အခန်း (၆၃) - အပြစ်ရှာခြင်း
“အိမ်မှာ ပိုက်ဆံတွေ အများကြီး ကျန်သေးတယ်လေ၊ ကူပွန်လက်မှတ်တွေလည်း အသုံးပြုဖို့ လုံလောက်တယ်။ စွန့်စွန့်စားစား လုပ်မနေနဲ့။” ကျိုးချင်းပိုင်သည် သူ့ဇနီးသည်က အခုအချိန်အတောအတွင်းမှာ ဘာကြောင့် အကျပ်ရိုက်နေသည့်ပုံပေါ်နေသည်ကို သိလိုက်ရသည်။
လိမ်လည် ဝယ်ယူခြင်းနှင့် ပြန်လည်ရောင်းချခြင်းကဲ့သို့သော ကိစ္စရပ်မျိုးကို သူမ စီစဥ်နေမှန်းကိုတော့ သူ မသိခဲ့ပါ။
“ကျွန်မတို့မိသားစု ပိုက်ဆံ မလောက်ငှဘူးလို့ ကျွန်မ မပြောမိဘူးလေ။ ကျွန်မ ဒီအတိုင်းထိုင်နေတယ်ထင်လို့ ဒီလိုလုပ်ဖို့ တွေးကြည့်တာ။ ပြီးတော့ ကျွန်မ ခြင်းတောင်းတစ်တောင်းလည်း ယူသွားမှာပဲ။ တစ်ယောက်ယောက်က ကျွန်မကိုမေးရင် ကျွန်မ မြို့ကို အလည်သွားရင်း ဆွေမျိုးတွေဆီကနေ အသားအချို့ ပြန်ယူလာတာလို့ ပြောလိုက်မယ်လေ။ ဒါကို ရေရှည်လုပ်မှာ မဟုတ်ဘူး။ ရက်အနည်းငယ်မှ တစ်ကြိမ်လောက်ပဲ လုပ်မှာ။ ကျွန်မ မိသားစု အသုံးစရိတ်အတွက် တစ်ယွမ် နှစ်ယွမ်လောက်ဖြစ်ဖြစ် စုဆောင်းချင်လို့။ ဒါကို အဆင်ပြေတယ်လို့ မထင်ဘူးလား။” လင်းချင်းဟယ်သည် သူမ ဒီအလုပ်ကို စလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက လက်လျော့လိုက်ဖို့ မစီစဥ်ထားခဲ့ဘူး။
“ယွမ် ၃၀၀၀က သုံးစွဲဖို့ လုံလောက်တယ်။” ကျိုးချင်းပိုင်က အခိုင်အမာပြောသည်။
မှန်ပါတယ်။ ဒါက သူ အခုထက်ထိ သဘောမတူသေးဘူးလို့ ဆိုလိုတာပင်။
လင်းချင်းဟယ်က သူ့ကို ဒေါသတကြီး ကန်ထုတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ရှင် အပြင်မှာ သွားအိပ်။ ရှင့်ကို မြင်ရတာ ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။”
သူမကို အကျင့်သီလနှင့် ပြည့်စုံသော မိန်းမဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ သူမသည် ဒီလိုမိန်းမမျိုးဖြစ်သည်၊ သရုပ်ဆောင်ပြီး နေထိုင်ဖို့ကို စိတ်မဝင်စားဘူး။ မကျေနပ်ဘူးလား။ ကောင်းပြီ၊ ဒါကို သည်းခံပြီးသာ နေလိုက်။
