Ch 4
Viewers 11

🧁အခန်း (၄) ကိတ်မုန့်စားသော ဝက်ဝံကြီး



အချိန်က ကမ္ဘာမီးလောင်သလောက်ပင် ကြာမြင့်နေသလို ခံစားရပြီး ဟယ်ရှုနျန်က ထိုဝက်ဝံမည်းကြီးကို စိုက်ကြည့်ရလွန်းသဖြင့် မျက်လုံးများပင် ကျိန်းစပ်လာခဲ့သည်။


တစ်ဖက်တွင်လည်း ဝက်ဝံမည်းကြီးက ဟယ်ရှုနျန်ကို အလေးအနက် စိုက်ကြည့်နေဆဲပင်။ ဤကျောက်တုံးကြီးကို အဘယ့်ကြောင့် ဖျက်ဆီး၍မရမှန်း ၎င်းမသိသော်လည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခြင်းကိုမူ မရပ်တန့်ခဲ့ပေ။ အတွင်းထဲမှ ခြေနှစ်ချောင်းသတ္တဝါ အပြင်ထွက်လာသည်နှင့် မောင်းထုတ်ပစ်ပြီး အိမ်ပြန်ကာ အေးအေးလူလူ အိပ်စက်တော့မည်ဟု တွေးထားပုံရသည်။


ဝက်ဝံကြီးက သူ့အား ဘာမှလုပ်၍မရတော့ကြောင်း သဘောပေါက်သွား၍လားမသိ၊ ဟယ်ရှုနျန်၏ စိတ်ပူပန်မှုများက အနည်းငယ် လျော့ကျသွားသည်။ သူက ပြတင်းပေါက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး စားပွဲပေါ်မှ ကိတ်မုန့်ကို လှမ်းယူလိုက်၏။


အပြင်ဘက်မှ ဝက်ဝံမည်းကြီးသည် ဟယ်ရှုနျန်က အရသာရှိသော အစားအစာများ ထည့်ထားသည့် ပန်းကန်ကို ကိုင်ကာ ထွက်ခွာသွားသည့် လှုပ်ရှားမှုကို စိုက်ကြည့်နေခဲ့သည်။


ယခုအချိန်တွင် ကောင်းကင်ယံ၌ နေဝင်စ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီဖြစ်သည်။ နွေးထွေးသော လိမ္မော်ရောင် နေခြည်နုနုက တောအုပ်တစ်ခုလုံးကို ရစ်ပတ်ထားပြီး သတ္တဝါငယ်လေးများကလည်း ရှာဖွေစုဆောင်းထားသော အစားအစာများကိုယ်စီဖြင့် တစ်နေ့တာ၏ ဆုလာဘ်ကို သုံးဆောင်ရန် အိမ်ပြန်နေကြပြီ ဖြစ်သည်။ ဝက်ဝံမည်းကြီးက သူ့ဗိုက်ကို ပွတ်သပ်လျက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူက သိပ်မဆာသေးသော်လည်း စားတော့ စားနိုင်သေးသည်။ သူက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အတွင်းထဲမှ လူသားကို စိုက်ကြည့်လျက် အစားအစာ သွားရှာရမည်လားဟု ဝေခွဲမရ ဖြစ်နေတော့သည်။


အခန်းထဲတွင်မူ ဟယ်ရှုနျန်က ပန်းကန်ထဲမှ ကိတ်မုန့်ကို ကုန်အောင် စားလိုက်ပြီ ဖြစ်သည်။ ဆိုင်ထဲတွင် လုပ်ထားသော ကိတ်မုန့်များက လူကြီးတစ်ယောက်စာ အရွယ်အစားဖြစ်သဖြင့် တစ်နေ့တာအတွက် လိုအပ်သော ကယ်လိုရီကို လုံလောက်စွာ ပေးစွမ်းနိုင်သည်။


သူက အသုံးအဆောင်များကို ဆေးကြောပြီး သိမ်းဆည်းလိုက်သည်။ ကိတ်မုန့်အချိုကို စားပြီးနောက် အာခံတွင်းထဲတွင် အနည်းငယ် အီစိမ့်စိမ့် ဖြစ်နေသဖြင့် ရေအနည်းငယ် သောက်ချင် သို့မဟုတ် အရည်ရွှမ်းသော သစ်သီးတစ်မျိုးမျိုးစားပြီး ခံတွင်းရှင်းချင်စိတ် ပေါက်လာသည်။


သူက အံဆွဲများနှင့် ဗီရိုအားလုံးကို လိုက်လံရှာဖွေခဲ့သော်လည်း သောက်စရာ တစ်ခုမှ မတွေ့ရပေ။ နိုးလာကတည်းက ရေတစ်ငုံမျှပင် မသောက်ရသေးပေ။


