Ch 1
Viewers 28

🍐 Chapter 1





နတ်ဆိုးနန်းတော်မှာ မိုးဖွဲဖွဲရွာချပြီးနောက် နေရောင်ခြည် ထွက်လာရန် ခဲယဉ်းလှသောနေရာ ဖြစ်ပေ၏။


ထူထဲလှသော အဆိပ်ငွေ့များနှင့် မှော်မြူခိုးများကို ဖောက်ထွင်းကာ ကောင်းကင်ယံမှ အလင်းတန်း တစ်ခုသည် ဝေ့ယန်စံအိမ်တော်အတွင်းသို့ ကျရောက်လာလေသည်။ ပြတင်းပေါက်အပြင်ဘက်မှ အဖြူရောင်ပန်းပွင့်ဖက်လေးများမှာ နွေဦးလေညင်းနှင့်အတူ လွင့်မျောလာကာ လေထဲတွင် ဝေ့ဝဲနေရင်း နီရဲသောပိုးသားစောင်ပေါ်သို့ ကျဆင်းသွားတော့၏။ ထိုစောင်အောက်တွင် နှင်းကဲ့သို့ ဖြူဖွေးဝင်းမွတ်နေသော ခြေကျင်းဝတ်လေးတစ်ခု ထွက်ပေါ်နေပြီး ထိုအပေါ်တွင် အနီရောင်အနမ်းရာ အနည်းငယ်စွန်းထင်းနေလေသည်။


ပန်းပွင့်ဖတ်လေးများ၏ အထိအတွေ့ကို ခံစားမိသွားသကဲ့သို့ ချူရှုယွင်၏ နူးညံ့လှသော ခြေကျင်းဝတ်လေးမှာ လှုပ်ရှားသွားပြီး နွေးထွေးသော ပိုးသားစောင်ထဲသို့ ယုန်လေးတစ်ကောင်လို အမြန်ရုပ်သိမ်းသွားလေတော့သည်။


မနက်ခင်း၏နွေဦးလေညင်းမှာ သိပ်ပြီးတော့ မနွေးထွေးလှပေ။


ချူရှုယွင် မျက်လုံးများကို တစ်ဝက်ခန့်မှေးစင်းထားရင်း စောင်ကို ခန္ဓာကိုယ်ပေါ်တွင် တင်းတင်းကျပ်ကျပ်ရစ်ပတ်လိုက်သည်။ ထိုအခိုက်အတန့်လေး၌ အနည်းငယ်အေးစက်ပြီး ဂရုမစိုက်တတ်သော သူ၏ ဖီးနစ်မျက်ဝန်းများမှာ ရေခဲနှင့် နှင်းများကိုပင် အရည်ပျော်သွားစေ နိုင်သည်အထိ ပျင်းရိတွန့်ဆုတ်နေသော အရိပ်အယောင်များ ထင်ဟပ်နေလေသည်။


သုံးရက်မြောက်နေ့အထိ ကျင့်ကြံဖို့မလိုတော့တာ တော်တော်လေးကောင်း၏။ ဒီလိုမျိုး အချိန်အကြာကြီး မအိပ်စက်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ သူ မေ့နေခဲ့ပြီပင်။


သာမန်နေ့ရက်တွေဆိုရင်တော့ မိုးမလင်းခင်ကတည်းက တာဝန်ခံအကြီးအကဲရောက်လာပြီး တပည့်တွေကို စာသင်ပေးဖို့နှင့် တပည့်ကျောင်းဆောင်ကိုသွားဖို့ သူ့အား လာရောက်တိုက်တွန်းနေ လောက်ပြီဖြစ်သည်။


