CH 8
Viewers 25


"ရော့... နောက်ဆိုရင် သမီးပဲ အကုန်စား။ အမေဖြစ်တဲ့သူအတွက် ချန်ထားပေးဖို့မလိုဘူးနားလည်လား"


လင်းချန်ရှန်းက ပြောရင်းနှင့် စကားစကို ခဏရပ်လိုက်မိသည်။ သမီးလေး၏ အပြစ်ကင်းစင်ပြီး ကြည်လင်တောက်ပနေသော မျက်ဝန်းလေးများကို ငေးကြည့်ရင်း ရှောင်းမန်အကြောင်း မကောင်းပြောဖို့ရာ နှုတ်ဆွံ့သွားရသည်။


 ကလေးဆိုတော့ ဘာမှနားလည်ရှာသေးတာမဟုတ်။ သမီးလေးစိတ်ထဲတွင်တော့ ရှောင်းမန်သည် မေတ္တာပြည့်ဝတဲ့ အမေကောင်းတစ်ယောက်ဟုပဲ ထင်နေရှာပေလိမ့်မည်။ ယခုလိုအချိန်မျိုးတွင် သမီးလေးကို စိတ်မကောင်းမဖြစ်စေချင်တာကြောင့် ဘာမှမပြောတော့ဘဲ မျိုသိပ်လိုက်တာက အကောင်းဆုံးဟု လင်းချန်ရှန်း တွေးလိုက်သည်။


 သမီးလေး ကျန်းမာရေးကသာ အခုအချိန်မှာ အရေးအကြီးဆုံး မဟုတ်ပါလား။


"ကဲ... မြန်မြန်စားနော် သမီးလေး" လင်းချန်ရှန်းက ပေါင်းမုန့်လေးကို အပိုင်းအစလေးတွေဖြစ်အောင် အနုစိတ်ဖဲ့ပေးရင်း ကြင်နာစွာ ပြောလိုက်သည်။


"ဖေဖေလည်း စားဦးလေ" လင်းချင်းချင်းလေးက ပေါင်းမုန့်တစ်ဖတ်ကို သူမ၏လက်ဖဝါးလေးနှင့် ဖခင်ဖြစ်သူထံ အလိုက်သိစွာ ကမ်းပေးရှာသည်။


"ဟုတ်ပါပြီ ... ဖေဖေလည်း စားပါ့မယ်"

လင်းချန်ရှန်းက သမီးလေးအလိုကျ မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်။ သူကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ထားသော်လည်း ပါဝင်ပစ္စည်းတွေက သိပ်မကောင်းတာကြောင့် စိတ်ကူးထားသလောက်တော့ မုန့်က အရသာမရှိလှပေ။ သို့သော် သမီးလေးရဲ့ မေတ္တာကြောင့် ရင်ထဲတွင်တော့ ချိုမြိန်သွားရသည်။


"သမီး ဗိုက်ဆာသေးလား။ မုန့်စားပြီးရင် ထမင်းနည်းနည်းလောက် ထပ်စားဦးမလား"

"မဆာတော့ဘူး ဖေဖေ... သမီး အများကြီး စားလိုက်ရလို့ ဗိုက်ပြည့်သွားပြီ" လင်းချင်းချင်းလေးက ချွဲနွဲ့တိုးလျှိုးလေး ပြန်ပြောသည်။


"အေးအေး... ဒါဆိုရင်တော့ ဖေဖေပဲ ထမင်းစားလိုက်တော့မယ်နော်"


တစ်ဖက်တွင်လည်း ကျိုးလိုင်တီတစ်ယောက် ထမင်းစားပြီးသည်နှင့် ပန်းကန်ခွက်ယောက်တွေကိုပင် ဆေးကြောမနေတော့ဘဲ ရွှီမိသားစုအိမ်ဆီသို့ တန်းပြေးတော့သည်။


 ကျောက်ရှင်းထုန် အိမ်ပြန်ရောက်တာ မကြာသေးသဖြင့် အခုမှ သွားမတောင်းလျှင် ထမင်းကျန်ဟင်းကျန်ရှိတော့မည်မဟုတ်။ ရွှီမိဘနှစ်ပါးကလည်း ကျောက်ရှင်းထုန်အတွက် ထမင်းချန်ထားမည့်သူများ မဟုတ်ပေ။ အပြင်မှာ စားလာလောက်ပြီဟု ဆင်ခြေပေးကာ ပြီးစလွယ် လုပ်ကြမည့်သူတွေ ဖြစ်သည်။