"တောက်... ဒီလောက်တောင် မတရားရသလား… ရေသန့်တစ်ပုလင်းတောင် မရှိဘူးလား…" 


ဟယ်ရှုနျန်သည် သူ့ခန္ဓာကိုယ်က ရေဓာတ်ကို အသည်းအသန် တောင်းဆိုနေသည်ကို သိသိသာသာ ခံစားနေရသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်များကို ထိုးဖွပစ်လိုက်သည်။


ပြတင်းပေါက်အပြင်ဘက်တွင်မူ ဝက်ဝံမည်းကြီးသည် ဟယ်ရှုနျန်က လှပသပ်ရပ်ပြီး ချိုမြိန်မည့်ပုံပေါ်သော အစားအစာကို စားသုံးလိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။ ၎င်းက လေထုကို နမ်းရှုံ့ကြည့်ရာတွင် ယခင်က စားခဲ့ဖူးသော ပျားရည်ကဲ့သို့ ချိုအီသော အနံ့ကို ရရှိလိုက်သည်။


 á€‘ိုဥခဍ ဝက်ဝံကြီး၏ ခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာလေသည်။


ငါလည်း စမ်းစားကြည့်ရင် မကောင်းဘူးလား…


ဟယ်ရှုနျန် တစ်ယောက် စိတ်မသက်မသာ ဖြစ်နေစဉ်မှာပင် ပြတင်းပေါက် အပြင်ဘက်မှ ကြားနေကျ "ဒုန်း ဒုန်း" ဆိုသည့် အသံ ထပ်မံထွက်ပေါ်လာပြန်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဝက်ဝံကြီးက မှန်ကို ထုရိုက်နေသည်ကို တွေ့ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်း၏ လှုပ်ရှားမှုများက လူသားတစ်ယောက်နှင့် သိသိသာသာ တူညီနေသည်။ တံခါးခေါက်သည့် ပုံစံမျိုးကို အတုခိုးကာ ဟယ်ရှုနျန်၏ အာရုံကို ဆွဲဆောင်ရန် ထိုအသံကို အသုံးပြုနေခြင်း ဖြစ်သည်။


ဟယ်ရှုနျန်က အပြင်ဘက်တွင် ထိုင်နေသော သတ္တဝါကြီးကို ကြည့်ပြီး ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ ပြည့်နှက်သွားသည်။


ဒီကောင်က အိမ်မပြန်ဘဲ ဘာလို့ ဒီမှာပဲ အချိန်ဖြုန်းနေတာလဲ… ယုန်ကို စောင့်နေတဲ့ မုဆိုးလိုမျိုး ငါ့ကို စောင့်နေတာလား…


သူက ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားသော်လည်း ဘေးကင်းမည့် အကွာအဝေးတစ်ခုတွင် ရပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မွန်းလွဲပိုင်းက ဖြစ်ရပ်များကြောင့် သူ စိတ်မချသေးပေ။


ဝက်ဝံမည်းကြီးက သူ အနားသို့ တိုးလာသည်ကို စောင့်ကြည့်နေပြီးနောက် ၎င်း၏ အကြည့်များက အခြားတစ်ဖက်ရှိ ကိတ်မုန့်စင်သို့ ရောက်ရှိသွားသည်။ ၎င်းက လက်ဖဝါးကို မြှောက်ကာ ကိတ်မုန့်ကို ညွှန်ပြပြီးနောက် သူ့ပါးစပ်သို့ လက်ဟန်ခြေဟန် ပြလိုက်သည်။ ဝက်ဝံကြီးက ဟယ်ရှုနျန်ကို ကိတ်မုန့်ကျွေးရန် တောင်းဆိုနေခြင်း ဖြစ်ကြောင်း အလွန်ထင်ရှားလှသည်။


ဟယ်ရှုနျန်က ဝက်ဝံကြီး၏ လက်ဟန်ခြေဟန်ကို နားလည်သော်လည်း...


