Ch 5
Viewers 13

🧁အခန်း (၅) ဝက်ဝံကြီး၏ ဟိန်းသံ 

 


နောက်တစ်နေ့တွင် တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ကြီးက တဖြည်းဖြည်းချင်း နိုးထလာပြီး နံနက်ခင်း နေခြည်နုနုက ကမ္ဘာမြေပြင်အနှံ့ ဖြာကျလာခဲ့သည်။ ဖျတ်လတ်တက်ကြွသော သတ္တဝါလေးများသည်လည်း ဝမ်းစာရှာဖွေရန် တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြလေသည်။ 

 

နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် တဖန် ပြန်လည်စီးဝင်လာပြီး ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသော ဟယ်ရှုနျန်ကို နှိုးလိုက်သည်။ သူက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး စူးရှသော အလင်းရောင်ကြောင့် လက်ဖဝါးဖြင့် မျက်လုံးကို ကာကွယ်လိုက်ရသည်။ 

 

သူ ထထိုင်လိုက်ပြီးနောက် ထုံထိုင်းနေသော ဦးနှောက်က တဖြည်းဖြည်းချင်း ပြန်လည်အလုပ်လုပ်လာစဉ် လက်ဖြင့် ခေါင်းကို ထောက်ထားလိုက်သည်။ မျက်လုံးထောင့်မှတစ်ဆင့် မြင်နေရသော ဘေးပတ်ဝန်းကျင် ရှုခင်းက စိမ်းလည်းစိမ်းသက်သလို ရင်းနှီးသလိုလိုလည်း ရှိနေသည်။ သူ၏ ထုံထိုင်းနေသော စိတ်အာရုံထဲတွင် ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် အချိန်ခရီးသွားခြင်း၊ ကိတ်မုန့်ဆိုင်နှင့် တံခါးအပြင်ဘက်မှ ဝက်ဝံမည်းကြီးအကြောင်းကို ပြန်လည်သတိရလာမိသည်။ 

 

အကြောင်းရင်းတစ်ခုခုကြောင့် ထိုဝက်ဝံမည်းကြီးသည် ယခုထိ ထွက်မသွားသေးပေ။ သို့သော် ခြောက်သွေ့နေသော နှုတ်ခမ်းများနှင့် စေးကပ်နေသော ခန္ဓာကိုယ်ကမူ သူ ရေမသောက်ရသည်က တစ်ရက်ရှိပြီဖြစ်ကြောင်း သတိပေးနေသည်။ 

 

ယမန်နေ့က သူ ဆိုင်တစ်ဆိုင်လုံးကို အနှံ့ရှာဖွေခဲ့ပြီးဖြစ်သည်။ ရေခဲသေတ္တာဘေးမှ မည်သည့်နေရာအတွက် သုံးမှန်းမသိဘဲ သော့ခတ်ထားသည့် တံခါးတစ်ခုမှလွဲလျှင် ရေရနိုင်သော တစ်ခုတည်းသောနေရာမှာ ဘေစင်သာ ရှိသည်။ ရေက ကြည်လင်နေပုံရသော်လည်း ၎င်းထဲတွင် ခိုအောင်းနေမည့် ဘက်တီးရီးယားများကို တွေးမိရုံနှင့်ပင် သူက ဇဝေဇဝါ ဖြစ်သွားရသည်။ သူ၏ အူလမ်းကြောင်းထဲတွင် ဘက်တီးရီးယားများ ပြည့်နှက်နေရသည့်ကြားထဲ ထပ်မံ၍ မဖိတ်ခေါ်ချင်တော့ပေ။ ထို့ထက် ပိုဆိုးသည်က ထိုနေရာတွင် ရေနွေးအိုးပင် မရှိခြင်းဖြစ်သည်။ အဓိပ္ပာယ်မရှိမှုများ ဆင့်ကဲကြုံတွေ့နေရကာ အဓိပ္ပာယ်မရှိခြင်း၏ ပြယုဂ်တစ်ခုလိုပင် ဖြစ်နေလေတော့၏။ 

 

သောက်ရေမရှိလျှင် သူ သုံးရက်ထက်ပို၍ ခံနိုင်မည်မဟုတ်ပေ။ 

 

ထို့ကြောင့် ရေဓာတ်ခမ်းခြောက်ပြီး မသေဆုံးစေရန်အတွက် သောက်သုံးနိုင်သော ရေအရင်းအမြစ် သို့မဟုတ် စားသုံးနိုင်သော တောအသီးအနှံများကို ရှာဖွေရန် အပြင်သို့ မဖြစ်မနေ စွန့်စားထွက်ရတော့မည့်ပုံပင် ဖြစ်သည်။ 

 