"အန်တီ... အန်ကယ်... အားလုံး အိမ်မှာ ရှိနေကြတာပဲနော်"

ကျိုးလိုင်တီက အိမ်ထဲသို့ လှမ်းဝင်ရင်း နှုတ်ဆက်လိုက်သည်။


"နင်... နင်က ဘာလာလုပ်တာလဲ" အန်တီလင်းက မျက်မှောင်ကုတ်လျက် မေးလိုက်၏။


"ဒါက ဝမ်းကွဲမောင်လေး ရွှီယူချိုင် ရေးပေးထားတဲ့ အကြွေးကတိစာချုပ်ပါ"


ကျိုးလိုင်တီက ပြောပြောဆိုဆိုဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး— "အန်တီတို့ရယ်... ကျမကို သနားပါ၊ ဒီငွေနှစ်ယွမ်ကို ပြန်ပေးပါနော်။ ကျမသမီးလေး မေဟွာကို အဖွားဖြစ်သူက ရောင်းစားပစ်လိုက်လို့ ကျမ သမီးလေးကို ပြန်ရွေးချင်လို့ပါ။ တောင်းပန်ပါတယ်... ကျမ တောင်းပန်ပါတယ်ရှင်"


ကျိုးလိုင်တီတစ်ယောက် ရောက်ရောက်ချင်း ဒူးထောက်တောင်းပန်လိမ့်မည်ဟု အန်တီလင်း လုံးဝမထင်ထားမိပေ။ သူမသည် ကြောင်အမ်းအမ်းဖြင့် မိမိသားဖြစ်သူကို လှမ်းကြည့်လိုက်သည်။


ရွှီယူချိုင်ကိုယ်တိုင်လည်း လင်းချန်ရှန်းက ဤအကြွေးစာချုပ်ကို ကျိုးလိုင်တီလက်ထဲ ထည့်ပေးလိုက်လိမ့်မည်၊ ပြီးတော့ သူမကိုယ်တိုင်လည်း ငွေလာတောင်းလိမ့်မည်ဟု မမျှော်လင့်ထားမိသဖြင့် အံ့သြသွားရသည်။ ကျိုးလိုင်တီက ယခုလို လူအများရှေ့ ဒူးထောက်တောင်းပန်ရဲလောက်အောင် အရှက်မရှိ အတင့်ရဲလာလိမ့်မည်ဟု မထင်ထားမိပေ။


"အန်တီ... အန်ကယ်... ကျမ တောင်းပန်ပါတယ်" ကျိုးလိုင်တီက ထပ်ခါတလဲလဲ တောင်းပန်နေရှာသည်။


"နင့်ယောက္ခမက မေဟွာကို ရောင်းလိုက်တာ ဘယ်လောက်ရလို့လဲ။ နှစ်ဆယ်ယွမ်မလား" အန်တီလင်းက မေးလိုက်သည်။ သူမလည်း ဒီသတင်းကို အစောကြီးကတည်းက ကြားထားပြီးသားဖြစ်သည်။ 


အဘွားအိုလင်းက လင်းချင်းချင်းကို ရောင်းဖို့ ကြံစည်တုန်းက ဈေးနှုန်းကို ပြောဖူးရာ သိပ်တော့ နည်းမည်မဟုတ်ပေ။ လင်းချင်းချင်းလေးက ပိန်ပိန်ပါးပါးလေးဆိုပေမယ့် မျက်နှာလေးက ချစ်စရာကောင်းလှသည်။ အဘွားအိုလင်းသည် လင်းချန်ရှန်း မြို့ထဲ ပစ္စည်းသွားဝယ်သည့်အချိန်ကို ချောင်းကာ အဘွားအိုကော့နှင့် ပူးပေါင်းပြီး လင်းချင်းချင်းကို ဖမ်းခေါ်သွားခိုင်းခြင်းဖြစ်ရာ ရရှိမည့်ငွေပမာဏမှာ နှစ်ဆယ်ယွမ်ဝန်းကျင် ဖြစ်ရပေမည်။


"ဟုတ်ပါတယ်... နှစ်ဆယ်ယွမ်ရတာပါ။ ဒါပေမဲ့ ဒီစာချုပ်က နှစ်ယွမ်တည်းပါ၊ အန်တီတို့အတွက်တော့ ဘာမှမဟုတ်ပါဘူး"


