Ch 3
Viewers 12

🧁အခန်း (၃) ဝက်ဝံကြီး ပေါ်လာခြင်း



တောအုပ်ကြီး၏ အခြားတစ်ဖက်တွင်...


ဤနယ်မြေ၏ အရှင်သခင်ဖြစ်သော သားရဲကြီးသည် မိမိပိုင်နက်အတွင်းသို့ သားရဲတစ်ကောင် သို့မဟုတ် လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာကြောင်း အာရုံခံမိလိုက်သည်။ ရရှိလာသော အနံ့ဆိုးနောက်သို့ အာရုံခံစားရင်း ထိုနေရာသို့ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်နှုန်းဖြင့် ပြေးထွက်လာခဲ့လိုက်သည်။ 


တောအုပ်အတွင်းရှိ တိရစ္ဆာန်ငယ်လေးများသည် ထိုလှုပ်ခတ်မှုကြောင့် ထိတ်လန့်တကြားဖြစ်ကာ အလန့်လန့်အဖျပ်ဖျပ်ဖြင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြလေသည်။


ကိတ်မုန့်ဖုတ်ခြင်းတွင် စိတ်ဝိညာဉ်တစ်ခုလုံး နစ်မြောနေသော ဟယ်ရှုနျန်ကမူ ဤအခြင်းအရာများကို ဘာမျှမသိရှာဘဲ ကိတ်မုန့်များအပေါ်တွင်သာ အာရုံစိုက်နေဆဲပင်။


မကြာသေးမီကပင် ဟယ်ရှုနျန်သည် အမျိုးအစားလေးမျိုးမှ တစ်မျိုးလျှင် အခုငါးဆယ်စီဖြင့် ကိတ်မုန့်ပေါင်း နှစ်ရာကို ဖုတ်ခဲ့ပြီးဖြစ်သည်။


"ဆန္ဒပြည့်ဝခြင်း": ကိတ်မုန့် ၂၀၀၊ အတွေ့အကြုံ ရမှတ် ၁၅၀။


"ကြည်လင်သော မိုးကောင်းကင်": ကိတ်မုန့် ၃၀၀၊ အတွေ့အကြုံ ရမှတ် ၂၅၀။


"လက်ဖျား ကချေသည်": ကိတ်မုန့် ၂၀၀၊ အတွေ့အကြုံ ရမှတ် ၁၅၀။


"လျှို့ဝှက်ဆန်းကြယ် လက်ဆောင်ဘူး": ကိတ်မုန့် ၂၀၀၊ အတွေ့အကြုံ ရမှတ် ၁၅၀။


ယခင်အသုတ်များ အပါအဝင်ဆိုလျှင် သူသည် စုစုပေါင်း ကိတ်မုန့် ၉၁၈ ခု ဖုတ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံရမှတ် ၇၁၄ မှတ် ရရှိထားပြီး ဖြစ်သည်။ အဆင့်တက်ရန်အတွက် အတွေ့အကြုံရမှတ် ၂၀၀ ကျော်သာ လိုတော့သည်။


ကိတ်မုန့်ဖုတ်နေစဉ်အတွင်း ကိတ်မုန့်တင်စင်က တစ်ခုတည်းသာ ဆန့်ပုံရသော်လည်း အမှန်တကယ်တွင်မူ ရာနှင့်ချီ၍ ထပ်ဆင့်ထားနိုင်သည်ကို သူက သတိပြုမိလိုက်သည်။ လမ်းညွှန်စာအုပ်အရ ထိုကိတ်မုန့်စင်သည် နေရာလွတ်အိတ်ဆောင်တစ်ခုကဲ့သို့ လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ထိုအထဲတွင် အချိန်က ရပ်တန့်နေသည်။ မည်သည့်အရာကိုမဆို ထည့်ထားလျှင် ပြန်ထုတ်ယူသည့်အခါ မပြောင်းလဲဘဲ မူလအတိုင်း ရှိနေမည်ဖြစ်ရာ ဟယ်ရှုနျန်အနေဖြင့် ကိတ်မုန့်များ သက်တမ်းကုန်ဆုံးသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။