ဝက်ဝံတွေက ကိတ်မုန့်စားလို့ရလို့လား…


ဟယ်ရှုနျန်၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတ သုံးခုခန့် ပေါ်လာလုနီးပါး ဖြစ်သွားသည်။


ဟယ်ရှုနျန် လှုပ်ရှားမှုမရှိသည်ကို မြင်သောအခါ ဝက်ဝံကြီးက ကိတ်မုန့်နှင့် ၎င်း၏ ပါးစပ်ကို ထပ်မံညွှန်ပြပြန်သည်။ အစားကျွေးရန် တောင်းဆိုမှုက ယခုထက် ပို၍ မရှင်းလင်းနိုင်တော့ပေ။


ဝက်ဝံများက ပျားရည်စားတတ်သည်ကို ဟယ်ရှုနျန် သတိရမိသဖြင့် ကိတ်မုန့်ဆိုလျှင်လည်း... ဖြစ်နိုင်ချေ... ရှိမည်ဟု တွေးလိုက်သည်။


သူက ဝက်ဝံကြီးအတွက် ပို၍ချိုသော ကိတ်မုန့်တစ်တုံးကို သွားရောက်ယူဆောင်ပြီးနောက် ကိတ်မုန့်ကမ်းပေးရုံမျှသာ တံခါးကို အသာဟလိုက်သည်။


ကိတ်မုန့်ကို ကမ်းပေးပြီးသည်နှင့် သူက တံခါးကို ချက်ချင်းပင် ဝုန်းခနဲ ပြန်ပိတ်လိုက်လေသည်။


ဝက်ဝံမည်းကြီးက ကိတ်မုန့်ကို ရရှိသွားပြီးနောက် ဟယ်ရှုနျန်ကို ဂရုမစိုက်တော့ဘဲ ပြတင်းပေါက်နားတွင် ပြန်ထိုင်ကာ ကိတ်မုန့်ကို ကိုင်ထားသည်။ အိမ်ထဲတွင်မူ ဟယ်ရှုနျန်က ဝက်ဝံကြီး ကိတ်မုန့်စားနေသည်ကို ပြတင်းပေါက်မှတစ်ဆင့်သာ ကြည့်နေနိုင်တော့သည်။


ဟယ်ရှုနျန်က ဝက်ဝံကြီးကို အချိုဓာတ် အဆင့်သုံးသတ်မှတ်ထားသော "ဆန္ဒပြည့်ဝခြင်း" ကိတ်မုန့်ကို ပေးခဲ့ခြင်းဖြစ်သည်။ အစကမူ သူက "လက်ဖျားကချေသည်" ကိတ်မုန့်ကို ပေးချင်သော်လည်း အပေါ်မှ ချောကလက်များက ဝက်ဝံအတွက် မကောင်းမွန်မည်ကို စိုးရိမ်သဖြင့် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။


ဝက်ဝံကြီးက ပန်းကန်ထဲမှ ကိတ်မုန့်တစ်ခုလုံးကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်ကို သူ စောင့်ကြည့်နေခဲ့သည်။ မကြာမီမှာပင် ၎င်း၏ခန္ဓာကိုယ်ပတ်လည်၌ ပန်းရောင်ပန်းပွင့်လေးများ ပေါ်ထွက်လာပြီး မျက်နှာတွင်လည်း အလွန်အမင်း ကျေနပ်နေသော အရိပ်အယောင်များ ယှက်သန်းသွားလေသည်။


ဝက်ဝံကြီးသည် ဤမုန့်က ယခုမျှ အရသာရှိပြီး ၎င်း၏ မှော်စွမ်းအင်များကိုပင် ပြန်လည်ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းအတွက်မူ အနည်းငယ်မျှသော စွမ်းအင်သည်ပင် ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့သည်။


ဤဝက်ဝံကြီးက အဘယ့်ကြောင့် လူသားတစ်ယောက်လို ပြုမူနေရသည်ကို မည်သူမျှ မသိသော်လည်း၊ ၎င်းက ကိတ်မုန့်စားနိုင်သည်ကိုမူ ဟယ်ရှုနျန် သိရှိသွားခဲ့ပြီ ဖြစ်သည်။


စားပြီးနောက် ဝက်ဝံကြီးက ဗလာဖြစ်သွားသော ပန်းကန်ကို မြှောက်ပြကာ ကိတ်မုန့်ကို ထပ်မံညွှန်ပြပြန်သည်။ ၎င်း၏ ရည်ရွယ်ချက်က အလွန်ပင် ရှင်းလင်းလှပြီး "ငါ ထပ်လိုချင်သေးတယ်" ဟု မျက်နှာတွင် အထင်းသား ပေါ်နေသည်။ ၎င်းက ပန်းကန်ကို ကိုင်ဆောင်ကာ ရှေ့တံခါးဝအထိ လျှောက်လာပြီး ဟယ်ရှုနျန် နောက်တစ်ပန်းကန် လာကျွေးသည်ကို ထိုင်စောင့်နေတော့သည်။