အပြင်ဘက်မှ ဝက်ဝံမည်းကြီးကို ကြောက်လန့်နေရန် သူ့ထံ၌ အချိန်မရှိတော့ပေ။ ဟယ်ရှုနျန်၏ ပုံစံက ယမန်နေ့ကထက်ပင် ပို၍ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ်မှ ချွေးနံ့များ နံစော်နေမှုက သူတောင်းစားတစ်ယောက်နှင့် အလားသဏ္ဌာန်တူနေသည်။ ပြောရလျှင် သူတောင်းစားများကပင် သူ့ထက် ပို၍ သန့်ရှင်းနေဦးမည်ဖြစ်သည်။ 

 

သူက အသေခံရဲသော သူရဲကောင်းတစ်ယောက်ကဲ့သို့ စိတ်ပိုင်းဖြတ်ကာ တံခါးကို တွန်းဖွင့်လိုက်ရာ အမည်းရောင် အမွေးအမှင် အစုအဝေးကြီးက လမ်းကို ပိတ်ထားသည်ကို တွေ့လိုက်ရသဖြင့် ၎င်းက ထိုဝက်ဝံမည်းကြီး ဖြစ်ကြောင်း အသေအချာ သိလိုက်ရသည်။ 

 

နှစ်ထပ်တိုက်တစ်ခုထက်ပင် အနည်းငယ် ပိုမြင့်သော ၎င်း၏ခန္ဓာကိုယ်ကြီးက တံခါးဝတွင် ပြန့်ကျဲလှဲလျောင်းနေလေသည်။ 


ဝက်ဝံကြီးက ရှေ့ခြံဝင်းဟု ခေါ်ဆိုနိုင်သော နေရာတစ်ခုလုံးကို လုံးဝပိတ်ဆို့ထားသောကြောင့် ဟယ်ရှုနျန်အနေဖြင့် ဘေးမှ ကွေ့ပတ်သွားရန်ပင် မကြိုးစားနိုင်တော့ပေ။ ရှေ့ခြံဝင်းတစ်ခုလုံးနှင့် ဝက်ဝံကြီးက ကွက်တိ ဖြစ်နေသည်။ ဝက်ဝံကြီး တစ်ပါတ်မလိမ့်လာသည်ကပင် ကံကောင်းလှသည်။ သို့မဟုတ်ပါက သူ့အပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ 

 

ဝက်ဝံကြီးကို မနှိုးဘဲနှင့် သူ အပြင်ထွက်နိုင်မည့်ပုံမပေါ်ချေ။ ထို့ပြင် နှိုးလိုက်ပြီးနောက် အစားခံရနိုင်ချေရှိသည့် ဆိုးရွားသော အလားအလာလည်း ရှိနေသေးသည်။ သို့သော် အစားခံရခြင်းနှင့် ရေငတ်သေခြင်း နှစ်ခုထဲမှ ရွေးချယ်ရမည်ဆိုပါက သူက အစားခံရခြင်းကိုသာ ရွေးချယ်မည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်မှု ဝေဒနာများ (နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ သတိလစ်သတိဝေဝါးခြင်း၊ အသက်ရှူမဝခြင်း၊ သတိလစ်လဲကျခြင်း) ကို ခံစားရမည်မဟုတ်သလို၊ မစားခင်တွင် သူ့ကို အပိုင်းပိုင်း မဆုတ်ဖြဲဘဲ ရိုက်သတ်ပြီးမှ စားရန် ဝက်ဝံကြီးနှင့် ကြိုတင်ညှိနှိုင်း၍ရနိုင်သည်။ 

 

အဆိုးဆုံးအတွက် ပြင်ဆင်ပြီးနောက် ဟယ်ရှုနျန်သည် အိပ်မောကျနေသော ဝက်ဝံကြီးကို အရှိန်အဟုန်ဖြင့် အားစိုက်ထုတ်ကာ ၎င်း၏ အမွေးများကို ဆွဲယူ၍ အခြေခံ တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။ 

 

"ဝူးးးး"  


အဆင့် ၈ မှော်သားရဲတစ်ကောင်၏ အရှိန်အဝါ ပါဝင်သော ဟိန်းသံကြီးသည် တောအုပ်တစ်ခုလုံးကို တုန်ဟည်းသွားစေသည်။ မီတာ ရာဂဏန်းအတွင်းရှိ သတ္တဝါတိုင်းက ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ တောအုပ်အစွန်အဖျားတွင် စခန်းချနေသော ကြေးစားစစ်သည် အုပ်စုအချို့ပင်လျှင် ၎င်းတို့၏ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ အသက်လု ထွက်ပြေးခဲ့ကြသည်။


"ပြေးကြ…"  