ကိတ်မုန့်ဖုတ်ရသည်က မောပန်းလာသဖြင့် ခေတ္တအနားယူရန် "ကြည်လင်သော ကောင်းကင်" ကိတ်မုန့်တစ်တုံးကို ထုတ်ယူကာ နှစ်ယောက်ထိုင် စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာသော နေရောင်ခြည်ဖျော့ဖျော့သည် စားပွဲခုံပေါ်တွင် ရွှေမှုန်များသဖွယ် ပျံ့ကြဲနေသည်။ 


သူက ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာမှီထိုင်လျက် အရသာရှိလှသော ကိတ်မုန့်ကို မြိန်ရှက်စွာစားသုံးနေပြီး ဆိတ်ငြိမ်သော အခိုက်အတန့်ကို ခံစားနေမိသည်။


ဟယ်ရှုနျန် ဤသို့ ချမ်းမြေ့ဖွယ်ရာ အချိန်ကို ခံစားနေစဉ်မှာပင် ပြတင်းပေါက်အပြင်ဘက်၌ မည်းမှောင်သော အရိပ်တစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာလေသည်။ 


"ဒီနေရောင်ခြည်လေးက တကယ့်ကို နွေးထွေးတာပဲ…" ဟု သူ တိုးတိုးလေး ရေရွတ်လိုက်မိရုံရှိသေး၊ အပြင်ဘက်မှ အလင်းရောင်က ရုတ်ချည်း မှေးမှိန်သွားတော့သည်။ ဆိုင်တစ်ဆိုင်လုံးက နေဝင်ရီတရောအချိန် မီးမထွန်းထားသကဲ့သို့ မှောင်အတိ ကျသွားခဲ့၏။


ဘာဖြစ်သည်ကို သိလိုသဖြင့် သူ လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်ရှိ သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ် မျက်လုံးများနှင့် ဆုံမိသွားလေသည်။ ဝိုင်းစက် တောက်ပနေသော ထိုမျက်လုံးများက ဆိုင်ထဲရှိ ခြေနှစ်ချောင်းရှိသော သတ္တဝါကို စိုက်ကြည့်နေပြီး သားကောင်ကို ရှာဖွေနေသည့် အမဲလိုက် သားရဲတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။


သူ ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိ၏။ ထို့နောက်မှ ဟယ်ရှုနျန်ကို ငုံ့ကြည့်နေသော ထိုအရာက ဝက်ဝံနက်ကြီးတစ်ကောင် ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။


ဟယ်ရှုနျန်၏ မျက်လုံးများက အပြင်ဘက်ရှိ ဝက်ဝံကြီးထံ၌သာ စူးစိုက်နေပြီး ထိုဝက်ဝံနက်ကြီး ရုတ်တရက် အတင်းဝင်ရောက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေမိသည်။


လေထုက ရုတ်ချည်း ငြိမ်သက်သွားခဲ့သည်။


နှစ်ဦးစလုံးက မလှုပ်မယှက်အနေအထား၊ တင်းမာကာ စိုးရိမ်စရာကောင်းသော အခြေအနေဖြင့် အပြန်အလှန် စိုက်ကြည့်နေကြသည်။


ဤတိတ်ဆိတ်မှုက လူနှင့် သားရဲတို့အကြား၌သာ တည်ရှိနေသည်။


ပြတင်းပေါက်အပြင်ဘက်တွင်မူ ဝက်ဝံနက်ကြီးက မလှုပ်မယှက်ရပ်နေသော ခြေနှစ်ချောင်းသတ္တဝါကို ကြည့်ကာ အဘယ်ကြောင့် ထွက်မပြေးသည်ကို ဝေခွဲမရဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ထိုသတ္တဝါ ထွက်မပြေးလျှင်လည်း သူကိုယ်တိုင် မောင်းထုတ်ရုံသာ ရှိသည်။


မကြာမီမှာပင် ပြတင်းပေါက်အပြင်ဘက်ရှိ ဝက်ဝံကြီးက လှုပ်ရှားလာခဲ့သည်။ ၎င်းက လက်ဖဝါးကို မြှောက်လိုက်ရာ လက်ချောင်းများကြားမှ လက်သည်းများက ဖျတ်ခနဲ လင်းလက်သွားလေသည်။ ထပ်ဆင့်နေသော သစ်ရွက်များကြားမှ ဖြတ်သန်းလာသည့် နေရောင်ခြည်က ထက်မြက်လှသော လက်သည်းများကို သွားရောက်ရိုက်ခတ်သဖြင့် အလင်းရောင်အောက်တွင် ပိုမိုတောက်ပနေပုံရသည်။ ထိုတောက်ပမှုတစ်ခုတည်းဖြင့်ပင် ၎င်းတို့၏ ဓားကဲ့သို့ ထက်မြက်မှုကို သိသာစေပြီး ဤသေစေနိုင်သော လက်နက်အောက်တွင် အသက်ပျောက်ခဲ့ရသည့် သားကောင်ပေါင်းများစွာ ရှိခဲ့မည်ကို အရိပ်အမြွက် ပြသနေလေသည်။