ကျိုးချင်းပိုင်က နည်းနည်းမှ မလှုပ်ပေ၊ သူက သူမကို ပွေ့ဖက်ထားသည့်အတိုင်းသာ ဆက်ရှိနေသည်။ အားမလို အားမရဖြစ်စွာ လင်းချင်းဟယ်သည် သူ့မျက်နှာကို တွန်းဖယ်လိုက်ပြီး အတည်တကျ ပြောဆိုသည်။ “ကျွန်မ ဒါကို ပြောပြီးပြီနော်။ ကျွန်မ ဒါကို စိတ်ချလက်ချ အကောင်အထည် ဖော်နိုင်တယ်၊ ဒါတွေထက် ရှင့်မှာ အဆက်အသွယ်တွေ ရှိနေတာပဲ။ ကျွန်မ တစ်ခုခုဖြစ်ရင် ရှင် ကျွန်မကို ပြန်ထုတ်ပေးနိုင်တာပဲလေ။”
ကျိုးချင်းပိုင်က သူ့မျက်ခုံးကို ပင့်လိုက်သည်။ သူက ဘာမှမပြောပေမယ့် လင်းချင်းဟယ် ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သည်။ သူမ ဒါကို ဘယ်လိုသိတာလဲ။
“ဒီလိုစက်ဘီးမျိုးကို တစ်နှစ် နှစ်ဝက်လောက် ကြိုတင်မမှာယူပဲ ဝယ်လို့ မရဘူး။ ကျိုးချင်းပိုင် ရှင် ကျွန်မကို အရူးတစ်ယောက်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ရှင် ကျွန်မကို နုံနုံအအလို့ တွေးနေတာလား။” လင်းချင်းဟယ်က သူ့ပါးပြင်ကိုဆွဲလိုက်ရင်း ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမ ဆွဲနေတာကို ခွင့်ပြုထားပေမယ့် သူ့ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့သည်။
ဒါပေါ့။ သူ့မှာ အဆက်အသွယ်တွေ ရှိပါတယ်။ ခရိုင်မြို့တွင် အာဏာရှိသော သူ့မိတ်ဆွေဟောင်းတစ်ယောက် ရှိသည်။ သူ့အကူအညီဖြင့် ဒီစက်ဘီးကို ဝယ်ယူနိုင်ခဲ့တာ ဖြစ်သည်။
သူမပြောသည့်အတိုင်း အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါလျှင် သူ သူမကို အမှုကွင်းလုံးကျွတ် ထုတ်ပေးနိုင်သည်။
ဒါပေမယ့် သူ သူမကို ဒီလိုမျိုး ဘယ်လို လုပ်ခိုင်းရက်မှာလဲ။
လင်းချင်းဟယ်သည် သူမ ရှင်းပြနေသော်လည်း သူက မတုန်မလှုပ် ဖြစ်နေသေးသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံး၌ သူမသည် ဒေါသတကြီးဖြင့် လောင်အာ့ကို သူ့ဖက်သို့ရွေ့လိုက်ကာ သူမသည် လောင်တနှင့် လောင်စန်းတို့ဖက်သို့ သွားအိပ်ခဲ့သည်။
နောက်တစ်နေ့၌ လောင်အာ့သည် သူအိပ်ရာနိုးသောအခါ သူက သူ့အဖေဖြစ်သူနှင့် အတူအိပ်နေတာကို တွေ့ရှိခဲ့ရသည်။ မနေ့ညက လောင်စန်းကို သူ့လက်ထဲမှာ ပွေ့ဖက်ထားပြီး အိပ်စက်ခဲ့တာ သေချာပါသည်။
“အခုကစပြီး မင်းအိပ်ရင် မင်းအဖေနဲ့ အတူအိပ်ရမယ်။ မင်းအစ်ကိုကြီးရောပဲ။ မင်းတို့ သူနဲ့ အတူအိပ်ကြရမယ်။” လင်းချင်းဟယ်က လောင်စန်းလေးကို ပွေ့ချီကာ အိပ်ရာမှ ထသွားခဲ့သည်။
ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်သည်။ လင်းချင်းဟယ်က ထိုအကြည့်ကို ခံစားမိပြီး သူ့ကို နောက်ပြန် လှည့်ကြည့်လိုက်သည်။
ကျိုးချင်းပိုင်ဟာ သူမိန်းမရဲ့ အရည်ရွှမ်းတဲ့အသားတွေကို မစားရသေးဘူးလို့ ဆိုလိုရင်တောင် ဒီကိစ္စကိုတော့ အလွယ်တကူ အလျှော့မပေးခဲ့ဘူး။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်က သူ့မိသားစုကို အသားတွေကို ဝယ်ပေးတယ်ဆိုတာမျိုးက မှားယွင်းသည့် အကြောင်းကိစ္စမဟုတ်ပဲ ကျိုးကြောင်းဆီလျော်မှုရှိသည်။
ဒါပေမယ့် သူ့ဇနီးက အသားတွေကို မှောင်ခိုဝယ်ပြီး ပြန်လည်ရောင်းချမယ် ဆိုတာကိုတော့ ကျိုးချင်းပိုင်က ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ။
သူ့မိန်းမရဲ့ အသားကို စားဖို့အတွက်ကတော့ သူ အစီအစဥ် ပြန်ဆွဲရဦးမယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် သူက အလှအပထောင်ချောက်ထဲ ကျရောက်သွားမည် မဟုတ်ပေ။
လင်းချင်းဟယ်က သူ့ကို လှမ်းကြည့်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာကို စောင့်ကြည့်မယ်။
လင်းချင်းဟယ်ကို စိတ်ဆိုးအောင်လုပ်တာမျိုးက မှားယွင်းတဲ့ အကြံမျိုးဖြစ်သောကြောင့် လင်းချင်းဟယ်ကို အပြစ်မဆိုဘူးဆိုရင် သူမက ပိုပိုပြီး အကြင်နာကင်းမဲ့လိမ့်မည်။ ဘယ်လို ရက်စက်တဲ့ နည်းလမ်းမျိုးလဲ။
လင်းချင်းဟယ်သည် သိုးသား ဘယ်နေရာမှာ ဝယ်လို့ရမလဲဆိုတာကို အနားပတ်လည် စုံစမ်းခဲ့သည်။ သူမသည် သူ့ကို အာဟာရအများကြီးပေးဖို့အတွက် သိုးသားကို ဝယ်ယူချင်ခဲ့သည်။ (T/N: အမျိုးသားများ သိုးသားကို စားသုံးလျှင် လိင်စိတ်တက်ကြွသည်။)
ဒီအချိန်အတောအတွင်းမှာ သိုးသားကို ဝယ်ယူဖို့က မလွယ်ကူပါ။ ကျိုးချင်းပိုင်သည် ခရိုင်မြို့တွင် အဆက်အသွယ် ရှိသောကြောင့် သူ နောက်ဆုံးအကြိမ်က ထိုသိုးသားများကို ဝယ်ယူနိုင်ခဲ့တာ ဖြစ်သည်။ သူမအတွက်မူ ဒါကို ဝယ်ယူနိုင်ဖို့က မဖြစ်နိုင်ဘူး။
လင်းချင်းဟယ်က ဒီကိစ္စကို လက်မလျော့ခဲ့ပါ။ သူမသည် ကျိုးချင်းပိုင် အိမ်မှာရှိနေစဥ် အပြင်သွားမည့်အတိုင်း ဝတ်စားပြင်ဆင်ထားခဲ့သည်။ ဝက်ဆီဖတ်၊ ကြက်ဥနှင့် ဂေါ်ဖီထုပ်ကို ရောသမကာ ပေါက်စီကို အစာသွပ်သည်။ ဝက်ခြေထောက်များကို မြေပဲများနှင့် ရောချက်ထားပြီး ဝက်သားကို ထမင်းဖြင့် သမမွှေပြီး နှပ်ထားကာ စွပ်ပြုတ်အမျိုးမျိုးကို ချက်ပြုတ်လိုက်သေးသည်။ သူမကိုယ်တိုင်ကိုလည်း လှပမွှေးကြိုင်စွာ ဝတ်စားပြင်ဆင်ထားသေးသည်။