ကြေးစားအဖွဲ့ခေါင်းဆောင်ဖြစ်သူ အငယ်တန်း သူရဲကောင်းတစ်ဦးသည် တောအုပ်အစွန်အဖျားသို့ သူ့လူများကို ဦးဆောင်ကာ အသည်းအသန် ပြေးခဲ့ကြသည်။ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ထိုအတွေ့အကြုံမရှိသေးသူများ တောင့်ခံနိုင်သည့် အရာမဟုတ်ပေ။ 

 

"ဘယ်လို အရူးက အသက်မလိုချင်တော့လို့ အဲဒီလို ကြောက်စရာကောင်းတဲ့ မှော်သားရဲကို သွားဆွရတာလဲ…" 


ကြေးစားစစ်သည်တစ်ဦးက ညည်းညူလိုက်သည်။ သူတို့က သူတို့၏ တာဝန်ကို ပြီးမြောက်လုနီးပါး ဖြစ်နေကာမှ ယခုအခါ ပျက်စီးသွားရပြီဖြစ်သည်။ အိမ်က သူ့ကလေးလည်း ထပ်မံ၍ ငတ်မွတ်ရပေတော့မည်။ 

 

"ပါးစပ်ပိတ်ထားစမ်း… အဲဒီဟိန်းသံအရဆိုရင် အဆင့် ၇ လောက် ရှိမယ်…" 


ခေါင်းဆောင်က သတိပေးလိုက်သည်။ ယခုအချိန်တွင် သူတို့လုပ်နိုင်သည်က အသက်လုပြေးရန်သာ ရှိသည်။ အကယ်၍ အတွင်းထဲမှ သားရဲများသာ အပြင်ထွက်လာပါက သူတို့အားလုံး သေကြရမည်ဖြစ်သည်။ 

 

အဆင့် ၇ မှော်သားရဲ… 

 

ထိုအရာက အဆင့်တူ အဆင့်မြင့်မှော်ဆရာများနှင့် သူရဲကောင်းစစ်သည်များအတွက်ပင် နှိုင်းယှဉ်၍မရနိုင်သော စွမ်းအားမျိုးဖြစ်သည်။ ဤနေရာတွင် ဆက်ရှိနေခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းထက်မခြားပေ။ 

 

ခေါင်းဆောင်၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ အခြားသူများသည်လည်း သားရဲကြီး အပြင်မထွက်လာခင် မြို့သို့ ပြန်ရောက်ရန် လွတ်မြောက်ရေးစွမ်းရည်များကို ချက်ချင်းအသုံးပြု၍ အပြိုင်အဆိုင် ပြေးကြတော့သည်။ 

 

ဤအကြောင်းအရာများကိုမူ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ဒေါသထွက်နေသော ဝက်ဝံမည်းကြီးကို ရင်ဆိုင်နေရသည့် ဟယ်ရှုနျန်တစ်ယောက်ကမူ မသိရှိရှာပေ။ 

 

ဝက်ဝံမည်းကြီးက ၎င်း၏ နံဘေးမှ အမွေးများကို ဆွဲနုတ်ခံလိုက်ရသဖြင့် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဒေါသတကြီးဖြင့် မြေပြင်ကို ၎င်း၏ ဧရာမခြေဖဝါးကြီးဖြင့် ရိုက်ချကာ ရှင်းလင်းချက် တောင်းဆိုလေတော့သည်။ 

 

"အယ်... ဝက်ဝံရှုန်းတိရယ်... ဒေါသမထွက်ပါနဲ့… အဲဒါက... မင်းက တံခါးကို ပိတ်ထားသလို ဖြစ်နေလို့ပါ ဟားဟား..."  


ဟယ်ရှုနျန်သည် ဝက်ဝံကြီးက သူ့ကို ချက်ချင်း အစိမ်းလိုက် မစားပစ်ရန် ဆုတောင်းလျက် စိတ်မသက်မသာဖြင့် အတင်းအကျပ် ရယ်မောလိုက်ရသည်။ 

 

"ကျွန်တော် တစ်နေ့လုံး ရေမသောက်ရသေးဘူး... အပြင်ထွက်ပြီး ရေသွားရှာမလို့ပါ… မင်းက တံခါးကို ပိတ်ထားတော့ ကျွန်တော် အပြင်ထွက်လို့မရဘူး ဖြစ်နေတယ်… နောက်မှ တောင်းပန်တဲ့အနေနဲ့ ကိတ်မုန့်တွေ ထပ်လုပ်ပေးရင် ဘယ်လိုလဲ…"  


သူက ဉာဏ်များသော ယင်ကောင်လေးတစ်ကောင်ကဲ့သို့ လက်နှစ်ဖက်ကို ပွတ်သပ်လျက် စိတ်ထဲမှ တောင်းပန်တိုးလျှိုးနေမိသည်။ 

ကဲပါ... ဝက်ဝံရှုန်းတိရယ်… ကိတ်မုန့်ကို ထောက်ထားပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... 