ဝက်ဝံကြီး၏ လက်သည်းများ ပြတင်းပေါက်မှန်ကို ဖိနှိပ်လိုက်သည်ကို ဟယ်ရှုနျန် စောင့်ကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် သူက သုံးရက်ကြာ "ကစားသမားသစ် ကာကွယ်ရေးကာလ" အကြောင်းကို လုံးဝမေ့လျော့သွားခဲ့သည်။ သူ့မျက်လုံးများက ဝက်ဝံကြီးထံတွင်သာ စူးစိုက်နေပြီး အသက်ကို အောင့်ထားကာ အကယ်၍ ဝက်ဝံကြီးသာ မှန်ကို ရိုက်ခွဲဝင်ရောက်လာပါက သူ အသက်ရှင်သန်နိုင်ခြေ မည်မျှရှိမည်ကို စိတ်ထဲမှ တွက်ချက်နေမိသည်။


သို့သော် သူတို့နှစ်ဦးစလုံးကို အံ့အားသင့်စေသည်က ဝက်ဝံနက်ကြီး၏ လက်သည်းက မှန်ကို ဖောက်ထွက်မသွားခြင်းပင် ဖြစ်သည်။


ဝက်ဝံကြီး၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွား၏။ 


ဘာလို့ မဖောက်နိုင်တာလဲ…


ဟယ်ရှုနျန်ကမူ သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်ပြီး ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အနည်းဆုံးအနေဖြင့် လောလောဆယ်တွင် ဝက်ဝံကြီးက ပြတင်းပေါက်ကို ရိုက်ခွဲနိုင်ခြင်း မရှိသေးပေ။


ဟယ်ရှုနျန်က စားပွဲပေါ်ရှိ ကိတ်မုန့်ကို နှမြောတသစွာ စိုက်ကြည့်နေမိသည်။


တစ်ကိုက်ပဲ စားရသေးတာ… တစ်ကိုက်တည်းပဲ…


ယခုမူ သူက ပြတင်းပေါက်နားသို့ မချဉ်းကပ်ရဲတော့ပေ။ ကိတ်မုန့်က ထိုနေရာ၌သာ ရှိနေရတော့မည်။ အကယ်၍ ဝက်ဝံနက်ကြီးသာ မကြာမီ မထွက်သွားပါက ကိတ်မုန့်သည် ပုပ်သိုးသွားပေလိမ့်မည်။


သူက စိတ်ထဲရှိသမျှ အရှေ့တိုင်း၊ အနောက်တိုင်းမှ နတ်ဒေဝါအားလုံးကို တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။ ဝက်ဝံကြီးသာ ထွက်သွားပေးမည်ဆိုလျှင် သူ တစ်သက်လုံး သက်သတ်လွတ်စားပြီး သတ္တဝါမှန်သမျှကို ကယ်တင်ရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မြှုပ်နှံပါတော့မည်ဟု သစ္စာဆိုနေမိသည်။


ဟယ်ရှုနျန် အဘယ်ကြောင့် ရှေ့သို့ အတင်းမတိုးသနည်းဟုဆိုရလျှင် လူ့အသက်ဆိုသည်က တစ်ခါသာ ရခြင်း ဖြစ်သည်။ မှန်ပေသည်။ သူက အရွယ်ရောက်ပြီးသူ တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် လဲကျအောင် ထိုးနိုင်သော်လည်း ထိုအရာက ဧရာမ ဝက်ဝံနက်ကြီးတစ်ကောင်ကို ဖြိုလှဲနိုင်သည်ဟု မဆိုလိုပေ။ အထူးသဖြင့် အရပ် နှစ်မီတာကျော် မြင့်ပုံရသော ဝက်ဝံကြီးမျိုးကို ဖြစ်သည်။ 