ရွှီယူချိုင်ကတော့ အစကတည်းက ကတိစာချုပ်အတုရေးပေးပြီး ငွေပြန်မဆပ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

"နှစ်ယွမ်က မလောက်သေးဘူးဆိုပေမယ့် ကျမတို့ ကျန်တာကို ရှာကြံစိုက်လျော်လို့ရပါတယ်။ အန်တီရယ်... ကျမကို ငွေနည်းနည်းလောက် ထပ်ချေးပေးပါဦးလားဟင်" ကျိုးလိုင်တီက တောင်းဆိုပြန်သည်။


"တကယ်ကို အရှက်မရှိတဲ့မိန်းမ" ကျောက်ရှင်းထုန်က မခံချင်စိတ်ဖြင့် ဝင်ပြောလိုက်သည်။ "နင်တို့မိသားစုကပဲ ပိုက်ဆံကို ယူထားပြီးတော့ အခုကျတော့ ငါတို့ကို ငွေပြန်ချေးခိုင်းနေတယ် ဟုတ်လား"


ကျောက်ရှင်းထုန်သည် မိမိအရိုက်ခံရတာ အလကားဖြစ်သွားသည့်အတွက် အလွန်ဒေါသထွက်နေရသည့်ကြား၊ ကျိုးလိုင်တီက ယခုလိုအချိန်မျိုးတွင် ငွေလာတောင်းနေခြင်းက သူမ၏ ဒေါသမီးကို ပို၍ ပေါက်ကွဲစေခဲ့သည်။


"ကျေးဇူးပြုပြီး ကူညီကြပါဦးရှင်" ကျိုးလိုင်တီက ကြမ်းပြင်ပေါ် ခေါင်းနှင့်တိုက်ကာ တောင်းပန်ရှာသည်။


အန်တီလင်းသည် သနားစရာကောင်းလှသော ကျိုးလိုင်တီ၏ ပုံစံကို ကြည့်ပြီး စိတ်ထဲ တနုံ့နုံ့ဖြင့် မသက်မသာ ဖြစ်လာရသည်။

"ဒါကို နင့်ယောက္ခမရော သိရဲ့လား" ကျောက်ရှင်းထုန်က ကြားဖြတ်မေးလိုက်ပြီး— "ဒီပိုက်ဆံက လင်းချန်ရှန်းပိုင်တာ၊ နင်ပိုင်တာမဟုတ်ဘူး"


"ဒါပေမဲ့... ဒါက သူ့တူမလေးအတွက်ပဲဥစ္စာ..." ကျိုးလိုင်တီက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြန်ပြောလိုက်သည်။


အန်ကယ်ရွှီကတော့ စားလက်စ ပန်းကန်ကို ချပစ်လိုက်ပြီး အခြားတစ်နေရာသို့ ရှောင်ထွက်သွားတော့သည်။ သူကတော့ ဤကိစ္စသည် ဇနီးဖြစ်သူ၏ အိမ်ဘက်ကကိစ္စဖြစ်သဖြင့် ဇနီးဖြစ်သူသာ ဖြေရှင်းပါစေဟု သဘောထားလိုက်ခြင်း ဖြစ်၏။


 အန်ကယ်ရွှီ၏ စိတ်ဓာတ်ကလည်း သားဖြစ်သူ ရွှီယူချိုင်နှင့် ထပ်တူပင်။ ပိုက်ဆံက မိမိလက်ထဲ ရောက်လာပြီးမှတော့ ဘယ်နည်းနဲ့မှ ပြန်အထွက်မခံနိုင်ပေ။


"သွား... သွား... နင့်ယောက္ခမဆီ သွားရှာချေ" အန်တီလင်းက အလိုမကျစွာဖြင့် ပြောရင်း အိမ်ပြင်သို့ ထွက်ရန် ပြင်လိုက်သည်။


အန်တီလင်း တံခါးဝသို့ ရောက်သောအခါ ကျိုးလိုင်တီက သုတ်ခြေတင်လိုက်ကာ သူမ၏ ခြေထောက်ကို ဖက်တွယ်ထားလိုက်ပြီး— "အန်တီရယ်... ပိုက်ဆံလေး ပြန်ပေးပါနော်။ နှစ်ယွမ်တည်းပါ၊ သိပ်အများကြီးလည်း မဟုတ်ပါဘူး" ဟု ငိုယိုတောင်းပန်တော့သည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် အန်တီလင်းတို့အိမ်က လမ်းဘေးတင်ရှိသဖြင့် ညနေစာစားပြီး လေညှင်းခံထွက်လာကြသော ရွာသားအချို့က ဤမြင်ကွင်းကို လှမ်းမြင်သွားကြသည်။


