင်းမှာ ခြားနားသောကိစ္စရပ်များဖြစ်ကြသည်။
ရုန်ယီတွင် ဦးတည်ရာမဲ့ဆုတောင်းများစွာရှိခဲ့ဖူးသည်။ သို့သော် တစ်ယောက်ယောက်မရှိ၍မဖြစ်ဟူသည့်ခံစားချက်မျိုးကို မခံစားခဲ့ရဖူးချေ။
သူနှင့်ချန်းခယ့်ယောင်ကြားကိစ္စမှာ သူ၏အခြားချစ်ပုံပြင်များထက် ပို၍ရှုပ်ထွေးသော်လည်း အရမ်းအထူးတလည်ဖြစ်နေခြင်းမဟုတ်ပေ။ သူက လျှိုယွမ်အား မုန်းတီးခြင်းမရှိပဲ သူငယ်ချင်းတစ်ဦးအဖြစ်သဘောထားနိုင်သကဲ့သို့ ချန်းခယ့်ယောင်အတွက်လည်း သာမန်အခန်းဖော်တစ်ဦးဖြစ်ပေးနိုင်လေသည်။
ချန်းခယ့်ယောင်က အလွန်သဘောကောင်းသော်လည်း သူ့ကိုမကြိုက်ပါက သူ၏ Mr.Right (right person) မဖြစ်လာနိုင်ချေ။
ထို့ကြောင့် လက်လျှော့ရလျှင်လည်း နှမြောစရာအကြောင်းရှိမနေ။
သူ့၏ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှာ အလွန်ကောင်းမွန်ကြောင်း ရုန်ယီ ယုံကြည်လေသည်။
လျှိုယွမ်က သူ့ကိုယ်သူညစာစားဖို့ဖိတ်လိုက်၏။
ဟင်းချက်ခြင်းမှာ သူ၏ဝါသနာဖြစ်ပြီး တစ်ယောက်တိုးလာခြင်းက ဟင်းအမယ်ပိုများများပြင်ဆင်ရသဖြင့် ရုန်ယီကမငြင်းပဲလက်ခံလိုက်သည်။
ရုန်ယီ ချက်ပြုတ်ရန်ပြင်ဆင်နေစဥ် ချန်းခယ့်ယောင်က ရုတ်တရက်လမ်းလျှောက်ဝင်လာခဲ့သည်။
“ငါတို့ ဒီညဘာစားကြမလဲ...” သူက ရုန်ယီ၏ပုခုံးပေါ်မှ ကျော်ကြည့်ရန်ပြင်လိုက်၏။
ရုန်ယီက ဘေစင်ပေါ်ရှိ တစ်ဝက်ပြင်ဆင်ပြီးပြီဖြစ်သောအမယ်များကိုညွှန်ပြလိုက်သည်။
“ခန့်မှန်းကြည့်လေ...”
ချန်းခယ့်ယောင်က ဘေစင်ထံသွားကာ လျှောက်စပ်စုလိုက်သည်။ ထို့နောက် ဘာမှမသက်ဆိုင်သည့်အရာကို ပြောလာခဲ့၏။
“မင်းနဲ့ကျိုးလီက...”
သူ့စကားမဆုံးခင် ရုန်ယီအမြန်လှည့်ကြည့်လိုက်သည်။ “မင်းဘာလိုချင်လို့လဲ...”
“ဘာလို့စိတ်လှုပ်ရှားနေတာလဲ...” ချန်းခယ့်ယောင်ကဆို၏။
“ငါကတခြားပြောမလို့မဟုတ်ပါဘူး...သူကမင်းအတွက်သင့်တော်တယ်ထင်လို့ပါ...”
ရုန်ယီ ရုတ်တရက်ရယ်ချင်လာခဲ့သည်။
ကျိုးလီကလည်း သူနှင့်ချန်းခယ့်ယောင်တို့မှာ တစ်ဦးအတွင်တစ်ဦးသင့်တော်သည်ဟုဆို၏။
ဒီနှစ်ယောက်က စိတ်ချင်းဆက်နေတာများလား...
“လျှိုယွမ်ပြောတာတော့ မင်းတို့တွေဘလိုင်းဒိတ်ကနေတွေ့တာဆို...”
ဒီပါးစပ်ဖွာတဲ့အကောင်...
“မင်းကဘာကိုပြောချင်တာလဲ...” ရုန်ယီသူ့ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
“ဒီတိုင်းမေးကြည့်တာပါ...” ချန်းခယ့်ယောင်ကဆို၏။ “
ရုန်ယီတစ်ကိုယ်လုံး သတိအပြည့်ဖြစ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ...” ချန်းခယ့်ယောင်က အကူအညီမဲ့ဟန်ဖြင့်
“ငါ့မှာတခြားရည်ရွယ်ချက်မရှိပါဘူး...ငါတို့က...သူငယ်ချင်းတွေမဟုတ်ဖူးလား...”
ရုန်ယီ ဘာမှမပြောပဲသူ့ကိုကြည့်လိုက်သည်။
“မဟုတ်ဖူးလား...” ချန်းခယ့်ယောင်က မေးလိုက်၏။
“ပြောစရာရှိရင်ပြောလိုက်...”