ပြီးတော့ ဝက်ဝံကြီးရဲ့ မျက်နှာတစ်ခုလုံးက မင်းရဲ့ ပြတင်းပေါက်မှာ လာကပ်နေတဲ့အခါ ဘယ်သူမဆို သန်းခေါင်ယံအချိန်မှာတောင် အိမ်ကနေ ထွက်ပြေးချင်ကြမှာပဲ… ဘယ်သူမဆို ကြောက်ဒူးတုန်သွားမှာပဲ…


ကိုယ်ပိုင်ကာကွယ်ရေး လက်နက်တစ်ခုမျှ မရှိသဖြင့် စိတ်မလုံခြုံမှုကို ခံစားရသောကြောင့် ဟယ်ရှုနျန်သည် ငွေရှင်းကောင်တာနောက်သို့ လျှောက်သွားပြီး သာမန်အားဖြင့် ကိတ်မုန့်လှီးရာတွင် သုံးလေ့ရှိသော အလယ်အလတ်အရွယ် ဓားအသေးလေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းက ဧရာမ ဝက်ဝံနက်ကြီးကို ယှဉ်ရန်အတွက် အသုံးမဝင်လှသော်လည်း အနည်းဆုံးအနေဖြင့် စိတ်သက်သာရာရမှုကို ပေးစွမ်းနိုင်လိမ့်မည်။


ဟယ်ရှုနျန်က ဓားကို ကိုင်ဆွဲကာ ရှေ့သို့ လှမ်းထွက်လာပြီး အိမ်အပြင်ဘက်ရှိ ဝက်ဝံနက်ကြီးကို ပြတင်းပေါက်မှတစ်ဆင့် ရင်ဆိုင်လိုက်သည်။


ဝက်ဝံကြီးက ဓားကို မြင်သောအခါ သူ့ကို သွားဖြဲပြလိုက်ရာ ထက်မြက်ပြီး ချွန်ထက်လှသော အစွယ်ကြီးများက ကောင်းစွာ ပေါ်လွင်သွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။


ဟယ်ရှုနျန်က အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့သည်။ သူက သူ၏ ၁.၉ မီတာရှိသော ခန္ဓာကိုယ်ကို ပြန်ကြည့်ပြီးနောက် ခန့်မှန်းခြေအရ နှစ်မီတာခန့် မြင့်မည့် အပြင်ဘက်ရှိ ဝက်ဝံကြီးကို လှမ်းကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူက သူ့ကိုယ်သူ သေးငယ်လှသည်ဟု ခံစားလိုက်ရသည်။  


မှော်ပညာတစ်ခုခု သုံးကြည့်ရမလား…


သို့သော် လမ်းညွှန်စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ အဆင့်တက်ရန် မဖြစ်နိုင်သေးကြောင်း တွေ့ရသည်။ လက်ရှိအချိန်တွင် သူက အားနည်းသူတစ်ယောက်သာ ဖြစ်နေသေးသည်။


ပြတင်းပေါက်အပြင်ဘက်တွင်မူ ဧရာမ ဝက်ဝံနက်ကြီးက ဆိုင်ထဲရှိ ခြေနှစ်ချောင်းသတ္တဝါက ဓားတစ်ချောင်းကို ကိုင်ကာ ထူးဆန်းပြီး သဘာဝမကျသော လှုပ်ရှားမှုများ ပြုလုပ်နေသည်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေသည်။ 


တော်လောက်ပြီ…


ပထမဆုံးအနေနှင့် ထိုခြေနှစ်ချောင်းသတ္တဝါကို မောင်းထုတ်ရမည်။ သူ၏ ရည်ရွယ်ချက်ကို သတိရသွားသော ဝက်ဝံကြီးသည် လက်ဖဝါးနှစ်ဖက်လုံးဖြင့် ပြတင်းပေါက်ကို ဒုန်းခနဲမြည်အောင် ရိုက်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ပါးစပ်ကို ဟကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။


"အူး..."