"ဟေ့... ဟိုမှာ ဘာတွေဖြစ်နေတာလဲ" လူတစ်ယောက်က ခြင်မောင်းရင်း ယပ်တောင်ခတ်ကာ အနားသို့ တိုးလာသည်။


"အန်တီ... အဲဒီပိုက်ဆံက ချန်ရှန်းက သမီးလေးချင်းချင်းကို စောင့်ရှောက်ပေးဖို့ဆိုပြီး အန်တီ့ကို ပေးထားတာလေ။ ဘာမှမကြာသေးဘူး၊ အန်တီ့မှာ ဒီပိုက်ဆံ ရှိနေဦးမှာ သေချာပါတယ်" ကျိုးလိုင်တီက တမင်တကာ အသံကို ကျယ်ကျယ်မြှင့်၍ အော်ပြောလိုက်သည်။


ကယ်တင်မည့်သူမရှိဘဲ သမီးလေးမေဟွာသာ ရောင်းမစားခံရလျှင် ကျိုးလိုင်တီတစ်ယောက် ယခုလို သတ္တိမျိုး ရှိလာလိမ့်မည်မဟုတ်ပေ။ သူမသည် မိမိသမီးလေး ရောင်းစားခံလိုက်ရပြီး ငွေတစ်ပြားမှလည်း မရရှိခဲ့သဖြင့် ရင်ကျိုးနေရရှာသည်။


 လင်းချန်ရှန်းက ကတိစာချုပ်ကို သူမလက်ထဲ အပ်လိုက်ကတည်းက ဤအခွင့်အရေးကို အသုံးချကာ ရွှီမိသားစုထံမှ ငွေကို အတင်းအကျပ် လာတောင်းခြင်းဖြစ်သည်။


 အကယ်၍သာ ရက်အနည်းငယ်လောက် စောင့်ဆိုင်းလိုက်ပါက သူရဲဘောကြောင်လှသော ကျိုးလိုင်တီသည် ငွေလာတောင်းဝံ့တော့မည် မဟုတ်ပေ။

"ငါကတော့ နင်ဘယ်တွေ သွားနေပါလိမ့်လို့ တွေးနေတာ၊ ဒီကို ရောက်နေတာကိုး"


အိမ်မှာ ပန်းကန်ဆေးမည့်သူမရှိသဖြင့် တစ်အောင့်ကြီး ဆဲဆိုအော်ဟစ်နေခဲ့သော အဘွားအိုလင်း ရောက်လာခြင်း ဖြစ်သည်။ အိမ်မှာ ကျိုးလိုင်တီကို ရှာမတွေ့သဖြင့် အပြင်ထွက်ကြည့်ရာမှ လူအုပ်ကြားထဲတွင် ကျိုးလိုင်တီကို တွေ့လိုက်ရခြင်းဖြစ်သည်။


"အမေ... အမေရေ... အန်တီ့ကို ပြောပေးပါဦး၊ ဝမ်းကွဲမောင်လေး အကြွေးတင်နေတဲ့ နှစ်ယွမ်ကို ပြန်ပေးဖို့ ပြောပေးပါဦး။ သမီးလေး မေဟွာခမျာ အိမ်မှာ ထမင်းကောင်းကောင်းလေးတောင် မစားရရှာဘဲနဲ့..." ကျိုးလိုင်တီက ငိုယိုကာ အကူအညီတောင်းရှာသည်။


အဘွားအိုလင်းကတော့ မေဟွာ ထမင်းစားရသည်၊ မစားရသည်ကို စိတ်မဝင်စား။ ရွှီမိသားစုက သူတို့ကို ငွေကြွေးတင်နေသည်ဟူသောအချက်ကိုသာ သိသည်။ အဘွားအိုလင်းက ကျိုးလိုင်တီလက်ထဲမှ အကြွေးစာချုပ်ကို လုယူရန် ပြင်လိုက်စဉ်မှာပင် ရွှီယူချိုင်က ကြားထဲက ဝင်လုကာ စာချုပ်ကို စုတ်ဖြတ်ပစ်လိုက်လေသည်။