သို့သော် ယခုအချိန်တွင် သူအချိန်အကြာကြီး အေးအေးဆေးဆေး အိပ်စက်နိုင်နေပြီဖြစ်သည်။ ထို့အပြင် သူ့နန်းဆောင်ထက် အဆတစ်ထောင်မက ပို၍သက်သောင့်သက်သာရှိသော ကုတင် ကျယ်ကြီးပေါ်တွင် နိုးထလာရသဖြင့် ချူရှုယွင်မှာ တစ်ခါမှ ဤမျှလောက်ထိ သက်သောင့်သက်သာ မရှိခဲ့ဖူးချေ။ အရမ်းကိုပျော်စရာကောင်းပြီး အလွန်အလိုလိုက်ခံထားရပုံနှယ်။


---


"ဒီ ထိုက်ချင်မသေမျိုးအရှင်သခင်က တော်တော်တည်ငြိမ်တာပဲ နတ်ဆိုးနန်းတော်ထဲ ဖမ်းခေါ်လာခံရတာ သုံးရက်ရှိနေပြီကို ဘာလှုပ်ရှားမှုမှ မရှိသေးဘူး"


နတ်ဆိုးနန်းတော်အပြင်ဘက်တွင် စောင့်ကြပ်နေသော နတ်ဆိုးအစောင့်နှစ်ယောက်မှာ ခန်းမထဲသို့ လှမ်းကြည့်လိုက်ပြီးနောက် ၎င်းတို့အကြည့်များကို မသက်မသာဖြင့် ပြန်ရုပ်သိမ်းလိုက်ကြလေ သည်။


"အဲ့တာပြောတာ ပုံမှန်ဆိုရင် ဖမ်းလာခံရတဲ့ ကျင့်ကြံသူတိုင်း အခုချိန်လောက်ဆို မိုးမီးလောင်မတတ် အော်ဟစ်ငိုယိုနေလောက်ပြီ ငါတို့နဲ့အတူ အသေခံမယ်ဆိုပြီးတောင် လုပ်ချင်လုပ်နေကြတာလေ" 


ခဏရပ်တန့်သွားပြီးနောက် အစောင့်ဖြစ်သူက ဘာကိုတွေးလိုက်မိသည်မသိ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ 


"မင်းပြောသလိုဆို သူက သူ့ရဲ့ကျင့်ကြံမှုတွေ ပြန်ရလာမယ့် အခွင့်အရေးကို စောင့်နေတာများလား ပြီးရင် နတ်ဆိုးသခင်အလစ်ကိုစောင့်ပြီး သူ့ကိုသတ်မယ် နတ်ဆိုးနယ်မြေတစ်ခုလုံးကိုလည်း သတ်ဖြတ်ပစ်ဖို့များလား"


ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် သူတို့နှစ်ယောက်စလုံး ကျောချမ်းသွားသည်အထိ ကြက်သီးထသွားကြတော့သည်။


ခုနှစ်နှစ်ခန့်တောင် ကြာမြင့်ပြီးကာ ယခုအခါမှာလည်း နတ်ဆိုးနယ်မြေ၏ သခင်များပင် သုံးဆက်တိုင်တိုင် ပြောင်းလဲသွားခဲ့ပြီဖြစ်သောကြောင့် ချူရှုယွင်မှာလည်း ထိုစဉ်က ချူရှုယွင် မဟုတ်တော့ပေ။


မည်သို့ပင်ဆိုစေကာမူ ထိုက်ချင်မသေမျိုးအရှင်သခင်၏ နာမည်ကို ကြားလိုက်ရသူတိုင်း ထိတ်လန့် သွားကြဆဲပင်။ ဤနေရာတွင် စောင့်ကြပ်နေရုံမျှဖြင့် သူတို့နှစ်ဦးမှာ ခြေလှမ်းများပင် မခိုင်ချင်တော့ ဘဲ တခြားသူများထံအမြန်တာဝန်လွှဲပြောင်းပေးချင်နေကြတော့၏။