ထိုအသံက ဖြူဖွေးသော နံရံများကို ဖောက်ထွက်ကာ ဟယ်ရှုနျန်၏ နားထဲသို့ ရောက်ရှိလာသည်။ သူ့ခြေထောက်များက ရုတ်ချည်း တုန်ခါသွားခဲ့သည်။ ဤဝက်ဝံကြီးက သူ့ကို လွှတ်ပေးမည့်ပုံမပေါ်ချေ။ ထိုသို့ဆိုလျှင် ၎င်းကို သတ်လိုက်ရခြင်းအတွက် သူ့တွင် အပြစ်ရှိမည်မဟုတ်ပေ။


ဝက်ဝံနက်ကြီးနှင့် အသေအလဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ။ ယခုတစ်ကြိမ်က အဆုံးအဖြတ် တိုက်ပွဲဖြစ်ပေလိမ့်မည်။ သူ သေဆုံးသွားခဲ့လျှင် ကူးပြောင်းခြင်းနတ်ဘုရားက သူ့ကို အိမ်သို့ ပြန်ခွင့်ပေးရန်သာ သူ မျှော်လင့်မိတော့သည်။


ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဟယ်ရှုနျန်သည် ရန်သူထောင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်ရမည့် စစ်သည်တော်တစ်ဦး၏ အရှိန်အဝါဖြင့် ရှေ့သို့ လှမ်းတက်လာခဲ့သည်။


မနှိုင်းယှဉ်နိုင်သော သတ္တိမျိုးဖြင့် သူက တံခါးကို ဝုန်းခနဲ ဖွင့်လှစ်လိုက်ပြီး ဧရာမ ဝက်ဝံနက်ကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။


ဝက်ဝံကြီးက ကျောက်တုံးကြီးနောက်ကွယ်မှ ထွက်လာသော ခြေနှစ်ချောင်းသတ္တဝါကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ နောက်ဆုံးတွင် သူ့ပိုင်နက်ထဲမှ မျက်စိစပါးမွှေးစူးစရာ သတ္တဝါကို မောင်းထုတ်နိုင်တော့မည်။


ဝက်ဝံကြီးက မတ်တတ်ရပ်လိုက်သည်။ 


အမလေး... ဘုရားရေ…


၎င်းက နှစ်မီတာမက မြင့်မားလှသည်။ အဆောက်အဦးတစ်ခုနီးပါးကြီးမားပြီး ဆိုင်ထက်ပင် ပို၍ မြင့်နေသေးသည်။


ဆိုင်က နှစ်ထပ်အဆောက်အဦး ဖြစ်သည်။ ဤဝက်ဝံနက်ကြီးက ထိုအထက်တွင်ပင် မြင့်မားစွာ တည်ရှိနေသည်။


ယခုမူ ဟယ်ရှုနျန်က နောင်တရသွားချေပြီ။ ဤအရာကြီးက အလွန်တရာ ကြီးမားလွန်းလှသည်။ 


ဒါကြီးကို တိုက်ခိုက်ရမှာလား… မဖြစ်နိုင်တာ… လက်ဖဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်မခံရရင်ပဲ ကံကောင်းလှပြီ…


ဝက်ဝံကြီးက ၎င်းရှေ့မှ ခြေနှစ်ချောင်းသတ္တဝါက အဆင့်နိမ့်ပြီး အဆင့် ၁ မှော်သားရဲမျှသာ ရှိကြောင်း သိနိုင်သည်။ အဆင့် ၈ ရှိသော ၎င်း၏ နယ်မြေထဲသို့ ဤမျှ အားနည်းသော သတ္တဝါ မည်သို့ ရောက်ရှိလာသည်ကို မသိသော်လည်း ဤခြေနှစ်ချောင်းသတ္တဝါက သတ်ပစ်ရန်ပင် မထိုက်တန်ချေ။ မောင်းထုတ်လိုက်ရုံဖြင့် လုံလောက်လှသည်။


မှော်သားရဲများ၏ အဆင့်အတန်းက မှော်ဆရာများ၏ အဆင့်နှင့် ကွဲပြားပြီး အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားသည်။