သူ့အမေက ချိုမြိန်ပြီး မွှေးကြိုင်နေသောကြောင့် လောင်စန်းကို သူမကို မဖက်ပဲ မနေနိုင်ခဲ့ပါ။
လောင်တနှင့် လောင်အာ့တို့သည် ထောက်ခံဟန်ဖြင့် သူတို့ခေါင်းတွေကို တငြိမ့်ငြိမ့် လုပ်နေသည်၊ သူတို့အမေက အရမ်းမွှေးကြိုင်နေတာပဲ။
လင်းချင်းဟယ်၏ ခန္ဓာကိုယ်ပေါ်မှ အမှန်တကယ်ကိုပင် မွှေးကြိုင်နေသော်လည်း သင်းသင်းလေးသာ ဖြစ်ပြီး စူးစူးရှရှ မွှေးကြိုင်နေတာမျိုး မဟုတ်ပါ။ ဒီရနံ့က လတ်ဆတ်သော သင်းရနံ့မျိုးသာ ဖြစ်သည်။
ကလေးတွေသာ ဒါကို သဘောကျသည့်အတွက် ကျိုးချင်းပိုင်က ဘယ်လိုလုပ်ပြီး သဘောမကျပဲ နေမှာလဲ။ ကျိုးချင်းပိုင်သည် သူ့ဇနီးက သူ့ကို တမင်သက်သက် မြူဆွယ်ဖြားယောင်းဖို့ ရည်ရွယ်တာကို သိသည်။ ညအခါတွင် သူမကို သူ တောင့်တနေဖို့ စားကောင်းသောက်ဖွယ်များကို ရည်ရွယ်ရှိရှိ ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။ အပေါ်ယံတွင် သူက ဒါကို ခံနိုင်ရည်ရှိဟန်ဆောင်ပြီး မည်သည့် မျက်နှာအမူအရာကိုမျှ မဖော်ပြခဲ့ပါ။
ညဥ့်နက်မှ သူ့ရဲ့ ယိုယွင်းနေသော အသွင်အပြင်နှင့် အတွင်းခံဘောင်းဘီ လဲလှယ်ဝတ်ဆင်တာကို သူမသာ မမြင်ခဲ့ရင် လင်းချင်းဟယ်သည် သူမရဲ့ ဆွဲဆောင်နိုင်စွမ်း ကျဆင်းသွားပြီလို့ ထင်ခဲ့မိလိမ့်မည်။
လင်းချင်းဟယ်သည် ကျိုးချင်းပိုင် အတွင်းခံဘောင်းဘီလဲရန် အိပ်ရာမှ ထသွားတာကို မြင်လိုက်ရသောအခါ သူမ ထရယ်မောမိတော့မလို ဖြစ်သွားခဲ့သည်။ သူမ အိပ်မောကျဟန် မနည်းဟန်ဆောင်လိုက်ရသည်။ ထို့နောက် သူမသည် သူ့လှုပ်ရှားမှုတွေကို ခံစားလိုက်ရသည်။
ကျိုးချင်းပိုင်သည် ဝက်တစ်ကောင်လို အိပ်မောကျနေသော လောင်အာ့ကို ချက်ချင်း အတွင်းဖက်သို့ ရွှေ့လိုက်သည်။ ထို့နောက် ကျိုးချင်းပိုင်သည် သူမနှင့် စောင်အတူခြုံပြီး သူမကို ပွေ့ဖက်ကာ ဆက်လက်အိပ်စက်ခဲ့သည်။
ကျိုးချင်းပိုင်သည် အတူအိပ်စက်ရုံသာ အိပ်စက်ပြီး ဘာမှ မလုပ်သောကြောင့် လင်းချင်းဟယ်သည် မသိချင်ယောင်ဆောင်ထားလိုက်သည်။