“အထွေအထူးပြောစရာမရှိပါဘူး...ဒီတိုင်းကြုံလို့မေးကြည့်တာ...”
သူကနှာခေါင်းပွတ်ရင်း ဆက်ပြောသည်။
"မင်းတစ်ယောက်ထဲပျင်းနေမှာစိုးလို့ အဖော်လာလုပ်ပေးတာ...”
“အိုး...ငါလုံးဝမပျင်းပါဘူး...” ရုန်ယီက ပြန်လှည့်ကာ လုပ်စရာရှိသည်ကိုဆက်လုပ်နေလိုက်သည်။
“လာရှုပ်မနေနဲ့...”
“ပြီးရော...” ချန်းခယ့်ယောင် ထွက်သွားဖို့ပြင်လိုက်၏။
ရုန်ယီက ထိုသူအားနားမလည်နိုင်ချေ။
သို့သော် နှစ်မိနစ်အကြာ၌ ချန်းခယ့်ယောင်ပြန်ရောက်လာခဲ့သည်။
“ဟုတ်သားပဲ...”
ချန်းခယ့်ယောင်၏လေယူလေသိမ်းက ဒီတစ်ခါထူးဆန်းနေ၏။ သူက စိတ်လှုပ်ရှားနေပုံရသည်။
“ငါရုတ်တရက် တစ်ခုကိုသတိရသွားလို့...”
ရုန်ယီ၏ရှုပ်ထွေးနေသောအကြည့်အောက်၌ ချန်းခယ့်ယောင်သူ့ဆီလျှောက်လာကာ အပြုံးကြီးကြီးတစ်ခုပြုံးပြလာသည်။
“မနေ့ညကဘာဖြစ်သွားလဲမှတ်မိလား...”
“…ဘာကိုလဲ” ရုန်ယီကမေးလိုက်၏။
“မင်းမူးပြီးနောက်ပိုင်းဘာတွေဖြစ်ခဲ့လဲဆိုတာလေ...မင်းလုံးဝမမှတ်မိဘူးလား...” ချန်းခယ့်ယောင်ကဆို၏။
သူ့မျက်နှာက ရယ်ချင်စိတ်အားချုပ်တည်းထားရပုံပေါ်သည်။
“ငါအရက်မမူးပါဘူး...ဟုတ်တယ်မလား...” ရုန်ယီသူ့ကိုသတိအပြည့်ဖြင့်ကြည့်လိုက်၏။
“ငါသိသလောက်တော့ ကျိုးလီကိုဒီပြန်ခေါ်လာခဲ့တယ်...ပြီးတော့ မင်းနဲ့အတူ စတိုးဆိုင်ကိုသွားခဲ့တယ်လေ...ဒါပဲမလား...”
ချန်းခယ့်ယောင်၏မျက်နှာက ပို၍ပင်ဖတ်ရခက်လာ၏။ သူက နှုတ်ခမ်းသပ်လိုက်ကာ
“မင်းဘာဝယ်ခဲ့လဲ မှတ်မိလား...”
“အိုး...ဆိုဒါနဲ့ကုတ်ဘူးမှားဝယ်ခဲ့မိတာထင်တယ်...ဟုတ်တယ်မလား...”
ရုန်ယီ ပြန်မှတ်မိအောင်အကောင်းဆုံးကြိုးစားလျှက်ရှိ၏။
“အရိုးသားဆုံးပြောတာနော်...ငါအားလုံးမှတ်မိတယ်...ငါဘာမှမမှတ်မိတဲ့အထိမမူးဘူး...မင်းငါ့ကိုဇာတ်လမ်းဆင်ပြီးခြောက်ဖို့ကြိုးစားမနေနဲ့...”
“ပြီးတော့ရော...”
ချန်းခယ့်ယောင်၏ပုံစံက အလွန်ထူးဆန်းလှသည်။
“မင်းအန်လိုက်သေးတယ်...” ရုန်ယီကဆိုသည်။
“…”
“ငါမင်းဆီ မတော်တဆဟပ်ထိုးလဲကျပြီးတော့လေ...”
“အဟမ်း...” ချန်းခယ့်ယောင် အကြည့်လွှဲလိုက်၏။
“အဲ့ဒါထည့်ပြောစရာမလိုဘူး...ငါ...ငါကဓာတ်လှေကားထဲမှာ ဖျားချင်သလိုဖြစ်သွားခဲ့ရုံပဲ...မင်းမနေ့က ဓာတ်လှေကားကြီးလှုပ်နေတယ်လို့ပြောတယ်လေ...ဟုတ်တယ်မလား...”
အဓိပ္ပါယ်မရှိတာတွေ...
ရုန်ယီစိတ်တွင်းမှ မျက်လုံးလှန်လိုက်မိသည်။ သူ၏အသံက ပို၍အေးစက်လာ၏။
“ပြောမှာပြောစမ်းပါ...စကားအထအနလျှောက်ကောက်နေတာ အဘွားကြီးကျနေတာပဲ...ထစ်ထစ်ငေါ့ငေါ့နဲ့...”