"အကြွေးရှိရင် ဆပ်ရမှာ သဘာဝပဲလေ"


ရွှီယူချိုင်၏ ရဲတင်းလှသော လုပ်ရပ်ကြောင့် အဘွားအိုလင်းပင် အံ့သြသွားရသည်။ ရွှီယူချိုင်သည် လင်းချန်ရှန်း ရှေ့တွင်တော့ ယခုလို မရဲဝံ့သော်လည်း အဘွားအိုလင်းနှင့် အခြားလင်းမိသားစုဝင်များရှေ့တွင်မူ အတင့်ရဲလှသည်။


"ဒါက အကိုဝမ်းကွဲ ချန်ရှန်းက ကျွန်တော့်ကို အတင်းအကျပ် ရေးခိုင်းထားတာဗျ။ တကယ့်စာချုပ်မဟုတ်ဘူး" ရွှီယူချိုင်က ဆင်ခြေပေးသည်။


"ဘာလို့ တကယ့်စာချုပ်မဟုတ်ရမှာလဲ။ သူက ချင်းချင်းလေးကို စောင့်ရှောက်ပေးဖို့ဆိုပြီး နင့်ကို ဆယ်ယွမ်တောင် ပေးခဲ့တာလေ" ကျိုးလိုင်တီက ရဲရဲဝံ့ဝံ့ပင် ပြန်ပြောလိုက်သည်။ "အခု ရက်ပိုင်းလေးတင် ရှိသေးတယ်၊ နင်က အဲဒီပိုက်ဆံကို ဝါးမြိုပစ်ဖို့ ကြံနေတာလား"


"ပိုက်ဆံ ပြန်ပေးစမ်း" အဘွားအိုလင်းကလည်း အော်သည်။ "ဒါက ချန်ရှန်း ငါ့ကိုကျွေးဖို့ ပေးထားတဲ့ လုပ်ကျွေးစာရိတ်ပဲ။ နင်တို့အပိုင်စီးလို့မရဘူး"


အဘွားအိုလင်းနှင့် အန်တီလင်းတို့၏ ဆက်ဆံရေးသည် အမြဲတမ်းလိုလို မပြေလည်ဘဲ အပြင်ပန်းတွင်သာ အဆင်ပြေချင်ယောင် ဆောင်နေကြခြင်းဖြစ်သည်။ အန်တီလင်းသည် အဘွားအိုလင်း၏ ခင်ပွန်းဖြစ်သူကို ရှာပြီး ကျိုးလိုင်တီအား ငွေမတောင်းရန် တားမြစ်ခိုင်းချင်သော်လည်း အဘွားအိုလင်းက အရင်ရောက်လာခဲ့သည်။


"ကလေးတစ်ယောက်ကို ရက်ပိုင်းလေး စောင့်ရှောက်ပေးတာကို ဒီလောက်အများကြီး တောင်းတဲ့အိမ် ဘယ်မှာရှိလို့လဲ" အန်တီလင်းကလည်း ပြန်ပက်သည်။


ထို့နောက်တွင်တော့ အဘွားအိုလင်းနှင့် အန်တီလင်းတို့သည် တစ်ဖက်က ငွေမပေးနိုင်၊ တစ်ဖက်က မရမက တောင်းဆိုရင်း အပြင်းအထန် စကားများကြတော့သည်။ ငွေနှစ်ယွမ်အတွက်နှင့် အဘွားအိုလင်းနှင့် အန်တီလင်းတို့သည် လူပုံအလယ်တွင် ဆံပင်ဆွဲသတ်ပုတ်ကြရုံတင် လိုတော့သည်။


တစ်ဖက်တွင်မူ... လင်းချန်ရှန်းသည် ရေနွေးနွေးလေး တည်ထားပြီး သမီးဖြစ်သူကို ရေချိုးပေးရန် ပြင်ဆင်နေသည်။ ပူပြင်းလှသော နွေရာသီရာသီဥတုတွင် လူကြီးတွေပင် မခံမရပ်နိုင်ဖြစ်ရသည်မို့ ကလေးငယ်လေးတွေအတွက်မူ ပြောနေစရာပင်မလို။ သို့သော် လင်းချန်ရှန်း စိတ်ပူနေရသည်မှာ သမီးလေးက တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်ရာ ဖခင်ဖြစ်သူက ဆက်ပြီး ရေချိုးပေးနေဖို့ရာ မသင့်တော်တော့ပေ။