နောက်တစ်နေ့၌ ဘာအကြောင်းအရာကို မပြောနိုင်ခင် သူမသည် တတိယမရီး ကလေးမွေးတယ်ဆိုတဲ့ သတင်းစကားကို ကြားလိုက်ရသည်။
“အရမ်း မြန်တာပဲ။” လင်းချင်းဟယ်က အရမ်းအံ့သြသွားမိသည်။
ကလေးမွေးဖွားတာ ညတွင်းချင်းသာ ကြာမြင့်ခဲ့သည်။
“ဒါက တော်တော်မြန်တာပဲ။” ပျော်စရာကောင်းသော သတင်းစကားကို လာရောက်မျှဝေသည့် အမေကျိုးသည် ပြုံးပြုံးရယ်ရယ်ဖြင့် စကားဆိုသည်။ ဤတစ်ကြိမ်တွင် တတိယမရီးသည် သားတစ်ယောက်ကို ဖွားမြင်ခဲ့သည်။ တစ်မိသားစုလုံး ပီတိဖြစ်မိသည်။
“ကျွန်မ ဝယ်လာခဲ့တဲ့ ဝက်ခြေထောက်တွေကရော အေးခဲနေတုန်းပဲလား။” ဟု လင်းချင်းဟယ်က မေးမြန်းခဲ့သည်။
“အဲ့တာတွေက အေးခဲနေတုန်းပဲ။” အမေကျိုးက ခေါင်းညိတ်ရင်း စကားဆိုသည်။
ဒီနေရာတွင် သူတို့ကိုယ်ပိုင် ဓလေ့ထုံးစံရှိသည်။ ကလေးမီးဖွားပြီးရင် မိခင်ဖြစ်သူက ဧည့်သည် လက်သင့်မခံရဘူးဆိုတဲ့ ဓလေ့ထုံးစံ မရှိဘူး။ အခုလောလောဆယ်တွင် လေထုက အေးစက်ပြီး မြေပြင်ကလည်း အေးခဲနေသည့်အတွက် လင်းချင်းဟယ်သည် သွားရောက် လည်ပတ်ပြီး နှောင့်ယှက်ရန် မသင့်တော်ဘူးဟု ခံစားရသည်။ ဒါနဲ့ သူမသည် အမေကျိုးကို သကြားညိုတစ်ကျင်း ပေးလိုက်ပြီး အကျိုးအကြောင်း ပြောလိုက်သည်။ “အမေ တတိယမရီးဆီကို ဒါလေး ယူသွားပေးပါ။”
အမေကျိုးက သူမကို ဒါကို သိမ်းထားဖို့ ဖျောင်းဖျခဲ့သည်။ “အိမ်မှာ နည်းနည်းကျန်သေးတယ်။ နင် နင့်တတိယမရီးကို အဝတ်အစား ကူချုပ်ခိုင်းတုန်းက ပေးထားတာ ကျန်သေးတယ်။ ဒါကို သိမ်းထား၊ အိမ်မှာ ကျန်တဲ့ဟာက လုံလောက်တယ်။”
“ကျွန်မမှာ တခြားပေးစရာ ဘာမှမရှိဘူး။ အမေ ဒါကို ယူသွားလိုက်ပါ။” လင်းချင်းဟယ်က သူမလက်ထဲ အတင်းထိုးထည့်ပေးလိုက်သည်။
အမေကျိုးက ငြင်းပယ်နေခြင်းကို ရပ်တန့်လိုက်သည်။
ပထမသုံးရက် ကျော်လွန်သွားသည်နှင့် လင်းချင်းဟယ်က သွားရောက်လည်ပတ်ခဲ့သည်။
သူမသည် တတိယမရီးနှင့် စကားစမြည် ပြောဆိုဖြစ်သည်။ ယခုတစ်ကြိမ်တွင် တတိယမရီးသည် နို့ရည် ပိုပိုလျှံလျှံ ထွက်ရှိခဲ့သည်။ ထို့အပြင် သူမက သားတစ်ယောက် မွေးဖွားခဲ့သည်။ စတုတ္ထခယ်မသည် သကြားညိုကို လက်ဆောင်အဖြစ် ထပ်ပေးခဲ့သည်။