ပိန်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးစမြဲပဲလေ။


ချူရှုယွင် သေမျိုးဘဝမှာတုန်းက သိုင်းပညာတစ်ခုတည်းနဲ့တင် နတ်ဆိုးမျိုးနွယ်စုအား သတ်ဖြတ်နိုင်ခဲ့သည်ဆိုတာကို မည်သူကများ မသိရှိမည်နည်း။ အကယ်၍ ဒီလူကသာ တကယ် ရက်ရက်စက်စက်လုပ်လာမည်ဆိုပါက သူတို့တွေ ဒီနေရာမှာတင် အသက်ပျောက်သွားကြမည်မှာ သေချာပေါက်ပင်။


ထိုသို့တွေးတောနေစဉ် အတွင်းခန်းမဆောင်ဆီမှ လှုပ်ရှားသံ အနည်းငယ်ထွက်ပေါ်လာရာ အစောင့်နှစ်ယောက်မှာ လန့်ဖျပ်သွားသော ငှက်များကဲ့သို့ ရုတ်တရက် ပြာယာခတ်သွားကြ တော့သည်။


"သူ ဘာလုပ်နေတာလဲ"


"ငါ ဘယ်လိုလုပ်သိမှာလဲ၊ မင်း ဝင်ပြီးသွားကြည့်လေ......"


"ငါ၊ ငါက ဘာလို့သွားရမှာလဲ၊ မင်းပဲသွား"


"ထားလိုက်ပါတော့ မသွားနဲ့တော့ သခင်က ငါတို့ကို တံခါးစောင့်ဖို့ပဲ ခိုင်းထားတာ"


"...... အင်းလေ ဘာပဲဖြစ်ဖြစ် နတ်ဆိုးသခင်က ခဏနေရင် ပြန်ရောက်လာတော့မှာပဲကို!"


ချူရှုယွင် တစ်ဖက်သို့လှည့်လိုက်စဉ် သူ့ နားရွက်ဖျားလေးများ အနည်းငယ် လှုပ်ရှားသွားကာ တံခါးအပြင်ဘက်ရှိ လူနှစ်ဦး၏အသံများအားလုံးကို ကြားလိုက်ရလေသည်။


နတ်ဆိုးသခင် ပြန်လာတော့မှာလား။


ဒါဆို သူ ထသင့်ပြီလား ဘာပဲဖြစ်ဖြစ် ဒါက သူများအိမ်လေ အိပ်ရာထဲ ဆက်အိပ်နေမယ်ဆိုရင် သူ အရမ်းကိုအကျင့်မကောင်းရာ မကျသွားဘူးလား။


"မင်း အပြင်ထွက်တဲ့အခါ မင်းက ထိုက်ချင်ဂိုဏ်းရဲ့ မျက်နှာပဲအရှက်မကွဲစေနဲ့" ဟူသော ဂိုဏ်းချုပ်၏ အသံက ရုတ်တရက် သူ့စိတ်ထဲထွက်ပေါ်လာလေသည်။


ချူရှုယွင်မှာ ရွေးချယ်စရာမရှိတော့ဘဲ နူးညံ့သော စောင်ထဲမှ မဝံ့မရဲ တွားသွားကာ ထွက်လာခဲ့ရ တော့သည်။ သူ့ ချောမွေ့ပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော ကျောပြင်တွင အနမ်းခံထားရသည့် အရာများဖြင့် ပြည့်နှက်နေ၏။ အဝတ်အစားဝတ်ရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ အနည်းငယ် အလျင်စလိုဖြစ်နေသော ခြေသံများကိုကြားလိုက်ရလေသည်။


"သူ ဘယ်လိုနေလဲ"


တံခါးအပြင်ဘက်မှ တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။


ချူရှုယွင် လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။ သူ့မျက်နှာက တည်ငြိမ်နေသော်လည်း လက်ထဲမှ လှုပ်ရှားမှုများက သိသိသာသာမြန်ဆန်လာကာ သေချာကြည့်လျှင် အနည်းငယ် စိုးရိမ်တကြီးဖြစ်နေ သည်ကို မြင်နိုင်ပေသည်။


"သခင့်ကို လျှောက်တင်ပါတယ် မသေမျိုးအရှင်သခင်က အိပ်နေဆဲပါပဲ"


"အိပ်တုန်းပဲလား"


အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသော အသံကိုကြားလိုက်ရသောအခါ ချူရှုယွင်၏ နားရွက်ဖျားလေး များမှာ အနည်းငယ်နီရဲသွားတော့၏။


ဒီလိုမှန်းသိရင် စောစောတုန်းက အိပ်ယာထဲခွေမနေခဲ့ပါဘူး။


သူ စကားတစ်ခွန်းမှ မဆိုသော်လည်း သူ့လှုပ်ရှားမှုများက အနည်းငယ် ပိုမြန်လာသည်။ အတွင်းဝတ် များကို ကိုယ်ပေါ်သို့ ဖြစ်သလိုကောက်စွပ်ချင်သော်လည်း ထိုအဝတ်အစားများက ရှုပ်ထွေးလှပြီး ယဇ်ပူဇော်စဉ်က ဝတ်ဆင်ထားခဲ့သော အရာများဖြစ်သဖြင့် ချက်ချင်းဝတ်ဆင်ရန်မှာ အတော်လေး ခဲယဉ်းနေခဲ့၏။


ချူရှုယွင် အဝတ်အစား ဝတ်မပြီးခင်မှာပင် တံခါးက အလျင်အမြန် ပွင့်ဟလာတော့သည်။


သူ နေရာမှာပင် အေးခဲကာရပ်တန့်သွားလေသည်။ လေထုထဲတွင် အနည်းငယ်လေးနက်ပြီး ရှက်ရွံ့စရာကောင်းသော အငွေ့အသက်များလွှမ်းခြုံသွား၏။ ချူရှုယွင်မှာ အဝတ်ဗလာနီးပါး ဖြစ်နေလေသည်။


တစ်ဖက်လူ၏မျက်နှာအမူအရာကို မြင်ရရန် ချူရှုယွင် နောက်သို့လှည့်မကြည့်တော့ဘဲ သူ့ အပေါ်ဝတ်ရုံကိုအမြန်ကောက်ယူကာ ကိုယ်ပေါ်သို့လွှမ်းခြုံလိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ၏ ခေါင်းထက်သို့အရိပ်တစ်ခု ကျရောက်လာပြီး အလုပ်ရှုပ်နေသော သူ့ လက်ကောက်ဝတ်ကို အေးစက်နေသော လက်တစ်ဖက်က ဆုပ်ကိုင်လိုက်လေသည်။


သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံမှာ ဖြူဖွေးသော ပခုံးပေါ်မှအမြန်လျှောကျသွားပြီး ထိုနေရာတွင် သွားရာတစ်ခု ထင်ထင်ရှားရှားရှိနေသည်ကို မြင်လိုက်ရလေသည်။‌


"မဝတ်ရသေးရင် ဆက်မဝတ်နဲ့တော့လေ"


ထိုစကားကို ကြားသောအခါ ချူရှုယွင် ခေါင်းငုံ့သွားရင်း မျက်တောင်များကို ပုတ်ခက်ပုတ်ခက်လုပ် လိုက်တော့သည်။ ထို့နောက် ခေါင်းကိုမော့ကာ အစိမ်းဖျော့ရောင် သွေးကြောများ ယှက်နွယ်နေသော လက်မှတစ်ဆင့် ထိုလက်ပိုင်ရှင်၏မျက်နှာကို ကြည့်လိုက်လေသည်။


အလွန်ချောမောခန့်ညားသော မျက်နှာတစ်ခုပင်။ ချူရှုယွင်မှာ သူ့ဘဝသက်တမ်းတစ်လျှောက် ယခု သူ့ရှေ့ရှိ လူကဲ့သို့ လှပသော ရုပ်ဆင်းသွင်ပြင်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။