 ယောက်ျားလေးနှင့် မိန်းကလေး သဘာဝချင်း မတူညီသည်ကို သမီးလေးအား နားလည်စေချင်သည်။

"သမီး... ဖေဖေ ဘေးအိမ်က အန်တီ့ကို လာပြီး ရေချိုးပေးဖို့ သွားခေါ်လိုက်မယ်နော်" လင်းချန်ရှန်းက ချော့မော့၍ ပြောလိုက်သည်။


"သမီးဘာသာ သမီး ချိုးတတ်ပါတယ် ဖေဖေရဲ့" လင်းချင်းချင်းလေးက လိမ္မာယဉ်ကျေးစွာဖြင့် ပြန်ပြောရှာသည်။


"နေဦး... ဖေဖေ လူသွားခေါ်လိုက်ဦးမယ်" လင်းချန်ရှန်းက သမီးလေးကို တစ်ယောက်တည်း စိတ်မချသဖြင့် ထွက်ရန်ပြင်သည်။


"ဖေဖေ..." လင်းချင်းချင်းလေးက ဖခင်ဖြစ်သူ၏ အင်္ကျီစလေးကို လက်ကလေးနှင့် ခပ်ဖွဖွ ဆွဲလိုက်ပြီး— "ဖေဖေ... သမီး တကယ် ရေချိုးတတ်ပါတယ်။ အဝတ်အစားတွေလည်း လျှော်တတ်တယ် သိလား"


"..." 

လင်းချန်ရှန်း အံ့သြသွားရသည်။ "သမီးက အဝတ်အစားပါ လျှော်တတ်တယ် ဟုတ်လား"


"ဟုတ်တယ်" လင်းချင်းချင်းလေးက ဝင့်ကြွားဟန်လေးဖြင့် ခေါင်းလေးညိတ်ပြရှာသည်။

ထိုအခါမှ လင်းချန်ရှန်းသည် အတိတ်ဘဝတုန်းက လင်းချင်းချင်း ရေနစ်သေဆုံးခဲ့ရမှုကို ရုတ်တရက် သတိရသွားသည်။


 "သမီးလေး မြစ်ကမ်းနားသွားရာကနေ ရေနစ်တာ..." ဟု လူတွေ ပြောခဲ့ကြတဲ့ စကားလုံးတွေက သူ့နားထဲ ပြန်လည်ပဲ့တင်ထပ်လာပြီး ရင်ထဲ ဆစ်ခနဲ နာကျင်သွားရသည်။ အသက်ထက်ချစ်ရတဲ့ သမီးလေး ရေထဲမှာ အသက်ရှူကျပ်ပြီး တုန်ယင်နေမည့် မြင်ကွင်းကို တွေးမိရုံနှင့်တင် လင်းချန်ရှန်းတစ်ယောက် ရင်ခေါင်းတစ်ခုလုံး ကွဲအက်မတတ် ခံစားလိုက်ရသည်။ 


သမီးလေး၏ လိမ္မာရေးခြားရှိမှုကို သိထားသော လင်းချန်ရှန်းအနေဖြင့် သမီးလေး မြစ်ကမ်းနားသို့ အကြောင်းမဲ့ သွားလိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပေ။ ကလေးတွေအတွက် မြစ်ချောင်းဆိုသည်မှာ အလွန်အန္တရာယ်များပြီး မမျှော်လင့်ဘဲ မတော်တဆမှုတွေ ဖြစ်ပွားနိုင်သည်မဟုတ်ပါလား။


"နောက်ဆို သမီး အဝတ်အစားတွေ လျှော်စရာမလိုဘူး၊ လုံးဝမလျှော်ရဘူးနားလည်လား"

လင်းချန်ရှန်းက စိုးရိမ်စိတ် လွန်ကဲကာ သမီးလေးကို တစ်ဖန်ပြန်လည် ဆုံးရှုံးရမှာ ကြောက်လန့်တကြားဖြင့် သမီးလေး၏ ပုခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ— "မြစ်ကမ်းနားကိုလည်း လုံးဝမသွားရဘူး၊ ကြားလားသမီး။ အဲဒါ အရမ်းအန္တရာယ်များတယ်" ဟု အသံတွေ တုန်ယင်လျက် ပြောလိုက်မိသည်။


"ဖေဖေ..." လင်းချင်းချင်းလေးသည် ဖခင်ဖြစ်သူက သူမကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားသဖြင့် အနည်းငယ် လန့်သွားရှာသည်။