“ကြည့်ပါလား။ ကျွန်မပြောတာ မှန်တယ်မလား။ တုံတုံလေး ကြီးလာတဲ့အခါ အသားအရေက ဒီထက် ပိုကောင်းလာလိမ့်မယ်။ အဲ့တာက ပန်းသီးများများစားသုံးတာရဲ့ အကျိုးသက်ရောက်မှုပဲ။” လင်းချင်းဟယ်သည် အိပ်ပျော်နေသော ကလေးငယ်ကို အသာခိုးကြည့်ကာ ရည်ညွှန်းပြောဆိုသည်။
“သူ့အစ်မကိုမွေးတုန်းကထက် ပိုဖြူတယ်။” တတိယမရီးဖြစ်သူက ပြုံးရွှင်စွာဆိုသည်။
အခု သူတို့မှာ သားတစ်ယောက် ရှိလာပြီဖြစ်၍ အရာအားလုံးကို မြင်ရတွေ့ရသည်မှာ ကြည်နူးစရာအပြည့် ဖြစ်နေသည်။
သားတစ်ယောက် ရှိလာတော့ သူမ အနာဂတ်တွင် ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်မည်ဖြစ်ပြီး အခြားသူတွေထက် နိမ့်ကျတယ်လို့ ခံစားရတော့မှာ မဟုတ်ပေ။
ကျေးလက်ဒေသတွေမှာ ဒီအတိုင်းပါပဲ။ သူတို့သားတွေထက် သမီးတွေက ပိုသိတတ်လိမ္မာရင်တောင် သမီးဆယ်ယောက်က သားတစ်ယောက်ကို ယှဥ်လို့ မရပါဘူး။
ဒါပေမယ့် သားတစ်ယောက် မွေးဖွားတယ်ဆိုတာက သူတို့ရဲ့ မျိုးရိုးနာမည်ကို ဆက်လက်တည်တံ့နိုင်စေသည်။
လင်းချင်းဟယ်သည် သူမနှင့် စကားစမြည်ပြောဆိုပြီးနောက် အိမ်ပြန်ဖို့ ပြင်ဆင်သည်။
သို့သော်လည်း သူမ အိမ်ပြန်ဖို့ထွက်လာချိန်တွင် ဒုတိယမရီးဖြစ်သူနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ဒုတိယမရီးဖြစ်သူက ရယ်မောရင်း စကားဆိုသည်။ “စတုတ္တခယ်မလေး နင့်မှာ တတိယမရီးအတွက် အာဟာရဖြစ်စေဖို့ ပစ္စည်းကောင်းတွေရနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိရမယ်။”
အကြီးဆုံးမရီးသည် မီးဖိုချောင်ထဲတွင် ဆန်ပြုတ် ချက်ပြုတ်နေသည်။ သူမသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒုတိယရဲ့ ဇနီးက ဘာလို့ အမြဲတမ်း ပြဿနာရှာနေရတာလဲ။
“ကျွန်မမှာ ရှိတာပေါ့။ ကျွန်မ တတိယမရီးကို သကြားညိုတစ်ကျင်း ထပ်ပေးခဲ့တယ်။ နင်ရော ဘာပေးပြီးပြီလဲ။” လင်းချင်းဟယ်က သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“နင် ငါ့မိသားစုရဲ့ အခြေအနေကိုလည်း မသိတာ မဟုတ်ဘူး။ ငါ ဘာပေးရင် ကောင်းမလဲ။ မိခင်နို့ရွှင်စေဖို့ သကြားညိုက မလုံလောက်ဘူး။ အသားကောင်းကောင်းစားရရင် ပိုကောင်းလိမ့်မယ်။” ဒုတိယမရီးက ဟန်ဆောင်ပန်ဆောင်ပြုံး၍ဆိုလေသည်။
မင်းမှာ ပိုက်ဆံမရှိဘူးလား။ ဒါဆို ပိုက်ဆံနည်းနည်းလောက်တော့ သုံးနိုင်ဦးမှာပါ။