အခြားရွေးချယ်စရာမရှိသဖြင့် ဟယ်ရှုနျန်က ရှုန်းတိဝက်ဝံက သူ၏ ကိတ်မုန့်ဖုတ်စွမ်းရည်ကို ထောက်ထားသောအားဖြင့် သူ့အား အသက်ချမ်းသာပေးလိမ့်မည်ဟု မျှော်လင့်လျက် နောက်ထပ်တစ်ပန်းကန်ကို ပြင်ဆင်ရတော့သည်။


သူက တံခါးကို အနည်းငယ် ပိုဟလိုက်ပြီး ကိတ်မုန့်ပါသော ပန်းကန်ကို ထုတ်ပေးကာ ယခင်ပန်းကန်အဟောင်းကို ဘေစင်ထဲသို့ ထည့်လိုက်သည်။ သူ ပန်းကန်ကိုပင် မဆေးရသေးမီမှာပင် နောက်ထပ် တံခါးခေါက်သံ... အို... ပြတင်းပေါက်ခေါက်သံ ထွက်ပေါ်လာပြန်သည်။


သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝက်ဝံကြီးသည် ကုန်သွားသော ပန်းကန်ကို ကိုင်ကာ ကိတ်မုန့်ကို ထပ်မံညွှန်ပြနေပြီး နောက်ထပ်တစ်ပွဲ ထပ်လိုချင်ကြောင်း သိသိသာသာ အချက်ပြနေသည်။


ဟယ်ရှုနျန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ရှုန်းတိဝက်ဝံထံသို့ နောက်ထပ် ကိတ်မုန့်တစ်ပန်းကန်ကို သယ်ဆောင်သွားပေးရပြန်သည်။


ဤသို့ဖြင့် ကျဲပါးသော ကြယ်တာရာများအလယ်တွင် လမင်းကြီး ထွန်းလင်းတောက်ပလာသည့်တိုင်အောင် ထိုဖြစ်စဉ်က ဆက်လက်ဖြစ်ပွားနေခဲ့သည်။


ဘေစင်ထဲတွင် ပန်းကန်များ လျှံကျနေပြီ ဖြစ်သည်။ ကိတ်မုန့်စင် လေးခုစလုံးကလည်း ဗလာဖြစ်သွားခဲ့ပြီ။ အပြင်ဘက်တွင်မူ ဝက်ဝံမည်းကြီးက ခြံဝင်းထဲတွင် စားသောက်ပြီးစ သုခချမ်းသာကို ခံစားလျက် ကျေနပ်စွာ လှဲလျောင်းနေသည်။ ဟယ်ရှုနျန်ကမူ ခြောက်သွေ့နေသော နှုတ်ခမ်းများ၊ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ ဘေစင်သို့ ပြန်သွားပြီး နောက်ဆုံးပန်းကန်တိုင်အောင် စိတ်လျှော့ကာ ဆေးကြောရတော့သည်။


အားလုံးပြီးစီးသွားသောအခါ ကောင်းကင်ယံ၌ ကြယ်တာရာများနှင့် လမင်း၏အလင်းတန်းများ လွှမ်းခြုံသွားပြီး တောအုပ်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ တောအုပ်အပေါ်၌ တိတ်ဆိတ်ခြင်းက လွှမ်းခြုံထားပြီး ပိုးကောင်လေးများ၏ မြည်သံကိုပင် မကြားရတော့ပေ။ လရောင်က သစ်ပင်များအပေါ်သို့ ငွေရောင်ခြုံထည်တစ်ခုကို လွှမ်းခြုံပေးထားသကဲ့သို့ ဖြစ်နေပြီး မိခင်ဖြစ်သူက အိပ်ပျော်နေသော ကလေးငယ်ကို နူးညံ့သော စောင်တစ်ထည် ခြုံပေးထားသည်နှင့် တူလှသည်။


ဟယ်ရှုနျန်က သူ၏ အရပ်ရှည်ရှည်၊ သန်မာသော ခန္ဓာကိုယ်နှင့် ဆိုင်အတွင်းရှိ သက်တောင့်သက်သာရှိသော အပူချိန်ကို အားကိုးကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အိပ်ပျော်သွားခဲ့တော့သည်။


ပင်ပန်းခက်ခဲသော အလုပ်များနှင့် ပြည့်နှက်နေသည့် တစ်နေ့တာက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။


****

စာရေးသူ၏ မှတ်ချက်


အနောက်တိုင်း စိတ်ကူးယဉ်ကမ္ဘာထဲက ဝက်ဝံတွေက သာမန်ဝက်ဝံတွေ မဟုတ်ကြပါဘူး… သူတို့ရဲ့ အလေ့အထတွေက တကယ့်လက်တွေ့ကမ္ဘာက ဝက်ဝံတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်နော်… အထင်မလွဲကြပါနဲ့ဦး…



🧁🧁🧁