“မင်းသကြားလုံးဝယ်ခဲ့တယ်လေ...မှတ်မိလား...”
“မှတ်မိတယ်...” ရုန်ယီ ပြောစရာစကားမရှိသလိုခံစားလိုက်ရ၏။
“အဲ့ဒါတွေက အရသာဆိုးတယ်လေ...မင်းကငါ့ကိုလွှင့်မပစ်ခိုင်းလို့ ငါမင်းကိုပေးလိုက်တယ်မဟုတ်လား...”
သူပြောပြီးသည်နှင့် ချန်းခယ့်ယောင်ဟားတိုက်ရယ်တော့သည်။
သူ၏ခန္ဓာကိုယ်ကကွေးကျသွားကာ တစ်ကိုယ်လုံးလှုပ်နေလျှက် စကားပင်မပြောနိုင်အောင်ရယ်နေ၏။
“မင်းဘာဖြစ်နေတာလဲ...” ရုန်ယီ ရှုပ်ထွေးလျှက်ရှိ၏။
"ဦးနှောက်ပျက်သွားတာလား...”
ချန်းခယ့်ယောင်က သူ့ပေါင်သူဖြတ်ခနဲရိုက်လိုက်သည်။ နောက်ဆုံး၌ အရယ်မသတ်ပဲမတ်တပ်ပြန်ရပ်လိုက်ရင်း အိတ်ထဲမှစက္ကူဘူးတစ်ဘူးထုတ်လိုက်၏။
သူက ရုန်ယီ၏မျက်နှာရှေ့တွင် ဘူးကိုဝေ့ယမ်းပြလိုက်သည်။ “ဒါဘာလေးလဲသိလား...”
ရုန်ယီသေချာပေါက်သိလေသည်။ တစ်ချက်ကြည့်လိုက်လျှင် ချိုချဥ်ဘူးဖြင့်အထင်မှားနိုင်သော်လည်း အမှန်စင်စစ်၌ ကွန်ဒုံးဘူးသာဖြစ်လေသည်။
ဘူးက ဖောက်ပြီးသားဖြစ်ကာ စတော်ဘယ်ရီသီးခပ်ကြီးကြီးနှစ်လုံး၏ပုံကို ရိုက်နှိပ်ထား၏။
“အရသာက တကယ့်ကိုဆိုးဝါးတာပဲ...” ချန်းခယ့်ယောင်ကပြောလိုက်၏။
“…”
“ဒါကိုတစ်ယောက်ယောက်ကပါးစပ်ထဲထည့်ပြီးဝါးတာမျိုး မနေ့ညကပထမဆုံးအကြိမ်မြင်ဖူးတာပဲ...”
“…”
“မင်းမယုံရင်...အခုပဲတစ်ခုဖောက်ပြီးစမ်းကြည့်...”
သူပြော၍မဆုံးခင် သဘာဝမကျသောဆူညံသံတစ်ခုက မီးဖိုချောင်အပြင်ဘက်တံခါးထံမှထွက်လာ၏။ အမျိုးသားနှစ်ဦးလုံး လှည့်ကြည့်လိုက်သည့်အခါ ထိုနေရာတွင်ရပ်နေသည့် လျှိုယွမ်ကိုတွေ့လိုက်ရလေသည်။
“ဆောရီး...ငါ့ကိုစိတ်ထဲမထားပါနဲ့...” သူကပြောပြောဆိုဆိုနှင့်နောက်ဆုတ်လိုက်၏။
“မင်းတို့လုပ်စရာရှိတာဆက်လုပ်...အဟမ်း...ပြောစရာရှိတာဆက်ပြောကြပါ...”
ရုန်ယီနှင့်ချန်းခယ့်ယောင်က ဘာဖြစ်နေမှန်းသဘောပေါက်သွားကြချိန်တွင် ထိုလူကထွက်သွားနှင့်ပြီဖြစ်သည်။
အမျိုးသားနှစ်ဦးက မီးဖိုချောင်ထဲတွင်မတ်တပ်ရပ်ကျန်ခဲ့ကြ၏။ တစ်ဦးနှင့်တစ်ဦးကြည့်နေပြီးနောက် သူတို့နှစ်ဦး၏အကြည့်က ချန်းခယ့်ယောင်လက်ထဲရှိ ကွန်ဒုံးဘူးထံ ပြိုင်တူကျရောက်သွားခဲ့သည်။
ထိုအမျိုးသားနှစ်ဦးတွင် တစ်ဦးကရှက်သွေးဖြာနေကာ တစ်ဦး၏မျက်နှာပေါ်၌ စနောက်သောအပြုံးတစ်ခုရှိနေပြီး စတော်ဘယ်ရီအနံ့ကွန်ဒုံးဘူးကိုကိုင်ကာ “အခုပဲတစ်ခုဖောက်ပြီးစမ်းကြည့်...” ဟုဆိုလိုက်သည်။
ဒီမြင်ကွင်းကိုတခြားလူတွေမြင်ရင် ဘယ်လိုထင်ကြမလဲ...
Xxxxxx