"မှော်ပညာသင်" သည် "အဆင့် ၁ မှော်သားရဲ" နှင့် ညီမျှသည်။


"ပညာသင် မှော်ဆရာ" သည် "အဆင့် ၂ မှော်သားရဲ" နှင့် ညီမျှသည်။


"မှော်ဆရာ" သည် "အဆင့် ၃ မှော်သားရဲ" နှင့် ညီမျှသည်။


"မဟာမှော်ဆရာ" သည် "အဆင့် ၄ မှော်သားရဲ" နှင့် ညီမျှသည်။


"အငယ်တန်း မဟာမှော်ဆရာ" သည် "အဆင့် ၅ မှော်သားရဲ" နှင့် ညီမျှသည်။


"အလတ်တန်း မဟာမှော်ဆရာ" သည် "အဆင့် ၆ မှော်သားရဲ" နှင့် ညီမျှသည်။


"အဆင့်မြင့် မဟာမှော်ဆရာ" သည် "အဆင့် ၇ မှော်သားရဲ" နှင့် ညီမျှသည်။


"သူတော်စင် မှော်ဆရာ" သည် "အဆင့် ၈  မှော်သားရဲ" နှင့် ညီမျှသည်။


ထိုထက် မြင့်မားသော အဆင့်များကိုမူ မသိရှိရသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းကို သိသူမှန်သမျှက သေဆုံးသွားခဲ့ကြပြီ ဖြစ်သောကြောင့်ပင်။


သားရဲများက မှော်ဆရာများထက် ပိုမိုခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်းလမ်းစဉ်ကို ရင်ဆိုင်ရသည်။ သားရဲများထဲမှ အထူးချွန်ဆုံး သားရဲများသာ ဤလမ်းစဉ်ပေါ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ကြသည်။ ထို့ကြောင့် အဆင့်တူညီသော မှော်ဆရာများသည် အဆင့်တူ သားရဲများကို ထိပ်တိုက် မရင်ဆိုင်ရဲကြပေ။ အဆုံး၌ သူတို့သည် သားရဲများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မယှဉ်နိုင်ကြချေ။ သားရဲတစ်ကောင် အနားသို့ ချဉ်းကပ်လာသည်နှင့် သေဆုံးခြင်းက မလွဲမသွေ ဖြစ်ပေလိမ့်မည်။


ဟယ်ရှုနျန်သည် သူရင်ဆိုင်နေရသည်က အဆင့် ၈ မှော်သားရဲကြီး ဖြစ်ကြောင်း မသိရှိသော်လည်း ဝက်ဝံနက်ကြီး၏ မိုးထိမတတ် မြင့်မားမှုကို ကြည့်ရုံဖြင့် ဤအရာက သူ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း သိလိုက်သည်။


ကံကောင်းထောက်မစွာဖြင့် သူက တံခါးနှင့် သိပ်မဝေးလှပေ။ သူက လှည့်၍ အတွင်းသို့ အတင်းပြေးဝင်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။


"တစ်ဆိတ်လောက်…"


ဝက်ဝံနက်ကြီးက အားနည်းလှသော ခြေနှစ်ချောင်းသတ္တဝါကို ဖမ်းဆီးရန် လက်သည်းများကို ဆန့်ထုတ်လိုက်စဉ်မှာပင် ထိုသတ္တဝါက ကျောက်တုံးကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။


၎င်းကို ကစားနေသည်ဟု ခံစားရသဖြင့် ဝက်ဝံကြီးက ဒေါသတကြီးဖြင့် တံခါးကို ထုရိုက်တော့သည်။ မိုးခြိမ်းသံကဲ့သို့ ထုရိုက်သံများကြောင့် ဟယ်ရှုနျန်၏ နှလုံးသားက ကြောက်လန့်တကြား တုန်ခါသွားလေသည်။


ဝက်ဝံကြီး ဆိုင်ထဲသို့ မဝင်နိုင်သည်ကို ကြည့်ကာ ဟယ်ရှုနျန်က သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် စနစ်က စိတ်ချရပြီး သုံးရက်ကြာ ကာကွယ်ရေးကာလကို ပေးထားသည်။ သို့မဟုတ်ပါက သူက ဝက်ဝံကြီး၏ အစာ ဖြစ်သွားလောက်ပြီ။


လက်ရှိအချိန်တွင် ဝက်ဝံနက်ကြီးက ဟယ်ရှုနျန်ထံသို့ မရောက်နိုင်သကဲ့သို့ ဟယ်ရှုနျန်သည်လည်း ဝက်ဝံနက်ကြီးထံသို့ မသွားနိုင်ပေ။


လူတစ်ယောက်နှင့် သားရဲတစ်ကောင်၊ ဆိုင်အပြင်ဘက်တစ်ယောက်နှင့် ဆိုင်အတွင်းဘက်တစ်ယောက်တို့သည် ပြတင်းပေါက်မှတစ်ဆင့် ထူးဆန်းလှသော ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အပြန်အလှန် စိုက်ကြည့်နေကြတော့သည်။




🧁🧁🧁