 

ဝက်ဝံမည်းကြီးက ဟယ်ရှုနျန်၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ပတ်ဝန်းကျင်က ခြောက်သွေ့နေသော မြေပြင်ကို လှည့်ကြည့်ကာ သူ့စကားကို ယုံကြည်သွားပုံရသည်။ သို့သော် ၎င်း၏ နူးညံ့သောအမွေးများကို ဆွဲရွေးခြင်းအတွက်မူ တန်ဖိုးတစ်ခု ပေးဆပ်ရမည်ဖြစ်သည်။ 

 

ဟယ်ရှုနျန်သည် ဝက်ဝံကြီးက ယခုအခါ လွတ်နေသော ကိတ်မုန့်စင်ကို ၎င်း၏ဖဝါးဖြင့် ညွှန်ပြပြီးနောက် ဝက်ဝံခြေဖဝါးလေးခုလုံးကို ဆန့်ထုတ်ပြကာ ဟယ်ရှုနျန်အနေဖြင့် ကိတ်မုန့် ဆယ့်ခြောက်ခု ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း အချက်ပြနေသည်ကို စောင့်ကြည့်နေမိသည်။ 

 

ဝက်ဝံကြီး၏ အမူအရာများက လူသားတစ်ဦးနှင့်တူလွန်းသဖြင့် ဟယ်ရှုနျန်က အပြည့်အဝ နားလည်လိုက်သည်။ ကိတ်မုန့်စင် လေးခုအတွက် အမျိုးအစား တစ်ခုစီမှ ဆယ့်ခြောက်ခုစီ ဖြစ်သည်။ ထိုကိတ်မုန့်လေးခုကို အလျင်အမြန် လုပ်နိုင်မည်ဟု တွေးမိသဖြင့် သူက သဘောတူလိုက်သော်လည်း ထပ်မံ၍ ညှိနှိုင်းလိုက်သည်။ 


"ဝက်ဝံရှုန်းတိ… ကျွန်တော် အရင်ဆုံး ရေသွားရှာပါရစေဦး… ပြန်လာမှ ကိတ်မုန့်တွေ လုပ်ပေးမယ် ဟုတ်ပြီလား… ကျွန်တော် ရေငတ်လို့ သေတော့မယ်…" 

 

၎င်းတို့ အပြန်အလှန် ဆက်သွယ်ပြီးနောက် ဝက်ဝံမည်းကြီးက လူသားတို့၏ စကားကို အမှန်တကယ် နားလည်ကြောင်း ဟယ်ရှုနျန်က သဘောပေါက်သွားသည်။ ဤကမ္ဘာကြီးက မည်မျှပင် ဆန်းကြယ်လိုက်ကြောင်းကို သူ အံ့သြချီးမွမ်းမိတော့သည်။ 

 

ဝက်ဝံမည်းကြီးသည် ရှေ့မှ လူသားကို စိုက်ကြည့်လျက် ယမန်နေ့က စားခဲ့ရသော နူးညံ့ချိုမြိန်သည့် အရသာကို ပြန်လည်အမှတ်ရမိသည်။ ထိုအရသာသည် သူနှင့် ဘေးအိမ်မှ ကျားကြီး လုပွဲဖြစ်ခဲ့ရသည့် သစ်သီးများထက် ပို၍ ချိုရုံတင်မကဘဲ မှော်စွမ်းအင်များကို ပြန်လည်ပြည့်ဖြိုးစေသည့် အာနိသင်လည်း ရှိသည်။ အဆုံး၌ သူသည် ဟယ်ရှုနျန်၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။ 

 

ဝက်ဝံကြီး ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ ဟယ်ရှုနျန်၏ စိတ်ထဲတွင် ချက်ချင်းပင် ပျော်ရွှင်မှုများ ဝေစည်သွားတော့သည်။ အနည်းဆုံးအနေဖြင့် ရေတိုအတွင်း သူ့အသက်အတွက် ပူပန်စရာမလိုတော့ပေ။ ဝက်ဝံကြီးက အားကိုးထိုက်ပေသည်။ 

 

ဟယ်ရှုနျန်က ခြံဝင်းတံခါးသို့ လျှောက်လှမ်းရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ဝက်ဝံကြီးက သူ့ကို လေထဲ၌ လှမ်းဖမ်းလိုက်သည်။ သူက လုံးဝ တောင့်တင်းသွားပြီး အကယ်၍ ဝက်ဝံကြီးက သူ့လက်ကို လွှတ်လိုက်ပါက သူ သေသွားနိုင်သည်ကို ကြောက်လန့်သဖြင့် မလှုပ်ရဲတော့ပေ။ သူက စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။


ဝက်ဝံကြီးရယ်… ကျေးဇူးပြုပြီး လူကို သဘောရှိတိုင်း မစားပါနဲ့… အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေဗျာ…




🧁🧁🧁