ကြည့်ကောင်းလိုက်တာ၊  ကြည့်ကောင်းလိုက်တာ။


ယွီချန်က နတ်ဆိုးနယ်မြေ၏အမြင့်မြတ်ဆုံးသခင်ဖြစ်ကြောင်း သူသိသော်လည်း ယွီချန်အား ကြည့်ကောင်းလွန်းလိုက်တာဟူ၍သာ ဖော်ပြနိုင်တော့သည်။ ထိုမျက်နှာက မြင်တွေ့ရသူတိုင်း၏ နှလုံးသားအား တကယ့်ကို အခုန်မြန်သွားစေနိုင်စွမ်းရှိလေ၏။


အနည်းငယ် စုကျုံ့ထားသော မျက်ခုံးနှင့် မျက်ဝန်းများက နက်ရှိုင်းသော ရမ္မက်ရေကန်တစ်ခုကဲ့သို့ ဖြစ်နေပြီး မီးတောက်များကဲ့သို့ ပူလောင်နေ‌သော မျက်လုံးများက ချူရှုယွင်နှုတ်ခမ်းများပေါ်သို့ အလောတကြီး ကျရောက်လာလေသည်။


ထိုကဲ့သို့ စိုက်ကြည့်ခြင်းခံလိုက်ရသဖြင့် ချူရှုယွင်၏နှလုံးသားမှာ အကြောင်းပြချက်မရှိ ခုန်လာကာ မျက်လွှာကိုချထားရင်း သူ့လက်ကို မသိစိတ်မှ ရုပ်သိမ်းလိုက်မိသည်။


သူ ရုန်းမထွက်နိုင်ခင်မှာပင် တစ်ဖက်လူက သူ့အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ခွန်အားအချို့ကို အသုံးပြုကာ သူ့အား လုံးဝရုန်းထွက်နိုင်ခြင်းမရှိအောင် လုပ်လိုက်တော့သည်။


"ပုန်းချင်တာလား" 


ယွီချန် တိုးတိုးလေး ရယ်မောလိုက်သည်။ ချူရှုယွင်ကို လှောင်ပြောင်နေတာလား သို့မဟုတ် သူ့ကိုယ် သူ လှောင်ပြောင်နေတာလားဆိုသည်ကိုတော့ မသိနိုင်ပေ။ 


"မသေမျိုးအရှင်သခင်က ကျွန်တော့်ကို အခုထိ ဒီလောက်တောင်မုန်းနေတုန်းပဲကိုး"


ချူရှုယွင် တစ်ခဏမျှ ရပ်တန့်သွားပြီး သူ့ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသော်လည်း နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပြန်လည်စေ့ပိတ်သွားလေသည်။


သူကား အသံတိတ်ကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်ရာ စကားလုံးတစ်လုံးချင်းစီတိုင်းမှာ ရွှေကဲ့သို့ အဖိုးတန်လေသည်။ ပုံမှန်နေ့ရက်များတွင် အဓိပ္ပာယ်မရှိသောစကားများကို ပြောဆိုခွင့်မရှိဘဲ မိမိသဘောဖြင့် စကားတစ်ခွန်း၏တစ်ဝက်ကိုပင် ပြောဆိုခွင့်မရှိပေ။


ချူရှုယွင် ခေါင်းခါပြလိုက်ပြီး သူ့မျက်နှာကို အနည်းငယ် ရှက်ရွံ့စွာဖြင့် တစ်ဖက်သို့လွှဲလိုက်လေ သည်။


ချူရှုယွင် မျက်နှာလွှဲသွားပြီး သူ့အား မကြည့်တော့သည်ကို မြင်သောအခါ ကူကယ်ရာမဲ့နေပုံရသော ယွီချန်၏မျက်နှာထားက တဖြည်းဖြည်းမှေးမှိန်သွားတော့သည်။


ခဏအကြာတွင် အရပ်ရှည်ရှည်နှင့် ထိုလူက ရုတ်တရက် ဖိကပ်လာပြီး သူ့ကျယ်ပြန့်ကာ ခွန်အားကြီးမားသော လက်ဖြင့် ချူရှုယွင်အား နူးညံ့သောကုတင်ထက်သို့ ချက်ချင်းဖိချလိုက်တော့ သည်။