လင်းချန်ရှန်းလည်း မိမိစိတ်လှုပ်ရှားမှု လွန်ကဲသွားသည်ကို သတိပြုမိပြီး သမီးလေးကို ချက်ချင်း လွှတ်ပေးလိုက်ကာ— "မကြောက်ပါနဲ့ သမီးရယ်။ ဖေဖေက မြစ်နားမသွားဖို့ သတိပေးချင်ရုံပါ။ နောက်ဆို သမီး အဝတ်လျှော်စရာမလိုဘူး၊ ဖေဖေပဲ လျှော်ပေးမယ်။ သမီး ဘေးအိမ်က အန်တီ့ကို ရေမချိုးခိုင်းချင်ရင်လည်း သမီးဘာသာ သမီးချိုးပေါ့၊ ဖေဖေ ရေပြင်ပေးမယ်နော်" ဟု သမီးလေး နဖူးလေးကို ဖွဖွလေး နမ်းရှုံ့ရင်း ချော့မော့လိုက်သည်။


"ဟုတ်ကဲ့... ဖေဖေက အကောင်းဆုံးပဲ" လင်းချင်းချင်းလေးက ဝမ်းသာအားရဖြင့် ဖခင်ဖြစ်သူကို ဖက်လိုက်ရှာသည်။


ရှောင်းမန်သည် လင်းချင်းချင်းကို ဘယ်တုန်းကမှ ရေနွေးပူပူတွေနှင့် ပေးမထိခဲ့ပေ။ ဘာပဲပြောပြော လင်းချင်းချင်းက လင်းချန်ရှန်း၏ သွေးသားအရင်းအခြာ မဟုတ်ပါလား။ ရှောင်းမန်သည် ကလေးထိန်းရမှာ ပျင်းသည့်အပြင် ကလေး နေမကောင်းဖြစ်လျှင် သူမအချိန်တွေ ပုပ်ကုန်မည်ကို စိုးရိမ်သောကြောင့် ကလေးကို အစစအရာရာ ပစ်မထားဘဲ အချို့အလုပ်တွေကိုတော့ သူမကိုယ်တိုင်ပဲ လုပ်ပေးခဲ့ခြင်းဖြစ်သည်။


လင်းချင်းချင်းလေးသည် ခေါင်းမလျှော်ဘဲ ရေချိုးပြီးနောက် အဝတ်အစားများကို သူမဘာသာ သပ်သပ်ရပ်ရပ် လဲလှယ်ဝတ်ဆင်လိုက်သည်။ ဝတ်ဆင်ပြီးနောက် ဝတ်လဲတော် အဝတ်အစားများကို ရေချိုးဇလုံထဲ ထည့်ကာ လျှော်ဖွပ်ရန် ပြင်ဆင်နေပြန်သည်။


"ချင်းချင်း... ချိုးလို့ ပြီးပြီလား သမီးလေး" လင်းချန်ရှန်းက သမီးလေး တစ်ယောက်တည်း ရေချိုးခန်းထဲ ကြာနေသဖြင့် စိတ်ပူကာ လှမ်းမေးလိုက်သည်။


ဒီရေချိုးခန်းကိုလည်း လင်းချန်ရှန်းက မြို့ပြကလာသူ ရှောင်းမန်တစ်ယောက် ကျေးလက်တောရွာ လူနေမှုဘဝမှာ အဆင်မပြေဖြစ်မည်စိုး၍ အထူးတလည် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှောင်းမန်ကတော့ ဒါကို လင်ယောက်ျားဖြစ်သူက ဖြည့်ဆည်းပေးရမည့် တာဝန်တစ်ခုလိုသာ သဘောထားခဲ့သည်။


လင်းချန်ရှန်းသည် နောက်နောင်တွင် ဤနေရာသို့ ပြန်လာရန် အစီအစဉ်မရှိတော့ပေ။ သူသည် သမီးဖြစ်သူကို ခေါ်ကာ မြို့ပေါ်သို့ အရင်သွားပြီး အိမ်တစ်လုံးဝယ်ရန် ဆုံးဖြတ်ထားသည်။ ထိုခေတ်အခါက အိမ်ဈေးနှုန်းများက သိပ်မကြီးသေးသဖြင့် အိမ်တစ်လုံးရှိထားပါက အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် ပိုမိုလွယ်ကူပေလိမ့်မည်။ 


လိုအပ်ပါက လင်းချန်ရှန်းအနေဖြင့် သူ၏ အထက်လူကြီးဟောင်းကိုပင် အကူအညီတောင်းရပေမည်။ သမီးလေး၏ အနာဂတ်အတွက်ဆိုလျှင် သူ သိက္ခာချပြီး အောက်ကျို့ဖို့ရာ အဆင်သင့်ပင်။


"ပြီးပြီ... ပြီးပြီ ဖေဖေ" လင်းချင်းချင်းလေးက အထဲကနေ ချစ်စဖွယ်လေး ထူးလိုက်သည်။


"အဝတ်အစားတွေရော ဝတ်ပြီးပြီလား သမီး" လင်းချန်ရှန်းက ထပ်မေးသည်။


"ဟုတ်... ဝတ်ပြီးပါပြီ"


ရေချိုးခန်းတံခါးကို ဖွင့်ထားသော်လည်း လင်းချင်းချင်းလေးက ငယ်သေးသည့်အတွက် လင်းချန်ရှန်းက တံခါးအပိတ်မခိုင်းဘဲ လိုက်ကာလေးသာ ချခိုင်းထားခြင်းဖြစ်သည်။ လင်းချန်ရှန်း အထဲသို့ ဝင်သွားသောအခါ လင်းချင်းချင်းလေးက ခုံတန်းလျားလေးပေါ်ထိုင်ပြီး အဝတ်အစားတွေကို လက်ကလေးနှင့် နယ်ဖတ်လျှော်ဖွပ်နေသည်ကို တွေ့လိုက်ရသည်။


"ဖေဖေ ပြောထားတယ်လေ... အဝတ်အစားတွေကို ဖေဖေ လျှော်ပေးမယ်လို့။ သမီးရဲ့ လက်ဖဝါးနုနုလေးတွေနဲ့ လျှော်စရာမလိုပါဘူးကွယ်" လင်းချန်ရှန်းက ပြောရင်းနှင့်— "သမီး ညနေက ထမင်းမစားရသေးဘူးမလား၊ ဗိုက်ဆာနေပြီလား"


"မဆာပါဘူး ဖေဖေ။ ဟို အသားမုန့်ကြီးက အရမ်းစားလို့ကောင်းတာ၊ ပေါင်းမုန့်လည်း အရမ်းအရသာရှိတယ်" လင်းချင်းချင်းလေးက လက်မလေးထောင်ပြကာ— "တကယ့်ကို ကောင်းတာ" ဟု ချစ်စဖွယ် ပြောရှာသည်။


"မုန့်တွေ ကျန်သေးတယ်၊ သွားစားဦးလေ" လင်းချန်ရှန်းက ပြောလိုက်ပြီး— "သမီးအဝတ်တွေကို ဖေဖေပဲ ဆက်လျှော်ပေးမယ်"


"ဖေဖေ..." လင်းချင်းချင်းလေးက လင်းချန်ရှန်းကို ကြည့်ရင်း အားနာဟန်ဖြင့်— "မေမေက ပြောတယ်... သမီးက အခုဆို လူကြီးလေးဖြစ်နေပြီမို့လို့ ကိုယ့်အဝတ်အစားကိုယ် လျှော်ရမယ်တဲ့"


"သမီးက ငယ်ပါသေးတယ်၊ အမေပြောတာတွေကို လျှောက်မယုံနဲ့၊ သူက လိမ်ပြောနေတာ" လင်းချန်ရှန်းက သမီးလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း အသာအယာ ပြောလိုက်သည်။


ထိုအချိန်တွင်... ရှောင်းမန်သည် မိသားစုဝင်များနှင့်အတူ ညစာစားလို့ ပြီးသွားခဲ့ပြီဖြစ်သည်။ မိခင်ဖြစ်သူ ရှောင်းက ရှောင်းမန်ကို ကြည့်ကာ— "သမီး... မနက်ဖြန်ကျရင် အဲဒီ လူတွေ့ပွဲ (Blind Date) ကိုသွားလိုက်တော့နော်။ ဟို တောသားအကြောင်းကို စဉ်းစားမနေနဲ့တော့။ သူက သူတစ်ပါး အကျပ်အတည်းဖြစ်နေတာကို အခွင့်ကောင်းယူတတ်တဲ့ လူယုတ်မာပဲ" ဟု လှုံ့ဆော် စကားဆိုလေတော့သည်။